အပိုင်း (၁၇၄၁)

ထူးဆန်းသော ပုဂ္ဂိုလ်

ဝုန်း…

ကြောက်မက်ဖွယ် ပေါက်ကွဲသံများသည် ငရဲစစ်မြေပြင်တစ်ခုလုံးကို မြည်ဟီးလာခဲ့၏။ ကျယ်ပြောသော လေဟာနယ်သည်လည်း တုန်ခါနေဟန်ရသည်။ မရေမတွက်နိုင်သော ရုပ်တုများလည်း ပိုမိုပြင်းထန်စွာ လှုပ်ယမ်းလာ၏။

ဗုဒ္ဓရောင်ဝါအောက်တွင် အလင်းစက်ဝန်းတစ်ခု ပေါ်လာခဲ့သည်။ အလင်းစက်ဝန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ထိုအရာသည် မီးအိမ်တစ်ခုအလား ထင်မှတ်ရသည်။

ထိုအရာက မည်သည့်အရာဖြစ်သနည်း။ ကျင့်ကြံသူများက ထူးဆန်းစွာ ကြည့်ကြသည်။ ထိုအရာတွင် ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေသည်ကို သူတို့သိကြသည်။ ဗုဒ္ဓမီးအိမ်အလင်းသည် ထိုမျှ လင်းလက်ဟန်မတူ။ ချက်ချင်းပင် အဆုံးမဲ့သော မကောင်းဆိုးဝါးအငွေ့အသက်များနှင့် ဖျက်ဆီးအားတို့မှာ အလင်း၏ငြိမ်းသက်ခြင်းကို ခံလိုက်ရ၏။

အလင်းဖြန့်ကျက်သော နေရာတိုင်းတွင် အမှောင်ထုမှာ ကွယ်ပျောက်ရသည်။

အနီးတဝိုက်မှ တန်ခိုးရှင်များ၏အမူအရာများ ပြောင်းလဲသွားသည်။ သူတို့အားလုံးက ပြင်းထန်သော အသိကို ခံစားမိကြသည်။ ထိုအရာကား ဗုဒ္ဓလမ်းစဉ်စွမ်းအားအသိဖြစ်သည်။ မီးလျှံမှ ဝိညာဉ်ကို ထုတ်လွှတ်ခြင်းသည် ယခင်ခေတ်က ဗုဒ္ဓ၏အားအကောင်းဆုံးသော စွမ်းအားဖြစ်သည်။

သည်ဗုဒ္ဓမီးအိမ်သည် ရတနာတစ်ခုဖြစ်ရပေမည်။ မဟာဗုဒ္ဓသည် သူ၏ပြိုင်ဘက်ကင်းစွမ်းအားကို အသုံးပြုကာ ဗုဒ္ဓမီးအိမ်အဖြစ် သန့်စင်ခဲ့သည်။ သူ၏ကိုယ်ပိုင် ဝိညာဉ်ကိုပင် ထိုရတနာထဲ၌ ထည့်သွင်းခဲ့၏။

နှစ်ပေါင်းများစွာကြာပြီးနောက်တွင် မီးအိမ်သည် ပြန်လည်၍ ထွန်းလင်းလာခဲ့သည်။ မီးအိမ်တွင် မီးလျှံ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။ ထိုအလင်းစွမ်းအားသည် အမှောင်စွမ်းအားများအားလုံးကို သန့်စင်ဖျက်ဆီးနိုင်စွမ်းရှိ၏။

ရတနာတစ်ခု…။

လူအများအပြား၏မျက်လုံးများတွင် ထူးဆန်းသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ အားလုံး၏အတွေးထဲတွင် တူညီသော အတွေးများ ဖြစ်ပေါ်လာသည်။

တောင်တန်းဘုံမှ အင်အားအကြီးဆုံး အဖွဲ့များမှာ ဗုဒ္ဓကျင့်ကြံသူများဖြစ်သည်။ ဗုဒ္ဓရတနာတစ်ခုကို ရှာဖွေတွေ့ရှိခြင်း၌ မည်သူက မလိုချင်ဘဲ နေမည်နည်း။

ရဟန်းတုများအဖြစ် နာမည်ကျော်ကြားသော ရှန်ရှင်းကလန်သားများ၏မျက်လုံးတွင် လောဘ၏အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

ထိုအရာကား အမှန်တကယ်ပင် ဗုဒ္ဓရတနာတစ်ခု ဖြစ်နေသည်။

ထိုအခိုက်တွင် ဗုဒ္ဓအလင်းသည် ပိုမို၍ လင်းလက်လာခဲ့သည်။ ထိုအလင်းမှာ ဗုဒ္ဓစွမ်းအားကြောင့် အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ ငုပ်လျိုးနေသော စွမ်းအားသည်လည်း နိုးထသက်ဝင်လာခဲ့၏။ လူအုပ်ကြီးသည် ဗုဒ္ဓစေတီကိုလည်း မြင်တွေ့ကြ၏။ စေတီသည် များစွာသော ကနုတ်များ ထွင်းထုထားသည်။ ကနုတ်ပုံရိပ်တိုင်းသည် ရှေးဟောင်းဗုဒ္ဓ၏ရုပ်ပုံများဖြစ်၏။ ထိုရုပ်ပုံများအားလုံး တချိန်တည်းတွင် လင်းလက်လာသည်။ ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ဗုဒ္ဓပုံရိပ်များ ဖြစ်ပေါ်လာ၏။

ရီဖူရှင်းက ခေါင်းမော့ကာ အပေါ်ကို မော့ကြည့်သည်။ သက်ဝင်လာသော စွမ်းအားသည် ပိုမိုအားကောင်းလာ၏။ သူတို့သည် ကြောက်မက်ဖွယ် စစ်မြေပြင်ကို ပြန်လာနေကြသည့် စစ်သူရဲကောင်းများအလား ထင်မှတ်ရ၏။

ပိုမိုကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ ရုပ်တုများမှ ချိပ်တံဆိတ်များ အဆက်မပြတ် ပေါက်ကွဲပျက်စီးနေသည်။ ထိုနေရာ၏အဆုံးအစွန်နေရာသည် ပြိုကျပျက်သွားသွားဟန်ရ၏။

ဗုဒ္ဓရတနာအပြင် ငရဲမင်း၏သိဒ္ဓိဝင်လက်နက်သည်လည်း ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်၏။

ကောင်းကင်ထက်တွင် တစေအလံတစ်ခုလည်း ပေါ်လာ၏။ သူ့အပေါ်တွင် မရေမတွက်နိုင်သော တစေများနှင့် မိစ္ဆာပုံရိပ်များ။ ယက္ခနှင့် အသူရာတို့သည် ဗုဒ္ဓကို တားဆီးရန် ထွက်ပေါ်လာသည့်အလား…။

ထိုအဖြစ်က တစေနတ်ဘုရားကလန်မှ ထိပ်သီးတန်ခိုးရှင်များကို တုန်လှုပ်စေသည်။ သူတို့က ထိုတစေအလံကို မှတ်မိ၏။ ယခင်ခေတ်က ထိုအလံကို လူတိုင်း ကြောက်လန့်ရသည်။

ထို့နောက်တွင် သူတို့သည် နောက်ထပ် လက်နက်တစ်ခုကို တွေ့ရ၏။ ထိုအရာသည် ဧရာမသုံခွန်မှိန်းတစ်ခုဖြစ်ကာ လွန်ခ့သော နှစ်ပေါင်းများစွာက ကြောက်မက်ဖွယ်ရာ လက်နက်တစ်ခုနှင့် အလားသဏ္ဍာန်တူ၏။

“တစ်ခုခုတော့ ဖြစ်တော့မယ်…” ဟွားကျန့်ချန်က တိုးညင်းစွာ ပြောသည်။

သူတစ်ယောက်တည်းသာ မဟုတ်ပေ၊ တန်ခိုးရှင်များအားလုံးက ရှေ့ကို စိုက်ကြည့်နေကြသည်။ ပြိုပျက်သွားသော ကျောက်နံရံနောက်တွင် ကွယ်ပျောက်နေသော နေရာတစ်ခု ထပ်ပေါ်လာသည်။ ထိုအရာကား မြင့်မားလှသော မျှော်စင်နန်းတော်ကြီးတစ်ခုဖြစ်သည်။ သို့သော်လည်း ယခုကား ထိုနေရာသည် အပျက်အစီးပုံဖြစ်နေလေပြီ။

ထိုအရာသည်ပင် ပျောက်ကွယ်သွားသော ငရဲတံခါးဖြစ်ပေမည်။ ကြောက်မက်ဖွယ်အရှိန်အဝါများ ထိုနေရာမှ ထွက်ပေါ်နေ၏။

ပိုမို၍ စူးစိုက်ကြည့်ပါက ထိုနေရာသည် တကယ့်ငရဲနှင့်ပင် တူသည်။ အဆုံးမဲ့နက်ရှိုင်းဟန်ရသော၊ ကြောက်မက်ဖွယ် ငရဲပွက်ကြီးအလား၊ ထိုနေရာသည် တကယ့်ငရဲသို့ သွားနိုင်သော တံခါးတစ်ခုအလား ထင်မှတ်ရသည်။

သို့သော်လည်း တံခါးရှေ့တွင် မြေပြင်၌ စိုက်ဝင်နေသော ဓားတစ်လက်ရှိနေသည်။ ထိုအရာကား ရတနာကျောက်ဓားတစ်လက်ဖြစ်သည်။ ဓားကို ဓာတ်လုံးများ လှည့်ပတ်နေကြ၏။

နန်လော့ရှန်းက ထိုဓားကိုမြင်လျှင် သူမ၏မျက်လုံးများ အရောင်ပြောင်းသွားသည်။ နန်ထျန်းနတ်ပြည်ထောင်မှ လူများ၏အမူရာများလည်း ပြောင်းလဲသွား၏။ လူအများအပြားကလည်း နန်ထျန်းနတ်ပြည်ထောင်မှ လူများကို လှမ်းကြည့်ကြ၏။

“အဲဒါ ဘာလဲ…” နန်လော့ရှန်းက ဘေးမှ အကြီးအကဲကို မေးသည်။ သူမသည် ထိုဓားကို သူမ၏မိသားစုအမွေအနှစ်မှတ်တမ်းများတွင် မြင်ဖူးပေသည်။

“ချင်ဟယ်ဓား…”

အကြီးအကဲက ပြောသည် “အဲဒါက အရှင်မင်းကြီးရဲ့ဓားပဲ…”

ထိုဓား သည်နေရာတွင် ရှိနေခြင်းက ထိုစဉ်က တိုက်ပွဲတွင် အင်ပါယာနန်ပါဝင်ပတ်သက်ခဲ့သည်မှာ ထင်ရှား၏။

ငရဲတံခါး။ အားလုံး၏အကြည့်က ရှေ့ကို ရောက်နေသည်။ သည်တံခါးသည်ပင် ငရဲတံခါးဖြစ်ရပေမည်။

ငရဲတံခါး၏တစ်ဘက်တွင် မည်သည့်အရာရှိသနည်း။

ကောလာဟလများအရ သည်အရာက အင်ပါယာအဆင့်အင်အားစုများ၏ချပ်ပိတ်ခြင်း၊ ချိပ်ဖွင့်ခြင်းကိစ္စနှင့်သက်ဆိုင်သည်။

ဝုန်း…

ထိုအခိုက်တွင် ပေသောင်းချီမြင့်သော ဗုဒ္ဓအလင်းထံမှ နောက်ထပ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်၏မျက်လုံးတွင် မကောင်းဆိုးဝါး၏အငွေ့အသက်များ ထွက်ပေါ်နေ၏။ သူ့ခန္ဓာကိုယ်သည် ဗုဒ္ဓနှင့်အလားသဏ္ဍာန်တူသော်လည်း သူသည် ဗုဒ္ဓမီးအိမ်ထံသို့ တိုက်ရိုက်လျှောက်လှမ်းသွားသည်။

“ဗာမင်…” အေးစက်သောအသံတစ်သံကို ကြားကြရသည်။

ထျန်ရှင်းဘုန်းတော်ကြီးကျောင်းဘက်မှ ဘုန်းကြီးတစ်ပါး ထိုလူထံသို့ လျှောက်သွားသည်။ ဗုဒ္ဓအလင်းသည် ပိုမို၍ တောက်ပလာသည်။ ထိုဘုန်းကြီးသည် အမှန်တကယ် ဧရာမမဟာဗုဒ္ဓအသွင်ဖြစ်လာသည်။

ထိုမြင်ကွင်းကိုကြည့်ကာ လူအများအပြား အံ့အားသင့်ရသည်။

မဟာဗုဒ္ဓတွင် ဆက်ခံသူတစ်ဦး ရှိနေသည်။

ထိုဘုန်းကြီး၏မျက်လုံးများက ဒေါသထွက်နေသောဘုရားနှင့် အလားသဏ္ဍာန်တူသည်။ သူ့နောက်တွင် ရှေးဟောင်းဗုဒ္ဓတစ်ပါးပေါ်လာသည်။ သူက လက်ကိုမြှောက်ကာ တောင်တန်းဘုံမှ ရှန်ရှင်းကလန်ဘုန်းကြီးထံသို့ ရိုက်ထုတ်လိုက်သည်။ ဗုဒ္ဓလက်ဝါးသည် တားဆီးမရနိုင်ပေ။ လက်ဝါးရိုက်ချက်သည် လေထုကို ဖောက်ထွင်းကာ အောက်ကို ဆင်းသက်လာ၏။

ဗုဒ္ဓအလင်းကို တိုက်ခိုက်ခဲ့သောသူမှာ ရှန်ရှင်းကလန်မှ ကျင့်ကြံသူဖြစ်သည်။ သူတို့က ဗုဒ္ဓရတနာကို လိုချင်နေသည်။

ဘန်း…

ကျယ်လောင်သောအသံတစ်ချက်ကို ကြားရသည်။ မြေပြင်တွင် ဧရာမလက်ဝါးရာတစ်ခု ပေါ်လာ၏။ ရှင်ရှင်းကလန်မှ ကျင့်ကြံသူသည် အဝေးကို မြန်ဆန်စွာ နောက်ဆုတ်သွားသည်။ သူ့ခြေထောက်တွင် နတ်အလင်းတစ်ခု တောက်ပနေ၏။

ရှင်ရှင်းကလန်မှ ကျင့်ကြံသူတစ်ဦးသည် မျက်လုံးကိုမှိတ်ကာ ရှေးဟောင်းဗုဒ္ဓတစ်ပါးနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်။ ဗုဒ္ဓရုပ်တုတစ်ခု၏အပေါ်မှ ဧရာခြေထောက်ရာတစ်ခု ကျဆင်းလာခဲ့၏။ ထိုအရာသည် ဆရာတော်ပုတောက်ထံသို့ ဆင်းသက်လာခဲ့သည်။

လတ်တလောတွင် ဆရာတော်ပုတောက်သည် ငရဲမင်း၏စွမ်းအား နိုးထလာခြင်းအား တန်ပြန်တုန့်ပြန်နေရဆဲဖြစ်သည်။

ဆရာတော်ပုတောက်၏နံဘေးတွင် ဧရာမဗုဒ္ဓပုံရိပ်တစ်ခု ပေါ်လာသည်။ ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ကျင့်ကြံဿူများကလည်း တိုက်ခိုက်ကြလျှင် သူတို့သည် ဗုဒ္ဓရုပ်တုများပေါ်သို့ တက်သွားကြသည်။

“သွားရအောင်…” ရှန်ရှင်းကလန်မှ ကျင့်ကြံသူများက ပြောသည်။ ရှန်ရှင်းကလန်မှ တန်ခိုးရှင်များက လေထဲကို ခုန်တက်လာကြသည်။ သူတို့က မူလနေရာမှ ပျောက်ကွယ်သွားကာ ရုပ်တုများထံသို့ ခုန်ကျော်သွားကြ၏။

တခြားတစ်နေရာတွင် လျှို့ဝှက်နယ်မြေဘုံမှ အင်အားစုများကလည်း တိုက်ခိုက်ကြသည်။ ငရဲမင်း၏စွမ်းအားကို အသက်သွင်းခြင်းအပြင် သူတို့က ငရဲမင်း၏ရတနာများကိုလည်း စတင်၍ လုယက်ကြ၏။

သူတို့၏လောဘက ငရဲနန်းတော်ကို ဦးတည်နေသည်။

ငရဲတံခါးကား ယခင်က လျှို့ဝှက်နယ်မြေဘုံတွင် အင်အားအကြီးဆုံးဖြစ်သည်။ သည်အခွင့်အရေးကို သူတို့က မည်သို့ လက်လွှတ်ခံမည်နည်း။

“မင်းတို့ ဘယ်လိုထင်ကြလဲ…” ရှန်ကလန်မှ ရှန်လော့ချွန်က တခြားသော ကျင့်ကြံသူများကို မေးသည်။

လက်ရှိတွင် ဒေသအသီးသီးမှ ကျင့်ကြံသူများ ရောက်နေသည်။ သူတို့အားလုံး၏အကြည့်က ရှေ့မှ ဗုဒ္ဓရုပ်တုများထံသို့ ရောက်နေသည်။

“အားလုံးက ခေတ်ပျက်ကာလကြီးကို မေ့မယ်လို့မထင်ဘူး…” တောင်တန်းဘုံမှ ကျင့်ကြံသူတစ်ဦးက ပြောသည်။

သူက အားလုံးကို သတိပေးခြင်းဖြစ်သည်။

သို့သော်လည်း တန်ခိုးရှင်များ၏အမူအရာက ပြောင်းလဲခြင်းမရှိပေ။

ခေတ်ပျက်ကာလ။

များစွာသော ကျင့်ကြံသူများ ခေတ်ပျက်ကာလ၌ သေဆုံးခဲ့ကြရသည်။ သို့သော်လည်း တစ်ဘက်တွင် များစွာသော သူရဲကောင်းများကို မွေးထုတ်ခဲ့၏။ ထိုခေတ်တွင် အရေအတွက်များပြားသော ထိပ်သီးတန်ခိုးရှင်များ ပေါ်လာခဲ့၏။ အချို့ကား သည်မိုးကောင်းကင်အောက်မှပင် ထွက်ခွာသွားကြပြီးဖြစ်သည်။

နှိုင်းယှဉ်ရလျှင် လက်ရှိခေတ်ကာလသည် အပြောင်းအလဲနည်းကာ အရာအားလုံးမှာ သတ်မှတ်ပြီးသားဖြစ်နေသည်။

အရှင်ဒွန်ဟောင်က ကျင့်ကြံခြင်းလောကကို တည်ငြိမ်ကာ သန်မာစေလိုသည်။ သို့သော်လည်း ထိုအရာက အကျိုင်းထောင်နှင့် အလားသဏ္ဍာန်မတူပေဘူးလား။

အဆုံးမှာတော့ သည်လောကကြီးသည် အစစ်အမှန်ကမ္ဘာ မဟုတ်ပေ။

ထို့အပြင် သူတို့က မည်သည့်အရာကို အသက်သွင်းမိမည်ကို မသိပေ။ အရှင်ဒွန်ဟောင်က ယနေ့အဖြစ်အပျက်ကို တားဆီးလာခြင်း အလျဉ်းမရှိခဲ့။ ဆိုလိုသည်က ယခုဖြစ်လာမည့်အရာသည် ကံကြမ္မာအရဖြစ်၍ပေလော။

ဖပ်…

လျပ်တပြက်တွင် ထိပ်သီးအင်အားစုတစ်ခုက လေထုကို ဖြတ်ကျော်ကာ ဗုဒ္ဓရုပ်ထုများထံသို့ တက်လာသည်။ သူတို့ကား နေမင်းနန်းတော်မှ ဖြစ်သည်။ သူတို့က နေမင်းအလင်းများ ထုတ်လွှတ်ကာ ဗုဒ္ဓမီးအိပ်ထံသို့ လှမ်းသွားကြ၏။

သိသာစွာပင် လောဘက သူတို့အား ဖုံးလွှမ်းသွားကာ ဗုဒ္ဓရတနာကို လုယက်ရန် အဆင်သင့်ဖြစ်နေပြီ။

အခြေအနေကား အနည်းငယ် ရှုပ်ထွေးလာချေပြီ။

“ငါတို့ ဘယ်သူ့ကို ကူညီသင့်လဲ…” ရီဖူရှင်းက ရေရွက်သည်။

ဤသို့သော အခြေအနေတွင် ကောင်းကင်အာဏာစက်ကျောင်းတော်က မည်သည့်ဘက်မှ နေရမည်နည်း။

ထို့အပြင် နှစ်ဘက်လုံးတွင် ခိုင်မာသော ရပ်တည်ချက်ရှိသည်။

ရီဖူရှင်းက မည်သည့်ဘက်ကို ကူညီရမည်အား တွေးတောနေစဉ် လူတစ်စု သူတို့ထံသို့ ဦးတည်လာသည်။ ထို့အပြင် အဝေးမှ တိုက်ပွဲကို ကြည့်နေသူထဲမှ လူအများအပြားကလည်း ရီဖူရှင်းတို့အား ဝန်းရံလိုက်သည်။ ထိုလူများထဲမှ အချို့ကို ရီဖူရှင်းမှတ်မိ၏။ သူတို့မှာ ရွှယ်ယူခေါင်းဆောင်နှင့် သူ့လူများဖြစ်သည်။

သိသာစွာပင် သူတို့က ရာရာကို ဦးတည်နေရာ ရီဖူရှင်းတို့အုပ်စုကို ပစ်မှတ်ထားရန် ဖြစ်လာသည်။

သို့သော်လည်း သည်တစ်ခေါက် ခေါင်းဆောင်မှာ ရွှယ်ယူခေါင်းဆောင်မဟုတ်တော့။ လူရွယ်တစ်ယောက်ဖြစ်ကာ သူ့ထံမှ မဟူရာစွမ်းအားများ ထွက်ပေါ်နေသည်။ သူသည် ရီဖူရှင်းနှင့် သက်တူရွယ်တူဟု ထင်ရသော်လည်း တကယ့်အသက်ကိုမူ ခန့်မှန်း၍ မရပေ။ သို့သော်လည်း ထိုလူငယ်သည် အလွန်အန္တရာယ်များကြောင်း ရီဖူရှင်း ခံစားမိ၏။

“သတိထား…” ရှန်လော့ရွှီက ရီဖူရှင်းကို စိတ်ဖြင့် လှမ်း၍ သတိပေးသည်။

လူငယ်ကား အလွန်အလွန်သန်မာသည်။

သို့သော်လည်း မည်သူမှ ထိုလူငယ်ကို မသိကြ။ တစ်ဘက်လူသည် တစ်ခါမှ မပေါ်ပေါက်လာဖူးသည့်အလား…။

အမှန်တကယ်အားဖြင့် သူသည် လူရှေ့ကို ပထမဆုံး ထွက်လာဖူးခြင်းလည်းဖြစ်သည်။ ယခင်က သူသည် အမြဲတမ်း နောက်ကွယ်၌သာ ရှိနေခဲ့သည်။

“သူမကို ငါ့လက်ထဲထားခဲ့။ ဒါဆို မင်းအသက်ရှင်မယ်…” လူငယ်က ချင်းယောင်ကို ကြည့်ကာ ပြောသည်။ သူ၏အသံက အမိန့်သံဆန်ကာ မောက်မာလှသည်။

သူ၏အကြည့်က ခံစားချက်ကင်းမဲ့ကာ အကြွင်းမဲ့ယုံကြည်ချက်ရှိသည့်ပုံပင်။

ချင်းယောင်အား သူ့ဆီ ထားခဲ့ခြင်းဖြင့် ရီဖူရှင်းတို့ကို အသက်ရှင်ခွင့်ပေးမည်။

သူတို့က မထားခဲ့လျင်ကော…။

“ခင်ဗျား ဘယ်သူလဲ…” ရီဖူရှင်းက မေးသည်။

သည်လူငယ် မည်သည့်အင်အားစုက ဖြစ်သနည်း။

အကယ်၍ သူသည် လျှို့ဝှက်နယ်မြေဘုံမှ ဖြစ်ပါက သူ၏စကားက အနည်းငယ် လွန်ကဲနေချေပြီ။

လျှို့ဝှက်နယ်မြေဘုံ၏ မည်သည့်အင်အားစုကမှ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

မိစ္ဆာဆန်သောလူငယ်က ရီဖူရှင်းကို ကြည့်သည်။ သူ၏အကြည့်က ခံစားချက်ကင်းမဲ့၏။ သူက လက်နှစ်ဘက်ကို ဆန့်တန်းလိုက်လျှင် အနက်ရောင်အလင်းများ သူ့အနီးကို စတင်စုဝေးလာကြ၏။

လူငယ်က ခေါင်းမော့လိုက်လျှင် သူ့မျက်နှာပေါ်တွင် အလင်းတန်းမျဉ်းကြောင်းများ ဖြစ်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်သည် ဝဲဂရက်အလားဖြစ်လာကာ အနီးတဝိုက်မှ စွမ်းအားများအားလုံးကို စုယူသွား၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset