Switch Mode

အပိုင်း (၁၇၃၁)

ကံကြမ္မာဆိုး မိန်းကလေး

သူတို့ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင်ရှိစဥ်က တိဝူသည် အားလုံးထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ခဲ့လေသည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် သူသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။ ကောင်းကင်နန်းတော်အောက်ထိ လျှောက်လှမ်းသွားနိုင်ခဲ့ပြီး အင်ပါယာ၏စွမ်းအားများဖြင့် လွှမ်းခြုံခံခဲ့ရသည်။

သူသည် နေမင်းနန်းတော်မှနတ်ဘုရားဖြစ်ပြီး အင်ပါယာမိသားစု၏ အမွေဆက်ခံသူဖြစ်ကာ နေနတ်ဘုရား၏မျိုးဆက်ဖြစ်လေသည်။ နတ်ဘုရား၏သွေးများက သူ၏သွေးကြောများအတွင်း၌ စီးဆင်းနေလေသည်။

အထက်ဘုံကိုးခုကြားတွင် ဗဟိုအင်ပါယာဘုံသည် အင်အားအကြီးဆုံးဖြစ်လေသည်။ လူများက ကျန်းချင်းကျူ၊ ရှန်ဟောက်နှင့် နန်လော့ရှန်းတို့မှာ ဤမျိုးဆက်၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်သုံးယောက်ဖြစ်ကြသည်ဟု ယုံကြည်ကြလေသည်။ သို့သော် တိဝူက သူ့ကိုသူ ထိုသုံးယောက်ထက်အားနည်းသည်ဟု လုံးဝ တွေးထင်ထားခြင်းမရှိပေ။ နေမင်းနန်းတော်သည် နေမင်းဘုံ၏ အရှင်သခင်ပင်ဖြစ်သည်။ သူတို့၏လွှမ်းမိုးချုပ်ကိုင်နိုင်မှုမှာ နေမင်းဘုံ၏ အခြားအင်အားစုများစွာကိုပင် ဖိနှိပ်ထားနိုင်လေသည်။

အင်ပါယာမိသားစုမှ ဆက်ခံသူတစ်ယောက်အနေဖြင့် တိဝူအား နေမင်းဘုံ၏ ယခုမျိုးဆက်မှအထင်ရှားဆုံးပါရမီရှင်အဖြစ် သတ်မှတ်နိုင်သည်။ အခြားမည်သူကမှ ထိုဘွဲ့အမည်ကိုခံယူနိုင်မည်မဟုတ်ပေ။ သူသည် အနာဂတ်တွင် နေမင်းနန်းတော်အားဆက်ခံနိုင်ခဲ့လျှင် သူသည် ဘုံသုံးထောင်၏ထိပ်ဆုံးမှ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်လာပေလိမ့်မည်။

တိဝူက ဂုဏ်ယူဝင့်ကြွားသောလူတစ်ယောက်ဖြစ်သည်။ ရီဖူရှင်းက ရှန်ကလန်ကိုအောင်နိုင်ခဲ့သော်လည်း တိဝူက သူ့ကိုသူ ရီဖူရှင်းထက်အားနည်းမည်ဟု ယူဆမထားပေ။

ရီဖူရှင်းအနိုင်ယူခဲ့သောသူမှာ ရှန်ဟောက်သာလျှင်ဖြစ်သည်။

တိဝူက သောကျောက်နှင့်ငြင်းခုံမနေတော့ပေ။ နေမင်း၏နတ်ရောင်စဥ်က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေသည်။ ထိုစူးရှလှသောအလင်းရောင်ကြောင့် လူအုပ်ကြီးမှာ မျက်လုံးများပင်မဖွင့်နိုင်လောက်အောင် ဖြစ်သွားလေသည်။ သောကျောက်၏ခန္ဓာကိုယ်မှ စစ်နတ်ဘုရား၏အရှိန်အဝါက ပေါက်ကွဲထွက်ပေါ်လာလေသည်။ သူ၏တိုက်ပွဲအသိက ကောင်းကင်ယံကိုဖုံးလွှမ်းသွားပြီး အလွန် လွှမ်းမိုးနိုင်စွမ်းရှိလေသည်။ သူ၏ခန္ဓာကိုယ်ထက်တွင် စစ်နတ်ဘုရား၏ချပ်ဝန်တန်ဆာကို ဝတ်ဆင်ထားလေသည်။

နေရောင်ခြည်တန်းက သောကျောက်၏ပုံရိပ်ပေါ်သို့ ကျဆင်းလာလေသည်။ သူကထိုရောင်စဥ်တန်းအား မတားဆီးနိုင်လိုက်ပေ။ ကြောက်မက်ဖွယ် အပူချိန်က ပတ်ဝန်းကျင်တစ်ခုလုံးအား လောင်မြိုက်သွားစေသည်။ သောကျောက်၏ကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာမှာ စတင်၍လောင်ကျွမ်းလာပြီး မီးခိုးများနှင့်အတူ အရည်ပျော်လာလေသည်။

သောကျောက်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ်ရောင်စဥ်များဖြင့်လွှမ်းခြုံသွားလေသည်။ သူက စစ်နတ်ဘုရား၏အသိအားလှုံ့ဆော်လိုက်သည်။ ပို၍ကြီးကျယ်ခမ်းနားသော ချပ်ဝတ်တန်ဆာက သူ၏ကိုယ်ပေါ်၌ ပေါ်ထွက်လာပြီး သူ့ထံသို့ကျဆင်းလာသော နေနတ်ဘုရား၏မီးလျှံရောင်စဥ်များအား ကာဆီးလိုက်လေသည်။

နေမင်းနန်းတော်၏နတ်ဘုရား တိဝူမှာ အမှန်တကယ်ပင် အားကောင်းလှကြောင်း သောကျောက်က နားလည်သွားလေသည်။ တိဝူကမောက်မာဝံ့ကြွားသော်လည်း သူသည် အင်ပါယာမိသားစု၏အမွေဆက်ခံသူဖြစ်ပြီး နေနတ်ဘုရား၏မျိုးဆက်ဖြစ်သည်။ ထို့အပြင် သူက နေမင်းနန်းတော်သို့ပြန်ရောက်သွားချိန်၌ ဒုတိယနတ်ဝင်ရိုးကိုဖွဲ့စည်းနိုင်ခဲ့လေသည်။ သူ၏အရည်အချင်းမှာ သောကျောက်ထက်မြင့်မားပေသည်။

သူတို့နှစ်ဦးလုံးက အက်ကြောင်းမဲ့နတ်ဝင်ရိုးများပိုင်ဆိုင်ထားသည့်အတွက် သူတို့၏တိုက်ခိုက်မှုစွမ်းရည်မှာ အဆင့်ကွာခြားမှုအပေါ်တွင်သာ မူတည်လေတော့သည်။ သောကျောက်က အဆင့်နိမ့်ရန်ဟောင်သာဖြစ်၍ တိဝူနှင့်ရင်ဆိုင်ရာတွင် တစ်ပန်းရှုံးနေလေသည်။

ထိုသို့ဖြစ်စေကာမူ သောကျောက်က အလွယ်တကူအလျော့ပေးမည့်သူမဟုတ်ပေ။

ဘန်း…

ခုနှစ်ဆစွမ်းအား စစ်နတ်ဘုရား၏အသိကို အသက်သွင်းလိုက်သည်။ သောကျောက်က ကြောက်မက်ဖွယ် စစ်နတ်ဘုရားအသွင်သို့ပြောင်းလဲလိုက်သည့်အတွက် သူ့ကိုသူမထိန်းချုပ်နိုင်တော့ပေ။

ဘုံကိုးခုမှအင်အားစုအားလုံးက သူတို့နှစ်ဦး၏တိုက်ပွဲအား စိတ်ဝင်စားစွာကြည့်ရှုနေကြလေသည်။ သောကျောက်က တိဝူ၏ပြိုင်ဘက်မဟုတ်ပေ။ တိဝူက ရီဖူရှင်းအား ဦးစွာစိန်ခေါ်ခဲ့လေရာ လူအုပ်ကြီးက တိဝူနှင့်ရီဖူရှင်းတို့၏တိုက်ပွဲကို ကြည့်ရှုရမည်ဆိုလျှင် အလွန်စိတ်လှုပ်ရှားစရာကောင်းပေလိမ့်မည်။

အဆုံးတွင် သူတို့အများစုသည် ရီဖူရှင်းနှင့် ရှန်ဟောက်တို့ကြားမှတိုက်ပွဲအား ကိုယ်တိုင်မြင်တွေ့ခွင့်မရခဲ့သောကြောင့် နှမြောတသဖြစ်နေကြခြင်းဖြစ်လေသည်။

လူအုပ်ကြီးက ရီဖူရှင်းနှင့်တိဝူကြားမှတိုက်ပွဲအား မြင်တွေ့ခွင့်ရပါက သူတို့၏နှမြောတသဖြစ်မှုအား ပြေပျောက်စေလိမ့်မည်ဖြစ်သည်။

တိဝူနှင့်ရီဖူရှင်းတို့နှစ်ဦးလုံးသည်ကား ဘုံကိုးခု၏ ကြောက်ခမန်းလိလိ ပါရမီရှင်များဖြစ်ကြသော်လည်း ရီဖူရှင်းသည် ရှန်ကလန်မှရှန်ဟောက်အား အနိုင်ရခဲ့သည့် ကျော်ကြားသောမှတ်တမ်းရှိလေသည်။ ထို့ကြောင့် သူတို့နှစ်ဦးသာတိုက်ခိုက်ခဲ့မည်ဆိုပါက ရီဖူရှင်းက အနိုင်ကနိုင်ချေပိုများလေသည်။

အခြားတစ်ဖက်တွင် သူတို့နှစ်ဦးကြားမှကွာခြားမှုမှာ လူအများကထင်ထားသလောက် ကြီးချင်မှကြီးပေမည်။ ရီဖူရှင်း၏ နာမည်ကျော်ကြားမှုအားလုံးက သူ၏တိုက်ပွဲစွမ်းရည်ကြောင့်သာမဟုတ်ပေ။ သူသည် ကျင့်ကြံသူစစ်တပ်အားဦးဆောင်၍ ရှန်ကလန်သို့စိန်ခေါ်ခဲ့သောမြင်ကွင်းမှာ အလွန်အံ့သြတုန်လှုပ်ဖွယ်ကောင်းသောကြောင့် သူ၏နာမည်မှာ ကျော်ကြားလာခဲ့ခြင်းဖြစ်လေသည်။ ထိုသည်မှာ မည်သူမှမတွေ့ဖူးမကြားဖူးခဲ့သော ကိစ္စကြီးဖြစ်သည်။ ထို့ကြောင့်ပင် ရီဖူရှင်း၏နာမည်က အထွဋ်အထိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်လေသည်။

ထိုအခြေအနေအောက်၌ လူအုပ်ကြီးသည် တိုက်ပွဲအတွက် အလွန်စိတ်လှုပ်ရှားနေလေသည်။

“မင်းက ငါတို့ကိုတိုက်ခိုက်မယ်ဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်ကလည်း နေမင်းနန်းတော်ရဲ့လက်အောက်မှာ ကျင့်ကြံနေတဲ့လူတွေရဲ့ စွမ်းရည်ကိုစမ်းသပ်ရလိမ့်မယ်။ အကယ်၍ တစ်ယောက်ယောက်က တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တာ ဒါမှမဟုတ် သေသွားတာမျိုးဖြစ်ခဲ့မယ်ဆိုရင် နေမင်းနန်းတော်က ဆုံးရှုံးမှုကိုလက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်” တချိန်လုံး ဘေးတွင်ငြိမ်သက်စွာထိုင်နေသည့် ရီဖူရှင်းက ပြောလိုက်သည်။ “မင်းက အဲ့လိုတိုက်ပွဲမျိုးအတွက် ပြင်ဆင်ထားတာမဟုတ်ရင် အချိန်မဖြုန်းဘဲနေကြရအောင်။ မင်းရဲ့ အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပါ”

နေမင်းနန်းတော်သည် နေမင်းဘုံ၏ ထိပ်ဆုံးတွင်ရပ်တည်နေသည့် အင်အားစုဖြစ်လေသည်။ တကယ်တမ်းတွင် နှစ်ဖက်လုံးက တစ်ယောက်နှင့်တစ်ယောက် ထိဝံ့ခြင်းမရှိပေ။ ရီဖူရှင်းက ကိုယ်ရေးကိုယ်တာကိစ္စများအား စိတ်ဝင်စားခြင်းမရှိချေ။ ရီဖူရှင်းက နေမင်းနန်းတော်၏နတ်ဘုရား တိဝူအား အနိုင်ရခဲ့လျှင်ပင် ထိုသည်က မည်သည်ကို သက်သေပြနေသည်နည်း။

ရီဖူရှင်းက သူ့ကိုသူ ထပ်မံ၍သက်သေပြရန် မလိုအပ်တော့ပေ။

ထို့ကြောင့် ရီဖူရှင်းက ထိုနေရာ၌ တိတ်ဆိတ်စွာထိုင်၍ စကားအနည်းငယ်သာပြောလိုက်ခြင်းဖြစ်သည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ယောင်ယွဲ့နတ်နန်းတော်မှ နတ်မိမယ်ချန်းချီက သူ့အားကြည့်ကာပြုံးလိုက်ရင်း အဝေးမှတိဝူအားကြည့်လိုက်လေသည်။

သူတို့နှစ်ဦးက အပြန်အလှန်တိုက်ခိုက်ခြင်းမရှိသော်လည်း အနိုင်ရသူကို ဆုံးဖြတ်ပြီးသားဖြစ်လေသည်။

တိဝူက မောက်မာဝံ့ကြွားသော်လည်း သူ၏မောက်မာမှုကို လူအများမြင်အောင်ပြသခဲ့သည်။

သူနှင့်ယှဥ်လျှင် နှိမ့်ချဟန်ပေါ်သော ရီဖူရှင်းကသာလျှင် အမှန်တကယ်ဂုဏ်ယူဖွယ်ကောင်းသူဖြစ်လေသည်။ သူက မိမိကိုယ်ကိုသက်သေပြရန် တိဝူနှင့် ဖက်ပြိုင်ပြောဆိုခြင်း၊ အနိုင်ယူခြင်းပင် ပြုလုပ်လိုခြင်းမရှိပေ။

ထိုဆံပင်ဖြူနှင့်လူငယ်က တိဝူနှင့်တိုက်ပွဲအတွက် လုံးဝစိတ်ပူပင်ခြင်းမရှိသည် ဖြစ်နိုင်လေသည်။

တိဝူကမျက်မှောင်ကြုံ့လိုက်သည်။ သူသည်လည်း ထိုသို့ခံစားမိလေသည်။ သူတစ်ယောက်ထဲကသာ ရီဖူရှင်းနှင့်ယှဥ်ပြိုင်ခွင့်ရရန် အသည်းအသန်ဖြစ်နေသလို ဖြစ်နေပေသည်။

တောက်ပသော နေနတ်ဘုရား၏အလင်းရောင်က လွင့်ပြယ်သွားလေသည်။ သောကျောက်က ချက်ချင်းပင် သူ့အပေါ်တွင်ကျရောက်နေသည့်ဖိအားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

တိဝူက သူ၏အင်္ကျီလက်ကိုခါယမ်းကာ နောက်သို့လှည့်၍ တည်းခိုဆောင်သို့ပြန်သွားလိုက်ပြီး ထိုင်ချလိုက်သည်။ အခြေအနေအားလုံးက ရီဖူရှင်း၏စကားတစ်ခွန်းကြောင့် အဆုံးသတ်သွားဟန်ပေါ်သည်။

ယူချင်းသည် တိဝူထံသို့ ခပ်စူးစူးတစ်ချက်စိုက်ကြည့်လိုက်ပြီး ရီဖူရှင်း၏ဘေးသို့ တိတ်တဆိတ်ပင် ပြန်သွားလေသည်။

“သွားကြမယ်” ရီဖူရှင်းက ပြောလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူက မျက်နှာချင်းဆိုင်တွင်ရှိနေသော ချန်းချီအား ကြည့်၍ပြောလိုက်သည်။ “ချန်းချီနတ်မိမယ် ကျွန်တော်တို့ အရင်သွားလိုက်ပါဦးမယ်…”

“ရန်ဟောင်ရီက ဘယ်နေရာကိုသွားဖို့ စဥ်းစားထားလဲ” ချန်းချီက မေးလိုက်သည်။

“ကျွန်တော်တို့က အရင်ဆုံး နေရာတစ်ခုရှာပြီး အနားယူဖို့စဥ်းစားထားတယ်” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ ငရဲဂိတ်တံခါးနှင့်ပတ်သတ်သော သတင်းများက ရွှယ်ယူမြို့ထဲတွင် စတင်ပျံ့နှံလာသော်လည်း ငရဲဂိတ်တံခါးက ယခုထိပေါ်ထွက်မလာသေးပေ။ ထိုဂိတ်တံခါးသာ ပေါ်ပေါက်လာခဲ့လျှင် ထိုသတင်းမှာအလွန်ဂယက်ရိုက်သွားစေလိမ့်မည်။ ရီဖူရှင်းက ထိုအကြောင်းနှင့်ပတ်သတ်၍ စိတ်ပူပန်ခြင်းမရှိချေ။

“ကောင်းပြီ။ ကျွန်မတို့ အခွင့်အရေးရရင် နောက်တစ်ခေါက်ထပ်တွေ့ကြတာပေါ့” ချန်းချီက ခေါင်းငြိမ့်၍ပြောလိုက်သည်။ သူမသည်လည်း ထရပ်လိုက်ပြီး ထွက်ခွာရန်ပြင်ဆင်လေသည်။

“သွားကြရအောင်” ရီဖူရှင်းနှင့် သူ၏အုပ်စုက တည်းခိုဆောင်မှထွက်ကာ ရွှယ်ယူရှေးဟောင်းမြို့ထဲသို့ ဝင်ရောက်သွားလေသည်။ ရက်စက်ကြမ်းကြုတ်မှုက မင်းမူထားသောနယ်မြေဖြစ်သောကြောင့် ရွှယ်ယူမြို့သည် အလွန်ဗရမ်းဗတာဖြစ်နေဟန်ပေါ်သည်။ ရီဖူရှင်းက စိတ်အသိကိုဖြန့်ကျက်လိုက်ချိန်တွင် နေရာအနှံ၌ တိုက်ပွဲအသေးစားလေးများဖြစ်ပွားနေကြောင်း တွေ့လိုက်ရသည်။ တိုက်ပွဲအများစုမှာ အလွန်ကြမ်းတမ်းလေသည်။

ထိုအခိုက်တွင် သူတို့ရှေ့ရှိကောင်းကင်ယံ၌ တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာသည်။ အဖွဲ့တစ်ဖွဲ့ကို တခြားတစ်ဖွဲ့ကဝန်းရံထားပြီး ဓားအလင်းရောင်က ထွက်ပေါ်လာကာ ချက်ချင်းပင် တစ်ဖက်မှလူများအား သတ်လိုက်လေသည်။ ထိုသည်မှာ အလွန်ရက်စက်လှသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကိုမြင်လိုက်ပြီး ဘာမှသိပ်မခံစားလိုက်ရပေ။ ကျင့်ကြံခြင်းလောကမှာ ထိုသို့သာဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရပ်များက နေ့စဥ်နေ့တိုင်း အများအပြားဖြစ်ပွားတတ်လေရာ ရက်စက်မှုနယ်မြေဟု ထင်ရှားသော လျှို့ဝှက်နယ်မြေဘုံတွင်မူ ပြောနေစရာပင်မလိုတော့ပေ။

သူသည် ထိုအခြေအနေနှင့်ပတ်သတ်၍ လုပ်နိုင်သောအရာ ဘာမှမရှိပေ။

ထိုအခိုက်တွင် ရီဖူရှင်းက မျက်မှောင်ကြုံ့သွားသည်။

ရွှယ်ယူမြို့၏ မှောင်မိုက်သောနောက်ဖေးလမ်းကြားတစ်ခုတွင် တောက်ပသောပုံရိပ်များက တစ်ခုပြီးတစ်ခုပေါ်ပေါက်လာလေသည်။ သူတို့သည် လမ်းကြားအားဝန်းရံလိုက်ပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါများအားထုတ်ဖော်ကာ နေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်လေသည်။

ထိုလမ်းကြားတွင်ရှိနေသောသူမှာ အတောင်ပံများရှိနေစေကာမူ သူတို့လက်မှလွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဖြတ်သွားဖြတ်လာများက ထိုနေရာအားရှောင်ကွင်းသွားကြသည်။ သူတို့က ထိုလူရိပ်များ၏ ဇစ်မြစ်ကို သိထားဟန်တူလေသည်။

ထိုလူစု၏ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်းအရွယ်လူကြီးက ကောင်းကင်ယံမှဖြေးညင်းစွာ ဆင်းသက်လာလေသည်။ သူ၏ကျင့်ကြံဆင့်မှာ မြင့်မားလှပြီး ရန်ဟောင်တပါးဖြစ်လေသည်။

သို့သော် သူသည် ထိုလမ်းကြားထဲသို့ အလွန်သတိထားနေသောအကြည့်များဖြင့် ကြည့်လိုက်သည်။

“အထဲဝင်ကြမယ်” သက်လတ်ပိုင်းလူကြီးက အမိန့်ပေးလိုက်သည်။

ထိုအုပ်စုက လမ်းကြားထဲသို့ဝင်လိုက်လေသည်။ ကျင့်ကြံသူများက အရပ်မျက်နှာမျိုးစုံမှဝန်းရံ၍ ဝင်ရောက်ခဲ့ပြီး သက်လတ်ပိုင်းလူကြီးက လမ်းကြားထဲသို့ပျံသန်းဝင်ရောက်ခဲ့လေသည်။

လမ်းကြားထဲ၌ ညစ်ပတ်ပေရေနေသော မိန်းမငယ်လေးတစ်ယောက်သည် ထောင့်တွင် ကွေးကွေးလေးနေနေလေသည်။ သူမက ဒူးနှစ်ဖက်ကိုလက်များဖြင့်ပိုက်ထားပြီး သူမ၏ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တုန်ယင်နေလေသည်။ သူမက မော့၍ပင်မကြည့်ဝံ့ပေ။

သို့သော် ထိုကဲ့သို့ မိန်းမငယ်လေးတစ်ယောက်နှင့် ရင်ဆိုင်နေရစဥ်တွင်ပင် ကျင့်ကြံသူအုပ်စုက အလွန်သတိထားနေကာ သူမကို ဖမ်းဆီးရန်ဆုံးဖြတ်ချက်ချထားလေသည်။

လမ်းစဥ်စွမ်းအားက မိန်းမငယ်လေးအား ဖိအားပေးနေတာ သူမကိုပို၍ထိတ်လန့်တုန်လှုပ်စေလေသည်။ သူမက ခေါင်းကို ဒူးနှစ်လုံးကြားတွင်ဖွက်၍တုန်ယင်နေလေသည်။

သူမသည် အလွန်ကြောက်လန့်နေလေသည်။

“သူမကိုခေါ်သွားလိုက်” လေထဲတွင်ရပ်နေသော ရန်ဟောင်က အမိန့်ပေးလိုက်သည်။ ကျင့်ကြံသူတစ်ယောက်က ချက်ချင်းပင် ရှေ့သို့တိုး၍ လက်ကိုဆန့်ကာ မိန်းကလေးအားဖမ်းရန်ပြင်လိုက်သည်။

သို့သော် ထိုအခိုက်တွင် အလွန်အားကောင်းသော လမ်းစဥ်စွမ်းအားက လမ်းကြားထဲ၌ ပေါ်ထွက်လာလေသည်။ ထိုစွမ်းအား​ကြောင့် နေရာတစ်ခုလုံးမှာ အေးခဲသွားလေသည်။

ကျင့်ကြံသူတစ်စုက လမ်းကြားအဝင်ဝ၌ ပေါ်ပေါက်လာလေသည်။ ထိုလူစု၏ခေါင်းဆောင်မှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ဆံပင်ဖြူနှင့်လူငယ်ဖြစ်လေသည်။ သူကပြောလိုက်သည် “မိန်းမငယ်လေးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ဒီလောက်လူတွေအများကြီးသုံးတာက လွန်လွန်းမနေဘူးလား”

လမ်းကြားအပေါ်ရှိ လေထဲတွင်ရပ်နေသော သက်လတ်ပိုင်းအရွယ်လူကြီးက ရီဖူရှင်းအားကြည့်၍ ပြောလိုက်သည်။ “လူကြီးမင်း ကျေးဇူးပြုပြီး ဝင်မပါပါနဲ့”

သို့သော် ရီဖူရှင်း၏ဘေးမှပုံရိပ်တစ်ခုက မိန်းကလေးထံသို့ လျှောက်လှမ်းသွားလေသည်။ ထိုသူမှာ ရာရာဖြစ်သည်။

ရာရာက မိန်းမငယ်လေးထံသို့ တလှမ်းချင်းတိုးသွား၍ မေးလိုက်သည်။ “သူတို့က ဘာလို့ မင်းကို ဖမ်းဖို့ ကြိုးစားနေတာလဲ”

မိန်းကလေးက ခေါင်းကိုယမ်းလိုက်သည်။ သူမ မသိပေ။

မိန်းမငယ်လေးက သူမ၏ခေါင်းကို ဖြည်းညင်းစွာမော့လိုက်သည်။ ရာရာက သူမ၏မျက်လုံးများကို မြင်သောအခါ အလွန်အံ့သြသွားလေသည်။ ထိုမိန်းမငယ်လေးမှာ ဆယ်နှစ်ခန့်သာရှိသေးသော်လည်း သူမ၏မျက်လုံးများမှာ အလွန်နက်ရှိုင်း၍ လျှို့ဝှက်ချက်များပြည့်နက်နေသယောင်ဖြစ်နေလေသည်။ သူမ၏မျက်လုံးများက တွင်းနက်များသဖွယ်ဖြစ်နေပြီး ထိုမျက်လုံးများကိုကြည့်မိသူများမှာ မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ မျက်လုံးများ၏ဖမ်းစားခြင်းကိုခံလိုက်ရလေသည်။

“မမ” မိန်းကလေးက တီးတိုးပြောလိုက်သည်။ “သူတို့က သမီးက ကံကြမ္မာဆိုးတွေယူလာတာလို့ပြောတယ်။ ဒါပေမဲ့ သမီးက ဘယ်သူ့ကိုမှ တမင်ထိခိုက်အောင် မလုပ်ခဲ့ဖူးပါဘူး”

မိန်းမငယ်လေး၏မျက်လုံးများထဲသို့ကြည့်လိုက်ရင်း ရာရာက သူမ၏လက်ကိုကမ်းပေးလိုက်သည်။ သူမက ထိုမိန်းမငယ်လေးထံမှ ရင်းနှီးနေသောခံစားချက်ကို ခံစားရလေသည်။

မိန်းကလေးက ရာရာ၏မျက်လုံးများထဲသို့ကြည့်လိုက်ပြီး သူမ၏လက်များကို လှမ်းကိုင်လိုက်လေသည်။

“မမနဲ့လိုက်ခဲ့” ရာရာက မိန်းမငယ်လေး၏လက်ကိုကိုင်၍ ဆွဲထူလိုက်လေသည်။ ထို့နောက် သူမက နောက်သို့လှည့်၍ ရီဖူရှင်းထံသို့လျှောက်လာလိုက်သည်။

“လူကြီးမင်း” ရုတ်တရက်ပင် လေထဲမှလူကြီးက ရန်ဟောင်အဆင့်၏ အားကောင်းသောအရှိန်အဝါအား ထုတ်လွှတ်လိုက်လေသည်။ သူကပြောလိုက်သည် ” ဒီကောင်မလေးက ကံကြမ္မာဆိုးတွေကိုသယ်ဆောင်လာတဲ့လူပါ။ လူကြီးမင်းတို့က ကျုပ်တို့ကို နည်းနည်းလောက်မျက်နှာသာပေးတဲ့အနေနဲ့ အကျဥ်းအကြပ်ထဲရောက်အောင် မလုပ်ပါနဲ့လား…”

သက်လတ်ပိုင်းလူကြီးက ရီဖူရှင်းနှင့်သူ့လူများမှာ မရိုးရှင်းကြောင်း ခံစားမိနေသည်။ မဟုတ်လျှင် သူက ထိုမျှယဥ်ကျေးနေမည်မဟုတ်ပေ။

“ငါက သူမကို ငါနဲ့အတူခေါ်သွားမယ်” ရီဖူရှင်းက ငြင်းဆန်လိုက်သည်။ ရာရာက ထိုမိန်းမငယ်လေးအား အတူခေါ်ဆောင်သွားလိုလေရာ သူက သူမအားတားမြစ်မည်မဟုတ်ပေ။

ရာရာသည် ထိုမိန်းမငယ်လေးထံတွင် သူမကိုသူမ မြင်လိုက်ရ၍ သနားကြင်နာသွားဟန်တူသည်။

လမ်းကြားအားဝန်းရံထားသည့် ကျင့်ကြံသူများမှာ အလွန်အကျည်းတန်သွားကြသည်။ သို့သော် သူတို့သည် ရီဖူရှင်းတို့အုပ်စုထွက်ခွာသွားသည်ကို ကြည့်ရုံသာကြည့်နေကြပြီး မည်သူမျှမတားမြစ်ရဲကြပေ။

ရီဖူရှင်း၏နောက်မှလူများ၏အရှိန်အဝါများမှာ အလွန်အားကောင်းလှပေသည်။

“သွားကြမယ်။ ငါတို့ပြန်ပြီး အကြောင်းကြားရမယ်” ခေါင်းဆောင်ရန်ဟောင်က ချက်ချင်းနောက်လှည့်၍ ထွက်ခွာလိုက်သည်။ သူသည် ပြသနာကိုဖိတ်ခေါ်မိမည်အား စိုးရိမ်နေပေသည်။

ရီဖူရှင်းနှင့်အုပ်စုက မိန်းကလေးနှင့်အတူထွက်ခွာသွားလေသည်။ သူတို့က လမ်းကြားမှထွက်ချိန်တွင် မိန်းကလေးက ခေါင်းကိုမော့၍ ရီဖူရှင်းအား​ကြည့်လိုက်ပြီး ငြင်သာစွာပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အကိုကြီး”

ရီဖူရှင်းက ခေါင်းကိုငုံ့၍ မိန်းမငယ်လေး၏မျက်လုံးများထဲသို့ကြည့်လိုက်လေသည်။ ထိုအခိုက်တွင် သူ၏နှလုံးမှာ တုန်လှုပ်သွားရသည်။ ထိုမျက်လုံးများက မည်သည့်အရာများပေနည်း။ အကြည့်တစ်ချက်မျှဖြင့် သူ၏ခန္ဓာကိုယ်မှသက်စောင့်ဝိညာဥ်အား တုန်ယင်သွားစေလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset