အပိုင်း (၁၇၂၂)

အတွေးများ

ပြည်နယ်ကိုးခုမှလူများသည် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် နေကြလေသည်။ ကျောင်းတော်မှာ မြို့တစ်မြို့နှင့်တူ၍ နေရာအလွန်ကျယ်ပြန့်သောကြောင့် ပြည်နယ်ကိုးခုမှာလူအုပ်ကြီးအား နေရာချထားပေးရန် အခန်းလုံလုံလောက်လောက်ရှိလေသည်။

ထို့နောက်တွင် ရီဖူရှင်းက ပြည်နယ်ကိုးခုမှလူများအား တစ်ယောက်ချင်းမိတ်ဆက်ပေးကာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူအချို့အား ပြည်နယ်ကိုးခုမှဧည့်သည်များကို ကျင့်ကြံခြင်းတွင်ကူညီပေးရန် တောင်းဆိုခဲ့သည်။

ကျူးကော့ချန်းဖန်နှင့် ကျူးကော့မိသားစုဝင်များသည် မိုးကြိုးလျှပ်စီးကျင့်စဥ်များနှင့်နာမည်ကျော်သော တိမ်တိုက်ကိုးခုနန်းတော်အား အနိုင်ယူခဲ့ပြီးနောက် မိုးကြိုးကျင့်စဥ်များအား ရရှိခဲ့ကြသည်။ ကျူးကော့မိသားစုက တိမ်တိုက်ကိုးခုနန်းတော်မှ မိုးကြိုးနတ်ဘုရားအကြွင်းအကျန်နယ်မြေအချို့ကိုလည်း ရရှိထားကြသည်။ ထို့ကြောင့် ရီဖူရှင်းက အကြွင်းအကျန်နယ်မြေတွင် လေ့ကျင့်ရန် မိုးကြိုးကျင့်စဥ်များအားကျင့်ကြံထားသူများကို ဖိတ်ခေါ်ခဲ့သည်။

ကောင်းကင်နတ်တံခါးသည် ကျူးကော့မိသားစုအား ကျင့်ကြံရန်ကူညီပေးပေလိမ့်မည်။ ဂူတုံးလျှိုက ကောင်းကင်နတ်တံခါးမှ ကလန်ခေါင်းဆောင်ဖြစ်သောကြောင့် သူ၏ယောက္ခမကိုအကူညီပေးရန်မှာ မခက်ခဲတော့ပေ။

ရီဖူရှင်းသည် ထောင်ကျန်းကို ကျင့်ကြံရန် သောမျိုးနွယ်စုမှစီနီယာများနောက်သို့လိုက်ပါစေသည်။

ယွမ်ဟောင်နှင့် ယွမ်ကျန်းကိုမူ ရီဖူရှင်းက ကျူးရင်မိစ္ဆာအင်ပါယာနှင့် မိုးကြိုးနတ်ဘုရားမိစ္ဆာအင်ပါယာတို့နှင့် မိတ်ဆက်ပေးခဲ့သည်။ ယွမ်ဟောင်နှင့် အခြားသူများသည် ရွှေလူဝံကလန်မှအဖွဲ့ဝင်များဖြစ်၍ သူတို့က ထိုသို့တွေ့ဆုံရခြင်းကို အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။

ရီဖူရှင်းက ကျန်သူများအားလုံးအတွက်လည်း သေချာစီစဥ်ပေးခဲ့လေသည်။

ရီဖူရှင်းက ထိုသူများကို ကောင်းကင်အာဏာစက်ဘုံသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သောကြောင့် သူတို့အတွက် ကျင့်ကြံခြင်းတွင်တိုးတက်လာစေရန် သေချာပေါက်စီစဥ်ပေးရပေမည်။ သူတို့က ကျင့်ကြံခြင်းတွင် အတားအဆီးသို့ရောက်နေလျှင်တောင်မှ ချိုးဖောက်နိုင်ပေလိမ့်မည်။

ရီဖူရှင်းက နန်းယူ၏ကျင့်ကြံခြင်းနှင့်ပတ်သတ်၍မူ လုံးဝ စိတ်မပူပေ။ သူသည် ဖေးရွှီအားယုံကြည်သကဲ့သို့ နန်းယူအားလည်းယုံကြည်မှုရှိပေသည်။ ဖေးရွှီတွင် သင်ပြပေးမည့် သူမ၏အဘွားရှိနေသလိုပင် နန်းယူတွင်လည်း အရှင်ထိုက်ရွှမ်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှဆရာများ ရှိနေလေသည်။ သူမသည် အနာဂတ်တွင် သူမအလိုရှိသည်ကို သင်ယူနိုင်ပေသည်။

ရီဖူရှင်းသည် ထိုကိစ္စများကိုဖြေရှင်းခြင်းဖြင့် အလုပ်များနေလေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည်လည်း တပည့်ရွေးချယ်ခြင်းကို အပြီးသတ်လိုက်သည်။ လူတချို့မှာဝင်ခွင့်မှပြုတ်သွားသော်လည်း တချို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ပထမတန်းတပည့်များဖြစ်လာသောကြောင့် ပျော်ရွှင်နေကြလေသည်။ ပင်မတပည့်ဖြစ်လာသည့် လူအနည်းငယ်အတွက်မူ အလွန်အမင်းစိတ်လှုပ်ရှားပျော်ရွှင်နေကြလေသည်။

အနာဂတ်၌ သူတို့သည် ရန်ဟောင်အဆင့်သို့တက်လှမ်းချိန်တွင် ကံကောင်းစွာ ရီဖူရှင်းထံမှ အကူအညီတချို့ရရှိခဲ့လျှင် အဆင့်မြင့်နတ်ဝင်ရိုးများကို ဖန်တီးနိုင်မည့်အခွင့်အလမ်းရှိနေလေသည်။

ပြည်နယ်ကိုးခုမှလူများသည် နေရာအနှံ့သို့ကျင့်ကြံရန်ရောက်ရှိသွားပြီး ကျောင်းတော်သည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော်လည်း တပည့်သစ်များကြောင့် တက်ကြွလှုပ်ရှားနေဆဲဖြစ်လေသည်။

ထို့အပြင် ကောင်းကင်အာဏာစက်မြို့၏ လူဦးရေသည်လည်း တိုးတက်လာလေသည်။ လူများစွာထွက်ခွာသွားခဲ့ကြသော်လည်း အများစုက ကောင်းကင်အာဏာစက်မြို့တွင်နေထိုင်၍ ကျင့်ကြံရန်ရွေးချယ်လိုက်ကြသည်။

ရီဖူရှင်းသည် ရက်အတန်ကြာအလုပ်များနေပြီးနောက်ဆုံးတွင် အားလပ်ချိန်ရလာခဲ့သည်။

နန်းယူသည် ကျောင်းတော်တွင် ပို၍သက်သောင့်သက်သာဖြစ်လာလေသည်။ သူမသည် တခါတရံတွင် အရှင်ထိုက်ရွှမ်ကိုသွားနှောက်ယှက်တတ်၍ တခါတရံတွင်မူ ဟွာဂျီယူအား လိုက်ရှုပ်နေတတ်သည်။

ဟွာဂျီယူသည် အချိန်အများစုကို ကျင့်ကြံရန်အသုံးပြုသော်လည်း နန်းယူကိုတွေ့လျှင်မူ သူမအားအချိန်ပေးရန် ကျင့်ကြံခြင်းကိုဘေးဖယ်ထားလေ့ရှိသည်။

ရီဖူရှင်းကား ဟွာဂျီယူကျင့်ကြံနေသောနေရာတွင် သူမနှင့်နန်းယူတို့စကားပြောနေကြသည်ကို ကြည့်ရှုနေလေသည်။ တကယ်တော့ နန်းယူက စကားအများဆုံးပြောနေပြီး ဟွာဂျီယူက တခွန်းစနှစ်ခွန်းစ ပြန်ပြောနေခြင်းသာဖြစ်သည်။

ထိုကြည်နူးဖွယ်မြင်ကွင်းကိုကြည့်၍ ရီဖူရှင်း၏မျက်နှာထက်တွင် ညင်သာသောအပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။ ဂျီယူသာ အမှန်တကယ်ပြန်လည်ရောက်ရှိလာနည်ဆိုလျှင် မည်မျှကောင်းလိုက်မည်နည်း…။ သူမသာ နန်းယူကိုတွေ့လျှင် အလွန်ပျော်နေပေမည်။

သို့သော်လည်း ရီဖူရှင်းက ဟွာဂျီယူ၏ဇစ်မြစ်ကို ပို၍ပို၍ သံသယဝင်လာခဲ့သည်။သူသည် ယခင်ကတည်းက ဟွာဂျီယူအား ဗြဟ္မာ့သန့်စင်ကောင်းကင်သခင်မက ထိန်းချုပ်ထားခြင်းဖြစ်မည်ဟု မှန်းဆမိခဲ့သည်။ သို့သော် ထိုကဲ့သို့ဧကရီတပါးသည် မိန်းမငယ်လေးတစ်ယောက်က သူမ၏ကျင့်ကြံခြင်းအလယ်တွင် အနှောက်အယှက်ပေးသည်ကို အဘယ်ကြောင့်လက်ခံမည်နည်း…။ သူမသည် နန်းယူနှင့်စကားပြောရခြင်းအား အနှောက်အယှက်ဖြစ်သည့်ပုံပင်မပေါ်ပေ။

ထို့အပြင် သူယခင်ကပြုလုပ်ခဲ့သော လက်ကိုင်ခြင်းကဲ့သို့အရာများအား ဟွာဂျီယူက သူမ၏အသိစိတ်ဖြင့် လက်ခံခဲ့ခြင်းဖြစ်ပေမည်။

ထိုသည်က ဟွာဂျီယူသည် ဧကရီ၏ချုပ်ကိုင်ခြင်းခံနေရခြင်းမဟုတ်ဟု သူ့အားယုံကြည်စေသည်။ သူမသည် ကျင့်ကြံခြင်းမှလွဲ၍ မည်သည်ကိုမျှစိတ်မဝင်စားခြင်းကြောင့် ရီဖူရှင်း၏ မျက်လုံးထဲတွင် စာရွတ်လွတ်တစ်ရွက်နှင့် ပို၍တူနေလေသည်။

သို့သော် သူမသည် ဟွာနန်းယူကိုမူ မသိစိတ်ကချစ်ခင်နေခြင်းဖြစ်ပေမည်။

ထိုစဥ်တွင် လူတစ်ယောက်က ရီဖူရှင်းထံလျှောက်လာလေသည်။

ရီဖူရှင်းက လာနေသောအမျိုးသမီးထံ လှမ်းကြည့်လိုက်သည်။ သူမ၏မျက်နှာက လှပ၍ ကျက်သရေရှိလှပေသည်။

“ဘာကူညီပေးရမလဲ နတ်မိမယ်” ရီဖူရှင်းက အပြုံးဖြင့်မေးလိုက်သည်။ ထိုအမျိုးသမီးသည် ရွှမ်ထျန်းနတ်မိမယ်ဖြစ်ပေသည်။

“ဒီကလေးမလေးက ဒီကိုခဏတိုင်းလာပြီး သူမကျင့်ကြံနေတာကိုအနှောက်အယှက်ပေးနေတယ်” ရွှမ်ထျန်းနတ်မိမယ်ကပြောလိုက်သည်။ သူမအား ဤနေရာသို့မလာရောက်ခင်တွင် ဟွာဂျီယူ၏ကျင့်ကြံခြင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှအခြားအရာများအားလုံးထက် ပို၍အရေးကြီးသည်ဟု ဧကရီက အမိန့်ပေးခဲ့လေသည်။

“သူမက အဲ့လိုမထင်ရင် နတ်မိမယ်က ဝင်ပါဖို့မလိုပါဘူး” ရီဖူရှင်းက ပြုံး၍ပြောလိုက်သည်။

ရွှမ်ထျန်းနတ်မိမယ်က အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ကြည့်ရသည်မှာ ဟွာဂျီယူက နန်းယူလာကစားနေခြင်းအား တားမြစ်မည့်ပုံမပေါ်ပေ။

“သူမက ကောင်းကင်အာဏာစက်ကျောင်းတော်ကို လေ့ကျင့်ဖို့လာတာ။ မင်းက သူမကိုသေချာထိန်းပေးဖို့ မျှော်လင့်ပါတယ်” ရွှမ်ထျန်းနတ်မိမယ်ကပြောသည်။

ရီဖူရှင်းက နန်းယူကိုကြည့်ကာ ညင်သာစွာပြုံးလိုက်သည်။

“အဲ့တာက နတ်မိမယ်ရဲ့ရည်ရွယ်ချက်လေ…ကျွန်တော့ရည်ရွယ်ချက်မှမဟုတ်တာ” ရီဖူရှင်းက တည်ငြိမ်သောအသံဖြင့်ပြောသည်။ “နတ်မိမယ်က သဘောမကျဘူးဆိုရင် ကြိုက်တဲ့အချိန်ထွက်သွားလို့ရပါတယ်။ ကျွန်တော် မတားပါဘူး”

ထိုသို့ပြော၍ ရီဖူရှင်းက ဟွာဂျီယူထံလျှောက်သွားလေသည်။

ရွှမ်ထျန်းနတ်မိမယ်က ရီဖူရှင်းထဲအေးစက်စက်အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်သည်။ ရွှယ်ထျန်းနတ်မိမယ်များထဲမှ တစ်ပါးအနေဖြင့် သူမသည် ဗြဟ္မာ့သန့်စင်ကောင်းကင်၌ မြင့်မားသောအဆင့်အတန်းကိုပိုင်ဆိုင်ထားလေသည်။ သူမသည်လည်း ရီဖူရှင်းကဲ့သို့အရည်အချင်းရှိ၍ ရီဖူရှင်းအား ဂျူနီယာတစ်ယောက်အနေဖြင့်သာ မြင်ပေသည်။

သို့သော် ရီဖူရှင်းက သူမအား ယခုအချိန်ထိလေးစားမှုမပြခဲ့ပေ။

ယခုရီဖူရှင်းသည် ယခင်က ရွှမ်ထျန်းစံအိမ်သို့လာရောက်ခဲ့သော လူငယ်လေးမဟုတ်တော့မှန်း သူမသေချာနားလည်လေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်သည်လည်း သူ့အားလွှမ်းမိုးချုပ်ကိုင်၍ မရနိုင်တော့ပေ။

ထိုဆံပင်ဖြူနှင့်လူငယ်သည် ကောင်းကင်အာဏာစက်ဘုံတွင် သရဖူမပါရှိသော်လည်း အရှင်သခင်တပါးဖြစ်နှင့်နေပြီဖြစ်သည်။

သူသည် အမိန့်တစ်ချက်ဖြင့် စစ်တပ်ကိုဦးဆောင်၍ ရှန်ကလန်အားတိုက်ခိုက်နိုင်ခဲ့သည်။ သူသည် တိမ်တိုက်ကိုးခုနန်းတော်နှင့် ကောင်းကင်အာဏာစက်ဘုံမှမင်းဆက်အား အပြီးတိုင်ဖယ်ရှားပစ်ခဲ့ပြီးဖြစ်သည်။ သူတို့ယခုရပ်နေသောနေရာမှာ ယခင်က ကောင်းကင်အာဏာစက်ဘုံမှဘုရင်တို့ နန်းစိုက်ရာနန်းတော်ဖြစ်ခဲ့လေသည်။

ဧကရီသည်ပင် ကောင်းကင်အာဏာစက်ကျောင်းတော်တွင်းမှ ရီဖူရှင်းအား ဖိအားမပေးနိုင်သောကြောင့် သူမအားလွှတ်ထားပေးရပေတော့မည်။

သူမတွင် ရွေးချယ်စရာမရှိဘဲ အလျော့ပေးလိုက်ရသည်။

“ဂျီယူ” ရီဖူရှင်းက သူမထံသို့လျှောက်လာကာ နာမည်ခေါ်လိုက်လေသည်။

ဟွာဂျီယူက ခေါင်းကိုမော့၍ ရီဖူရှင်းကိုကြည့်လိုက်သည်။ သူမ၏လှပသောမျက်လုံးများက ပုံမှန်အတိုင်း တည်ငြိမ်နေလေသည်။

“အစီအရင်ထဲမှာ အတူကျင့်ကြံကြရအောင်” ရီဖူရှင်းက သူ၏လက်ကိုကမ်းပေးလိုက်သည်။ ဟွာဂျီယူက ခဏတာ တုန့်ဆိုင်းသွားသော်လည်း အသာခေါင်းညိမ့်၍ သူမ၏လက်ကို ရီဖူရှင်း၏လက်ထဲသို့ထည့်လိုက်လေသည်။

“အကိုကြီး သမီးလည်း အကိုကြီးနဲ့အတူကျင့်ကြံချင်တယ်” နန်းယူက မေးလေးမော့ကာ ရီဖူရှင်းအားပြောလိုက်သည်။

“မင်းဘိုးဘိုးရွှမ်ဆီ ဒီနေ့သွားမလည်ဘူးလား” ရီဖူရှင်းက နန်းယူ၏ခေါင်းကိုပွတ်၍ မေးလိုက်သည်။

နန်းယူက ခေါင်းကိုငုံ့လိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ “ဘိုးဘိုးရွှမ်က နန်းယူကိုသဘောမကျတော့ဘူး”

“ဘယ်လိုဖြစ်လို့လဲ” ရီဖူရှင်းက အပြုံးဖြင့်မေးသည်။

“ဘိုးဘိုးရွှမ်က သမီးကိုအခြေခံအုတ်မြစ်ပြန်ချပေးချင်တယ်လို့ပြောပြီး မလှုပ်မယှက်ထိုင်ခိုင်းတာ…အရမ်းပင်ပန်းတာပဲ။သူတစ်ခုခုလုပ်လိုက်တိုင်း သမီးခေါင်းထဲမှာအများကြီးရောက်လာသလိုပဲ။ ပြီးကျ ဘေးနားမှာလည်း အရောင်တွေအများကြီးမြင်လာရတယ်…သမီးနေမကောင်းဖြစ်နေတာလားဟင်” နန်းယူက ရီဖူရှင်းကိုကြည့်၍ အပြစ်ကင်းစွာမေးလိုက်သည်။

“ဘယ်လိုလုပ်နေမကောင်းဖြစ်တာဖြစ်မှာလဲ…အဲ့ဒီအရာကို လောကစွမ်းအားလို့ခေါ်တယ်…အဲ့ဒါက ညီမလေးကို တခြားလူတွေထက်ပိုလှအောင်လုပ်ပေးနိုင်တယ်” ရီဖူရှင်းက ရယ်၍ပြောသည်။

“အို…”နန်းယူက ညင်သာစွာခေါင်းညိမ့်ကာပြောသည်။ “အဲ့ဒါကြောင့် ဖေဖေကုချင်းတီးနေတာကြားရချိန်မှာ သင်ယူရတာအရမ်းလွယ်သလိုခံစားရတာကိုး…”

ရီဖူရှင်းက ပြုံးလိုက်သည်။ လူအနည်းငယ်က ရွှမ်ထျန်းနတ်မိမယ်ကိုဖြတ်၍ လျှောက်သွားသည်။ ရီဖူရှင်းက နောက်သို့လှည့်၍ သူမအားကြည့်ကာပြောသည်။ “ကျွန်တော့မှာ ပြောစရာရှိတယ်။ ကျွန်တော်က ဂျီယူရဲ့မိဘတွေကို သူမကမှတ်ဉာဏ်ပျောက်ဆုံးသွားပြီးတော့ ဧကရီကသူမကိုကယ်တင်ပေးထားတာလို့ ပြောထားတယ်။ အဲ့ဒါကြောင့် အနာဂတ်မှာ ကျွန်တော့ကိုမျက်နှာပျက်အောင်မလုပ်ပါနဲ့…မဟုတ်ရင် ကျွန်တော့မှာ နတ်မိမယ်ကိုပြန်လွှတ်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး”

ရွှမ်ထျန်းနတ်မိမယ်၏မျက်နှာက မှောင်မိုက်သွားလေသည်။ ရီဖူရှင်းက သူမအား ခြိမ်းခြောက်နေလေသည်။

ရီဖူရှင်းက ယနေ့တွင် သူမအားခြိမ်းခြောက်ရဲသည်အထိ ယုံကြည်မှုရှိနေလေသည်။

ထွက်ခွာသွားသော သူ၏ပုံရိပ်ကိုကြည့်ကာ ရွှမ်ထျန်းနတ်မိမယ်က ဟွာဂျီယူကို ဤနေရာသို့ကျင့်ကြံရန်စေလွှတ်ခဲ့သော်လည်း ပြန်ခေါ်ဖို့လွယ်ကူတော့မည်မဟုတ်ကြောင်း သိလိုက်သည်။

ရီဖူရှင်းက ဟွာဂျီယူအား သွားခွင့်ပေးမည်မဟုတ်ပေ။

ဧကရီက ကျောင်းတော်တွင် ဟွာဂျီယူ၏ကျင့်ကြံခြင်းအားတိုးတက်စေလိုခဲ့ပြီး ရီဖူရှင်းက သူမအား ဤနေရာတွင်ခေါ်ထားနိုင်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သူက ဟွာဂျီယူကျင့်ကြံရာတွင် ကူညီပေးရန် လိုလားပေသည်။

ရွှမ်ထျန်းနတ်မိမယ်သည် ရီဖူရှင်း၏ခြိမ်းခြောက်မှုအောက်တွင် ဖြေရှင်းရန်နည်းလမ်းမရှိပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ရီဖူရှင်း၏ပိုင်နက်ဖြစ်လေသည်။

သူတို့ ဤနေရာသို့လာခဲ့စဥ်ကတည်းက မည်သည့်အရာမှ သူတို့အလိုရှိရာအတိုင်းမဖြစ်နိုင်တော့ကြောင်း သူမ ယခုမှပင်နားလည်သွားတော့သည်။

လမ်းလျှောက်နေရင်း ရီဖူရှင်းက နန်းယူကိုကြည့်ကာ မေးလိုက်သည်။ “နန်းယူ အကိုတို့ ဘိုးဘိုးရွှမ်ကိုသွားတွေ့ကြမလား”

“အွန်း…”နန်းယူက ပျော်ရွှင်စွာခေါင်းညိမ့်လေသည်။

“လို့လန် သူမကို အဲ့ကိုလိုက်ပို့ပေးလိုက်ပါ” ရီဖူရှင်းက နောက်သို့လှည့်၍ လို့လန်ရွှီကိုပြောလိုက်သည်။

သူမက ဒီရက်များတွင် နန်းယူအား ကြည့်ရှုစောင့်ရှောက်ပေးနေခြင်းဖြစ်သည်။

“အင်း…” လို့လန်ရွှီက ရှေ့သို့လှမ်းလာသည်။ နန်းယူက ရီဖူရှင်းလက်ကိုလွှတ်၍ လို့လန်ရွှီနှင့်အတူ ထွက်ခွာသွားလေသည်။

ရီဖူရှင်းက ကျင့်ကြံရေးကွင်းပြင်သို့သွား၍ ရှားရှင်းယွန်နှင့်တွေ့ခဲ့သည်။

သူမက ရီဖူရှင်းနှင့်ဟွာဂျီယူအားကြည့်လိုက်ပြီး သူတို့၏လက်များတွဲထားသည့်အပေါ် အကြည့်ရောက်သွားသည်။ ထူးဆန်းသောအကြည့်တစ်ချက်က သူမမျက်ဝန်းများတွင်ပေါ်ပေါက်လာသော်လည်း ခဏချင်းပင်ပြန်ပျောက်ကွယ်သွားလေသည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဇနီးမောင်နှံပင်မဟု​တ်ပါလော…။

“ရှင်းယွန် မင်းကိုငါကူပေးရဦးမလား” ရီဖူရှင်းက အပြုံးဖြင့်မေးလိုက်သည်။

“မလိုဘူး” ရှားရှင်းယွန်က ခေါင်းအသာယမ်းကာပြောသည်။ “လုပ်စရာရှိတာလုပ်ပါ ငါသွားကျင့်ကြံလိုက်ဦးမယ်”

သူမကပြန်ပြောလိုက်ပြီး အဝေးသို့လျှောက်သွားကာ ခဏကြာပြီးနောက်ပြန်လှည့်လာ၍ပြောလိုက်သည်။ “ငါ ခဏလောက်တံခါးပိတ်ကျင့်ကြံဖို့စီစဥ်ထားတယ်။ ရန်ဟောင်အဆင့်ကိုတက်ဖို့ အသင့်ဖြစ်တဲ့အခါကျရင် နင့်ကိုလာရှာလို့ရမလား”

“ရတာပေါ့” ရီဖူရှင်းက ကျေနပ်စွာပြန်ဖြေသည်။ ရှားရှင်းယွန်က အဘယ်ကြောင့် သူနှင့် စကားပြောလိုသည်မှန်း သူမှန်းဆခဲ့ပြီးဖြစ်သည်။

“ရှင်းယွန် မင်း နတ်ဘုရားအကြွင်းအကျန်နယ်မြေကနေ နတ်ဝိညာဥ်လက်နက်တစ်ခုရခဲ့တယ်။ အဲ့ဒါကို မင်းရဲ့သက်စောင့်ဝိညာဥ်ကိုအသွင်ပြောင်းပြီး နတ်ဝင်ရိုးအဖြစ်ဖန်တီးတဲ့အခါမှာ သက်စောင့်ဝိညာဥ်နဲ့ပေါင်းစပ်လိုက်ရမှာ။ ငါ့အကူအညီနဲ့ဆိုရင် မင်းက သေချာပေါက် အက်ကြောင်းမဲ့နတ်ဝင်ရိုးဖန်တီးနိုင်မှာ သေချာတယ်။ အဲ့ဒါကြောင့် စိတ်မပူဘဲ ကျင့်ကြံတဲ့နေရာမှာပဲအာရုံစိုက်ထား…” ရီဖူရှင်းက ပြောလိုက်သည်။

“အင်း ငါနားလည်ပြီ” ရှားရှင်းယွန်က အသာခေါင်းညိမ့်၍ ထွက်ခွာသွားသည်။

သူမက ရန်ဟောင်အဆင့်သို့တက်လှမ်းရန် ကြိုးပမ်းတော့မည်မဟုတ်လော…။

သူမကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားမနေပေ။

သူမသည် အမြဲတမ်း ရန်ဟောင်အဆင့်သို့ရောက်ချင်ခဲ့ပြီး အင်ပါယာရှားဘုံသို့ပြန်ကာ သူမဖခင်၏အရိုက်အရာကိုဆက်ခံလိုခဲ့သည်။ အင်ပါယာရှားက ကျင့်ကြံရန်ထွက်ခွာလိုသော်လည်း အင်ပါယာရှားဘုံ၌ သူ၏အရိုက်အရာကို ဆက်ခံမည့်သူမရှိဘဲ ထွက်ခွာ၍မဖြစ်နိုင်ပေ။

သူမက ရန်ဟောင်ဖြစ်လာလျှင် သူမဖခင်၏ဝန်ထုပ်ဝန်ပိုးကို ဖြေလျော့ပေးနိုင်ပြီး သူ့အားလွတ်လွတ်လပ်လပ်ကျင့်ကြံစေနိုင်လိမ့်မည်။

သူမက ထိုသည်အားစဥ်းစားလိုက်သည့်အခါတိုင်း သူမတွင် တစ်စုံတခုဆုံးရှုံးလိုက်ရသလို ခံစားနေရသည်။

သူမသည် ရန်ဟောင်အဆင့်သို့တက်လှမ်းရန် အလွန်တက်ကြွမနေပေ။ ထိုခံစားချက်မှာ ရှုပ်ထွေးလှပေသည်။

“ကိစ္စတွေကိုဖြေရှင်းပြီးရင် ခဏလောက်တံခါးပိတ်ကျင့်ကြံကြရအောင်” ရီဖူရှင်းက ဟွာဂျီယူကိုပြောလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေလေပြီ။ အရာအားလုံးတည်ငြိမ်သွားချိန်တွင် သူသည် နှစ်အနည်းငယ်ကြာ တံခါးပိတ်ကျင့်ကြံနိုင်ရန် မျှော်လင့်ထားသည်။

ယခုအချိန်တွင် ရွှေရောင်နတ်ပြည်ထောင် နှင့် ရှန်ကလန်တို့က သူ့အားနှောင့်ယှက်ဝံ့မည်မဟုတ်ပေ။ သူနှင့် ထိုအင်အားစုများကြားမှ ပဋိပက္ခများမှာ ထိုမျှပြင်းထန်၍တောက်လောက်နေခြင်းမျိုးမဟုတ်ပေ။ သူတို့သည် ပြသနာအကြီးအကျယ်ဖြစ်စေရန် စွန့်စားကြမည်မဟုတ်ပေ။

ထို့ကြောင့် ဘုံကိုးခုသည် နောက်နှစ်အနည်းငယ်လောက် ငြိမ်သက်နေလောက်ပေမည်။

မည်သို့ပင်ဖြစ်စေ ထိုတည်ငြိမ်မှုမှာ ယာယီသာဖြစ်သည်။ နောက်ဖြစ်လာမည့် မုန်တိုင်းများအတွက် သူ၏ကျင့်ကြံဆင့်မြင့်တက်နေမှသာ ရင်ဆိုင်ရန် ယုံကြည်မှုရှိပေမည်။

သူသည် သူရောက်ရှိလိုသောနေရာသို့ မရောက်သေးပေ။ သူ၏ကျင့်ကြံဆင့်မည်မျှပင်မြင့်နေစေကာမူ သူမည်မျှပင်ကြိုးစားလေ့ကျင့်စေကာမူ အမြဲတမ်းမလုံလောက်သေးကြောင်း ခံစားနေရသည်။

သူသည် ထိပ်ဆုံးသို့ရောက်မှသာလျှင် စိတ်လွတ်လပ် ပေါ့ပါးမှုကို ခံစားနိုင်မည်လည်း ဖြစ်နိုင်လေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset