မိန်းမငယ်လေးက သူမ၏အကြည့်ကိုချက်ချင်းလွှဲလိုက်သည်။ သူမကခေါင်းကိုငုံ့၍ သူမ၏ခြေထောက်များအားကြည့်နေလေသည်။
“မင်းနာမည်က ဘယ်လိုခေါ်လဲ” ရီဖူရှင်းက မေးလိုက်သည်။
မိန်းကလေးက ခေါင်းကိုယမ်း၍ တိုးတိုးလေးပြောလိုက်သည်။ “သမီးမှာ နာမည်မရှိဘူး”
“နာမည်မရှိဘူးလား” ရီဖူရှင်းက ကြောင်အသွားသည်။ သူကထပ်မေးလိုက်သည် “အဲ့ဒါဆို မင်းရဲ့မိသားစုကရော”
မိန်းကလေးက ခေါင်းကိုယမ်းလိုက်ပြန်သည်။ သူမက ပါးစပ်ကိုသာပိတ်၍ ဘာမှမပြောပေ။ သူမတွင် မိသားစုလည်းမရှိပေ။
သူမသည် ဤကမ္ဘာသို့မည်ကဲ့သို့ရောက်ရှိလာမှန်းလည်းမသိသလို ဤအချိန်အထိအသက်ရှင်နေထိုင်နိုင်ရန် မည်ကဲ့သို့လုပ်နိုင်ခဲ့ကြောင်းလည်း မသိပေ။ သူမ သိသည်မှာ သူမသည် ကံဆိုးစေသောမိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမနှင့်ပတ်သတ်မိသူတိုင်းမှာ မကောင်းသောအဆုံးသတ်နှင့်သာတွေ့ကြုံကြရသည်ဆိုခြင်းပင်ဖြစ်သည်။
“မမတို့ မင်းကိုအတူခေါ်သွားမယ်” ရာရာက နူးညံ့စွာပြောလိုက်သည်။
မိန်းကလေးက သူမ၏ခေါင်းကို ခါယမ်း၍ ငြင်းဆန်လေသည်။ သူမက သူမ၏လက်သေးသေးလေးကို ပြန်ဆွဲယူလိုက်သည်။
“ဘာဖြစ်လို့လဲ ” ရီဖူရှင်းက မေးလိုက်သည်။
“အကိုကြီးနဲ့ မမက လူကောင်းတွေမို့ မမတို့ကို မထိခိုက်စေချင်ဘူး” မိန်းမငယ်လေးက တွန့်ဆုတ်သောအသံဖြင့်ပြောလိုက်သည်။ “သမီးက တခြားလူတွေကို ထိခိုက်အောင်မရည်ရွယ်ပေမယ့် ကံဆိုးမှုတွေကို ယူဆောင်လာတဲ့သူဆိုတာ ကိုယ့်ကိုယ်ကိုသိတယ်…သမီးနဲ့ရင်းနီးသွားတဲ့လူတိုင်း ဒုက္ခရောက်ကြတယ်”
“အိုး… တိုက်ဆိုင်လိုက်တာ။ အကိုကလည်း အဲ့လိုမျိုးပဲ” ရီဖူရှင်းက ရယ်၍ပြောလိုက်သည်။ မိန်းမငယ်လေးက သူ၏ရယ်သံအားကြားသောအခါ ခေါင်းကိုမော့၍ သူ့မျက်လုံးများအား ကြည့်လိုက်လေသည်။ သူမက သူ၏မျက်လုံးများသည် သူမမြင်ဖူးသမျှထဲတွင် အတောက်ပဆုံးဖြစ်သည်ဟု သူမဘာသာတွေးလိုက်မိသည်။
သူသည် ချောမောခန့်ညားကာ နွေးထွေးကြင်နာလေသည်။
“တကယ်လားဟင်” မိန်းကလေးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“အင်း…” ရီဖူရှင်းက ခေါင်းငြိမ့်ကာထောက်ခံလိုက်ပြီး ပြောလိုက်သည်။ “အကိုတို့သာ အတူနေမယ်ဆိုရင် ငါတို့က မီးကို မီးနဲ့တိုက်ခိုက်နေသလိုဖြစ်နေမှာပဲ”
မိန်းကလေးက ရီဖူရှင်း၏စကားကို သိပ်နားမလည်သော်လည်း သူမက ရီဖူရှင်း၏အပြုံးမှ ရင်းနှီးဖော်ရွေမှုကို ခံစားရလေသည်။ သူမ၏ညစ်ပေနေသောမျက်နှာထက်၌ အပြစ်ကင်းသောအပြုံးလေးတစ်ချက်ပေါ်ပေါက်လာသည်။ သူမက မျက်နှာသေနှင့်ဖြစ်သော်လည်း သူမ၏အပြုံးကမူ နွေးထွေးလှသည်။ ထိုသည်က စိတ်ရင်းဖြင့်ပြုံးသော အပြုံးဖြစ်လေသည်။
ရီဖူရှင်းနှင့် ရာရာက လက်ကိုဆန့်တန်းလိုက်ပြီး မိန်းမငယ်လေးက ပြုံးကာ သူတို့၏လက်များကို တစ်ဖက်တစ်ချက် ဆွဲကိုင်လိုက်လေသည်။
“အကိုကြီးကို ညီမလေးအတွက် နာမည်ပေးခိုင်းရင်မကောင်းဘူးလား” ရာရာက မိန်းမငယ်လေးအားကြည့်ကာ ငြင်သာစွာပြောလိုက်သည်။
“ပေးလို့ရလားဟင်” မိန်းကလေးက ရီဖူရှင်းထံသို့လှည့်ကာ မေးလိုက်သည်။ သူမကိုကြည့်ရသည်မှာ ရှက်ကြောက်၍ မဝံ့မရဲဖြစ်နေသော်လည်း မျှော်လင့်နေသည့်ပုံပေါ်ပေသည်။
“ဒါပေါ့” ရီဖူရှင်းက ခေါင်းငြိမ့်ကာတုန့်ပြန်လိုက်သည်။ သူက ခဏကြာစဥ်းစားနေပြီး မေးလိုက်သည်။ “ညီမလေး သဘောကျတာ ဘာရှိလဲ”
“မသိဘူး” မိန်းကလေးက အားလျော့ဟန် ခေါင်းကိုယမ်းလိုက်သည်။
“ဒါဆို လုပ်ချင်တာတစ်ခုခုရောရှိလား” ရီဖူရှင်းက ထပ်မေးလိုက်သည်။
မိန်းကလေးက ခေါင်းကိုမော့၍ ရီဖူရှင်းကိုကြည့်လိုက်ပြီး တွန့်ဆုတ်စွာပြောသည်။ “သမီး ဒီ့ထက်ပိုပြီး ကြည့်ကောင်းချင်တယ်။ အဲ့လိုဆိုရင် နေ့တိုင်းပုန်းနေစရာမလိုတော့ဘဲ တခြားပုံမှန်ကောင်မလေးတွေလို နေလို့ရပြီ”
ရီဖူရှင်းက တုန့်ဆိုင်းသွားသည်။ သူသည် ရင်ထဲတွင် ဝမ်းနည်းမှုကိုခံစားလိုက်ရသည်။ ထိုသည်မှာ အလွန်ရိုးရှင်းသော ဆန္ဒသာဖြစ်သည်။ သို့သော် မိန်းမငယ်လေးအတွက်မူ ထိုသည်က အလွန်ကြီးမားသော အိပ်မက်ဖြစ်နေလေသည်။
သူမက ရီဖူရှင်း၏မျက်လုံးများမှ အကြည့်ကိုမြင်သောအခါ ခေါင်းကိုပြန်ငုံ့လိုက်သည်။ ထိုသည်မှာ သူမ၏အိပ်မက်သာဖြစ်ပြီး အကိုကြီးနှင့်မမတို့က သူမနှင့်မသက်ဆိုင်ပေ။ သူတို့က သူမအား မည်သို့အတူခေါ်ဆောင်သွားမည်နည်း။
သူမသည် မကြာခင်မှာပင် တစ်ကောင်ကြွင်ပြန်ဖြစ်ပေလိမ့်မည်။
သူမက ထိုအကြောင်းအားတွေးမိလိုက်ပြီး သူမ၏အမူအရာက စိတ်ဓာတ်ကျကာ ဝမ်းနည်းသည့်ပုံပေါ်လာလေသည်။
“မင်းနာမည်ကို ချင်းယောင်လို့ခေါ်မယ်။ ဘယ်လိုလဲ” ရီဖူရှင်းက ငြင်သာစွာ ပြောလိုက်သည်။
မိန်းကလေးက ရီဖူရှင်းအားကြည့်၍ ရေရွတ်လိုက်သည်။ “ချင်းယောင်…သမီးသဘောကျတယ်။ ကျေးဇူးတင်ပါတယ် အကိုကြီး”
“သူမရဲ့ မျိုးရိုးနာမည်က ‘ရီ’ဖြစ်ရင် အဆင်ပြေရဲ့လား” သူမ၏ဘေးတွင် ရာရာက ရီဖူရှင်းအား မျှော်လင့်နေသောအကြည့်ဖြင့်ကြည့်လိုက်သည်။
ရီဖူရှင်းက ခဏတာတုန့်ဆိုင်းသွားပြီးနောက် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ ရာရာက ထိုမိန်းကလေးအား ဂရုဏာသက်နေလေသည်။ ထိုစဥ်က သူမသည်လည်း ဘဝတွင် ထိုကဲ့သို့ဆိုးဝါးသောအခြေနေမျိုးဖြင့် ကြုံတွေ့ခဲ့ဖူးလေသည်။
ထိုခက်ခဲသောအချိန်များတွင် ရီဖူရှင်းက ရာရာအတွက် ထောက်တိုင်ကြီးသဖွယ်ရပ်တည်ပေးခဲ့သည်။ ထို့ကြောင့် သူမက ထိုမိန်းမငယ်လေးအား ကိုယ်ချင်းစာမိခြင်းမှာ ဖြစ်နိုင်လေသည်။ ထိုစဥ်က ရာရာ၏အသက်မှာလည်း ချင်းယောင်နှင့်အတူတူလောက်ပင် ဖြစ်သည်။
“ဒါပေါ့ အဲ့လိုပဲဖြစ်ရမှာပေါ့” ရီဖူရှင်းက ခေါင်းညိမ့်ကာတုန့်ပြန်လိုက်သည်။ သူသည် ရာရာ၏ဆန္ဒအား ငြင်းပယ်မည်မဟုတ်ပေ။
မိန်းကလေးက သူတို့ပြောနေသည်အားသိပ်နားမလည်ပေ။ သူမက ခေါင်းကိုမော့၍ သူတို့အား သိချင်စွာကြည့်လိုက်သည်။ သူမက သူမဘေးတွင် လူများစွာက သူမအားကြည့်နေကြောင်း မြင်လိုက်ရသည်။ သူတို့၏အကြည့်များမှ ကြင်နာမှုက သူမအားနွေးထွေးသွားစေလေသည်။
“အကိုကြီးရဲ့မျိုးရိုးနာမည်က ‘ရီ’ တဲ့…” ရာရာက မိန်းမငယ်လေးအား ရှင်းပြလိုက်သည်။
မိန်းမငယ်လေးသည် အလွန်ရိုးသားသည်မှာသိသာလှပေသည်။ သူမ၏ပတ်ဝန်းကျင်မှကြင်နာလှသောအပြုံးများကိုကြည့်၍သူမသည်ခေါင်းကိုအသာငုံ့လိုက်ကာမျက်ရည်များကျဆင်းလာလေသည်။သို့သော်သူမသည် သူမ၏ခံစားချက်များကို အလျှင်အမြန်ပြန်လည်ထိန်းချုပ်လိုက်သည်။ သူမသည်တကောင်ကြွက်ဖြစ်နေခြင်းနှင့်နေသားကျနေပြီး သူမနှင့်ရွယ်တူ မိန်းမငယ်လေးများနှင့်စာလျှင် သူမ၏ဘဝကအလွန်ကြမ်းတမ်းခဲ့လေသည်။ သူမသည်ဆယ်နှစ်သာရှိသေးသော်လည်း မည်သည့်အရာနှင့်ကြုံတွေ့ရစေကာမူ အလွယ်တကူငိုကြွေးခြင်းမရှိခဲ့ပေ။
ရီချင်းယောင်…
သူမသည်ထိုနာမည်ကို သူမ၏ရင်ထဲ၌ကမ္ပည်းထိုးထားလိုက်လေသည်။ သူမကကျေးဇူးတင်ပါသည်ဟု မပြောခဲ့သော်လည်း ယနေ့သည်သူမဘဝအတွက်အပျော်ရွှင်ရဆုံးနေ့ဖြစ်လေသည်။ သူမတွင် နောက်ဆုံး၌ နာမည်တစ်ခုရှိသွားခဲ့လေပြီ။
ထို့အပြင်ထိုနာမည်မှာ အလွန်လှပလေသည်။ ထိုနာမည်မှာသူမတွေ့ဖူးသော ကစားဖော်များ၏နာမည်များထက် ပို၍ကောင်းမွန်လေသည်။
ထိုနာမည်သည် မင်းသမီးလေးများ၊သခင်မလေးများနာမည်နှင့်ပင်ဆင်တူနေလေသည်။ထိုနာမည်၌ ကောင်းမွန်သော အရှိန်အဝါများပါရှိနေသလိုပင် ခံစားရလေသည်။
ရီဖူရှင်းနှင့်သူ၏အုပ်စုက ညအိပ်တည်းခိုရန်တည်းခိုဆောင်တစ်ခုကိုရှာဖွေတွေ့ရှိသွားလေသည်။ ရာရာက ချင်းယောင်အားခေါ်၍ရေချိုးပေးလေသည်။ သူမအားသန်းရှင်းသောအဝတ်အစားများလဲလှယ်ပေးပြီးနောက် ရာရာကသူမကို အိပ်ယာပြင်ပေးလိုက်သည်။
ခြံဝန်းထဲတွင် ရီဖူရှင်းက တိတ်ဆိတ်စွာထိုင်နေလေသည်။
ရာရာက ရီဖူရှင်း၏ဘေးတွင်ထိုင်၍ တီးတိုးပြောလိုက်သည်။”ကလေးက ငါ့ရဲ့လက်ကိုပဲကိုင်ထားပြီးတော့ အိပ်ဖို့ငြင်းဆန်နေတယ်။ သူမကိုကြည့်ရတာ သူမနိုးလာရင် ငါတို့မရှိတော့မှာကိုကြောက်နေတဲ့ပုံပဲ။ သူအိပ်ပျော်သွားပြီးတာတောင်မှ အိပ်မက်ထဲမှာစကားပြောနေတုန်းပဲ။ သူမက တချိန်လုံးပြုံးနေပြီး ရီချင်းယောင်ဆိုတဲ့နာမည်ကိုပဲ တဖွဖွခေါ်နေတာ။ သူမက အဲ့ဒီနာမည်ကိုစိတ်ထဲမှာစွဲနေအောင်တစ်ချိန်လုံးပြောနေတဲ့ပုံပဲ။”
ရီဖူရှင်းက သက်ပြင်းချလိုက်သည်။ သူသည်ထိုမိန်းကလေးနှင့်ယခုမှတွေ့ဆုံခြင်းဖြစ်ပြီး သူမအား သံယောဇဥ်မရှိသေးပေ။ သူတို့၏တွေ့ဆုံမှုမှာ ရိုးရှင်းသောတိုက်ဆိုင်မှုသာလျှင်ဖြစ်သည်။ ရီဖူရှင်းက ကျင့်ကြံသူအုပ်စုတစ်စုက မိန်းမငယ်လေးကို အနိုင်ကျင့်ရန်ကြိုးစားနေသည်ကိုမြင်သောအခါ လစ်လျူမရှုနိုင်ယုံမျှသာဖြစ်သည်။
သို့သော်သူသည် ကျင့်ကြံခြင်းလောကက အလွန်ကြီးမားကြောင်းသိလေသည်။ ဤကဲ့သို့ဖြစ်ရပ်များမှာနေ့စဥ်ဖြစ်ပျက်လေခြင်းဖြစ်သည်။ သူကထိုကိစ္စများနှင့်ပတ်သတ်၍ မည်သည်အရာမျှလုပ်နိုင်မည်မဟုတ်ပေ။
သို့သော်ချင်းယောင်တစ်ယောက်သာဆိုလျှင်မူ သူသည်သူမအားခက်ခဲကြမ်းတမ်းမှုမရှိသော ရိုးရှင်းသည့်ဘဝလေးအားပေးရန် တတ်နိုင်ပေသည်။
“နင်က သူမကို အတူခေါ်လာခဲ့မှာမို့လား…” ရာရာက ရီဖူရှင်းအားမေးလိုက်သည်။
“ရာရာ နင်ကအရင်တုန်းကတခြားသူတွေပေါ်မှာ အဲ့ဒီလောက်ဂရုမစိုက်ဖူးပါဘူး” ရီဖူရှင်းကအပြုံးဖြင့်ပြောလိုက်သည်။ သူသည် သူမအတွက်မူခြွင်းချက်ရှိလေသည်။ ရာရာက သူမ၏အသက်အား သူ့အတွက်အကြိမ်ပေါင်းများစွာ စွန့်လွှတ်ခဲ့လေသည်။
ပုံမှန်အားဖြင့်ရာရာသည် အမြဲတမ်းတိတ်ဆိတ်ငြိမ်သက်နေ၍ ဘာမှသိပ်ဝင်ပါလေ့မရှိပေ။ သို့သော်ရီဖူရှင်း အန္တရာယ်တောထဲ ကျရောက်နေသည့်အချိန်တိုင်း သူမသည် သူ့အတွက်အသက်စွန့်နိုင်သောသူများထဲမှ တစ်ယောက်ဖြစ်လေသည်။ ရီဖူရှင်းက ထိုအရာအား အမြဲတမ်း သိရှိ၍ တန်ဖိုးထားလေသည်။
ရာရာကမည်သည်ကိုမှမပြောပဲ သူ့အားစိုက်၍ကြည့်နေလေသည်။ ရီဖူရှင်းက အပြုံးနှင့်ခေါင်းငြိမ့်လိုက်သည်။ “နင်ကအဲ့ဒီကောင်မလေးကိုသဘောကျမှတော့ သူမကိုနင်ခေါ်ထားလို့ရပါတယ်”
” အင်း…”ရာရာက ခေါင်းကိုငြိမ့်ကာသဘောတူလိုက်သည်။
” ချင်းယောင်နဲ့ပတ်သတ်ပြီး သူမရဲ့မျက်လုံးတွေအပြင် တခြားကိစ္စတွေလည်းရှိမယ်ထင်တယ်” ရီဖူရှင်းက ပြောလိုက်လေသည်။
” ငါလဲအဲ့လိုပဲခံစားရတယ်။ သူမပြောတာတော့သူမကကံကြမ္မာဆိုးတွေကိုသယ်ဆောင်လာတယ်လို့ပြောတယ်။ နင်အဲ့ဒါနဲ့ ပတ်သတ်ပြီးတစ်ခုခုလုပ်ပေးလို့ရမလား” ရာရာကမေးလိုက်သည်။
“ငါကကျင့်ကြံခြင်းဆိုတာကို လမ်းလျှောက်သလိုပဲလို့ အမြဲတွေးခဲ့တာ။ တချိန်မှာတစ်လှမ်းပဲလျှောက်နိုင်ပြီးတော့ ခြေလှမ်းတွေကျော်လျှောက်တာက မဖြစ်နိုင်ဘူးလို့ပေါ့…” ရီဖူရှင်းက ငြင်သာစွာပြောလိုက်သည်။ “ကျင့်ကြံတဲ့အခါမှာ အခြေခံခိုင်မာအောင်လုပ်ဖို့လိုအပ်တယ်လို့ တွေးခဲ့တာ။ ဒါပေမဲ့ ချင်းယောင်ကိုတွေ့ပြီးနောက်မှာ ငါနားလည်ထားတာတွေက မှားနေတယ်လို့ ခံစားလိုက်ရတယ်”
“ချင်းယောင်ရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်တယ်လို့ပြောချင်တာလား” ရာရာကမေးလိုက်သည်။
“မဟုတ်ဘူး” ရီဖူရှင်းက ခေါင်းယမ်းလိုက်သည်။ “သူမက ကျင့်ကြံခြင်းမရှိပေမဲ့ လောကဓာတ်တွေကို နားလည်နေတာ…”
ရာရာက သိပ်သဘောမပေါက်ပေ။
“ချင်းယောင်က မဟာလမ်းစဉ်ရဲ့ ဒဏ္ဍာရီလာ နတ်သန္ဓေသားဖြစ်နိုင်တယ်…” ရီဖူရှင်းက ရာရာကိုကြည့်၍ ရှင်းပြလိုက်သည်။ရီဖူရှင်း၏သက်စောင့်ဝိညာဉ်ကို လှုပ်ခပ်စေသည်မှာ နတ်ဝိညာဉ်ရတနာများသာဖြစ်သည်။ ချင်းယောင်၏ မျက်လုံးများက ရီဖူရှင်း၏ သက်စောင့်ဝိညာဥ်အား လှုပ်ခတ်စေခဲ့လေသည်။
ထိုသည်မှာ အနည်းငယ် ထိတ်လန့်ဖွယ်ကောင်းပေသည်။
သူတို့ကယ်တင်လာခဲ့သော သနားစရာမိန်းမငယ်လေးသည် ရီဖူရှင်းမြင်ဖူးသမျှထဲတွင် စွမ်းအားအကောင်းဆုံးကြောက်မက်ဖွယ်တည်ရှိမှုမျိုး ဖြစ်နေလေသည်။
ဖေးရွှီတွင် သူမ၏ကိုယ်တွင်း၌ နတ်ဝိညာဥ်လက်နက်ရှိနေလေသည်။ ထို့ကြောင့် သူမကျင့်ကြံရာတွင် ကျင့်ကြံနှုန်းမှာ အလွန်လျင်မြန်လေသည်။ သူမ၏ကျင့်ကြံနှုန်းအား နတ်ဘုရား၏အမြန်နှုန်းအဖြစ်တောင် မှတ်ယူနိုင်လေသည်။
သို့သော် ချင်းယောင်က လေ့ကျင့်စရာပင်လိုမည့်ပုံမပေါ်ပေ။
သူသည် ထိုကဲ့သို့အခြေအနေမျိုးအား အရင်ကမကြုံတွေ့ခဲ့ဖူးပေ။ ချင်းယောင်က ပထမဆုံးဖြစ်သည်။ သူမက သူနားလည်ထားသမျှအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်လေသည်။ သူမသည် ဒဏ္ဍာရီများတွင်ဆိုသော လမ်းစဥ်နှင့်အတူမွေးဖွားလာသော နတ်သန္ဓေသားဖြစ်နိုင်လေသည်။
ကျန်းယွမ်နှင့် ရိထျန်းယွီတို့၏ခန္ဓာကိုယ်များသည်ပင် သူမနှင့်ယှဥ်လျှင် မှေးမှိန်သွားပေသည်။
သို့သော် ရီဖူရှင်းသည် ချင်းယောင်အပေါ် သူ၏အတွေးများအား ပြောင်းလဲခြင်းမရှိပေ။ သူ့အတွက်မူ ချင်းယောင်သည် စတွေ့ကတည်းက သနားစဖွယ်မိန်းကလေးတစ်ယောက်သာဖြစ်သည်။
ကျန်သည့်အရာများအတွက်မူ သူသည် ကံကြမ္မာ၏စေစားရာအတိုင်း လိုက်သွားမည်ဖြစ်သည်။
ထို့အပြင် လမ်းကြားထဲ၌ထွက်ပေါ်လာခဲ့သော ထိုအင်အားစုမှာ ရိုးရှင်းဟန်မရှိပေ။ သူတို့သည်လည်း သူမနှင့်ပတ်သတ်၍ တစ်ခုခုကိုသတိပြုမိပြီးဖြစ်ပေမည်။ မဟုတ်လျှင် သူတို့က သူမအားဖမ်းဆီးလိုမည်မဟုတ်ပေ။ သူတို့က သူမကိုတွေ့ချိန်တွင်လည်း သတိထား၍ ချဥ်းကပ်ခဲ့ကြသည်။
ရန်ဟောင်အနည်းငယ်က ကျင့်ကြံထားခြင်းပင်မရှိသည့် မိန်းမငယ်လေးတစ်ယောက်ကို ထိုမျှသတိထားနေသည်မှာ စိတ်ကူးကြည့်၍ပင်မရပေ။
ထိုအင်အားစုမှာ ရွှယ်ယူမြို့မှထိပ်သီးအင်အားစုဖြစ်ပါက သူတို့က သူမအားအလွယ်တကူလက်လျော့မည်မဟုတ်ပေ။
ရီဖူရှင်းမျှော်မှန်းထားသကဲ့သို့ပင် နောက်ရက်၌ များစွာသောလူတစ်စုက တည်းခိုဆောင်သို့ ရောက်ရှိလာသည်။ ထိုဧည့်သည်များက အရှိန်အဝါများအားထုတ်ဖော်ထားခြင်းမရှိသော်လည်း သူတို့သည် ကြောက်မက်ဖွယ်ခံစားချက်အား ပေးစွမ်းနေလေသည်။
တည်းခိုဆောင်မှလူတိုင်းက ထိုလူများအား ရှောင်ကွင်းသွားကြသည်။ တည်းခိုဆောင်တစ်ခုလုံးတွင် ရီဖူရှင်းနှင့် သူ၏အုပ်စုမှလွဲ၍ မရှိတော့ပေ။ အဝေးမှနေ၍ အခြားပုံရိပ်တစ်စုက လေထဲတွင်ပေါ်ပေါက်လာသည်။
သက်လတ်ပိုင်းအရွယ်လူကြီးက လူအုပ်ကြားထဲမှ ရှေ့သို့ထွက်လာသည်။ သူသည် ရှည်လျားသော အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ် အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။
လူအုပ်ကြီးက အဝေးမှနေ၍ ကြည့်ရှုနေကြသည်။ သူတို့သည် အလွန်တုန်လှုပ်သွားကြသည်။ ထိုတည်းခိုဆောင်တွင် မည်သူရှိနေသည်နည်း။ ရွှယ်ယူမြို့၏အာဏာရှင် ရွှယ်ယူခေါင်းဆောင်က အမှန်တကယ်ပင် ကိုယ်တိုင်လာရောက်ခဲ့လေသည်။
ရွှယ်ယူဂိုဏ်းသည် ရွှယ်ယူမြို့တွင် အခြေတည်ခဲ့သည်မှာ အလွန်ပင်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုဂိုဏ်းသည် မျိုးဆက်ပေါင်းများစွာ ကျဆုံးခြင်း၊ တိုးတက်ခြင်းများကြုံတွေ့ခဲ့သည်။ သူတို့သည် အကြိမ်အနည်းငယ် အမြစ်ဖြတ်ဖယ်ရှားခြင်းခံခဲ့ရသော်လည်း လျှင်မြန်စွာပြန်လည်ထူထောင်နိုင်ခဲ့သည်သာဖြစ်သည်။ သူတို့မည်မျှပင် ကျရှုံးမှု၊ တိုးတက်မှုများကြုံတွေ့ရစေကာမူ “ရွှယ်ယူဂိုဏ်း”ဆိုသော အမည်က အမြဲတမ်းတည်ရှိနေပြီး လူအများကြားတွင် ပြောဆိုနေကြမြဲဖြစ်သည်။
ခေါင်းဆောင်ရွှယ်ယူက အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ပုံမှန်အားဖြင့် သူသည် လူလုံးထွက်ပြခဲလေသည်။ ရွှယ်ယူမြို့အား တုန်လှုပ်သွားစေနိုင်လောက်သော ကိစ္စကြီးမျိုးမပေါ်ပေါက်ခဲ့လျှင် သူကထွက်လာခြင်းမရှိပေ။
သို့သော် ယနေ့တွင် သူသည် ဤနေရာ၌ ရောက်ရှိနေလေသည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်က ရန်ဟောင်ရီက ရွှယ်ယူမြို့ကိုရောက်နေတယ်လို့ ကျုပ်ကြားခဲ့တဲ့အတွက် ရွှယ်ယူဂိုဏ်းက လာနှုတ်ဆက်တာပါ” အသံတစ်ခုက ထွက်ပေါ်လာသည်။ ရွှယ်ယူဂိုဏ်းသားများသည် တည်းခိုဆောင်၏အပြင်ဘက်တွင်ရှိနေပြီး ဝင်ရောက်လာခြင်းမရှိပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ လက်ရှိအဆင့်အတန်းအရ မည်သူကမျှ သူတို့၏ရှေ့တွင် မဆင်မခြင်မပြုဝံ့ကြပေ။
ရွှယ်ယူဂိုဏ်းသည် ရွှယ်ယူမြို့မှ နယ်မြေခံဂိုဏ်းဖြစ်သော်လည်း သူတို့တွင် အင်အားကြီးမားသော နောက်ခံမရှိပေ။
ရွှယ်ယူခေါင်းဆောင်၏ လက်ရှိကျင့်ကြံဆင့်မှာ အဌမတန်းစားနတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်ပြီးဖြစ်သည်ဟု ကောလဟာလများကဆိုကြသည်။ သူကိုယ်တိုင်ကပင် အလွန်အားကောင်းသောတည်ရှိမှုမျိုး ဖြစ်နေလေပြီ။
ရီချင်းယောင်က ထိုလူများသည် သူမအတွက် လာရောက်ကြခြင်းဖြစ်ကြောင်း သိရှိဟန်ပေါ်သည်။ သူမကရာရာ၏နောက်တွင်ပုန်းနေပြီး ရာရာ၏အင်္ကျီစအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ သူမက အလွန်ကြောက်ရွံ့နေလေသည်။
“ရွှယ်ယူခေါင်းဆောင်က ဒီကိုလာတာ ကျွန်တော်နဲ့ဘာများပြောစရာရှိလို့လဲ” ရီဖူရှင်းက အဝေးမှပြောလိုက်သည်။ သူက တဖက်လူများအား အထဲသို့ဝင်ရန် ဖိတ်ခေါ်ခြင်းမရှိပေ။
“ရန်ဟောင်ရီက အဝေးကြီးကလာရတာဆိုတော့ ကျုပ်က သူတို့ကို အထူးလက်ဆောင်လေးတွေယူလာခိုင်းထားတယ်” ရွှယ်ယူခေါင်းဆောင်က ပြောလိုက်သည်။ ချက်ချင်းပင် လက်ဆောင်ခြင်းများကိုကိုင်ဆောင်ထားသည့် အစေခံများစွာက ရှေ့သို့တက်လာကြသည်။ အစေခံတစ်ယောက်ချင်းစီသည် အလွန်လှပ၍ဆွဲဆောင်မှုရှိလှပြီး ရှားပါးသောအလှပဂေးများဖြစ်ကြလေသည်။ သူတို့သည် လှပတင့်တယ်သောခန္ဓာကိုယ်အချိုးအစားကို ထွင်းဖောက်မြင်နိုင်လောက်သည့် အလွန်ပါးလွှာသောဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ရီချင်းယောင်က ရာရာ၏အင်္ကျီလက်အားပို၍တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
“အပေးမရှိတဲ့ အယူဆိုတာမရှိဘူး။ ကျွန်တော်က ရွှယ်ယူခေါင်းဆောင်ရဲ့ကြင်နာမှုကို ကျေးဇူးတင်ပေမယ့် ဒီလက်ဆောင်တွေကို လက်မခံနိုင်ပါဘူး…” ရီဖူရှင်းက လက်ဆောင်များကိုငြင်းပယ်၍ ပြောလိုက်သည်။ တဖက်လူက အလွန်ယဥ်ကျေးပျူငှာသော်လည်း သူတို့က ရီချင်းယောင်အတွက်လာရောက်ခြင်းဖြစ်လေရာ သူက သူမအားဤကဲ့သို့ပေးလိုက်ရန် မဖြစ်နိုင်ပေ။
ရွှယ်ယူခေါင်းဆောင်သည် နားလည်လွယ်သောသူဖြစ်လေသည်။ သူက လက်ဝှေ့ယမ်းပြလိုက်ပြီး ထိုအမျိုးသမီးများက ချက်ချင်းပင် နောက်ဆုတ်သွားကြသည်။ သူက ရီဖူရှင်းအား လက်ဆောင်များလက်ခံရန် အတင်းအကြပ်တိုက်တွန်းခြင်းမရှိပေ။ ရီဖူရှင်းကဲ့သို့လူမျိုးက လက်ဆောင်များအားလက်မခံဟုပြောလျှင် သူသည်ထိုလက်ဆောင်များအား လက်ခံလိမ့်မည်မဟုတ်ပေ။
“ကျုပ်က ရန်ဟောင်ရီရဲ့အကြောင်းကို ကြားဖူးတာကြာပါပြီ။ ဒီကိုလာတာ ကျုပ်က ရန်ဟောင်ရီကို အနှောက်အယှက်ပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ရန်ဟောင်ရီလည်း အဲ့ဒီမိန်းကလေးနဲ့ အကြည့်ချင်းဆုံပြီးတဲ့နောက်မှာ တစ်ခုခုရှိနေမယ်ဆိုတာကို သတိပြုမိလိမ့်မယ်လို့ထင်ပါတယ်” ခေါင်းဆောင်ရွှယ်ယူက ပြောလိုက်သည်။ “ကျုပ်က နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး နောက်ဆုံးမှာ အမွေဆက်ခံနိုင်မယ့်တပည့်လောင်းကို ရှာတွေ့ခဲ့တာ။ ရန်ဟောင်ရီက ဒီမိန်းကလေးကို ကျုပ်ရဲ့အမွေခံတပည့်အဖြစ် သင်ယူခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်…။” သူသည် ရီချင်းယောင်က ရာရာနှင့်အလွန်ခင်တွယ်နေသည်ကို မြင်နိုင်လေသည်။
ထို့ကြောင့် သူက သူမအားဖမ်းဆီးလိုသည်ဟုမပြောဘဲ သူမအားတပည့်အဖြစ်ခေါ်ယူလိုကြောင်းပြောခဲ့ခြင်းဖြစ်သည်။
“ချင်းယောင် မင်းက သူ့ဆီမှာတပည့်ခံချင်လား” ရီဖူရှင်းက သူ၏ကမ်းလှမ်းမှုကို မငြင်းပယ်ဘဲ ထိုအစား ချင်းယောင်ကိုသာ လှည့်၍မေးလိုက်သည်။
ရီချင်းယောင်က ခေါင်းကိုယမ်း၍ပြောလိုက်သည်။ “သမီးက အကိုကြီးနဲ့ မမနောက်ကိုပဲလိုက်ချင်တယ်”
“ကောင်းပြီ” ရီဖူရှင်းက ခေါင်းငြိမ့်၍ပြောလိုက်သည်။ သူက တောင်းပန်သည့်အမူအရာဖြင့် ရွှယ်ယူခေါင်းဆောင်အားကြည့်လိုက်လေသည်။
***