အပိုင်း(၁၇၁၄)

မိတ်ဆွေဟောင်းများသို့ အလည်အပတ်သွားခြင်း

ကောင်းကင်အာဏာစက်ကျောင်းတော်ကား သည်ရက်ပိုင်းအတွင်း များစွာ အလုပ်များနေခဲ့သည်။ ရှောင်ကလန်၊ ယွင်ယန်ကလန်၊ သောကလန်မှ များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များနှင့် တခြားသော တန်ခိုးရှင်များအားလုံး စုဝေးနေကြသည်။ သူတို့အားလုံးက များစွာသော အရင်းအမြစ်များနှင့် အာကာသစွမ်းရည်ပညာရှင်များကို ဖိတ်ခေါ်လာခဲ့ကြ၏။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်တွင် အာကာသခရီးသွားဝင်္ကပါတစ်ခု တည်ဆောက်ကြမည်ဖြစ်သည်။ ရှန်ကလန်နှင့်တိုက်ပွဲအပြီးတွင် ထိပ်သီးအင်အားစုသုံးခုက ပါဝင်တိုက်ခိုက်ခဲ့ခြင်းမရှိသော်လည်း သူတို့၏ရပ်တည်ချက်က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် တသားတည်းရှိနေကြောင်း ထင်ရှားနေပြီးဖြစ်သည်။

သည်ဝင်္ကပါက ကျောင်းတော်ကို ထိပ်သီးအင်အားစုသုံးခုအပြင် တခြားသော အင်အားစုများနှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။

ဤနည်းဖြင့် အရေးပေါ်အခြေအနေတွင် အချင်းချင်း စစ်ကူပေးနိုင်ပေလိမ့်မည်။

ထို့အပြင် ထိပ်သီးအင်အားစုသုံးခုက အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းတို့ဖြင့် ဆွေးနွေးကာ ကောင်းကင်အာဏာစက်ကျောင်းတော်အား တပည့်သစ်များ ပိုမိုလက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။

ကျောင်းတော်တည်ထောင်ခြင်း၏ရည်ရွယ်ချက်ကား ကျင့်ကြံခြင်းပညာရပ်များကို သင်ကြားပို့ချရန်ဖြစ်သည်။ ကျင့်ကြံသူများကို ပိုမိုကောင်းမွန်သော၊ ပိုမိုမျှတသော နည်းလမ်းဖြင့် အခွင့်အလမ်းများ ပေးလိုခြင်းဖြစ်သည်။

ရှန်ကလန်မှ တိုက်ပွဲသတင်းသည် ဘုံကိုးခုကို မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ကာ လူအများကြား ပူပူနွေးနွေး ပြောစရာကိစ္စဖြစ်လာခဲ့၏။ ထိုတိုက်ပွဲပြီးနောက်တွင်လည်း ဘုံကိုးခုသည် ပိုမိုငြိမ်သက်သွားကာ တခြားသော ပဋိပက္ခကြီးကြီးမားမား မရှိတော့ပေ။

အင်အားကြီးရှန်ကလန်အတွက်မူကား ထိုအရှက်တကွဲဖြစ်ရပ်ကို သည်းညည်းခံရုံမှတပါး လောလောဆယ် နည်းလမ်းမရှိပေ။

သည်ရက်ပိုင်းအတွင်း များစွာသော လူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်ဂါရဝပြုကြသည်။ ပုံမှန်အားဖြင့် ထိုလူများမှာ ရှန့်ရှောင်နန်းတော်ကဲ့သို့သော ထိပ်သီးအင်အားစုများဖြစ်ကြ၏။ အထက်ကောင်းကင်ဘုံမှ တခြားအင်အားစုများဖြစ်ကြသော လီနတ်ဓားအိမ်တော်၊ အရိပ်ဘုံမှ ယောင်ယွဲ့နတ်နန်းတော်တို့လည်း ရောက်လာကြသည်။ သည်တစ်ကြိမ်ကား နတ်မိမယ်ယောင်းချီကိုယ်တိုင်ပင် ရောက်လာခဲ့၏။

ထိုအဖြစ်က ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဘုံကိုးခုတွင် မည်မျှ အရေးကြီးသော နေရာသို့ ရောက်လာကြောင်း သက်သေဖြစ်သည်။

အရာအားလုံးက တစ်လအတွင်း ဖြစ်ပျက်ခဲ့ခြင်းပင်။

နောက်တစ်လကြာသောအခါ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ပြန်လည်၍ တပည့်သစ်များ လက်ခံသည်။ သည်တစ်ကြိမ်ကား ကောင်းကင်အာဏာစက်ကျောင်းတော်၌ လာရောက်စမ်းသပ်ခံသော တပည့်သစ်များ ပြည့်သိပ်နေသည်။

တိုက်ပွဲအသေးစိတ်သတင်းများ ထွက်ပေါ်လာသောအခါ ကောင်းကင်အာဏာစက်ကျောင်းတော်သည် များစွာသော အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များကို မွေးထုတ်ခဲ့ကြောင်း လူအများက သိသွားခဲ့ကြပေသည်။

ယခုတွင် အရှင်ထိုက်ရွှမ်၊ ရီဖူရှင်းနှင့် တခြားသော ထိပ်သီးတန်ခိုးရှင်အချို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ပင်မခန်းမကြီး၌ ရပ်နေကြ၏။ သူတို့၏ရှေ့တွင်ကား မရေမတွက်နိုင်သောလူများ ရှိနေသည်။

ထိုအခိုက်တွင် ကောင်းကင်ထက်မှ နတ်အလင်းတစ်ခု ဆင်းသက်လာခဲ့၏။ လူအများက လှမ်းကြည့်လျှင် လူတစ်စု ကောင်းကင်မှ ကျဆင်းလာသည်ကို မြင်ကြရ၏။

အားလုံးက အထိတ်တလန့် ဖြစ်သွားကြ၏။ သည်မတိုင်ခင်က ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့သည် ဤသို့ ရောက်လာဖူးသည် မဟုတ်ပါလား။

ရီဖူရှင်းက ကောင်းကင်ထက်မှ ဆင်းသက်လာသူများကိုမြင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။

“နတ်စေတမန်များကို နှုတ်ခွန်းဆက်သပါတယ်…” ရီဖူရှင်းက အနည်းငယ်ဦးညွတ်ကာ ကြိုဆိုသည်။

“ထုံးတမ်းစဉ်လာတွေ မလိုပါဘူး အင်ပါယာရီ… ကျုပ်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်ဖွဲ့ပွဲကို မတက်ရောက်ခဲ့လိုက်ရဘူး။ ဒါကြောင့် ခုတစ်ခေါက်တော့ ဖြစ်အောင် လာခဲ့ကြတာပဲ” ဦးဆောင်လာသူ အဘိုးအိုကပြုံးလျှက်ပြောသည်။ သူတို့ကား နတ္တိနန်းတော်မှ လူများဖြစ်ကြသည်။

ရီဖူရှင်းက သူတို့အား နတ်ဘုရားအကြွင်းအကျန်နယ်မြေအပြင်ဘက်၌ မြင်တွေ့ခဲ့သည်။

“ကျေးဇူးတင်ပါတယ်… နတ်စေတမန်များ…ဒီဘက်ကို ကြွပါ…” ရီဖူရှင်းက လမ်းပြသည်။

ကောင်းကင်ထက်မှ လူများက ခေါင်းညိတ်ကာ ရီဖူရှင်းတို့ရှိရာသို့ ဆင်းသက်လာသည်။အရှင်ထိုက်ရွှမ်တို့ကလည်း အံ့အားသင့်နေကြသည်။ ပုံမှန်အားဖြင့် နတ္တိအင်ပါယာနန်းတော်သည် ပြင်ပကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိပေ။ သူတို့ ရုတ်တရက် ရောက်လာခြင်းက အမှန်ထူးခြားပေသည်။

ယခု သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်ချလာကြ၏။ သူတို့ရောက်လာခြင်းကလည်း ထူးခြားသော အဓိပ္ပာယ်များကို ဆောင်ပေသည်။

“နတ်စေတမာန်များ…” အရှင်ထိုက်ရွှမ်နှင့် တခြားလူများကလည်း လေးစားစွာ နေရာပေးကြသည်။ မည်သို့ဆိုစေ နတ်စေတမာန်များမှာ အရှင်ဒွန်ဟောင်ထံတွင် အမှုတော် ထမ်းရွက်သူများဖြစ်ကြပေသည်။

“ကျုပ်ကို အာရုံစိုက်စရာမလိုပါဘူး။ သာမန်ဧည့်သည်တစ်ယောက်လိုပဲ သဘောထားပါ…” အဘိုးအိုက ပြုံးလျှက်ပြောသည်။ ထို့နောက် သူက အဝေးကို ကြည့်ကာ ပြောသည် “မဟာအင်ပါယာဟာလည်း ဒေသတစ်ခုလုံးကို စုစည်းပြီးနောက် ကျင့်ကြံခြင်းလောကတိုးတက်စေဖို့အတွက် ကျောင်းတော်တွေကို တည်ထောင်ပေးခဲ့တယ်”

သာမန်လူတစ်ယောက်ကသာ ထိုသို့ မှတ်ချက်မျိုးပြုမည်ဆိုပါက မည်သူမှ အရေးလုပ်မည် မဟုတ်ပေ။ သို့သော်လည်း ယခု နတ်စေတမန်က ရီဖူရှင်းအား ချီးကျူးပြောဆိုနေခြင်းဖြစ်ပေသည်။

“ဆရာကြီးတို့က ကျွန်တော်တို့ကို အရမ်းချီးကျူးလွန်းပါပြီ။ ကျွန်တော်တို့က တတ်နိုင်သလောက် အများအကျိုးအတွက် လုပ်ဆောင်တာပဲ ရှိတာပါ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ပြောရမည်ဆိုပါက သူတို့က ရီဖူရှင်းကို ပျက်စီးခြင်းမြို့တော်အပြင်ဘက်၌လည်း တစ်ကြိမ် ကူညီခဲ့သေးပေသည်။

အဘိုးအိုက ပြုံးလျှက်ပြောသည် “အင်ပါယာရီက အရမ်းနှိမ့်ချလွန်းနေပြီ။ မင်းလိုမျိုး တခြားလူတွေ ဘယ်သူစွမ်းဆောင်နိုင်မှာလဲ…”

“ဒါက တကယ်ကို ကြီးမားတဲ့ အကျိုးပြုမှုပဲ…” ရှန့်ရှောင်းနတ်နန်းတော်မှ တန်ခိုးရှင်ကလည်း ပြုံးလျှက်ပြောသည်။

ရီဖူရှင်းက မည်သို့မှ မပြောပေ။ တစ်ဘက်လူများက သူ့ကို ချီးကျူးနေမှတော့ သူကလည်း ငြင်းဆန်စရာ မကြောင်းမရှိပေ။

“ဆရာကြီးတို့က အဝေးက ခရီးထွက်လာကြတာပဲ။ အားလုံး အပန်းပြေအောင် ကျွန်တော်တို့က စားပွဲနဲ့ တည်ခင်းဧည့်ခံပါရစေ…” ရီဖူရှင်းက ပြောသည်။

“အင်ပါယာရီက အလုပ်ရှုစရာမလိုပါဘူး။ ကျုပ်တို့က တချို့ကိစ္စလေးတွေ အတည်ပြုပြီးရင် ပြန်သွားတော့မှာပါ”  အဘိုးအိုက ခေါင်းယမ်းကာ ပြုံးလျှက်ဆက်ပြောသည် “အင်ပါယာရီက နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ မဟာအင်ပါယာရဲ့ အမွေကို ဆက်ခံရရှိခဲ့တယ်ဆို…”

ရီဖူရှင်းက နတ်စေတမန်ကို ကြည့်ကာ ခေါင်းညိတ်သည်။

ထိုအရာက မဟာအင်ပါယာ၏အမွေကို ဆက်ခံရှိခဲ့ခြင်းဟု မသတ်မှတ်နိုင်သော်လည်း သူက တစ်နည်းအားဖြင့် လူအများကို ထိုသို့ ထင်မြင်စေလိုသည်။ တစ်ဘက်တွင် ကမ္ဘာသစ်ပင်၏တည်ရှိခြင်းကို တခြား မည်သူ့ကိုမှ ထုတ်ဖော်ပြောဆို၍ မရပေ။ သူ့အနေဖြင့် တခြားလူများကို လှည့်စားရန် သည်နည်းကို အသုံးပြုရန် ဖြစ်လာခဲ့သည်။

“ကျွန်တော်က အင်ပါယာရဲ့ နိုးထခြင်းကို တွေ့ကြုံခဲ့ရတယ်။ အင်ပါယာက ကျုပ်ကို အမွေဆက်ခံစေပြီး နတ်ဘုရားတို့ အသံကို နားထောင်စေခဲ့တယ်”

အဘိုးအိုက ပြုံးလျှက်ပြောသည် “အင်ပါယာရီရဲ့ ရဲစွန်းသတ္တိနဲ့ ပါရမီက ရှားမှရှားပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအောင်မြင်မှုတွေ ရနေတာ အနာဂတ်ဆိုရင်တော့ တကယ့်ကို တောက်မဲ့မီးခဲ တရဲရဲပဲ…”

“အကြီးအကဲက ကျွန်တော့ကို ချီးကျူးလွန်းပါပြီ…” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“ကောင်းပြီ။ ကျုပ်က ကျောင်းတော်ရဲ့ အခြေအနေလေးကို တစ်ချက်လာကြည့်ရုံပါပဲ။ အခု သိရပြီဆိုတော့ ပြန်လိုက်ပါဦးမယ်…” အဘိုးအိုက ပြောသည်။

ထို့နောက်တွင် အဘိုးအိုက သူ့လူများကိုခေါ်ကာ ပြန်လည်ထွက်ခွာသွားတော့သည်။

“နတ်စေတမန်တွေ ရောက်လာတယ်ဆိုကတည်းက ကျောင်းတော်ဟာ ပြဿနာနဲ့ အတော်ကြာကင်းဝေးနေဦးမယ်လို့ ဆိုလိုတာပဲ…” အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

အမှန်ပင် နတ်စေတမန်များ ရောက်လာခြင်းက အထက်အင်အားစုမှ ညွန်ကြားထား၍သာ ဖြစ်နိုင်ပေသည်။

သူတို့ ခဏတာ ရောက်ရှိခဲ့ခြင်းဖြစ်သော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများနှင့် ခဏတာ စကားပြောဆိုခဲ့ခြင်းကပင် ကျောင်းတော်ကို များစွာ ဂုဏ်သတင်းတက်စေပေသည်။

ကျောင်းတော်ကို တိုက်ခိုက်လိုသော ရှန်ကလန်၊ ရွှေရောင်နတ်ပြည်ထောင်နှင့် တခြားသော အင်အားစုများအတွက် နှစ်ကြိမ်က စဉ်းစားရန် လိုလာပေလိမ့်မည်။

“ဒါဆို ကျုပ်က နတ်စေတမန်ကို ကျေးဇူးကြွေးတင်သွားတာပေါ့” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“ကျွန်တော် သွားလိုက်ဦးမယ်…” ရီဖူရှင်းက ခန်းမထဲမှ ထွက်ကာ ကျောင်းတော်ရှိရာသို့ ဦးတည်လိုက်သည်။ သူကား စိတ်ချမ်းသာနေသည်။

အခြေအနေများကား မျှော်လင့်သည်ထက် ပိုမိုကောင်းမွန်လာနေသည်။ နောက်ဆုံးတွင် သူသည် အနည်းငယ် စိတ်အေးနိုင်ပြီဖြစ်သည်။

သူက စိတ်လက်ပေါ့ပါးစွာဖြင့် လျှောက်လာရင်း မရည်ရွယ်ဘဲ ဗြမ္မာ့သန့်စင်ကောင်းကင်မှ လူများ ကျင့်ကြံရာနေရာသို့ ရောက်လာခဲ့ပြန်သည်။

“နတ်မိမယ်ချင်း…” ရီဖူရှင်းက ချင်းဟယ်ကို မြင်ကာ နှုတ်ဆက်သည်။

“သခင်လေးရီကို တွေ့ရတာ စိတ်ချမ်းသာနေသလိုပဲ…” ချင်းဟယ်က  ရီဖူရှင်း၏စိတ်လက်ပေါ့ပါးနေသော သွင်ပြင်ကို ကြည့်ကာ ပြုံးလျှက်ပြောသည်။

“ဗြမ္မာ့သန့်စင်ကောင်းကင်မှာ သခင်မက ဘာတွေ လုပ်နေတာလဲ…” ရီဖူရှင်းက မေးသည်။

“ဂျီယူ တောင်ပေါ်က ဆင်းလာပြီးနောက်မှာ သခင်မက တံခါးပိတ်လေ့ကျင့်နေခဲ့တယ်။ သူမက အတော်ကြာအောင် အပြင်ကို ထွက်လာမှာ မဟုတ်ဘူး” ချင်းဟယ်က ပြောသည်။

“တံခါးပိတ်ကျင့်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည် “ကျုပ် ဂျီယူနဲ့သွားတွေ့လိုက်ဦးမယ်…”

ထိုသို့ပြောကာ သူက ရှေ့ကို ဆက်လျှောက်လာရင်း ဟွာဂျီယူ လေ့ကျင့်ရာနေရာသို့ ရောက်လာသည်။

ဟွာဂျီယူက ရီဖူရှင်းအား ကြည့်လိုက်၏။

“ဒီရက်ပိုင်းအတွင်း ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် ထိန်းနိုင်မှာလား…” ရီဖူရှင်းက မေးသည်။

ဟွာဂျီယူက သူ့အား ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်သည်။

ရီဖူရှင်းက ပြုံးလျှက် သူမထံသို့ လျှောက်သွားကာ ပြောသည် “ငါက မိတ်ဆွေဟောင်းတွေရှိတဲ့နေရာတစ်ခုကို သွားချင်လို့။ မင်းကိုလည်း လိုက်ခဲ့စေချင်တယ်…”

ဟွာဂျီယူ အံ့အားသင့်သွားသည်။ သူမ၏မျက်လုံးများက သူ့စကားများ၏နောက်ကွယ်မှ သဘောဆန္ဒကို ရှာဖွေနေဟန်ရ၏။ သို့သော်လည်း အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူမက ပြောသည် “ကောင်းပြီ…”

“ကောင်းပြီ… အချိန်ကျရင် ငါလာခေါ်မယ်…” ရီဖူရှင်းက ပြောကာ နောက်လှည့်ထွက်ခွာလာခဲ့တော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset