Switch Mode

အပိုင်း (၁၇၅၃)

သတ်ဖြတ်လိုစိတ်

ရီဖူရှင်းက လျန်ချင်းယီကိုကြည့်၍ ပြုံးလိုက်သည်။ “ချင်းယောင်က ကျုပ်နဲ့မျိုးရိုးနာမည်အတူတူပဲ။ အဲ့ဒါကြောင့် သူက ကျုပ်ကို အစ်ကိုလို့ခေါ်တာ…အဲ့လိုဆိုမှတော့ သူမကို မင်းလက်ထဲလွှဲပေးတာက ကျုပ်အတွက်မသင့်တော်ဘူးလို့ မင်းမထင်မိဘူးလား။ ပြီးတော့ နတ်တစ္ဆေအဖွဲ့က သူမကိုလိုချင်တယ်ဆိုမှတော့ သူတို့က လျှို့ဝှက်နယ်မြေဘုံတစ်ခုလုံးကိုတောင် ချုပ်ကိုင်ထားနိုင်လောက်အောင် အားကောင်းတယ်ဆိုရင် ဘာလို့ သူမကို ကိုယ်တိုင်လာမခေါ်ကြတာလဲ။ နတ်မိမယ်က အမှန်အတိုင်းမပြောတာ မဟုတ်ဘူးလား”

လျန်ချင်းယီ၏အမူအရာက ထိုစကားကိုကြားသောအခါ အနည်းငယ်ပြောင်းလဲသွားသည်။ ထိုသည်က အမှန်တကယ်ပင် သူမအထက်မှလူက သူမအားတာဝန်ပေးလိုက်သောအရာဖြစ်သည်။ သူမက ထိုတာဝန်အားအောင်မြင်အောင်မလုပ်ဆောင်နိုင်ခဲ့ပါက သူမသည် နတ်တစ္ဆေအဖွဲ့၏နောက်မှ အင်အားစုကြီးများအား ဆွဲဆောင်နိုင်မည်မဟုတ်ပေ။

ထိုသည်က သူမအတွက် အလွန်အရေးကြီးလှသည်။ လျှို့ဝှက်နယ်မြေဘုံနှင့် လေလာနယ်ဘုံက သူမအားချုပ်ကိုင်ထားနိုင်ခြင်းမရှိတော့ပေ။ သူမက ပိုမိုအားကောင်းသော သခင်အသစ်အား ရှာဖွေလိုပေသည်။

“ရှင်က အများကြီးတွေးနေတာပဲ” သူမကပြောလိုက်သည်။ “လျှို့ဝှက်နယ်မြေဘုံက ဘယ်ထိပ်သီးအင်အားစုကမှ နတ်တစ္ဆေအဖွဲ့ကို ဆန့်ကျင်နိုင်တဲ့အင်အားမရှိဘူး။ အင်ပါယာရီက နတ်တစ္ဆေအဖွဲ့ရဲ့နောက်မှာရှိနေတဲ့အင်အားစုက ဘယ်လောက်ထိအားကောင်းနေမလဲဆိုတာ ခန့်မှန်းနိုင်တယ်မဟုတ်လား။ ရှင့်အတွက် ဒါကိုလက်ခံနိုင်ဖို့ခက်ခဲမယ်ဆိုတာ သိပေမယ့် ဘာပဲဖြစ်ဖြစ် သူမက ရှင်နဲ့သိတာသိပ်မကြာသေးတဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ ကောင်းကင်အာဏာစက်ကျောင်းတော်က လူတွေအားလုံးက ရှင့်ရဲ့မိတ်ဆွေတွေပဲ။ အဲ့လိုမိန်းကလေးတစ်ယောက်အတွက် သူတို့အားလုံးအသက်အန္တရာယ်ရှိနိုင်တဲ့ကိစ္စက ထိုက်တန်လို့လား…”

“ကျုပ်က ကိစ္စတွေကို ဒီလိုအမြင်နဲ့ကြည့်မယ်လို့ နတ်မိမယ်ကထင်လို့လား” ရီဖူရှင်းက ခပ်ထေ့ထေ့ပြုံး၍မေးလိုက်သည်။ “ကျုပ် ငရဲဂိတ်တံခါးပွင့်လာတာကိုမှတ်မိသေးတယ်။ အဲ့ဒီကိစ္စက ဘုံကိုးခုလုံးရဲ့စိတ်အာရုံကိုဆွဲဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ လျှို့ဝှက်နယ်မြေဘုံကလူတွေရော ပါလို့လား”

လျန်ချင်းယီက သူ့အားစိုက်ကြည့်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ “ကြည့်ရတာ ရှင်က စိတ်ဆုံးဖြတ်ပြီးပြီထင်တယ်။ အဲ့လိုဆိုမှတော့ ဆွေးနွေးစရာမရှိတော့ဘူးပေါ့။ ရှင်က ကျွန်မကိုအဲ့လောက်သံသယဝင်နေမှတော့ ကျွန်မသွားသင့်ပြီထင်တယ်။ ရှင့်ကိုရှင် ဂရုစိုက်ဖို့မျှော်လင့်ပါတယ်”

ရီဖူရှင်းကလည်း ပြုံး၍ပြောလိုက်သည်။ “အတိတ်မှာတုန်းက နတ်တစ္ဆေအဖွဲ့က ဘုံကိုးခုကလူတွေရဲ့နှိမ်နင်းဖျက်ဆီးခြင်းကိုခံခဲ့ရတယ်။ မင်းအနေနဲ့ ရေရှည်ကိုသေချာစဥ်းစားပြီး ရွေးချယ်သင့်တယ်။ ကျုပ်က မင်းကိုလမ်းပြပေးဖို့မလိုပါဘူး။ နတ်မိမယ်က ကိုယ်သွားရမယ့်လမ်းကိုရှာနိုင်မှာပါ”

လျန်ချင်းယီ၏မျက်လုံးထဲ၌ အေးစက်သောအကြည့်တချက်ပေါ်လာပြီး သူမကနောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

ထိုတစ်ဖွဲ့လုံးက သူမနှင့်အတူထွက်ခွာသွားပြီး မကြာခင်တွင် ကောင်းကင်အာဏာစက်ဘုံမှ ပျောက်ကွယ်သွားကြသည်။

သူတို့ ထွက်ခွာသွားပြီးနောက် ရီဖူရှင်းက နောက်သို့လှည့်၍ပြောလိုက်သည်။ “ခုထိ ခိုးနားထောင်နေတုန်းပဲလား…” ရီချင်းယောင်က နန်းယူအားဆွဲ၍ ခေါင်းငုံ့ကာထွက်လာသည်။ သူမက ထိုအင်အားစုများအား နားမလည်သော်လည်း သူမကထိုသူများ မည်သည့်အရာကိုလိုချင်နေသည်မှန်း သိလာသည့်အရွယ်သို့ရောက်နေပြီဖြစ်သည်။

“ချင်းယောင် မင်းဒါတွေကိုဘာမှစိတ်မပူပါနဲ့” ရီဖူရှင်းက ရှေ့သို့တိုး၍ သူမ၏ပုခုံးအားကိုင်ကာ ပြောလိုက်သည်။

“အင်း” သူမက ခေါင်းညိမ့်ကာဖြေသည်။ ထို့နောက် သူမက နန်းယူ၏လက်ကိုဆွဲ၍ ပြောလိုက်သည်။ “နန်းယူ သွားကစားကြရအောင်”

“အင်း” နန်းယူက ပြောလိုက်သည်။ သူမက ရီဖူရှင်းအားကြည့်၍ ချင်းယောင်နှင့်အတူ ထွက်ခွာသွားသည်။

“အဲ့ဒီကလေးက သူမရင်ထဲမှာ တခုခုကိုဖုံးကွယ်ထားနေတာ” အရှင်ထိုက်ရွှမ်က လျှောက်လာရင်းပြောလိုက်သည်။ “နန်းယူက သူတခုခုလိုချင်ရင် တန်းပြောတတ်ပေမယ့် ချင်းယောင်ကတော့မတူဘူး။ သူမက ဘာမှထုတ်မပြောဘဲ သူ့ခံစားချက်တွေကို စိတ်ထဲမှာပဲသိမ်းထားတတ်တာ။ အဲ့ဒါက သူမကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်မယ်”

ရီဖူရှင်းက အသာခေါင်းညိမ့်၍ ပြောလိုက်သည်။ “အရှင်ထိုက်ရွှမ် နတ်တစ္ဆေအဖွဲ့က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ဖယ်ရှားခံခဲ့ရပြီး အဲ့ကတည်းက သူတို့က ခြေရာဖျောက်နေခဲ့ကြပြီး အခုမှပြန်ပေါ်လာတယ်။ အဲ့ဒီအဓိပ္ပါယ်က သူတို့မှာ တခုခု အခက်အခဲရှိခဲ့ပုံပေါ်တယ်”

“ဒါပေါ့ ကောင်းကင်ဒေသတစ်ခုလုံးကို အရှင်ဒွန်ဟောင်က အုပ်ချုပ်ခဲ့ပေမယ့် နတ်တစ္ဆေအဖွဲ့နောက်က အင်အားစုကလည်း အရှင်ဒွန်ဟောင်ထက်အားနည်းမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က တစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီးပြီ” အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။ “အဲ့ဒါကြောင့် သူတို့က ချင်းယောင်ကို တိုက်ရိုက်ခေါ်သွားချင်နေတာ။ အဲ့ဒါကြောင့်ပဲ သူက ငါတို့ကိုခြိမ်းခြောက်ဖို့ လူတွေလွှတ်ခဲ့တာပဲ”

ရီဖူရှင်းက ခေါင်းညိမ့်လိုက်သည်။ လျန်ချင်းယီက သူ့အတွက်စိတ်ပူပေးသလိုပြုမူနေသော်လည်း သူမစကားနောက်ကွက်ကအကြောင်းရင်းကို သူက မည်သို့မသိဘဲနေပါ့မည်နည်း။ သူမက သူမအား ချင်းယောင်ကိုတိုက်ရိုက်ပေးစေလိုခြင်းဖြစ်သည်။

သူတို့နှစ်ဦးက စကားပြောနေချိန်တွင် အရှင်ထိုက်ရွှမ်က အဝေးသို့ကြည့်၍ပြောလိုက်သည်။ “သူတို့ရောက်လာကြပြီ။ သူတို့ ဒီလောက်မြန်မြန်ရောက်လာကြလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ”

သူ ထိုသို့ပြောလိုက်သကဲ့သို့ ရီဖူရှင်းသည်လည်း ခံစားမိသူတိုင်းအား မသက်မသာဖြစ်စေသည့် အလွန်အားကောင်းလှသောအရှိန်အဝါတခုအား ခံစားမိလိုက်သည်။ မကြာခင်တွင် ရွှေရောင်အလင်းတန်းက အထက်ကောင်းကင်ယံမှကျဆင်းလာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်အား ဖုံးလွှမ်းသွားသည်။

ကျောင်းတော်မှကျင့်ကြံသူများက ကောင်းကင်ယံသို့ကြည့်လိုက်ချိန်တွင် အဆုံးမဲ့ နတ်အလင်းတန်းများအား မြင်လိုက်ကြရသည်။ ဗုဒ္ဓသဖွယ်ပုံရိပ်များက ကောင်းကင်ဘုံမှကြွရောက်လာသကဲ့သို့ ထိုနေရာ၌ ရပ်နေကြလေသည်။

တောင်တန်းဘုံမှကျင့်ကြံသူများ ရောက်လာကြပြီဖြစ်သည်။

ငရဲတိုက်ပွဲကွင်းပြင်တွင် တောင်တန်းဘုံသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက အလွန်ပြင်းထန်လှသော နတ်တစ္ဆေအဖွဲ့နှင့်တိုက်ပွဲတွင်း၌ ပါဝင်ခဲ့ကြောင်း ရီဖူရှင်းက သိရှိခဲ့ရသည်။

ကိုက်ထန်သည်လည်း သူတို့ထဲတွင်ပါဝင်လေသည်။

ရီဖူရှင်းက ခေါင်းဆောင်လာသောသူအား မြင်တွေ့ဖူးလေသည်။ ထိုသူမှာ အရှင်ပုတောက်ဖြစ်လေသည်။

ကောင်းကင်ထက်၌ ဗုဒ္ဓအားလုံးက လက်များကိုအတူတကွယှက်၍ တရားတော်ကိုစတင်ရွတ်ဖတ်လိုက်သည်။ အရှင်ပုတောက်က ပြောလိုက်သည်။ “ဒကာတော်တို့အတွက် အဆင်ပြေမယ်ဆိုရင် ထျန်ရှန်းကျောင်းတော်က ဆရာတော်တွေအားလုံးက ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်လည်ပတ်ချင်ပါတယ်”

“ကျေးဇူးပြုပြီး ကြွပါ” အရှင်ထိုက်ရွှမ်က ကောင်းကင်သို့ကြည့်၍ ပြောလိုက်သည်။ ရုတ်တရက် ထျန်ရှန်းကျောင်းတော်မှ လူများက ရှေ့သို့ဆင်းသက်လာပြီး ကျောင်းတော်တွင်းသို့ ဝင်ရောက်လာသည်။ မကြာခင်တွင် သူတို့က အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းတို့ရှိရာသို့ ရောက်ရှိလာကြသည်။

ဆရာတော်များက သူ့အားအသာဂါဝရပြုကာ ပြောလိုက်သည်။ “ကိုယ်တော်တို့အနှောက်အယှက်ပေးမိတာ ခွင့်လွှတ်ပါ အရှင်”

“ပြသနာမရှိပါဘူး။ ကျွန်တော်တို့က ဆရာတော်တို့ကိုဧည့်ခံရတာ ဂုဏ်ယူမိပါတယ်” အရှင်ထိုက်ရွှမ်က အပြုံးဖြင့်ပြောလိုက်သည်။ “ဘာလို့ ဒီကိုရောက်လာကြတာလဲ”

“လျှို့ဝှက်နယ်မြေဘုံက သတင်းတွေကြားပြီးကြပြီလား ဒကာတို့” ဆရာတော်ပုတောက်ကမေးလိုက်သည်။

“ကြားပြီးပါပြီ” အရှင်ထိုက်ရွှမ်က ခေါင်းညိမ့်ကာပြောလိုက်သည်။ “နတ်တစ္ဆေအဖွဲ့က နောက်တစ်ကြိမ်ပေါ်ထွက်လာပြီး ဘုံတစ်ခုလုံးကို ချုပ်ကိုင်ခဲ့တယ်။ အဲ့ဒါရဲ့ အကျိုးဆက်တွေက ကောင်းတာလား ဆိုးတာလား ကျွန်တော်သေချာမသိဘူး”

“နတ်တစ္ဆေအဖွဲ့ရဲ့ နောက်ထပ်ပစ်မှတ်က ကောင်းကင်အာဏာစက်ကျောင်းတော်ဖြစ်လိမ့်မယ်လို့ ကျုပ်ပြောရလိမ့်မယ်” ဆရာတော်ပုတောက်က ဆ​က်ပြောလိုက်သည်။ ထိုစကားကြောင့် အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းတို့၏မျက်နှာထက်၌ အံ့အားသင့်ဟန်များပေါ်ပေါက်လာသည်။ ထျန်ရှန်းကျောင်းတော်မှ သတင်းစုဆောင်းမှုမှာ လျင်မြန်လှသည်။

ပုတောက်က ရီဖူရှင်းအားကြည့်၍ ပြောလိုက်သည်။ “ဒကာလေးရီ ကျုပ်က ချင်းယောင်ကိုရွှယ်ယူမြို့မှာမြင်ခဲ့ဖူးတယ်။ သူမကို သေချာအနီးကပ်ကြည့်လို့ရမလား”

“ဆရာတော်က ဘာလို့ ချင်းယောင်ကိုရှာတာပါလဲ” ရီဖူရှင်းက မေးလိုက်သည်။

“အဲ့ဒီမိန်းကလေးက အရမ်းအရေးကြီးတယ်။ နတ်တစ္ဆေအဖွဲ့က သူမကြောင့်ဒီကိုရောက်လာလိမ့်မယ်။ သူမက သူတို့အတွက်ဘာလို့အရမ်းအရေးကြီးတာလဲဆိုတာ ဒကာလေးက ကျုပ်ကိုကြည့်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ် ” ဆရာတော်ပုတောက်က ဆက်ပြောလိုက်သည်။ ရီဖူရှင်းက သူ့အားမငြင်းဆန်နိုင်ပေ။ ထို့အပြင် သူက ချင်းယောင်အကြောင်းအားသိရှိထားပြီးဖြစ်ရာ သူက ဤကိစ္စအတွက် ကောင်းကောင်း တွေးထားပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။

သူတို့က သူမကို ကွယ်ဝှက်ထားနိုင်မည်မဟုတ်ပေ။

သူ၏စိတ်အသိက သူမအားရှာတွေ့သည်အထိ ဖြန့်ကျက်သွားပြီး သူကပြောလိုက်သည်။ “လို့လန်…ချင်းယောင်ကို ဒီကိုခေါ်လာခဲ့”

ထိုသို့ပြောလိုက်ပြီး သူနှင့် အခြားသူများက ငြိမ်သက်စွာစောင့်ဆိုင်းနေသည်။ သိပ်မကြာခင်၌ ရီချင်းယောင် ရောက်ရှိလာသည်။ သူမက လူများအားမြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ ခေါင်းငုံ့လိုက်မိသည်။

“ချင်းယောင် ဒီကိုလာ ” ရီဖူရှင်းက အပြုံးဖြင့်ပြောလိုက်သည်။ ရီချင်းယောင်က သူ၏ဘေးသို့ ဖြည်းညင်းစွာလျှောက်လာသည်။

သူက သူမ၏ပုခုံးထက်၌ လက်တင်၍ ဆရာတော်ပုတောက်အားပြောလိုက်သည်။ “သူမ ရောက်ပါပြီ”

ပုတောက်က သူမအားကြည့်လိုက်သည်။ ခဏချင်းပင် ဗုဒ္ဓရောင်ဝါက တောက်ပလာသည်။ တရားဓမ္မရွတ်ဖက်သံများက လွှမ်းခြုံသွားသည်။ ပုတောက်က သူ၏လက်အား ရင်ဘတ်ပေါ်တွင်ထား၍ သူ၏ပုတီးအား စတင်စိပ်လိုက်သည်။ သူက မျက်လုံးများကိုမှိတ်ထားသော်လည်း စိတ်ဝိညာဥ်မျက်လုံးအားဖွင့်ထားဟန်ပေါ်သည်။ ထိုမျက်လုံးများက ပုံရိပ်ယောင်အားလုံးကိုထိုးဖောက်၍ အမှန်တရားအား ပိုင်းခြားဖော်ထုတ်လေသည်။

မကြာခင်တွင် ပုတော်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ဗုဒ္ဓရောင်ခြည်တော်က အားကောင်းလှသောစွမ်းအားတစ်ခု၏ သက်ရောက်ခြင်းကို ခံလိုက်ကဟန်ပေါ်သည်။

သူ၏လက်ထဲမှပုတီးလုံးများအား အလွန်လျင်မြန်စွာစိပ်နေသည်။

ခလွပ်…။ ရှင်းလင်းသောအသံနှင့်အတူ ပုတီးစေ့များက ပျက်စီးသွားပြီး ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။

ပုတောက်က သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။ သူသည်ပုံမှန်အားဖြင့် ဗုဒ္ဓအရှင်သဖွယ် အလွန်အေးချမ်းသော်လည်း ယခုမူကျင်းကန်းအရှင်ကဲ့သို့ အလွန်ဒေါသထွက်နေလေသည်။ သူ၏မျက်လုံးများက အလွန်ကြောက်မက်ဖွယ်ကောင်းလှသော​ကြောင့် ချင်းယောင်ခမျာ အလွန်တုန်လှုပ်သွားပြီး ရီဖူရှင်းသာထိန်းမထားလျှင် နောက်ပြန်လဲကျသွားနိုင်လေသည်။

ရီဖူရှင်းက ဆရာတော်ပုတောက်အားကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်အား မြင်တွေ့လိုက်ရသည်။ သူက မျက်မှောင်ကြုတ်၍ ချင်းယောင်ရှေ့မှရပ်လိုက်သည်။

ချင်းယောင်က အလွန်ကြောက်လန့်နေဟန်ပေါ်သည်။ သူမက သူ့အားတင်းကြပ်သွာဖက်ထားလေသည်။

“ဆရာတော်” အရှင်ထိုက်ရွှမ်ကအော်ခေါ်လိုက်သည်။ ထိုအခါမှသာ ဆရာတော်ပုတောက်က သူ၏အရှိန်အဝါကိုရုတ်သိမ်းလိုက်လေသည်။ “ဆရာတော် ” အရှင်ထိုက်ရွှမ်က အန္တရာယ်ရှိသောလေသံဖြင့်ပြောလိုက်သည်။ “ဗုဒ္ဓဘာသာဝင်တွေက သနားကြင်နာသင့်တာမဟုတ်ဘူးလား။ ဒါက ဘာအဓိပ္ပါယ်လဲ ”

“ဒကာလေးရီ သူမဆက်နေလို့မရဘူး” ဆရာတော်ပုတောက်က ပြောလိုက်သည်။

“ဆရာတော်က စည်းကျော်နေတာပဲ” ရီဖူရှင်းက အေးစက်စွာပြောလိုက်သည်။

“ကျုပ်စကားကိုနားထောင်ပါ ဒကာလေးရီ။ သူမက ပျက်စီးမှု​ကြီးကိုယူဆောင်လာလိမ့်မယ်” ဆရာတော်ပုတောက်က ပြောလိုက်သည်။

“ဆရာတော်က အနာဂတ်ကိုဟောနိုင်လို့လား” ရီဖူရှင်းက ပြောသည်။

“ကျုပ်မပြောနိုင်ဘူး” ပုတောက်က ခေါင်းယမ်းလိုက်သည်။

“ဒါဆို ဆရာတော်က ခန့်မှန်းတာသက်သက်ပဲမဟုတ်ဘူးလား” ရီဖူရှင်းက ပြောလိုက်သည်။ “ဗုဒ္ဓဘာသာဝင်ဆရာတော်တွေကလည်း မစဥ်းစားမဆင်ခြင်ဘဲ လက်လွတ်စပယ် လူသတ်တာလား”

“ဒါက ကံတရားပဲ” ဆရာတော်ပုတောက်က ပြောလိုက်သည်။

“ကျွန်တော်က ကံကြမ္မာကိုဂရုမစိုက်ဘူး။ သူမက မိန်းမငယ်လေးတစ်ယောက်ပဲ…ဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ခဲ့တဲ့ မိန်းမငယ်လေးပဲ…ဆရာတော်က တုံ့ပြန်မှုလွန်ကဲနေတာမဟုတ်ဘူးလား” ရီဖူရှင်းက ပြောသည်။

ဆရာတော်ပုတောက်က စိတ်ဓာတ်ကျသွားဟန်ပေါ်သည်။ သူက ခေါင်းကိုအသာငုံ့၍ပြောလိုက်သည်။ “အပြစ်ဖြစ်ခဲ့မယ်ဆိုရင်လည်း ကျုပ်ကအဲ့အပြစ်ဒဏ်ကိုခံယူဖို့ ဆန္ဒရှိပါတယ်”

“ဆရာတော်က ဘယ်လိုခံယူနိုင်မှာလဲ” ရီဖူရှင်းက အေးစက်စွာမေးလိုက်သည်။ “ဗုဒ္ဓဘာသာမှာ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းနဲ့လဲတာမျိုးရှိသလား”

ပုတောက်က ဘာမှမပြောပေ။

“အဲ့ဒီလိုသာဆိုရင်တော့ ဆရာတော်က ကိုယ့်ဘာသာကိုကြည့်ရှုစောင့်ရှောက်ရမှာပဲ။ ဆရာတော်ကို ကောင်းကင်အာဏာစက်ကျောင်းတော်က မကြိုဆိုတော့ဘူး” ရီဖူရှင်းက ပြောသည်။ ဆရာတော်ပုတောက်က ရီဖူရှင်း၏စကားများကိုကြားရချိန်တွင် သက်ပြင်းချလိုက်မိသည်။ သူက မျက်ရည်များပြည့်နေသောမျက်ဝန်းများနှင့် ထိတ်လန့်ကြောက်ရွံ့နေသည့်မိန်းမငယ်လေးအား ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက အလွန်စင်ကြယ်တောက်ပနေသောကြောင့် ဆရာတော်ပုတောက်က အပြစ်ရှိစိတ်နှင့်အရှက်ရမှုအား ခံစားလိုက်ရသည်။ သို့သော် သူက သူမြင်ခဲ့ရသောမြင်ကွင်းအား မမေ့နိုင်ပေ။

“ဘာမှမဖြစ်ဘူး ချင်းယောင်” ရီဖူရှင်းက နူးညံ့စွာပြောလိုက်သည်။ ရီချင်းယောင်က သူ့အားကြည့်၍ အသာပြုံးကာပြောလိုက်သည်။ “ကျေးဇူးပါ အကိုကြီး”

ထိုသည်ကိုမြင်ပြီး ဆရာတော်ပုတောက်က လက်အုပ်ချီကာ တရားတော်ကိုရွတ်ဖတ်လိုက်သည်။ “ဒကာလေးက စိတ်ဓာတ်ခိုင်မာနေမှတော့…” သူကပြောသည်။ “ကျုပ်က ရပ်လိုက်ပါမယ်။ ဒကာလေးက မကောင်းတဲ့ကိစ္စတွေဖြစ်မလာအောင်တားဆီးနိုင်ဖို့ ကျုပ်မျှော်လင့်ပါတယ်”

ရီဖူရှင်းက သူ့အားလစ်လျူရှုနေသောကြောင့် သူကဆက်ပြောလိုက်သည်။ “ကျုပ်က ဒကာလေးတို့ကိုနှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ်တို့က ကောင်းကင်အာဏာစက်မြို့မှာ တည်းခိုပါ့မယ်။ ဒီမိန်းကလေးကို နတ်တစ္ဆေအဖွဲ့လက်ထဲအရောက်ခံလို့မဖြစ်ဘူး…”

ထိုသို့ပြော၍ သူက သူ၏လူများကိုခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။

ရီဖူရှင်းက ပြောစရာစကားကင်းမဲ့နေသည်။ သူက ချင်းယောင်သည်အလွန်ထူးခြားကြောင်း မြင်ခဲ့သည့်ပထမလူဖြစ်သော်လည်း ဆရာတော်ပုတောက်သည်လည်း တစုံတခုအားရှင်းလင်းစွာမြင်ခဲ့သည်။ သူမြင်ခဲ့သောအရာက ရီဖူရှင်းမြင်ခဲ့သောအရာနှင့် ကွာခြားဟန်ပေါ်သည်။

နတ်တစ္ဆေအဖွဲ့၏နောက်မှ အင်အားစုကြီးကလည်း သူမအားခေါ်ဆောင်ရန်စိတ်ဝင်စားနေကြသည်။

သူသည် မည်သည့်အရာများဆက်လက်ဖြစ်ပေါ်လာမည်အား မခန့်မှန်းနိုင်ပေ။

“ချင်းယောင်…ဘာတွေပဲဖြစ်ဖြစ် လောကကြီးကိုမုန်းတီးဖို့တော့ မကြီးပြင်းပါနဲ့။ မင်းက အကို့ကို အဲ့ကတိပေးနိုင်မလား” ရီဖူရှင်းက သူမ၏မျက်လုံးများအားကြည့်၍ ပြောလိုက်သည်။

“ဟုတ်ကဲ့” သူမက ထပ်ခါထပ်ခါခေါင်းညိမ့်၍ ပြန်​ဖြေလိုက်သည်။ ထို့နောက် သူမကပြုံးကာပြောသည်။ “သမီးက အကိုကြီးဘယ်နေရာပဲရှိနေနေ

အကိုကြီးရဲ့စကားကို အမြဲနားထောင်မှာပါ”

“လိမ်မာတယ်” သူပ သူမ၏ခေါင်းအားပုတ်၍ပြောလိုက်သည်။ “ရာရာကိုသွားရှာကြရအောင်…”

နောက်ရက်အနည်းငယ်တွင် လူများစွာက ကောင်းကင်အာဏာစက်မြို့သို့ရောက်ရှိလာကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများက သူတို့အား ရှင်းလင်းစွာ အာရုံခံမိလေသည်။

အင်အားစုများစွာမှလာရောက်ကြသောထိုလူများမှာ အလွန်အားကောင်းကြသည်။ သူတို့က တခြားဘုံများမှလာရောက်ကြခြင်းဖြစ်ပြီး တချို့မှာ ပြင်ပဘုံမှလာရောက်ခြင်းဖြစ်လေသည်။

နတ်တစ္ဆေအဖွဲ့သည် လူတစ်ယောက်အားရှာဖွေနေခြင်းဖြစ်ပြီး ထိုသူမှာမိန်းမငယ်လေးတစ်ယောက်ဖြစ်ကြောင်းနှင့် ထိုမိန်းမငယ်လေးမှာ ကောင်းကင်အာဏာစက်ကျောင်းတော်၌ရှိနေသည်ဟူသော သတင်းများက ပျံ့နှံလာသည်။

ကျင့်ကြံသူများ ပို၍ ပို၍များပြားစွာရောက်ရှိလာသောကြောင့် ကောင်းကင်အာဏာစက်မြို့မှလူများက ကျောင်းတော်ပေါ်သို့ မုန်တိုင်းတစ်ခု ထပ်မံရောက်ရှိလာပြီဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset