အပိုင်း (၁၇၄၉)

ဓားတစ်လက်

တိုက်ခိုက်လိုက်သူမှာ ရှန်ရွှမ်ဖြစ်သည်။ သူက အက်ကြောင်းမဲ့နတ်ဝင်ရိုးဖြင့် ဒုတိယတန်းစားနတ်ဝင်ရိုးကိုဖွဲ့စည်းပြီးထားသည့် အဆင့်နိမ့်ရန်ဟောင်ဖြစ်လေသည်။

သူက ခြေလှမ်းလိုက်ချိန်တွင် သူ၏နတ်ဝင်ရိုးမှစွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာသည်။ ရုတ်တရက်ပင် အဆုံးမဲ့ရွှေရောင်အလင်းတန်းများက ရီဖူရှင်းတို့အုပ်စုရှိရာကောင်းကင်ထက်၌ ပေါ်ထွက်လာသည်။ ထိုအလင်းတန်းက ကောင်းကင်ယံမှ ကျဆင်းလာပြီး ကောင်းကင်ကိုဖုံးလွှမ်းကာ နေရောင်အားဖုံးအုပ်သွားသည်။ ရွှေရောင်အလင်းတန်းတစ်ခုစီတွင် ဟင်းလင်းပြင်အား ပိုင်းဖြတ်သွားနိုင်သည့် ကြောက်မက်ဖွယ်မဟာလမ်းစဥ်စွမ်းအားများ ပါဝင်လေသည်။ ထိုအလင်းတန်းဖြင့်ထိတွေ့မိသူတိုင်း အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပေလိမ့်မည်။

ရီဖူရှင်းက မျက်မှောင်ကျုတ်လိုက်သည်။ သူ၏အကြည့်က ထိုနေရာ၌ တိတ်ဆိတ်စွာထိုင်နေသော ရှန်ကောင်းအပေါ်သို့ ကျရောက်သွားသည်။ သူက တည်းခိုဆောင်တွင်း၌ အေးဆေးစွာ အရက်သောက်နေလေသည်။ သူ၏အရှိန်အဝါက တည်ငြိမ်နေပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသလိုပင်…သို့သော် သူက ရှန်ရွှမ်က သူတို့အား တိုက်ခိုက်လိုက်သည်ကိုလည်း တားမြစ်ခြင်းမပြုပေ။

ပြင်ပဘုံမှလာသော ရှန်ကလန်မှကျင့်ကြံသူများကလည်း ခေါင်းကိုမော့၍ တိတ်ဆိတ်စွာ စောင့်ကြည့်​နေလေသည်။

သူတို့က ရှန်ရွှမ်အား ကောင်းကင်အာဏာစက်ကျောင်းတော်မှ အားကောင်းသောကျင့်ကြံသူများက တိုက်ခိုက်မည်ကို စိုးရိမ်ခြင်းမရှိပေ။ မည်သူကများ ထိုသို့လုပ်ဝံ့ပါမည်နည်း။

သူတို့က အလွန်စိတ်ဝင်စားနေကြသည်။ အခြားကျင့်ကြံသူများကိုဦးဆောင်၍ ရှန်ကလန်အားတိုက်ခိုက်ခဲ့သည့် ထိုလူငယ်သည် အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ရှင်ဖြစ်သည်။ သူကား လေဟာနယ်ဘုံတွင် ဤမျိုးဆက်၏ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် နာမည်ကျော်ကြားလေသည်။ သူက မည်မျှစွမ်းဆောင်နိုင်မည်နည်း။

သူက ရှန်ရွှမ်၏ ပြိုင်ဘက်ဖြစ်နိုင်ပါမည်လော။

သို့သော် ရီဖူရှင်းမလှုပ်ရှားခင်မှာပင် ပုံရိပ်တစ်ခုက အလျင်ဦးစွာ ရှေ့သို့ထွက်လာလေသည်။ ထိုသည်မှာ သောကျောက်ဖြစ်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လင်းလက်စွာတောက်ပနေပြီး သူက ရွှေရောင်ခန္ဓာကိုယ်ဖြင့် စစ်နတ်ဘုရားအသွင်ပြောင်းလဲသွားသည်။ သူ့အက်ကြောင်းမဲ့နတ်ဝင်ရိုးသည်လည်း တိုက်ပွဲဝင်ပုံစံအဖြစ်ပေါက်ကွဲထွက်ပေါ်လာသည်။ ရုတ်တရက် သူ၏တိုက်ပွဲအသိက တောက်လောင်လာလေသည်။

