Switch Mode

အပိုင်း (၁၇၅၅)

အမှောင်ထုထဲမှ အရက်ဆိုင်

ကောင်းကင်အာဏာစက်မြို့တွင် လတ်တလော၌ လူများစွာရောက်ရှိနေကြပြီး နေရာပေါင်းစုံမှကျင့်ကြံသူများဖြင့် ပြည့်နှက်နေလေသည်။

သူတို့ထဲတွင် ကောင်းကင်အာဏာစက်မြို့သို့ရောက်ရှိနေကြသော လျှို့ဝှက်နယ်မြေဘုံမှကျင့်ကြံသူများစွာလည်း များစွာရှိနေနိုင်သည်။

မိစ္ဆာလောကမှကျင့်ကြံသူများအပြင် ရှန်ကလန်၊ ရွှေရောင်နတ်ပြည်ထောင်နှင့် ဘုံကိုးခုမှထိပ်သီးအင်အားစုများအားလုံးက သူတို့ရဲ့လူတွေကို ကောင်းကင်အာဏာစက်မြို့သို့ စေလွှတ်ခဲ့ကြသည်။

မကြာခင်က မိန်းကလေးတစ်ယောက်အကြောင်း ပုံပြင်တစ်ပုဒ်က ပျံ့နှံ့လာခဲ့သည်။ ဤကိစ္စအားဖြေရှင်းရန် ထျန်ရှန်းကျောင်းတော်မှကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ရောက်လာခြင်းက ဤကိစ္စသည် မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။ ထိုမိန်းကလေးမှာ နတ်တစ္ဆေအဖွဲ့က လိုချင်နေသောသူဖြစ်သောကြောင့် ပြင်ပဘုံမှကျင့်ကြံသူများသည်လည်း ဤနေရာ၌ ရောက်ရှိနေကြလေသည်။ လူတိုင်းသည် ကောင်းကင်အာဏာစက်မြို့၌ မုန်တိုင်းကျရောက်တော့မည့်အကြောင်း ကြိုတင်ခန့်မှန်းမိကြသည်။

ဤတစ်ကြိမ်တွင်လည်း ထိုဇာတ်လမ်းက ကောင်းကင်အာဏာစက်ကျောင်းတော်အား ဗဟိုပြုနေဟန်တူသည်။

ကောင်းကင်အာဏာစက်ကျောင်းတော် စတင်တည်ထောင်ပြီးကတည်းက ကျောင်းတော်သည် လူအများ၏အာရုံစိုက်မှုကို အမြဲခံနေရသည်။

သို့သော် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဤကပ်ဘေး၌ ရှင်သန်နိုင်ပါ့မည်လော။

လောလောဆယ်တွင် ဘက်ပေါင်းစုံမှအင်အားစုများစွာက နေရာတစ်ခုတည်း၌ စုရုံးရောက်ရှိနေကြသည်။ ဥပမာ ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့ စခန်းချနေသောနေရာသည် နတ်ဘုရားမာန်ဟုန်ကျောင်းတော်နှင့် ကောင်းကင်မျှော်စင်ကျောင်းတော်တို့ စုဝေးနေကြသောနေရာနှင့် အတူတူပင်ဖြစ်သည်။

ထို့အပြင် အထက်ဘုံမှ နတ်ဘုရားမာန်ဟုန်ကျောင်းတော်သည် ရှန်ကလန်ကဲ့သို့ပင် အလွန်အားကောင်း၍ လွှမ်းမိုးနိုင်စွမ်းရှိလေသည်။ မတူညီသည့်တစ်ခုတည်းသောအရာမှာ ရှန်ကလန်က မိသားစုအခြေခံသည့် အင်အားစုဖြစ်ပြီး အထက်ဘုံမှ နတ်ဘုရားမာန်ဟုန်ကျောင်းတော်မှပိုင်ဆိုင်ထားသော အင်အားစုသည် ဂိုဏ်းတစ်ခုအဖြစ်သတ်မှတ်နိုင်သည်။

အထက်ဘုံ၌ ထိုဒေသအါး နတ်ဘုရားမာန်ဟုန်တောင်တန်းဟုခေါ်၍ ကောင်းကင်ဘုရင်က ဖန်တီးခဲ့ခြင်းဖြစ်သည်။ နတ်ဘုရားမာန်ဟုန်ကျောင်းတော်၌ ကျင့်ကြံနေကြသော အလွန်အားကောင်းသည့် ကျင့်စဥ်အများစုသည် နတ်ဘုရားမာန်ဟုန်တောင်တန်းမှဆင်းသက်လာခြင်းဖြစ်သည်။

ကောင်းကင်မျှော်စင်ကျောင်းတော်အား ဒေသခံအင်အားစုအဖြစ်သတ်မှတ်နိုင်သည်။

“ဒီတစ်ခါ ငရဲဂိတ်တံခါးကပွင့်လာခဲ့ပြီ။ မိစ္ဆာနက်အဖွဲ့ကနေပြီး အောက်ဘုံကိုလွှတ်မယ့်လူက ဘယ်သူဖြစ်မယ်လို့ထင်လဲ” နတ်ဘုရားမာန်ဟုန်ကျောင်းတော်မှ ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။ သူတို့သည်လည်း ပြင်ပဘုံမှဖြစ်ကြပြီး နတ်တစ္ဆေအဖွဲ့၏နောက်ကွယ်၌ရှိနေသည့်အင်အားစုအား သိရှိထားသည့်လူများဖြစ်သည်။

တကယ်တမ်း လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးအင်အားစုအားလုံးသည် ​ထိုအင်အားစုမှ ဆင်းသက်လာခဲ့ကြခြင်းဖြစ်သော်လည်း သူတို့က နတ်တစ္ဆေအဖွဲ့၏အမည်အောက်တွင် မူလဘုံ၌ ယှဥ်ပြိုင်ခဲ့ကြသည်။

မိစ္ဆာနက်အဖွဲ့မှ အုပ်ချုပ်သော မှော်နက်ကမ္ဘာသည် အရှေ့ကောင်းကင်ဒေသနှင့်အဆင့်တူဖြစ်သည်။ အဆုံးမဲ့အမှောင်လောကတွင် မှော်နက်ပညာအားကျင့်ကြံနေကြသည့် ကျင့်ကြံသူများစွာရှိလေသည်။ ထိုကျင့်ကြံသူများက ဤကမ္ဘာ၌ ကျင့်ကြံရန်တာဝန်ပေးခြင်းခံခဲ့ရပြီး လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးအင်အားစုများကိုဖန်တီးခဲ့သည်။

ထို့ကြောင့် မူလရင်းမြစ်အားပြန်ကြည့်လျှင် လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးအင်အားစုအမျိုးမျိုးသည် မှော်နက်ကမ္ဘာ၏ လွှမ်းမိုးမှုအောက်တွင်ရှိနေလေသည်။

ရှန်ကလန်၊ နတ်ဘုရားမာန်ဟုန်ကျောင်းတော်နှင့် အခြားအင်အားစုများသည် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများဖြစ်ကြပြီး ကောင်းကင်ဒေသသည် အရှင်ဒွန်ဟောင်ပိုင်ဆိုင်သောဒေသဖြစ်သည်။

“သေချာတော့မသိဘူး ဒါပေမဲ့ အဲ့ဒီမိန်းကလေးက မိစ္ဆာနက်အဖွဲ့အတွက်အရမ်းအရေးကြီးတယ်ဆိုရင် ဒီတစ်ခေါက်လာတဲ့လူက တော်တော်အဆင့်အတန်းမြင့်တဲ့လူဖြစ်မှာပဲ။ အဲ့ဒီလူတွေက မိစ္ဆာနက်နန်းတော်မှာ အရေးပါတဲ့လူတွေထဲကဖြစ်နိုင်တယ်။ တခြားလူတွေကိုလွှတ်မှာမဟုတ်လောက်ဘူး” ရှန်ကောင်းက ပြန်ဖြေသည်။

