အပိုင်း (၁၇၂၀)

အပြုံးများ

“ဘာလို့ငိုနေတာလဲ” နန်းယူက မျက်ရည်များဖြင့်ပြည့်နေသော ရီဖူရှင်းကို နူးညံ့စွာမေးလိုက်သည်။ထို့နောက် သူမ၏လက်လေးများကို ဆန့်ထုတ်ကာ သူ့မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။

“နန်းယူကိုတွေ့လိုက်ရတာ အရမ်းဝမ်းသာလွန်းလို့ မထိန်းနိုင်ဘဲ အပျော်လွန်ပြီးမျက်ရည်တွေကျလာတာ” ရီဖူရှင်းက နူးညံ့စွာပြောလိုက်သည်။

နန်းယူက ကြွေရုပ်လေးသဖွယ် အပြစ်ကင်းစင်စွာခေါင်းညိမ့်လိုက်သည်။ သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် ဟွာဂျီယူကိုကြည့်ကာ မေးလိုက်သည်။ “မမနတ်သမီးရဲ့ နာမည်ကဘယ်သူလဲ…သမီး ဘာလို့မမကိုရင်းနှီးနေသလို ခံစားနေရတာလဲမသိဘူး”

ဟွာနန်းယူ၏ ကလေးဆန်သောမှတ်ချက်လေးကို ကြားလိုက်ရသောအခါ နန်ဒူဝမ်ရန်က မျက်ရည်များကျဆင်းလာပြီး သူတို့နှစ်ဦးထံ လျှောက်လှမ်းလာလေသည်။

ဟွာဂျီယူက သူမရှေ့မှ ကလေးငယ်လေးကိုငုံ့ကြည့်လိုက်သည်။ သူမက ယခုအချိန်ထိ မတုန်မလှုပ်ဘဲရှိနေခဲ့သော်လည်း ထိုခဏတွင် ထိုင်ချကာ နူးညံ့စွာပြန်​ဖြေလိုက်သည်။ “မမနာမည်က ဟွာဂျီယူပါ”

“ဟွာဂျီယူ…” နန်းယူလေးက သူမနောက်မှ လိုက်ဆိုလိုက်ပြီး သူမတို့ထံလျှောက်လာနေသော ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်ကိုလှမ်းကြည့်လိုက်သည်။ သူမက ဟွာဂျီယူအား တဖန်ပြန်ကြည့်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။ “မမက သမီးရဲ့အစ်မလား”

ဟွာဂျီယူက ထိုကလေးမအား ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်ရင်း ညင်သာစွာခေါင်းညိမ့်လိုက်သည်။ “အင်း…”

နန်းယူက သူမ၏လက်သေးသေးလေးနှစ်ဖက်ကိုဆန့်ကာ ရှေ့သို့တိုးလိုက်ပြီး ဟွာဂျီယူ၏ လည်ပင်းကိုအသာလှမ်းဖက်လိုက်သည်။ ထို့နောက် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ “မမကဘာလို့ အခုမှ သမီးကိုပြန်လာကြည့်တာလဲ… ဖေဖေနဲ့မေမေက မမကိုအရမ်းလွမ်းနေကြတာ ပြီးကျ သမီးကလည်း မမကိုတွေ့ချင်နေခဲ့တာ”

ဟွာဂျီယူ၏လက်များက အနည်းငယ်တောင့်တင်းသွားသော်လည်း သူမက ကလေးငယ်လေးအား ငြင်သာစွာ ပြန်ပွေ့ဖက်လိုက်လေသည်။

“ဂျီယူ” နန်ဒူဝမ်ရန်ကလှမ်းလာလိုက်ပြီး ဒူးထောက်ကာ ညီအစ်မနှစ်ယောက်အယး တင်းကြပ်စွာပွေ့ဖက်လိုက်လေသည်။ ယခုလေးတွင်ပင် ဟွာဂျီယူသည် မှတ်ဉာဏ်ပျောက်ဆုံးနေကြောင်း ဟွာဖန်းလူက သူမကို အသံပို့ကာပြောကြားခဲ့သည်။ နန်ဒူဝမ်ရန်က ထိုအချက်ကို လက်မခံချင်သော်လည်း အမှန်တရားဖြစ်ကြောင်း သိရှိသွားပြီးနောက်တွင် ဂျီယူအသက်ရှင်လျက် ပြန်ရောက်လာသည်ကို တွေးမိလိုက်သည့်အခါ သူမကပျော်ရွှင်နေမိပေသည်။

ထိုစဥ်က သူတို့သည် ဂျီယူ သူတို့ရှေ့မှပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့ရသည်။ ထိုနာကြင်မှုက မမေ့နိုင်ဖွယ်ရာပင်ဖြစ်ပြီး သူတို့ ထိုနေ့အကြောင်းကို မတွေးမိသည့်နေ့ဟူ၍ မရှိခဲ့ပေ။ ဂျီယူက တစ်နေ့တွင် သူတို့ထံပြန်ရောက်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်မိခဲ့ပေ။

တန်လန်လည်း ထွက်လာ၍ အဝေးမှနေပြီး သူတို့အားကြည့်ကာ သူမ၏ရင်ထဲတွင် သူတို့၏နာကြင်မှုအားခံစားမိပေသည်။

ဒီနှစ်တွေထဲတွင် ဟွာဖန်းလူနှင့် နန်ဒူဝမ်ရန်တို့ နေ့ရက်တိုင်းမည်သို့ဖြတ်သန်းခဲ့ရသည်ကို သူမသိပေသည်။ နန်းယူလေးကိုမွေးပြီးမှသာလျှင် အတိတ်မှနာကြင်မှုများကိုဖြေလျော့စရာရလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူတို့အနေဖြင့် ထိုကိစ္စကိုမည်သို့မျှမမေ့နိုင်ဘဲ အဆင်​ပြေသလိုသာ ဟန်ဆောင်နေခဲ့ခြင်းဖြစ်လေသည်။

သူတို့က နန်းယူကိုပင် သူမ၏အစ်မဖြစ်သူမမှာ အဝေးတစ်နေရာသို့ရောက်ရှိနေခြင်းသာဖြစ်ကြောင်း ပြောထားခဲ့ခြင်းဖြစ်သည်။

ယခုလို မိသားစုပြန်လည်တွေ့ဆုံသည့်မြင်ကွင်းကို မြင်ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းလှပေသည်။

သူမက မျက်လုံးထောင့်မှမျက်ရည်များကို သုတ်လိုက်လေသည်။ သူတို့အားလုံး ဤနေ့တွင် ပျော်ရွှင်သင့်ပေလေသည်။

“ဒေါ်လေးတန်” ရီဖူရှင်းက တန်လန်ကိုမြင်သောအခါ လှမ်းခေါ်လိုက်သည်။

“အင်း…” တန်လန်က ခေါင်းကိုညိမ့်ကာပြောလိုက်သည်။ ” ငါ သွားပြီးဟင်းချက်လိုက်ဦးမယ်”

မြို့ငယ်လေးကား အလွန်တိတ်ဆိတ်နေလေသည်။ ရီဖူရှင်းက ချင်းကျူမြို့တွင် နေထိုင်နေလေသည်။ သူ ပြန်လည်ရောက်ရှိနေကြောင်း ကြားသူများသည် အချိန်တိုင်းတွင် တစ်ယောက်ပြီးတစ်ယောက် သူ့အားမြင်ဖူးရန် အဝေးမှပင်လာရောက်ကြည့်ရှုကြလေသည်။ မည်သို့ဆိုစေ သူသည် ချင်းကျူမြို့၏ ဒဏ္ဍာရီဖြစ်သည်မဟုတ်ပါလော။

ရီဖူရှင်းက သူ၏အရှိန်အဝါကိုသိမ်းဆည်းထားသောကြောင့် သူ့ပုံစံမှာ သာမန်လူတစ်ယောက်နှင့်တူနေပြီး သူသည် နေ့တိုင်း သူ၏ဆရာနှင့် စစ်တုရင်ကစားလိုက် စကားပြောလိုက်ဖြင့် ရိုးရှင်းတိတ်ဆိတ်စွာ နေထိုင်လေသည်။

ဟွာဂျီယူ၏ ပြုမူဆက်ဆံပုံများမှာ အေးစက်စက်နှင့် သီးသန့်ဆန်နေသေးသော်လည်း နန်းယူနှင့်ပြောဆိုဆက်ဆံရာတွင်မူ နူးညံ့ကြင်နာလေသည်။

သို့သော်လည်း ဟွာဖန်းလူနှင့်နန်ဒူဝမ်ရန်တို့အား “အမေနဲ့အဖေ” ဟု ခေါ်ဆိုရန်မှာမူ သူမအတွက်မဖြစ်နိုင်ပေ။

ဟွာဖန်းလူနှင့်နန်ဒူဝမ်ရန်တို့က ထိုအချက်ကို လက်ခံခဲ့ကြပြီး များစွာ မတွေးကြပေ။ သူတို့အတွက်မူ ဂျီယူက သူတို့အားထာဝရခွဲခွာသွားခြင်းကို ကြုံတွေ့ခဲ့ဖူးပြီဖြစ်၍ သူမအားနေ့စဥ်တွေ့မြင်နေရသည်မှာ ကောင်းချီးပေးခံရသလိုပင် ခံစားကြရသည်။ သူတို့အတွက်မူ အမြဲတမ်းလိုချင်ခဲ့သော ဆုလာဘ်တစ်ခုပြည့်စုံသွားခြင်းပင်ဖြစ်သည်။

သူတို့ သူမကိုမြင်နေနိုင်သရွေ့ အရာရာအဆင်ပြေလေသည်။

ခြံဝန်းထဲတွင် ရီဖူရှင်းနှင့် ဟွာဖန်းလူတို့က တံခါးဘေးတစ်ဖက်တစ်ချက်ရှိ ကြိမ်ခုံများပေါ်တွင် တံခါးစောင့်နှစ်ယောက်သဖွယ် ပျင်းရိစွာ လှဲနေကြသည်။

“မင်းဘယ်တော့ ထွက်ခွာဖို့စီစဥ်ထားလဲ” ဟွာဖန်းလူက ညင်သာစွာမေးလိုက်သည်။

“ဆရာက မလိုက်လာဘူးလား” ရီဖူရှင်းက သူ့ဘေးနားမှ ဟွာဖန်းလူကိုကြည့်ကာ မေးလိုက်သည်။

“ငါတို့က ဒီမှာနန်းယူနဲ့အတူနေခဲ့တာက ကောင်းလိမ့်မယ်။ သူမအတွက် ရိုးရှင်းတဲ့သာမန်လူတစ်ယောက်အဖြစ်ဖြတ်သန်းရတာက ပိုကောင်းမယ်လို့ငါတို့ထင်တယ်” ဟွာဖန်းလူက ခပ်တိုးတိုးပြောလိုက်သည်။ “ဂျီယူ အဆင်ပြေနေတာသိရသရွေ့ ငါတို့က စိတ်မပူပါဘူး။ မင်းမှာအချိန်ရရင် သူမကို ငါတို့ဆီအလည်လာဖို့ ခေါ်လာပေးပေါ့…”

အများကြီးကျော်ဖြတ်လာခဲ့ပြီးနောက် ဟွာဖန်းလူ၏စိတ်အခြေအနေသည် ယခင်ကနှင့် အလွန်ကွာခြားနေပြီဖြစ်သည်။ ယခုအချိန်တွင် သူသည် ရိုးရှင်းမှုနှင့် အေးဆေးငြိမ်သက်မှုကိုသာလိုလားတော့ကာ နန်းယူကိုပင် သူမ၏ဘဝလေးအား ရိုးရှင်းပျော်ရွှင်စွာဖြင့် ဖြတ်သန်းစေချင်လေသည်။

“အဲ့တာက အဲ့လောက်မရိုးရှင်းဘူး” ရီဖူရှင်းကပြောလိုက်သည်။ “ကျွန်တော့မှာရန်သူတွေရှိတယ်။ ပြီးတော့ သူတို့က မြေရိုင်းဒေသမှာ ကျွန်တော့ကိုတွေ့သွားကြပြီးပြီ။ အဲ့ဒါကြောင့် ဆရာသာဒီမှာနေခဲ့မယ်ဆိုရင် ကျွန်တော်စိတ်အေးမှာမဟုတ်ဘူး”

ဟွာဖန်းလူက တခဏတာကြောင်အသွားမိသည်။ သူတို့က မြေရိုင်းဒေသအထိပင် ရီဖူရှင်းနောက်လိုက်လာကြသည်တဲ့လား…

သူက မျက်ခုံးနှစ်ခုကြားကိုပွတ်ကာ အကူညီမဲ့သလိုခံစားလိုက်ရရင်း ပြောလိုက်သည်။ “မင်းကို တပည့်အဖြစ် လက်ခံပြီးကတည်းက ငြိမ်းငြိမ်းချမ်းချမ်းနေရတဲ့ရက် တစ်ရက်မှကိုမရှိဘူးပဲ။ ငါ အရင်ဘဝက ဘယ်လိုမကောင်းမှုတွေကိုများလုပ်ခဲ့မိလို့ ဒါမျိုးတွေကြုံနေရတာလဲမသိဘူး”

“ဘာပဲဖြစ်ဖြစ်လေ ဆရာ့တပည့်က အခုရန်ဟောင်အဆင့်တောင်ရောက်​နေပြီကို နည်းနည်းလောက် မျက်နှာသာပေးလို့မရဘူးလား” ရီဖူရှင်းက အရှုံးပေးဟန်ဖြင့်ပြောလိုက်သည်။

“ရန်ဟောင်…” ဟွာဖန်းလူကရေရွတ်လိုက်သည်။ ထိုသည်မှာ ရီဖူရှင်းထံမှ သူ၏ကျင့်ကြံဆင့်အကြောင်းပြောခြင်းကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သော်လည်း သူ၏ပုံစံမှာ အတော်လေးသာမန်ပုံပေါက်နေသေး၍ ဘာမှမထူးခြားသလိုပင်။ သူကရီဖူရှင်းကိုကြည့်ကာ မေးလိုက်သည်။ “အဲ့ဒါက အရမ်းထူးကဲသာလွန်တဲ့အဆင့်မို့လို့လား”

သူ့ကိုကြည့်ရသည်မှာ ရန်ဟောင်အဆင့်နှင့်ပတ်သတ်၍ သိထားဟန်မတူပေ။

“မဟုတ်ပါဘူး…” ရီဖူရှင်းက ဟွာဖန်းလူ၏အကြည့်အောက်တွင် လုံးဝစိတ်ဓာတ်ကျသွားသလိုခံစားလိုက်ရသည်။ တစ်နေ့တွင် သူအင်ပါယာတပါးဖြစ်လာလျှင်သော်မှ ထိုလူကြီး၏ရှေ့တွင်မူ မည်သို့မှ ထူးခြားမည်မဟုတ်ကာ အနည်းငယ်မျှပင်ချီးကျူးခံရမည်မဟုတ်မှန်း နားလည်သွားသည်။

ထိုကိစ္စက အတော်ပင် ကသိကအောက်နိုင်လှပေသည်။

“ဆရာ…စိတ်မပူပါနဲ့။ တစ်ခုခုဖြစ်လာခဲ့ရင် နန်းယူ၊ ဆရာနဲ့ ဆရာကတော်တို့ကို ဒီ​နေရာက ချက်ချင်းခေါ်ထုတ်ပေးဖို့ စောင့်ရှောက်ပေးနိုင်မယ့်လူတစ်ယောက် ကျွန်တော်လွှတ်လိုက်မယ်” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

“မင်းသဘောပါပဲ” ဟွာဖန်းလူက စိတ်ပျက်လက်ပျက်ပြောလိုက်သည်။ ရီဖူရှင်းက ထိုမျှပြောပြီးပြီဖြစ်၍ သူကထိုသို့လုပ်ရန်သာ တတ်နိုင်တော့သည်။ သူသည် ယခုလို ငြိမ်းချမ်းအေးဆေးသောအခြေအနေမျိုးကို နှစ်သက်သော်လည်း တကယ်တော့ ဂျီယူအတွက်လည်းစိတ်ပူနေပေသေးသည်။ ဂျီယူသာ နှစ်ပေါင်းများစွာကြာမှ တစ်ခါပြန်လာမည်ဆိုလျှင် သူသည်သူမကို အလွန်လွမ်းနေရမည်ဖြစ်သည်။

သူနှင့် နန်ဒူဝမ်ရန်တို့နှစ်ဦးလုံးက ဂျီယူသူတို့အား မိဘအဖြစ်မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ သူမအားစောင့်ရှောက်ပေးလိုပေသည်။

မှန်သည်၊ ရီဖူရှင်းကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးချင်ပေသေးသည်။

သူသည် ရီဖူရှင်းအပေါ် စကားပြောဆိုရာတွင် အနည်းငယ်မျှပင် မျက်နှာသာမပေးသော်လည်း ရီဖူရှင်းအပေါ်ထားသော သူ၏စိတ်ရင်းမှန်ကို သူတို့ဘေးမှလူများအားလုံးသိကြလေသည်။

နှစ်ပေါင်းများစွာကတည်းက သူတို့ဆရာတပည့်နှစ်ယောက်မှာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေခဲ့ကြသည်။ ရီဖူရှင်းက သူ့ကိုပုခုံးပေါ်တွင်သယ်၍ ချင်းကျူမြို့မှထွက်ခွာခဲ့စဥ်ကတည်းက သူတို့သည် သားအဖသဖွယ်ဖြစ်နေလေပြီ။

နှစ်ပေါင်းများစွာအတွင်းတွင် ရီဖူရှင်းသည် ဆရာများစွာရရှိခဲ့ပြီး သူတို့အားလုံးက သူ့အပေါ်ကောင်းမွန်စွာဆက်ဆံခဲ့ကြပေသည်။ သို့သော် သူနှင့်အမှန်တကယ်ရင်းနှီးသည့်သူမှာ မိသားစုသဖွယ် သူပေါ့ပါးစွာပြောဆိုနိုင်သည့် ဟွာဖန်းလူဖြစ်ပေသည်။

ထိုအခိုက်တွင်ပင် နန်းယူက ဟွာဂျီယူနှင့်အတူထွက်လာပြီး ရီဖူရှင်းကိုမေးလိုက်သည်။ “အကိုကြီး သမီးက အကိုကြီးနဲ့မမကို အတူကစားဖို့ခေါ်မလို့”

“ညီမလေးက အကို့ကိုခေါ်မို့လား” ရီဖူရှင်းက နန်းယူကိုကြည့်လိုက်သည်။

“ဟုတ်…”နန်းယူက သူမ၏မျက်လုံးဝိုင်းကြီးများပုတ်ခတ်ပုတ်ခတ်လုပ်ကာ စိတ်အားထက်သန်စွာခေါင်းညိမ့်လိုက်သည်။ “ချင်းကျူရေကန်က ညဘက်မှာအရမ်းလှတာ…ပြီးကျ အဲ့မှာ မမလှလှလေးတွေအများကြီးပဲ လှေပေါ်မှာရှိတယ်”

“နန်းယူလေးက တော်လိုက်တာ” ရီဖူရှင်းက နန်းယူ၏မျက်နှာကိုညှစ်၍ အပြုံးဖြင့်ခေါင်းညိမ့်သည်။ “ဒါနဲ့လေ ညီမလေးက အကို့ကို ခဲအိုလို့ခေါ်ရမှာ…”

“နန်းယူက အကိုကြီးလို့ပဲခေါ်ချင်တာ” နန်းယူက တခစ်ခစ်ရယ်ရင်းပြောလိုက်သည်။

“ဟုတ်ပါပြီ ကြိုက်သလိုသာခေါ်ပါတော့ဗျာ” ရီဖူရှင်းက ထလိုက်ပြီး နန်းယူကိုချီကာပြောသည်။ “သွားကြစို့”

ဟွာဖန်းလူက သူတို့သုံးယောက်ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။ ရီဖူရှင်းက တစ်ယောက်ကိုချီကာ တစ်ယောက်ကိုလက်ကဆွဲထားလေသည်။ ဟွာဖန်းလူ၏ အသက်ရနေသောမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာလေသည်။

ထို့နောက် သူသည် မျက်လုံးများကိုမှိတ်၍ ကြည်နူးသောအပြုံးတစ်ပွင့်ချိတ်ဆွဲကာ နေရောင်ခြည်ကို တိတ်ဆိတ်စွာခံစားနေလေသည်။

ဤမြို့လေးတွင် ချင်းကျူရေကန်မှာ အလွန်သက်ဝင်လှုပ်ရှားနေလေသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ပုံပန်းသဏ္ဍာန်က အလွယ်တကူအာရုံစိုက်မှုကို ရရှိနေလေရာ သူတို့ဘေးမှ ကြွေရုပ်လေးသဖွယ် ကလေးမလေးမှာမူ ပြောဖွယ်ပင်မရှိပေ။

“ကြည့်ကောင်းလိုက်တဲ့စုံတွဲနဲ့ လှလိုက်တဲ့ကလေးလေး” လူများစွာက တိတ်တဆိတ်မှတ်ချက်ချကြပြီး ရီဖူရှင်းဘေးမှဖြတ်လျှောက်သွားချိန်တွင် ပြုံးမိကြသည်။ ထိုလှပသောပုံရိပ်က လူများ၏စိတ်အခြေအနေကို မြှင့်တင်ပေးလေသည်။

သူတို့ကား အလွန်ကြည်နူးဖွယ်ရာမိသားစုလေးပင် ဖြစ်ရပေမည်။

“တခြားကလေးတွေများ သန့်ရှင်းသပ်ရပ်ပြီးလိမ်မာလိုက်တာ…မင်းပုံစံကိုကြည့်စမ်းပါဦး” သူတို့နောက်မှတစ်ယောက်ယောက်က ၆ နှစ်၊ ၇ နှစ်အရွယ် ညစ်ပတ်ပေရေနေပြီး ဂျစ်ကန်ကန်ပုံစံကောင်လေးကို လှမ်း​ပြောလိုက်လေသည်။

“အဲ့ဒီ အကိုကြီးနဲ့ မမကိုပဲကြည့်လေ…အဲ့ဒါမျိုးရိုးလိုက်တာမှန်း ဒီလောက်သိသာနေတာကို ကျွန်တော်ကဘာတတ်နိုင်မှာလဲ” ထိုကောင်ငယ်လေးက ပြန်ပြောလိုက်သည်။

ရီဖူရှင်းက သူ့နောက်မှအသံကိုကြားလိုက်ရသောအခါ နွေးထွေးစွာပြုံးလိုက်မိသည်။ သိသာစွာပင် လူအများစုက နန်းယူအား သူနှင့်ဟွာဂျီယူ၏ကလေးဟု ထင်နေကြခြင်းဖြစ်သည်။

သူတို့က ရုပ်ချင်းလည်းဆင်လေသည်။

ဟွာဂျီယူက ထိုစကားကိုကြားသောအခါ ထူးထူးဆန်းဆန်းခံစားလိုက်ရသည်။ ရီဖူရှင်းက သူမကိုကြည့်နေပြီး သူသည် ထိုသို့ကလေးတစ်ယောက်လိုချင်နေကြောင်း သူမနားလည်သွားသည်။

ထိုအခိုက်တွင် သူသည် သူ့ဆရာ၏ခံစားချက်ကို အနည်းငယ်နားလည်မိသွားသည်။

ပြင်ပကမ္ဘာတွင် ကိစ္စများစွာကြုံတွေ့ခဲ့ရပြီးနောက် ဤသို့ရိုးရှင်းသော ပျော်ရွှင်မှုလေးမှာ အလွန်နှစ်သက်ဖွယ်ကောင်းလှသည်။

ချင်းကျူရေကန်၏ ကန်ဘောင်မှာ ရင်းနှီးနေသောမြင်ကွင်းနှင့် ရင်းနှီးသောနေရာပင်ဖြစ်ပေသည်။

ရီဖူရှင်းက နန်းယူကိုအောက်သို့ချလိုက်ပြီး သူမကို လက်တစ်ဖက်ကဆွဲကာ တစ်ဖက်တွင် ဟွာဂျီယူ၏လက်ကိုကိုင်၍ ညင်သာစွာပြောလိုက်သည်။ “ဂျီယူ…ဒီနေရာလေးက မင်းနဲ့ငါ ပထမဆုံးလက်ကိုင်ခဲ့တဲ့နေရာလေးပဲ”

ညက ချဥ်းနင်းဝင်ရောက်လာပြီး လှေများက ပိုမိုများပြားလာလေသည်။ ထိုမြင်ကွင်းများကိုကြည့်၍ ဟွာဂျီယူသည်လည်း အလွန်လှပသည်ဟု ခံစားနေရသည်။

“အကိုကြီး သမီးတို့ လှေစီးကြမလား” နန်းယူက ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်သည်။

ရီဖူရှင်းက နန်းယူကိုငုံ့ကြည့်ကာ ပြောသည်။ “နန်းယူ…အကိုကြီးက ညီမလေးအတွက် ကုချင်းတီးပေးရမလား”

“ဟုတ်…ဖေဖေကလည်း ကုချင်းတီးရတာကြိုက်တယ်” နန်းယူကပျော်ရွှင်စွာ ခေါင်းကိုညိမ့်သည်။

“ဒါဆို သွားကြရအောင်” ရီဖူရှင်းက နန်းယူ၏လက်ကိုဆွဲ၍ ကန်ဘောင်သို့လျှောက်လာသည်။ သူတို့က ထိုင်စရာနေရာရှာလိုက်ပြီးနောက် ကုချင်းတစ်လက်က သူ့ရှေ့တွင်ပေါ်ပေါက်လာလေသည်။ ကု့ချင်းမှာ ထိုက်ရွှမ်တောင်မှ ကုချင်းအင်ပါယာ၏ နာမည်ကျော်ကုချင်းပင်ဖြစ်လေသည်။

နန်းယူက ရီဖူရှင်းဘေးတွင် တိတ်ဆိတ်စွာထိုင်၍ မေးထောက်ကာကြည့်​နေပုံမှာ အလွန်ချစ်စရာကောင်းလှပေသည်။ ဘေးမှလူတိုင်းက သူတို့အားကြည့်နေကြသည်။

ထိုအချိန်တွင် တေးဂီတသံက ဖြည်းညင်းစွာထွက်ပေါ်လာလေသည်။

ကုချင်းသံစဥ်စတင်လိုက်သည်နှင့် လူအုပ်ကြီးက အလိုလိုပင် တိတ်ဆိတ်သွားကြသည်။

အလွန်လှပသော သံစဥ်ဖြစ်လေသည်။ တီးလုံးသံစဥ်တစ်ခုချင်းနှင့်အတူ ရီဖူရှင်း၏ပတ်ဝန်းကျင်တွင် သန့်စင်သောအလင်းတန်းက ထွက်ပေါ်လာသည်။

“လှလိုက်တဲ့ သံစဥ်လေး”

ချင်းကျူရေကန်ထက်တွင် လှေပေါ်မှလူများစွာက ကန်ဘောင်သို့လှမ်းကြည့်လိုက်ကြသည်။

ဆံပင်အဖြူရောင်နှင့်လူငယ်လေး၊ နတ်သမီးပုံပြင်များထဲမှ ချစ်စဖွယ်ကြွေရုပ်အသွင် ကလေးငယ်လေးနှင့် သူတို့၏ဘေးမှ နတ်သမီးတစ်ပါးလိုလှပသည့်မိန်းကလေးတစ်ယောက်…

တီးခတ်သူမှာ ရီဖူရှင်းမှန်းသတိပြုမိလိုက်ကြသော်လည်း သူတို့သည်အလွန်စိတ်လှုပ်ရှားနေစေကာမူ သူ့ကိုသွား၍မနှောက်ယှက်ကြဘဲ ငြိမ်သက်စွာ ကုချင်းသံစဥ်ကိုနားဆင်​နေကြလေသည်။

ကုချင်းသံစဥ်က တဖြည်းဖြည်းကျယ်လာ၍ ဖီးနစ်ငှက်တေးသီသကဲ့သို့ဖြစ်လာကာ ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါများက ပိုမိုတောက်ပလာသည်။ ညကောင်းကင်ယံတွင် နတ်ငှက်ပုံစံအလင်းက ဖြေးညင်းစွာပုံပေါ်လာလေသည်။

“ကြည့်စမ်း ဖီးနစ်ငှက်ပဲ” တစ်ယောက်ကပြောလိုက်ပြီး မျက်လုံးများအားလုံးက ရီဖူရှင်းထံတွင် စွဲမြဲနေကြလေသည်။ ကုချင်းသံစဥ်က ဖီးနစ်ငှက်တေးသီသကဲ့သို့ဖြစ်ပြီး ရီဖူရှင်း၏ဘေးတွင် ဖီးနစ်ငှက်တစ်စုံကပျံသန်းနေသည်မှာ အိပ်မက်ထဲရောက်နေသကဲ့သို့ပင် ခံစားကြရလေသည်။

ထိုအခိုက်တွင် လှေပေါ်မှမိန်းကလေးများစွာက မနေနိုင်ဘဲ အကြည့်မလွှဲနိုင်အောင်ဖြစ်နေကြလေသည်။

အရမ်းလှတာပဲ…

နန်းယူသည်လည်း မတ်တပ်ရပ်လိုက်သည်။ သူမက ရီဖူရှင်းထံသို့လာကာ သူ့ဘေးတွင်ပျံနေသော ဖီးနစ်ငှက်များကိုကြည့်၍ တောက်ပအပြစ်ကင်းစင်စွာ ရယ်မောနေလေသည်။ သူမက လက်ကိုဆန့်ထုတ်၍ ဖီးနစ်ငှက်များကိုထိတွေ့ရန်ကြိုးစားလိုက်သောအခါ ဖီးနစ်ငှက်ကပျံသန်းလာကာ သူမ၏ဘေးတွင်ကခုန်နေလေသည်။

“အကိုကြီး သူတို့က သမီးနောက်ကိုလိုက်လာတယ်” နန်းယူကပြေးလိုက်သောအခါ ဖီးနစ်များက သူမနောက်သို့လိုက်ပါကခုန်လေသည်။ ကလေးငယ်က တောက်ပစွာပြုံးရယ်လိုက်ပြီး သူမ၏ချစ်စဖွယ်ရယ်သံက ချင်းကျူရေကန်၏ကောင်းကင်ယံကို ပျံ့နှံ့သွားကာ လူတိုင်းက ပြုံးမိလိုက်ကြသည်။

မြင်ကွင်းကား အလွန်ကြည်နူးဖွယ် ကောင်း၏။

ဟွာဂျီယူက ထိုအရာအားလုံးကို ဝေခွဲမရသောခံစားချက်များဖြင့်ကြည့်လိုက်ရင်း အပြုံးတစ်ပွင့်က သူမ၏မျက်နှာထက်တွင် ပေါ်ပေါက်လာလေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset