အခန်း (၁၉၀) ရှောင်ယွိ၏ဖိတ်ကြားခြင်း
လုန်ယွိက ရေကန်နံဘေးတွင် မတ်တတ်ရပ်လိုက်ရင်း ကျန်းလန်ကို ကြည့်လိုက်သည်။
ထို့နောက် သူမက သိမ်မွေ့စွာဖြင့်…
“ဒါဖြင့် ကျွန်ကိုကူညီပြီး လူလာမလာ စောင့်ကြည့်ပေးပါလား…”
ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။ သူမ ရေချိုးမလို့တော့ မဟုတ်လောက်ပါဘူးနော်။
လုန်ယွိ ဘာလုပ်မည်ကို အသေးစိတ် မသိရှိသည့်တိုင် ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မည်သူမှ ရေကန်အနားသို့ ရောက်မလာစေရန် အစီအရင်အချို့ကို ပြုလုပ်လိုက်သည်။
ထို့ပြင် တစ်စုံတစ်ယောက် ရေကန်နားသို့ ချဉ်းကပ်လာလျှင် အသိပေးမည့် အစီအရင်များကိုလည်း ပြုလုပ်လိုက်သည်။
ကျန်းလန် အစီအရင်များ ပြုလုပ်ပြီးသည်နှင့် လုန်ယွိက သူမ၏ ဖိနပ်များကို ချွတ်လိုက်ပြီး ကျန်းလန်ရှေ့တွင်ပင် အနည်းငယ်သေးသွားပြီး ခန္ဓာကိုယ်အရွယ်အစား ကျုံ့ဝင်သွားသည်။
သူမပုံစံက ဆယ်ကျော်သက်မိန်းမပျိုလေးတစ်ယောက်ပမာ ပြောင်းလဲသွား၏။
သေသေချာချာ ကြည့်မည်ဆိုလျှင် အရပ်အမောင်းက သိသိသာသာ ပြောင်းလဲသွားခြင်း မရှိပေ။ ရှောင်ယွိ အရပ်သိသိသာသာ ပုနေသည်မှာ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကသာလျှင် ဖြစ်လေ၏။
သို့သော် ကျန်းလန်ကို အံ့အားသင့်သွားစေသည်မှာ လုန်ယွိ၏ရင်ဘတ်ထက်မှ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ထိုနေရာက သိသိသာသာကြီး ပြောင်းလဲသွားလေသည်။
အရင်က ပြောင်းလဲမှုကို ကျန်းလန် သတိမထားခဲ့မိပေ။ သေသေချာချာ ယှဉ်မကြည့်မိ၍လည်း ဖြစ်နိုင်သည်။ ယခုတော့ ပြောင်းလဲမှုက အတော်လေး သိသာလွန်းသည်။
“ငါတွေးနေတာတွေ အဓိပ္ပါယ်မရှိလိုက်တာ…”
ကျန်းလန် ခေါင်းခါရမ်းရင်း တွေးလိုက်သည်။
ယခု ဂိုဏ်းတူအစ်မလုန်ယွိက ပိုပြီးငယ်ရွယ်သွားပြီဖြစ်လေရာ ထိုပုံစံလေးကို အခြားသူများ တွေ့မြင်သွား၍ မဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
“ဘာတွေတွေးနေတာလဲ ဂိုဏ်းတူမောင်လေး…”
ရှောင်ယွိက ကျန်းလန်ကို ခေါင်းလေးငဲ့ကြည့်ရင်း ပြုံးရယ်ကာ မေးလိုက်သည်။
နံနက်ခင်းနေရောင်ခြည်က ရှောင်ယွိခန္ဓာကိုယ်ထက် ဖြာကျနေပြီး ထူးဆန်းလှပစွာ တောက်ပလျှက် ရှိသည်။
ကျန်းလန်က တိုးတိတ်သိမ်မွေ့စွာဖြင့်…
“ဂိုဏ်းတူအစ်မက အခုမှပဲ ပြုံးတော့တယ်နော်… ၊ အရင်လို ပုံစံအမှန်နဲ့တုန်းက အရမ်းအေးစက်တာပဲ…”
မူလပုံစံက ဘာကြောင့် အေးစက်ရသည်ကို ကျန်းလန်က မမေးမြန်းသည့်တိုင် ကျန်းလန်ဆိုလိုသည့်စကားအဓိပ္ပါယ်ကို ရှောင်ယွိ နားလည်လိုက်သည်။
ရှောင်ယွိက…
“ကျွန်မရဲ့ ပုံစံအမှန်နဲ့ဆိုရင်… ရှင် ကျွန်မကို ဘယ်လိုခေါ်လဲ…”
ကျန်းလန်က ခဏမျှ စဉ်းစားပြီးမှ…
“ဂိုဏ်းတူအစ်မ’လုန်ယွိ’ လို့ ခေါ်တယ်…”
ရှောင်ယွိက…
“အခုလို ပုံစံနဲ့ဆိုရင်ရော…”
ကျန်းလန်က…
“ရှောင်ယွိလို့ ခေါ်မှာပေါ့…”
ဟုတ်ပေ၏။
လုန်ယွိနှင့် ရှောင်ယွိကို ကျန်းလန်က မတူညီစွာဘဲ ပုံဖော်ပြောဆိုမိမည် ဖြစ်သည်။
ထို့ကြောင့်လည်း မူလပုံစံအမှန်ဖြစ်သည့် လုန်ယွိနှင့်ဆိုလျှင် ကျန်းလန်က တည်တည်ငြိမ်ငြိမ် ဆက်ဆံသည်။ ရှောင်ယွိကတော့ အစပိုင်းတွင် သူမ မည်သူမည်ဝါဖြစ်ကြောင်းကိုပင် ကျန်းလန်ကို ဖုံးကွယ်ထားခဲ့သည်။
သို့သော် ရှောင်ယွိပုံစံဖြင့်ဆိုလျှင် ကျန်းလန် အနေဖြင့် ပြောဆိုဆက်ဆံရသည်မှာ ပေါ့ပေါ့ပါးပါးရှိသည်ဟု ခံစားရသည်။
သို့ရာတွင် ဤသည်က ရှောင်ယွိနှင့် လုန်ယွိ၏ မတူညီသည့် ကိုယ်ရည်ကိုယ်သွေးနှင့် မည်သို့ သက်ဆိုင်နေပါသနည်း။ ကျန်းလန် အဖြေရှာ၍ မရနိုင်သေးပေ။
ရှောင်ယွိက…
“ဂိုဏ်းတူမောင်လေး… ခုထိ ပဟေဠိ ဖြစ်နေတုန်းလား…”
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ယွိက သိမ်မွေ့စွာဖြင့်…
“လုန်ယွိပုံစံနဲ့က ဘာလို့ အေးစက်နေရတာလဲဆိုတော့ ကျွန်မက အကျင့်ပါနေလို့ပါ…”
ခဏနားပြီးမှ ရှောင်ယွိက ဆက်ပြောသည်။
“ပုံစံအမှန်နဲ့ဆိုင် ကျွန်မက လူတိုင်းကို အေးစက်စက်ပဲ ဆက်ဆံတတ်တယ်… ၊ အဲဒီပုံစံနဲ့ဆိုရင် ဂိုဏ်းတူမောင်လေးကိုတောင် စကားများများ ပြောတာမှ မဟုတ်တာ… ၊ ဒါပေမဲ့ ဒီ ရှောင်ယွိပုံစံကိုတော့ အခြားသူတွေ သိပ်မသိကြဘူးလေ… ၊ ဒီပုံလေးနဲ့ပဲ ဂိုဏ်းတူမောင်လေးနဲ့အတူ သေရည်ဆိုင်မှာ အတူတူ အလုပ်လုပ်ကြတာ မဟုတ်လား ၊ ဒီတော့ကာ ဒီပုံစံနဲ့ ဂိုဏ်းတူမောင်လေးကို စကားပြောရတာ ပိုပြီးရင်းနှီးတယ်လို့ ခံစားရတယ်…”
ထိုသို့ဆိုလျှင် ရှောင်ယွိက တကယ့်အစစ်အမှန်ပုံစံလား။
ကျန်းလန် နားလည်သွားပြီဟု ယူဆသည်နှင့် ရှောင်ယွိက ရေထဲသို့ ပြေးဆင်းသွားပြီး ရေကန်အစပ်တွင် ပျော်ရွှင်စွာ လမ်းလျှောက်နေလေသည်။
ကျန်းလန်က မည်သည့်စကားမှ မဆိုဘဲ ရေကန်စပ်တွင် တိတ်ဆိတ်စွာပင် ထိုင်ချလိုက်သည်။
သူက ရှောင်ယွိကို စောင့်ပေးနေရင်း ရေကန်ကို စစ်ဆေးကြည့်လိုက်သည်။
ဤရေကန်က သူရှာတွေ့ခဲ့သည့်နေရာဖြစ်သော်လည်း ယခင်က သူ တစ်ခါမှမရောက်ဖူးသည့် နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ရေကန်ထဲတွင် မည်သည့်အရာများ ရှိနေမည်လဲ သိရှိခြင်း မရှိပေ။
ဤရေကန်က သာမန်ရေကန်တစ်ခုနှင့်တော့ မတူညီပေ။
ရှောင်ယွိသည်လည်း ရေကန်အစပ်တွင်သာ လမ်းလျှောက်နေပြီး ရေကန်အလယ်သို့ သွားရဲခြင်း မရှိသေးပေ။ ရေကန်အလယ်တွင် မည်သို့သောအန္တရယ်ရှိမည်လဲ သူမလည်း မသိရှိသောကြောင့် ဖြစ်သည်။
ရှောင်ယွိသည်လည်း အန္တရယ်ကို ရှောင်ချင်သူ ဖြစ်သည်။ ကျန်းလန်ရော ရှောင်ယွိရောက စွန့်စားရမည့်အလုပ်များကို ပြုလုပ်ရန် ရည်ရွယ်ချက် မရှိပေ။
ရှောင်ယွိက ရေကန်စပ်တွင် လမ်းလျှောက်ရင်း ကျန်းလန်ကို တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်သည်။
ကျန်းလန်က ရှောင်ယွိကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ရေကန်အလယ်သို့ အကြည့်ကို ရွှေ့ပြောင်းလိုက်သည်။
ရေကန်အလယ်တွင် တစ်စုံတစ်ခု ရှိနေဟန်တူသော်လည်း မည်သည့်အန္တရယ်ကိုမှ အာရုံခံမိခြင်း မရှိပေ။
သို့သော် ရေကန်ထဲတွင် လူအများလာရောက်ခြင်းမရှိစေရန် တားဆီးထားသည့် ချုပ်နှောင်အစီအရင်အချို့နှင့် ဝိညာဉ်ဖြတ်တောက်အစီအရင် (၁)ခု ရှိနေလေသည်။
ဝိညာဉ်ဖြတ်တောက်အစီအရင်က အန္တရယ်များသော်လည်း ထူးခြားသည့် အစီအရင်တော့ မဟုတ်ပေ။ ရေကန်ထဲမှ အစီအရင်များအကြောင်း သိရှိပြီးနောက် ကျန်းလန် မတ်တတ်ရပ်လိုက်ပြီး ရေကန်နံဘေးသို့ လျှောက်သွားလိုက်သည်။
ရေကန်က အလွန်ကြီးမားသည့်အတွက် သူက ရေကန်တစ်လျှောက် လျှောက်ကြည့်ရင်း အင်းသင်္ကေတများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းလန် လမ်းလျှောက်နေစဉ် ရှောင်ယွိက သူ့နံဘေးရောက်လာပြီး စပ်စုလိုက်ပြန်သည်။
“ဂိုဏ်းတူမောင်လေး… ရေကန်ကို လေ့လာနေတာလား…”
ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…
“မဟုတ်ပါဘူး…”
ကျန်းလန်က ဆက်ရှင်းပြလိုက်သည်။
“ရေကန်ထဲမှာ ဝိညာဉ်ဖြတ်တောက်အစီအရင်နဲ့ ချုပ်နှောင်အစီအရင် အချို့ရှိတယ်… ၊ ကျွန်တော်က ဂိုဏ်းတူအစ်မ ရေကစားလို့ရအောင် ချုပ်နှောင်တဲ့အစီအရင်တွေကို ဖျက်စီးပြီး ဝိညာဉ်ဖြတ်တောက်အစီအရင်ကိုတော့ ခဏတားဆီးထားပေးမယ်လေ…”
ရှောင်ယွိ မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်လိုက်သည်။ ရေကန်ထဲတွင် အစီအရင်များ ရှိနေသည်ကို သူမ သတိမထားခဲ့မိပေ။
ရှောင်ယွိက သိချင်စိတ်ဖြင့်…
“အစီအရင်တွေ ရှိနေတယ်ဆိုတော့ ရေကန်ထဲမှာ မှော်ဝင်ပစ္စည်းတစ်ခုခုများ ရှိနေမလား မသိဘူးနော်…”
ကျန်းလန်က…
“ဒါတော့ မသေချာဘူး…”
ကျန်းလန်က ရေကန်စပ်တစ်နေရာတွင် ဒူးတစ်ဖက်ကိုထောက်ကာထိုင်လိုက်ရင်း အင်းသင်္ကေတအချို့ကို ပြုလုပ်လိုက်သည်။
ဤအင်းသင်္ကေတများက ဝိညာဉ်ဖြတ်တာက်အစီအင်ကို ခုခံကာကွယ်နိုင်မည် ဖြစ်၏။
အခြားဝိညာဉ်ဖြတ်တောက် အစီအရင်များနှင့် ယှဉ်လျှင် ဤရေကန်ထဲမှ ဝိညာဉ်ဖြတ်တောက် အစီအရင်က ပိုပြီးအန္တရယ်များသည်။
ရေကန်ထဲတွင် ချုပ်နှောင်အစီအရင်များသာ ရှိနေမည်ဆိုပါက ရှောင်ယွိအနေဖြင့် မရှိမှုအာကာသအဆင့် တန်ခိုးစွမ်းအားအသုံးပြုပြီး ဖောက်ထွက်နိုင်မည် ဖြစ်သည်။
သို့သော် ဝိညဉ်ဖြတ်တောက်အစီအရင်က ရှိနေသောကြောင့် သူမအနေဖြင့် တန်ခိုးစွမ်းအားကို အားကုန်အသုံးပြုနိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် ချုပ်နှောင်အစီအရင်ဖြင့် ချုပ်နှောင်ခံရပြီးနောက်ပိုင်း မည်သည့်အန္တရယ်ကျရောက်မည်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။
“အခု ဂိုဏ်းတူမောင်လေး ဘာလုပ်နေတာလဲ…”
ရှောင်ယွိကလည်း ကျန်းလန်ဘေးတွင် ဒူးတစ်ဖက်ထောက်ထိုင်ချရင်း မေးလိုက်သည်။
သူမက ကျန်းလန်ပြုလုပ်နေသည့် အင်းသင်္ကေတများကို ကြည့်လိုက်ပြီး နားလည်နိုင်ခြင်း မရှိပေ။ အစီအရင်ပညာတွင် သူမက ကျန်းလန်ထက် များစွာနိမ့်ကျနေကြောင်း သိရှိလိုက်သည်။
ကျန်းလန်က ပဉ္စမတောင်ထွတ်မှ အစီအရင်တောင်ကုန်းထက်သို့ ရောက်အောင်တက်နိုင်ပြီး “ဇွဲရှိသူကို ကောင်းကင်ဘုံက ဆုချမည်” ဆိုသည့် စာတမ်းရေးသားသွားနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ထိုစကားလုံးများသည် ယခုအချိန်ထိ ပဉ္စမတောင်ထွတ်၏ အစီအရင်တောင်ကုန်းထက်တွင် တည်ရှိနေဆဲ ဖြစ်ပြီး ဒဏ္ဍာရီဆန်လွန်းလှသည်။
ကျန်းလန်က ခပ်အေးအေးလေသံဖြင့်…
“အခု ဂိုဏ်းတူအစ်မ ရေထဲဆင်းချင်တယ်ဆိုရင် အန္တရယ်ကင်းအောင်လို့ အစီအရင် လုပ်ပေးနေတာ…”
ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
အတန်ကြာမှ သူမက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ဂိုဏ်းတူမောင်လေး… ရေကန်ထဲမှာ ဘယ်လိုရတနာပစ္စည်းတွေရှိမလဲ ရှင် မသိချင်ဘူးလား… ၊ အစီအရင်တွေ ရှိနေတယ်ဆိုတော့ သေချာပေါက် အဖိုးတန်ပစ္စည်းတစ်ခုခု ရှိနိုင်တယ်…”
ကျန်းလန်က ရှေ့သို့ ဆက်လျှောက်သွားသည်။
သူလိုချင်သည့် အနေအထားတစ်ခုအရောက်တွင် သူက ဒူးတစ်ဖက်ထောက်ထိုင်ပြီး အင်းသင်္ကေတအချို့ကို ရေးဆွဲလိုက်ပြန်သည်။
ရှောင်ယွိက…
“နဝမတောင်ထွတ်မှာ မှော်ဝင်ပစ္စည်းတွေ အများကြီး ရှိမှာပဲ… ဟုတ်တယ်မလား… ဒါကြောင့် ဂိုဏ်းတူမောင်လေးက မှော်ဝင်ပစ္စည်းတွေကို စိတ်မဝင်စားတာဖြစ်ရမယ်…”
ကျန်းလန်က…
“အင်း… အဲဒီလိုဖြစ်နိုင်ပါတယ်…”
ထို့နောက် ရှောင်ယွိက စကားဆက်မပြောတော့ဘဲ မတ်တတ်ရပ်လိုက်ပြီး ရေကန်နံဘေးသို့ ခုန်ဆင်းလိုက်ကာ ရေကန်ထဲတွင် လမ်းလျှောက်နေပြန်သည်။
ကျန်းလန် အနည်းငယ်ဝေးကွာသည့်နေရာသို့ ရောက်သွားလျှင် သူမက နောက်ကလိုက်လာပြန်သည်။
သူမက ရေကန်ထဲတွင် မည်သည့်အဖိုးတန်ရတနာပစ္စည်းရှိမည်ကို ကျန်းလန်နှင့် ပြောဆိုလိုသည်။ ထို့ပြင် ကျောက်စိမ်းရေကန်မှ အကြောင်းများကိုလည်း သူမ ကျန်းလန်ကို ပြောပြချင်သေးသည်။
သူမက…
“ကျောက်စိမ်းရေကန်မှာဆိုရင် ဘာမှမရှိဘူး သိလား… ၊ သစ်ပင်တွေလည်း သိပ်မရှိဘူး… နည်းနည်းလေးရယ်… ၊ ဂိုဏ်းတူမောင်လေးနေတဲ့ နဝမတောင်ထွတ်က ခြံဝန်းနဲ့များ တခြားစီပဲ…”
ရှောင်ယွိ ကျန်းလန်ကို အနည်းငယ်တော့ မနာလိုဖြစ်မိပါ၏။
ရှောင်ယွိပြောသည့်စကားများကို နားထောင်ရင်း ကျောက်စိမ်းရေကန်တွင် နေထိုင်ရသည့် ရှောင်ယွိဘဝအကြောင်းကို စဉ်းစားကြည့်လိုက်မိသည်။
မိုးရွာသည့်နေ့များတွင် သူမ မည်သည့်နေရာတွင် မိုးခိုပါသနည်း။
ကျောက်စိမ်းရေကန်ကို မချဉ်းကပ်နိုင်ရန် အစီအရင်တစ်ခု ပြုလုပ်ထားလေသည်။ ချဉ်းကပ်ရန်မပြောနှင့် စိတ်အာရုံဖြင့် ကြည့်ရှုနိုင်ခြင်းပင် မရှိပေ။
ထို့ကြောင့် ကျောက်စိမ်းရေကန်တွင် မိုးက လွယ်လွယ်နှင့်တော့ ရွာမည် မထင်ပေ။
ကျန်းလန်က…
“ဂိုဏ်းတူအစ်မ သဘောကျတဲ့ပန်းပင်တွေရှိရင် ခြံဝန်းထဲက ယူသွားလို့ ရတယ်လေ…”
ကျန်းလန် ပြုလုပ်နေသည့် အင်းသင်္ကေတများက ပြီးဆုံးလုနီးပြီဖြစ်သည်။
ဝိညာဉ်ဖြတ်တောက်အစီအရင်နှင့် ချုပ်နှောင်သည့်အစီအရင်များက ရှောင်ယွိကို ဒုက္ခပေးနိုင်တော့မည် မဟုတ်ပေ။ ရှောင်ယွိ ပိုပြီးအန္တရယ်ကင်းစေရန်အတွက် သူက နောက်ထပ် အင်းသင်္ကေတအနည်းငယ်ကို ထပ်မံပြုလုပ်ပေးလိုက်သည်။
ရှောင်ယွိက…
“ကျွန်မ ကြိုးစားကြည့်ပြီးပြီ… ဒါပေမဲ့ အဲဒီပန်းပင်တွေက ကျောက်စိမ်းရေကန်မှာ မရှင်သန်ဘူး… ၊ ဘာလို့လဲ မသိဘူး…”
ရှောင်ယွိက ရေများကို ခြေထောက်ဖြင့်ကန်ရင်း ပြောလိုက်သည်။
ကျန်းလန် ပြင်ပလောကသို့ ထွက်ခွာသွားစဉ်က သူမ ပန်းပင်များရွှေ့စိုက်ခဲ့ဖူးသည်။ ပန်းပင်များသေကုန်ပြီး သူမက ထိုအကြောင်းကို ကျန်းလန်ကို ပြောပြခြင်း မရှိခဲ့ပေ။
ကျန်းလန်က…
“မြေအနေအထားကြောင့် ဖြစ်လိမ့်မယ်…”
သူလည်း ထိုအကြောင်းများ သိပ်နားမလည်ပေ။
နဝမတောင်ထွတ်တွင် ပန်းပင်များ ကောင်းမွန်စွာပေါက်ရောက်သည်မှာ မြေသြဇာကောင်းသောကြောင့် ဖြစ်နိုင်သည်။ ထို့ပြင် နဝမတောင်ထွတ်မှ ပန်းပင်များက မရဏအငွေ့အသက်များကိုလည်း ခံနိုင်ရည် ရှိကြသည်။
ကျန်းလန် ရုတ်တရက် နားလည်သွားသည်။
နဝမတောင်ထွတ်မှ ပန်းပင်များက ကျောက်စိမ်းရေကန်တွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ မြေပြင်အနေအထားချင်း မတူညီသောကြောင့် ဖြစ်သည်။
နောက်ဆုံးတော့ ရှောင်ယွိက ပန်းပင်ကိစ္စ သူ့ကိုပင် အပူကပ်တော့သည်။
“ဒါဖြင့် ကျွန်မကို တစ်ချက်လောက် လိုက်ကြည့်ပေးပါလားဟင်… ၊ ကျောက်စိမ်းရေကန်မှာ ဘယ်လိုမျိုးပန်းပင်တွေ စိုက်ပျိုးရင် သင့်တော်မလဲ ဆိုတာကိုပေါ့…”
သူမ၏အသံလေးက နူးညံ့လွန်းလှပြီး တည်ငြိမ်သည့်အသံတွင် အတက်အကျအနည်းငယ် ဖြစ်ပေါ်နေသည်။
ထိုစကားများက သာမန်ဖြစ်သော်လည်း သာမန်မဟုတ်ပေ။ သို့သော် ကျန်းလန်မှာလည်း သူမပြောသည့်စကားကို ငြင်းဆန်ရန် မတတ်နိုင်ပေ။
နောက်ဆုံးတော့ ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း သိမ့်မွေ့စွာဖြင့်သာ အဖြေပြန်ပေးရသည်။
“ကောင်းပြီလေ…”
“ဒါဖြင့် ရှင်အားတဲ့အချိန် ပြောလေ… ၊ ကျွန်မ ကျောက်စိမ်းရေကန်ကိုသွားဖို့ လာခေါ်မယ်…”
အပြုံးရိပ်လေးနှင့်အတူ လုန်ယွိ၏ အသံလေးက သာယာစွာ ထွက်ပေါ်လာလေသည်။