Switch Mode

အခန်း(၁)

ဒီဇာတ်ညွှန်း မှားနေပြီ

အခန်း(၁) ဒီဇာတ်ညွှန်း မှားနေပြီ

အစွန်းရောက်ရှစ်ပါးကမ္ဘာ၊ ကောင်းကင်နယ်မြေ၊ အလယ်ပိုင်းကောင်းကင်ဒေသ၊ ဝါဒတောင်၌ ယနေ့ခေတ်တွင် အနည်းအကျဉ်းမျှသာရှိသော သိုင်း ထိပ်သီးနယ်မြေတစ်ခု တည်ရှိသည်။ ထိုနယ်မြေ၏ အပြင်ဘက်တွင် အနက်ရောင်အနားကွပ်သော အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ရန်ကျောက်ကဲ မတ်တပ်ရပ်နေ၏။ ဤဝတ်စုံကို ကြည့်ခြင်းအားဖြင့် ဝါဒတောင်၏ ပင်မတပည့်ဟူသော သူ၏အဆင့်အတန်းကို သိနိုင်သည်။

ရန်ကျောက်ကဲနှင့် မျက်နှာချင်းဆိုင်တွင် အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ကြိတ်မနိုင်ခဲမရဖြစ်နေဟန်ဖြင့် မတ်တပ်ရပ်နေ၏။

“ရန်ကျောက်ကဲ…..  မင်းအဖေက အကြီးအကဲဆိုတိုင်း ဂိုဏ်းထဲမှာ လိုက်အနိုင်ကျင့်လို့ရလား”

ရန်ကျောက်ကဲက ခံစားချက်မဲ့နေသည့်မျက်နှာဖြင့် ပြန်မေးလိုက်၏။

“ဟေ့ကောင်… မင်း ဘာစကားပြောတာလဲ။ ပြောရဲရင် နောက်တစ်ခါ ထပ်ပြောကြည့်စမ်း”

“ပြောရဲတယ်ကွာ၊ မင်းကို ကြောက်နေတယ်များ ထင်နေလား၊ မင်းအဖေက အကြီးအကဲဆိုတိုင်း လိုက်အနိုင်ကျင့်လို့ရလား”

ရန်ကျောက်ကဲသည် အဝါရောင်ဝတ်စုံဝတ် လူငယ်၏မျက်နှာကို စေ့စေ့ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။ “ဟား ဟား…. မင်းပြောသလိုပဲကွာ၊ ငါ့အကြောင်းကို လူများများပြောလေ ကြိုက်လေပဲ”

အဝါရောင်ဝတ်စုံဝတ် လူငယ် ကြောင်အသွားသည်။

ခဏကြာသော်  သူ အသိပြန်ဝင်လာပြီး အရှက်ရမှုနှင့်အတူ ဒေါသပါ ထွက်လာသည်။ မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ ရန်ကျောက်ကဲထံသို့  ခုန်ဝင်လိုက်တော့သည်။

ရန်ကျောက်ကဲက အမှုမထားဟန်ဖြင့် ပြောလိုက်သည်။ “တော်ရုံပဲ လုပ်၊ မသတ်မိစေနဲ့”

အဝါရောင်ဝတ်စုံဝတ်လူငယ်သည် လမ်းခုလတ် လေထဲ၌ပင် ရပ်တံ့သွားသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး ထုံကျင်လာပြီး အမြင်အာရုံများ ဝေ့ဝါးသွား၏။

အချိန်အနည်းငယ်ကြာပြီးနောက် သူ သတိပြန်ဝင်လာသောအခါ တစ်စုံတစ်ယောက်က သူ့အား ဂုတ်မှဆွဲကာ လေထဲတွင် ကိုင်မြှောက်ထားသည်ကို သတိထားမိသွားသည်။

လက်တစ်ဖက်က အဝါရောင်ဝတ်စုံဝတ် လူငယ်ကို ဆုပ်ကိုင်လျက် အလွန်ထွားကြိုင်းသည့် လူကြီးသည် ရန်ကျောက်ကဲ၏ ရှေ့သို့  ရောက်လာ၏။

လူထွားကြီးက မျက်နှာချိုသွေးကာ ပြုံးလိုက်ရင်း “မင်းသား… ရှေ့က ကြွပါ”

ရန်ကျောက်ကဲက ခေါင်းငြိမ့်၍  လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးအေးလူလူ လှည့်ထွက်သွားလေ၏။

လူထွားကြီးသည် အဝါရောင်ဝတ်စုံဝတ်လူငယ်၏ဂုတ်ကို ဆုပ်ကိုင်ထားရင်း ဟားတိုက် ရယ်မောနေသည်။ သူ့လက်ထဲတွင် လူငယ်လေးသည် လေထဲတွင် ခြေကားယား လက်ကားယားနှင့် အော်ငိုနေရှာလေသည်။

ရန်ကျောက်ကဲသည် သူ့ဂိုဏ်းဂိတ်ပေါက်သို့ ဝင်ရောက်လိုက်၏။ ဂိုဏ်းပရဝုဒ်အတွင်းသို့ ခြေချမိသည်နှင့် သူ၏ပြောင်စပ်စပ်မျက်နှာက တစွန်းတစမျှ မကျန်အောင် ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးချမ်းမှုက အစားထိုး နေရာယူသွားသည်။ သူ၏အမူအရာက အိန္ဒြေအပြည့်ဖြင့် လေးစားဖွယ်အတိ ဖြစ်နေ၏။

သို့သော် သူ့အခြေအနေ၏ နောက်ကွယ်က အဖြစ်မှန်သည်ကား…

သူ အကြီးအကျယ် အံ့အားသင့်နေ၏။

“ဒီဇာတ်ညွှန်းတော့ မှားနေပြီ”

ရန်ကျောက်ကဲ စိတ်ထဲမှာ ရေရွတ်လိုက်သည်။

ဘ၀ကူးခြင်းကို စီမံသည့် နတ်ဘုရားတွေ တစ်ခုခုတော့ မှားနေပြီ။

သူသည် မူလက ကမ္ဘာမြေမှ ဖြစ်သည်။ ထို့နောက် အတိုးတက်ဆုံး အထွတ်အထိပ်ခေတ်ကာလတွင် ရောက်နေသော သိုင်း လူ့အဖွဲ့အစည်းရှိရာ အခြားကမ္ဘာတွင် ပြန်လည်မွေးဖွားလာသည်။ ထိုကမ္ဘာတွင် သူသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ နယ်ပယ်အသီးသီးမှ ဂန္နဝင်ကျမ်းများ စုဆောင်းထားရှိသော ကောင်းကင်နန်းတော်၏ ဝိဉာဉ်ဖြစ်သွားသည်။

သို့သော် များမကြာမီ၊ ကမ္ဘာဖျက်ကပ်ဘေးကြီး ကျရောက်လာရာ ကောင်းကင်နန်းတော်ကြီးလည်း ပျက်စီးသွားခဲ့ရသည်။

ထိုနောက်မှာ ဖြစ်လာသည်က မမျှော်လင့်ဘဲ သူသည် ဒုတိယအကြိမ် ပြန်လည်မွေးဖွားကာ သူ့ဝိဉာဉ်က ဤကမ္ဘာ၏ အနာဂတ်ကာလသို့ ရောက်သွားလေသည်။

ထိုအချိန်တွင် လူတို့သည် အဆိုပါ ကပ်ဘေးကြီးပြီးနောက် ကြွင်းကျန်ရစ်သော အပျက်အစီးများကို တွေ့ရှိကြပြီး သိုင်း လူ့အဖွဲ့အစည်းကြီးကို ပြန်လည်တည်ထောင်ကြသည်။ ဤအဖွဲ့အစည်းအသစ်က ကြီးထွားဆဲကာလမှာပင် ရှိသေးပြီး အထွတ်အထိပ်ရောက်ရန် လွန်စွာ ဝေးလှသေးသည်။

အထွတ်အထိပ် အတိုးတက်ဆုံး ခေတ်ကာလမှ ရှားပါးစာအုပ်များ၊ ဂန္တဝင်ကျမ်းများ အပြည့်ရှိသည့် မှတ်ဉာဏ်များနှင့်အတူ ဤဘဝသို့ ရန်ကျောက်ကဲ ရောက်လာသည်မှာ အခက်ခဲဆုံးအဆင့်ဖြင့် ကစားနေကြ ကစားသမားတစ်ဦးက အလွယ်ဆုံးအဆင့်ဖြင့် ရုတ်တရက် ပြောင်းလဲကစားလိုက်သည့်အလား တကယ်ကို မိုက်လွန်းလှသည်။

ဤဘဝကို ရောက်လာပြီးနောက် ရန်ကျောက်ကဲအား ဦးနှောက်ခြောက်စေသော ပြဿနာမှာ သူ့ခန္ဓာကိုယ်၏ မူလပိုင်ရှင် ထားခဲ့သော အရှုပ်ထုတ်ပင် ဖြစ်သည်။

“မင်းသား၊ အရှင် ရှာခိုင်းထားတဲ့ ပစ္စည်းတွေအကုန် ရပါပြီ”

လူထွားကြီးက မင်းသား၏ အနောက်သို့ ကပ်လိုက်လာရင်း ပြောလိုက်သည်။

“အစစ်အမှန် လီ မီးတောက် မီးမျိုးစေ့ရဲ့ တည်နေရာအကြောင်း သတင်းလဲ ရလာပါပြီ”

ရန်ကျောက်ကဲက အရှိန်အနည်းငယ်လျော့၍ လမ်းလျှောက်လိုက်သည်။  “ဒီသတင်းရဖို့က တော်တော် ခက်ခဲတယ်၊ နေရာအတိအကျကော သိကပြီလား”

“နဂါးချုပ်လှောင်ခြင်းချောက်နက် ရဲ့ မြောက်ဘက်အကျဆုံးအပိုင်းမှာပါ၊ ရှာဖွေရမယ့် နေရာကို အကျဉ်းဆုံးအထိ ချုံ့ပြီးပါပြီ၊ ကျွန်တော်တို့ လူတွေဆီက ဒီ့ထက် တိကျတဲ့ သတင်းကို သိရဖို့ သိပ်မကြာတော့ပါဘူး”  လူထွားကြီးက သွားအဖွေးသားပေါ်အောင် ပြုံးရင်း ပြောလိုက်သည်။

“ကောင်းတယ်… ကောင်းတယ်” ရန်ကျောက်ကဲက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။

ရန်ကျောက်ကဲ၏ဖခင်သည် ဂိုဏ်းအတွင်းတွင် အရေးပါအရာရောက်သော အကြီးအကဲတစ်ယောက်ဖြစ်ရုံသာမက ရန်အိမ်တော်၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ရန်အိမ်တော်သည် ကောင်းကင်ကုန်းမြေကြီးတစ်ခုလုံးတွင် ထင်ရှားကျော်ကြားသော ဧရာမ ကလန်ကြီးတစ်ခု ဖြစ်ပြီး ရန်ကျောက်ကဲအား မင်းသားဟု ခေါ်ဝေါ်ကြသူများအားလုံးသည် ရန်အိမ်တော်၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။

ရန်ကျောက်ကဲ တစ်စုံတစ်ခု အလိုရှိပါက သူ့နှုတ်မှ ရွတ်လိုက်ရုံမျှဖြင့် လက်အောက်ငယ်သားများက သူ့လက်ထဲသို့  အရောက် ထည့်ပေလိမ့်းမည်ဖြစ်သည်။

အခြားစကားဖြင့် ပြောရလျှင် လက်ရှိဘဝက ရန်ကျောက်ကဲသည်  အလွန်ချမ်းသာကြွယ်၀သော မိသားစုမှ မွေးဖွားလာ၏။ အင်မတန် အလိုလိုက်သော ဖခင်တစ်ဦးရှိသည့်အပြင် သူကိုယ်တိုင်ကလည်း ပါရမီရှင်တစ်ဦး ဖြစ်နေသေးသည်။ အစစ အရာရာ ပြည့်စုံနေကာ ဘဝလမ်းခရီးက သာယာဖြောင့်ဖြူးလျက်ရှိသည်။

သို့သော်…. တစ်ခုခုတော့ မှားယွင်းနေသည်။

“မင်းသား၊ ပြောစရာတစ်ခု ကျန်သေးတယ်” လူထွားကြီး ဆက်ပြောတော့မည့်အချိန်မှာတင် သူ့စကားကို ရပ်လိုက်သည်။

အားကောင်းသည့် စွမ်းအင်လှိုင်းတွေ ဖြာထွက်နေသည့် သက်လက်ပိုင်းအရွယ် လူတစ်ဦး သူတို့ထံသို့ လျှောက်လာသည်။ ထိုလူ ခြေလှမ်း လှမ်းလိုက်တိုင်းတွင် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ပင်။

ရန်ကျောက်ကဲ၏အနီးးသို့ ရောက်သောအခါ သူနှင့် ရန်ကျောက်ကဲတို့ အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။ သက်လက်ပိုင်းအရွယ် လူကြီးက အနည်းငယ် ပြုံးရင်း     “မတွေ့တာ ရက်နည်းနည်းလေးပဲ ရှိသေးတယ်။ တူလေးရန်ရဲ့ ကျင့်ကြံခြင်းက နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့ပုံပဲ”

ရန်ကျောက်ကဲက ပြုံးလျက် ပြန်ဖြေလိုက်၏။ “လေ့ကျင့်ခြင်းက တိုးတက်မှုကို ဖြစ်ပေါ်စေတယ်။ ကိုယ့်ကိုကိုယ်ကျေနပ်နေခြင်းက ညံ့ဖျင်းမှုပဲ။ ကျွန်တော် မပျင်းရိရဲပါဘူး”

သက်လတ်ပိုင်း လူကြီးက “ဒီရက်တွေအတွင်း နဂါးချုပ်လှောင်ခြင်းချောက်နက်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်နေတယ်၊ ငါတို့ဂိုဏ်းက ဒီအဖြစ်အပျက်တွေကို စုံစမ်းဖို့ ပြင်ဆင်နေတယ်၊ အကြီးအကဲတွေက လူငယ်မျိုးဆက်သစ်တွေကို အရင်စေလွှတ်ဖို့ ဆုံးဖြတ်ပြီးပြီ၊ ဖြစ်ချင်တော့ ဂိုဏ်းရဲ့ လူငယ်သိုင်းပြိုင်ပွဲ ပြီးခါစအချိန်နဲ့ သွား တိုက်ဆိုင်နေတယ်၊ ဂိုဏ်းက ထိပ်ဆုံးရှစ်နေရာဝင်တဲ့ တပည့်တွေကို လေ့ကျင့်တဲ့ သဘောမျိုးနဲ့ စေလွှတ်ချင်နေတယ်”

“ကောလဟာလတွေအရ မင်းရဲ့ ပြိုင်ဘက်ဟောင်းကြီးလည်း နဂါးချုပ်လှောင်ခြင်းချောက်နက်ကို လာမယ် ကြားတယ်၊ တူလေးရန်…. ၊ လတ်တလောမှာ လုပ်စရာမရှိသေးရင် လူငယ်လေးတွေကို ဦးဆောင်ပြီး ဒီခရီးမှာ ခေါင်းဆောင်အနေနဲ့ လိုက်သွားပါလား”

သူသည် ရန်ကျောက်ကဲထံသို့ လေးစားမှုများ ပြည့်နှက်နေသည့် မျက်လုံးတစ်စုံဖြင့် မျှော်လင့်တကြီး ကြည့်နေ၏။

သူ့ရှေ့က လူငယ်လေးမှာ တစ်မိုးအောက်တစ်ယောက်ဆိုသကဲ့သို့ ထူးခြားသောပါရမီကို ပိုင်ဆိုင်ထားပြီး ကံကြမ္မာ၏ချီးမြှောက်ခြင်းခံရသော သားတော်တစ်ပါးဖြစ်သည်။ သူသည် သက်တူရွယ်တူများအကြားတွင် လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားကျော်ကြားကာ ဝါဒတောင်ဂိုဏ်း၏ လူငယ်မျိုးဆက်တစ်ခုလုံးက ဂုဏ်ယူရသူ ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ထိပ်သီးဂိုဏ်းများ၏ လူငယ်ပါရမီရှင်များထဲမှ အထူးချွန်ဆုံးပါရမီရှင်များကသာ သူနှင့် နှိုင်းယှဉ်နိုင်သည်။ သူတို့သည် လူထူးလူဆန်းများ၊ငကြောင်များ ဖြစ်ပြီး လူအများစု၏ အထက်တွင် ရပ်တည်ကြကာ လူဟူ၍ပင် ထင်ရက်စရာ မရှိသူများဖြစ်ကြသည်။

လက်ရှိခေတ်တွင် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခွင် ကျော်ကြားသော မင်းသားလေးပါး ရှိလေရာ ရန်ကျောက်ကဲသည်လည်း သူတို့ထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည်။ လူအများက လူငယ်သူရဲကောင်း အဖြစ်သတ်မှတ်ထားကြပြီး သူသာ ငယ်ငယ်ရွယ်ရွယ် မသေခဲ့လျှင် ဤအစွန်းရောက်ရှစ်ပါးကမ္ဘာ၌ ဒဏ္ဏာရီတစ်ပုဒ် ဖန်တီးနိုင်လိမ့်မည်ဟု အခိုင်အမာ ဆိုကြသည်။

“နဂါးချုပ်လှောင်ခြင်းချောက်နက်လား…”

ရန်ကျောက်ကဲ အချိန်အနည်းငယ်မျှ စဉ်းစားပြီးနောက် နေရာမှာတင် လက်ခံလိုက်သည်။

“လက်ရှိမှာတော့ အရေးတကြီး လုပ်စရာ မရှိသေးဘူး၊ ကျွန်တော် ဒီ ခရီးကို လိုက်နိုင်မှာပါ  သိုင်းဦးလေး၊ ဂျူနီယာ ညီလေးတွေ ညီမလေးတွေကိုလည်း စောင့်ရှောက်ပေးပါမယ်”

ရန်ကျောက်ကဲက တစ်ဖက်လူ ပြောချင်သော အဓိပ္ပာယ်ကို နားလည်၏။ နဂါးချုပ်လှောင်ခြင်းချောက်နက်တွင် အခြား ထိပ်သီးဂိုဏ်းများမှ မျိုးဆက်သစ် လူငယ်များလည်း ရောက်နေကြသည်။

အကယ်၍ မျိုးဆက်သစ်လူငယ်များ အချင်းချင်းထိပ်တိုက်တွေ့ကြစဉ် ဂိုဏ်း၏ တပည့်များ ဖိနှိပ်ခံရပါက ဂိုဏ်း၏ နာမည်ဂုဏ်သတင်းကို ထိခိုက်နိုင်သည်။
အခြားတစ်ဖက်တွင် ဂိုဏ်းတူဦးလေးက ဂိုဏ်း၏ လူငယ်များကို ဦးဆောင်၍ သွားခဲ့လျှင် လူငယ်များသည် အနိုင်ကျင့်ခံရမည် မဟုတ်သော်လည်း ဂိုဏ်းမှ လူငယ်မျိုးဆက်များ၏ ဂုဏ်သိက္ခာနှင့် လွှမ်းမိုးမှုကို လျော့ကျစေသည်။

သူကိုယ်တိုင်အရမူ ရန်ကျောက်ကဲသည် ဂိုဏ်းအပြင်သို့ ထွက်ရလျှင် ပျော်သည်ထက်ပင် ပိုပျော်ပေသည်။ တကယ်တော့ သူ့အတွက် ဤကမ္ဘာကြီးတစ်ခုလုံးက အသစ်ချပ်ချွတ်ဖြစ်နေသည်။ ရန်ကျောက်ကဲသည် သူ့ဦးနှောက်ထဲရှိ အတိတ်က ကမ္ဘာနှင့် အပြင်က လက်ရှိကမ္ဘာတို့၏ မှတ်ဉာဏ်များကို ပေါင်းစပ်ချင်သည်။

သူသည် နဂါးပိတ်လှောင်ခြင်းချောက်နက်သို့ မဖြစ်မနေ သွားရန် လိုအပ်သည်။ သူ၏အစီအစဉ်အချို့က ထိုနေရာ၏ ထူးခြားသောပတ်ဝန်းကျင်၌သာ ဖြစ်နိုင်၏။ သူ့လက်ရှိတာဝန်၏ တည်နေရာကား နဂါးချုပ်လှောင်ခြင်းချောက်နက်ဖြစ်လေရာ သူ့အဖို့ ရေကန်အသင့်၊ကြာအသင့်ဖြစ်သွားသည်ဟု ဆိုရပေမည်။

ရန်ကျောက်ကဲက သူ့တောင်းဆိုမှုကို လက်ခံပြီးနောက် သက်လက်ပိုင်း လူကြီးမှာ ပိုမိုရွှင်ပြလာပုံရသည်။

“ဒီခရီးမှာ၊ တူလေးရန်က လူငယ်မျိုးဆက်တစ်ခုလုံးရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ သူတို့ မင်းဆီကနေ အများကြီး သင်ယူနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်ကွာ”

သက်လတ်ပိုင်းလူကြီး ထွက်သွားပြီးနောက် ကိုယ်ရံတော် လူထွားကြီးက သူ့စကားကို ဆက်လိုက်သည်။ “မင်းသား၊ ခုနတုန်းက …မိန်းကလေးလင်း အချိန်ထပ်တိုးပြီး တံခါးပိတ်ကျင့်ကြံတဲ့အကြောင်းကို ဒီကိုယ်ရံတော်’အန်း’က ပြောမလို့၊ သူမက သတ်မှတ်ရက်အတိုင်း ထွက်လာနိုင်မှာ မဟုတ်တော့ဘူး “

သူ့အမြင်အရ ဤအကြောင်းကို ကြားသည်နှင့် မင်းသားသည် နောင်တရစွာဖြင့် မကျေမနပ် တုန့်ပြန်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော် ရန်ကျောက်ကဲသည် ထိုစကားကြားသည်နှင့် သူ့အား မျက်လုံးလှန်ကြည့်လိုက်သည်။

ဤကိစ္စကား သူ့ခန္ဓာကိုယ်၏ မူလပိုင်ရှင်ထားခဲ့သော ဦးနှောက်ခြောက်ဖွယ် အရှုပ်ထုပ်ဖြစ်သည်။

ပြီးခဲ့သော ဂိုဏ်းပြင်ပ ခရီးစဉ်အတွင်း ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် မိန်းကလေးတစ်ယောက်နှင့် တွေ့ဆုံခဲ့၏။

ထိုမိန်းကလေးမှာ မူလက ငယ်ချစ်ဦး တစ်ယောက် ရှိခဲ့သည်။ သို့သော် အဘက်ဘက်က ပြီးပြည့်စုံသည့် ရန်ကျောက်ကဲခန္ဓာကိုယ်၏မူလပိုင်ရှင်နှင့် တွေ့ဆုံပြီးနောက် သူမ စိတ်ပြောင်းသွားခဲ့သည်။ ပိုမိုတောက်ပသော အနာဂါတ်ရရှိရန်အတွက် သူမသည် ငယ်ချစ်ဦးကို ထားခဲ့လေသည်။

ရန်ကျောက်ကဲခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ထိုမိန်းကလေးအား မပိုးပမ်းခဲ့သော်လည်း သူ့ရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာသည့် မိန်းမလှလေးကို မငြင်းပယ်ခဲ့ပေ။

ဤဖြစ်ရပ်ကြောင့် ထိုမိန်းကလေး၏ရည်းစားဟောင်းလူငယ်လေးက သူ့အပေါ် အတော်မုန်းတီးခဲ့သည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်နှင့် ထိုလူငယ်တို့အကြား အခြေအနေ ကွာခြားမှုက ကြီးမားလွန်းသည်။ သူသည် ထိုလူငယ်အား မနှိပ်ကွပ်၊ ရည်ရွယ်ချက်ချက်ရှိရှိ ဒုက္ခမပေးခဲ့သော်လည်း ထိုလူငယ်၏မုန်းတီးမှုကို အထင်သေးမှုဖြင့်သာ သဘောထားခဲ့သည်။

မိန်းကလေး၏ သိုင်းပါရမီက တကယ်ပင် ထူးခြားလှသည်။  ယခင်က သူမသည် ကမ္ဘာကြီး၏ ဒေါင့်တစ်နေရာက ဖုန်တက်နေသည့် ပုလဲတစ်လုံးနှင့် ဆင်တူသည်။ သို့သော် သူမသည် ဤခန္ဓာကိုယ်၏မူလပိုင်ရှင် နောက် လိုက်ပြီး ဒေသနာတောင်တွင် တပည့်ဖြစ်လာသည်နှင့် သူမ၏ ကျင့်ကြံခြင်းက တဟုန်ထိုး တိုးတက်လာသည်။

သူမသည် ဝါဒတောင်တွင် တပည့်ဖြစ်၍ အချိန်အနည်းငယ်ကြာပြီးနောက် တံခါးပိတ်ကျင့်ကြံလေ၏။ ထိုအချိန်တွင် ရန်ကျောက်ကဲသည် ဤခန္ဓာကိုယ်တွင် ဒုတိယအကြိမ်မြောက် ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်။

ထိုမိန်းကလေးကား မည်သူမျှ မငြင်းဆိုနိုင်လောက်သော ထိပ်တန်းအလှပိုင်ရှင်တစ်ယောက်ဆိုတာ ဝန်ခံရမည်ဖြစ်သည်။

သူမသည် မင်းသားများကပင် လိုချင်တပ်မက်နိုင်သည့် လှပ၍ ကျက်သရေရှိသော မိန်းမပျိုလေးဖြစ်သည်။ သို့သော် လက်ရှိ ရန်ကျောက်ကဲအတွက်မူ သူမက ထိုမျှသာဖြစ်၏။ သူမ၏ပုံရိပ်လေးက နှလုံးသားအား နွေးထွေး၍ စိတ်ကျေနပ်စရာကောင်းသော်လည်း သူ့တွင် သူမအပေါ်  အခြား ခံစားမှုမျိုး မရှိပါ။

ပထမအကြိမ် ပြန်လည်မွေးဖွားခဲ့စဉ်က ကမ္ဘာဖျက်ကပ်ဘေးကြီးနှင့်အတူ ကောင်းကင်နန်းတော်ကြီး ဖျက်စီးခံရသည့် မြင်ကွင်းက သူ့စိတ်ထဲတွင် တစ်သက်လုံး စွဲထင်နေ၏။

အတိုင်းအစမရှိအောင် ကြီးမားသော ကောင်းကင်နန်းတော်ကြီးပင် ဖျက်စီးခံရရလျှင် ဤကောင်းကင်နှင့် မြေကြီးကြား၌ မည်သူက ဘေးကင်းကင်း၊ လုံလုံခြုံခြုံနှင့်ထာဝရ တည်ရှိနေနိုင်မည်နည်း။

ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက် အချို့လူများသည် စိတ်ပျက်အားငယ်လာကြသည်။ အသက်ရှင်စဉ်ခဏ၌ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး ဘဝကို ခံစားနေခြင်းမှာ လူတို့ တတ်နိုင်သော အရာဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ၏ရွေးချယ်မှုက ထူးခြားသည်။ ကြိုးစားလေ့ကျင့်ပြီး မိမိကိုယ်ကိုယ် သန်မာဖို့ကိုသာ သူ ရွေးချယ်သည်။

သူ့အဖေက သောက်ကျိုးနည်းလောက်အောင် အလိုလိုက်၏။ သူ့နောက်ခံက အလွန်ကြီးမား၏။ သူကိုယ်တိုင်ကလည်း ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်သည့်အပြင် သူ့တွင် မရေမတွက်နိုင်လောက်အောင် များပြားလှသော လက်အောက်ငယ်သားများရှိသော်လည်း ရန်ကျောက်ကဲသည် အတိုအစပင် မချန်ဘဲ ရနိုင်သမျှ အရင်းအမြစ်များကို စိတ်အားထက်သန်စွာ စုဆောင်းဆဲဖြစ်သည်။ ထိုအရင်းအမြစ်များအားလုံးကို အလေအလွင့်မရှိဘဲ သူ့ကိုယ်သူ သန်မာရန်အတွက်သာ အသုံးချခဲ့၏။

သူသည် စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ အချိန်တိုင်းနီးပါးကို အကျိုးရှိအောင် အသုံးချခဲ့သည်။

ဤအရာကား သူ၏ ပင်ကိုအသိဖြစ်လာပြီးဖြစ်၏။

ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာပြီးနောက် ရန်ကျောက်ကဲသည် သူ၏ ဘဝအသစ်အကြောင်း၊ ပတ်ဝန်းကျင်အသစ်အကြောင်းကို ပိုမိုသဘောပေါက်နားလည်လာခဲ့သည်။ နေ့စဉ်နှင့်အမျှ သူ့ပတ်ဝန်းကျင်ရှိ လူများ၊ အရာ၀တ္တုများနှင့် သူ ပိုမိုအသားကျလာခဲ့သည်။ သို့သော်လည်း မပြောင်းလဲနိုင်သော အရာတချို့ ရှိသေး၏။

သူ့အတွက် အရေးကြီးဆုံးအရာမှာ သူ၏အကောင်းဆုံးသော ဘဝနှင့် အခြေအနေများကို မဖြုံးတီးဘဲ ပြင်းပြင်းထန်ထန် ကျင့်ကြံရန်ဖြစ်သည်။

သိုင်းပညာကသာ အရာရာကို အုပ်စိုးသော ဤကမ္ဘာကြီးတွင် လူတစ်ယောက်၏ခွန်အားက  တစ်ကမ္ဘာလုံး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ခွန်အားရှိသူကသာ လေးစားခံရ၏။ အနိုင်ရသူများကသာ သမိုင်းကိုရေးထိုး၏။

သို့ရာတွင် ကိစ္စများက ထင်သလောက် မရိုးရှင်းနေသည်ကို ရန်ကျောက်ကဲ သတိထားမိနေသည်။

ထိုအချိန်မှာပင် လူထွားကြီးက “မင်းသား… မိန်းကလေးလင်းရဲ့ ကိစ္စကလွဲရင် အန်းက ရီကျင်းရဲ့အကြောင်းကိုလည်း စုံစမ်းခဲ့ပါတယ်”

“လက်ရှိ ၁၆နှစ်အရွယ်၊ အရှေ့တန် နိုင်ငံမှာ မွေးတယ်၊ သူ သုံးနှစ်အရွယ်ထဲက သူ့မိဘတွေ ကွယ်လွန်သွားတဲ့အတွက် ဆွေမျိုးတွေဆီမှာ ကပ်နေရတယ်။ အမျိုးတွေရဲ့  အောက်မှာ ကြီးပြင်းလာတဲ့အတွက် သူဟာ အနိုင်ကျင့်ခံရတယ်”
“သူက ဘာမှထူးခြားမှုမရှိတဲ့ သာမာန်ကလေးတစ်ယောက်လိုပဲ။ သူ့သိုင်းပါရမီကလည်း သာမာန်ပဲ။ မိန်းကလေးလင်းနဲ့ အတူတူကြီးပြင်းလာတာကလွဲရင် ဘာမှ ထူးထူးခြားခြားပြောစရာမရှိဘူး”

“ဒါပေမယ့် အရှင်နဲ့ မိန်းကလေးလင်း ထွက်သွားပြီးတဲ့နောက် သူက အကြီးအကျယ်ပြောင်းလဲသွားတယ်၊ သူ့ကျင့်ကြံမှုက ခုန်ပျံကျော်လွှား တိုးတက်လာသလို သူ့အပြုအမူတွေကလည်း တစ်ဆစ်ချိုး ပြောင်းလဲသွားတယ်၊ ပထမ  ကလန်ထဲမှာ သူ့ရပ်တည်မှုကို ခိုင်မာအောင်လုပ်တယ်။ ပြီးတော့ သူ့ကလန် အင်အားကြီးမားလာအောင်ကူညီပြီးတော့ သူတို့မြို့က ပြိုင်ဘက်ကလန်တွေကို ဖိနှိပ်တယ်”

“အိမ်က ထွက်လာတယ်။ အရှေ့တန်နိုင်ငံ မြို့တော်ကို ရောက်လာပြီးတော့ အဲ့က လူငယ်တွေကြားမှာ နံပါတ်တစ် ပါရမီရှင်အဖြစ် ထင်ရှားကျော်ကြားလာတယ်၊ အဲ့တာကြောင့် သူက ဝါဒတောင်ဂိုဏ်းရဲ့ တပည့်ရွေးချယ်မှုစစ်ဆေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာပဲ”

“သူ စစ်ဆေးမှုကို ကျော်ဖြတ်ပြီး ဝါဒတောင်ဂိုဏ်းမှာ တပည့်ဖြစ်လာထဲက သူ့ရဲ့တိုးတက်မှုက မိန်းကလေးလင်းထက်တောင် အများကြီး ပိုမြန်နေတယ်၊ သူ လုပ်သွားတဲ့အရာတွေအကုန်လုံးက တကယ့် အံ့ချီးစရာတွေချည်းပဲ”

“တပည့်အသစ်တွေထဲမှာလည်း သူ အတော်ဆုံးပဲ။ သိပ်မကြာသေးခင်က ဂိုဏ်းရဲ့လူငယ်ပြိုင်ပွဲမှာတောင် သူ ပထမရခဲ့သေးတယ်” လူထွားကြီးက သူ၏တင်ပြမှုကို အဆုံးသတ်လိုက်ရင်း ခပ်ပေါ့ပေါ့ ရယ်မောလိုက်သည်။ “ဒါပေမယ့် မင်းသားနဲ့ဆို၊ သူက ယှဉ်ဖို့တောင် အရည်အချင်းမမှီဘူး”

ရန်ကျောက်ကဲ၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။ သူ့စိတ်ထဲက အတွေးသည်ကား “ဒါသာ တကယ်ဆို မယုံနိုင်စရာပဲ” ဟူ၍ ဖြစ်သည်။

မတတ်နိုင်ပါ။ ဘယ်ရှု့ထောင့်ကကြည့်ကြည့် ဘယ်လိုနေရာပဲကြည့်ကြည့် ထိုကောင်က ဇာတ်လိုက်ပုံစံနှင့် တူနေသည်။
ပြဿနာက ဤတွင်ပင်။

ဇာတ်လိုက်’ရီကျင်း’ ရုတ်တရက် အစွမ်းကြီးလာသည့် ခရီးတွင် သူက မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သနည်း။

“တွေးကြည့်တာပေါ့၊ ဂိုဏ်းက နံပါတ်(၁) ပါရမီရှင်၊ ကျိကျိတက်ချမ်းသာတဲ့ သခင်လေး၊ အစွမ်းကလည်း မဆိုးဘူး၊ ငါ့အတွက်ဆို အသကုန် အလိုလိုက်ပြီး အာဏာကိုတောင်အလွဲသုံးစားလုပ်မယ့် အဖေလဲ ရှိတယ်၊ နောက်ခံအင်အားလည်း အရမ်းကြီးမားတယ်၊ ပြီးတော့ အရေးကြီးဆုံးက ငါ သူ့ကောင်မလေးကို လုယူခဲ့တာပဲ”

“ငါ့ခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က အဲ့ဒီ့လင်မျိုးရိုး မိန်းကလေးရဲ့ ပန်းလေးကို ခူးပြီးတဲ့ပုံပဲ”

“ကောင်းပြီ…. ၊ ငါ့အသားအရေက အတော် နူးညံ့တယ်၊ ရုပ်ရည်သွင်ပြင်အရလည်း အရမ်းချောမောတယ်လို့ ဆိုရမှာပဲ၊ ငါ့ကို မုန်းတီးနေတဲ့ကောင်အဖို့ ဒီလိုမျက်နှာကို ဖြတ်ရိုက်လိုက်၊ တက်နင်းလိုက်လုပ်ကရင် အတော်ကျေနပ်စရာကောင်းမှာပဲ၊ ဒီလိုမျက်နှာ တက်နင်းခံလိုက်ရရင် ဂိုဏ်းထဲမှာ တော်တော် အုတ်အုတ်ကျက်ကျက် ဖြစ်သွားလိမ့်မယ်”

“အဲ့မှာ ငါ့အဖေပါ ဝင်ပါလာပြီး ငါ့အတွက် လက်စားချေဖို့ ကြိုးစားမယ်၊  ငါ့လိုပဲ ဇာတ်လိုက်ကောင် နင်းတက်မယ့် ခြေနင်းတုံး တစ်တုံး ဖြစ်သွားမှာပဲ၊ တစ်ယောက်အရိုက်ခံရပြီးရင် တစ်မိသားစုလုံးပါ ဆက်ပါလာမယ်၊ အဲ့လိုနဲ့ ဇာတ်လိုက်ကောင် အစွမ်းကြီးလာပြီး အထက်ကို တက်မယ့် ဒဏ္ဏာရီခရီးလမ်းမှာ ငါတို့ တစ်မိသားစုလုံး နှိပ်ကွပ်ခံရမှာပဲ”

ရန်ကျောက်ကဲ၏မျက်နှာ ရှုံ့မဲ့သွားသည်။

ဤဇာတ်ညွှန်း မှားနေလေပြီ။


Comment

Leave a Reply

Options

not work with dark mode
Reset