Switch Mode

အပိုင်း (၁၇၅၄)

မေ့ထန်

ကောင်းကင်အာဏာစက်ကျောင်းတော်၏မဟာမိတ်များအားလုံးက ထိုအကြောင်းကိုသိရှိထားကြပြီး သူနှင့် ထိုအကြောင်းကိုဆွေးနွေးရန် လူများတစ်ယောက်ပြီးတစ်ယောက်စေလွှတ်ခဲ့သည်။

ထိုအချိန်တွင် ရှောင်မုယွီက ရီဖူရှင်းအားတွေ့ဆုံရန်လာရောက်ခဲ့သည်။

“ဆရာ ကျွန်မကို ကျွန်မမိသားစုအကြောင်းမေးချင်လို့လား” သူမက သူ့အားပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ “ငါလည်း ချင်းယောင်ကို လျှို့ဝှက်နယ်မြေဘုံမှာစတွေ့တဲ့အချိန်တုန်းက ဒီလောက်ကိစ္စတွေအများကြီးဖြစ်လာမယ်လို့ မသိခဲ့ဘူး။ မဟုတ်ရင် ငါအဲ့လောက်ထိ ရိုးသားဖြောင့်မတ်ပြီးကူညီတတ်တဲ့လူဖြစ်ခဲ့မယ်မထင်ဘူး။ ဒါပေမဲ့ ငါက သူမကိုဒီကိုခေါ်လာခဲ့ပြီးပြီဆိုတော့ သူမကိုဒီတိုင်းပေးမလွှတ်လိုက်နိုင်ဘူး။ အဲ့လိုက အရမ်းအကြင်နာတရားကင်းမဲ့ရာကျလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ငါတစ်ယောက်ထဲရှိနေတာမဟုတ်ဘူးဆိုတာ ငါနားလည်တယ်။ အရှင်ထိုက်ရွှမ်ကို ဒီအကြောင်းပြောပြပြီးပြီ။ ဆရာတွေပဲဖြစ်ဖြစ်၊ ကျောင်းသားတွေပဲဖြစ်ဖြစ် ငါတို့နဲ့အတူတိုက်ခိုက်ဖို့မရွေးချယ်လို့ရတယ်…ငါမင်းတို့ကို ဆွဲမထားပါဘူး။ ငါက ဒါကိုဖြေရှင်းဖို့တာဝန်ရှိတဲ့အတွက် ငါကိုယ်တိုင်လုပ်ရမယ်။ ရှောင်ကလန်နဲ့ တခြားအင်အားစုတွေက ကူညီဖို့ဆန္ဒရှိတယ်ဆိုရင် ငါက ချင်းယောင်ကိုကာကွယ်ဖို့ ငါလုပ်နိုင်သမျှအကုန်လုပ်မယ်။ အရှင်းဆုံးပြောရရင် ငါအကောင်းဆုံးကြိုးစားမှာပါ။ ဒီကိစ္စတွေကို ငါတခြားလူတွေနဲ့လည်းပြောထားပြီးပြီ။ မင်းမိသားစုကို မင်းအဲ့အတိုင်းပြန်တင်ပြလို့ရတယ်”

ရှောင်မုယွီက ရီဖူရှင်းအားကြည့်၍ ပြုံးကာပြောလိုက်သည်။ “ကျွန်မရဲ့မိသားစုက ဘယ်လိုပြောမလဲတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ဆရာက ဘာကိုပဲရွေးချယ်ပါစေ ကျွန်မက ထောက်ခံမှာပါ”

သူမသည် ထိပ်သီးအင်အားစုတစ်ခုတွင်မွေးဖွားလာခဲ့ပြီး လူအများ၏ လျစ်လျူရှုမှုကို ကျင့်သားရလာခဲ့သည်။ သူမက ရီဖူရှင်းလုပ်သည့်အရာမှာ မှန်သည် မှားသည်ကိုမသိပေ။ လူများက သူ၏လုပ်ဆောင်မှုအား အမျိုးမျိုးဆုံးဖြတ်ကြမည်ဖြစ်သော်လည်း သူသည် အေးစက်၍အကြင်နာကင်းမဲ့သော ကျင့်ကြံသူများ၏ကမ္ဘာ၌ တစ်ယောက်ထဲရုန်းကန်နေရသော သူမအား နွေးထွေးမှုကိုခံစားရစေသည့်သူဖြစ်သည်။

ထိုအံ့အားသင့်ဖွယ်ဆရာက သူမအား အကြောင်းပြချက်မရှိ စိတ်ချလုံခြုံမှုကို ပေးစွမ်းနိုင်လေသည်။

ထိုသည်မှာ ယုံကြည်မှုကြောင့်သာဖြစ်ကောင်းဖြစ်နိုင်သည်။

“မင်းက နတ်မိမယ်တစ်ပါးဖြစ်နေပြီလေ…ကျောင်းသားငယ်လေးလို လုပ်နေစရာမလိုပါဘူး” ရီဖူရှင်းက ပြုံး၍ပြောသည်။

ရှောင်မုယွီက သူ့အားပြုံး၍ပြန်ပြောလိုက်သည်။ “ဒါဆို ကျွန်မ မိသားစုကိုပြန်ပြီးတင်ပြလိုက်ဦးမယ်”

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းငြိမ့်လိုက်သည်။ ရှောင်မုယွီက ထွက်ခွာသွားလေသည်။

သူမထွက်သွားပြီးနောက် ရီဖူရှင်းက မျက်မှောင်ကျုတ်လိုက်မိသည်။ သူက စကားကိုပေါ့ပေါ့ပါးပါးဟန်ပန်နှင့်သာပြောဆိုခဲ့သော်လည်း သူ၏နှလုံးသားကမူ လေးပင်နေလေသည်။

သူက ပြီးပြည့်စုံနေသည့်သူမဟုတ်ပေ။ ချင်းယောင်အားကယ်တင်ခဲ့ခြင်းက ထိုမျှဂယက်ရိုက်စေခဲ့မည်မှန်းသိခဲ့လျှင် သူက ထိုအရာအားလုပ်ဆောင်ခဲ့မည်မဟုတ်လောက်ပေ။ မည်သို့ပင်ဖြစ်စေ သူမကဲ့သို့သနားစရာမိန်းကလေးများက နေရာအနှံ့၌ များစွာရှိနေပေမည်။ သူက သူတို့အားလုံးအား ကယ်တင်နိုင်မည်မဟုတ်ပေ။

သို့သော် တစ်စုံတခုအား လုပ်ဆောင်ရန်ဆုံးဖြတ်ပြီးပြီဆိုလျှင် အကျိုးဆက်များအား ရင်ဆိုင်နိုင်ရမည်ဖြစ်သည်။ ဤသည်က သနားကြင်နာခြင်းကြောင့်မဟုတ်ပေ။ ဖြောင့်မတ်ခြင်းတစ်မျိုးဖြစ်သည်။ ကျင့်ထုံးဥပဒေဟုလည်း ခေါ်ဆိုနိုင်သည်။

သူ၏ဆရာက သူ့အသက်အားစွန့်လွှတ်၍ နန်ဒူကလန်သို့မသွားခဲ့လျှင်၊ ရီရှောင်က သူ၏အသက်အားလောင်းကြေးမထပ်ခဲ့လျှင်၊ ကော့တေးက သူအန္တရာယ်ရှိနေချိန်တွင် သူ့အားစွန့်ပစ်ခဲ့လျှင်၊ ချီရွှမ်ကန်းနှင့် ယန်ယွမ်တို့က သူ့အား အင်ပါယာလီထံလက်လွှဲပေးခဲ့လျှင် သူသည် ယနေ့အထိတည်ရှိနေနိုင်ခဲ့မည်မဟုတ်ပေ။

သူတို့က သူ့အားသေချာပင်သိခဲ့ပါ၏လော။

သူ၏ဆရာက သူ့အား သီချင်းအနည်းငယ်သာ သင်ကြားပေးခဲ့သည်။

သူက ကော့တေး၌ ပညာသင်ကြားရန် ဝင်ရောက်ခဲ့သည်။

နန်းတော်အကြံပေးနှင့် ယန်ယွမ်တို့က သူ၏ရန်သူများဖြစ်ခဲ့ကြသည်။ သူတို့အားလုံးက သူ့အားစွန့်ပစ်ခဲ့ရန် အကြောင်းပြချက်များစွာရှိလေသည်။

သို့သော် သူတို့က ထိုသို့မလုပ်ခဲ့ပေ။ သူက ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင်ကြီးပြင်းလာခဲ့ရသောကြောင့် သူကညလောကကြီးအပေါ်ရှုမြင်ရာတွင် သူတို့ကဲ့သို့အမြင်မျိုးအား ဆက်လက်ထိန်းသိမ်းထားရပေမည်။

ရက်ပေါင်းများစွာကြာပြီးနောက် ရီဖူရှင်းခန့်မှန်းထားသည်နှင့် လွဲချော်စွာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကူးသန်းရေးအစီအရင်က တောက်ပစွာလင်းလက်လာပြီး တပည့်များအားလုံး၏အာရုံအား ဆွဲဆောင်သွားသည်။

လူတစ်စုက ထိုအစီအရင်ထဲမှထွက်လာသည်။ ရီဖူရှင်းသည်လည်း သူတို့အား ကြည့်နေပြီး သူ၏စိတ်အသိက သူတို့ထံရောက်ရှိသွားသည်။ ထို့နောက် သူကပြုံးလိုက်ပြီး သူတို့ထံသို့လျှောက်လှမ်းသွားလေသည်။

ထိပ်သီးအင်အားစုအသီးသီးမှကျင့်ကြံသူများ ရောက်ရှိလာပြီးဖြစ်သော်လည်း ယခုမူ ယခင်ကတွေ့ဖူးခဲ့သော ထိပ်သီးပုဂ္ဂိုလ်ကြီးသုံးဦးစလုံးက ယခုတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်ရှိလာလေသည်။

သူတို့က အလွန်ပင်အားကောင်းလှသည်။

ဧည့်ခံပွဲက ပြင်ဆင်ထားပြီးဖြစ်ပြီး အရှင်ထိုက်ရွှမ်၊ ရီဖူရှင်းနှင့် အခြားလူများစွာတက်ရောက်ကြသည်။ မည်သူမျှ ချင်းယောင်အကြောင်းပြောဆိုကြခြင်းမရှိသလို ပြောဆိုရန်လည်းမလိုအပ်ပေ။

ဧည့်ခံပွဲပြီးနောက် ထိပ်သီးပုဂ္ဂိုလ်များအားလုံးအား ကျောင်းတော်တွင်းရှိအခန်းများတွင် နေရာချထားပေးလိုက်သည်။

ကျောင်းတော်တစ်ခုလုံး၌ ဆွေးနွေးသံများဖြင့် လှုပ်ရှားနေကြလေသည်။

တခြားလူများထွက်ခွာသွားပြီးနောက် ရီဖူရှင်း၊ အရှင်ထိုက်ရွှမ်နှင့် လူအနည်းငယ်က ဧည့်ခံပွဲ၌ နေရစ်ခဲ့ကြသည်။

“မင်း အံ့သြသွားလား” အရှင်ထိုက်ရွှမ်က ရီဖူရှင်းအား အပြုံးဖြင့်မေးလိုက်သည်။

“နည်းနည်းပေါ့ ” ရီဖူရှင်းက ခေါင်းညိမ့်၍ဖြေသည်။ သူက ဆန့်ကျင့်မှုတချို့နှင့်ကြုံတွေ့ပြီး အတိုက်အခံပြောရမည်ဟုမျှော်လင့်ခဲ့ပြီး ဤမျှကိစ္စများ ချောမွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ အင်အားကြီးမဟာမိတ်သုံးခုက သူတို့၏ အားအကောင်းဆုံးလူများကိုစေလွှတ်၍ သူနှင့် သူ၏ဆုံးဖြတ်ချက်အား ပံ့ပိုးပေးခဲ့သည်။

“ဒါက နားလည်ဖို့မခက်ခဲ့သင့်ပါဘူး” အရှင်ထိုက်ရွှမ်က တောက်ပသောမျက်လုံးများဖြင့် ပြုံးနေရင်းပင်ပြောလိုက်သည်။ သူက မည်သည့်အရာများ ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းမိဟန်တူသည်။

ရီဖူရှင်းက သူ၏မျက်လုံးများကိုကြည့်၍ အသာခေါင်းညိမ့်လိုက်သည်။ သူသည်လည်း ထိုသည်အားသိခဲ့သင့်ကြောင်း နားလည်သွားသည်။

“ဒီလို ဖရိုဖရဲဖြစ်နေတဲ့အခြေအနေမှာ ကျောင်းတော်က ကောင်းကင်အာဏာစက်ဘုံမှာ မတုန်မလှုပ်ရပ်တည်နိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ မင်းနဲ့ကျောင်းတော်က ခေတ်သစ်တစ်ခုကို ဖြစ်လာစေလိမ့်မယ်” အရှင်ထိုက်ရွှမ်က ပြောသည်။

ယခုဖြစ်လာမည့်ကိစ္စများသည် အနာဂတ်၌ အထင်ကရဖြစ်ရပ်ကြီးဖြစ်လာပေလိမ့်မည်။

“အရှင်ထိုက်ရွှမ်ကလည်း ဒီခေတ်ကိုဖန်တီးခဲ့တဲ့လူတွေထဲက တစ်ယောက်ပဲလေ” ရီဖူရှင်းက ပြောလိုက်သည်။ ယခု ဖိအားများစွာကြုံတွေ့နေရသော်လည်း သူသာတောင့်ခံနိုင်ပါက ထိုဖိအားများက သမိုင်းသစ်ကိုရေးထိုးနိုင်လိမ့်မည်ဟု သူယုံကြည်နေဆဲဖြစ်သည်။

“ငါက ဂုဏ်ယူမိပါတယ်” အရှင်ထိုက်ရွှမ်က အပြုံးဖြင့်ပြောလိုက်သည်။

ရှောင်ကလန်တည်းခိုနေသည့် ဧည့်ခန်းဆောင်အတွင်းတွင် လူအိုကြီးရှောင်၊ ရှောင်ချိန်ရှင်းနှင့် ရှောင်မုယွီတို့က အတူတကွရှိနေသည်။ သူတို့က မိသားစုအကြီးအကဲ ရှောင်တိန့်ထျန်းက ဧည့်ခန်းဆောင်အတွင်းသို့ဝင်ရောက်လာသည်အား ကြည့်နေကြသည်။

“သွားကြရအောင် ” ရှောင်ချိန်ရှင်းက ထလိုက်ပြီး ပြောလိုက်သည်။ သူ၏နောက်၌ ရှောင်ဟန်ကျန်းနှင့် ရှောင်မုယွီတို့က လိုက်ပါလာသည်။

“ဘိုးဘိုး” ရှောင်မုယွီက တစ်ခုခုမေးလိုဟန်ပေါ်သည်။

“ငါတို့ ဒီကို ကိုယ်တိုင်လာလို့ အံသြနေတာလား”  ရှောင်ချိန်ရှင်းက သူမအားမေးလိုက်သည်။

“ဟုတ်ကဲ့” ရှောင်မုယွီက ခေါင်းညိမ့်၍ပြောလိုက်သည်။ သူမက ရှုပ်ထွေးနေလေသည်။

“မင်းက ရန်ဟောင်အဆင့်ကိုရောက်နေပြီဆိုပေမယ့် ငယ်သေးတယ်။ မင်းရဲ့ လူသားဆန်မှုကလည်း ကောင်းကောင်းမဖွံ့ဖြိုးသေးဘူး” ရှောင်ချိန်ရှင်းကပြောသည်။ “အခု ထိပ်သီးအင်အားစုအားလုံးက မဟာမိတ်အဖြစ်ပူးပေါင်းခဲ့ကြတာက ငါတို့က ရီဖူရှင်းရဲ့အလားအလာကိုမြင်တွေ့ခဲ့လို့နဲ့ သူကမင်းကိုကူညီခဲ့လို့ဆိုတာမှန်တယ်။ ဒါပေမဲ့ ငါတို့မဟာမိတ်ဖွဲ့မှုမှာ အရေးအကြီးဆုံးက ဘာလဲဆိုတာသိလား”

“အင်အားကြောင့်မဟုတ်ဘူးလား” မုယွီကမေးလိုက်သည်။

“မင်းအဲ့လိုပြောလို့လည်းရတယ်။ ဒါပေမဲ့ အတိအကျပြောရရင် ရီဖူရှင်းဖြစ်နေလို့ပဲ” ရှောင်ချိန်ရှင်းကပြောသည်။ “သူ့ရဲ့ပါရမီကြောင့်ပဲမဟုတ်ဘူး။ သူရဲ့ကိစ္စတွေကိုဖြေရှင်းတဲ့နည်းလမ်းကြောင့်ပဲ။ အဲ့ဒါပဲ…သူ့ရဲ့အကျင့်စရိုက်၊ စိတ်နေစိတ်ထားနဲ့ သည်းခံနိုင်မှုက ဒီမဟာမိတ်ရဲ့သော့ချက်ပဲ။ ဒါပေမဲ့ သူသာတခြားရွေးချယ်မှုကိုလုပ်ခဲ့မယ်ဆိုရင် ဒီမဟာမိတ်က ပြိုကွဲလွယ်သွားလိမ့်မယ်။ ဒါကြောင့် ပါဝင်ပတ်သက်သူအားလုံးရဲ့ အကြွင်းမဲ့ယုံကြည်မှု လိုအပ်တယ်”

ရှောင်မုယွီက သေချာနားမလည်သေးပေ။

“အခု သူက သူ့ရဲ့ခွန်အားအားလုံးကို အဲ့ဒီမိန်းကလေးကိုကာကွယ်ဖို့ထုတ်သုံးခဲ့တယ်။ အနာဂတ်မှာ ချင်းယောင်က အခက်အခဲတွေ့တာပဲဖြစ်ဖြစ်၊ ငါတို့ကအခက်အခဲနဲ့ရင်ဆိုင်ရတာပဲဖြစ်ဖြစ် သူက အစွမ်းကုန်ကြိုးစားပြီး ငါတို့ကို ဒါမှမဟုတ် ချင်းယောင်ကို သူကမကူညီဘဲနေပါ့မလား။ သူသာအခု သူမကိုစွန့်ပစ်ခဲ့မယ်ဆိုရင် သူလည်း အနာဂတ်မှာတူညီတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့လာရမယ်ဆိုရင် သူ ဘယ်လိုလုပ်မလဲ” ရှောင်ချိန်ရှင်းကပြောလိုက်သည်။ ရီဖူရှင်းရဲ့ဆုံးဖြတ်ချက်က ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်စေလိမ့်မယ်။ အဲ့ဒါကြောင့် ထိပ်သီးအင်အားစုအားလုံးက ဒီကိုလာခဲ့တာပဲ။ ငါတို့က ဒီကို ကိုယ်တိုင်လာရောက်ခြင်းနဲ့ ငါတို့နေရာကိုဖော်ပြတာ။ ငါတို့ မဟာမိတ်တွေရဲ့ စွမ်းအားတွေ အမှန်တကယ် ပေါင်းစည်းလိုက်ပြီဆိုရင် အဲ့ကိစ္စက ဘာမှမဟုတ်တော့ပါဘူး”

ရှောင်မုယွီက အသာခေါင်းညိမ့်လိုက်သည်။ သူမသည် နောက်ဆုံးတွင် ရီဖူရှင်းနှင့်ပြောဆိုဆက်ဆံရချိန်၌ မည်သည့်အတွက်ကြောင့် လုံခြုံသည်ဟုခံစားရမှန်း နားလည်သွားပြီဖြစ်သည်။

“ဒါပေမဲ့ အန္တရာယ်က လာနေတုန်းပဲမဟုတ်ဘူးလား” သူမကမေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ရန်သူက အလွန်အမင်းအားကောင်းလှပေသည်။

“ဒါပေါ့” ရှောင်ချိန်ရှင်းကအပြုံးဖြင့်ပြောသည်။ “ဒါပေမဲ့ ဒီကိုရောက်နေတဲ့အင်အားစုတွေက ဘုံသုံးထောင်မှာ အစွမ်းအထက်ဆုံးအင်အားစုတွေဆိုတာလည်း မမေ့နဲ့ဦးလေ။ ခက်ခဲတဲ့အချိန်တွေက နီးကပ်လာပြီ။ ဒီလိုအခြေအနေမျိုးမှာ အပေးအယူလုပ်ပြီး အလျှော့ပေးတာက ဉာဏ်ရှိရာမရောက်သလို မလုံခြုံနိုင်ဘူး။ မုန်တိုင်းကိုဖြတ်ပြီး ရှေ့ကိုဆက်သွားတာနဲ့ အားကုန်စိုက်ထုတ်ပြီးကြိုးစားမှ ခိုင်ခိုင်မာမာရပ်တည်နေနိုင်မယ်။ ဖရိုဖရဲဝရုန်းသုန်းကားအခြေအနေမျိူးမှာ သူရဲကောင်းတွေက ဘယ်တော့မှအပေးအယူမလုပ်တတ်ဘူး။ သူတို့က အခက်အခဲတွေကို သွေးချွေးနဲ့ရင်းပြီးကျော်ဖြတ်ပြီး သန်မာလာကြတာ…”

ကျယ်ဝန်းလှသောကောင်းကင်အာဏာစက်မြို့က ဓားဖျားပေါ်တွင်ရောက်နေဟန်ပေါ်သည်။ ဤနေရာမှ ကိစ္စတိုင်းက ကျင့်ကြံသူများစွာ၏အာရုံစိုက်မှုအား ဆွဲဆောင်နိုင်လေသည်။

ရီချင်းယောင်အကြောင်း ဒဏ္ဍာရီများက ပိုမိုများပြားလာသည်။ လူတချို့က သူမသည် ငရဲမင်း၏သမီးတော်ဖြစ်ပြီး အမှောင်ထုစွမ်းအားကိုအမွေဆက်ခံထားသည်ဟုဆိုကြသည်။

နတ်တစ္ဆေအဖွဲ့က သူမအားပြန်ခေါ်ရန်ရောက်လာကြခြင်းဖြစ်သည်ဟူ၏။

တခြားဒဏ္ဍာရီပုံပြင်များကမူ သူမသည် အလွန်ပါရမီမြင့်သည်ဟုဆိုကြသည်။ ထို့ကြောင့် ရီဖူရှင်းက သတိပြုမိပြီး သူမအား တပည့်အဖြစ် ခေါ်ဆောင်ထားခြင်းဖြစ်သည်ဟူ၏။

ထိုဒဏ္ဍာရီပုံပြင်များစွာက ကောင်းကင်အာဏာစက်မြို့တလျှောက် ပြန့်နှံ့နေလေသည်။

ရွှေရောင်နတ်ပြည်ထောင်မှကျင့်ကြံသူများက စားဆသာက်ဆိုင်တစ်ခုသို့ရောက်ရှိလာကြသည်။ သူတို့သည်လည်း ထိုအရာများအား ကြားခဲ့ရလေသည်။

သူတို့ထဲတွင် အလွန်အားကောင်းသောပုဂ္ဂိုလ်နှစ်ဦးပါရှိပြီး ထိုသူများမှာ ရွှေရောင်နတ်ပြည်ထောင်အရှင် ကိုက်ချန်နှင့် သူ၏အကို ကိုက်ချိန်တို့ဖြစ်ကြသည်။

ကိုက်ချိန်က ရီဖူရှင်းနှင့် ရွှေရောင်နတ်ပြည်ထောင်ကြားမှ ပဋိပက္ခအားလုံးကို သိရှိထားသည်။ သူတို့က ထိုကိစ္စအား မေ့ပျောက်ထားခဲ့သော်လည်း ရီဖူရှင်းက သူ့တူနှစ်ယောက်အား သတ်ဖြတ်ခဲ့လေရာ သူက ရီဖူရှင်းအပေါ် မည်သို့ခံစားနေရကြောင်း သိနိုင်ပေသည်။

သို့သော် သူက အရှင်ဒွန်ဟောင်၏တမန်တော်ဖြစ်ခဲ့သည်။ သူတို့အား အတူတူတွဲ၍ ခေါ်ခဲ့သည့် အကြောင်းပြချက်ကောင်းတစ်ခု ရှိခဲ့သည်။

ထို့အပြင် သူ၏ရည်မှန်းချက်များက နတ်တစ္ဆေအဖွဲ့နှင့် ဆက်စပ်နေသည်။ ထို့ကြောင့် သူ၏ရည်ရွယ်ချက်က ရီဖူရှင်းအား ထိခိုက်စေမည်ဟုပြော၍ရသည်။

ထို့ကြောင့် သူက မည်သည့်အချိန်တွင်လှုပ်ရှားရမည်ကို တွေးတောနေခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်တွင် အခြားအုပ်စုတစ်စုက စားသောက်ဆိုင်တွင်းသို့ ဝင်ရောက်လာသည်။ လူများက သူတို့အားကြည့်ကာ ရုတ်တရက် သူတို့၏နှလုံးသားများက တုန်လှုပ်သွားလေသည်။

အဝေးမှလူများပင် ထိတ်လန့်သွားရသည်။ ရွှေရောင်နတ်ပြည်ထောင်မှကျင့်ကြံသူများရောက်ရှိလာပြီးနောက် ရှန်ကလန်လည်းရောက်ရှိလာလေသည်။ ထို့အပြင် သူတို့က သူတို့၏ထိပ်သီးပုဂ္ဂိုလ်များစွာကိုလည်း ခေါ်ဆောင်လာခဲ့သည်။

ထိုလူအုပ်က အလွန်အားကောင်းလှပေသည်။

“ကိုက်ထန်၊ ကိုက်ချိန်…” ရှန်ကလန်မှလူတစ်ယောက်ထံမှ အသံထွက်ပေါ်လာသည်။

“ရှန်ကောင်း” ပြည်ထောင်အရှင်နှင့်သူ၏အကိုက သူတို့နာမည်အားခေါ်လိုက်သူကိုကြည့်၍ ပြောလိုက်သည်။ ထိုလူသည် လွန်ခဲ့သောနှစ်များစွာက ဘုံကိုးခုအား တုန်လှုပ်စေခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး ရှန်ကောင်းဖြစ်လေသည်။ သူတို့သုံးယောက်က အချင်းချင်းသိကြသည်မှာ သဘာဝကျပေသည်။

“ရွှေရောင်နတ်ပြည်ထောင်အရှင်က ဒီကို ကိုယ်တိုင်ရောက်လာတာပဲ။ ဒီမှာ ဘာလာလုပ်တာလဲ” ရှန်ကောင်းက မနီးမဝေးမှစားပွဲဝိုင်းတွင်ထိုင်၍ မေးလိုက်သည်။

“ငါတို့က ဒီက ကသောင်းကနင်းအခြေအနေတွေကိုလာကြည့်တာ” ကိုက်ထန်က ဂရုမစိုက်စွာပြောလိုက်သည်။ “မင်းကရော…”

“မင်းတို့နဲ့ အတူတူပဲ” ရှန်ကောင်းကဖြေလိုက်သည်။ “ဒီပရမ်းပတာအခြေအနေအားလုံးကို ကြည့်ရှုပြီးချိန်မှာရော ဘယ်လိုလဲ”

“ဘာဆက်ဖြစ်မလဲဆိုတာ မြင်ရမှာပါ” ကိုက်ထန်ကပြောလိုက်သည်။

“တောင်တန်းဘုံကကျင့်ကြံသူတွေလည်း ဒီကိုရောက်နေတယ်ကြားတယ်။ ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ကြွလာတယ်တဲ့” ရှန်ကောင်းကပြောလိုက်သည်။

ကျောင်းထိုင်ဆရာတော်က ထွက်သွားဖို့အခွင့်အရေးရခဲ့သော်လည်း သူကထွက်မသွားခဲ့ပေ။ သူက ဤကမ္ဘာ၌ဆက်နေရန်ရွေးချယ်ခဲ့သည်။

“အင်း ငါအဲ့ဒီသတင်းကြားထားတယ်။ မိစ္ဆာဘုံကလူတွေလည်း ဒီကိုလာကြတယ်တဲ့” ကိုက်ချိန်ကပြောလိုက်သည်။

“မိစ္ဆာဘုံက ဟုတ်လား” ရှန်ကောင်း၏မျက်နှာထက်တွင် အံ့သြသောအမူအရာများပေါ်ပေါက်လာသည်။ “သူတို့ကလည်း မူလရင်းမြစ်ဘုံကို စိတ်ဝင်စားကြတာလား”

“ဘယ်သူသိမှာလဲ။ ဒါပေမဲ့ သူတို့က နတ်တစ္ဆေအဖွဲ့ခေါင်းဆောင်ရဲ့မျက်လုံးကိုတည့်တည့်စိုက်ကြည့်ပြီးတော့ ဘာပြသနာမှထပ်မရှာဖို့ပြောသွားတယ်လို့ ငါကြားထားတယ်။ တကယ်ကြောက်စရာကောင်းတယ်။ အဲ့ဒီစကားပြောခဲ့တဲ့လူက ဘယ်သူလို့ထင်လဲ…”

“မိစ္ဆာစစ်သူကြီးရှစ်ပါးနဲ့ သူ့နောက်လိုက်တွေထဲက တစ်ယောက်​ယောက်များလား”

“အဲ့လိုသာဆိုရင်တော့ တကယ့်ပွဲကြီးပွဲကောင်းကြည့်ရတော့မှာပဲ”

သူတို့ပြောနေချိန်တွင် အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က အခြားစားသောက်ဆိုင်တစ်ခု၌ တစ်ယောက်တည်းထိုင်၍ တည်ငြိမ်အေးဆေးစွာ စားသောက်နေလေသည်။

ထိုသူ၏နာမည်မှာ မေ့ထန်ဖြစ်ပြီး …ထိုနာမည်မှ ‘မေ့’ သည် ဆီးသီးဟုအဓိပ္ပါယ်ရသည့် ‘မေ့’ မျိုးရိုးဖြစ်သည်။

သူသည် မိစ္ဆာဘုံ၏ မိစ္ဆာစစ်သူကြီးရှစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး မိစ္ဆာဘုရင်ကို တိုက်ရိုက်အလုပ်အကျွေးပြု ခစားသူဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset