Switch Mode

အပိုင်း (၁၇၁၃)

ရွှေ့ဆိုင်းခြင်း

ရှန်ကလန်မှတိုက်ပွဲက ဘုံကိုးခုကို ကိုင်လှုပ်သွားခဲ့သည်။

ဗဟိုအင်ပါယာဘုံသည် ထိုသတင်းကြောင့် ပွက်လောရိုက်သွားလေသည်။ မယှဥ်နိုင်လောက်အောင် အင်အားကြီးမားသော ရှန်ကလန်သည် ရက်ပိုင်းအတွင်းတွင် နှစ်ကြိမ်တိုင်ကျူးကျော်ခံခဲ့ရမည်ဟု မည်သူမျှမထင်ထားခဲ့ပေ။ ထျန်းဟယ်အကြီးအကဲက ရှန်ကလန်သို့တိုက်ခိုက်ခဲ့ပြီးနောက် ရီဖူရှင်းက ကျင့်ကြံသူစစ်တပ်ကိုဦးဆောင်၍ ရှန်ကလန်သို့ချီတက်ခဲ့သည်။

ထိုကောင်းကင်အာဏာစက်ကျောင်းတော်မှစစ်တပ်ကြီးတွင် အရှင်ထိုက်ရွှမ်၊ ရှောင်ကလန်၊ ယွင်ယန်ကလန်နှင့် သောမျိုးနွယ်စုတို့ပါဝင်လေသည်။

ထျန်းဟယ်အကြီးအကဲနှင့်ပေါင်း၍ ထိုထိပ်သီးပုဂ္ဂိုလ်လေးယောက်က ရှန်ကလန်သို့ဆင်းသက်၍ သူတို့ကယ်တင်လိုသောသူများကို ကယ်တင်ကာ ရှန်ကလန်မှရန်ဟောင်များစွာကို သတ်ဖြတ်ခဲ့သည်။

သူတို့သည် ရှန်ကလန်၏ အုတ်မြစ်ကိုမဖျက်ဆီးနိုင်ခဲ့သော်လည်း ကြီးစွာသောဂယက်ရိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဘုံသုံးထောင်၏ ထိပ်သီးအင်အားစုဖြစ်သော ရှန်ကလန်အနေဖြင့် ကျူးကျော်တိုက်ခိုက်ခံခဲ့ရခြင်းမှာ လောကတစ်ခုလုံးအပေါ်တွင် မည်မျှသက်ရောက်စေလိမ့်မည်နည်း…။

ထိုတိုက်ပွဲတွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးများပိုင်ဆိုင်ထားသည့် ကျင့်ကြံသူအမြောက်အမြားလည်းပေါ်ထွက်လာခဲ့သည်။ ထိုလူများသည် ဘုံသုံးထောင်၏သမိုင်းကိုပြန်ပြင်ရေးမည့်သူများ ဖြစ်လာပေလိမ့်မည်။

ရီဖူရှင်းက ရှန်ဟောက်ကို တစ်ဦးချင်းတိုက်ပွဲတွင် အနိုင်ရခဲ့သည်။

ထိုတိုက်ပွဲတွင် ​အံ့အားသင့်ဖွယ်ပြောစရာကိစ္စများ အများအပြားဖြစ်ပွားခဲ့ပြီး ထိုသတင်းများမှာလျှင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ဗဟိုအင်ပါယာဘုံမှ ထိပ်သီးအင်အားစုများပင်လျှင် ထိုသတင်းကိုကြားပြီးနောက် တုန်လှုပ်သွားကြသည်။ ထိုအင်အားစုများသည် သူတို့၏ထိပ်သီးပုဂ္ဂိုလ်များကိုပင် စုစည်းကာ ထိုကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြသည်။ ထိုတိုက်ပွဲက ဘုံသုံးထောင်၏အနာဂတ်ကိုသက်ရောက်စေမည်ဖြစ်သောကြောင့် သူတို့လစ်လျူမရှုဝံ့ကြပေ။

သို့သော်လည်း ထိုအဖြစ်အပျက်များသည် ရီဖူရှင်းနှင့် ဘာမှမသက်ဆိုင်ပေ။

ဖမ်းဆီးခံထားရသူများကို ပြန်ခေါ်လာပြီးနောက် သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်ခဲ့ကြသည်။ သူတို့ပြန်ရောက်ချိန်တွင် သတင်းက ကျောင်းတော်သို့မရောက်သေးပေ။ ကောင်းကင်အာဏာစက်မြို့မှလူများက ထိုကိစ္စမှာ အနည်းငယ်ထူးဆန်းသည်ဟု တွေးတောမိကြသည်။ ကျောင်းတော်မှစစ်တပ်က ထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာကြသည်။ သူတို့ မည်သည့်နေရာသို့သွားခဲ့သည်နည်း…။

အခုသူတို့က ပြန်ရောက်လာပြီဖြစ်ရာ တိုက်ပွဲကတစ်နေရာရာတွင် ဖြစ်ပျက်ခဲ့သည်ဟုဆိုလိုခြင်းဖြစ်ပေသည်။ လူအများစုက ထိုတိုက်ပွဲနှင့်ပတ်သတ်၍ အမျိုးမျိုး ခန့်မှန်းနေခဲ့ကြသည်။

သို့သော်လည်း ထိုစစ်ပွဲသည် ဗဟိုအင်ပါယာဘုံမှ ရှန်ကလန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်မည်ဟု သူတို့တစ်ယောက်မျှမတွေးတောမိခဲ့ပေ။

သူတို့က ထိုသည်ကိုစိတ်ကူးကြည့်ရန်ပင် မဝံ့ရဲကြပေ။

မည်သို့ပင်ဆိုစေကာမူ ရှန်ကလန်သည် ထိပ်ဆုံးမှရပ်တည်နေသော အင်အားစုကြီးဖြစ်သည်။ ရှန်ကျဲ့က တစ်ယောက်ထဲလာရောက်ခဲ့ကာ ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုလုံးကို ဂယက်ရိုက်စေခဲ့သည်။

အရှင်ထိုက်ရွှမ်ရှိနေလျှင်ပင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ထိုသူနှင့်ရင်ဆိုင်နိုင်လောက်အောင် အားမကောင်းသေးပေ။

သို့သော် သူတို့ကရှန်ကလန်သို့သွားရောက်ခဲ့ခြင်းမဟုတ်လျှင် မည်သည့်နေရာသို့သွားခဲ့သည်နည်း…။

ကျင့်ကြံသူများစွာက ကောင်းကင်အာဏာစက်မြို့မှ စားသောက်ဆိုင်ကြီးတစ်ခုတွင် အတူတကွ စုစည်းနေကြသည်။ သူတို့ထဲမှတစ်ယောက်ကပြောလိုက်သည်။ “ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့စစ်တပ်က ပြန်လာပြီဆိုတော့ သူတို့ ဘယ်သူတွေနဲ့တိုက်ပွဲဖြစ်ခဲ့တာလဲဆိုတာ ငါသိချင်မိတယ်…သူတို့က ဆုံးရှုံးမှုသိပ်မများဘူးဆိုတော့ ကြည့်ရတာ အခက်အခဲသိပ်မရှိခဲ့ဘူးထင်တယ်”

“ကောင်းကင်အာဏာစက်ကျောင်းတော်က တပည့်တွေလက်ခံနေသေးလား” လူငယ်တစ်ယောက်ကမေးလိုက်သည်။

“လက်ခံသေးတယ်” သူ့ဘေးမှလူကြီးက ခေါင်းညိမ့်ကာပြောလိုက်သည်။ “မင်းက အဲ့ကိုသွားပြီး ဝင်ခွင့်ရအောင်ကြိုးစားဖို့စီစဥ်ထားတာလား”

“ခဏစောင့်ပါဦး…အခုအခြေနေက ကျောင်းတော်ကိုဝင်ဖို့ အန္တရာယ်မကင်းသေးဘူး” သူတို့ဝိုင်းတွင်ထိုင်နေသည့် လှပသော အဖြူရောင်ဝတ်ရုံဝတ်အမျိုးသမီးက ပြောလိုက်သည်။ သူမ၏ပုံစံမှာ ထက်မြက်၍အားကောင်းပုံပေါ်သည်။

“ဟုတ်တယ်။ မဟုတ်ရင် မင်းအတွက် ကျောင်းတော်ကိုဝင်ခွင့်ရဖို့က အခက်ခဲရှိမှာမဟုတ်ဘူး။ ဝင်ခွင့်ရပြီးရင်လည်း ပင်မတပည့်ဖြစ်မှာသေချာတယ်…” လူငယ်ကပြုံးကာပြောလိုက်သည်။

“အခုအချိန်မှာ ကျောင်းတော်ကိုဝင်မယ့်လူက သိပ်မရှိဘူး။ကျောင်းတော်ကိုဝင်မယ့်လူတွေက နေရာအများစုကိုယူထားပြီးသားဆိုတော့ ယှဥ်ပြိုင်မှုကနည်းနည်းပဲရှိမယ်။ အဲ့ဒါကြောင့် အခုချိန်မှာ ပင်မတပည့်ဖြစ်ဖို့က ခက်ခဲမှာမဟုတ်ဘူး” သူတို့ဘေးမှလူကြီးက အသာရယ်ကာပြောလိုက်သည်။

“ရှန့်ထိုလန်က ကောင်းကင်အာဏာစက်မြို့မှာ လွှမ်းမိုးနိုင်တဲ့ အမျိုးသမီးတစ်ယောက်ပဲလေ…ကျောင်းတော်က သူတို့ရဲ့စိတ်ရင်းကိုပြတဲ့အနေနဲ့ သူမကို ကိုယ်တိုင်ကိုယ်ကျတောင် ဖိတ်ခေါ်သင့်တယ်”

သူတို့ဘေးမှလူများက ပြုံးလိုက်ကြသည်။ ထိုစကားများမှာ အလွန်အမင်းမြှောက်ပင့်သောစကားများဖြစ်နေပေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် လောလောဆယ်တွင် အခက်အခဲထဲသို့ကျရောက်နေပြီး ဝင်ရောက်မည့်သူမရှိသော်လည်း ထိုနေရာသည် လမ်းစဥ်အားသင်ကြားပေးနေသော နေရာကောင်းတစ်ခုဖြစ်နေပေသေးသည်။ တစ်စုံတစ်ယောက်က အလွန်အရည်အချင်းရှိနေသောသူမဟုတ်လျှင် ကျောင်းတော်က ထိုသူအားကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်၍ သင်ကြားပေးရန် လုံးဝစဥ်းစားမည်မဟုတ်ပေ။

ထိုအခိုက်တွင် အုပ်စုတစ်စုက စားသောက်ဆိုင်တွင်းသို့ဝင်ရောက်လာကာ လူအုပ်ထဲသို့ကြည့်လိုက်လေသည်။

“ကျောင်းတော်က သတင်းတစ်ခုရလာတယ်” ဝင်လာသောသူများထဲမှတစ်ယောက်ကပြောလိုက်သည်။ “သူတို့က အချိန်ခဏလောက် တပည့်တွေလက်ခံဦးမှာမဟုတ်ဘူးတဲ့…တပည့်ရွေးချယ်ပွဲကို တစ်လနောက်ဆုတ်လိုက်တယ်” သူက ထိုစကားကိုပြောလိုက်သောအခါ လူတိုင်း၏မျက်နှာတွင် အံ့သြသောအမူအရာများပေါ်လာလေသည်။

ထိုသည်က ဘာကိုဆိုလိုသည်နည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်က သုံးလတိုင်အောင် တပည့်များလက်ခံမည်ဟု ကြေညာခဲ့ပြီးမဟုတ်ပေလော…ယခုတော့ သူတို့က တပည့်လက်ခံခြင်းအား တစ်လခန့်ရပ်ဆိုင်းထားမည်ဟု ကြေညာနေလေသည်။

သူတို့က ကြီးမားသော ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရ၍များလား…

စားသောက်ဆိုင်မှလူများက အချင်းချင်းတီးတိုးပြောနေကြပြီး ဘာတွေဖြစ်ခဲ့သလဲဆိုသည်နှင့် ကျောင်းတော်က အဘယ်ကြောင့် ထိုသို့ကြေညာခဲ့သလဲဆိုသည်အား ခန့်မှန်းနေကြလေသည်။

ဤစားသောက်ဆိုင်သည် မြို့တွင်းမှသတင်းစုံကိုရနိုင်သောနေရာဖြစ်သည်။ လူတိုင်းက စိတ်ရှုပ်ထွေးနေကြပြီး ထိုကိစ္စအားဆွေးနွေးနေကြသည်။

ဘာတွေဖြစ်ခဲ့သည်လဲ…

ကောင်းကင်အာဏာစက်ကျောင်းတော်က ထိုမျှခက်ခဲသောအခြေအနေသို့ ကျရောက်သွားပြီလား…

သို့သော် ထိုအချိန်တွင် ကျောင်းတော်မှလက်ခံခြင်းကိုခံခဲ့ရသော ကျောင်းသားများက သူတို့၏မိသားစုများထံ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြန်လာကြလေသည်။ မကြာသေးခင်က ရီဖူရှင်းနှင့်အခြားသူများပြန်ရောက်လာပြီး ကျောင်းတော်သည် တုန်လှုပ်ဖွယ်သတင်းအချို့ကိုကြားခဲ့ရသည်။

ကောင်းကင်ဘုံအာဏာစက်ကျောင်းတော်မှ တပည့်အများစုမှာ ကောင်းကင်ဘုံအာဏာစက်မြို့ရှိမိသားစုများမှဖြစ်သည်။

သူတို့က မိသားစုဝင်များထံသတင်းကိုပြောရန်အတွက်အလျင်လိုနေကြသည်။ သူတို့သည်ထိုသတင်းကြောင့် အလွန်အမင်းတုန်လှုပ်နေကြသည်။

မကြာခင်တွင် သတင်းက တစ်မြို့လုံးကိုပြန့်နှံသွားလေသည်။

ရီဖူရှင်းနှင့် အရှင်ထိုက်ရွှမ်တို့က စစ်တပ်ကိုဦးဆောင်၍ အခြားထိပ်သီးပုဂ္ဂိုလ်သုံးယောက်နှင့်ပူးပေါင်းကာရှန်ကလန်ကိုတိုက်ခိုက်ခဲ့ပြီး ရီဖူရှင်း၏ဆရာနှင့် ထျန်းဟယ်အကြီးအကဲ၏ဇနီးကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ထိုရိုးရှင်းသောသတင်းက ဂယက်ရိုက်မှုကိုဖြစ်ပေါ်စေပြီး အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။

စားသောက်ဆိုင်တွင် ဆိုင်ရှင်ကရှေ့သို့ထွက်လာကာထိုအကြောင်းကိုဆွေးနွေးနေသောသူများအားကြည့်၍ အသက်ပြင်းပြင်းရှုသွင်းကာပြောလိုက်သည်။ “ငါ့မှာအားလုံးအတွက်ပြောစရာသတင်းတစ်ခုရှိတယ် ကောင်းကင်ဘုံအာဏာစက်ကျောင်းတော်ရဲ့စစ်တပ်က ရှန်ကလန်ကို သွားရောက်ခဲ့ပြီး ရီဖူရှင်းရဲ့ဆရာနဲ့ ထျန်းဟယ်အကြီးအကဲရဲ့ဇနီးအပါအဝင် အဖမ်းခံထားရသူတွေကို ကယ်တင်ခဲ့တယ်။”

“ဘုန်း…”

ထိုအသံကား လူတိုင်း၏စိတ်တွင်ပဲ့တင်ထပ်သွားသည်။ သူတို့ထဲမှအများစုက မတ်တပ်ရပ်လိုက်ကြပြီးသူတို့၏ စိတ်နှလုံးမှာပြင်းထန်စွာတုန်လှုပ်နေကြသည်။ သူတို့ကဆိုင်ရှင်ကိုကြည့်လိုက်ပြီးမေးလိုက်ကြသည်။” အဲ့တာက တကယ်ကြီးလား…”

“ကောင်းကင်အာဏာစက်ကျောင်းတော်က ရှန်ကလန်ကို ဘယ်လိုတိုက်နိုင်မှာလဲ…” တယောက်ယောက်က မေးလိုက်သည်။ ထိုအရာသည်လုံးဝ မဖြစ်နိုင်ပေ။

” အဲ့တာ တကယ့်အမှန်ပဲ။ အဲ့ဒီသတင်းက ကောင်းကင်အာဏာစက်ကျောင်းတော်က တပည့်တွေဆီကတိုက်ရိုက်လာတာ…ရီဖူရှင်း အဲ့ဒီလူတွေကို ပြန်ခေါ်လာတာကို သူတို့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာ။ ပြီးတော့ကျောင်းတော်အပြင် ရှောင်ကလန်၊ ယွင်ယန်ကလန်နှင့် ကျီဝေဘုံက သောမျိုးနွယ်စုက အကြီးအကဲတွေလည်းအဲ့ကိုသွားခဲ့တယ်လို့ပြောတယ်” ဆိုင်ရှင်က ဆက်ပြောလိုက်သည်။ သူ၏နှလုံးသည်လည်း ထိုအခိုက်တွင်ကြမ်းတမ်းစွာခုန်ပေါက်နေလေသည်။ရှန့်ထိုအဆင့်ကျင့်ကြံသူများသည်ပင် သူတို့၏ နှလုံးများခုန်ပေါက်နေခြင်းကို မရပ်တန့်နိုင်ပေ။

ထိုသတင်းမှာ လုံးဝထိတ်လန့်စရာဖြစ်ခဲ့သည်။

“ပြီးတော့…ရီဖူရှင်းက ရှန်ဟောက်ကိုတိုက်ခိုက်ခဲ့ပြီး ဘယ်သူမှမခန့်မှန်းနိုင်တဲ့ရလဒ်ကိုရခဲ့တယ်။ ဒါ့အပြင် ကောင်းကင်အာဏာစက်ကျောင်းတော်မှာ အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေအများကြီးရှိတယ်။” သူကဆက်ပြောလိုက်သည်။ သတင်းအချက်အလက်တိုင်းက မိုးခြိမ်းသံများလိုပင်ကြားရသူတိုင်းကို တုန်လှုပ်သွားစေသည်။

ယခုမူသူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်က အဘယ်ကြောင့်တပည့်အသစ်များလက်ခံရန်ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်းတွေးတောမိသွားကြသည်။

ထိုတိုက်ပွဲမှသတင်းပျံနှံသွားပြီဆိုလျှင် ကျောင်းတော်၏ဂုဏ်သတင်း အလွန်ကြီးလာမည်မှာ တွေးကြည့်ရန်လွယ်ကူလှသည်။

အချိန်တစ်ခုကြာသည်အထိ ကောင်းကင်အာဏာစက်ဘုံမှလူများသာမက ဘုံကိုးခုမှလူများသည် ဤနေရာတွင် စုစည်းနေကြပေလိမ့်မည်။

ထိုသို့ဖြစ်လာလျှင် ကျောင်းတော်သို့ဝင်ရောက်လိုသူများအနေဖြင့် မည်မျှခက်ခဲသောယှဥ်ပြိုင်မှုများကိုကြုံတွေ့ကြရပေမည်နည်း။

ပင်မတပည့်ဖြစ်လာရန်ဟုတ်လား…

သာမန်တပည့်ဖြစ်လာဖို့ရန်ပင် အလွန်ခက်နေလေပြီ…

ရှန့်ထိုလန်ဟုခေါ်သော အမျိုးသမီး၏မျက်နှာမှာ ဖြူဖျော့သွားလေသည်။သူမက သူမကိုမြှောက်ပင့်နေခဲ့သောလူငယ်အားကြည့်လိုက်သည်။ပင်မတပည့်ဟုတ်လား… ကျောင်းတော်ကသူမကို ကိုယ်တိုင်ကိုယ်ကျလာရောက်ဖိတ်ခေါ်မည်တဲ့လား…

“ငါပြန်သွားပြီးလေ့ကျင့်တော့မယ်”သူမကထလိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်သို့လမ်းလျှောက်ထွက်သွားလေသည်။

သူမလေထဲသို့ပျံတက်လိုက်ချိန်တွင် လေကတိုက်ခတ်လာပြီး သူမ၏ဝတ်ရုံကိုဖရိုဖရဲဖြစ်သွားစေသည်။

သူမ၏အတွေးများက ကစဥ့်ကလျားဖြစ်လို့နေသည်။

သူမကိုကြည့်ရသည်မှာ စိတ်လွတ်နေသလိုပင်…

ထိုသည်မှာ သူမသာလျှင်မဟုတ်ပေ။ထိုနေ့တွင် ကောင်းကင်အာဏာစက်မြို့မှ မရေမတွက်နိုင်သော လူများ၏စိတ်တွင်လည်း ထိုသို့ဖြစ်နေလေသည်။

သူတို့ကိုကြည့်ရသည်မှာ အခွင့်အရေးကြီး တစ်ခုအား လက်လွတ်ဆုံးရှုံးလိုက်ရပုံပေါ်သည်။

ကျောင်းတော်သို့ဝင်ရောက်ပြီးသားတပည့်များက သူတို့အားအလွယ်တကူ ကျော်တက်သွားပေတော့မည်။

……

ရီဖူရှင်းနှင့်တခြားသူများသည် ပြင်ပမှလူများမည်သို့တွေးမည်ကို ပုံမှန်အားဖြင့်ဂရုမစိုက်ကြပေ။

တစ်လရွှေ့ဆိုင်းရန်မှာ အရှင်ထိုက်ရွှမ်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ သူသည် ယခု ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်သောကြောင့် သူ့တွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်မှာ ပုံမှန်ဖြစ်ပေသည်။ ထို့အပြင်ရီဖူရှင်းသည် သူ ထိုသို့လုပ်ဆောင်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်နေလေသည်။ ထိုသည်မှာ အရှင်ထိုက်ရွှမ်ကသူ၏ရာထူးကို လက်ခံလိုက်ခြင်းဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင် သူသည်ကျောင်းအုပ်ကြီးအနေဖြင့် သူလုပ်သင့်သည်ကို လုပ်ဆောင်ခဲ့လေသည်။

အရှင်ထိုက်ရွှမ်က ထိုဆုံးဖြတ်ကိုပြုလုပ်ခဲ့ခြင်းကြောင့် ထိုသည်မှာအလွန်ရိုးရှင်းပေသည်။ တိုက်ပွဲအပြီးတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ ဂုဏ်သတင်းသည်အလွန်ကြီးမားလာမည်ဟု မည်သူမဆိုပင်ပြောနိုင်လေသည်။

ထိုသို့ဆိုမှတော့ အဘယ်ကြောင့်အတော်ဆုံးတပည့်များကို ကျင့်ကြံရန်မစုဆောင်းရမည်နည်း။

ကောင်းကင်အာဏာစက်မြို့နှင့် ကောင်းကင်အာဏာစက်ဘုံမှ လူများသည်ကျောင်းတော်သို့ဝင်ရောက်ရန် အခွင့်အရေးကို ဦးဆုံးရရှိခဲ့သော်လည်း သူတို့သည် အန္တရာယ်တွင်းသို့ကျရောက်မည်စိုး၍မဝင်ရဲခဲ့ကြပေ။ ထို့ကြောင့် ယခုတွင်မူသူတို့သည် ဘုံကိုးဆင့်မှ ကျင့်ကြံသူများအားလုံးနှင့်ယှဥ်ပြိုင်ရပေတော့မည်။

မဟာလမ်းစဥ်တွင် ဘုံကွဲပြားခြားနားခြင်းမရှိပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်မြို့မှ လူများကို သင်ကြားပေးခဲ့သော်လည်း သူတို့သည် ထိုနေရာမှတပည့်များကိုသာလက်ခံမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

ကျောင်းတော်အတွင်းတွင် အားလုံးက အဆင်သင့်ဖြစ်နေကြသည်။ ရီဖူရှင်း၊ယူချင်း၊ချီရွှမ်ကန်းနှင့် အချို့ကသာအပြင်သို့ထွက်သွားကြသည်။

ရှန်လော့ရွှီတစ်ယောက် ထိုလူများကြားမှ ပတ်သတ်မှုနှင့်ထိုပြသနာသည် မည်သို့စတင်ခဲ့၍ မည်သို့အဆုံးသတ်ခဲ့သည်ကို အခုမှသာနားလည်သွားတော့သည်။

သူမ၏မျက်လုံးများက ရီဖူရှင်းနှင့်ချီရွှမ်ကန်းထံသို့ ကျရောက်သွားသည်။

“မင်းကိုယ်တိုင်က အဲ့လောက်မတော်ပေမဲ့ မင်းမှာတပည့်ကောင်းတစ်ယောက်ရထားတာပဲ” သူမကပြောလိုက်သည်။ ချီရွှမ်ကန်းက ပြုံးလိုက်ရင်း သူမ၏မှတ်ချက်အပေါ်အနည်းငယ်မျှပင် စိတ်ဆိုးမိချင်းမရှိပေ။

ဤသည်မှာ သူ့ဆရာ၏ထိုသို့သောပုံစံမျိူးကို ရီဖူရှင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သို့သော် သူစကားပြောနေသောသူမှာ သူ၏ဆရာကတော်ဖြစ်သည်။ထို့ကြောင့်သေချာပေါက် သူမက သူ့အားခိုင်းစေနိုင်ပေသည်။

“ထျန်းဟယ်အကြီးအကဲ ကဘယ်လိုလူလဲဆိုတာမင်းသိလား?” ရှန်လော့ရှီက ရီဖူရှင်းကိုမေးလိုက်သည်။

“သူထွက်သွားပြီးတဲ့နောက် ပညာရှိကျမ်းက ဆရာကတော်ကို ပြန်ပြီးကျင့်ကြံဖို့ကူညီပေးလိမ့်မယ်လို့ သူကကျွန်တော့ကိုပြောခဲ့တယ်။ တကယ်လို့ အဲ့လိုသာ​ဖြစ်နိုင်မယ်ဆိုရင် လူတစ်ယောက်က သူရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီး အဲ့ဒါကိုလမ်းပြနိုင်လိမ့်မယ် ပြီးတော့ ကောင်းကင်နဲ့မြေကြီးကို ပေါင်းစည်းပေးနိုင်ဖို့ အဲ့ဒါကိုအသုံးချနိုင်လိမ့်မယ်…” ရီဖူရှင်းကပြောလိုက်သည်။ ” ဆရာကနောက်တဆင့်ကိုချိုးဖျက်ဝင်ရောက်သွားနိုင်တဲ့အချိန်မှာ ပြောင်းလဲသွားခဲ့တာ။ သူတန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရပုံပေါ်တယ်…”

ရှန်လော့ရှီက ခဏတာတိတ်ဆိတ်သွားပြီးနောက်ပြောလိုက်သည်။”သူအဲ့ဒီတုန်းကရရှိခဲ့တဲ့ နတ်ဝိဥာဥ်လက်နက်က ဖေးရွှီရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟာလိုပဲ…ဒါပေမဲ့ အဲ့ဒါကအရမ်းကိုအင်အားကြီးမားလွန်းလို့ သူတစ်ခါမှထုတ်မသုံးခဲ့ဖူးဘူး”

ရီဖူရှင်းက ထျန်းဟန်အကြီးအကဲ ရှန်ကလန်တွင်ပေါ်ပေါက်လာသောမြင်ကွင်းကို ပြန်လည်တွေးတောမိလိုက်သည်။ထိုသည်မှာကြောက်မက်ဖွယ်ကောင်းလှပေသည်။

“အများကြီးမစိုးရိမ်ပါနဲ့။ သူကအဲ့တာကိုထိန်းချုပ်ဖို့သင်ယူနိုင်မှာပါ” ရီဖူရှင်းကပြောလိုက်သည်။ “ဆရာကတော်က ဒီမှာနေပြီးအနားယူသင့်တယ်”

ရှန်လော့ရွှီက တခဏကြာတိတ်ဆိတ်သွားသည်။

” အဖိုးကမကြာခင် ပြန်လာမှာပါ” ဖေးရွှီက နူးညံ့စွာပြောလိုက်သည်။ “ဖွားဖွားကဒီမှာနေမယ်ဆိုရင် ဖွားဖွားကိုသမီးကစောင့်ရှောက်ပေးလို့ရတာပေါ့”

ရှန်လော့ရွှီက သူမကိုကြည့်ကာအသာယာခေါင်းငြိမ့်လိုက်သည်။ “ဖွားဖွားမင်းကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ကြားပေးမယ်”

ထိုသို့ပြောလိုက်ရင်းသူမက တခြားသူများဘက်သို့လှည့်ကာပြောလိုက်သည်။ “မင်းတို့အားလုံးသွားလို့ရပြီ”

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းငြိမ့်ကာပြောလိုက်သည်။ ထျန်းဟယ်အကြီးအကဲ၏ဇနီးဖြစ်သူသည် အတိတ်တွင် သူမ၏ခင်ပွန်းကဲ့သို့အစွမ်းထက်သူဖြစ်ရပေမည်။ သူမသည်နှစ်ပေါင်းများစွာ အကျဥ်းကျနေခဲ့ရသော်လည်း ကျင့်ကြံခြင်းကိုရပ်တန့်ခဲ့မည်မဟုတ်ပေ။

“ဖေးရွှီ မင်းအဖွားအနားယူနေတုန်းမှာ ဂရုစိုက်ပေးလိုက်ပါဦး” ချီရွှမ်ကန်းက ပြောလိုက်သည်။ထို့နောက် သူတို့အားလုံး ထွက်ခွာသွားကြသည်။

သူတို့ထွက်သွားပြီးနောက်တွင် သောကျောက်ကချီရွှမ်ကန်းကို ခေါ်လိုက်သည်။”ဆရာ…”

“ဆရာ…” တခြားသူများအားလုံးကလည်းအော်ခေါ်လိုက်ကြသည်။ ချီရွှမ်ကန်းက ခပ်ယဲ့ယဲ့ပြုံးကာ သူ့ဘေးရှိရီဖူရှင်းကိုကြည့်လိုက်သည်။

“ဆရာ ကျွန်တော်သူတို့ကို ဆရာ့အစားပညာရှိကျမ်းကိုသင်ပေးလိုက်ပါ့မယ်။ ဆရာအဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့စိတ်အေးအေးသာနေပါ” ရီဖူရှင်းက ပြုံး၍ပြောလိုက်သည်။ ယခု ထိုအရာများအားလုံးသည် အတိတ်တွင်ကျန်ရစ်ခဲ့လေသည်။

သူသည်အဝေးသို့လှမ်းကြည့်လိုက်သည်။ ထိုစစ်ပွဲ၏လွှမ်းမိုးမှုကြောင့် ကောင်းကင်ဘုံအာဏာစက်ကျောင်းတော်ကို မည်သူမျှပေါ့သေးသေး သဘောထားဝံ့မည်မဟုတ်တော့ချေ…။

***

Comment

Leave a Reply

Options

not work with dark mode
Reset