Switch Mode

အပိုင်း (၁၇၄၂)

အသက်သွင်းခြင်း

လူငယ်၏အနီးတွင် ကြောက်မက်ဖွယ် ဝဲဂယ်ကြီးတစ်ခု ဖြစ်လာသည်။ ဖျက်ဆီးခြင်းစွမ်းအားများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာ၏။

ရှန်လော့ရွှီနှင့် ဟွားကျန့်ချန်တို့ ထိုမြင်ကွင်းကိုတွေ့လျှင် နှစ်ယောက်လုံးက ရီဖူရှင်းတို့အရှေ့ကို တက်လိုက်ကြသည်။ ရှန်လော့ရွှီက ကြောက်မက်ဖွယ် နတ်ရောင်စဉ်တစ်ခုကို ထုတ်လွှတ်လိုက်၏။

“သတိထား… သူက ရှေးဟောင်းကျင့်ကြံသူတစ်ဦးဖြစ်ဖို့များတယ်…” ဟွားကျန့်ချန်က တီးတိုးပြောသည်။

ထိုမိစ္ဆာလူငယ်သည် ငယ်ရွယ်ပုံရနေသော်လည်း သူသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာသော ရှေးဟောင်းမိစ္ဆာတစ်ဦး ဖြစ်နိုင်၏။ တစ်ဘက်လူထံမှ သူတို့သည် အလွန်အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ရနေကြသည်။

ဝုန်း…

မရေမတွက်နိုင်သော ဖျက်ဆီးခြင်းအားစီးကြောင်းများ သူတို့အနီးကို တိုးဝင်လာကြသည်။ ထိုစွမ်းအားများက လေထုကို မြစ်ရေများဖုံးလွှမ်းလာသော အားကောင်းစွာ ဖြတ်သန်းတိုက်ခတ်လာ၏။

တစ်လောကလုံးမှာ ထိုစွမ်းအားများဖြင့် ဖုံးအုပ်လာဟန်ရသည်။

မိစ္ဆာလူငယ်က သူ၏လက်ချောင်းကို ရီဖူရှင်းတို့အုပ်စုထံသို့ ညွှန်လိုက်သည်။ အဆုံးမဲ့သော အမှောင်စွမ်းအားသည် ချက်ချင်းပင် သူတို့အရပ်ထံသို့ တိုးဝင်လာ၏။ ရီဖူရှင်းတို့အနီးမှ တခြားအင်အားစုများမှာ လွတ်ရာသို့ ရှောင်ပြေးကြရကာ အနီးတွင် မနေရဲကြတော့ပေ။ ဖျက်ဆီးအားကား ကြောက်မက်ဖွယ်ကောင်းလှသည်။

တချိန်တည်းတွင် ရှန်လော့ရွှီသည် ရှေ့ကိုတက်သွား၏။ သူမကို ဗဟိုပြုကာ ပြင်းထန်သော ရောင်စဉ်တစ်ခု ဖြာထွက်လာ၏။ ရောင်စဉ်စက်ဝန်းသည် ကောင်းကင်သို့အထိ ဖြန့်ကျက်သွားသည်။ ၎င်းက အရာအားလုံးကို ဖျက်ဆီးနိုင်သည်။ ဆက်တိုက်ပင် သူမကို ဗဟိုပြုကာ အာကာသမုန်တိုင်းသည် ပိတ်ဆို့သွားပြီး နတ်နံရံတစ်ခုအသွင်သို့ ပြောင်းသွားသည်။ ထိုအရာသည် အာကာသစွမ်းအားဖြင့် လေဟာနယ်ကို ပိတ်လှောင်နိုင်၏။

မိစ္ဆာလူငယ်၏မျက်လုံးများက အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်သည် လေထဲကို ပျံတက်လာပြီး လက်နှစ်ဘက်ကို ဝှေ့ယမ်းလိုက်လျှင် အဆုံးမဲ့သော လျှပ်စီးတန်းများသည် ကောင်းကင်ထက်မှ ကျဆင်းလာတော့သည်။

သူက ရှေ့ကိုတက်သွားလျှင် သူ၏ဖြစ်တည်မှုတစ်ခုလုံးသည် မဟူရာလျှပ်စီးများဖြင့် ရစ်ပတ်သွား၏။ အနက်ရောင်လျှပ်စီးများသည် ငရဲချောက်နက်မှ ဖြစ်တည်လာသည်ဟု ထင်မှတ်ရသည်။

ဘန်း… ဘန်း… ဘန်း…

အဝေးတွင် ရွှယ်ယူမြို့မှ ရန်ဟောင်တချို့သည် လျှပ်စီးတန်းများဖြင့် သူတို့၏ခန္ဓာကိုယ်ကို တိုက်ရိုက်ဖောက်ထွင်းခံရ၏။ သူတို့မှာ ချက်ချင်း သွေးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး အကြွင်းအကျန်မျှပင် မကျန်ရစ်ခဲ့။ သူတို့မှာ အလွန်ဆိုးဝါးစွာ သေဆုံးသွားကြရသည်။

ထိုမြင်ကွင်းကိုတွေ့ကာ အဝေးမှ လူများသည် ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။ တိုက်ပွဲနေရာကို လှမ်းကြည့်လျှင် တစ်နေရာလုံးသည် အနက်ရောင်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ ငရဲတံခါးပျက်စီးခြင်း၌ လက်ကျန်မဟာလမ်းစဉ်စွမ်းအားများအားလုံးမှာ လူငယ်၏အသုံးပြုခြင်းကို ခံနေရဟန်တူသည်။ သည်နေရာတစ်ခုလုံးမှ စွမ်းအားများမှာ လူငယ်အတွက် စွမ်းအားအရင်းအမြစ်ဖြစ်နေသည်။

ထိုမြင်ကွင်းကား ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုမြင်ကွင်းက တကယ့်ငရဲအလား ထင်မှတ်ရ၏။

အနက်ရောင်လျှပ်စီးတန်းများသည် ကောင်းကင်ကို ဖုံးလွှမ်းကာ နေမင်းကိုပင် ပိတ်ဆို့ထားပြီဖြစ်သည်။ လျှပ်စီးတန်းများ ဆင်းသက်လာသောအခါ တစ်လောကလုံမှာ ပျက်စီးသွားတော့ရတော့မည်မုချပင်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များ၏အမူအရာမှာ အလွန်လေးနက်နေကြသည်။

ဟွားကျန့်ချန်သည်ပင် ထိုလူငယ်ထံမှ ကြီးမားသော အန္တရာယ်အငွေ့အသက်များကို ခံစားနေရ၏။

အလွန်စွမ်းအားကြီးလှသည်။

“ဂျူနီယာတွေကို ကာကွယ်… ငါသူ့ကို မျှားခေါ်သွားမယ်…” ရှန်လော့ရွှီက ပြောသည်။ သူမ၏မျက်လုံးများက တည်ကြည်ပြတ်သားမှုကို ပြသနေသည်။

“ကောင်းပြီ…” တခြားလူများက ခေါင်းညိတ်ကြသည်။

ရှန်လော့ရွှီက ကောင်းကင်ကို တစ်ယောက်တည်း ပျံတက်သွားသည်။ အာကာသစွမ်းအားသည် လောဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထိုနတ်စက်ဝန်းအာကာသစွမ်းအားကို ထုတ်လွှတ်လိုက်သည်တွင် မုန်တိုင်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ဝုန်း…

လူငယ်၏စိတ်အသိက အာရုံပြောင်းသွားကာ မဟာလမ်းစဉ်၏ဖျက်ဆီးခြင်းစွမ်းအားသည် ကောင်းကင်မှနေ၍ ကျဆင်းလာခဲ့သည်။ လျှပ်စီးတန်းများသည် တစ်လောကလုံးကို ဖျက်ဆီးတော့မည့်ဟန်ရှိသည်။

ထိုစွမ်းအားပေါက်ကွဲထွက်လာသည်နှင့်အတူ အာကာသစက်ဝန်းသည်လည်း အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။ အာကာသအလင်းတန်းသည် လေဟာနယ်ကို ခွင်းသွား၏။ ရှန်လော့ရွှီ၏အလင်းစက်ဝန်းသည် ကောင်းကင်ကို ထက်ခြမ်းကွဲသွားစေခဲ့သည်။ အနက်ရောင်လျှပ်စီးတန်းများနှင့် ရွှေရောင်နတ်အလင်းတို့ လေထဲတွင် တွေ့ဆုံကြသည်။ ထိုအခိုက်တွင် အဆုံးအစမဲ့သော အာကာသအလင်းများသည် အကာသလမ်းကြောင်းကို ဖြစ်ပေါ်စေ၏။

ဖျက်ဆီးခြင်းစွမ်းအား၏အောက်တွင် မိစ္ဆာလူငယ်နှင့် ရှန်လော့ရွှီတို့သည် မူလနေရာမှ ပျောက်ကွယ်သွားကြ၏။

လူအများအပြားက လေထဲကို လှမ်းကြည့်ကြသည်။ သူတို့နှစ်ဦးပျောက်ကွယ်သွားသည့်တိုင် အနက်ရောင်လျှပ်စီးများနှင့် အာကာသအလင်းစွမ်းအားတို့မှာ အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်နေကြဆဲဖြစ်သည်။

သူတို့နှစ်ဦးပျောက်ကွယ်သွားသည်နှင့် ရွှယ်ယူခေါင်းဆောင်နှင့် သူ့လူများသည် ရီဖူရှင်းတို့ထံကို တဖန် ပြေးဝင်လာကြသည်။

နောက်ဆုံးတစ်ကြိမ်က တခြားသောအင်အားစုများသည်လည်း ရှိနေကာ သူတို့ကို တိုက်ခိုက်ရန် အခြေအနေ ရှိနေသည်။ ထို့ကြောင့် ရွှယ်ယူခေါင်းဆောင်နှင့်သူ့လူများသည် နောက်ဆုတ်ရန်သာ တတ်နိုင်သည်။

သို့သော်လည်း ငရဲခန်းစစ်မြေပြင်တွင် မည်သူမှ ရီဖူရှင်းတို့အုပ်စုကို ကူညီကြမည် မဟုတ်ပေ။

ထင်မှတ်ထားသည့်အတိုင်း တခြားသောအင်အားစုများသည်လည်း ခေါင်းဆောင်ရွှယ်ယူနှင့်သူ့လူများ ငရဲတံခါးနှင့် ဆက်စပ်နေမည်ကို သိထားကြပေသည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် ထိုအင်အားစုများက ဝင်ရောက်မစွက်ဖက်ကြတော့။ သူတို့က ဘေးမှအသာစောင့်ကြည့်ကာ ရတနာများကို လုယက်ရန်သာ မျှော်မှန်းကြသည်။

မဟာဗုဒ္ဓ၏ရုပ်တု၊ ငရဲမင်းရုပ်တု၊ ငရဲနန်းတော်နှင့် ငရဲတံခါး…။

ဤသို့သော ပရမ်းပတာအခြေအနေတွင် မည်သူက ရီဖူရှင်းတို့အုပ်စုကို အရေးလုပ်ကူညီမည်နည်း။

ရီဖူရှင်းက ရုပ်တုနှစ်ခုရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများက ညိုမှိုင်းသွား၏။

ထိုရုပ်တုနှစ်ခုမှာ တစ်ချိန်တစ်ခါက ကြောက်မက်ဖွယ်ရာ ပြိုင်စံရှားပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့သည် စစ်မြေပြင်တွင် ကျဆုံးသွားပြီးဖြစ်သည့်တိုင် သူတို့၏စွမ်းအားများက ယခုထက်ထိ ကျန်ရစ်သေးသည်။ သူတို့၏တစိတ်တပိုင်းမျှသော စွမ်းအားကို အသက်သွင်းနိုင်လျှပင် အလွန်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ဗုဒ္ဓရုပ်တုပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။ ပုံရိပ်ကား ရီဖူရှင်းဖြစ်၏။ ထိုမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။

ရီဖူရှင်းသည် ဗုဒ္ဓကျင့်ကြံသူမဟုတ်ပေ။ သူက အဘယ်ကြောင့် ရှေးဟောင်းဗုဒ္ဓနှင့် ဆက်သွယ်နိုင်သနည်း။

ရီဖူရှင်းသည် ထိုနေရာတွင်ရပ်ကာ ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ အာရုံခံနေသည်။ လက်ရှိတွင် သူ့ထံမှ ဗုဒ္ဓအလင်းများ ဖြန့်ကျက်ထွက်ပေါ်နေ၏။ ထိုသည်မှာ သူက ရှေးဟောင်းမြင်ကွင်းတစ်ခု၊ ထိပ်သီးပုဂ္ဂိုလ်နှစ်ဦးတိုက်ခိုက်နေသည်ကို ကြည့်နေသည့်အလား။

ရုတ်တရက် ဗုဒ္ဓရုပ်တုတစ်ခု လင်းလက်လာသည်။ ထိုရုပ်တုသည် ကောင်းကင်ထက်တွင်ပေါ်လာပြီးတွင် နောက်ထပ်ရုပ်တုတစ်ခု ထပ်ပေါ်လာပြန်၏။

မဟာဗုဒ္ဓ၏အပေါ်တွင် ဗုဒ္ဓပုံရိပ်များ ပေါ်လာကာ စေတီပေါ်မှ ဗုဒ္ဓရုပ်တုနှင့် အစွမ်းချင်းဆက်သွယ်သည်။

စေတီပေါ်တွင် ဗုဒ္ဓအလင်းသည် အရပ်မျက်နှာအစုံ လင်းလက်နေသည်။ ဗုဒ္ဓရုပ်တုများအားလုံး မြောက်တက်လာ၏။ များစွာသော ရုပ်တုများ အသက်ဝင်လာသည်နှင့်တူ၏။ ဗုဒ္ဓအသိသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ ထိုအဖြစ်က စေတီအနီးသို့ ကပ်လာသူများအာလုံးကို နောက်သို့ လွင့်စင်စေ၏။

ဘာဖြစ်နေသနည်း။

လူအများအပြားက ထူးဆန်းစွာ ကြည့်ကြသည်။

ဗုဒ္ဓအသိကို အမှန်တကယ် အသက်ဝင်စေသူက ရီဖူရှင်းတဲ့လား…။

“ဆရာကွေ့ကျန်း…ကျုပ်ကို ကောင်းချီးပေးပါ…” ရီဖူရှင်းက အော်ဟစ်လိုက်သည်။ ဆရာကွေ့ကျန်းကလည်း ဗုဒ္ဓအသိကို အသက်သွင်းလိုက်၏။ ဗုဒ္ဓမီးအိမ်သည် ပိုမို၍ တောက်ပလာခဲ့သည်။

ရီဖူရှင်း၏တောင်းဆိုမှုကိုကြားလျှင် ကိုယ်တော်ကွေ့ကျန်းက လက်အုပ်မိုးလိုက်သည်။ ဗုဒ္ဓအလင်းများ ရီဖူရှင်းပေါ်သို့ ကျဆင်းလာခဲ့သည်။ ကိုယ်တော်ကွေ့ကျန်း၏အထောက်အပံ့ဖြင့် ရီဖူရှင်း၏စွမ်းအားသည် ပိုမိုအားကောင်းလာပြန်သည်။

ဝုန်း…

ပိုမိုပြင်းထန်သောအသံတစ်ခုကို ကြားကြရသည်။ ပိုမိုများပြားသော ဗုဒ္ဓရုပ်တုများ လေထဲတွင်ပေါ်လာသည်။ အားလုံးသော ဗုဒ္ဓများသည် သူတို့၏ပင်မရင်းမြစ်သို့ ပြန်လာကြဟန်တူသည်။

ဆရာတော်ပုတောက်က ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်သည်။

စေတီတော်မှ အလင်းသည် အမြင့်ဆုံးသော လင်းလက်နေခဲ့သည်။ ကောင်းကင်တွင် အားလုံးသော ဗုဒ္ဓရုပ်တုများ ပေါ်လာ၏။

ရီဖူရှင်းက မျက်လုံကို တင်းတင်းမှိတ်ထားသည်။ ဤက သူ၏ကိုယ်ပိုင်စွမ်းအားမဟုတ်ပေ။ စွမ်းအားကို မဟာဗုဒ္ဓပိုင်သည်။ မဟာဗုဒ္ဓသည် သေဆုံးသွားသည်မှာ နှစ်ကာလကြာညောင်းခဲ့ပြီဖြစ်သော်လည်း သူ၏စွမ်းအားများက မပျက်ပြယ်သေးပေ။ သူ၏စိတ်အသိသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံထား၏။

ထိုမျှသာမဟုတ် ငရဲမင်း၏စိတ်အသိသည်လည်း ကျန်ရစ်နေသေးသည်။

ထို့ကြောင့် ကျင့်ကြံသူများသည် ထိုအစွမ်းများကို ငှားယူသုံးစွဲနိုင်၏။

အားလုံးက ဗုဒ္ဓအရှင်၏စိတ်အသိနှင့် ငရဲမင်း၏စိတ်အသိကို ခံစားမိကြသည်။ သူတို့နှစ်ယောက်၏စွမ်းအားကား အဖြူနှင့်အမဲကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်သည်။

ရီဖူရှင်းသည် မဟာဗုဒ္ဓ၏စိတ်အသိမှတဆင့် ကောင်းကင်တွင် နတ်ဘုရားများနှင့် ရဟန်းများကို မြင်တွေ့ရသည်။

သူတို့သည် ငရဲခန်းစစ်မြေပြင်တွင်ဖြစ်သော်လည်း ဗုဒ္ဓရဟန်းများထွက်ပေါ်လာခြင်းက တဖြေးဖြေး ထိုဖျက်ဆီးအားများကို ဖိနှိပ်လာနိုင်၏။ ဗုဒ္ဓများအားလုံး ထွက်ပေါ်ခြင်းမှာ သံသယဖြစ်စရာမလိုအောင် မူလရင်းမြစ်သို့ ပြန်သွားခြင်း ပညာရပ်ဖြစ်ပေသည်။

ဝုန်း…

ကျယ်လောင်သံတစ်ခုကို ကြားကြရသည်။ ဧရာမဗုဒ္ဓရုပ်တုတစ်ခု စတင်ရွေ့လျားလာသည်။ မီတာထောင်ပေါင်းများစွာ မြင့်မားသော ထိုရုပ်တုသည် သူ၏လက်ကို ဖြေးညင်းစွာ မြှောက်သည်။ သူ့လက်မှ ဖုန်များသည် တလွင့်လွင့် ကွာကျနေ၏။ ထို့နောက်တွင် လက်သည် ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး တကိုယ်လုံးမှာလည်း စူးရှလင်းလက်လာခဲ့၏။

လက်သည် ကောင်းကင်ထက်ကို ဖြေးညင်းစွာ မြှောက်၏။ ဗုဒ္ဓအလင်းများ ဖြာထွက်လာကာ စွမ်းအားသည် လက်နှင့်ပေါင်းစပ်သွားသည်။ စေတီမှလည်း အဆုံးမဲ့သော အလင်းများထုတ်လွှတ်ရာ စွမ်းအားနှစ်ခုသည် အချင်းချင်းပနံသင့်၏။

ဒါ…

မည်သည့်အင်အားစုက ကျင့်ကြံသူဖြစ်စေ၊ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ကြရ၏။

ဤကား မဟာဗုဒ္ဓ၏စွမ်းအားကြီးတိုက်ကွက်ဖြစ်သော ဗုဒ္ဓလက်ချောင်းတိုက်ကွက်ဖြစ်သည်။ ထိုတိုက်ကွက်သည် အတိတ်တုန်းက တစ်လောကလုံးကို တုန်လှုပ်စေခဲ့ဖူးသည်။

ဗုဒ္ဓလက်ချောင်းပေါ်လာလျှင် ထိုအရာသည် လောကမှ အမှောင်များအားလုံးကို ဖျက်ဆီးနိုင်၏။

ယခုတွင် ထိုပညာရပ်သည် ပြန်လည်၍ လူတိုင်း၏ရှေ့သို့ ရောက်လာ၏။

ထို့အပြင် ထိုလက်ချောင်းကို ထုတ်ဖော်သူမှာ ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ မဟုတ်ဘဲ ရီဖူရှင်းဖြစ်နေသည်။

ထိုအခိုက်တွင် များစွာသော ကျင့်ကြံသူများက နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် ရီဖူရှင်း၏ပြောစကားကို အမှတ်ရမိကြသည်။ သူသည် မဟာအင်ပါယာ၏သင်ကြားမှုကို ရရှိခဲ့ကာ နတ်ဘုရားတို့၏ကောင်းချီးပေးခံရသည်ဟု ဆိုသည်။

“ငရဲတံခါးက ဘုံကိုးခုကို ပရမ်းပတာဖြစ်စေတယ်။ ခင်ဗျားတို့အားလုံး ဒီမကောင်းမှုမှာ ပါဝင်ကြတော့မလို့လား” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည် “အားလုံး ကျေးဇူးပြုလို့ နောက်ဆုတ်ပါ…”

သူက ထိုသို့ပြောပြီးသည်နှင့် အားကောင်းသော ပေါက်ကွဲသံတစ်ခုကို ကြားရသည်။ ဗုဒ္ဓရဟန်းများအားလုံးက သင်္ကေများကို ထုတ်လွှတ်ကာ ငရဲမင်းထံသို့ ရိုက်ထုတ်လိုက်သည်။ နတ်ဘုရားများအားလုံးက ကောင်းကင်ထက်တွင်ရပ်ကာ သူတို့၏အစွမ်းအထက်ဆုံးသော တိုက်ကွက်များကို ထုတ်သုံးကြ၏။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးသည် ထိုတိုက်ခိုက်မှုများကြောင့် သိမ့်သိမ့်တုန်နေ၏။

ကျင့်ကြံသူများ အသက်သွင်းထားသော မိစ္ဆာပုံရိပ်များအားလုံးမှာ ဗုဒ္ဓအလင်းများအောက်၌ တိုက်ရိုက်ပျက်စီးကြသည်။ အချို့သော ပုံရိပ်များဆိုလျှင် အစအနမျှမကျန်အာင် ဖျက်ဆီးခံရ၏။

မရေမတွက်နိုင်သော တန်ခိုးရှင်များ ကြောက်လန့်တကြား နောက်ဆုတ်ကြသည်။ ဗုဒ္ဓသင်္ကေတများစွာတို့၏တိုက်ခိုက်မှုအောက်တွင် ငရဲမင်းသည် ပြင်းထန်စွာ လှုပ်ယမ်းနေ၏။ ထို့နောက်တွင် ရုပ်တုသည် ရွှေရောင်အလင်းတန်းများ၏ဖောက်ထွင်းခြင်းကို ခံလိုက်ရသည်။ ထို့နောက်တွင် ငရဲမင်းရုပ်တုအပါအဝင် သူ၏နောက်မှ များစွာသော ရုပ်တုများ ပျက်စီးပြိုလဲကြတော့သည်။

ဝုန်း…

ကျယ်လောင်သံတစ်ချက်ကို ကြားလိုက်ရသည်။ စစ်ပွဲသည် အဆုံးသတ်သွားဟန်ရသည်။ ငရဲမင်းရုပ်တုတွင် ကျန်ရစ်သော စွမ်းအားများ ပျံ့ကျဲသွားခဲ့သည်။ ရုပ်တုကြီးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ဘေးတွင် လေထဲပျံဝဲနေသော သဒ္ဓိဝင်လက်နက်မှာလည်း အချိန်မရွေး အောက်ကို ပြုတ်ကျတော့မည့်ဟန်ရှိနေသည်။

မဟာဗုဒ္ဓနှင့် ငရဲမင်းတို့သည် အသက်ရှင်စဉ်ကသော်လည်းကောင်း၊ သေဆုံးပြီးသည့်တိုင်လည်းကောင်း တိုက်ခိုက်နေခဲ့ကြ၏။ သို့သော်လည်း သူတို့၏နောက်ဆုံးတိုက်ပွဲမှာ လူငယ်မျိုးဆက်တစ်ဦး၏အဆုံးသတ်မှုကြောင့် ပြီးဆုံးသွားခဲ့လေပြီ။

ဝုန်း…

ဗုဒ္ဓရုပ်တုများအားလုံးမှာလည်း ပြိုလဲပျက်စီးလာကြသည်။ ရုပ်တုများမှာ တစ်စတစ်စ ပြိုကွဲလာပြီးနောက်တွင် သူတို့၏စွမ်းအားများအားလုံးမှာလည်း လွင့်ပြယ်ပျက်စီးသွားကြတော့သည်။

သို့သော်လည်း ရီဖူရှင်းက မရပ်တန့်ပေ။ ဗုဒ္ဓလက်တော်သည် တဖန် အပေါ်ကို မြောက်တက်လာခဲ့၏။ ထိုအရာသည် ပုံရိပ်ယောင်တစ်ခုနှင့် ဆင်တူသည်။

“ဖယ်စမ်း…” ရီဖူရှင်းက အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်တုန်ခါမှုတစ်ခုက နောက်မှ လိုက်ပါလာ၏။ ဗုဒ္ဓမုဒြာများအားလုံး တခြားစစ်မြေပြင်တစ်နေရာသို့ လွင့်စင်သွားကြ၏။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံး ရီဖူရှင်း၏သဘောကို နားလည်ကြသည်။ သူတို့အားလုံး ချက်ချင်း နောက်ဆုတ်လိုက်ကြ၏။ ဟွားကျန့်ချန်ကား အလွန်မြန်သည်။ သူသည် ရွှယ်ယူခေါင်းဆောင်နှင့် တိုက်ခိုက်နေရာမှ အလျင်အမြန် နောက်ဆုတ်သွားသည်။

ထိုအခိုက်တွင် အားလုံးသော ဗုဒ္ဓသင်္ကေတများ ဆင်းသက်လာကြသည်။ ခေါင်းဆောင်ရွှယ်ယူက နောက်လှည့်ကာ အလင်းတန်းအသွင်ဖြင့် ထွက်ပြေးရန် ကြိုးစား၏။

ဗုဒ္ဓအလင်းသည် အဆုံးမဲ့သော လေဟာနယ်သို့ ဖုံးလွှမ်းလာခဲ့ပြီဖြစ်သည်။ ဗုဒ္ဓအလင်းအောက်တွင် မည်သည့်အရာမှ မလွတ်မြောက်နိုင်။

ခေါင်းဆောင်ရွှယ်ယူသည် အလင်းတန်းအသွင်ဖြင့် အဝေးသို့ ပျံသန်းသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဗုဒ္ဓအသံသည် အဝေးမှပင် မြန်ဆန်စွာ လာရောက်ရိုက်ခတ်၏။ ကျယ်လောင်သောအသံတစ်ချက် ထွက်လာ၏။ ခေါင်းဆောင်ရွှယ်ယူသည် မဟာဗုဒ္ဓလက်တော်ဖြင့် အရိုက်ခံလိုက်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset