အပိုင်း (၁၇၃၇)

မြစ်ဝါမြစ်နောက်ပြန်စီးခြင်း

ရှန်လော့ရွှီ၏စကားကို ရီဖူရှင်းက မည်သို့ တုန့်ပြန်ရမည် မသိပေ။ ချင်းယောင်သည် မူမမှန်သည့် ကလေးဖြစ်သည်ဟု သူက သတိထားမိသော်လည်း သည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ဟု မထင်ထားခဲ့။

ချင်းယောင်၏ဇစ်မြစ်ကို သူမကိုယ်တိုင်က မသိသလို မည်သူမှလည်း မသိကြ။

သို့တိုင်အောင် သူမ၏နောက်ခံသည် အလွန်ကြီးမားရပေမည်။

ရီဖူရှင်းသည် သူ၏ဘဝတွင် မရေမတွက်နိုင်သော တန်ခိုးရှင်များကို မြင်တွေ့ဖူး၏။ သို့သော်လည်း ချင်းယောင်သည် ရီဖူရှင်း၏အတွေးအခေါ်များနှင့် ယုတ္တိတန်မှုများအားလုံးကို ရိုက်ချိုးလိုက်နိုင်ခဲ့သော တစ်ဦးတည်းသူဖြစ်သည်။

အတိတ်အကျပြောရလျှင် ထိုအရာကို စွမ်းအားဟုပင် မခေါ်ထိုက်တော့။ တစ်ကြိမ်တစ်ခါမှ ကျင့်ကြံခြင်းမရှိဖူးသော ကလေးငယ်တစ်ဦဂသည် ရန်ဟောင်အဆင့်ကို သတ်ဖြတ်ခဲ့၏။

ထိုအရာက ဘာကို ဆိုလိုသနည်း။

ရီဖူရှင်းကိုယ်တိုင် နားမလည်။ ထိုကိစ္စက ကျင့်ကြံခြင်းလောက၏ယုတ္တိတန်မှုများအားလုံးကို ဖျက်ဆီးသွားသည်။ ရီဖူရှင်းကိုယ်တိုင်က မိမိကိုယ်ကို လွန်စွာ ယုံကြည်ချက်မြင့်မားကာ ကျင့်ကြံခြင်းပါရမီရှင်အဖြစ် ခံယူထားသူဖြစ်သည်။ သို့တိုင်အောင် သူသည် ချင်းယောင်ကဲ့သို့ လုပ်ရန် မဖြစ်နိုင်။

ခေါင်းဆောင်ရွယ်ယူကဲ့သို့သော တန်ခိုးရှင်များက ကောင်းကင်အာဏာစက်ကျောင်းတော်၏ကာကွယ်မှုအောက်တွင်ရှိသော ချင်းယောင်ကို အသက်စွန့်ကာ လုယူရန် ကြိုးစားခဲ့ကြသည်။

သို့ဆိုလျှင် သည်ကိစ္စများ၏နောက်ကွယ်တွင် မည်သူတို့ ရှိသနည်း။

“လျှို့ဝှက်နယ်မြေဘုံမှာ ငရဲတံခါးရဲ့လွှမ်းမိုးမှုက အားလုံးတွေးထင်ထားတာထက် အများကြီး သာလွန်နေတယ်…” ရှန်လော့ရွှီက ဆက်ပြောသည်။ ဘုံကိုးခုမှ ထိပ်သီးအင်အားစုများသည် စစ်ကူများ စေလွှတ်သည်မှာ ထိုအချက်ကို ရိပ်မိကြ၍ ဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်ပင် ရှန်လော့ရွှိက ရွှယ်ယူမြို့သို့ ရောက်လာခြင်းဖြစ်သည်။

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ရှန်လော့ရွှီကို ပြုံးလျှက်ပြောသည် “တစ်ကြိမ်ကို ခြေတစ်လှမ်းစီသွားကြတာပေါ့… ဒါပေမဲ့ ကျုပ်မှာ ကလေးကို စွန့်ပစ်ဖို့ ဆန္ဒတော့ မရှိဘူး…”

“မင်းက ဒီလမ်းကို ရွေးမယ်ဆိုတာ ငါသိပြီးသားပါပဲ…ပြန်သွားကြမယ်…” ရှန်လော့ရွှီက ပြောကာ သူတို့လူများရှိရာသို့ ပြန်သွားသည်။

ထို့ကြောင့်ပင် ရှန်လော့ရွှီသည် ရီဖူရှင်းကို သဘောကျခြင်းဖြစ်သည်။ အဆင့်နိမ့်ရန်ဟောင်တစ်ပါးအနေဖြင့် သူသည် သူ့ဆရာအတွက် စစ်တပ်တစ်ခုကို ဦးဆောင်ကာ ရှန်ကလန်ကို လာရောက်တိုက်ခိုက်ရဲသည်။ လူငယ်ကား ကြီးမားသော ဇွဲသတ္တိနှင့် ရဲရင့်ခြင်းများကို ပိုင်ဆိုင်၏။

ရီဖူရှင်းက ကလေးမကို လက်လွှတ်လိုက်ပါက သူမအနေဖြင့် စိတ်ပျက်မိမည်ဖြစ်သည်။

ရီချင်းယောင်သည် ထိုနေရာတွင်ပင် ရပ်ကာ ရီဖူရှင်းနှင့် ရှန်လော့ရွှီကို ရပ်လျှင်စောင့်နေသည်ကို တွေ့ရ၏။ ရီဖူရှင်းက သူမထံသို့ လျှောက်လာသည်ကိုမြင်လျှင် သူမက ခေါင်းမော့လျှက် ကြည့်သည်။ သူမ၏မျက်လုံးများက အားငယ်ဖျော့တော့နေ၏။

ထိုမျက်လုံးများဖြင့် အကြည့်ချင်းဆုံမိလျှင် ရီဖူရှင်း နာကျင်ရသည်။ သူမအတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရီဖူရှင်းတစ်ယောက်သာကျန်ရစ်တော့ဟန်တူသည်။ သို့သော်လည်း သူမသည်ကား ပုံမှန်မဟုတ်သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားကာ အခက်အခဲများ၊ လောကဓံ၏ရိုက်ခတ်မှုများကို ခံယူရမည့် ကံကြမ္မာရှိနေသည်။

ရီဖူရှင်းက သူမကို ထာဝရ ကာကွယ်သွားရန်ကား မဖြစ်နိုင်။

ရီဖူရှင်းက သူမထံသို့ လျှောက်လာခဲ့သည်။ သူမ၏ခေါင်းကို အသာပုတ်ကာ ရီဖူရှင်းက ပြုံးသည်။

ရီချင်းယောင်က ခေါင်းမော့ကာ ရီဖူရှင်းအား ကြည့်လျှက် တီးတိုးပြောသည် “အစ်ကိုကြီး… ညီမလေးကို လက်လွှတ်လိုက်ပါတော့။ ညီမက အစ်ကိုကြီးတို့ကို ကံဆိုးမှုတွေ သယ်လာလိမ့်မယ်…”

“ညီမလေးကို ဘယ်သူပြောတာတုန်း…” ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ချင်းယောင်… ညီမလေးရဲ့မျိုးရိုးနာမည်က ရီဖြစ်နေပြီ။ သေချာပေါက် အစ်ကိုရီက ကာကွယ်ပေးမှာပေါ့။ ပြီးတော့ ညီမလေးက ဘာလို့ ကံဆိုးတာတွေ သယ်လာရမှာလဲ။ အတိတ်က မကောင်းတဲ့အဖြစ်အပျက်တွေအားလုံးဟာ ညီမလေးရဲ့ ထူးခြားကောင်းမွန်လွန်းတဲ့ဘဝကြောင့် ဖြစ်လာတာပဲ။ ဒါကြောင့် ကောင်းမွန်တဲ့အနာဂတ်အတွက် ညီမလေးက သန်မာနေမှ ရမယ်… ဟုတ်ပြီလား…”

ရီဖူရှင်းပြောသည်ကို ရီချင်းယောင်က အမှန်တကယ် နားမလည်သော်လည်း သူမက မှတ်သားကာ ခေါင်းညိတ်သည်။

“သိပ်အများကြီးမတွေးနဲ့။ ညီမလေးက ကံကြမ္မာရဲ့သမီးတော်လည်း ဖြစ်နိုင်တာပဲ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ရာရာကလည်း ရှေ့ကို လျှောက်လာခဲ့ကာ ချင်းယောင်၏လက်ကို ဆွဲကိုင်လျှက်ပြောသည် “ဒါကို စိတ်ထဲ မထားနဲ့တော့…”

“ဟုတ်ကဲ့…” ချင်းယောင်က ခေါင်းညိတ်ကာ ပျော်ရွှင်စွာ ပြောသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင်…

ရွှယ်ယူမြို့၊ မြစ်ဝါမြစ်အနီး။

ကမ်းစပ်သည် လူအုပ်များဖြင့် ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် မြစ်ဝါမြစ်ကို လှမ်းကြည့်နေကြ၏။

မြစ်ဝါမြစ်သည် လှိုင်းထန်ကာ ဆူညံသံများ ပေးနေသည်။ ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်ကား မြစ်ရေသည် အနိမ့်မှ အမြင့်ကို စီးဆင်းနေခြင်းပင်။

မြစ်ဝါမြစ်သည် အပေါ်သို့ ဆန်တက်နေ၏။ ကမ်းပါးများများကို မြစ်ရေများက အဆက်မပြတ် လာရောက်ရိုက်ခတ်နေကြ၏။

ရွှယ်ယူမြို့မှ မြစ်ရေသည် အလွန်ထူးဆန်းကာ ဖျက်ဆီးအားပြင်းသည်။ မြစ်ရေနှင့်ထိမိသမျှသော သက်ရှိများသည် အသက်သေဆုံးကြရ၏။

ပို၍ ကြောက်စရာကောင်းသည်ကား မြစ်ရေသည် ဂိတ်တံခါးအသွင်သို့ ပြောင်းလဲလာခြင်းပင်။ မြစ်ရေသည် မည်မျှပြင်းထန်ရုန့်ရမ်းသည်ဆိုသော်လည်း မြစ်ဝါမြစ်တံခါးသည် ကြံ့ခိုင်စွာ ရှိနေ၏။

“ငရဲဂိတ်တံခါးက မြစ်ဝါမြစ်ထဲမှာလား…” တစ်ယောက်က ရေရွက်သည်။ မြစ်ဝါမြစ်သည် ငရဲတံခါး အမှန်တကယ် ဖြစ်နိုင်ပေသည်။

မည်သို့ဆိုစေ မည်သူမှ အရမ်းကာရော မလှုပ်ရှားရဲကြပေ။

မြစ်ဝါမြစ်သည် ရွှယ်ယူမြို့တွင် သေမင်းမြစ်အဖြစ် နာမည်ကျော်ကြားသည်။ ရန်ဟောင်တန်ခိုးရှင်သည်ပင် မြစ်ရေ၏ဝါးမျိုခြင်းခံရပါက အသက်မရှင်နိုင်ပေ။

ရွှယ်ယူမြို့ကို ဖြတ်သန်းစီးဆင်းနေသော မြစ်ရေသည် ရွှယ်ယူမြို့မှ ကျင့်ကြံသူများအတွက် သေဆုံးခြင်းအသိကို လေ့လာဆင်ခြင်နိုင်သော အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။

မရေမတွက်နိုင်သော တန်ခိုးရှင်များသည် မြစ်ဝါမြစ်ကမ်းဘေးတွင် လာရောက်ကာ ကျင့်ကြံလေ့ရှိကြ၏။

ထိပ်သီးအင်အားစုမှ တန်ခိုးရှင်များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာနေကြသည်။ မြစ်ပြင်ထက်တွင် ရေများမြင့်တက်ခြင်းမှ ထူးဆန်းစွာပင် ဂိတ်တံခါးတစ်ခု အသွင်ဖြစ်လာပြီဖြစ်သည်။ ဂိတ်တံခါးသည် မီတာရာပေါင်းများစွာ မြင့်မားပြီး ရှေးခေတ်မှ နတ်တံခါးအလား ထင်မှတ်ရသည်။

သို့သော်လည်း မည်သူမှ ဝင်ရောက်ရန် မကြိုးစားကြပေ။

ပြောရလျှင် မည်သူမှ အသက်မစွန့်ရဲ။

“ဆရာတော်ပုတောက်က ဘယ်လိုထင်ပါသလဲ…”တစ်ယောက်က ဘုန်းကြီးအိုကို မေးသည်။ ဘုန်းကြီးအိုကား တောင်တန်းဘုံမှ ဆရာတော်ပုတောက်ဖြစ်သည်။ သူသည် ဗုဒ္ဓတရားတော်နှင့်ပတ်သက်၍ နက်ရှိုင်းသော အသိပညာဗဟုသုတများဖြင့် ပြည့်စုံသူဖြစ်သည်။ ထို့အပြင် သူသည် တောင်တန်းဘုံမှ တန်ခိုးရှင်များကို ဦးဆောင်ကာ မြစ်ဝါမြစ်သို့ ရောက်လာ၏။ မြစ်ဝါမြစ်မှ ဂိတ်တံခါးပေါ်အောင် သူက သက်ဝင်လှုပ်ရှားစေခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် သည်ကိစ္စတွင် ဆရာတော်ပုတောက်၏အမြင်က အလွန်အရေးကြီးပေသည်။

တောင်တန်းဘုံမှ ဗုဒ္ဓတန်ခိုးရှင်များသည် ရွှေဝါရောင်အလင်းများ ထုတ်လွှတ်ထားကြသည်။ ဆရာတော်ပုတောက်က သူ၏စိတ်ပုတီးကို လက်ဖြင့် ကိုင်ကာ ပြောသည် “ဒါက ငရဲတံခါးပဲ…”

လူအများအပြားက စိတ်ဝင်တစား နားထောင်နေကြသည်။ သည်လူက ဤသို့ တည့်တိုးမေးမည်ဟု မထင်ထားကြ။

ထို့အပြင် ဆရာတော်ပုတောက်သည်လည်း သည်နေရာဟူ၍ တစ်ထစ်ချ သတ်မှတ်ထားသည်။

“ခင်ဗျားက ဘာလို့ ဒီလောက် သေချာနေတာလဲ…” တစ်ယောက်က မေးသည်။

“ငါ့ စိတ်ခံစားချက်အရပါပဲ…” ဆရာတော်ပုတောက်က ပြန်ပြောသည်။ လူအများအပြားက ချက်ချင်း စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ သူတို့က တစ်ဘက်လူ၏စိတ်ခံစားချက်ကို ယုံကြည်နိုင်ပါမည်လော။

သို့သော်လည်း လူတချို့ကမူ ဆရာတော်ပုတော်ကို အကြွင်းမဲ့ယုံကြည်ကြပေသည်။ ငရဲတံခါးသည် မြစ်ဝါမြစ်အမှန်တကယ် ဖြစ်ရပေမည်။

“ဆရာတော်ပုတောက်က ဗုဒ္ဓလမ်းစဉ်မှာ အတော်ဆုံးဆရာတစ်ပါးပဲ။ သူက မြစ်ဝါမြစ်ဟာ ငရဲတံခါးဆိုရင် အဲဒါက အမှန်ပဲ ဖြစ်ရမယ်…” ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ချီရှင်းက ပြောသည်။

“ဆရာတော်ပုတောက်က ကျုပ်တို့ကို ငရဲတံခါးဘယ်လိုလဲဆိုတာ လိုက်ပြပေးနိုင်မလား…” တခြားတစ်ယောက်က မေးသည်။

သူကား နေမင်းနန်းတော်မှ တိဝူဆိုသော တစ်ယောက်ဖြစ်သည်။ သူက ဘုန်းကြီးများအား လမ်းပြပေးရန် ပြောနေခြင်းဖြစ်၏။

သူတို့အားလုံး မြစ်ဝါမြစ်သို့ ရောက်နေခြင်းဖြစ်သည်။ မည်သူမှ အခြေအနေကို မသိရဘဲ မလှုပ်ရှားရဲကြ။

မည်သူမှ မြစ်ဝါမြစ်တွင်ဖြစ်ပေါ်လာသော ဂိတ်တံခါး မည်သို့သော အန္တရာယ်ရှိသည်ကို မပြောနိုင်။

“မင်းတို့က ကိုယ်တိုင် မသွားတတ်ဘူးလား…” တိဝူကို တစ်ယောက်က ပြန်ပြောသည်။

သူကား ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ကွေ့ကျန်းဖြစ်သည်။

ဘုံကိုးခုမှ အင်အားစုများအားလုံးသည် သူတို့၏တန်ခိုးရှင်များကို ရွှယ်ယူမြို့သို့ စေလွှတ်ခဲ့ကြ၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် နတ်ဝင်ရိုးများကို ဖွဲ့စည်းခဲ့ကြသော ပါရမီရှင်များသည်လည်း ရောက်လာခဲ့ကြ၏။

မည်သို့ဆိုစေ သူတို့သည် ကျင့်ကြံခြင်းလောက၏အနာဂတ်မျိုးဆက်များဖြစ်ကြပြီး အခွင့်အလမ်းများကို ဆုပ်ကိုင်ရန် အမြဲအဆင်သင့်ရှိနေရန် လိုပေသည်။

ထို့အပြင် သူတို့သည် တာဝန်တချို့ကို ထမ်းပိုးရန် လုံလောက်အောင် သန်မာနေကြပြီဖြစ်သည်။

သူတို့ကသာ ထိပ်သီးအင်အားစုများမှ ထွက်ဖြစ်ခဲ့လျှင် ကိုယ်ပိုင်နယ်မြေတချို့ကို အစိုးရနိုင်သော သန်မာမှုများရှိနေပေပြီ။

“ဒီဂိတ်တံခါးကို ရှာတွေ့ခဲ့တာ ဆရာတော်ပုတောက်ပဲ။ ပြီးတော့ ဆရာတော်ပုတောက်လို အစွမ်းထက်တဲ့လူနောက်ကို လိုက်တာ ဘာမှားလို့လဲ” တိဝူက တည်ငြိမ်စွာ ပြန်ပြောည် “ကျုပ်တောင်းဆိုမှုက မှားတယ်လို့ ဆရာတော်တွေးထင်မယ် မထင်ဘူး”

“မင်းပြောတာ တရားနည်းလမ်းကျတယ်…” ကွေ့ကျန်းက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ တစ်ဘက်လူ၏စကားကို သူက မည်သို့ ချေပရမည် မသိပေ။

အဝေးမှ အဖွဲ့တစ်ဖွဲ့သည် ဂိတ်တံခါးထံသို့ လှမ်းသွားနေကြသည်။ လူအများအပြားက သူတို့အား လှမ်းကြည့်၏။ တစ်ဘက်လူများကို မြင်သည်တွင် တိဝူ၏မျက်လုံးများမှ နတ်မီးတောက်များ လင်းလက်လာ၏။

ရီဖူရှင်း၏ဘေးမှ ငွေရောင်ဆံပင်ဖြင့် အမျိုးသမီးသည် ရှန်ကလန်၏နာမည်ကျော် အာဂအမျိုးသမီးဖြစ်သည်။

စိတ်မကောင်းစရာပင်။

ရှန်လော့ရွှီကား ယခင်နေ့ရက်ဟောင်းများတွင် နာမည်ကျော်ကြားထင်ရှားသူဖြစ်သည်။ သူမသည် ရှန်ကလန်တွင်သာ ဆက်နေခဲ့ပါက ရှန်ကျဲ့၏ဆက်ခံသူပင် ဖြစ်လာနိုင်၏။

ယခုကား သူမသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်သွားခဲ့သည်။

ရီဖူရှင်းတို့သည် အနည်းငယ်လှမ်းသော နေရာသို့ ရောက်လာပြီးနောက်တွင် မြစ်ဝါမြစ်ဂိတ်တံခါးကို လှမ်းကြည့်သည်။ ရေပြင်သည် နောက်ကို စီးဆင်းကာ မီတောက်ပေါင်းများစွာ မြင့်မားသော ဂိတ်တံခါးဖြစ်လာခြင်းအား အံ့အားတသင့်ဖြစ်နေသည်။ မည်သို့သော ထူးဆန်းမှုမျိုး မြစ်ဝါမြစ်အတွင်း၌ ရှိနေသနည်း။

ထျန်ရှင်းဘုန်းတော်ကြီးကျောင်းက ထိုဂိတ်တံခါးကို တွေ့ရှိခဲ့သည်ဟု သူကြားထားသည်။

“ဆရာကွေ့ကျန်းနဲ့ မတွေ့ဖြစ်တာတောင် အတော်ကြာပြီ…” ရီဖူရှင်းက ကွေ့ကျန်းကို ပြုံးလျှက် နှုတ်ဆက်သည်။

“ဒကာတော်ရီကို တွေ့ရတာ ဝမ်းသာပါတယ်…” ကွေ့ကျန်းက လက်ဖဝါးကို ရင်ဘတ်တွင် ထောင်လျှက်အနေအထားဖြင့် နှုတ်ဆက်သည် “နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာကတည်းက ကျုပ်ဟာ ဒကာတော်ရီကို လေးစားအားကျမိတယ်။ တောင်တန်းဘုံကလူတွေတောင်မှ ဒကာတော်ရဲ့နာမည်ကို ကြားသိကြရတာ အံ့အားသင့်စရာပါပဲ…”

“မထိုက်တန်တဲ့ ကျော်ကြားမှုပါပဲ…” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“ဒကာတော်က နှိမ့်ချလွန်းပြီ…” ကွေ့ကျန်းက ရယ်မောလိုက်သည်။

“အစ်ကိုရီက ဘုံကိုးခုမှာ လျှမ်းလျှမ်းတောက်ကျော်ကြားနေတာပဲ။ ဒီလောက် မနှိမ့်ချပါနဲ့…” တခြားတစ်နေရာမှ လူတစ်ယောက်က ပြောသည်။ ရီဖူရှင်းက လှမ်းကြည့်လိုက်လျှင် ပြောလိုက်သူမှာ ထျန်ရှင်းကျောင်းတော်မှ ကျန့်ချန်းကျူဖြစ်နေသည်ကို တွေ့ရ၏။

“ထျန်ရှင်းကျောင်းတော်က စီနီယာတွေကို တွေ့ရတာ ဝမ်းသာပါတယ်…” ရီဖူရှင်းက ကျန့်ချန်းကျူနှင့် တခြားသော လူများကို နှုတ်ဆက်သည်။ သူသည် အပေးအယူဖြင့်သာ ကျောင်းတော်၌ ခိုလှုံခဲ့သော်လည်း အနည်းနှင့်အများတော့ ကျေးဇူးတင်ပေသည်။

ထျန်ရှင်းကျောင်းတော်မှ လူများက ခေါင်းညိတ်ကြသည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ နာမည်ကျော်ကြားခဲ့ကြသူများသည် ယခု ပြန်လည်ဆုံတွေ့ကြပြီဖြစ်သည်။

နန်လော့ရှန်း၊ ချင်းနီနှင့် ယူချင်းတို့လည်း ရောက်နေကြသည် မဟုတ်ပါလား။

တစ်ဘက်တွင် ရှန်ဟောက်သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေကနှင့်စာလျှင် အနည်းငယ် နှိမ့်ချကာ ပြုမူနေပြီဖြစ်သည်။

ရီဖူရှင်းသည် ရှန်ဟောက်ကို တက်နင်းကာ နာမည်ကျော်ကြားလာခဲ့၏။

“အခြေအနေ ဘယ်လိုလဲ… အဖွား…” ရီဖူရှင်းက ဘေးမှ ရှန်လော့ရွှီကို မေးသည်။

“လူအတော်များတယ်…” ရှန်လော့ရွှီက ပြန်ပြောသည် “အဆင့်မြင့်ရန်ဟောင်တွေတောင်မှ ရောက်နေတယ်…”

သူမ၏နတ်ဘုရားအာရုံသည် ထိုနေရာတစ်ခုလုံးကို ပျံ့နှံ့နေ၏။ သူတို့သည်သာ မြစ်ဝါမြစ်ဂိတ်တံခါးကို စိတ်ဝင်စားကြသည် မဟုတ်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset