အခန်း (၁၉၂)

ကျန်းလန်ကိုသတ်မလို့လား ၊ မမိုက်မဲစမ်းပါနဲ့

အခန်း (၁၉၂) ကျန်းလန်ကိုသတ်မလို့လား ၊ မမိုက်မဲစမ်းပါနဲ့

လျိုကျင်းပြောသည်မှာ အမှန်ပင် ဖြစ်သည်။

နဂါးမျိုးနွယ်များရော နတ်မိစ္ဆာများကပါ ကျန်းလန်ကို ပစ်မှတ်ထားကြခြင်း ဖြစ်သည်။

ကျန်းလန်သာ နဝမတောင်ထွတ်မှတပည့်တစ်ယောက် မဟုတ်ပါက သာမန်တပည့်တစ်ယောက်က ဤသို့သောအရှုတ်အထွေးများကြားတွင် ပါဝင်လာမည် မဟုတ်ပေ။

သို့သော် ကျန်းလန်က နဝမတောင်ထွတ်မှတပည့် ဖြစ်နေလေရာ ဤအရာများအားလုံးကို ရင်ဆိုင်ရသည်မှာ ပုံမှန်ပင် ဖြစ်သည်။

နဝမတောင်ထွတ်က ငရဲတံခါးကို စောင့်ရှောက်ရသည့် နေရာဖြစ်သည်။ သာမန်လူများအနေဖြင့် ထိုနေရာတွင် မည်သူမှ မနေနိုင်ကြပေ။ ကျန်းလန်သာလျှင် နဝမတောင်ထွတ်တွင် နေထိုင်နိုင်သည့် တစ်ဦးတည်းသော တပည့်ဖြစ်သည်။

သူက သာမန်ပင်ဖြစ်သော်လည်း ထူးခြားသည့်အရည်အချင်းများပိုင်ဆိုင်သူ ဖြစ်သည်။

မြောင်ယွဲ့က…

“ဂိုဏ်းတူအစ်ကိုက သူ့တပည့်ကို အရမ်းဂရုစိုက်တဲ့သူပါ… ၊ ခွန်လွန်တောင်ပတ်ဝန်းကျင်မှာ ကျန်းလန်အသက်ကို ခြိမ်းခြောက်တာမျိုး ရှိလာရင် သူ သေချာပေါက် သိရှိမှာပါပဲ…”

ယခင်က ကျန်းလန် ခွန်လွန်တောင်မှ ထွက်ခွာသည့်ခရီးစဉ် မပျက်စီးစေရန်အတွက် မော့ကျန်းသုန့်က သူတို့အားလုံး မသိအောင် ဖုံးကွယ်ပေးခဲ့ဖူးသည်။

ကျန်းလန် ဘာမှ မဖြစ်ဘဲ အဆင်ပြေပြေ တောင်ပေါ်ပြန်ရောက်လာသောကြောင့်သာ တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက သူတို့အားလုံး ကြိုးစားအားထုတ်ခဲ့သမျှ အလကား ဖြစ်ရပေလိမ့်မည်။

ကျန်းလန်သာ တစ်ခုခုဖြစ်ခဲ့ပါက အစီအစဉ်အားလုံးကို အစမှပြန်ပြီး အားလုံး ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သည်။

သို့သော် မော့ကျန်းသုန့်က ကျန်းလန်အတွက် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အသုံးပြုထားသည့်အတွက် သူတို့အားလုံး စိုးရိမ်ပူပန်မှု လျော့နည်းစေသည်။

ထိုနှစ်တစ်ထောင်တန်ခိုးစွမ်းအားကြောင့် ကျန်းလန် မည်သို့သော ကံကြမ္မာအခွင့်အလမ်းများ ပိုင်ဆိုင်ရမည်ကို သူတို့ မသိရှိခဲ့ကြပေ။

မော့ကျန်းသုန့်က မပြောလျှင် အခြားသူများလည်း ထိုအကြောင်းကို သိရှိကြမည် မဟုတ်ပေ။

ကျူးချင်က သိချင်စိတ်ဖြင့်…

“ဂိုဏ်းတူအစ်ကို… ရှင့်ရဲ့ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားနဲ့ တစ်ခုခုကို အာရုံမခံမိတော့ဘူးလား… ၊ အခု အဲဒီတန်ခိုးစွမ်းအားက ရှင့်ဆီမှာ တကယ်ပဲ ပျက်စီးသွားပြီလား…”

ချန်ရှီက အေးဆေးစွာဖြင့်…

“တန်ခိုးစွမ်းအားပျက်စီးသွားတယ်ဆိုပေမယ့် တန်ခိုးစွမ်းအား ပျောက်ဆုံးသွားတာမှ မဟုတ်သေးတာ…”

မြောင်ယွဲ့က…

“ဂိုဏ်းတူအစ်ကိုက သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို အသုံးမပြုနိုင်တော့ပေမယ့်… ကျင့်စဉ်ကိုတော့ နားလည်နေဆဲပဲ မဟုတ်လား… ၊ ဆိုတော့ နောက်နှစ်အနည်းငယ်အတွင်း အန္တရယ် ရှိ မရှိကိုတော့ အာရုံခံနိုင်ဦးမှာပေါ့… ၊ ဒါပေမဲ့ အချိန်ကြာသွားရင်တော့ သက်တံတိမ်တိုက်တန်ခိုးစွမ်းအားတွေအားလုံး ဆုံးရှုံးသွားမယ်ထင်တယ်…”

ကျိုးကျုန်းထျန်းက…

“ဒါဖြင့်… ခင်ဗျား အဲဒီတန်ခိုးစွမ်းအားကို ကျန်းလန်အတွက် အသုံးပြုလိုက်တော့ အခု ကျန်းလန်က အင်မော်တယ် ဖြစ်လာနိုင်ပြီလား…”

ထိုမေးခွန်းများက မော့ကျန်းသုန့်ကို တိုက်ရိုက်မေးနေသည့် မေးခွန်းများ ဖြစ်သည်။

မော့ကျန်းသုန့်က ခေါင်းခါရမ်းလိုက်ရင်း…

“ခင်ဗျားတို့ ပြောနေကြသလောက်လည်း မဟုတ်သေးပါဘူးကွာ… ၊ အဆုံးထိ ကျန်းလန်က သတိထားနေရဦးမှာပဲ… ၊ ဒါပေမဲ့ ခွန်လွန်တောင်မှာ ရှိနေသရွေ့ သူ ဘာမှ မဖြစ်နိုင်ပါဘူး… ၊ သူ အင်မော်တယ်ဖြစ်လာပြီးရင် ဒါမှမဟုတ် သူ့ရဲ့ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားတွေ ပိုပြီးမြင့်မားလာရင်တော့ သူ ကျုပ်ရဲ့စောင့်ရှောက်မှုအောက်မှာ ပညာသင်လို့ ပြီးပြည့်စုံသွားပြီလို့ ယူဆရမှာပေါ့…”

သက်တံတိမ်တိုက်တန်ခိုးစွမ်းအား ပိုမိုအားကောင်းလာသည်နှင့်အမျှ ထိုတန်ခိုးစွမ်းအားပိုင်ဆိုင်သူထံ အန္တရယ်ကျရောက်မည်ဆိုလျှင် ကြိုတင်သတိပေးချက် ရရှိစေမည် ဖြစ်သည်။

မော့ကျန်းသုန့်အနေဖြင့် သူ၏ သက်တံတိမ်တိုက်တန်ခိုးစွမ်းအားမှ မည်သည့် သတိပေးချက်မှ ရရှိတော့မည် မဟုတ်ပေ။ သူ၏ သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ကျန်းလန် အင်မော်တယ်ဖြစ်လာသည့်အချိန် ၊ သို့မဟုတ် သက်တံတိမ်တိုက်တန်ခိုးစွမ်းအား ပိုမိုအားကောင်းလာသည့်အချိန်ကို စောင့်ရမည် ဖြစ်သည်။

ကျန်းလန်တွင် လုံလောက်သည့် တန်ခိုးစွမ်းအားရှိလာမည်ဆိုလျှင် သူ့အနေဖြင့် စိုးရိမ်ပူပန်စရာ မရှိပေ။

သူ့တပည့်က တစ်နေ့တွင်တော့ လွတ်လပ်သည့် အင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။ သို့သော် ယခုလည်း ကျန်းလန်က အလွန်လွတ်လပ်သူတစ်ယောက်ပင် ဖြစ်၏။

နဝမတောင်ထွတ်ကို အန္တရယ်ပြုရန် ရောက်လာကြသူများအနေဖြင့် တန်ခိုးစွမ်းအား အလုံအလောက်မရှိလျှင် မရဏဂူကို ရှာဖွေတွေ့ရှိကြမည် မဟုတ်ပေ။

ကျန်းလန်ကလည်း သူ့အကန့်အသတ်ကိုသူ သိရှိနားလည်သူ ဖြစ်သည်။

မော့ကျန်းသုန့်က ထိုအကြောင်းကို အမြဲတမ်း နားလည်သူဖြစ်ပြီး ကျန်းလန်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်များ အမြဲတမ်း ချမှတ်ခွင့်ပြုခဲ့သည်။

ပြင်ပလောကသို့ ထွက်ခွာရသည်ကို သဘောမကျသည်မှလွဲပြီး ယခုအချိန်ထိ ကျန်းလန်က ကောင်းကောင်းလုပ်ဆောင်နိုင်သည်ပဲ ဖြစ်သည်။

လျိုကျင်းက…

“ကျန်းလန်အတွက် ပြဿနာမှ မရှိဘူးဆိုရင် တခြားကိစ္စတွေကို စပြီးပြင်ဆင်ကြရအောင်… ၊ ပြောရမယ်ဆိုရင် နဂါးတွေက ရောက်လာမှာ သေချာတယ်… ၊ ခန့်မှန်းထားတာထက်တောင် စောပြီးရောက်လာကြလိမ့်မယ်…”

ဖုန်းယီရှောက်က အေးဆေးစွာဖြင့်…

“နဂါးမျိုးနွယ်တွေက စိန်ခေါ်မယ်ဆိုရင် သူတို့က တောင်ထွတ် (၉)ခုက အတော်ဆုံးတပည့်တွေကို စိန်ခေါ်မှာပဲ…”

ထို့နောက် အားလုံးက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ကြပြန်သည်။

အဘယ်ကြောင့်ဆိုသော် နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်သာ ရှိသည် မဟုတ်ပါလား။

မော့ကျန်းသုန့်လည်း ဘာမှ မတတ်နိုင်စွာဖြင့်…

“ကျုပ် ဒီကိစ္စ ကျန်းလန်ကို ပြောထားလိုက်ပါ့မယ်…”

နဝမမတောင်ထွတ်တွင် တပည့်တစ်ယောက်တည်းရှိသည်မှာ အမှန်ပင် ခက်ခဲလွန်းလှသည်။

သို့သော် နဝမတောင်ထွတ်တွင် တပည့်များစွာ ရှိနေလျှင်တောင်မှ နဂါးမျိုးနွယ်များ၏ စိန်ခေါ်မှုကို လက်ခံရမည့်သူမှာ ကျန်းလန်သာလျှင် ဖြစ်ရပေလိမ့်မည်။

နဂါးမျိုးနွယ်များက ကျန်းလန်ကို စိန်ခေါ်ရန်အတွက် ခွန်လွန်တောင်သို့ လာရောက်ကြခြင်း မဟုတ်ပါလား။

မြောင်ယွဲ့က ကျိုးကျုန်းထျန်းကို ကြည့်လိုက်ရင်း…

“ကျန်းလန်က စိန်ခေါ်မှုကို အနိုင်ရမယ်ဆိုရင်တော့ ကျွန်မတို့အတွက် အဆင်ပြေသွားမှာပဲ… ၊ ဒါပေမဲ့ ကျန်းလန် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ နဂါးမျိုးနွယ်တွေက ပြဿနာ ရှာကြလိမ့်မယ်…”

သူမက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

“အဲဒီအချိန်ကျ ဂိုဏ်းတူအစ်ကိုက အခြေအနေတွေကို ဝင်ထိန်းပေးပါ…”

ကျိုးကျုန်းထျန်းက ခေါင်းညိတ်လိုက်ရင်း…

“ကောင်းပြီ…”

သူတို့စိတ်ထဲတွင် နဂါးမျိုးနွယ်များကို ကျန်းလန် အနိုင်မရနိုင်ဟု တွေးထားကြသည်။

ကျန်းလန်အနိုင်ရမည်ဟု မျှော်လင့်ချက် ရှိသည်ဆိုလျှင်တောင်မှ သူတို့အနေဖြင့် အဆိုးဆုံးကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။

အသေးစိတ်အချက်အလက်များကိုတော့ အနီးကပ်အချိန်ကျမှသာ ညှိနှိုင်းရမည် ဖြစ်သည်။

…………………

ခွန်လွန်တောင်မှ အချိန် (၁)လခန့်ကြာအောင် ခရီးနှင်ရသည့် တောင်တစ်တောင်ထက်တွင် လူ (၂)ယောက် ရှိနေလေသည်။

တစ်ယောက်က သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အသက် (၂၇)နှစ်ခန့် လူငယ်တစ်ယောက် ဖြစ်သည်။

သက်လတ်ပိုင်းလူရွယ်၏ အမည်က ဝူမူဖြစ်သည်။

ဝူမူက ပြုံးလိုက်ရင်း…

“ခွန်လွန်တောင်က တစ်ခုခုတော့ အာရုံခံမိလိမ့်မယ်လို့ မင်းထင်သလား…”

လူငယ်က ခေါင်းညိတ်လိုက်သည်။

လူငယ်၏အမည်က ဝူလျဲ့ ဖြစ်၏။

“ဒါ ဖြစ်သင့်တာပဲလေ…”

ဝူမူက…

“ကျုပ်လည်း ဒီလိုပဲ ထင်မိတယ်… ၊ ဒါပေမဲ့ သူတို့အာရုံခံမိလည်း ကျုပ်တို့ကို တားဆီးလို့ ရမှာ မဟုတ်ပါဘူး… ၊ အံ့အားသင့်စရာကောင်းတဲ့သူတွေက အမြဲတမ်း အောင်နိုင်သူတွေပဲလေ…”

ဝူမူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ဝူလျဲ့ကတော့ အောင်မြင်နိုင်ခြေသိပ်မရှိဟု ခံစားမိသည်။

“ခွန်လွန်တောင်က သာမန်နေရာတစ်ခု မဟုတ်ဘူး… ၊ ကျုပ်တို့ ပြင်ဆင်ထားပေမယ့် အောင်မြင်နိုင်ပါ့မလား…”

ခွန်လွန်တောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် နတ်မိစ္ဆာများက သူတို့အင်အားအလုံးအရင်းကို ပြင်ဆင်ထားခဲ့ကြသည့်တိုင် ခွန်လွန်တောင်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ခွန်လွန်တောင်တွင် အဓိကတောင်ထွတ်ကြီး (၉)ခုရှိပြီး ထိုတောင်ထွတ် (၉)ခုက မယုံကြည်နိုင်လောက်အောင် တန်ခိုးစွမ်းအား ကြီးမားလွန်းကြသည်။

မဟုတ်ပါက နဂါးမျိုးနွယ်များကခေါင်းလျှိုပြီး နဂါးမင်းသမီးလုန်ယွိကို ခွန်လွန်တောင်မှ တပည့်နှင့် ပေးစားမည် မဟုတ်ပေ။

ခွန်လွန်တောင်တွင် အားနည်းချက်တစ်ခုခုသာ ရှိခဲ့မည်ဆိုလျှင် နဂါးမျိုးနွယ်များက လုန်ယွိကို ပြန်လည်ခေါ်ဆောင်သွားကြပြီး ခွန်လွန်တောင်ကို အတင်းအဓမ္မခြိမ်းခြောက်ကာ ဂုတ်သွေးစုပ် အမြတ်ထုတ်မည်ဖြစ်သည်။

ကံဆိုးသည်မှာ နဂါးမျိုးနွယ်များက ခွန်လွန်တောင်လောက် စွမ်းအားကြီးမားခြင်း မရှိခဲ့ကြပေ။

သူတို့ရရှိသည့် သတင်းများအရ မကြာမီအချိန်တွင် ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များ တိုက်ခိုက်ကြတော့မည်ဟူ၍ ဖြစ်သည်။

ခွန်လွန်တောင်ကလည်း နဂါးမျိုးနွယ်များကို လုံး၀ မျက်နှာသာ ပေးမည် မဟုတ်ပေ။ အကယ်၍ နဂါးမျိုးနွယ်များဘက်မှ စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်မပြုလုပ်ချင်တော့လျှင် သူတို့ဘက်ကလည်း တိုက်ခိုက်ကြမည်ပဲ ဖြစ်သည်။

ဝူမူက တည်ငြိမ်စွာဖြင့်…

“အလုပ်တစ်ခုကို လုပ်မကြည့်သေးဘဲ အောင်မြင်မယ်လို့တော့ ဘယ်လိုလုပ်အာမခံနိုင်မှာလဲ… ၊ ပြီးတော့ ကျုပ်တို့က ခွန်လွန်တောင်ကို တိုက်ခိုက်မှာမဟုတ်ဘူး… ၊ သူတို့ကို ဒုက္ခပေးရုံလောက်ပဲ လုပ်မှာလေ… ၊ ကျုပ်တို့ ဦးတည်တာက ငရဲတံခါးကိုပဲ… ၊ အောင်မြင်နိုင်ခြေရှိပါတယ်ကွာ စစ်ကူတွေရောက်လာတာကို စောင့်ဖို့ပဲလိုတာ…”

ဝူမူက ယုံကြည်မှုရှိသည့်တိုင် ပေါ့ဆရဲခြင်းတော့ မရှိပေ။

ခွန်လွန်တောင်ကို ရင်ဆိုင်ရာတွင် သူတို့ ခြေလှမ်းတိုင်း သတိရှိနေရမည် ဖြစ်သည်။ အလှမ်းကျယ်သွားမိပါက သေချာပေါက် လဲပြိုကျပေမည်။

ဝူလျဲ့က ဝူမူကိုကြည့်လိုက်ရင်း…

“နဝမတောင်ထွတ်မှာ လူ (၂)ယောက်ရှိတယ်… ၊ မော့ကျန်းသုန့်နဲ့ ကျန်းလန် ပဲ…”

သူက စကားဆက်ပြောသည်။

“မော့ကျန်းသုန့်ကို ဘေးဖယ်ထားလိုက်… ကျန်းလန်အကြောင်းပဲ ပြောရအောင်… ၊ ကျုပ်တို့ သူ့ကို သတ်ပစ်ကြမှာလား…”

ဝူမူက…

“သတ်ရမယ်… ဟုတ်လား…”

သူက ပြုံးလိုက်ရင်း…

“ဒီလို မိုက်မဲတဲ့မေးခွန်းမျိုးတွေကို မစဉ်းစားစမ်းပါနဲ့ကွာ… ၊ ဒီနှစ်တွေတစ်လျှောက်လုံး နတ်လူသားမျိုးနွယ်တွေက ကျန်းလန်ကို အမြဲတမ်း သတ်ဖြတ်ချင်ခဲ့ကြတာ… ၊ ကျုပ်တို့ နတ်မိစ္ဆာတွေလည်း အဲဒီဆန္ဒမရှိဘူး မဟုတ်ဘူး… ၊ ရှိခဲ့ကြပါတယ်…”

“ဒါပေမဲ့ နောက်ဆုံးမှာ နောက်ဆုံးမှာ ဘာဖြစ်သွားကြသလဲ ကြည့်လေ… ၊ အားလုံး သေကုန်ကြတယ်… ၊ မင်းလွှတ်လိုက်တဲ့ လက်အောက်ငယ်သားတွေလည်း အတူတူပဲ မဟုတ်လား… ၊ နတ်လူသားမျိုးနွယ်တွေဆိုလည်း ဘယ်နှစ်ယောက် သေကုန်ကြလဲ မသိနိုင်ဘူး… ၊ ဒါကြောင့် ကျန်းလန်ကို သတ်ဖို့ဆိုတာက လက်တွေ့မကျတဲ့ အလုပ်တစ်ခုပဲ ၊ ကျုပ်တို့က သူ့ကို သတ်ဖို့မလိုဘဲ အနိုင်ယူနိုင်ဖို့ပဲ လိုတယ်… ၊ ကျုပ်တို့ သူ့ကို တွေ့ရပြီဆိုရင် အောင်မြင်ဖို့က ၅၀% ပဲ…”

ဝူလျဲ့က…

“သူ့ကို တွေ့ရင်တောင် မသတ်ရဘူးလား…”

ဝူမူက…

“ဒီကိစ္စကို မင်းဟာမင်း စဉ်းစားလေ… ၊ ကျန်းလန်လည်း စဉ်းစားမှာပဲ… ၊ ဒါပေမဲ့ အမှန်တရားကတော့ ကျုပ်တို့ သူ့ကို မသတ်ဖြတ်နိုင်ဘူးဆိုတာပဲ… ၊ ခွန်လွန်တောင်က သူ့ကို ကာကွယ်ပေးထားတယ်… ၊ သူက ခွန်လွန်တောင်အတွက် သိပ်အရေးအကြီးတယ်… ၊ အနည်းဆုံးတော့ ခွန်လွန်တောင်အနီးပတ်ဝန်းကျင်မှာဆိုရင် ကျုပ်တို့ သူ့ကို သတ်ဖြတ်ဖို့ ခက်ခဲမှာပဲ… ၊ သူ ခွန်လွန်တောင်က ထွက်ခွာသွားရင်တော့ တစ်မျိုးပေါ့ကွာ… ၊ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ သူ့ကို တစ်ခုခု အကြောင်းပြပြီး ခြိမ်းခြောက်နိုင်မယ် ထင်ရတာပဲ…”

ကျန်းလန်နှင့်တွေ့ဆုံရမည်မှာ စိတ်ဝင်စားစရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု တွေးတောနေရင်း ဝူမ၏မျက်နှာထက်တွင် ပြုံးရိပ်သန်းသွားသည်။

ပြိးတော့ ကျန်းလန်ကို မသတ်ဖြတ်နိုင်ဘူးဆိုသော်လည်း ဖမ်းဆီးခေါ်ဆောင်သွားနိုင်မည် မဟုတ်ဟု မဆိုလိုပေ။

ဝူလျဲ့က သိချင်စိတ်ဖြင့်…

“ဒါပေမဲ့ ကျုပ်တို့ သူ့ကို တွေ့တောင်တွေ့နိုင်ပါ့မလား…”

ကျန်းလန်က ခွန်လွန်တောင်အတွက် အလွန်အရေးပါသူတစ်ယောက်ဖြစ်လေရာ သူက ခွန်လွန်တောင်မှ လုံး၀ ထွက်ခွာလာမည် မဟုတ်ပေ။

အမှန်တော့ ခွန်လွန်တောင်က သူ့ကို ဘယ်မှ သွားခွင့်မပြုဘဲ ထိန်းသိမ်းထားငြခ်းပင် ဖြစ်နိုင်သည်။

ကျန်းလန်က တန်ခိုးစွမ်းအား မြင့်မားသူ မဟုတ်ပေ။ အားလုံး၏မျက်စိထဲတွင် သူက ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမကို ထိန်းထားနိုင်ရန်သာ ခွန်လွန်တောင်က သူ့ကို အသုံးချခဲ့ကြခြင်း ဖြစ်သည်။ သူ၏ အရေးပါမှုကတော့ မနည်းသော်လည်း သူ၏တန်ခိုးစွမ်းအားကတော့ အတော်လေး နည်းပါး၏။

ဝူမူက…

“သူက နဝမတောင်ထွတ်မှာပဲ ရှိနေမှာပေါ့… ၊ ဒါပေမဲ့ သူ့ကို မျှားခေါ်ဖို့ အခွင့်အရေးတော့ ကျုပ်တို့ ရှိရမှာပေါ့… ၊ ကျုပ်တို့ သူ့ကို ထောင်မဖ်းနိုင်ရင် အထဲကို ဝင်နိုင်တယ်လေ… ၊ အခက်အခဲတိုင်းမှာ ဖြေရှင်းချက်ဆိုတာ ရှိပါတယ်ကွာ… ၊ သူက စိတ်စွမ်းအားကောင်းတယ်လို့ ကြားဖူးတယ်… ၊ ဒါပေမဲ့ ဘယ်လောက်ပဲ စိတ်စွမ်းအားကောင်းပါစေ အစစ်အမှန်အင်မော်တယ်တစ်ပါးက တိုက်ခိုက်တာကိုတော့ ခံနိုင်ရည်ရှိမှာတဲ့လား…”

ဝူမူက ပြုံးလိုက်ပြီး စကားဆက်ပြောလိုက်သည်။

“အချိန်ကျရင် လှုပ်ရှားကြတာပေါ့ကွာ ၊ သြော်… တစ်ခုကျန်သေးတယ်… ကျုပ်က ဒီအလုပ်တွေနဲ့ပတ်သက်ပြီး အသေးစိတ် စီစဉ်ထားမယ်… ၊ မင်းကတော့ မြန်နိုင်သမျှမြန်မြန် အစစ်အမှန်အင်မော်တယ်ဖြစ်အောင် ကျင့်ကြံပါ ၊ တန်ခိုးစွမ်းအားမြင့်မားနေမယ်ဆိုရင် ကျုပ်တို့ဘက်က ကျရှုံးခဲ့ရင်တောင် လွတ်မြောက်အောင် ထွက်ပြေးဖို့ လွယ်ကူမယ်လေ…”

ဝူလျဲ့က ခေါင်းညိတ်လိုက်ရင်း…

“ကောင်းပါပြီ…”


Comment

Leave a Reply


Options

not work with dark mode
Reset