“အဲ့လိုသာဆိုရင်တော့ နတ်တစ္ဆေအဖွဲ့ကို ဘယ်သူမှတားနိုင်တော့မှာမဟုတ်ဘူး” နတ်ဘုရားမာန်ဟုန်တောင်တန်းမှ ကျင့်ကြံသူက ကိုက်ချိန်အားကြည့်၍ ပြောလိုက်သည်။ “အကိုကိုက် မဟာအင်ပါယာဆီက ညွှန်ကြားချက်ကရော ဘာတဲ့လဲ။ အောက်ဘုံကို လူလွှတ်ပေးမှာလား”

ကိုက်ချိန်က အရှင်ဒွန်ဟောင်၏လက်အောက်မှ နတ်စစ်သူကြီးတစ်ပါးဖြစ်ပြီး ပြင်ပဘုံ၌ ထိပ်သီးပုဂ္ဂိုလ်အဖြစ်ကျော်ကြားလေသည်။ သူ့အား အရှင်ဒွန်ဟောင်မှ တိုက်ရိုက်အမိန့်ပေးဆက်ဆံပြီး စစ်တပ်၌ ရာထူးအဆင့်အတန်း အလွန်မြင့်မားလေသည်။ အင်ပါယာ၌ အမိန့်ပေးစရာရှိလျှင် သူသိပေလိမ့်မည်။

“အင်ပါယာမှာ သူ့အစီအစဥ်နဲ့သူရှိပါတယ် ပြီးတော့ ဒါက ကျုပ်မေးရမယ့်နေရာလည်းမဟုတ်ဘူးလေ” ကိုက်ချိန်ကပြောလိုက်သည်။ သူ၏တုန့်ပြန်စကားက အရှေ့ကောင်းကင်ဒေသ၏အရှင်သခင်ဖြစ်သော အရှင်ဒွန်ဟောင်အပေါ်၌ သူသည်အလွန်ရိုသေလေးစားကြောင်း ပြသနေသည်။ သူက ခေတ်တစ်ခတ်ကိုအဆုံးသတ်ခဲ့ကာ ယခုအချိန်တွင် ကောင်းကင်ဒေသ၌ ထိပ်ဆုံးမှရပ်တည်နေခဲ့သည်။

“တောင်တန်းဘုံက တစ်ယောက်ယောက်မလာဘူးလား။ မဟာအင်ပါယာက လူမလွှတ်ဘူးဆိုရင်တောင် ဆရာတော်တွေက ဒီတိုင်းထိုင်ကြည့်နေမယ်လို့တော့ ငါမယုံဘူး”

“အင်း မဟာအင်ပါယာနဲ့ အနောက်ကောင်းကင်က ဆက်ဆံရေးကောင်းတယ်” ကိုက်ချန်က ခေါင်းညိမ့်၍​ပြောသည်။ ထိုသည်က လွန်ခဲ့သောနှစ်များစွာက ကောလဟာလတစ်ခုဖြစ်ပြီး မဟာအင်ပါယာသည် ဘာမှမရှိသည့်ဘဝမှ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး လောကအတွေ့အကြုံများအား သင်ယူရန် သူသည် အနောက်ကောင်းကင်သို့ သွားရောက်ခဲ့ပြီး ဗုဒ္ဓဒေသနါတော်များအား သင်ယူခဲ့သည်။

အရှင်ဒွန်ဟောင်က အလွန်ပါရမီကောင်းလှပြီး သူမကျွမ်းကျင် မသင်ယူနိုင်သည့်ပညာရပ်ဟူ၍ မရှိခဲ့ပေ။ ဗုဒ္ဓလမ်းစဥ်ကိုပင်လျှင် သူက ကျွမ်းကျင်တတ်မြောက်ခဲ့သည်။ အနောက်ကောင်းကင်မှ ဗုဒ္ဓအရှင်က အရှင်ဒွန်ဟောင်အား သူ၏အမွေခံတပည့်အဖြစ်ခေါ်ယူလိုခဲ့သော်လည်း သူက ငြင်းဆိုခဲ့သည်။

နောက်ပိုင်းတွင် အရှင်ဒွန်ဟောင်က သူ၏ခေတ်အားဖန်တီးနိုင်ခဲ့သော်လည်း သူနှင့် အနောက်ကောင်းကင်ကြားမှဆက်ဆံရေးမှာ အမြဲရင်းနှီးစွာရှိနေခဲ့ပြီး ဗုဒ္ဓကျင့်ကြံသူများသည်လည်း သူ့အားအပြည့်အဝထောက်ခံအားပေးခဲ့ကြသည်။ ကောင်းကင်ဒေသအါးပေါင်းစည်းရာတွင် ဗုဒ္ဓကျင့်ကြံသူများသည်လည်း အလွန်အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ကြသည်။

အင်ပါယာရီချင်နှင့်ကိစ္စအား ဘေးဖယ်ထားလျှင် အရှင်ဒွန်ဟောင်အား အလွန်ပြီးပြည့်စုံသည့် အစစ်အမှန်ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးတစ်ပါးအဖြစ် သတ်မှတ်နိုင်ပြီး ကောင်းကင်ဒေသ၌ သူ့အားမလေးစားသည့်သူဟူ၍ မရှိပေ။

တောင်တန်းဘုံမှကျင့်ကြံသူများ လာရောက်ခြင်းနှင့်အတူ အနောက်ကောင်းကင်မှ တစ်စုံတစ်ယောက်က အောက်ဘုံသို့လာရောက်မည်လားဟု သိလိုနေကြသည်။

“ငြိမ်ငြိမ်သက်သက်သာစောင့်နေပါ” တစ်ယောက်က တီးတိုးပြောလိုက်သည်။

သူတို့သာလျှင်မဟုတ်ဘဲ ကောင်းကင်အာဏာစက်မြို့၌ ကျင့်ကြံသူများစွာရောက်ရှိနေကြသည်။ ထိပ်သီးအင်အားစုများစွာမှာ ပြင်ပဘုံမှဖြစ်သည်။

ဤသည်မှာ ကြုံတောင့်ကြုံခဲကိစ္စရပ်ကြီးဖြစ်သည်။

ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်၌ကျင့်ကြံနေပြီး ကောင်းကင်အာဏာစက်မြို့မှ လတ်တလောသတင်းများအား ကြားနေရသည်။

သို့သော် သူထိုသတင်းများအားကြားလေလေ ဖိအားကိုပို၍ခံစားရလေလေဖြစ်သည်။

မည်သူကမျှ ဤအခြေအနေတွင် မည်သည့်အရာများဖြစ်ပေါ်လာမည်ကို မသိပေ။

သို့သော် မုန်တိုင်းကတော့ သေချာပေါက်ရှောင်၍မရနိုင်ပေ။

ထိုအခိုက်တွင် ကောင်းကင်အာဏာစက်မြို့၏ အထက်ကောင်းကင်ယံ၌ အဖြူရောင်တိမ်များမှာ တဖြည်းဖြည်းပျောက်ကွယ်လာပြီး အနက်ရောင်လျှပ်စီးများက ဖြစ်ပေါ်လာသည်။ တိမ်မည်းများက တိမ်ဖြူများအား တဖြည်းဖြည်းဖယ်ရှားနေသောကြောင့် ကောင်းကင်က တဖြည်းဖြည်း နက်မှောင်လာသည်။ ကြည့်ရသည်မှာ ညအမှောင်ထုရောက်ရှိလာသကဲ့သို့ဖြစ်သည်။

သို့သော် ယခုမှနေ့လည်ခင်းသာဖြစ်၍ အမှောင်ထုကရောက်ရှိမလာသင့်ပေ။

“သူတို့ရောက်လာကြပြီ။ ” ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများစွာက လေဟာပြင်သို့ကြည့်လိုက်ကြသည်။ လတ်တလောတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၌ရှိနေကြသည့် ကျင့်ကြံသူများအားလုံးမှာ ရန်ဟောင်အဆင့်များဖြစ်ကြသည်။ ရန်ဟောင်အဆင့်၏အောက်မှလူများအား ရီဖူရှင်းက ကူးပြောင်းရေးအစီအရင်ဖြင့် အဝေးသို့စေလွှတ်ထားပြီးဖြစ်သည်။

ဤမုန်တိုင်းအတွင်း၌ သူတို့က ဤနေရာ၌ဆက်၍ရှိနေပါက ဝန်ထုပ်ဝန်ပိုးသာဖြစ်စေလိမ့်မည်။ သူတို့အားအဝေးသို့ပို့လွှတ်ထားမှသာ သူတို့အားလုံခြုံမှုရစေလိမ့်မည်။

ရီဖူရှင်းက သူ၏ဆရာ ဟွာဖန်းလူအား ပြသနာတစ်ခုခုဖြစ်ခဲ့ပါက သူနှင့်နန်းယူကို အန္တရာယ်ကင်းသည့်နေရာသို့ ချက်ချင်းပို့ဆောင်ပေးမည်ဟု ကတိပေးထါးခဲ့သည်။

ထို့အပြင် ထိုထိပ်သီးအင်အားစုများက ရန်ဟောင်အဆင့်အောက်မှလူများအား စိတိဝင်စားမှုရှိမည်မဟုတ်ဟု ရီဖူရှင်းက ယုံကြည်သည်။

အဆိုးဆုံးအခြေအနေ၌ပင် သူက သူတို့၏လုံခြုံမှုအား အာမခံပေးနိုင်လေသည်။

“သူတို့လာကြပြီ” ကောင်းကင်အာဏာစက်မြို့၌ လူများစွာက လုက်လက်စအလုပ်များအား ရပ်တန့်လိုက်ကြပြီး ကောင်းကင်သို့ကြည့်နေကြသည်။ လောကကြီးတစ်ခုလုံးက မှောင်မည်းလာလေသည်။ တိမ်မည်းများက ကောင်းကင်ထက်၌ အထပ်ထပ်ဖုံးအုပ်လာပြီး တစ်မြို့လုံးအား ဖိနှိပ်ချုပ်ချယ်နိုင်သော စွမ်းအားများက ဖုံးလွှမ်းထားသည်။

ထိုဖိအားက တဖြည်းဖြည်းချင်းပို၍ အားကောင်းလာပြီး လူများအား ဖိအားကြောင့် အသက်ရှူကြပ်သကဲ့သို့ပင် ခံစားလူရစေသည်။

ဘုန်း…မှောင်မဲနေသောအထက်ကောင်းကင်၌ အနက်ရောင်လျှပ်စီးများက ဟိုမှသည်မှထွက်ပေါ်နေပြီး လျှပ်တပြက်လင်းလက်နေသည်။

ထိုကြောက်မက်ဖွယ် ဖျက်စီးအားနှင့်လျှပ်စီးများထွက်ပေါ်နေသောနေရာ၌ ကြောက်မက်ဖွယ်မုန်တိုင်းကြီးက ပေါ်ပေါက်လာပြီး အလွန်အားကောင်းလှသော အာကသလမ်းစဥ်စွမ်းအားမျယးလည်း ပါဝင်နေလေသည်။

အနက်ရောင်လျှပ်စီးများက တဖြည်းဖြည်း ပို၍ကြောက်မက်ဖွယ်ကေူင်းလာပြီး ကောင်းကင်ယံအားဖုံးအုပ်ကာ နေကိုကွယ်သွားစေသည်။ ကြောက်မက်ဖွယ် အနက်ရောင်လေဆင်နှာမောင်းများစွာက နေရာအနှံ့မှ ပေါ်ပေါ်လာသည်။

ဘုန်း…ဘန်း…

နောက်ထပ်ပေါက်ကွဲသံကျယ်ကြီးအား ကြားလိုက်ရပြီး မိုးကြိုးမုန်တိုင်းက ဆင်းသက်လာသည်။ ရုတ်တရက် ကောင်းကင်အာဏာစက်မြို့အထက်ကောင်းကင်တွင် ထိုမိုးကြိုးမုန်တိုင်းအလင်းရောင်ဖြင့် လူတစ်စုက ထွက်ပေါ်လာပြီး ထိုအုပ်စုမှလူတိုင်းက ထိတ်လန့်ဖွယ်အရှိန်အဝါများအား ထုတ်လွှင့်နေလေသည်။

ထို့နောက် အားကောင်းလာသောပျက်စီးခြင်းမုန်တိုင်းနှင့်အတူ ကြီးမားသောစစ်တပ်များက ဆက်တိုက်ပေါ်လာခဲ့ပြီး လမ်းကြောင်းအမျိုးမျိုးဖြင့်ဆင်းသက်ခဲ့ကြသော်လည်း အားလုံးမှာ တူညီသောနေရာတစ်ခုထဲသို့ ရောက်ရှိခဲ့ကြသည်။

ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက်ပေါ်ပေါက်လာချိန်တွင် နက်မှောင်နေသော ကောင်းကင်၌ ပုလ္လင်တစ်ခုပေါ်လာပြီး ခန့်မှန်းရခက်သည့်ပုဂ္ဂိုလ်တစ်ဦးက ပုလ္လင်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။သူသည် အနက်ရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားသော်လည်း သူ့ကိုကြည့်ရသည်မှာ အစစ်အမှန်မဟုတ်ဟန်ပေါ်နေသည်။

သူတို့က ပြင်ပဘုံမှ ကျင့်ကြံသူများသည် သူတို့ရဲ့ရည်ရွယ်ချက်ကို  မည်သို့အောင်မြင်အောင်လုပ်ဆောင်သလဲဆိုသည်အား သေချာတွေ့မြင်ခဲ့ကြသည်။ဤအချိန်၌ မိစ္ဆာနက်အဖွဲ့သည် ဤမျှကြောက်မက်ဖွယ်ရာတည်ရှိမှုကို အမှန်တကယ်စေလွှတ်ခဲ့ခြင်းသည် ဖြစ်နိုင်ပါ၏လော။

ထိုသည်က မိန်းကလေးကိုအရယူရန် သူတို့၏ ဆုံးဖြတ်ချက်ကို ပြသလိုက်ခြင်းပေလား။

ကောင်းကင်အာဏာစက်မြို့၌ရှိနေသောမည်သူမျှ ကောင်းကင်ပေါ်၌ မနေရဲတော့ဘဲ သူတို့အားလုံးမြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းလာခဲ့ကြသည်။သူတို့​သည် စိတ်လှုပ်ရှားနေသကဲ့သို့ ကြောက်ရွံ့မှုကိုလည်း ခံစားနေကြရသည်။ ဤစစ်ပွဲသည် ရုတ်တရတ်ဖြစ်ပွားလာခဲ့ပါက ကောင်းကင်အာဏာစက်မြို့တစ်ခုလုံးကို ထိခိုက်လာနိုင်ပေမည်လား။

သူတို့သည် အလွန်အစွမ်းထက်လှပေသည်။လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးပုဂ္ဂိုလ်များရောက်ရှိလာခဲ့ကြသော်လည်း သူတို့သည် အရေးကြီးပုဂ္ဂိုလ်များမဟုတ်ပဲ နောက်လိုက်များသာဖြစ်ဟန်တူသည်။

ဖြစ်နိုင်သည်မှာ ပလ္လင်ပေါ်၌ထွက်ပေါ်လာခဲ့သည့် အရိပ်မှာသူတို့၏ခေါင်းဆောင်ဖြစ်ပေမည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် တင်းမာသည့်မျက်နှာထားများဖြင့် တစ်ယောက်ပြီးတစ်ယောက်လေထဲသို့ခုန်တက်လိုက်ကြပြီး အဝေးကိုကြည့်ရှုနေကြသည်။အရှင်ထိုက်ရွှမ်ကိုယ်တိုင်ပင်လျှင် ပြင်းထန်သောစိတ်ပူပန်မှုအားခံစားလိုက်ရသည်။

ပြိုင်ဘက်၏ဖွဲ့စည်းပုံသည် ဤတစ်ကြိမ်၌

အမှန်တကယ်ပင်အင်အားကြီးလေသည်။

လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးပုဂ္ဂိုလ်များသည်လည်းပါဝင်ပတ်သတ်နေကြသည်။

မှောင်မည်းနေသောလေဟာနယ်ထက်တွင် ထိုအဖွဲ့သည်ရှေ့သို့ရွေ့လျားနေပြီး ပျက်စီးခြင်းအနက်ရောင်အလင်းတန်းက

ဆက်လက်ပြိုလဲသွားကာ ကောင်းကင်အာဏာစက်မြို့တစ်ခုလုံးကိုပင်ထိတ်လန့်သွားစေပြီး အဆောက်အဦးများမှာလည်းပြိုကျသွားလေသည်။

ခလွတ်……..

ပြတ်သားကြည်လင်သောအသံတစ်ခုသည် အရက်ဆိုင်၏ထိပ်မှ ပေါ်ထွက်လာခဲ့သည်။ ထိုအခိုက်တွင်အရက်ဆိုင်၌ လူတစ်ယောက်သာ ဆက်လက်ထိုင်နေသည်။

မေ့ထန်

သူသည် အလင်းတန်းကြောင့်ကွဲကြေသွားသော ဖန်ခွက်ကိုငုံ့ကြည့်နေသည်။ သူ၏‌‌အေးစက်သောမျက်လုံးများသည် တဖြည်းဖြည်းအပေါ်သို့ မော့ကြည့်လာပြီး သူ့ထံလာနေသော အင်အားကြီးမားလှသည့်ကျင့်ကြံသူအဖွဲ့ကို လှမ်းကြည့်လိုက်သည်။

“မင်းတို့က ငါအရက်သောက်နေတာကို လာနှောက်ယှက်တာပဲ”

သူ့‌ဆီက အေးစက်စက်လေသံ ခပ်တိုးတိုးထွက်ပေါ်လာခဲ့သည်။သို့သော် ထိုအသံသည် ပတ်ဝန်းကျင်၏ လျှပ်စီးလက်သံနှင့် မုန်တိုင်းသံများကြားတွင်ပင် ထူးကဲစွာရှင်းရှင်းလင်းလင်းဖြစ်နေခဲ့သည်။လူတိုင်းကသူ့အသံကို ပီပီသသကြားလိုက်ရသည်။

သူအရက်သောက်နေတာကို နှောက်ယှက်တာတဲ့လား…။

မေ့ထန်ရှိနေ‌သောအရက်ဆိုင်တွင် ပတ်ဝန်းကျင်မှ မျက်လုံးများသည် တစ္ဆေသရဲတစ်ကောင်ကိုမြင်တွေ့လိုက်ရသကဲ့သို့ ထိုင်နေသောသူ့ကိုကြည့်နေကြသည်။

ဤလူသည် ပုံမှန်မှ ဟုတ်ပါ၏လော။

ဒီလိုအခြေအနေမျိုး၌ပင် သူသည် သူအရက်သောက်ပျက်သွားရခြင်းအတွက် မကျေနပ်သည်ကိုပြောနိုင်နေသည်လား…။

လေဟာနယ်ထဲတွင်ရှိနေသောလူများသည် မေ့ထန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှူကာရှေ့ကိုသာ ဆက်လက်သွားနေကြသည်။

” ငါပြောတာ မကြားဘူးလား” မေ့ထန်က ပြောလိုက်သည်။သို့သော် သူ့စကားဆုံးသွားသည်နှင့်ကြောက်မက်ဖွယ်မှောင်မည်းသောအလင်းတန်းသည်ကောင်းကင်မှ တိုက်ရိုက်ကျရောက်လာသည်။ဤမယုံနိုင်စရာကောင်းလောက်အောင်မှောင်ပိတ်လွန်းသည့်မည်းမှောင်သောအလင်းတန်းသည် ထိတ်လန့်ဖွယ်ကောင်းသောပျက်စီးခြင်းစွမ်းအားများပါဝင်နေပြီး ကြောက်မက်ဖွယ်ရာပျက်စီးခြင်းအလင်းတန်းနှင့်အတူ မေ့ထန်၏ခေါင်းပေါ်သို့ ကျရောက်သွားသည်။

ဘုံး…..

မေ့ထန်၏ခေါင်းကို မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်သည့်အသံထွက်ပေါ်လာသည်။အမှောင်ထု၏အလင်းရောင်သည် တောက်ပနေပြီး အရက်ဆိုင်သို့စီးဆင်းသွားသည်။

သို့သော် မေ့ထန်ရော အရက်ဆိုင်ပါ မည်သည့် ထိခိုက်မှုမှမခံစားရပေ။ ထိုအစား မေ့ထန်က မည်သည့်အမူအရာမျှပင်မပြချေ။

ထိုကဲ့သို့ပြင်းထန်လှသောပျက်စီးခြင်းအလင်းတန်းအောက်တွင် မေ့ထန်က တွန့်သွားခြင်းပင်မရှိချေ။

မေ့ထန်သည်သူ၏ခေါင်းကိုမော့လိုက်ပြီး သူ့ကိုတိုက်ခိုက်ခဲ့သော ရန်ဟောင်ကိုတစ်ချက်ကြည့်လိုက်သည်။ထိုသူသည် လျို့ဝှက်နယ်မြေဘုံတွင် ထိပ်သီးပုဂ္ဂိုလ်ဖြစ်ပြီး ကံကြမ္မာဘုံမှ လာခဲ့ခြင်းဖြစ်သည်။သူသည်ထိုနေရာတွင်ထိုင်လိုက်ပြီးသူ့လက်ကိုမြှောက်လိုက်သည်။ထိုခဏတွင် မိစ္ဆာလမ်းစဥ်၏ ကြီးမားသောလက်ကြီးကကောင်းကင်၌ပေါ်ထွက်လာသည်။ထိုကြီးမားသောလက်ကြီးက ရန်ဟောင်အားရိုက်ချလိုက်သည်။

ထိုမိစ္ဆာလမ်းစဉ်လက်ကြီးသည်ကောင်းကင်နှင့်မြေကြီးကိုဖုံးအုပ်ထားသော ဘုရားသခင်၏လက်ကဲ့သို့ပင်ဖြစ်သည်။ ထိုခဏတွင် ပြိုင်ဖက်၏ခန္ဓာကိုယ်ကို လက်ဖြင့် ဖမ်းဆုပ်လိုက်လေသည်။

ထိုအချိန်တွင် ထိုရန်ဟောင်၏မျက်နှာမှာ ပြောင်းလဲသွားသည်။ကံကြမ္မာဘုံမှ များစွာသောသူများက အောက်၌ရှိနေသော မေ့ထန်ကို ကြည့်နေကြသည်။

ဘုံး…..

သူသည် တင်းတင်းကြပ်ကြပ်ညှစ်လိုက်သည်နှင့် သွေးစိမ်းများသည် ထိုလက်ဖဝါးကြီးကြားမှ စီးကျလာခဲ့သည်။ရန်ဟောင်တစ်ပါးသည် အော်ဟစ်ရန်ပင် အခွင့်အရေးမရခဲ့ဘဲ သေဆုံးသွားခဲ့လေသည်။

” မင်းတို့က ငါအရက်သောက်နေတာကိုနှောက်ယှက်ခဲ့တာ” မေ့ထန်က ထပ်ပြီးပြောလိုက်သည်။ဤအကြိမ်တွင် မည်သူမျှ သူ၏အသံကို လျစ်လျူမရှုရဲတော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset