အပိုင်း(၁၇၂၅)

ထူးဆန်းသော ရန်သူ

ကျောင်းတော်သည် တန်ခိုးရှင်များကို စေလွှတ်ကာ စုံစမ်းစစ်ဆေးစေသည်။ တချိန်တည်းတွင် သူတို့သည် ကျောင်းတော်ပြင်ပကို ရောက်နေသူများအား ဆက်သွယ်၍ ပြန်ခေါ်ကြ၏။

ပုံမှန်အားဖြင့် ရီဖူရှင်းသည်လည်း သတင်းများကို ရရှိခဲ့ကာ တံခါးပိတ်ကျင့်ကြံခြင်းကို ခေတ္တရပ်ဆိုင်းထား၏။

အရှင်ထိုက်ရွှမ်အပါအဝင် လူအများအပြားသည် ကျောင်းတော်ထဲ၌ စုဝေးနေကြ၏။ သည်ရက်ပိုင်းများတွင် ကျောင်းတော်၌ ဖြစ်ပျက်သမျှ အများစုကို သူ့အနေဖြင့် အရေးစိုက်စရာမလိုသော်လည်း ကျောင်းတော်သားများ လုပ်ကြံခံရခြင်းမှာ သာမန်ကိစ္စမဟုတ်ပေ။

လက်ရှိစုဝေးနေကြသူများအားလုံးမှာ ကျောင်းတော်၏အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြသည်။

“တပည့် ဘယ်လောက် အသတ်ခံခဲ့ရပြီလဲ…” အရှင်ထိုက်ရွှမ်က အေးစက်စွာ မေးသည်။ ကျောင်းတော်ကား ကလန်မဟုတ်ပေ။ သူတို့၏တပည့်များသည် ကျင့်ကြံရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ရောက်လာကြခြင်းဖြစ်၏။ ကျောင်းတော်မှ တပည့်များကို သတ်ဖြတ်ခြင်းက ကျောင်းတော်ကို အမှန်တကယ် အားနည်းစေသည် မဟုတ်ပေ။

သူ့အမြင်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ရန်သူများသည် ထိုသို့သော ညစ်ပတ်သော နည်းလမ်းများကို အသုံးပြုစရာမလိုပေ။ ထိုအင်အားစုများသည် အနည်းဆုံးတော့ သူတို့၏ဂုဏ်သိက္ခာများကို နိမ့်ကျစေသော အရာများကို မလုပ်ကြပေ။

“အယောက် ၃၀လောက်တော့ ရှိမယ်…” တစ်ယောက်က ပြောသည် “ကျွန်တော်တို့က လူတွေကို ဆက်သွယ်ပြီး ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။ ကျောင်းတော်အကြီးအကဲတချို့က သတင်းတွေကို ထုတ်ပြန်ပြီးတော့ တပည့်တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်…”

“ကောင်းပြီ…” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည်။ သူက ပြောသည် “ငါတို့မှာ တခြားသဲလွန်စတွေရှိလား…”

“ဒါက ရုတ်တရက်ကြီးဖြစ်လာတာပဲ။ ကျုပ်တို့မှာ ဘာသဲလွန်စမှ မရှိသေးဘူး။ အပြင်ကို စုံစမ်းဖို့သွားတဲ့လူတွေ ပြန်လာမှပဲ တစ်ခုခုသိရမယ်…”

“မင်းတို့ ဘယ်လိုထင်လဲ…” အရှင်ထိုက်ရွှမ်က မေးသည်။ ကျောင်းတော်မှ အကြီးအကဲများအားလုံးက ခေါင်းယမ်းကြ၏။

တစ်ယောက်က ခန့်မှန်းသည် “ခုအခြေအနေမှာ ကျောင်းတော်ကို ရန်စရဲတာ သာမန်မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ရမယ်။ ပြီးတော့ အရမ်းစွမ်းအားကြီးတဲ့ အရှင်တစ်ပါးဖြစ်ရင်လည်း ဖြစ်မယ်…”

ကျောင်းတော်ကို သာမန်အင်အားစုများက မည်သို့ ရန်စရဲမည်နည်း။

“တခြားလူတွေရော ဘယ်လိုထင်လဲ…” အရှင်ထိုက်ရွှမ်က မေးသည်။

“ရှန်ကလန်က ကျောင်းတော်နဲ့ ကြီးကြီးမားမားရန်ငြိုးရှိတယ်ဆိုပေမဲ့ သူတို့လုပ်မယ်လို့တော့ ကျုပ် မထင်ဘူး”

“ဖူရှင်း… မင်းဘယ်လိုထင်လဲ…” အရှင်ထိုက်ရွှမ်က မေးသည်။

“ဒါက ရှန်ကလန်ဖြစ်မယ်လို့ ကျုပ်လည်း မထင်ဘူး။ ရွှေရောင်နတ်ပြည်ထောင်လို့လည်း အတတ်မပြောနိုင်သေးဘူး။ လက်ရှိမှာ ကျွန်တော်တို့က သတင်းစုံစမ်းဖို့ ထွက်သွားတဲ့သူတွေကို စောင့်ဖို့ပဲ ကျန်တော့တယ်…” ရီဖူရှင်းက ပြောသည်။

အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည်။ အားလုံးက အဖြေကို သိလိုကြသော်လည်း လက်ရှိတွင် စောင့်ရုံမှလွဲ၍ တခြားနည်းမရှိပေ။

“မင်းရဲ့ ကျင်ကြံမှုအခြေအနေက ဘယ်လိုရှိလဲ…” အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။ ရီဖူရှင်းသည် သူ၏အချိန်အများစုကို ကျင်ကြံခြင်း၌သာ ကုန်လွန်နေခဲ့သည်ကို လူတိုင်း သိကြပေသည်။

“မကြာသေးခင်က ကျွန်တော် နတ်ဝင်ရိုးအဆင့်၂သို့ တက်လှမ်းနိုင်ခဲ့ပါတယ်…” ရီဖူရှင်းက ပြန်ပြောသည်။

အားလုံး၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။ သူ၏ကျင့်ကြံခြင်းအမြန်နှုန်းကား ကြောက်ခမန်းလိလိပင်။

ရန်ဟောင်အဆင့်တွင် ပုံမှန်အားဖြင့် အဆင့်တစ်ခုတက်ရန် ရာစုနှစ်ဖြင့် ချီ၍ ကြ၏။ ဆယ်စုနှစ်အချို့မျှဖြင့် အဆင့်တက်ခြင်းသည်ပင် အလွန်ရှားပါးပေသည်။ နှစ်အနည်းငယ်မျှဖြင့် နတ်ဝင်ရိုးအဆင့်၂သို့ တက်ရောက်နိုင်ခြင်းကား မကြားဖူး၊ မကြုံဖူးသော ကိစ္စဖြစ်သည်။

ရှောင်ကလန်မှ စီနီယာတစ်ဦးက ပြောသည် “မင်းက ရှောင်ကလန်မှာတုန်းက အရမ်းအားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့တယ်။ အခု နတ်ဝင်ရိုးအဆင့်၂ကို ရောက်ခဲ့ပြီဆိုတော့ နတ်ဝင်ရိုးအဆင့်၅က လူတွေတောင်မှ မင်းကို နိုင်ဖို့ မလွယ်တော့ဘူးထင်တယ်…”

ရီဖူရှင်းက အနည်းငယ် ခေါင်းညိတ်ကာ ပြောသည် “အလယ်အလတ်အဆင့်ရန်ဟောင်တွေနဲ့ဆိုရင် ကျွန်တော်က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်ဆိုပေမဲ့ အဆင့်မြင့်ရန်ဟောင်တွေနဲ့ရင်ဆိုင်ရရင်တော့ မသေချာဘူး”

သူ၏တိုက်ခိုက်ရေးစွမ်းရည်အပြင် တခြားသော လျှို့ဝှက်နည်းလမ်းများနှင့် ရတနာများလည်း ရှိသေးသည်။

ထို့ကြောင့် သူသည် အလယ်အလတ်အဆင့်ရန်ဟောင်များနှင့် ရင်ဆိုင်ရပါက ယုံကြည်မှုရှိပေသည်။

လူအများက တိတ်ဆိတ်စွာဖြင့် သဘောတူထောက်ခံကြသည်။ ဘုံသုံးထောင်တွင် မည်သည့်အဆင့်၂ရန်ဟောင်ကမှ ဤသို့သော ယုံကြည်ချက်မျိုး ရှိမည် မဟုတ်ပေ။

မည်သို့ဆိုစေ သူတို့အာလုံးက ရီဖူရှင်း၏နတ်ဝင်ရိုးများ မည်မျှ အစွမ်းထက်သည်ကို သိကြ၏။

အမှန်တကယ်အားဖြင့် ကျောင်းတော်မှ လူများသည် ရီဖူရှင်း၏အချိန်ကျရောက်လာရန် စောင့်စားနေကြခြင်းဖြစ်သည်။

နောင်တွင် သူသည် ဘုံသုံးထောင်၏စွမ်းအားအကြီးဆုံး ဖြစ်လာမည်မှာ မလွဲမသွေပင်။

“တစ်စုံတစ်ယောက် ပြန်လာပြီ…” အရှင်ထိုက်ရွှမ်က ထရပ်ကာ အပြင်သို့ ထွက်သွားသည်။ တခြားလူများလည်း နောက်မှ လိုက်ပါသွားကြ၏။ ခွန်ပန်ငှက်တစ်ကောင်သည် ကောင်းကင်မှ ကျဆင်းလာကာ လူအသွင်သို့ ပြောင်းလဲလိုက်၏။ သူက ဦးညွတ်ဂါရဝပြုသည် “အရှင်…”

“ဘာသတင်းတွေ ရခဲ့လဲ…” အရှင်ထိုက်ရွှမ်က မေးသည်။

“ဟုတ်ကဲ့…” ထိုလူက ခေါင်းညိတ်ကာ ဖြေသည် “လူသတ်သမားတွေဟာ အရိပ်ပညာရပ်ကို ကျွမ်းကျင်ကြပါတယ်။ သူတို့က တိုက်ခိုက်ပြီးပြီးချင်း သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားကြလေ့ရှိတယ်”

“အရိပ်လမ်းစဉ်…” အရှင်ထိုက်ရွှမ်၏အမူအရာက ပြောင်းလဲသွားသည်။ အရိပ်လမ်းစဉ်ကို လေ့ကျင့်သူများကား အလွန်ရှားပါးပေသည်။ သူတို့မှာ အလွန်အန္တရာယ်များသော လုပ်ကြံသတ်ဖြတ်ရေးသမားများဖြစ်ကြသည်။

ရီဖူရှင်း၏မျက်နှာတွင် ထူးဆန်းသော အမူအရာဖြစ်လာသည်။ စုချွဲသည်လည်း ထိုသို့သော နည်းလမ်းများကို လေ့ကျင့်သည်ကို သူမှတ်မိ၏။

“အရိပ်လမ်းစဉ်ကို ဘယ်ဘုံသားတွေ အများစု လေ့ကျင့်လဲ…” တစ်ယောက်က မေးသည်။ အရှင်ထိုက်ရွှမ်၏မျက်လုံးများ ဖျက်ခနဲ လက်သွားသည်။

“လျှို့ဝှက်နယ်မြေဘုံ…” အရှင်ထိုက်ရွှမ်က ပြောသည် “လျှို့ဝှက်နယ်မြေဘုံက လူတွေအများစုဟာ အရိပ်လမ်းစဉ်ကို လေ့ကျင့်ကြတယ်။ ဒါပေမဲ့ ကောင်ကင်အာဏာစက်ကျောင်းတော်က လျှို့ဝှက်နယ်မြေဘုံက လူတွေနဲ့ ဘယ်တုန်းကမှ ထိတွေ့ဆက်ဆံမှု မရှိခဲ့ဖူးဘူး…”

တန်ခိုးရှင်အချို့ ကောင်းကင်မှ ဆင်းသက်လာကြ၏။ သူတို့မှာ မြန်နှုန်းမြင့် တန်ခိုးရှင်များဖြစ်ကြသည်။

သူတို့က ခန်းမရှေ့ကို ကျဆင်းလာကြကာ အရှင်ထိုက်ရွှမ်ကို ဦးညွတ်ကြသည်။ တစ်ယောက်က ပြောသည် “ဒီကိစ္စက လျှို့ဝှက်နယ်မြေဘုံက အင်အားစုတစ်ခုခုနဲ့ သက်ဆိုင်နေတယ်…”

“လျှို့ဝှက်နယ်မြေဘုံ…” ရီဖူရှင်းက သူသည် တစေနတ်ဘုရားကလန်၊ မြူခိုးအဆိပ်ကလန်နှင့် ကံကြမ္မာလောကအင်အားစုတို့နှင့် အတိတ်တွင် ကတောက်ကဆများဖြစ်ခဲ့သည်ကို အမှတ်ရမိ၏။ သို့သော်လည်း ထိပ်သီးအင်အားစုအချင်းချင်း စစ်ဖြစ်ရလောက်အောင်အထိ မကြီးကျယ်ပေ။

ထိုအုပ်စုများက ဤသို့ ပြုမူရန် လုံလောက်သော အကြောင်းပြချက်မရှိပေ။

အသစ်ရောက်လာသော တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် သူတို့ရရှိလာသော သဲလွန်စများကို ပြောသည်။ သူတို့အားလုံးထံမှ တူညီသော ကောက်ချက်များကို ရ၏။

သူတို့အားလုံးက လျှို့ဝှက်နယ်မြေဘုံကို သံသယဝင်ကြ၏။

“အရှင်…” ကောင်းကင်နတ်တံခါးမှ ဟွားကျန့်ချန်က ပြောသည်။ ဂူတုံးလျှိုသည် ကောင်းကင်နတ်တံခါး၌ ခေါင်းဆောင်ဖြစ်လာပြီး သူ့အား ကျန့်ချန်းကျီက အကူအညီပေးနေသော်လည်း ဟွားကျန့်ချန်ကား သူ၏အချိန်အများစုကို ကျောင်းတော်၌ ကုန်ဆုံးနေခဲ့သည်။

ကောင်းကင်နတ်တံခါးသည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် အလွန်နီးကပ်သော ဆက်ဆံရေးလည်း ရှိနေသည်။ သူတို့က မုန်တိုင်းများကို အတူတူဖြတ်ကျော်ခဲ့ကြသည်။

“ခင်ဗျား ဘယ်လိုထင်လဲ…” အရှင်ထိုက်ရွှမ်က မေးသည်။

“ခင်ဗျား အဲဒီ အုပ်စုကို မှတ်မိသေးလား…” ဟွားကျန့်ချန်က မေးသည် “အဲဒီအုပ်စုက အရင်ရာစုနှစ်တွေတုန်းက ပြဿနာတွေ ရှာပြီးတော့ ပြန်ပျောက်သွားတာလေ…”

အရှင်ထိုက်ရွှမ်၏မျက်နှာက တင်းမာသွားသည်။ သူက ဟွားကျန့်ချန်ပြောသော အုပ်စုကို ပြန်အမှတ်ရ၏။

“ငရဲခန်းမ…” အရှင်ထိုက်ရွှမ်က မျက်နှာထားတင်းမာစွာဖြင့် ပြောသည်။

သူသည် ခေတ်ကာလများစွာကို ရင်ဆိုင်ဖြတ်သန်းဖူးပြီးဖြစ်ကာ လူငယ်များထက် များစွာ အတွေ့အကြုံရင့်ပေသည်။ သူကိုယ်တိုင်က မဟာအင်ပါယာနှစ်ပါး၏ခေတ်ကို တွေ့ကြုံဖူးသူမဟုတ်ပါလား။

လျို့ဝှက်နယ်မြေဘုံမှ ထိပ်သီးအင်အားစုတစ်ခုကို သူက မည်သို့ မမှတ်မိဘဲ နေမည်နည်း။

မည်သို့ဆိုစေ ထိုငရဲတံခါးအင်အားစုသည် ဖျက်ဆီးခံခဲ့ရရာ ထိုနေ့ထိုအချိန်၌ ပျောက်ကွယ်သွားပြီးဖြစ်သည်။ ကြမ္မာလောကနှင့် မြူခိုးအဆိပ်အင်အားစုတို့ မွေးဖွားလာခြင်းက ထိုငရဲတံခါးအင်အားစု ပျက်စီးခြင်းနှင့် တစ်နည်းနည်းသက်ဆိုင်ကြောင်း ကောလာဟလများက ဆိုသည်။

“ဟုတ်တယ်…” ဟွားကျန့်ချန်က ခေါင်းညိတ်သည်။ လူအများအပြား၏မျက်နှာများ သုန်မှုန်သွားကြသည်။

ရီဖူရှင်းက နားမလည်ပေ။ သူသည် ဘုံသုံးထောင်၏သမိုင်းအဖြစ်အပျက်များနှင့် သိပ်မရင်းနှီးရာ ထိုငရဲတံခါးအဖွဲ့အစည်းကိုလည်း မသိပေ။

“အဲဒါက မဟာအင်ပါယာနှစ်ပါး ကောင်းကင်ဒေသကို စုစည်းတုန်းက ရှင်းလင်းခံရတဲ့ အင်အားကြီးအဖွဲ့အစည်းတစ်ခုပဲ။ သူတို့က လျှို့ဝှက်နယ်မြေဘုံမှာ အခြေစိုက်တယ်” အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ရှင်းပြသည် “သူတို့က အရမ်းကို ကြောက်စရာကောင်းတယ်…”

“အရင်နှစ်ပေါင်းများစွာက ပျောက်ကွယ်သွားပြီးဖြစ်တဲ့ အင်အားစုက ကျောင်းတော်ကို ဘာလို့ တိုက်ခိုက်ရတာလဲ…” ရီဖူရှင်းက မေးသည်။

“ငါတို့ မသေချာသေးဘူး။ ဒါက ငရဲတံခါးက လုပ်တတ်တဲ့ကိစ္စနဲ့လည်း မတူဘူး။ ဒါက ငရဲတံခါးက လက်ကျန်လူတချို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ငရဲတံခါးနာမည်ကို သုံးတာမျိုး…” အရှင်ထိုက်ရွှမ်က ပြောသည် “ငါတို့က သူတို့ထဲက တစ်ယောက်ယောက်ကို ဖမ်းမိသေးလား…”

လူအများက ခေါင်းယမ်းကြသည်။

“ငရဲတံခါးသာ တကယ် နောက်ကွယ်မှာရှိတယ်ဆိုရင် ငါတို့က သူတို့ကို အနိုင်ယူဖို့ ခက်လိမ့်မယ်…” ဟွားကျန့်ချန်က ပြောသည်။ ငရဲတံခါးသည် ကိုယ်ဖျောက်ခြင်းပညာရပ်များကို ကျွမ်းကျင်ကြ၏။ အမှောင်ထဲမှလူနှင့် တိုက်ခိုက်ရသည်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်သည်။

“ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ…” အရှင်ထိုက်ရွှမ်က မေးသည်။

အားလုံးက အတွေးနက်နေကြသည်။

“ကျုပ်တို့ သူတို့ကို မျှားခေါ်မလား…” ရီဖူရှင်းက ပြောသည်။

“အဲဒါက အတော်အန္တရာယ်များတယ်… အရင်က ငရဲတံခါးဆိုရင် ဒါက အတော်မဖြစ်နိုင်တဲ့ကိစ္စပဲ…” အရှင်ထိုက်ရွှမ်က ပြောသည်။

“ကျွန်တော် သွားမယ်…” ရီဖူရှင်းက ပြောသည်။

အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောသည် “ငါတို့ လျှို့ဝှက်နယ်မြေဘုံကို တိုက်ရိုက်သွားကြတာပေါ့။ မျှားခေါ်မယ့်ကိစ္စကို ငါ့တာဝန်ထား။ သူတို့က ကျောင်းတော်ကို ပစ်မှတ်ထားတယ်ဆိုရင်တောင် အဓိကပစ်မှတ်က ငါပဲဖြစ်လိမ့်မယ်…”

***


Comment

Leave a Reply


Options

not work with dark mode
Reset