အနက်ရောင်ဝတ်လူသည် သေရည်ဆိုင်တွင် စားသောက်နေသည်ကို အနီးအနားမှ လူများအားလုံး သတိထားမိကြပေသည်။ သူ့ထံမှ ကြီးမားသော အရှိန်အဝါများ ရနေသည်။
ထိုလူသည် အလွန်သန်မာကြောင်း အားလုံးက ရိပ်မိကြ၏။
တချို့သောလူများသည် ပုံမှန်ကဲ့သို့ နေထိုင်သွားလာလှုပ်ရှားလျှင်ပင် သူတို့ထံမှ ကြီးမားသော အရှိန်အဝါများ ပေးပေသည်။
သို့သော် အနက်ရောင်ဝတ်လူသည် တခြားလူများ ထင်မြင်ယူဆချက်များကို ဂရုစိုက်ဟန်မတူပေ။ သူကား ရီဖူရှင်း၏နောက်ကြောင်းကိုသာ တွေးတောနေသည်။
သူတွေးသည်သာမှန်လျှင် ယူချင်းသည် ထိုပုဂ္ဂိုလ်၏သားဖြစ်သည်။
သို့ဆိုလျှင် ‘ရီ’ မျိုးရိုးနာမည်ရှိသော ရီဖူရှင်းသည် အင်ပါယာရီချင်နှင့် ဆက်စပ်နေသလော။
ထိုအခိုက်တွင် အနက်ရောင်ဝတ်လူသည် တစ်စုံတစ်ခုကို တွေးမိဟန်တူသည်။ သူ့ထံမှ ကြီးမားသော ဖိအားတစ်ခု ပျံ့လွင့်လာ၏။ ထိုအခိုက်တွင် သေရည်ဆိုင်တစ်ခုလုံးသည် ကြီးမားသော ဖိအားကို ခံစားလိုက်ကြရသည်။ သူတို့အားလုံး ထိတ်လန့်တကြားဖြစ်သွားကြ၏။
အနက်ရောင်ဝတ်လူသည် အလွန်သန်မာကြောင်း သူတို့ခန့်မှန်းမိသော်လည်း ဖိအားက ထိုမျှ ပြင်းထန်မည်ဟု မည်သူမှ မထင်ထား။ သူ၏စွမ်းအားကား မယုံကြည်နိုင်လောက်အောင် ကြီးမားလွန်းနေသည်။
အားလုံးက ခက်ခက်ခဲခဲထကာ ထွက်သွားကြ၏။ သူတို့ထဲမှ အားအနည်းဆုံးသောသူတချို့မှာ ကြီးမားသော ဖိအားအောက်၌ တုန်ယင်နေကြ၏။
မျက်လုံးတမှိတ်အတွင်း၌ သေရည်ဆိုင်သည် ပကတိလူရှင်းသွားသည်။ အနက်ရောင်ဝတ်လူတစ်ဦးတည်းသာ ထိုနေရာ၌ ကျန်ရစ်၏။
ထိုအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု အဝေးမှ လွင့်ပျံ့လာ၏။ အနက်ရောင်ဝတ်လူက အဝေးကို လှမ်းကြည့်သည်။ ထိုအခိုက်တွင် အကြည့်နှစ်ခုသည် အချင်းချင်း တွေ့ဆုံကြဟန်ရသည်။
ပြင်းထန်သော အင်အားသည် ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ရန်ဟောင်များသည်ပင် အသက်ရှုရန် ခက်ခဲလာသည်။
သို့သော်လည်း ထိုအင်အားထွက်ပေါ်လာသော နေရာဟူ၍ သိသာထင်ရှားသော ရင်းမြစ်တစ်ခုမှ ရှိမနေ။
အားလုံးက ထူးဆန်းသော အခြေအနေကို အံ့အားသင့်နေကြ၏။ သည်နေရာတွင် ဘာဖြစ်နေသနည်း။
သူတို့နှစ်ဦးသည် အဝေးမှပင် အချင်းချင်း လှမ်းကြည့်နေကြ၏။ အနက်ရောင်ဝတ်လူသည် ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း၌ အဖိုးအိုတစ်ဦးကို မြင်နေရသည်။ ထိုလူသည်လည်း အလွန်စွမ်းအားကြီး၏။ သူက စိတ်ဖြင့် လှမ်းပြောသည် “ခင်ဗျားက ကောင်းကင်အာဏာစက်ကျောင်းတော်ကို စောင့်ကြည့်နေတာ တော်တော်ကြာပြီ။ ခင်ဗျားက ကျုပ်ကို သင်ခန်းစာတစ်ခုခုပေးစေချင်နေတာလား”
“ခင်ဗျား သဘောအတိုင်းပဲ…” အနက်ရောင်ဝတ်လူက ပြောသည်။ သူ၏လေသံက အေးစက်နေ၏။ လေဟာနယ်ဘုံတွင် သူ့ကို ခြိမ်းခြောက်နိုင်သူ မည်သူမှ မရှိကြောင်း အနက်ရောင်ဝတ်လူသိပေသည်။
နဂါးတို့နယ်မြေတွင်ဖြစ်စေ၊ ကောင်းကင်အာဏာစက်ကျောင်းတော်တွင်ဖြစ်စေ၊ ထိုလူများကို သူက ကြောက်နေစရာမရှိပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ သူရင်ဆိုင်နေရသူမှာ ပုံမှန်အားဖြင့် အရှင်ထိုက်ရွှမ်ဖြစ်သည်။
“ကျုပ်တို့ကို ဒီလို စောင့်ကြည့်နေတာမျိုးက နည်းနည်းအဆင်မပြေဘူး။ ခင်ဗျားက သင့်တင့်လျောက်ပတ်စွာ ပြုမူဖို့ ကျုပ်မျှော်လင့်တယ်…” အရှင်ထိုက်ရွှမ်က ပြောသည်။ အနက်ရောင်ဝတ်လူကား အလွန်စွမ်းအားကြီးသည်။ ထိုသူသည် ပြင်ပဘုံမှ ရောက်လာသူဖြစ်နိုင်ရာ သူ့အနေဖြင့် အရမ်းကာရော မလှုပ်ရှားရဲပေ။
မဟုတ်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် အန္တရာယ်တွင်းထဲသို့ ကျသွားနိုင်၏။
တစ်ဘက်လူတွင် မကောင်းသော အကြံအစည်မရှိလျှင် သာမန်သတိပေးခြင်းမျိုးက လုံလောက်ပေသည်။
အနက်ရောင်ဝတ်လူက မည်သို့မှ မဆိုပေ။ သူက အရှိန်အဝါကို ရုတ်သိမ်းလိုက်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ထပ်မကြည့်တော့။
တစ်ဘက်လူ၏နတ်အာရုံ ပြန်လည်ရုပ်သိမ်းသွားသည်ကို အရှင်ထိုက်ရွှမ်က ခံစားမိလျှင် သူကလည်း သူ၏နတ်အာရုံကို ပြန်လည်သိမ်းဆည်းလိုက်၏။ လေထုကို ဖိနှိပ်ထားသော အင်အားသည်လည်း ပျောက်ကွယ်သွားသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်တွင် အရှင်ထိုက်ရွှမ်သည် မျက်မှောင်ကြုတ်လိုက်သည်။
သည်ရက်ပိုင်းတွင် ကျင့်ကြံခြင်းလောကကား မငြိမ်မသက်ဖြစ်နေသည်။
ထူးဆန်းသောလူတစ်ဦးက ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာစောင့်ကြည့်ခြင်းက သူ့ကို မသက်မသာဖြစ်စေသည်။
ထိုမျှအဆင့်မြင့်သောလူမှာ လက်ချိုးရေတွက်၍ ရသည်။
ကြည့်ရသည်မှာ ပြင်ပဘုံမှ အင်အားစုများသည် မိမိတို့ဘုံထက် များစွာ သာလွန်ဟန်ရသည်။
ထိုအခိုက်တွင် ရီဖူရှင်း လျှောက်လာသည်။ သူက အရှင်ထိုက်ရွှမ်ကို မေးသည် “ဘယ်သူများလဲ…”
အရှင်ထိုက်ရွှမ်က ခေါင်းယမ်းသည် “ကြည့်ရတာ ပြင်ပဘုံက တစ်ယောက်ပဲ။ သူ့စွမ်းအားက ငါ့ထက် အားမနည်းဘူး။ သူ ဘာလိုချင်လဲ ငါမသိဘူး။ ဒါပေမဲ့ သူ့မှာ မကောင်းတဲ့ အကြံအစည် မရှိတဲ့ပုံပဲ။ ဘာဖြစ်ဖြစ် ငါတို့ သတိထားဖို့လိုတယ်…”
ရီဖူရှင်းသည် အတန်ကြာ တိတ်ဆိတ်နေတသည်။ သူက တစ်စုံတစ်ယောက် ကျောင်းတော်ကို စောင့်ကြည့်နေကြောင်း သတိထားမိကာ အရှင်ထိုက်ရွှမ်ထံသို့ ရောက်လာခြင်းဖြစ်သည်။ အရှင်ထိုက်ရွှမ်ကား စောင့်ကြည့်သူကိုပင် စကားပြောပြီးလေပြီ။
“အဆင့်မြင့်တန်ခိုးရှင်တွေ ခုတလော ကျုပ်တို့ဘုံကို ရောက်လာနေကြတယ်…” ရီဖူရှင်းက ပြောသည် “ကျင့်ကြံခြင်းလောကဟာ မကြာခင် ပရမ်းပတာဖြစ်တော့မှာပဲ…”
တစ်စုံတစ်ခုကား အမှန်တကယ် ဖြစ်ပျက်ပေတော့မည်။
“ဟုတ်တယ်…” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည် “လျှိုဝှက်နယ်မြေဘုံက သတင်းတွေ ရောက်နှင့်ပြီ။ ငရဲတံခါးက ပြန်ပေါ်လာပြီးတော့ ရွှယ်ယူမြို့ကို ထိန်းချုပ်လိုက်တယ်။ သူတို့က ဘုံတစ်ခုလုံးက လူတွေကို ဆင့်ခေါ်ပြီးတော့ အင်အားစုစည်းနေတယ်။ သူတို့က လျှို့ဝှက်နယ်မြေဘုံတစ်ခုလုံးကို သိမ်းပိုက်ချင်တာ။ သူတို့ တကယ်ပဲ အောင်မြင်သွားနိုင်တယ်…”
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ လျှို့ဝှက်နယ်မြေဘုံကိုသာ ငရဲတံခါးက သိမ်းပိုက်လိုက်ပါက မည်သို့ဖြစ်လာမည်နည်း။
သူ မသိပေ။ သို့သော်လည်း ထိုအရာက ကောင်းသော ကိစ္စတော့ မဟုတ်ပေ။
“အရှင်… ဖူရှင်း…” နောက်တစ်ယောက် ရောက်လာသည် “တောင်တန်းဘုံက သတင်းတွေရတယ်။ ထျန်ရှင်းဘုန်းတော်ကြီးကျောင်းက ရှန်ရှင်းကလန်ကို တိုက်ခိုက်တယ်။ ဒီတစ်ခေါက် တိုက်ပွဲက ပြင်းထန်ပြီးတော့ သူတို့က ရှန်ရှင်းကလန်ကို အမြစ်ဖြုတ်သုတ်သင်ချင်တာ။ ထျန်ရှင်းဆရာတော်ကိုယ်တိုင် တိုက်ပွဲမှာ ပါဝင်ခဲ့ပြီးတော့ အခုသူဟာ ထွက်ပြေးတဲ့ ရှန်ရှင်းကလန်ခေါင်းဆောင်နောက်ကို လိုက်နေတယ်…”
“တောင်တန်းဘုံ…” အရှင်ထိုက်ရွှမ်က အံ့အားသင့်သွားသည် “သူတို့က ပထမဆုံးအပြောင်းအလဲကို လုပ်မယ်လို့ မထင်ထားဘူး။ ထျန်ရှင်းကျောင်းတော်က တကယ်ပဲ သတ္တိကောင်းတာပဲ”
ရီဖူရှင်းက ခေါင်းညိတ်သည်။ ရှန်ရှင်းကလန်ခေါင်းဆောင်က လျှို့ဝှက်နယ်မြေဘုံတွင် လုပ်ဆောင်ခဲ့သမျှသည် ထျန်ရှင်းကျောင်းတော်ကို အကြီးအကျယ် ပေါက်ကွဲစေခဲ့ဟန်ရသည်။ ထို့အပြင် ရှန်ရှင်းကလန်သည် အရှင်ဗုဒ္ဓ၏ရတာများကိုလည်း လုယက်သွားခဲ့သေးသည်။ သူတို့က မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။
သို့သော်လည်း ရှန်ရှင်းကလန်ခေါင်းဆောင်သည် ရဟန်းတုဖြစ်ကာ ညစ်ထေးသော နှလုံးသားရှိ၏။ သူက ရှန်ရှင်းကလန်သားများ သေခြင်းရှင်ခြင်းကို ဂရုပြုမည်မဟုတ်ပေ။
“လျှို့ဝှက်နယ်မြေဘုံက သတင်းတွေ မရသေးဘူး။ အဖွဲ့အကြီးဖြစ်စေ၊ အသေးဖြစ်စေ ရွှယ်ယူမြို့ကို သွားပြီးတော့ ငရဲတံခါးကို သွားရှာနေကြတယ်…” ရောက်လာသည့်လူက ပြောသည်။
အရှင်ထိုက်ရွှမ်၏မျက်နှာက တည်ကြည်သွားသည် “နားလည်ပြီ…”
သတင်းပို့သူ ထွက်သွားလျှင် အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းက အချင်းချင်း ကြည့်သည်။ အရှင်ထိုက်ရွှမ်က ပြောသည် “သွားပြီးတော့ ကျင့်ကြံချေ။ ဒီကိစ္စကို အများကြီးတွေးနေစရာမလိုဘူး။ အခြေအနေ ဘယ်လိုရှိမယ် ငါတို့ စောင့်ကြည့်တာပေါ့”
ရီဖူရှင်း ခေါင်းညိတ်ကာ ထွက်သွားသည်။ သူက စိတ်နှလုံးလေးလံစွာဖြင့် ကျင့်ကြံရာသို့ ရောက်လာခဲ့သည်။
သို့သော် ဟွာဂျီယူကို မြင်သောအခါ သူ၏မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခုဖြစ်ပေါ်လာ၏။
“တစ်ခုခုဖြစ်လို့လား…” သူမက မေးသည်။
“ငါတစ်ခုခုဖြစ်နေရင် မင်း အမြဲတမ်း မြင်တာပဲလား…” ရီဖူရှင်းက သူမထံသို့ လျှောက်လာကာ မေးသည်။
ဟွာဂျီယူက မည်သို့မှ မဆိုပေ။ သူမက လက်ဆန့်တန်းကာ ရီဖူရှင်း၏လက်ကို ဆွဲယူသည်။ သူမ၏အကြည့်က ရီဖူရှင်း၏နှလုံးသည်းပွတ်များကို အရည်ပျော်စေ၏။
ထိုအခိုက်တွင် ဂျီယူတစ်ယောက် အမှန်တကယ် ပြန်ရောက်လာပြီဟု ရီဖူရှင်း တွေးမိသည်။
သူက သူမ၏လှပသော မျက်လုံးများကို ကြည့်ကာ အသာပွေ့ဖက်လိုက်သည်။ ဟွားဂျီယူ၏မျက်လုံးများက ပြူးကျယ်နေဆဲဖြစ်ကာ ရီဖူရှင်းက သူမ၏လှပသော မျက်နှာလေးအား ကြည့်၏။ သူမ၏မျက်လုံးများထဲတွင် ရှက်ရွံ့သော အငွေ့အသက်များကို သူသတိထားမိသည်။
ထိုခံစားချက်က ထူးဆန်း၏။
တချိန်တည်းတွင် ချိုမြိန်သည်။
သူ၏နှလုံးက ပိုမိုမြန်ဆန်စွာ ခုန်လာခဲ့၏။ သူက အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်း။
ရီဖူရှင်းက သူမကို ပွေ့ထားရာမှ လွှတ်လိုက်ကာ လက်ကိုဆွဲလျှက် ရှေ့ကို ဆက်သွားလိုက်သည်။ သူ၏လေးလံသော စိတ်မှာလည်း များစွာ ပေါ့ပါးကောင်းမွန်လာခဲ့သည်။
သူသည် ပြည်နယ်ကိုးခု၌ တော်ဝင်ကျဲနန်းတော်ကို ဝန်းရံတိုက်ခိုက်ခြင်းမှာ အသက်ရှင်လွတ်မြောက်ခဲ့၏။ ယခု မည်မျှ ခက်ခဲသော အခြေအနေဖြစ်ပါစေ၊ ထိုစဉ်ကထက် ပိုမိုခက်ခဲမည်လော။
ယခု ဘုံကိုးခု၏ပရမ်းပတာ အခြေအနေသည် မျက်လုံးရှေ့မှောက်သို့ ရောက်လာခဲ့ပြီ။ အရာအားလုံးသည် တောင်တန်းဘုံနှင့် လျှို့ဝှက်နယ်မြေဘုံတို့တွင် အစပျိုးလာခဲ့ချေပြီ။
…
နောက်တစ်နေ့တွင် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လူတစ်စု ရောက်လာခဲ့၏။
သူတို့သည် လျှို့ဝှက်နယ်မြေဘုံမှ ရောက်လာခြင်းဖြစ်သည်။
ခေါင်းဆောင်လာသူကား နတ်တစေကလန်မှ လျန်ချန်းရီဖြစ်သည်။
ရီဖူရှင်းသည် လျှို့ဝှက်ဘုံသို့ စရောက်စဉ်က သူမထံသို့ သွားတွေ့ခဲ့သေးသည်။
ယခု သူမက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာ၏။
ယခုတွင် သူမ၏အမူအကျင့်များကား များစွာ ပြောင်းလဲသွားချေပြီ။ သူမသည် အနည်းငယ်ပျာယာခတ်နေပြီး ယခင်လို ယုံကြည်မှုအားကောင်းသော ပုံစံမဟုတ်တော့ပေ။
“မိန်းကလေးမှာ ကျုပ်ကို လာတွေ့ဖို့လည်း အချိန်ရှိသေးတာလား…” သူမအား မြင်လျှင် ရီဖူရှင်းက ပြုံးလျှက်ပြောသည်။
“ဒီတစ်ခေါက် ကျွန်မက လူတစ်ယောက်အတွက် ရောက်လာခဲ့တာ…” သူမက သူ့အား ပြောသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ တိုက်ရိုက်ပြောသည် “ဒီလိုဆိုရင်တော့ အခုပဲပြန်ပါတော့…”
လျန်ချန်းရီက ရီဖူရှင်း တိုက်ရိုက်ငြင်းပယ်မည်ဟု မထင်ထားရာ အနည်းငယ် ကြက်သေသေသွားသည်။
“လျှို့ဝှက်နယ်မြေဘုံကို ငရဲတံခါးသိမ်းပိုက်လိုက်ပြီ…” သူမက ရုတ်တရက် ပြောလိုက်လျှင် ရီဖူရှင်းက အံ့အားသင့်သွား၏။
မြန်လှချည်လား…။
ငရဲတံခါးသည် အမှန်တကယ် ထိုမျှ အားကောင်းသည်လား။
“ငါပြောတာ နားထောင်… သူ့ကို ငါ့ကို ပေးလိုက်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ဒီဘေးကို မကျော်နိုင်ဘူး။ ရှင့်ရဲ့မဟာမိတ်အဖွဲ့နဲ့တောင် ဒါက မဖြစ်နိုင်ဘူး” လျန်ချန်းရီက ပြောသည်။
ရီဖူရှင်းက သူမအား စိုက်ကြည့်သည်။
ငရဲတံခါးက ထိုမျှ စွမ်းအားကြီးသည်လား။
“ဒါပေမဲ့ ငရဲတံခါးဟာ အတိတ်မှာကလည်းက ပျက်စီးသွားခဲ့ပြီးပြီ” ရီဖူရှင်းက ဆိုသည်။
“ဒါက ရှင်ထင်သလောက် မရိုးရှင်းဘူး။ ငရဲတံခါးက အရမ်းကြောက်စရာကောင်းတယ်။ အတိတ်တုန်းက စစ်ပွဲမှာ သူတို့က မဟာအင်ပါယာကို စစ်ရှုံးခဲ့တာ။ အဲဒါရဲ့ အဓိပ္ပာယ်ကို ရှင်နားလည်တယ်မလား…”
ကောင်းကင်အာဏာစက်ကျောင်းတော်က ထိုသို့သော အဆင့်တိုက်ပွဲကို မည်သို့ ပါဝင်နိုင်မည်နည်း။
“မင်းတို့ ဘာလို့ သူ့ကို လိုချင်တာလဲ” ရီဖူရှင်းက မေးသည်
“ကျွန်မက ဒီလို လျှို့ဝှက်ချက်မျိုးကို ဘယ်လိုသိမှလဲ…” လျန်ချန်းရီက ပြောသည် “ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် သူမက ရှင်နဲ့ ပတ်သက်တာမှ မဟုတ်တာ။ ဘာလို့ သူမကို မထုတ်ပေးနိုင်တာလဲ”
ရီဖူရှင်းက လျန်ချန်းရီအား ကြည့်သည်။ ကြည့်ရသည်မှာ ငရဲတံခါးနောက်မှ အင်အားစုသည် ချင်းယောင်ကို အမှန်တကယ် လိုချင်နေပုံရ၏။
***