ရီဖူရှင်းအား ယခုမျိုးဆက်၏ထိပ်သီးပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်ကြောင်း ချန်းချီက ရှင်းရှင်းလင်းလင်းသိထားလေသည်။
သို့သော် ထိုသို့သိရှိထားသော်လည်း ပြင်ပလောက၌ ထိုကဲ့သို့ထုတ်ပြောပါက ရီဖူရှင်းအပေါ် လူအုပ်ကြီး၏ ဒေါသကိုဖြစ်ပေါ်စေလိမ့်မည်။
အထက်ဘုံကိုးခု၌ များစွာသောထိပ်သီးအင်အားစုများနှင့် မရေမတွက်နိုင်သော နာမည်ကျော်ပုဂ္ဂိုလ်များစွာရှိလေသည်။ တစ်စုံတစ်ယောက်က သူတို့ကိုသူတို့ နံပါတ်တစ်ဟုပြောလိုက်သည်နှင့် အခြားလူများက အလိုအလျောက် သူ့အားပစ်မှတ်ထားပေလိမ့်မည်။ ယခုပင်လျှင် ရီဖူရှင်းအပေါ်သို့ အာရုံစိုက်နေကြသူ များစွာရှိနေလေသည်။အင်အားစုများစွာက ရီဖူရှင်းအားဖယ်ရှား၍ သူ၏နေရာကိုရယူရန် မျှော်လင့်နေကြသည်။ ရီဖူရှင်းကသာ နံပါတ်တစ်ဟူသောဘွဲ့ကို ခံယူလိုက်ပါက တခြားလူများ၏ စိတ်ခံစားမှုမှာ ပို၍မြင့်တက်လာပေလိမ့်မည်။
ထို့ကြောင့် ရီဖူရှင်းက နံပါတ်တစ်ဟူသောဘွဲ့ကို ခံယူလိမ့်မည်မဟုတ်ပေ။ လောလောဆယ်တွင် သူ၏နောက်၌ ကောင်းကင်အာဏာစက်ကျောင်းတော်ရှိနေသေးသည်။ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်အား ဘုံကိုးခုတွင် ထိပ်သီးအင်အားစုဖြစ်လာစေပြီး အနာဂတ်၌ ထိပ်သီးပုဂ္ဂိုလ်များစွာကို မွေးထုတ်ပေးနိုင်ရန် သူ၏လုပ်နိုင်စွမ်းအတွင်းရှိ လုပ်နိုင်သမျှအားလုံးကိုလုပ်မည်ဖြစ်သည်။ ယခု ထိုသည်မှာ သူ၏ဦးစားပေးဖြစ်လေသည်။
အဝေးမှနေ၍ ကြောက်မက်ဖွယ် လှိုင်းလှုံးက ဤနေရာအထိပျံ့နှံ့လာလေသည်။ လူများက ထိုလှိုင်းလုံးများလာရာသို့ ကြည့်လိုက်ကြသည်။ အချိန်အတန်ကြာပြီးနောက် ရွှေတောင်ပံခွန်ပန်ငှက် မိစ္ဆာအင်ပါယာက တည်းခိုဆောင်သို့ ပြန်လာခဲ့သည်။
“ငါ သူ့ကို အသက်ရှင်လျက်ဖမ်းလို့မရလို့ သတ်ခဲ့တယ်” သူက ရီဖူရှင်းကိုပြောလိုက်သည်။ သူ၏ပြိုင်ဘက်မှာ ရန်ဟောင်အလယ်အဆင့်ဖြစ်ပြီး ဖုံးကွယ်ခြင်းနည်းလမ်း၌အလွန်ကျွမ်းကျင်သောကြောင့် သူသာအနည်းငယ်သတိမထားမိလျှင် လွတ်မြောက်သွားပေလိမ့်မည်။ ရွှေတောင်ပံခွန်ပန်ငှက် မိစ္ဆာအင်ပါယာက တစ်ဖက်လူ၏ လမ်းစဥ်ကိုပယ်ဖျက်၏ သူ၏လမ်းစဥ်စွမ်းအားကိုအတင်းအကြပ်ထုတ်သုံးရုံသာတတ်နိုင်ခဲ့ပြီး တိုက်ပွဲအလယ်တွင် ထိုသူအားသတ်ဖြတ်ခဲ့သည်။
“ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ် ” ရီဖူရှင်းက ခေါင်းညိမ့်ကာ ပြောသည်။ ကြည့်ရသည်မှာ နတ်တစ္ဆေအဖွဲ့က သူထင်ထားသည်ထက် အားကောင်းဟန်တူသည်။ သူတို့သည် နေရာအနှံ၌ ထိုးဖောက်စိမ့်ဝင်ပြီးဖြစ်လေသည်။ ရွှယ်ယူမြို့မှ အလယ်အလတ်အဆင့်ရန်ဟောင်တပါးသည် နတ်တစ္ဆေအဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေလေသည်။
ရွှေတောင်ပံခွန်ပန်ငှက်မိစ္ဆာအင်ပါယာက ထိုရန်ဟောင်အား သတ်ဖြတ်ခဲ့ခြင်းကိုမူ ရီဖူရှင်းက အနည်းငယ်မျှပင် သနားမိခြင်းမရှိပေ။ ဘုံကိုးခုမှ ကျင့်ကြံသူများစွာသည် နတ်တစ္ဆေအဖွဲ့မှ ကျင့်ကြံသူများကြောင့် သေဆုံးခဲ့ရလေသည်။ ထိုသွေးကြွေးအားသေချာပေါက်ပြန်ဆပ်ရပေမည်။
ရီဖူရှင်းနှင့်အခြားလူများက တည်းခိုဆောင်တွင် စကားပြောနေကြဆဲဖြစ်သည်။ ဘေးပတ်ဝန်းကျင်၌ လူများက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
ယခင်တိုက်ပွဲမှအရှိန်အဝါများမှာ နေရာအတော်များများသို့ ပျံ့နှံ့ခဲ့သည်။ ရွှယ်ယူမြို့တော်၏ မြစ်ဝါမြစ်ကမ်းဘေးဒေသများတွင် ရီဖူရှင်းတို့အုပ်စုရောက်ရှိလာကြောင်းကို လူများစွာက သိရှိထားကြသည်။ ထို့ကြောင့် လူများစွာက ထိုနေရာသို့ အမြန်ရောက်လာကြခြင်းဖြစ်သည်။
ဘုံကိုးခုရှိထိပ်သီးအင်အားစုအသီးသီးမှ လူများသည်လည်း မရှေးမနှောင်းပင်ရောက်ရှိလာလေသည်။
မကြာခင်တွင် အလွန်တောက်ပသောအရှိန်အဝါများဖြင့် အုပ်စုတစ်စုက တည်းခိုဆောင်ပေါ်၌ ပေါ်ပေါက်လာသည်။ ထိုအုပ်စု၏ခေါင်းဆောင်မှာ နေမင်းမှရောင်စဥ်များဖြင့်လွှမ်းခြုံနေပြီး အလွန်မောက်မာဟန်ပေါ်သည်။ သူ၏အကြည့်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူ၏မျက်လုံးအားကြည့်မိသည့်လူများမှာ နေမီးရောင်ကြောင့်လောင်ကျွမ်းသွားတော့မလို ခံစားကြရသည်။ သူ့ဘေးမှလူများအားလုံးမှာ ရန်ဟောင်များဖြစ်ကြပြီး သူတို့၏အရှိန်အဝါများသည် ကြောက်မက်ဖွယ်ကောင်းနေလေသည်။
ထိုလူများက မည်သူများပေနည်း။ ရွှယ်ယူမြို့မှ လူများက ထိုအုပ်စုအားကြည့်နေကြသည်။ သူတို့သည် ထိုအုပ်စု၏ဇစ်မြစ်အား တိတ်တဆိတ်ခန့်မှန်းနေကြလေသည်။
“သူတို့က နေမင်းနန်းတော်ကလူတွေဖြစ်မယ်ထင်တယ်” တစ်ယောက်ကပြောလိုက်သည်။
နေမင်းနန်းတော်သည် နေမင်းဘုံမှထိပ်သီးအင်အားစုဖြစ်သည်။ သူတို့သည် နေမင်းဘုံ၏ အရှင်သခင်များဖြစ်ကြသည်။ ဘုံကိုးခုမှ အခြားထိပ်သီးအင်အားစုများမှာ နေမင်းနန်းတော်နှင့်ယှဥ်လျှင် အလွန်အားနည်းကြလေသည်။
နေမင်းနန်းတော်မှအုပ်စုရောက်ရှိလာသောကြောင့် နတ်ရောင်စဥ်များလွှမ်းခြုံထားသည့် ထိုလူငယ်မှာ နေမင်းနန်းတော်၏နတ်ဘုရား တိဝူပင်ဖြစ်ပေမည်။
နေမင်းနန်းတော်၏နတ်ဘုရား တိဝူသည် နေနတ်ဘုရား၏မျိုးဆက်ဖြစ်ကြောင်း ကောလဟာလများကဆိုကြသည်။ သူသည် ဤမျိုးဆက်၏ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး နေမင်းနန်းတော်၏ အနာဂတ်အရှင်သခင်ဖြစ်လေသည်။ သူသည် နေနတ်မီးလျှံစွမ်းအားကို ကျင့်ကြံကာ ပါရမီအရဖြစ်စေ အရည်အချင်းအရဖြစ်စေ အလွန်ထူးချွန်လေသည်။
ယခုသူတို့သည် သူ့အားကိုယ်တိုင်မြင်တွေ့ရပြီး သူသည် ထင်မှတ်ထားသလိုပင် ခမ်းနားထည်ဝါလှပေသည်။
တိဝူက ရီဖူရှင်းနှင့်ချန်းချီတို့ရှိနေသော နေရာသို့ တည့်တည့်ကြည့်လိုက်ပြီး သူက သူတို့အား ရှောင်ကွင်းသွားမည့်ပုံမပေါ်ပေ။
ထိုသည်က ရီဖူရှင်းရှိနေသော တည်းခိုဆောင်၏အပူချိန်အား မြင့်တက်လာစေပြီး အလွန်ပူပြင်းလာလေသည်။ တည်းခိုဆောင်တွင်းမှလူများမှာ နေမင်း၏ဘေးတွင်ရှိနေသကဲ့လို့ ပူလောင်ကာ ချွေးများထွက်လာကြသည်။ ထိုခံစားချက်မှာ အလွန်သက်သောင့်သက်သာမရှိပေ။ သို့သော် တိဝူ၏ဇစ်မြစ်ကိုသိရှိထားကြသောကြောင့် သူတို့သည် မကျေနပ်ကြောင်းအား ထုတ်ဖော်မပြောဝံ့ကြပေ။
ထိုလူငယ်ကား အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။ အကြည့်တစ်ချက်ဖြင့်ပင် နေရာတစ်ခုလုံးမှအပူချိန်အား မြင့်တက်လာစေရန် လုပ်ဆောင်နိုင်လေသည်။
ချန်းချီက သူမ၏ခန္ဓာကိုယ်မှ အေးစက်သောအသိအားထုတ်လွှတ်လိုက်ပြီး သူမ၏ပတ်ဝန်းကျင်မှ နေရာအနည်းငယ်ကိုအေးမြသွားစေသည်။ သူမကပြုံးကာ ရီဖူရှင်းအားပြောလိုက်သည်။ “သူက ရှင်နဲ့အတိုက်အခံလုပ်ဖို့ သတ္တိရှိနေတဲ့ပုံပဲ”
“အဲ့ဒါက အခုလေးတင်ပြောသွားတဲ့ နတ်တစ္ဆေအဖွဲ့က ရန်ဟောင်ရဲ့စကားတွေကြောင့်ဖြစ်မယ်” ရီဖူရှင်းက အသာရယ်မောကာ ပြောလိုက်သည်။ သို့သော် သူသည် ထိုကိစ္စမှာ အခြားအကြောင်းပြချက်များရှိနေသေးကြောင်း ရှင်းရှင်းလင်းလင်းနားလည်ထားလေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ပင်မတပည့်များရွေးချယ်ခဲ့စဥ်က ရန်ဟောင်အဆင့်တွင်ရှိနေသော ယင်ဟွမ်ဟူသည့် ကျင့်ကြံသူတစ်ယောက်သည် နေမင်းနန်းတော်မှကျင့်ကြံသူဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဖေးရွှီနှင့်ချူးယွီထံမှ သူကြားထားလေသည်။ ယင်ဟွမ်၏ကျင့်ကြံဆင့်အားဖျက်စီး၍ သူ့အားကောင်းကင်အာဏာစက်ကျောင်းတော်မှ နှင်ထုတ်ခဲ့လေသည်။
သိသာစွာပင် နေမင်းနန်းတော်က ထိုအဖြစ်အပျက်အားသိရှိထားပေမည်။ သို့သော် ရီဖူရှင်းက ထိုကိစ္စနှင့်ပတ်သတ်၍ စိုးရိမ်မှုမရှိပေ။ နေမင်းနန်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်အား သူလျှိုလွှတ်ဝံ့သောကြောင့် ကျောင်းတော်၏ တရားစီရင်မှုခန်းမက ထိုသူ၏ကျင့်ကြံဆင့်အားဖျက်စီးခဲ့ခြင်းမှာ ပြသနာမဟုတ်တော့ပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်သည် ကိစ္စများကိုဆောင်ရွက်ရာ၌ ဘုံကိုးခုမှမည်သည့်အင်အားစုကိုမဆို မျက်နှာသာပေးရန်မလိုအပ်ပေ။ သူတို့က သူတို့၏စည်းမျဥ်းစည်းကမ်းများအတိုင်းသာ ဆောင်ရွက်ပေမည်။
သို့သော် ပတ်ဝန်းကျင်မှလူများ၏အမြင်အရမူ ထိုသည်မှာ စိတ်ဝင်စားဖွယ်မြင်ကွင်းဖြစ်လေသည်။
နေမင်းနန်းတော်မှနတ်ဘုရား တိဝူက သူ့ကိုသူ ရီဖူရှင်းထက်လျှော့တွက်လိမ့်မည်မဟုတ်ပေ။
အဝေးမှလေထဲတွင် တခြားကျင့်ကြံသူများစွာသည်လည်း ဤနေရာသို့ ဦးတည်လာနေကြလေသည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အရှိန်အဝါများဖြင့် ထိုလူအုပ်က လေထုကိုဖြတ်၍ရောက်လာကြသည်။ သူတို့သည်ဗဟိုအင်ပါယာဘုံမှ နတ်ဘုရားမာန်ဟုန်ကျောင်းတော်က လူများဖြစ်ကြသည်။ သူတို့က ရီဖူရှင်းရှိရာသို့ကြည့်လိုက်ကြရင်း မြစ်ဝါမြစ်ကမ်းဘေးရှိ တည်းခိုဆောင်တွင်ဆင်းသက်လိုက်ကြသည်။
အင်အားစုအသီးသီးသည် တစ်ခုပြီးတစ်ခုရောက်လာကြသည်။ ဗဟိုအင်ပါယာဘုံမှ နတ်ဘုရားမာန်ဟုန်ကျောင်းတော်၊ သိုင်းနတ်ဘုရားကလန်နှင့် ကောင်းကင်မျှော်စင်ကျောင်းတို့ကဲ့သို့ အင်အားစုများသည် တစ်ခုပြီးတစ်ခုရောက်လာကြလေသည်။
ဘုံကိုးခုမှအခြားအင်အားစုများဖြစ်ကြသော ပုံရိပ်ယောင်ကျွန်း၊ ကံကြမ္မာလောက၊ ကြယ်အင်ပါယာကျောင်းတော်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့လည်း ရောက်ရှိလာကြသည်။
ထိုနေရာသည် အလွန်ကျယ်ပြန့်၍ သူတို့အားလုံးက သီးသန့်နေရာလွတ်တစ်ခုစီတွင် ဆင်းသက်လိုက်ကြသည်။ သူတို့တစ်ဖွဲ့နှင့်တစ်ဖွဲ့သည် အတော်အတန်ဝေးကွာသောနေရာများတွင်ရှိကြသော်လည်း သူတို့၏ကျင့်ကြံဆင့်များဖြင့်ဆိုလျှင် ထိုမျှအကွာအဝေးမှာဝေးသည်ဟုမဆိုနိုင်ပေ။
“သူတို့အားလုံး တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြတာပဲ” ရွှယ်ယူမြို့မှလူများက စိတ်လှုပ်ရှားနေကြသည်။ ဘုံကိုးခုမှ ထိပ်သီးအင်အားစုများက ကျင့်ကြံသူများမှာ ဤနေရာ၌ စုရုံးရောက်ရှိနေကြလေသည်။ ကိစ္စများက စိတ်ဝင်စားစရာကောင်းလာလေပြီ။
ငရဲဂိတ်တံခါးက ပေါ်ပေါ်မလာသေးသော်လည်း အင်အားစုများက လှုပ်ရှားနေကြပြီဖြစ်သည်။ ထိုအင်အားစုများမှ အများစုသည် တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်ဘက်တွင်ရပ်တည်နေကြလေသည်။
အင်အားစုအသီးသီးမှလူများက တိဝူ၏ ရန်လိုသောအကြည့်အား ဂရုပြုမိကြသည်။ ယနေ့တွင် သူတို့အတွက် ပွဲကြီးပွဲကောင်းတစ်ခုကြည့်ရတော့မည့်ပုံပင်။
ရီဖူရှင်းသည် အစကတည်းကပင် တိဝူအားလျစ်လျူရှုထားလေသည်။ သို့သော် တစ်စုံတစ်ယောက်၏ ဆက်တိုက်စိုက်ကြည့်နေခြင်းကိုခံရသည်မှာ စိတ်ရှုပ်စရာကောင်းလေသည်။
ရီဖူရှင်းက သူ၏အကြည့်ကို တိဝူထံသို့ပြောင်းလိုက်သည်။ တစ်ဖက်လူ၏မျက်လုံးမှ နတ်မီးလျှံက ရီဖူရှင်း၏မျက်လုံးထဲသို့ ဝင်ရောက်လာသည်။ တိဝူက သူ၏စွမ်းအားကို တမင်ထုတ်ဖော်ထားခြင်းမဟုတ်ပေ။ သို့သော် သူ၏မျက်လုံးများက နေမင်း၏မီးလျှံများကို သယ်ဆောင်ထားသည့်ပုံပေါ်နေပြီး ထိုသည်က ရီဖူရှင်းအား မလွန်မသက်မသာခံစားရစေသည်။
“မင်းမှာ ငါနဲ့ပြောစရာကိစ္စတစ်ခုခုရှိလို့လား” ရီဖူရှင်းက မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ တိဝူ၏အပြုအမူက သူ့အား ကသိကအောက်ဖြစ်စေသည်။
သူတို့ ရှန်းထျန်းကျောင်းတော်တွင်ရှိနေစဥ်ကတည်းက တိဝူက သူနှင့်ဆန့်ကျင်ဘက်တွင်ရပ်တည်ခဲ့သည်။
” ကောင်းကင်အာဏာစက်ကျောင်းတော်က ဘုံကိုးခုက တပည့်တွေကိုလက်ခံပေးပြီး ကောင်းကင်အာဏာစက်ဘုံမှာ လမ်းစဥ်ကို သင်ကြားပေးတယ်။ ကျောင်းတော်ရဲ့ တည်ရှိမှုက လမ်းစဥ်ကိုသင်ကြားပေးဖို့ပဲ” တိဝူက ကျယ်လောင်စွာကြေငြာလိုက်သည်။ ထိုသည်မှာသူ၏စကားများသာ မဟုတ်ပေ။ ကောင်းကင် အာဏာစက်ကျောင်း၏ စကားများသာဖြစ်ပေသည်။
“ဟုတ်တယ်” ရီဖူရှင်းက ထောက်ခံလိုက်သည်။
” အဲ့ဒီလိုဆိုမှတော့ ဘာလို့ ငါ့ရဲ့နေမင်းနန်းတော်က ကျင့်ကြံသူက ကျောင်းတော်ကိုလာပြီး လမ်းစဥ်ကိုရှာဖွေဖို့ကြိုးစားတဲ့ အခါမှာ မင်းကသူရဲ့ကျင့်ကြံဆင့်ကိုဖယ်ရှားပြီး ကျောင်းတော်ကနေ နှင်ထုတ်ခဲ့ရတာလဲ။” တိဝူ ကမေးခွန်းထုတ်လိုက်သည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်က ဘုံကိုးခုက လူတွေကိုလမ်းစဥ်ကိုသင်ကြားပြသပေးနေတယ်။ လေ့ကျင့်သင်ကြားချင်တဲ့ ဘယ်သူမဆို ကျောင်းတော်ကကျင်းပတဲ့ ဝင်ခွင့်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုလို့ရတယ်” ရီဖူရှင်းကပြန်ပြောလိုက်သည်။ “ဒါပေမဲ့ အဲ့လိုဆိုတိုင်းလည်း ကျောင်းတော်ကအညစ်အကြေးတွေ စုပြုံနေတာကို လက်ခံမယ့်နေရာမျိုးတော့ မဟုတ်ဘူး။ ကျောင်းတော်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကျောင်းတော်ကိုဝင်ဖို့ကြိုးစားတဲ့သူတိုင်းကို ဖယ်ထုတ်ပစ်မှာပဲ”
” အဲ့ဒီယူဆချက်က ကျောင်းတော်ကနေ တစ်ဖက်သက်ချလိုက်တဲ့ ဆုံးဖြတ်ချက်ပဲလေ။ အမှန်တရားက ဘာလဲဆိုတာတော့ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ အကြီးအကဲပိုင်းတွေကပဲ သိလိမ့်မယ်” တိဝူက အေးစက်စွာပြောလိုက်သည်။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်သည် သဘောထားကွဲလွဲသူတိုင်းအား ဖယ်ထုတ်ပစ်ခြင်းဖြစ်သည်ဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။
ခွေးကိုရိုက်ဖို့ တုတ်ကိုရှာဖွေရန်မှာလွယ်ကူလှပေသည်။ တိဝူက ရီဖူရှင်းအားနာမည်ဖျက်ရန် အကြောင်းပြချက်တစ်ခုသာရှာဖွေရန် လိုအပ်လေသည်။
သူသည် ယင်ဟွမ်နှင့်ရင်းနှီးခြင်းမရှိပေ။ သို့သော် ယင်ဟွမ်၏ကလန်က နေမင်းနန်းတော်အဖွဲ့ဝင်အဖြစ်ရှိနေခဲ့သည်မှာ မျိုးဆက်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်ဟွမ်တွင် တိဝူလက်အောက်၌ တာဝန်ထမ်းဆောင်နေသော ဝမ်းကွဲအစ်မရှိလေသည်။ ထိုကြောင့်တိဝူက ယင်ဟွမ်အား သူ၏လူတစ်ယောက်အဖြစ် သတ်မှတ်ထားလေသည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးခြင်းမရှိသော်လည်း ယင်ဟွမ်၏မိသားစုက နေမင်းနန်းတော်၏အဖွဲ့ဝင်အဖြစ် မျိူးဆက်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့ခြင်းဖြစ်သည်။ အမိန့်တစ်ခုတည်းဖြင့် ယင်ဟွမ်က ကောင်းကင်အာဏာစက်ကျောင်းတော်မှကျင့်ကြံခြင်းအား ဖျက်ဆီးခြင်းခံလိုက်ရပြီး သူ၏ဘဝသည် ယခုအခါတွင်ငရဲ၌ကျခံနေရသလိုဖြစ်နေပေသည်။
ယင်ဟွမ်တစ်ယောက် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် လုပ်ဆောင်ခဲ့သောကိစ္စရပ်များအား တိဝူသိရှိထားသည်လား၊မသိရှိထားသည်လားဆိုသည်ကို ရီဖူရှင်းကမသိပေ။ တိဝူက သိထားပြီးသားလည်းဖြစ်နိုင်သည်။ မသိသည်လည်းဖြစ်နိုင်သည်။တခြားသူများသာ ထိုကိစ္စတွင်ပါဝင်နေခြင်းလည်းဖြစ်နိုင်သည်။ သို့သော် ထိုသည်မှာအရေးမကြီးပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်က ပုံမှန်အားဖြင့် သူတို့၏စည်းမျဥ်းစည်းကမ်းများအတိုင်းသာ လုပ်ဆောင်မည်ဖြစ်သည်။
“ငါက မင်းကိုတင်ပြနေဖို့မလိုအပ်ဘူး” ရီဖူရှင်းက တိဝူ၏ ပြင်းပြင်းထန်ထန်တုံ့ပြန်မှုအား ပြန်လည်တုံ့ပြန်လိုက်သည်။
ရီဖူရှင်းက ထိုသို့ပြောလိုက်ပြီးနောက် တိဝူ၏ခန္ဓာကိုယ်မှ အားကောင်းသောအရှိန်အဝါက ထွက်ပေါ်လာလေသည်။ ထိုအရှိန်အဝါကြောင့် ရီဖူရှင်းရှိနေသော တည်းခိုရိပ်သာသည်အလွန်ပူပြင်းလာလေသည်။ တိဝူ၏ခန္ဓာကိုယ်မှအရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူသည် အမှန်တကယ်ပင် ဒုတိယတန်းစား နတ်ဝင်ရိုးအားဖွဲ့စည်းပြီးသွားလေပြီ။ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ပြန်ရောက်လာပြီးနောက် သူကနောက်တဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည်မှာ သိသာလှပေသည်။
တိဝူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆင့်ကဲပြောင်းလဲမှုအားဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ သူသည် ရှန်ထျန်းကျောင်းတော်မှ နေမင်းနန်းတော်သို့ပြန်ရောက်လာပြီးနောက် နေမင်းနန်းတော်တွင် နောက်ထပ်ကံကောင်းမှုတစ်ခုအားကြုံတွေ့ခဲ့ရသည်။ သူ၏အရည်အချင်းမှာ ရှန်ထျန်းကျောင်းတော်တွင် လေ့ကျင့်နေခဲ့စဥ်ကထက် အဆများစွာပို၍ အစွမ်းထက်နေပြီဖြစ်လေသည်။
ရီဖူရှင်းက မျက်မှောင်ကြုံ့လိုက်သည်။ သို့သော်ရီဖူရှင်း၏နောက်၌ အခြားပုံရိပ်တစ်ခုက ရှေ့သို့ထွက်လာပြီးဖြစ်သည်။ ထိုပုံရိပ်က လွှမ်းမိုးနိုင်သောခံစားချက်အား ပေးစွမ်းလေသည်။ သူသည် ထိုနေရာတွင် နတ်ဆိုးတစ်ပါးသဖွယ် ရပ်နေလေသည်။
ယူချင်း၏ အကြည့်ကတစ်ခြားတဖက်တွင်ရပ်နေသော တိဝူထံသို့ကျရောက်သွားလေသည်။ အလွန်လွှမ်းမိုးနိုင်သော နတ်ဆိုးအရှိန်အဝါက ထွက်ပေါ်လာလေသည်။မြစ်ဝါမြစ်က ထိုပုဂ္ဂိုလ်နှစ်ယောက်ကြားတွင် စီးဆင်းနေလေသည်။ မြစ်ဝါမြစ်၏ အပေါ်တွင်သူတို့၏ မဟာလမ်းစဥ်စွမ်းအားများက ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ရွှေအိုရောင်နတ်ဆိုးစွမ်းအားက နတ်မီးလျှံစွမ်းအားဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့လေသည်။ထိုစွမ်းအားနှစ်ခုက တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်စားကာ အားပြိုင်နေကြသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဘန်း….
ရွှေရောင်နတ်မီးလျံက နတ်ဆိုးစွမ်းအားကိုဝါးမြို၍ ယူချင်းထံသို့ဆက်လက်ကျဆင်းလာလေသည်။ ရီဖူရှင်းက လက်တစ်ချောင်းပင် မ,စရာမလိုပေ။ ပထမတန်းစားနတ်ဝင်ရိုးကိုသာ ဖွဲ့စည်းပြီးထားသည့် ယူချင်းက အမှန်တကယ်ပင်ရီဖူရှင်း၏ရှေ့၌ ပိတ်၍ရပ်ရဲလေသည်။
ယူချင်းက ရှေ့သို့တစ်လှမ်းလှမ်းလိုက်သည်။ ရွှေရောင်နတ်မီးလျှံများက ဆင်းသက်လာချိန်တွင် သူကထိုမီးလျှံများအား ချက်ချင်းပင်ဝါးမြိုပစ်လိုက်လေသည်။ ထိုအခိုက်၌ နတ်ဆိုးအလင်းတန်းများ လွှမ်းခြုံထားသည့်ယူချင်းသည် နတ်မီးလျှံများဖြင့် တောက်လောင်လာလေသည်။
တိဝူက မျက်မှောင်ကြုံ့လိုက်သည်။ သူ၏နတ်မီးလျှံလမ်းစဥ်မှာ အလွန်အားကောင်းလှသည်။ ပုံမှန်အားဖြင့် သူနှင့် အဆင့်တူမှ လူများအားလုံးမှာ သူ၏နတ်မီးလျှံနှင့်ထိတွေ့မိပါက လောင်ကျွမ်းခြင်းခံရမည်ဖြစ်သည်။ သို့သော် ယူချင်းက ထိုနတ်မီးလျှံအားဝါးမျိုပစ်၍ သူ၏ကိုယ်ပိုင်ဖြစ်အောင်လုပ်နိုင်ခဲ့လေသည်။
ယူချင်း၏အကြည့်က တိဝူထံသို့ကျရောက်သွားသည်။ သူ၏နတ်မှောင်နေသောမျက်လုံးများက အလွန်အမင်းလွှမ်းမိုးနိုင်သည့် သွေးဆာနေသောအကြည့်အားထုတ်လွှတ်လိုက်လေသည်။
“မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့အဆင့်မမှီသေးဘူး” တိဝူက ထူးမခြားနားစွာပြောလိုက်သည်။ သူသည် ယူချင်း၏မျက်လုံးများမှတိုက်ခိုက်လိုစိတ်များကို ခံစားမိလေသည်။ ယူချင်းကရီဖူရှင်း၏ နောက်လိုက်တစ်ယောက်သာဖြစ်သည်။ သူက အားကောင်းလှသော်လည်း တိဝူကသူနှင့်ယှဥ်ပြိုင်တိုက်ခိုက်ရန် သူ၏အဆင့်အတန်းအားနှိမ့်ချမည်မဟုတ်ပေ။
တိဝူက ထိုသို့လုပ်လိုက်ပါက သူသည်လူငယ်မျိုးဆက်၏ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ရီဖူရှင်း၏အဆင့်အတန်းနှင့် တန်းတူမဟုတ်သကဲ့သို့ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဖြစ်ခဲ့လျှင် တိဝူသည် ရီဖူရှင်း၏နောက်လိုက်နှင့်သာ တိုက်ခိုက်ရန် ထိုက်တန်သည်ဟု ဖြစ်သွားပေလိမ့်မည်။
” စိတ်ကြီးဝင်နေတာပဲ…” တည်းခိုရိပ်သာအတွင်းတွင် သောကျောက်က တိဝူ၏စကားလုံးများကို ကြားလိုက်ရချိန်၌ တင်းမာခက်ထန်သွားလေသည်။ တိဝူကအမှန်တကယ်ပင် ယူချင်းအပေါ်၌ နှိမ့်ချဆက်ဆံနေသည်လော။
” မင်းကတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်လိုက်။ မဟုတ်ရင်တော့ပါးစပ်ပိတ်ပြီး အဲ့ဒီနေရာမှာငြိမ်ငြိမ်လေးထိုင်နေလိုက်” သောကျောက်ကလှောင်ပြောင်လိုက်သည်။ တိဝူက မည်သူအားဟိတ်ဟန်ထုတ်ပြချင်နေသည်နည်း…။
သူကနေမင်းနန်းတော်၏ နတ်ဘုရားမဟုတ်လေသလော။
သို့သော် တိဝူက ထိုသို့ဖြစ်နေလျှင်ရော ဘာလုပ်ရမည်နည်း။ သောကျောက်ကိုယ်တိုင်ပင်လျှင် စစ်နတ်ဘုရား၏မျိူးဆက်တစ်ယောက်ဖြစ်သော်လည်း ယူချင်းထံ၌ရှုံးနိမ့်ခဲ့ရသည်။ ရှန်ထျန်းကျောင်းတော်တွင် သူတို့အုပ်စုထဲမှမည်သူကရော နာမည်ကျော်ပုဂ္ဂိုလ်မဟုတ်လေသနည်း။ တိဝူက အဘယ်ကြောင့် ထိုမျှစိတ်ကြီးဝင်ဟန် ပြုမူနေရသနည်း။
ရှန်ကလန်ပင်လျှင် ရှုံးနိမ့်သွားခဲ့ရ၍ သူတို့၏အဆင့်နိမ့်ရန်ဟောင်များစွာ သုတ်သင်ခံခဲ့ရလေသည်။
တိဝူက သောကျောက်အားကြည့်၍ ပြောလိုက်သည်။ “စီဝေ့ဘုံရဲ့သောမျိုးနွယ်စုက မျိူးဆက်တစ်ယောက်ဖြစ်နေပြီးတော့ တစ်ခြားတစ်ယောက်ရဲ့အရိပ်နောက်မှာနေပြီး ကိုယ့်အဆင့်အတန်းကို နှိမ့်ချနေတာလား
“…”
သောကျောက်သည် တိဝူ၏ပြောစကားအား ခွန်းတုံ့ပြန်စရာမရှိပေ။
သောကျောက်ကမတ်တပ်ရပ်လိုက်ပြီး တိဝူအားကြည့်၍ ပြောလိုက်သည်။”နေမင်းနန်းတော်က ခိုးကြောင်ခိုးဝှက်နဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်က ကျင့်ကြံရေးနည်းလမ်းတွေကို ခိုးယူဖို့ သူလျှိုကိုတောင် လွှတ်လိုက်သေးတယ်။ မင်းက မင်းကိုယ်မင်း မရှက်တတ်ဘူးလား။”
***