ချင်းကျူမြို့တွင် နှစ်ရက်ကြာနေထိုင်ခဲ့ပြီးနောက် ရီဖူရှင်းသည် ဟွာဖန်းလူနှင့် သူ၏မိသားစုနှင့်အတူ စတင်ထွက်ခွာလာခဲ့သည်။သိမ်းငှက်နက်က သူ၏အတောင်များကိုဖြန့်၍ ပျံသန်းသွားသည်ကို ချင်းကျူမြို့မှလူများက ကြည့်နေခဲ့ကြသည်။
ရီဖူရှင်းကို အားလုံးကသိကြသော်လည်း အဝေးမှကြည့်ရုံကလွဲ၍ မည်သူမျှသူ့အား မနှောက်ယှက်ကြပေ။ နှစ်ရက်သာနေ၍ သူထွက်ခွာသွားလိမ့်မည်ဟု မည်သူမျှမထင်ခဲ့ကြသောကြောင့် အားလုံးက အံ့အားသင့်နေခဲ့ကြသည်။
အိမ်ရှေ့တွင် အမျိုးသမီးတစ်ယောက်ရပ်ကာ သူတို့ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။ သူမက အချိန်အတန်ကြာသည်အထိ ထိုနေရာတွင် ဆက်ရပ်နေခဲ့သည်။
ရီဖူရှင်းပိုင်ဆိုင်ထားသောစွမ်းရည်အရ သူသည်အကြည့်တစ်ချက်ဖြင့်ပင် ချင်းကျူမြို့မှလူတိုင်းကိုမြင်နိုင်ပေသည်။ သို့သော် ဤတစ်ခေါက်တွင် သူသည်မည်သည့်စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်ကိုမျှ မဖြစ်ပွားစေခဲ့ဘဲ နှစ်ရက်ခန့်သာနေထိုင်သွားခဲ့သည်။
သူ၏ဆရာက တိတ်ဆိတ်ငြိမ်းချမ်းမှုကိုလိုလားသည်ဖြစ်သောကြောင့် သူ၏ကျင့်ကြံဆင့်မှာ အတော်မြင့်နေပြီဖြစ်သော်လည်း သူကတခြားသူများ၏ဘဝကို ဝင်မစွက်ဖက်တော့ပေ။ သူသည် လူများ၏ကံကြမ္မာကို အလွယ်တကူပြောင်းလဲပေးနိုင်သော်လည်း သူသာထိုသို့လုပ်ပေးခဲ့လျှင် သူတို့ဘဝဇာတ်ကြောင်းမှာလည်း ပြောင်းလဲသွားပေမည်။ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူသိနိုင်ပါ့အံ့နည်း။
ချင်းကျူမြို့သည် သူ၏နှလုံးသားထဲမှ ကောင်းကင်ဘုံဖြစ်သည်။
သို့သော် ရီဖူရှင်းမသိခဲ့သည်က သူထွက်သွားပြီးနောက် အရှေ့ပင်လယ်မှ ကျွန်းမြို့သည် မြူထူထပ်စွာ ဖုံးအုပ်သွားပြီး ပို၍သီးသန့်ဆန်သောမြို့ဖြစ်လာလေသည်။
အရှေ့ပင်လယ်တွင် ကျွန်းမြို့၏အပြင်ဘက်၌ အနီးအနားတွင် သွားလာနေကြသော သင်္ဘောများသည် တုန်လှုပ်အံ့သြဖွယ်ထူးဆန်းသောဖြစ်ရပ်ကို မြင်တွေ့လိုက်ကြရသည်။ ကျွန်းစုက ခဏချင်းပင် မြူများဖြင့်မှုန်ဝါးလာပြီး သူတို့မျက်စိရှေ့မှ လုံးဝပျောက်ကွယ်သွားလေသည်။ သူတို့သည် ထူထဲသောမြူများရစ်သိုင်းနေသည်ကိုသာ မြင်တွေ့ရတော့သည်။
ထိုလအတွင်းတွင် ချင်းကျူမြို့မှ ထွက်ခွာသွားသူများသည်လည်း မြူများထဲသို့ဝင်ရောက်သွားပြီး ပြန်ပေါ်မလာကြတော့ပေ။ ချင်းကျူမြို့တွင် မိသားစုဝင်များရှိနေသောသူများမှလွဲ၍ မည်သူမှ ထိုမြူနှင်းများထဲသို့ မဝင်ရောက်ရဲတော့ပေ။
လအနည်းငယ်ကြာပြီးနောက် မြူနှင်းများကပျောက်ကွယ်သွားသော်လည်း ချင်းကျူတစ်မြို့လုံးသည် အရှေ့ပင်လယ်တွင် လုံးဝမရှိခဲ့ဖူးသယောင် အစအနရှာမရအောင်ပင် လုံးဝပျောက်ကွယ်သွားလေသည်။
ချင်းကျူမြို့သည် နန်ဒူနိုင်ငံမှ အရှေ့ပင်လယ်မြို့အတွင်း တည်ရှိသော အရှေ့ပင်လယ်အတွင်းရှိ ကျွန်းမြို့လေးသာဖြစ်သည်။ ထိုအကြောင်းကို အရှေ့ပင်လယ်မြို့တွင် လူအများက ပြောဆိုခဲ့ကြသော်လည်း မကြာခင်တွင်ပင် ချင်းကျူမြို့အား မေ့ပျောက်သွားကြသည်။ ထိုဖြစ်ရပ်သည် နှစ်များစွာကြာသည်အထိ မဖြေရှင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ကျန်ရစ်ခဲ့လေသည်။
…
ရီဖူရှင်းသည်လည်း လမ်းတွင်အချိန်များကုန်လွန်ခဲ့သော်လည်း သူပြန်လာသည့်အခါ အချိန်အနည်းငယ်သာကြာလေသည်။ သူသည် လမ်းတွင် လူများနှင့်ဆက်သွယ်ခဲ့ပြီး သူတို့နှင့် မြေရိုင်းဒေသမှ တော်ဝင်ကျဲနန်းတော်တွင် သူတို့နှင့်တွေ့ဆုံခဲ့ကာ အင်ပါယာရှားဘုံသို့ ခရီးဆက်ခဲ့လေသည်။
ထို့နောက်တွင် အင်ပါယာရှားဘုံမှ သွေးနဂါးဘုံသို့သွားရောက်ခဲ့ပြီး သွေးနဂါးဘုံမှ အာကာသခရီးသွားအစီအရင်ကိုသုံးကာ ကောင်းကင်အာဏာစက်ဘုံသို့ ပြန်လာခဲ့သည်။
သူပြန်ရောက်လာဖို့ အချိန်ခဏသာကြာမြင့်လေသည်။
သူတို့ပြန်ရောက်ချိန်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ဝင်ခွင့် စစ်ဆေးမှုသည် မပြီးဆုံးသေးသောကြောင့် ဘုံကိုးခုမှ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ကောင်းကင်အာဏာစက်မြို့တွင် ပြည့်နှက်နေလေသည်။
ကောင်းကင်အာဏာစက်ဘုံတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အပြင်ဘက်၌ နတ်ငှက်သည် သူ၏မူလပုံစံသို့ပြန်ပြောင်းလိုက်သည်။ မီတာတစ်ထောင်ခန့်ရှည်သော အတောင်ပံကိုဖြန့်ကျက်လိုက်ပြီး နေမင်းနှင့် ကောင်းကင်ကိုဖုံးအုပ်ကာ သူ၏ကျောပေါ်တွင် ခမ်းနားသောအရှိန်အဝါများဖြင့် လူတစ်စုကစီးနင်းလိုက်ပါလာသည်။ သူတို့သည် အောက်ဘုံသို့သွားခဲ့စဥ်က လူအနည်းငယ်သာဖြစ်သော်လည်း အပြန်ခရီးတွင်မူ လူများစွာလိုက်ပါလာလေသည်။ ထိုသူအားလုံးမှာ ပြည်နယ်ကိုးခု၏ အောက်ဘုံမှ သူ၏မိသားစုနှင့်မိတ်ဆွေများဖြစ်လေသည်။
ရှန်ကလန်မှကျင့်ကြံသူများကြောင့်သာမဟုတ်လျှင် ရီဖူရှင်းက ထိုသို့လူအများကြီးကို ခေါ်ဆောင်လာခဲ့မည်မဟုတ်ပေ။သို့သော် အခြေအနေက ထိုသို့ဖြစ်လာခဲ့ပြီဖြစ်၍ သူသည် ရှန်ကလန်နှင့်ပတ်သတ်၍ သတိထားရတော့မည်။အနည်းဆုံးတော့ သူနှင့်ရင်းနှီးသည့်သူများအား ရှန်ကလန်မှသူတို့၏လုံခြုံမှုကို ခြိမ်းခြောက်နေသည့်အခြေအနေ၌ အောက်ဘုံတွင်ချန်မထားခဲ့နိုင်ပေ။
ခွန်ပန်နတ်ငှက်၏ကျောပေါ်တွင် ပြည်နယ်ကိုးခုမှလူများက အောက်မှလူအုပ်ကြီးကိုကြည့်လိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏အပြင်ဘက်တွင် ဝင်ခွင့်ဖြေနေကြသော လူများစွာကိုလည်းမြင်လိုက်ရပြီး အလွန်အားကောင်းသော ရှန့်ထိုများစွာ၏ ပြိုင်ဘက်ကင်းအငွေ့အသက်များက နေရာတစ်ခုလုံးတွင် ပြည့်နှက်နေသည်ကို ခံစားလိုက်ကြရသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ရှန့်ထိုအဆင့်မှကျင့်ကြံသူများစွာကို ပြည့်နှက်နေအောင် မြင်လိုက်ရသောကြောင့် ပြည်နယ်ကိုးခုမှရှန့်ထိုများမှာ ဆွံ့အသွားကြသည်။
သူတို့အားလုံးသည် ပြည်နယ်ကိုးခုတွင် ထိပ်ဆုံးမှရပ်တည်နေသောသူများဖြစ်ပြီး မြင့်မားသောအဆင့်အတန်းကိုပိုင်ဆိုင်ကြလေသည်။ သို့သော် ကောင်းကင်ဘုံအာဏာစက်ဘုံတွင်မူ ရှန့်ထိုအဆင့်မှာ အတော်ကွာခြားလှပေသည်။
သူတို့၏စိတ်နှလုံးများက ခုန်ပေါက်သွားကြသည်။ အဆင့်မြင့်ဘုံများသည် သူတို့လာသောနေရာနှင့် သေချာပေါက်ကွာခြားမည်မှန်း တွေးထားပြီးဖြစ်သော်လည်း ထိုမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့မိပေ။
“တုံးလျှို…ရှန့်ထိုအဆင့်က ကောင်းကင်အာဏာစက်ဘုံမှာ သာမန်အဆင့်လား” ကျုးကော့ချန်းဖန်က သူ့ဘေးမှ ဂူတုံးလျှိုအားမေးလိုက်သည်။ ဂူတုံးလျှိုနှင့် ကျူးကော့မင်းယွီတို့က သူ့ဘေးတွင် ရပ်နေလေသည်။
“မဟုတ်ပါဘူး” ဂူတုံးလျှိုက ခေါင်းယမ်း၍ပြောလိုက်သည်။ “တကယ်တော့ ရှန့်ထိုအဆင့်ရဲ့အထက်မှာရှိတာက လူနည်းစုပါပဲ။ အခု ကျွန်တော်တို့က ရှန့်ထိုအဆင့်နဲ့အထက်ကလူတွေနဲ့ပဲတွေ့ဆုံရပြီး ရန်ဟောင်အဆင့်တချို့တောင်ပါနေလို့ပါ။ ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်ဘုံရဲ့ အထွဋ်အမြတ်နယ်မြေဖြစ်ပြီး အထက်ဘုံကိုးခုလုံးက ကျင့်ကြံသူတွေက ကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲကိုလာဖြေတာမို့ အခုအားလုံးရှေ့မှာမြင်နေကြရတဲ့လူတွေက ဘုံကိုးခုရဲ့လက်ရွေးစင်တွေပဲဖြစ်နေကြတာ…”
ကျူးကော့ချန်းဖန်က ခေါင်းညိမ့်သည်။ ထိုသည်မှာ နားလည်ရလွယ်ကူပေသည်။ မတူသောအဆင့်များမှလူများသည် ပုံမှန်အားဖြင့် မတူသောအဆင့်မှလူများဝန်းရံနေပေလိမ့်မည်။
“ပြီးတော့ အထက်ဘုံနဲ့အောက်ဘုံရဲ့ ပတ်ဝန်းကျင်အခြေအနေကကွာခြားတော့ ဒီမှာက ကျင့်ကြံဖို့ပိုပြီးလွယ်ကူတဲ့အတွက် ရှန့်ထိုအဆင့်ကိုရောက်ဖို့က အောက်ဘုံမှာကျင့်ကြံရတာလောက် မခက်ခဲဘူးလေ…” ဂူတုံးလျှိုက ထပ်ပြောလိုက်သည်။
“မင်းတို့အားလုံး စိတ်ဓာတ်ကျကုန်ကြပြီလား” ကျူးကော့ချန်းဖန်က ထောင်ကျန်းနှင့် တခြားလူများအား ကြည့်၍ ပြုံးကာပြောလိုက်သည်။ သူတို့လိုလူအိုကြီးများအတွက် သည်နေရာ၌ နေရာမရှိပေ။
သူတို့အားလုံးက အားဖျော့စွာပြုံးလိုက်ကြသည်။
အောက်တွင် တချက်ကြည့်ရုံဖြင့် လူအုပ်ကြီးကိုမြင်နိုင်ပြီး ထိုလူအားလုံး၏ ကျင့်ကြံဆင့်မှာ အလွန်မြင့်နေသောကြောင့် အနည်းငယ်ထိတ်လန့်ဖွယ်ကောင်းနေပေသည်။
ရွှေတောင်ပံခွန်ပန်ငှက်က အတောင်များကိုဖြန့်၍ ကောင်းကင်အာဏာစက်ကျောင်းတော်၏ အပြင်ဘက်သို့ပျံသန်းလာသည်။ အောက်မှလူများက ရွှေတောင်ပံခွန်ပန်ငှက်၏ကျောပေါ်ရှိ ဆံပင်ဖြူနှင့်လူငယ်ကိုမြင်လိုက်ရသောအခါ ဦးညွှတ်အရိုအသေပေး၍ အော်ဟစ်လိုက်ငြသည်။ “အင်ပါယာရီ”
“အင်ပါယာရီကိုနှုတ်ဆက်ပါတယ်”
လူများစွာက ဦးညွှတ်၍ ရီဖူရှင်းအား အရိုအသေပေးကာ ရိုသေလေးစားမှုကို ပြသကြလေသည်။ အထူးသဖြင့် လူငယ်များဖြစ်ပေသည်။
ယခုမူ ရီဖူရှင်းသည် လူငယ်မျိုးဆက်ကြားတွင် ဒဏ္ဍာရီတစ်ခုလိုကျော်ကြားလှပြီး သူတို့က သူ့အားအလွန်လေးစားကာ စံပြပုဂ္ဂိုလ်အဖြစ် မှတ်ယူကြလေသည်။
သူတို့၏လေးစားမှုမှာ ရင်ထဲမှလာခြင်းဖြစ်သည်။ သူမှလွဲ၍ အခြားမည်သူကများ စစ်တပ်ကြီးကိုဦးဆောင်ကာ ရှန်ကလန်အားစိန်ခေါ်ရဲပါမည်နည်း။
သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် အံ့သြမှုများထင်ဟပ်သွားလေသည်။ ရီဖူရှင်းက သူတို့အား ဤနေရာမှာအခြေအနေများကို ရှင်းမပြခဲ့ပေ။
ရီဖူရှင်း၏အဆင့်အတန်းက အလွန်မြင့်မား၍ ကြီးကျယ်ပုံရသည်။
ရီဖူရှင်းက အောက်မှလူများကို အသာခေါင်းညိမ့်နှုတ်ဆက်လိုက်ရင်း နတ်ငှက်က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ဝင်ရောက်လာကာ အလယ်ဗဟိုတွင် ဆင်းသက်လိုက်လေသည်။
ရွှေတောင်ပံခွန်ပန်နတ်ငှက် မြေသို့သက်ဆင်းပြီးနောက် ရီဖူရှင်းကပြောလိုက်သည်။ “ဒီနေရာပဲ”
သူပြောပြီးနောက် သူတို့နတ်ငှက်ပေါ်မှ ဆင်းလာကြပြီး နတ်ငှက်သည် လူသားအသွင်သို့ပြောင်းလဲလိုက်သည်။ သူ၏ဝန်းကျင်တွင် လူများစွာရောက်ရှိလာကြပြီး သူတို့ထဲမှအများစုမှာ ကျောင်းတော်မှထင်ရှားသော ပုဂ္ဂိုလ်များဖြစ်ကြလေသည်။ သူတို့ကပြောလိုက်သည်။ “မင်းပြန်လာပြီပဲ…”
“အင်း…” ရီဖူရှင်းက ခေါင်းညိမ့်လိုက်သည်။
ထို့နောက် လူငယ်များက သူ့အနားသို့တိုးလာကြသည်။ ရီဖူရှင်း ဤတစ်ကြိမ်ထွက်ခွာသွားသည်ကို သိသည့်သူသိပ်မရှိပေ။ သူပြန်ရောက်လာချိန်တွင် လူများစွာကိုခေါ်ဆောင်လာခဲ့သောကြောင့် ပတ်ဝန်းကျင်မှလူများ၏အာရုံကို ဆွဲဆောင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ပြည်နယ်ကိုးခုမှရှန့်ထိုများသည် ထိုလူများထံမှအရှိန်အဝါကို ခံစားမိကြပြီး အနည်းငယ်တုန်လှုပ်နေကြသည်။ သူတို့မြင်ဖူးသမျှထဲတွင် အင်အားအကြီးဆုံးသူမှာ အင်ပါယာရှားပင်ဖြစ်သည်။ သို့သော် အင်ပါယာရှားဘုံမှ သွေးနဂါးဘုံသို့ရောက်ရှိခဲ့ပြီး အခု ကောင်းကင်အာဏာစက်ဘုံကိုရောက်ရှိသည့်အချိန်တွင် အင်ပါယာရှားသည် ဤနေရာမှ ရှေးဟောင်းမျိုးဆက်ကျင့်ကြံသူများနှင့် မည်သို့မျှပင် နှိုင်းယှဥ်၍မရကြောင်းနှင့် သူတို့သည် အဆင့်တူပင်မဟုတ်ကြောင်း အားလုံးက နားလည်သွားကြသည်။
ထိုနေရာတွင် ရပ်နေသောသူများမှာ သူတို့မမှီနိုင်သောအဆင့်များမှဖြစ်ကြောင်း ခံစားမိကြသည်။ သူတို့က မည်မျှသန်မာလိုက်မည်နည်း…ကောင်းကင်ဘုံသာ သိပေလိမ့်မည်။
သူတို့သည် ထိုမျှသန်မာအားကောင်းသောသူများနှင့် တခါမှမထိတွေ့မဆက်ဆံခဲ့ဖူးပေ။
ဟွာဖန်းလူသည် ချင်းကျူမြို့တွင် ဖူရှင်းအား ဟန်ဆောင်ကာနှိမ့်ချပြောဆိုခဲ့သော်လည်း သူသည် ရီဖူရှင်းက အလွန်အားကောင်းလှပြီး သူတို့လိုက်မမှီနိုင်သောအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သေချာနားလည်ထားလေသည်။
ဟွာဖန်းလူက သိပ်မအံ့သြမိပေ။ သူသည်် ရီဖူရှင်း၏ အကြီးမားဆုံးလျှို့ဝှက်ချက်ကို သိရှိထားသည့် လူအနည်းငယ်ထဲမှတစ်ယောက်ဖြစ်ပေသည်။ ထိုစဥ်က အင်ပါယာရီချင်၏ရုပ်တုရှေ့တွင် သူသည် ရီဖူရှင်းအားအသက်စွန့်၍ ကာကွယ်ပေးခဲ့သူဖြစ်ပြီး ထိုဆယ်ကျော်သက်ဘဝကတည်းက ရီဖူရှင်းသည် အင်ပါယာတစ်ပါးဖြစ်ရန် မွေးဖွားလာခဲ့ကြောင်း သူသိရှိခဲ့ပြီးဖြစ်သည်။
ထိုစဥ်က မည်မျှကြီးမားသော သက်ရောက်မှုမျိုးဖြစ်လာမည်မှန်း သူမမှန်းဆတတ်ခဲ့ရုံသာဖြစ်သည်။
“အကိုကြီး” ဟွာနန်းယူက ရီဖူရှင်းထံသို့လျှောက်လာကာ သူ၏လက်ကိုကိုင်၍ မဝံမရဲကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဟွာနန်းယူသည် ချင်းကျူမြို့တွင်ကြီးပြင်းခဲ့သည့် ၅ နှစ်အရွယ် ကလေးငယ်လေးသာဖြစ်သည်။ သူမသည် ထိုအရာများကို တစ်ခါမှမမြင်ဖူးခဲ့သောကြောင့် အနည်းငယ်ကြောက်လန့်နေလေသည်။
ရီဖူရှင်းက အသာငုံ့၍ သူမကိုပွေ့ချီကာ ညင်သာစွာပြောလိုက်သည်။ “မကြောက်ပါနဲ့။ အခုကစပြီး ဒီကလူတွေအားလုံးက မင်းရဲ့ ဘိုးဘိုးတွေ၊ ဦးလေးတွေ၊ ဒေါ်လေးတွေပဲ။ မင်းသူတို့ကိုလည်း ကြိုက်သလိုခေါ်လို့ရတယ်…သူတို့အားလုံးက မင်းကိုချစ်မှာပါ”
“အွန်း…” နန်းယူက အသာခေါင်းညိမ့်၍ ရီဖူရှင်း၏ လည်ပင်းအား တင်းကြပ်စွာဖက်ထားလေသည်။
ငါးနှစ်အရွယ်ကလေးငယ်သည် သူမဘေးမှလူများ၏ ခံစားချက်ကို အလွန်ခံစားလွယ်ပေသည်။ ရီဖူရှင်းက သူမအားကြင်ကြင်နာနာဆက်ဆံ၍ နူးညံ့ချိုသာသောကြောင့် သူမကသိပ်နားမလည်သော်လည်း ရီဖူရှင်းနှင့်အလွန်ရင်းနီးလေသည်။
သူမ၏အစ်မရင်းဖြစ်သူ ဟွာဂျီယူသည်ပင် သူမနှင့် ထိုမျှမရင်းနီးပေ။ ဟွာဂျီယူက သူမအပေါ်တွင်အလွန်ကောင်းသော်လည်း မမက အပြုံးအရယ်နည်းပေသည်။
“ချစ်စရာလေးပါလား” လူများစွာက နန်းယူကိုမြင်သောအခါ ချစ်ခင်ကြင်နာသောပုံစံကိုပြကြလေသည်။ ထိုပေါက်စလေးမှာ အလွန်ချစ်စရာကောင်းလေသည်။
“ကလေးလေးက လှလိုက်တာ” ရှောင်မုယွီက ရှေ့သိုလှမ်းလာကာ နန်းယူ၏ပါးကိုဆွဲလိုက်သည်။ ထို့နောက် သူမကပြုံးကာပြောသည်။ “မမက ဖက်ချင်လို့… ရလားဟင်”
“မမက အရမ်းလှတာပဲ ” နန်းယူက ပြောလိုက်ရင်း ရှက်ရွံ့စွာ ပတ်ဝန်းကျင်သို့ကြည့်လိုက်သော်လည်း ရီဖူရှင်း၏ လည်ပင်းကိုဖက်ထားသည်ကိုတော့ မလွှတ်ပေ။
ရှောင်မုယွီက မျက်စိမှိတ်ပြလိုက်ပြီး ရီဖူရှင်းကိုကြည့်ကာမေးလိုက်သည်။ “ဆရာ အဲ့ဒါ ဘယ်သူ့ကလေးလေးလဲ။ အရမ်းဉာဏ်ကောင်းတာပဲ”
“မင်းဆရာဘိုးဘိုးရဲ့ကလေး…ဂျီယူရဲ့ညီမလေးပဲ” ရီဖူရှင်းက ပြုံး၍ဖြေလိုက်သည်။ ထို့နောက် သူ့ဘေးမှ ဟွာဖန်းလူနှင့် ထောင်ကျန်းတို့အားကြည့်ကာပြောလိုက်သည်။ “ဒါက မင်းရဲ့ဆရာဘိုးဘိုး…ဒါလည်း ဆရာဘိုးဘိုးပဲ”
“…”
ရှောင်မုယွီက အနည်းငယ်အံ့သြသွားပုံပေါ်သည်။ သို့သော် သူမက ဟွာဖန်းလူနှင့် ထောင်ကျန်းကိုအရိုအသေပေးကာ ပြောလိုက်သည်။ “တပည့် ရှောင်မုယွီက ဆရာဘိုးဘိုးနဲ့ အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်”
“မင်း ဘယ်လိုများ သူတို့ကို မင်းတပည့်ဖြစ်အောင် လှည့်ဖျားလိုက်တာလဲ” ဟွာဖန်းလူက တီးတိုးပြောလိုက်သည်။
ထိုလှပသောမိန်းကလေး၏ ထူးကဲသာလွန်သော အရှိန်အဝါကြောင့် သူမသည် အလွန်မြင့်မားသောကျင့်ကြံဆင့်တွင်ရှိကြောင်း သူပြောနိုင်လေသည်။
“ဆရာ…လှည့်ဖျားတယ်ဆိုတာ ဘာကိုပြောတာလဲ… သူတို့က ကျွန်တော့ဆီမှာတပည့်ခံဖို့ စိတ်ဆန္ဒပြင်းပြနေတာ။ မယုံရင် မုယွီကိုမေးကြည့်လိုက်…” ရီဖူရှင်းက အောင့်သက်သက်ဖြင့်ပြောလိုက်သည်။
“ဆရာဘိုးဘိုး ကျွန်မဆရာ့နောက်ကိုလိုက်တာက ကိုယ့်ဆန္ဒနဲ့ကိုယ်ပါ” ရှောင်မုယွီက အသာပြုံး၍ပြောလိုက်သည်။ ဤလူများသည် သူ့ဆရာအတွက်မိသားစုပင်ဖြစ်ကြောင်း သူမမြင်နိုင်လေသည်။
အထက်ဘုံတွင် ပါရမီအမြင့်ဆုံးသူအဖြစ်သတ်မှတ်ခံထားရသော သူမ၏ဆရာသည် အမှန်တကယ်ပင် အောက်ဘုံမှလာရောက်ခဲ့ခြင်းဖြစ်သည်။
“မင်္ဂလာပါ ဆရာတို့ တပည့်သောကျောက်က ရောက်လာပါပြီ” သောကျောက်က ခုန်ထွက်လာပြီး တက်ကြွစွာအော်ပြောလိုက်သည်။
“မင်းက နေရာတိုင်းမှာရှိနေတာပါလား” ရီဖူရှင်းက ရယ်ကာပြောလိုက်သည်။ သို့သော် ထိုလူငယ်၏ကျင့်ကြံခြင်းနည်းလမ်းမှာ ဆရာထောင်ကျန်းနှင့်ဆင်တူပေသည်။
“သောကျောက် ဒီဆရာက မင်းရဲ့ကလန်ကကျင့်စဥ်တွေကို ကျင့်ကြံဖို့သင့်တော်တယ်။ မင်းတို့နှစ်ယောက် အချင်းချင်းဆွေးနွေးကြည့်လို့ရတယ်” သူက ထောင်ကျန်းကိုညွှန်ပြကာ ပြောလိုက်သည်။
“ကောင်းလိုက်တာ…ဆရာက ကြိုက်တဲ့ထိပ်တန်းကျင့်စဥ်ကို ရွေးချယ်လို့ရပါတယ်” သောကျောက်က အသင့်ပြန်ဖြေသည်။
“ငါ အဲ့လိုလုပ်လို့ သိပ်မသင့်တော်ဘူးမဟုတ်လား” ထောင်ကျန်းက သောကျောက်၏ကလန်မှာ သူနှင့်ယှဥ်လျှင် အလွန်အင်အားကြီးမည်ဖြစ်ကြောင်း ပြောနိုင်လေသည်။
“ဆရာက အားနာနေဖို့မလိုပါဘူး။ သူကစိတ်ရင်းနဲ့ပေးချင်မှတော့ ဆရာစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်” ရီဖူရှင်းက ပြုံးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် ဆရာကအားနာနေဖို့မလိုပါဘူး” သောကျောက်က သဘောတူစွာခေါင်းညိမ့်၍ထပ်ပြောလိုက်သည်။
ထောင်ကျန်းက အနည်းငယ်အားဖျော့စွာပြုံးလိုက်သည်။
“ဖူရှင်း” ဤတစ်ကြိမ်တွင် အရှင်ထိုက်ရွှမ်နှင့် အခြားလူများက လာရောက်၍မေးမြန်းကြသည်။ “မိသားစုတွေလား…”
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိမ့်ကာ လူတိုင်းနှင့်မိတ်ဆက်ပေးလိုက်သည်။ “အရှင်ထိုက်ရွှမ်က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးပဲ”
“နှုတ်ဆက်ပါတယ်” လူတိုင်းက ရီဖူရှင်း၏မိတ်ဆက်ပေးမှုကိုကြားသောအခါ ထိုသည်မှာ အလွန်အားကောင်းသောသူဖြစ်မည်မှန်း မှန်းဆမိလိုက်ကြပြီး တလေးတစားနှုတ်ဆက်လိုက်ကြသည်။
“ထုံးတမ်းစဥ်လာတွေမလိုပါဘူး…” အရှင်ထိုက်ရွှမ်က ပြောသည်။ “ဖူရှင်း…ဒါကမင်းမိသားစုဆိုမှတော့ သူတို့ကို ဒီမှာနေလို့ရအောင် ကောင်းကောင်းစီမံပေးလိုက်လေ”
“ဟုတ်ကဲ့”
“ဒီကလေးမလေးနာမည်က ဘယ်လိုခေါ်လဲ” အရှင်ထိုက်ရွှမ်က နန်းယူကိုကြည့်လိုက်သည်။
“ဘိုးဘိုး…သမီးနာမည်က ဟွာနန်းယူပါ” နန်းယူက နူးညံ့စွာပြောလိုက်သည်။
“လိမ်မာလိုက်တာ ဖိုးဖိုးဆီကိုလာပါဦး” အရှင်ထိုက်ရွှမ်က တခြားအကြီးအကဲများလိုပင် ကြင်နာ၍ညင်သာလေသည်။
ဤတစ်ကြိမ်တွင်မူ နန်းယူက ရီဖူရှင်းကိုအရင်ကြည့်လိုက်ပြီး ရီဖူရှင်းက ခေါင်းညိမ့်ပြသည်ကိုမြင်သောအခါ သူမက အရှင်ထိုက်ရွှမ်ထံ လက်လှမ်းလိုက်သည်။
အရှင်ထိုက်ရွှမ်က သူမကိုခေါ်လိုက်ပြီး ဂရုတစိုက် ချီလိုက်ကာ မည်သူမျှမမြင်ဖူးသည့် ချစ်မြတ်နိုးသောအပြုံးတစ်ပွင့်ပေါ်လာလေသည်။ အချိန်အကြာကြီးနေလာခဲ့ပြီးနောက် သူသည်ဤသို့သောပျော်ရွှင်မှုမျိုးကို မခံစားဖူးသေးပေ။
“နန်းယူက ငါ့ကိုဘိုးဘိုးလို့ခေါ်မှတော့ ငါသူ့ကို ငါ့မြေးမလေးလိုဆက်ဆံရင် မင်းတို့စိတ်မဆိုးဘူးမို့လား” အရှင်ထိုက်ရွှမ်က ဟွာဖန်းလူအား ပြုံး၍ကြည့်ကာပြောလိုက်သည်။
“အကြီးအကဲရဲ့ နှစ်သက်တာကိုခံရတာ နန်းယူကံကောင်းတာပါပဲ” ဟွာဖန်းလူက ပြုံးကာ ခေါင်းညိမ့်လိုက်သည်။ ယခင်ကမူ သူသည် နန်းယူအား ချင်းကျူမြို့တွင် သာမန်ဘဝကိုသာဖြတ်သန်းစေချင်ခဲ့သည်။ သို့သော်လည်း သူတို့သည် ဤနေရာသို့ရောက်လာကြပြီဖြစ်ရာ လိုက်လျောညီထွေနေနိုင်သည်က သူတို့အတွက် ပိုကောင်းလေသည်။
ထိုကဲ့သို့ကျော်ကြားလှသော ပုဂ္ဂိုလ်ကြီး၏ ချစ်ခင်မှုကိုရရှိသည်ကို သူကမည်သိုစိတ်ဆိုးမည်နည်း။
“အရှင်ထိုက်ရွှမ်နဲ့ အကြီးအကဲတို့…နန်းယူရဲ့ပါရမီက သိပ်မမြင့်ပေမယ့် အကြီးအကဲတို့က အနာဂတ်မှာသူမကိုသင်ပြပေးဖို့ အပ်ပါတယ်” ရီဖူရှင်းက ပြုံး၍ပြောလိုက်သည်။
“ပြသနာမရှိပါဘူး ငါတစ်ယောက်လုံးဒီမှာရှိနေတာပဲဟာ မဟုတ်ဘူးလား” အရှင်ထိုက်ရွှမ်က ပြုံးကာပြောသည်။ သူ၏ကျင့်ကြံဆင့်မှာ ကံကြမ္မာကိုပြောင်းလဲနိုင်၍ ဘဝတစ်ခုလုံးပြောင်းလဲသွားအောင်ပင်လုပ်နိုင်လေရာ ပါရမီနည်းခြင်းလောက်ကတော့ သူ့အတွက် ပြသနာမဟုတ်ပေ။
လူများက အရှင်ထိုက်ရွှမ်၏လက်ထဲက ကလေးငယ်ကိုကြည့်လိုက်ကြပြီး သူမ၏အနာဂတ်သည် ကြီးကျယ်ခမ်းနားမှုများနှင့် ပြည့်နေမည်ဖြစ်ကြောင်း သိလိုက်ကြသည်။
သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရီဖူရှင်း၏ အဆင့်အတန်းသည်လည်း အလွန်မြင့်မားနေပြီဖြစ်ကြောင်း မြင်နိုင်ပေသည်။
***