ဘုန်း…။ သောကျောက်၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်နတ်ရောင်စဥ်များဖြင့်တောက်လောင်နေလေသည်။ သူက လက်သီးတစ်ချက် ထိုးခွင်းလိုက်ပြီး သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ကြယ်ကြွေတစ်လုံးသဖွယ် ဟင်းလင်းပြင်အားဖြတ်သန်းသွားသည်။ သူက ရှန်ရွှမ်၏ခန္ဓာကိုယ်အား တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ ထိုလက်သီးချက်က လေထုကိုပင် ဖျက်စီးသွားလေသည်။

ရှန်ရွှမ်က လုံးဝနောက်ဆုတ်သွားခြင်းမရှိပေ။ သူက ထိုလက်သီးချက်အား ရှောင်တိမ်းရန်ရည်ရွယ်ချက်လည်းမရှိချေ။ သောကျောက်က သူ၏အားကောင်းသောတိုက်ပွဲဝင်စွမ်းအားဖြင့် အနီးကပ်တိုက်ခိုက်မှုကိုပြုလုပ်ရန် ကြိုးပမ်းနေသည်လော။

ရှန်ရွှမ်က သောကျောက်၏ဆန္ဒကိုဖြည့်ဆည်းပေးမည်ဖြစ်သည်။

ရှန်ရွှမ်က သူ၏လက်သီးကိုဆုပ်လိုက်ပြီး နတ်လက်သီးဖြစ်ပေါ်လာသည်။ ရုတ်တရက် အဆုံးမဲ့ရွှေရောင်အလင်းတန်းများက သူ၏လက်သီးမှတောက်ပလာသည်။ မျက်စိကျိန်းလောက်သော နတ်ရောင်စဥ်က ထိုလက်သီးမှ ပေါက်ကွဲထွက်ပေါ်လာလေသည်။

ပြင်ပဘုံမှ ရှန်ကလန်ကျင့်ကြံသူများ၏မျက်နှာထက်တွင် ရက်စက်သောအပြုံးများပေါ်ပေါက်လာကြသည်။ ပထမတန်းစားနတ်ဝင်ရိုးကိုဖွဲ့စည်းထားသည့် သောကျောက်၏ တိုက်ပွဲအသိက ကောင်းကင်ယံအားဖုံးလွှမ်းနေလျှင်ပင် သူက ထိုသည်အားအမှီပြု၍ အဆင့်ကွာခြားမှုကိုချေဖျက်ကာ ရှန်ရွှမ်နှင့် အနီးကပ်တိုက်ခိုက်ရန်ကြံစည်နေခြင်းမှာ ရူးသွပ်ခြင်းပင်ဖြစ်သည်။

သောကျောက်က သူ၏အကန့်အသတ်ကိုမသိပေ။

သူက ရှန်ရွှမ်၏ တိုက်ခိုက်ရေးစွမ်းရည်က မည်မျှအားကောင်းကြောင်း သိထားမည်မဟုတ်သည်မှာ သေချာလှပေသည်။

အဆုံးမဲ့ရွှေရောင်အလင်းတန်းများနောက်မှ ရှန်ရွှမ်၏ အလွန်အားကောင်းလှသော ဖျက်ဆီးခြင်းလက်သီးချက်က ဆင်းသက်လာသည်။ မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းတန်းများက ကောင်းကင်ယံအားဖြတ်သန်းသွားပြီး ဟင်းလင်းပြင်အားတုန်ခါသွားစေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏အထက်ကောင်းကင်ယံ၌ ဖျက်ဆီးခြင်းအလင်းရောင်က အပြင်သို့လျှံထွက်လာသည်။ ထိုအလင်းလှိုင်းကြောင့် အောက်မှအဆောက်အဦးများမှာ ပြားပြားဝပ်ပျက်စီးသွားကြသည်။

ဘန်း…!

ခပ်အုပ်အုပ်ပေါက်ကွဲသံအားကြားလိုက်ရပြီး လူရိပ်နှစ်ခုက လူစုကွဲသွားသည်။

ရှန်ရွှမ်၏အင်္ကျီစနှင့် ဆံပင်ရှည်တို့က လေထဲတွင် တဖျပ်ဖျပ်လွင့်နေလေသည်။ သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသော်လည်း အနည်းငယ်မျှပင် ဒဏ်ရာရရှိခြင်းမရှိပေ။ သို့သော် တစ်ဖက်လူ၏လက်သီးချက်မှာအလွန်အားကောင်းလှပေသည်။ ထိုသည်က ရှန်ရွှမ်အားအံ့သြသွားစေသည်။

သောကျောက်၏ပုံရိပ်က တိုက်ခိုက်မှုအရှိန်ကြောင့် နောက်သို့လွင့်စင်သွားသည်။ သူ၏လက်မောင်းက အနည်းငယ်တုန်ခါ​နေလေသည်။ ယခုတိုက်ခိုက်မှုမှနေ၍ သူ၏လက်မောင်းနှင့် ခန္ဓာကိုယ်ထဲ၌ အရာအားလုံးအား တစစီဆုတ်ဖြဲသွားစေမည့် အဆုံးမဲ့အလင်းတန်းများကို ခံစားနေရသည်။ ထိုအလင်းတန်းက သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်အား အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရန် ကြိုးပမ်းနေလေသည်။

ထိုတိုက်ခိုက်မှုကအလွန်အမင်းအားကောင်းလှပေသည်။ သောကျောက်တွင် အနှိုင်းမဲ့စစ်နတ်ဘုရား၏ခန္ဓာကိုယ်သာရှိမနေဘဲ သာမန်ရန်ဟောင်တပါးသာဆိုလျှင် သူက ထိုတိုက်ခိုက်မှုကြောင့် ချက်ချင်းပင် တစ်စစီဖြစ်သွားပြီး ဤနေရာ၌ သေဆုံးသွားရပေလိမ့်မည်။

သို့သော် သောကျောက်၏မျက်လုံးများထဲ၌ တိုက်ခိုက်လိုစိတ်မှာ အလျှံငြီးငြီးတောက်လောင်နေဆဲဖြစ်သည်။ သူကနောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက်မရှိပေ။ သူက စစ်နတ်ဘုရား၏အသိကိုပင်နှိုးဆွ၍ ဆက်လက်တိုက်ခိုက်လိုပေသည်။

အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုဖွဲ့စည်းပြီးနောက် သောကျောက်သည် ဘုံသုံးထောင်၌ အဆင့်တူအတွင်း ထိုက်တန်သောပြိုင်ဘက်များအား တွေ့ရှိခဲ့ခြင်းမရှိပေ။ ယခု ရှန်ရွှမ်ပေါ်ထွက်လာသောကြောင့် ထိုသည်က သောကျောက်၏ တိုက်ခိုက်လိုစိတ်အား လောင်မြိုက်စေခဲ့သည်။

ရီဖူရှင်းက သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ခြင်းအား စောင့်ကြည့်နေလေသည်။ သောကျောက်က ထိုပြိုင်ဘက်အား အနိုင်ယူနိုင်မည်မဟုတ်မှန်း သူနားလည်သည်။ သူတို့နှစ်ဦးလုံးက အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုပိုင်ဆိုင်ထားသောကြောင့် သူတို့၏အဆင့်ကွာခြားချက်မှာ အနီးကပ်တိုက်ပွဲတွင် မြင်သာသည်မှာ ပုံမှန်သာဖြစ်သည်။

“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး။ ဘေးဖယ်နေ…”

ရှန်ရွှမ်က သောကျောက်အားစိတ်ဝင်စားခြင်းမရှိပေ။ သူ၏အကြည့်က သောကျောက်၏နောက်မှ ရီဖူရှင်းထံ၌သာ စွဲမြဲနေလေသည်။

ရှန်ရွှမ်က လေဟာနယ်ဘုံ၌နာမည်ကျော်ကြားလှသော လူငယ်မျိုးဆက်၏ထိပ်သီးပုဂ္ဂိုလ်တွင် မည်ကဲ့သို့စွမ်းရည်များရှိနေမည်နည်းဟု မြင်တွေ့လိုပေသည်။

လေဟာနယ်ဘုံသည် မူလရင်းမြစ်ဘုံဖြစ်သည်။ ထိုနေရာသည် ယခုအချိန်၌ နိမ့်ပါးနေပြီဖြစ်သော်လည်း ထိုဘုံ၌ ကွယ်ဝှက်နေသော ထိပ်သီးပုဂ္ဂိုလ်များစွာရှိကြောင်း ကောလဟလများရှိလေသည်။ ထိုနေရာသည် မဟာလမ်းစဥ်၏ မူလအစဖြစ်ပေသည်။

သို့သော် ထိုအရာအားလုံးမှာ အတိတ်ကသာ ဖြစ်လေသည်။ ယခု ထိုမူလရင်းမြစ်ဘုံဟု ခေါ်ဆိုသည့်နေရာသည် နိမ့်ပါးသည့်ကာလ၌ ကြာမြင့်စွာရှိနေခဲ့သောကြောင့် စကားထဲထည့်ပြောရန်ပင် မထိုက်တန်တော့ပေ။ လူများက လေဟာနယ်ဘုံအား အရှင်ဒွန်ဟောင်၏အကာအကွယ်အောက်၌ရှိနေသော သီးသန့်တည်ရှိနေသည့် ပုံရိပ်ယောင် ပိတ်လှောင်ထားသောနေရာအဖြစ်သာ ညွှန်းဆိုကြတော့သည်။

ရှန်ရွှမ်၏အမြင်အရမူ ထိုနှစ်ပေါင်းများစွာ ကျဆင်းနေခဲ့သော လေဟာနယ်ဘုံမှ အံ့အားသင့်ဖွယ်ပါရမီရှင်တစ်ယောက် မည်ကဲ့သို့ပေါ်ထွက်လာနိုင်မည်နည်း။

ထိုထိပ်သီးပါရမီရှင်၌ အရည်အချင်းတချို့တော့ ရှိပေလိမ့်မည်။

“သောကျောက် နောက်ပြန်ဆုတ်…” ရီဖူရှင်းက ပြောလိုက်သည်။

သောကျောက်က ရီဖူရှင်းအား ပြန်ကြည့်လိုက်သည်။ သူကဆက်လက်တိုက်ခိုက်လိုသော်လည်း ရီဖူရှင်းက ထိုသို့ပြောသောကြောင့် သောကျောက်က သူ၏အရှိန်အဝါကိုပြန်ရုတ်သိမ်းလိုက်ပြီး မူလရပ်နေခဲ့သောနေရာသို့ ပြန်သွားလိုက်သည်။

ရီဖူရှင်းက တစ်ဖက်လူအားကြည့်ရန်လှည့်လိုက်သည်။ သူက ရှေ့သို့ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်ပြီး ရှန်ရွှမ်အားကြည့်လိုက်သည်။

ရှန်ရွှမ်က သူ၏လက်အားဆန့်တန်း၍ ရီဖူရှင်းအား စတိုက်ရန် လက်ဟန်ပြလိုက်သည်။

တည်းခိုဆောင်တွင်း၌ ရှန်ကလန်မှကျင့်ကြံသူများက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြဆဲဖြစ်သည်။

ရှန်ဟောက်၏ အမူအရာက အေးစက်၍ထူးမခြားဖြစ်နေသည်။ ရီဖူရှင်းက သူတို့၏ရန်သူဖြစ်သော်လည်း ရှန်ဟောက်က ဤတိုက်ပွဲတွင် ရှန်ရှမ်ရှုံးနိမ့်ရန် မျှော်လင့်ထားသည်။ သူက ရှန်ရွှမ်တစ်ယောက် ရှုံးနိမ့်မည်မှန်း သေချာနေလေသည်။

ပြင်ပဘုံများမှလာသော ရှန်ကလန်အဖွဲ့ဝင်များမှာ သူတို့ကိုသူတို့ အလွန်ယုံကြည်မှုလွန်ကဲနေလေသည်။ သူတို့အားလုံးက သွေးမျိုးဆက်တစ်ခုထဲမှဆင်းသက်လာပြီး သူတို့၏သွေးကြောများထဲ၌ တူညီသောသွေးများ စီးဆင်းနေသော်လည်း ထိုလူများက သူတို့သည် အခြားအဖွဲ့ဝင်များထက် သာလွန်ထူးကဲသည်ဟုစိတ်ကြီးဝိုနေကြမှန်း ရှန်ဟောက်က ရှင်းလင်းစွာ ခံစားမိလေသည်။

ရှန်ဟောက်က တစ်စုံတစ်ခုပြောရန်မသင့်တော်သော်လည်း ရီဖူရှင်းကမူ သူတို့အား တစ်သက်တာ မမေ့နိုင်မည့် သင်ခန်းစာတစ်ခုပေးနိုင်ပေလိမ့်မည်။

ထို့ကြောင့် ယခု ရှန်ဟောက်၏ခံစားချက်များမှာ လွန်ဆွဲနေလေသည်။

တခြားအဖွဲ့ဝင်များက တိတ်ဆိတ်စွာစောင့်ကြည့်နေကြသည်။

ရီဖူရှင်းက သူ၏လက်ကိုဆန့်တန်းလိုက်သည်။ ထိုအခိုက်တွင် မဟာလမ်းစဥ်၏ ကုချင်းသံစဥ်အား နေရာအနှံ့မှကြားနိုင်လေသည်။ ကုချင်းကြိုးအား တီးခတ်လိုက်သည်နှင့်အတူ မရေမတွက်နိုင်သော ကုချင်းများစွာက လေဟာပြင်၌ ပေါ်ပေါက်လာပြီး သူတို့၏သံစဥ်များက တစ်ခုနှင့်တစ်ခု စီးချက်ညီစွာထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ဓားအသိက ကုချင်းသံစဥ်နှင့်အတူ ထွက်ပေါ်လာလေသည်။

ရှန်ရွှမ်က ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ သူသည်လည်း လက်ကိုဆန့်တန်းလိုက်သည်။ ရုတ်တရက် ရွှေရောင်အာကာသမုန်တိုင်းက သူတို့၏ပတ်ဝန်းကျင်၌ တိုက်ခတ်လာသည်။ ရွှေရောင်အလင်းတန်းများကနေရာအနှံ့မှပေါ်ပေါက်လာပြီး ဟင်းလင်းပြင်အား ဖြတ်သန်းသွားသည်။

ခဏချင်းပင် ဓားအသိနှင့် ရွေရောင်အလင်းတန်းများက သူတို့၏ဝန်းကျင်၌ ခုန်ပေါက်တွေ့ဆုံသွားကြသည်။ ထိုထိပ်တိုက်တွေ့ဆုံသည့် ဆူညံလှသောဟိန်းသံကြီးက လူများအား ကြောက်လန့်သွားစေသည်။

သူတို့နှစ်ယောက်လုံးက နေရာမှ လှုပ်ရှားခြင်းမရှိပေ။ အဝေးမှနေ၍ ရီဖူရှင်းက သူ၏လက်ဖဝါးအား အသာအယာ ရှေ့သို့တွန်းလိုက်သည်။ အဆုံးမဲ့နတ်ဓားများက အထက်ကောင်းကင်ယံ၌ ချက်ချင်းပင် ဖြစ်တည်လာပြီး သံစဥ်နှင့်အညီ ပုံစံတစ်ခုဖွဲ့စည်းသွားသည်။ ဓားအသိစွမ်းအားက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ဓားအလင်းရောင်များက ဟင်းလင်းပြင်အားဖြတ်သန်းသွားပြီး ရှန်ရွှမ်၏ပုံရိပ်အား ခုတ်ပိုင်းရန်တိုးဝင်လာသည်။

ရှန်ရွှမ်၏ပုံရိပ်က တည်ငြိမ်စွာရပ်နေဆဲဖြစ်သည်။ ရွှေရောင်အလင်းတန်းများက သူ့ထံသို့ဦးတည်ထိုးဆင်းလာသည့် ထက်ရှလှသော ဓားများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ဘန်း၊ ဘန်း၊ ဘန်း… ထိပ်တိုက်တွေ့ဆုံပေါက်ကွဲသံများက ဟင်းလင်းပြင်အားဖုံးလွှမ်းသွားသည်။ ထိုမြင်ကွင်းမျာ အလွန်မင်သက်ငေးမောဖွယ်ကောင်းလှပေသည်။

ဓားများက ရီဖူရှင်း၏ရှေ့၌ တုန်ခါနေလေသည်။ စည်းချက်ညီလှသော ဓားအသိက တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး အလွန်တောက်ပလှသော နတ်ဓားတစ်လက်ဖြစ်တည်လာသည်။

ထိုနတ်ဓားမှ အနှိုင်းမဲ့ရောင်စဥ်တန်းများ ထွက်ပေါ်လာကာ ဟင်းလင်းပြင်အား တိုက်ရိုက်ထိုးဖောက်သွားသည်။ ထွက်ပေါ်လာသော ဓားအသိတစ်ခုတည်းကပင် အလွန်ခြိမ်းခြောက်နိုင်စွမ်းရှိလေသည်။

လူအုပ်ကြီးက ခေါင်းကိုမော့၍ ကောင်းကင်ယံသို့ကြည့်လိုက်ကြသည်။ အထက်၌ ရီဖူရှင်း၏ပုံရိပ်ကိုဗဟိုပြု၍ အဆုံးမဲ့နတ်ဓားများနှင့် ဓားအသိတို့က သူ့အားဝန်းရံနေလေသည်။ ကုချင်းသံစဥ်နှင့် ဓားမြည်သံတို့က ပဲ့တင်ထွက်ပေါ်နေသည်။ ထိုသည်မှာ ဓားကမ္ဘာဖြစ်တည်လာသကဲ့ဖြစ်လေသည်။

ရှန်ရွှမ်က ထိုဓားအသိအားခံစားမိလိုက်ချိန်တွင် မျက်မှောင်ကျုတ်သွားလေသည်။ သူက ရီဖူရှင်းထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် ခြိမ်းခြောက်နိုင်စွမ်းအား ခံစားလိုက်ရသည်။

တဖြည်းဖြည်းနှင့်အားကောင်းလာသော ထိုဓားအသိ၏အရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ရီဖူရှင်းက ထိုနေရာ၌ ရပ်၍နေလေသည်။ သူ၏ရှေ့မှနတ်ဓားများက တုန်ခါလာပြီး သူ၏ပတ်ပတ်လည်မှ မဟာလမ်းစဥ်၏ဓားအသိများနှင့်ပေါင်းစည်းကာ ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားလေသည်။

ရီဖူရှင်းက သူ၏လက်အားရှေ့သို့ညွှန်လိုက်ပြီး ထိုဓားက ရုတ်တရက် ရှေ့သို့ပျံထွက်သွားသည်။

ထိုဓားမွေးဖွားလာမှုက ကောင်းကင်နှင့်မြေကြီးကိုပင်တုန်လှုပ်စေခဲ့သည်။ အေးစက်သောဓားအလင်းရောင်က အမြင့်ဆုံးကောင်းကင်ဘုံသို့ပင် ထွန်းလင်းသွားစေသည်။

ရှန်ရွှမ်က ရုတ်တရက် သူ၏လက်ကို မလိုက်ပြီး ထုလိုက်သည်။ အဆုံးမဲ့ရွှေရောင်အလင်းတန်းများက ရွှေရောင်နတ်လှံတစ်ချောင်းအဖြစ်ဖွဲ့စည်းသွားပြီး ရှေ့သို့ထိုးထွက်သွားလေသည်။ သူ၏လှုပ်ရှားမှုများက အလွန်လျင်မြန်လှသည်။ ထိုအရာအားလုံးမှာ စက္ကန့်ပိုင်းအတွင်းဖြစ်သွားခဲ့ခြင်းဖြစ်လေသည်။

ရွှပ် ရွှပ်…

ဖျက်စီးနိုင်သော ရွှေရောင်အလင်းတန်းက စူးရှစွာ အပြင်သို့ထိုးထွက်လာကာ လူများက မျက်လုံးများကိုမှိတ်လိုက်ကြရသည်။ ရွှေရောင်နတ်လှံက တုန်ခါသွားပြီး ကျယ်လောင်သောအသံကထွက်ပေါ်လာသည်။ ရှန်ရွှမ်၏ပုံရိပ်က ထိုတိုက်ခိုက်မှု၏ပြင်းအားကြောင့် နောက်သို့လွင့်စင်သွားသည်။

ဘုန်း…

ကြောက်မက်ဖွယ်အသံကြီးကိုကြားလိုက်ကြရသည်။ရှန်ရွှမ်၏ပုံရိပ်က သူအစောပိုင်းက အရက်သောက်နေခဲ့သော တည်းခိုရိပ်သာပေါ်သို့ ပြုတ်ကျသွားသည်။ ထိုတည်းခိုရိပ်သာသည် ပေါက်ကွဲပြီး ပျက်စီးသွားလေသည်။ ရှန်ကောင်းနှင့် ထိုတည်းခိုဆောင်တွင် ထိုင်နေကြသော အခြားကျင့်ကြံသူများမှာ လေထဲသို့တက်လိုက်ကြသည်။ ရှန်ကောင်းက အဝေးမှလွင့်စင်လာသော ရှန်ရွှမ်၏ပုံရိပ်အား ထပ်လွင့်မသွားစေရန် လေထုထဲသို့ လက်ကိုဆန့်တန်းလိုက်သည်။

ရှန်ရွှမ်၏လက်မောင်းက တုန်ယင်နေလေသည်။ လှံတံကိုကိုင်ထားသော သူ၏လက်မှာ သွေးများဖြင့် စိုရွှဲနေသည်။ ထိုလက်မှာ မသန်မစွမ်းဖြစ်လုနီးပင် ထိခိုက်သွားလေသည်။

ရှန်ရွှမ်၏အမူအရာက အလွန်အကျည်းတန်လှသည်။ သူက နာကြင်မှုကို အံကြိတ်ခံရင်း ရီဖူရှင်းအားကြည့်လိုက်သည်။ သူက ရီဖူရှင်းတစ်ယောက် ထူးမခြားနားသောအကြည့်ဖြင့် သူ့အားပြန်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ရီဖူရှင်းက သူ၏ဓားအားထုတ်ဖော်ရန် ချွေးတစ်စက်ပင်မထွက်လိုက်သကဲ့သို့ အလွန်သက်သောင့်သက်သာဟန်ပေါ်နေလေသည်။

ရီဖူရှင်းက မည်သည့်စကားမျှမဆိုဘဲ ချက်ချင်းပင် နောက်သို့လှည့်၍ ထွက်ခွာသွားသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများသည်လည်း သူနှင့်အတူ ထွက်ခွာသွားကြသည်။

“မင်းက မင်းအင်အားကိုမသိဘူးပဲ” သောကျောက်က ရှန်ရွှမ်အားပြောလိုက်သည်။ ရှန်ရွှမ်က ပြင်ပဘုံများမှလာလျှင်ရော မည်သည့်အရေးနည်း။

ရှန်ရွှမ်က မောက်မာဝံ့ကြွားပြီး ရီဖူရှင်းအား တိုက်ရိုက်စိန်ခေါ်လိုခဲ့သည်။ သူက သူ့ကိုသူ အထင်ကြီးနေခြင်းသာဖြစ်လေသည်။

သူတို့ကြားမှအဆင့်ကွာခြားချက်ကြောင့်သာမဟုတ်လျှင် သောကျောက်က သူ ရှန်ရွှမ်အားတိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။

ရှန်ရွှမ်က မျက်မှောင်ကြုပ်လိုက်သည်။သူ၏နောက်တွင် ရှန်ဟောက်က ထိုအရာအားလုံးအား တည်ငြိမ်စွာကြည့်နေလေသည်။ သူက ဤတိုက်ပွဲ၏ရလဒ်အား အနည်းငယ်မျှပင် အံ့အားသင့်ခြင်းမရှိပေ။

ပြင်ပဘုံမှ ရှန်ကလန်အဖွဲ့ဝင်များသည် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေကြသည်။

“ရီဖူရှင်းက တကယ့်ကို ထူးချွန်တဲ့ကြောက်စရာပါရမီရှင်ပဲ။ နှမြောဖို့ကောင်းလိုက်တာ…” ရှန်ကောင်းက မှတ်ချက်ချလိုက်သည်။ ရှန်ရွှမ်က ဒဏ်ရာရသွားသော်လည်း ရှန်ကောင်းက ထိုကိစ္စအား သိပ်ဂရုမစိုက်ပေ။

တနည်းအားဖြင့်ဆိုရသော် ရှန်ကလန်အားတိုက်ခိုက်ရန် စစ်တပ်တစ်ခုအားဦးဆောင်လာခဲ့သည့်သူက အလွန်ရိုးရှင်းနေလျှင် ရှန်ကောင်းက ရှန်ကလန်အား အလွန်စိတ်ပျက်မိပေလိမ့်မည်။

အမှန်တရားက ရီဖူရှင်းသည် အလွန်ကြောက်မက်ဖွယ်အရည်အချင်းနှင့် ထူးကဲသာလွန်သည့်ပါရမီရှင်ဖြစ်ကြောင်း သက်သေပြနေလေသည်။

ထိုသည်မှာ ကံဆိုးခြင်းဖြစ်သည်။ ထိုကဲ့သို့ပါရမီရှင်မျိုးအား ရှန်ကလန်က အသုံးချခဲ့သည်။ သို့သော် ရှန်ကောင်းမရှိခဲ့ချိန်က ရှန်ကလန်က မှားယွင်းသောလုပ်ရပ်များအား လုပ်ခဲ့မိဟန်တူသည်။ ထိုသည်မှာ သူတို့နှစ်ပေါင်းများစွာဆုပ်ကိုင်ထားနိုင်ခဲ့သော ဂုဏ်သိက္ခာကြောင့်ပင် ဖြစ်ပေမည်။

သို့သော် ကိစ္စများက ထိုကဲ့သို့ဖြစ်ပြီးပြီဖြစ်၍ သူတို့က နောက်ထပ်လှုပ်ရှားမှုများကိုသာ ထပ်၍လုပ်ရပေတေါ့မည်။

ထိုကဲ့သို့ ပါရမီရှင်မျိုး ဤနေရာ၌ သေဆုံးသွားရမည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှပေသည်။

ထိုခဏ၌ အခြားနေရာ၌ အဝေးမှလာသောကျင့်ကြံသူအုပ်စုတစ်ခုက ကောင်းကင်အာဏာစက်ကျောင်းတော်မှကျင့်ကြံသူများ ထွက်ခွာသွားသည်ကို ကြည့်ရှုနေလေသည်။ ခေါင်းဆောင်လူကြီးက သူ၏ရှေ့မှလူငယ်အချို့အားကြည့်၍မေးလိုက်သည်။ “မင်းတို့ အဲ့ဒီဓားနဲ့ပတ်သတ်ပြီး ဘယ်လိုမြင်ကြလဲ”

“နတ်ဝင်ရိုးရဲ့စွမ်းအားက လှုပ်ခါသွားပြီး ဓားတစ်လက်အသွင်ဖွဲ့စည်းပြီး မဟာလမ်းစဥ်နဲ့ပေါင်းစည်းသွားတာ…” တစ်ယောက်ကပြောလိုက်သည်။ “အဲ့ဒီဓားက မဟာလမ်းစဥ်စွမ်းအားအမျိုးမျိုးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပဲ။ ဓားကိုအဓိကသွေးကြောအဖြစ်ထားပြီး ဓားအရှိန်အဝါက နောက်ဆုံးမှာပေါက်ကွဲထွက်ပေါ်လာတယ်။ အဲ့ဓားရဲ့ဖျက်စီးနိုင်မှုစွမ်းအားက တော်တော်လေး အံ့အားသင့်ဖို့ကောင်းတယ်” ထိုအုပ်စုက အဝေးမှကြည့်နေခြင်းဖြစ်သော်လည်း သူတို့က ဓားတွင်းမှအရှိန်အဝါအား ခံစားမိကြသည်။

“အမှန်ပဲ။ အဲ့ဒီကောင်လေးရဲ့အနာဂတ်က လေဟာနယ်ဘုံကိုကျော်လွန်သွားလိမ့်မယ်” ခေါင်းဆောင်လူကြီးက အပြုံးဖြင့်ပြောလိုက်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset