Chapter 10

တွေ့ဆုံပွဲ

တစ်ဖက်တွင်မူ အစပျိုးသူ ရဲ့လင်းချန်သည် အခွင့်အရေးကို အသုံးချ၍ ကျန်းယွင်ရှီကို ဆွဲကာ ပွက်လောရိုက် နေသော လူအုပ်နှင့် ‌ဝေးရာသို့ ထွက်လာလိုက်သည်။

“ကျေးဇူးတင်ပါတယ် ရဲ့လင်းချန်”

ကျန်းယွင်ရှီသည် လမ်းတွင် တည်ငြိမ်နေ‌သော ရဲ့လင်းချန်ကိုကြည့်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

ယနေ့ ရဲ့လင်းချန်၏ အကူအညီသာ မရခဲ့လျင် ယနေ့ မည်သို့ အဆုံးသတ် သွားမလဲ သူမ မတွေးတတ်တော့ပါ။

“မင်း ဘာလို့ ငါ့အပေါ် တအား ယဉ်ကျေးနေတာလဲ၊ ငါတို့ ငယ်ငယ်လေး ကတည်းက မင်း ငါ့ကို မကြာမကြာ စာပြပေးပြီး ငါ့အပေါ် ကောင်းခဲ့တာပဲကို”

ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။ ကျန်းယွင်ရှီ ပြန်ပြုံးပြလိုက်ပြီး သိချင်စိတ်ဖြင့် မေးလာသည်.

“နင် ဘယ်တုန်းကတည်းက ဒီလိုကိစ္စတွေ အများကြီး သိနေတာလဲ၊ အထင်ကြီးစရာပဲ”

“ငါ သိတဲ့ အခြားအရာတွေ အများကြီး ရှိပါသေးတယ်၊ ကောင်းကင်အထက်က ကိစ္စတွေနဲ့ မြေကြီးအောက်က အရာအားလုံးကို ငါ သိတယ်လို့ မင်း ပြောလို့ရတယ်”

ရဲ့လင်းချန်က အထက်စီးဆန်ချင်ယောင်ဆောင်သော အမူအရာဖြင့် ပြောလိုက်သည်။ ကျန်းယွင်ရှီက ပါးစပ်လေးကို လက်ဖြင့်အုပ်၍ ရယ်လေသည်။

“ဒီနေ့ နင့်အကူအညီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ငါ နင့်ကို နေ့လယ်စာ ဝယ်ကျွေးမယ်ဆိုရင်ရော”

“ရတယ်လေ”

ရဲ့လင်းချန်သည် မိန်းမလှလေး၏ နေ့လယ်စာ ဝယ်ကျွေးခြင်းအား ငြင်းပယ်ရန် စိတ်ကူးမရှိပေ။ နှစ်ယောက်သား လမ်းဘေး၌ စုံတွဲသဖွယ် တိတ်ဆိတ်စွာ လမ်းလျှောက်နေပြီး ဘယ်သူကမှ တက္ကစီငှားရန် အကြံပေးခြင်း မရှိချေ။ ရဲ့လင်းချန် ကျန်းယွင်ရှီကို တစ်ချက် ခိုးကြည့်လိုက်သည်။ ဖြာကျနေသော နေရောင်ခြည်အောက်၌ သူမမျက်နှာပေါ်သို့ ဆံစတစ်စ ဝဲကျနေသည်ကို သူ မြင်နေရသည်။ သူမသည် အလွန် သိမ်မွေ့နူးညံလှသဖြင့် သူ၏ နှလုံးခုန်နှုန်းများ ရုတ်တရက် ခုန်တက်သွားရလေသည်။

သူတို့သည် ကျောင်းဝတ်စုံများနှင့် အေးအေးလူလူ လမ်းလျှောက်နေသည့် ကြည့်ကောင်းသော ကောင်လေးများနှင့် ကောင်မလေးများ အများအပြား ရှိနေသည့် မြို့သစ်ပလာဇာသို့ ရောက်လာသည်။ သူတို့နှစ်ယောက်သား စကားပြောလိုက်၊ ရယ်လိုက် လုပ်နေသဖြင့် ကြည့်ကောင်းသော မြင်ကွင်းလေးတစ်ခု ဖြစ်ပေါ်လာရသည်။

ဤပလာဇာတွင်း၌ အမဲသား၊ ပင်လယ်စာ၊ အသားကင်နှင့် အနောက်တိုင်း အစားအစာများ ရောင်းချသည့် စားသောက်ဆိုင် အမျိုးအစားများစွာကို တွေ့နိုင်ပေသည်။ သို့သော် ဈေးများက မနိမ့်လှပေ။ ကျန်းယွင်ရှီ၏ မိသားစု နောက်ခံကို ရဲ့လင်းချန် ရုတ်တရက် သတိရသွားသည်။ ထို့ကြောင့် သူ မနေနိုင်ဘဲ စကားစလိုက်သည်။

“ယွင်ရှီ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ တော်တော်ကြာပြီ၊ ငါပဲ နင့်ကို နေ့လယ်စာ လိုက်ကျွေးမယ် ဆိုရင်ရော ဘယ်လိုလဲ”

“ဘာလို့လဲ၊ နင် ငါ့ကို အထင်သေးနေတာလား”

ကျန်းယွင်ရှီက ပျက်ရယ်ပြု၍ မေးလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ အချိန်ပိုင်း အလုပ်လေးတွေ လုပ်တယ်၊ ငါ့မှာ စုထားတာလေး ကျန်သေးတာမို့ ဘာပဲဖြစ်ဖြစ် ငါ နင့်ကို နေ့လယ်စာ ဝယ်ကျွေးနိုင်ပါသေးတယ်”

“ဒီလိုဆိုမှတော့ ငါ နင်ကျွေးတာပဲ လိုက်စားရတာပေါ့”

ရဲ့လင်းချန် နေ့လယ်စာ ဝယ်ကျွေးမည့်ကိစ္စကို အတင်း ဖိအားမပေးတော့ပေ။ ထို့နောက် သူ ဆက်ပြောလိုက်သည်။

“ခေါက်ဆွဲကောင်းကောင်း ရောင်းတဲ့ ခေါက်ဆွဲဆိုင်ကောင်းတစ်ဆိုင်ကို ငါ သိတယ်၊ ငါတို့ အဲ့မှာ သွားစားကြမလား”

ကျန်းယွင်ရှီ မသိမသာ တုံ့ဆိုင်းသွားပုံ ပေါ်သည်။

“ခေါက်ဆွဲမပြောနဲ့ ရေကတောင် ငါ့အတွက် ချိုနေမယ်လို့ လောင်းရဲတယ်၊ ဘာလို့လဲဆိုတော့ ငါက နင့်လို လှပတဲ့ မိန်းကလေးနဲ့အတူ စားရမှာမို့လို့လေ၊ ဒါဆို အဲ့လိုလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီနော်”

ရဲ့လင်းချန် အဆောတလျင် ပြောလိုက်ပြီးနောက် ပလာဇာအတွင်းသို့ ရှေ့မှဦးဆောင်၍ ဝင်သွားလိုက်သည်။ ကျန်းယွင်ရှီ ရှက်သွေးဖြာကာ မျက်နှာ နီမြန်းသွားသည်။ သူမ ရဲ့လင်းချန်ကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် နောက်မှ လိုက်သွားလေသည်။

ရဲ့လင်းချန်သည် ခေါက်ဆွဲကို လွေးရင်း မျက်နှာချင်းဆိုင်၌ ထိုင်နေသော မိန်းမလှလေးကို ကြည့်နေသည်။ သူ အတော်လေး စားချင်စိတ် ဝင်နေသဖြင့် ခေါက်ဆွဲတစ်ပွဲအား တစ်ခဏအတွင်း ကုန်သွားပြီး အရည်တစ်စက်ပင် မကျန်ရစ်ပေ။ သူသည် နှုတ်ခမ်းကိုသပ်၍ ခေါက်ဆွဲ၏ ကျေနပ်ဖွယ်ကောင်းသော အရသာကို ပြန်သတိရနေ၏။

“ဟေ့ ယွင်ရှီ နင်က ဒီရောက်နေတာပဲ”

လူ့ခွစာအသံနှင့်တူသော အသံတစ်သံကြောင့် ရဲ့လင်းချန် ခေါက်ဆွဲအရသာကို ပြန်တွေးနေရာမှ လန့်ဖျပ်သွားပြီး လက်ရှိအချိန်သို့ ပြန်သတိဝင်လာသည်။ ခေတ်မီသော အသွင်အပြင်ရှိပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က ပြတင်းပေါက် အပြင်ဘက်၌ ရပ်နေသည်။ မကြာခင်မှာပင် သူမက ခေါက်ဆွဲဆိုင်ထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်။

သူမသည် မျက်နှာ၌ မိတ်ကပ် ထူလပျစ် လိမ်းထားပြီး ရတနာများကို ဆင်မြန်းထားသည်။ သူမသည် မြွေသဖွယ် ခါးကို နွဲ့ကာယိမ်း၍ လျှောက်လာသည်။ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ ခုခံမရနိုင်သော ဖြားယောင်း ဆွဲဆောင်မှုမျိုး ထုတ်ဖော်နေ၏။ သူမသည် ရင့်ကျက်သလို ဆွဲဆောင်မှုလည်း ရှိပေသည်။

ကျန်းယွင်ရှီသည် မမှည့်သေးသော ပန်းသီးတစ်လုံးဆိုလျင် ဤအမျိုးသမီးက အပြည့်အဝ မှည့်ပြီး ဖျော်ရည်ပင် လုပ်သောက်နိုင်သော အခြေအနေသို့ ရောက်နေလေပြီ။

ထိုအမျိုးသမီးသည် ဘေးလူများ၏ လောဘတကြီး အနီးကပ် ကြည့်ဟန်များကို အသားကျနေသကဲ့သို့ ပြုမူလေသည်။ သူမသည် ထိုသို့အာရုံစိုက်ခံရခြင်းကို ကျေနပ်နေသည့်ပုံပင်။ သူမသည် ရံဖန်ရံခါ တစ်ချို့လူများကို ညင်သာစွာ ဝေ့ကြည့်လေသည်။ သူမသည် သွေးဆောင်ဖြားယောင်းသည်ထက်ပင် လွန်နေလေပြီ။

“ဟယ် အစ်မ၊ တိုက်ဆိုင်လိုက်တာ”

ကျန်းယွင်ရှီ နှုတ်ဆက်လိုက်သည်။ သို့သော် သူမ ဇဝေဇဝါ ဖြစ်နေသည်။

“ယွင်ရှီ နင် လာမှန်းသိရင် ငါ နင့်ကို နေ့လယ်စာ ဝယ်ကျွေးပါတယ်ဟယ်၊ ခေါက်ဆွဲက အာဟာရ မဖြစ်ဘူး၊ ဘေးက ပင်လယ်စာဆိုင်က လတ်ဆတ်တဲ့ ပင်လယ်စာတွေ ရောင်းတာ၊ တစ်ယောက်ကို ယွမ်ငါးရာ ကျတယ်၊ လာ … အတူတူ သွားစားရအောင်”

ထိုအမျိုးသမီးသည် မဖိတ်ဘဲ ဘေး၌ ဝင်ထိုင်၍ ပြုံးကာ ပြောလေသည်။

“ရပါတယ် အစ်မ၊ ညီမ ဒီမှာ လင်းချန်နဲ့ လာစားတာ”

ကျန်းယွင်ရှီက ခေါင်းခါပြလိုက်သည်။

“အစ်မ ခုန်ဝေ့ မတွေ့ရတာ နှစ်အတော်ကြာပြီနော်”

ခုန်ဝေ့သည် ကျန်းယွင်ရှီ၏ ဝမ်းကွဲအစ်မ ဖြစ်သည်။ သူမသည် ရဲ့လင်းချန်နှင့် တစ်ရွာတည်းသား ဖြစ်ပြီး သူမ၏ မျက်နှာ အသွင်အပြင်က ကျန်းယွင်ရှီနှင့် မဆိုသလောက်လေး ဆင်တူ၏။

ကျန်းယွင်ရှီ၏ မိသားစု မျိုးရိုးဗီဇက အားကောင်းလွန်းသည်ကိုတော့ ရဲ့လင်းချန် အသိအမှတ် မပြုဘဲ မနေနိုင်ပေ။ ခုန်ဝေ့သည်လည်း မိန်းမလှလေး တစ်ဦးပင်။ သူမ၏ အကျင့်စရိုက်က ကျန်းယွင်ရှီထက် ပိုမိုပွင့်လင်းသည့် တစ်ခုသာ ကွာခြားလေသည်။ သူမသည် တက္ကသိုလ် စတက်ကတည်းက ချမ်းသာသော ကောင်လေးတစ်ချို့နှင့် တွဲထားပြီးသား ဖြစ်သည်။ သူမသည် အမြဲတမ်း နာမည်ကြီး အဝတ်အစားများကို သားသားနားနား ဝတ်ဆင်လေ့ ရှိသည်။ သူမလက်မှ လက်ကိုင်အိတ်ပင် ယွမ်တစ်သောင်းကျော် တန်ဖိုးရှိလေသည်။

သူမက အနုပညာနယ်ပယ်ထဲသို့ ကြိုးကြိုးစားစား ဝင်ရောက်နေပြီဟု ပြောရပေမည်။ သူမသည် ရုပ်ရှင်တစ်ချို့၌ ဝင်သရုပ်ဆောင်ဖူးပြီး အမျိုးသမီး ဇာတ်ပို့နေရာ၌ သရုပ်ဆောင်ဖူးလေသည်။

ထိုအချိန်အတောအတွင်း ခုန်ဝေ့က ရဲ့လင်းချန်အား တစ်ချက်မျှသာ ကြည့်၍ အထင်သေးသလို ပြောလေသည်။

“ဪ လင်းချန် နင်ကိုး၊ ယွင်ရှီကို ဒီလိုအစားအသောက်မျိုးပဲ နင် ကျွေးနိုင်တာကို ငါ မအံ့ဩတော့ပါဘူး”

“အစ်မ ဝယ်ကျွေးတဲ့လူက ညီမပါ၊ သူက ဒီနေ့ ညီမအတွက် အကူအညီ ပေးထားလို့”

ကျန်းယွင်ရှီက ရှက်ရွံ့စွာ ပြောလိုက်သည်။

“ဘာ နင် လိုက်ကျွေးတာလား”

ခုန်ဝေ့ အကြီးအကျယ် မျက်နှာထား ပြောင်းလဲသွားသည်။ သူမသည် ရဲ့လင်းချန်အား ပို၍ အထင်သေးသော အကြည့်များဖြင့် ကြည့်လေသည်။

“ယွင်ရှီ ငါနဲ့လိုက်ခဲ့၊ ငါ နင်နဲ့ သီးသန့် ပြောစရာ ရှိတယ်”

ခုန်ဝေ့က မည်သူ့ကိုမှ ထပ်ရှင်းပြခွင့် မပေးဘဲ ကျန်းယွင်ရှီအား သန့်စင်ခန်းသို့ ဆွဲခေါ်သွားသည်။ ထို့နောက် သူမက အလေးအနက် ပြောလေသည်။

“ယွင်ရှီ ငါ အရင်က ဒါတွေအားလုံးကို ကြုံဖူးတယ်၊ နင့်သူငယ်ချင်းတွေကို ချင့်ချိန်ပြီး ရွေးဖို့လိုတယ်လို့ ငါ နင့်ကို ခဏခဏ ပြောဖူးပါတယ်၊ တစ်ချို့သူငယ်ချင်းတွေက နင့်ကို ဘာအကူအညီမှ မပေးနိုင်ဘူး၊ သူတို့က နင့်ကို ဆွဲတောင် ချဦးမှာ၊ အဲ့ဒါကို အကျိုးမရှိတဲ့ လူမှုဆက်ဆံရေးလို့ ခေါ်တယ်၊ ဒါကို ဆန့်ကျင်ဘက်လိင် တစ်ယောက်ယောက်ကို ရွေးချယ်တဲ့နေရာမှာ ဒါကို ပိုအာရုံထားသင့်တယ်”

“အစ်မ လင်းချန်က လူကောင်းတစ်ယောက်ပါ၊ သူ ဒီနေ့ ညီမကို ကူညီခဲ့တာလေ”

ကျန်းယွင်ရှီက တစ်ဖန်ပြန်၍ ပြောပြလိုက်သည်။

“လူကောင်း ဟုတ်လား၊ ဘယ်ယောက်ျားမှ လူကောင်းမဟုတ်ဘူး၊ နင်လည်း မငယ်တော့ဘူး၊ အခုကစပြီး တုံးအမနေနဲ့၊ ယောက်ျားတစ်ယောက်က နင့်ကို ပိုက်ဆံပေးတဲ့ အချိန်တစ်ခုတည်းမှာပဲ ကောင်းတာ၊ နားလည်လား”

ကျန်းယွင်ရှီက ယခုထက် ပိုကောင်းစွာ လုပ်နိုင်သည်ကို သိနေသဖြင့် ခုန်ဝေ့ စိတ်တိုလာသည်။

“သူ့မိသားစု နောက်ခံကို နင် ကောင်းကောင်း သတိထားသင့်တယ်၊ သူ့မိသားစုရဲ့ နှစ်စဉ်ဝင်ငွေက အခု ငါ့ကိုယ်ပေါ်က အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေ ဝယ်ဖို့တောင် လောက်မယ်မထင်ဘူး”

“ငါတို့ ငယ်ငယ်တုန်းက တစ်ရွာတည်းမှာ ကြီးမလာခဲ့ရင် သူ့လို ဆန်ကုန်မြေလေးက ငါ့ဖိနပ်တိုက်တဲ့ကောင် ဖြစ်ဖို့တောင် မထိုက်တန်ဘူး”

ခုန်ဝေ့က မတူမတန် နှိမ့်ချစွာ ပြောလေသည်။ ကျန်းယွင်ရှီ၏ မျက်နှာထားက သုန်မှုန်လာပြီး ဒေါသဖြင့် ပြန်ပြောလိုက်သည်။

“အစ်မ ညီမသူငယ်ချင်းကို အဲ့လိုပုံစံနဲ့ ပြောဆိုခွင့် မပေးနိုင်ဘူး”

“အေးပါ အေးပါ၊ ငါ သူ့အကြောင်း အချိန်အတိုင်းအတာ တစ်ခုအထိ မပြောတော့ဘူး”

ခုန်ဝေ့က ဆက်ပြောလေသည်။

“ငါ ပြောခဲ့ဖူးတဲ့ အချက်ကို စဉ်းစားပြီးပြီလား၊ နင် ခေါင်းညိတ်လိုက်တာနဲ့ ဇာတ်ပို့ အမျိုးသမီးအဖြစ် သရုပ်ဆောင် နိုင်ပြီ၊ နောက်ရုပ်ရှင်ဆို နင် ခေါင်းဆောင် မင်းသမီး လုပ်နိုင်မှာ၊ နင် ချက်ချင်း အောင်မြင်လာမှာနော်”

“အစ်မ ညီမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အရင်ဖြေဖို့ ဆုံးဖြတ်ထားပြီးပြီ”

ကျန်းယွင်ရှီက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မလျှော့တမ်း ပေပြောလိုက်သည်။

“နင် … နင် တော်တော် ခေါင်းမာတာပဲ၊ နင် တက္ကသိုလ်တက်တော့ ချမ်းသာမှာ မို့လို့လား၊ နင်သာ နာမည်ကျော် ဖြစ်လာရင် တရားဝန်ကြီးချုပ်တောင်မှ နင့်ကို မျက်နှာလုပ်ဖို့ ကြိုးစားရမှာ”

ခုန်ဝေ့က တစ်ခဏမျှ ငြိမ်သွားသည်။

“ဒါနဲ့ ဒီည တွေ့ဆုံပွဲ ရှိတယ်၊ ငါနဲ့အတူ တွေ့ဆုံပွဲကို လိုက်ခဲ့၊ အထွေထွေ မန်နေဂျာဝ၎င်း်က လူတစ်ယောက်ကို အမြဲ သဘောမကျတတ်ပင်မယ့် နင့်ကိုတော့ သူ သဘောကျနေတာ၊ ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့”

ဆယ်မိနစ် ကြာပြီးနောက် နှစ်ယောက်လုံး စားပွဲသို့ ပြန်လာကြသည်။

“တွေ့ဆုံပွဲ တက်ရမယ် ဟုတ်လား”

ရဲ့လင်းချန်က ကျန်းယွင်ရှီကို တအံ့တဩ ကြည့်လိုက်မိသည်။ ဤသို့သော မိတ်ဆုံပွဲ ပုံစံမျိုးကို သူ သဘောကျ သဖြင့် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပါ။ ကျန်းယွင်ရှီက ခေါင်းညိတ်၍ အသနားခံသလို ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါ တစ်ယောက်တည်း သွားနိုင်မယ် မထင်ဘူး၊ နင် ငါနဲ့အတူ လိုက်တက်ပေးဖို့ ရမလား”

“အာ … ဒါဆိုလည်း ပြီးရောလေ”

ရဲ့လင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟီးဟီး ဒီလိုဖြစ်လာမှတော့ ငါတို့အားလုံး အတူတူ သွားသင့်တာပေါ့”

ခုန်ဝေ့က ရဲ့လင်းချန်အား မကောင်းကြံသော အကြည့်မျိုးဖြင့် တစ်ချက် ကြည့်လိုက်သည်.

*သူ့လို ငမွဲကများ ဒီလို တွေ့ဆုံပွဲမျိုးကို တက်ရဲတဲ့ သတ္တိရှိတယ်ပေါ့လေ၊ နင့်ကိုယ်နင် ဘယ်လောက် အရှက်ခွဲမလဲ ငါ ကြည့်ချင်သေးတယ်*

နေ့လယ်ပိုင်း၌ ခုန်ဝေ့က ကျန်းယွင်ရှီအတွက် တွေ့ဆုံပွဲ တက်ရန် ဝတ်စုံတစ်ထည်နှင့် လက်ဝတ်ရတနာအချို့ ဝယ်ပေးလိုက်သည်။ သုံးယောက်လုံး ပျာပန်းခတ်နေပြီးနောက် ညနေ လေးနာရီရောက်မှသာ မြို့သစ် ပလာဇာမှ ထွက်လာပြီး ခုန်ဝေ့ကားပေါ်တက်ကာ ထွက်လာကြသည်။

ခုန်ဝေ့သည် အနီရောင် BMW Mini Cooper ကို မောင်းနှင်သည်။ ထိုကားက ကားအကြီး မဟုတ်သဖြင့် ရဲ့လင်းချန်သည် နောက်ခုံ၌ ကိုယ့်ကိုယ်ကိုယ် ကျုံ့၍ ထိုင်နေရသည်။

ခုန်ဝေ့သည် ရဲ့လင်းချန်ထက် လေးနှစ်သာ ကြီးသည်။ သို့သော် သူမသည် ခေါင်းမှခြေဆုံး နာမည်ကြီး ပစ္စည်းများ ဆင်ယင်ထားနိုင်၏။ သူမ၌ ကားတစ်စီးနှင့် အိမ်တစ်လုံး ရှိနေပြီး ဖောဖောသီသီ သုံးနိုင်သော ဘဝမျိုး၌ နေနိုင်သည်။ သူနှင့် သက်တူရွယ်တူများထဲတွင် သူမက ရှေ့ရောက်နေသူသာ ဖြစ်သည်။ ထို့ကြောင့် သူမက အစ်မကြီး ဟူသော ဂုဏ်ပုဒ်ကို အသုံးချ၍ ကျန်းယွင်ရှီ၏ ဘဝကို လမ်းပြလေသည်။

ကားထဲ၌ သူတို့ စကားလုံးဝ မပြောကြချေ။ နာရီဝက်မျှ ကားမောင်းပြီးနောက် ကားက တဖြည်းဖြည်း အရှိန်လျော့ လာသည်။ သူတို့၏ မြင်ကွင်းထဲသို့ ရွှေရောင် အဆောက်အဦးတစ်ခု ဝင်လာသည်။ နေရောင်ခြည်အောက်၌ ယင်းအဆောက်အအုံက တောက်ပလျက် ရှိသည်။

ဟိုင်လင်ခရိုင်သည် ရူကောင်းမြို့၏ အနောက်ဘက်နှင့် တိုက်ရိုက်ဆက်သွယ် တည်ရှိနေသော နေရာ ဖြစ်သည်။ ဤရွှေရောင် အဆောက်အဦးသည် ဟိုင်လင်မြို့၌ ရွှေသူဌေးကြီးဟု နာမည်ကြီးသည်။

ဤအဆောက်အဦး၏ နာမည်နဲ့ ပုံစံကို ကြည့်ခြင်းဖြင့် ထိုသူဌေး၏ အရှိန်အဝါကို လူတိုင်း ခံစားမိနိုင်သည်။ ရွှေသူဌေးကြီး၏ အနီးဝန်းကျင်၌ ကားများစွာက ရပ်ထားပြီးသည် ဖြစ်သည်။ ရဲ့လင်းချန် တစ်ချက်ကြည့်လိုက် သောအခါ ကားတိုင်းက Mercedes Benzes၊ BMWနှင့် အခြားနာမည်ကြီး ဇိမ်ခံကားများ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

“လျှောက်မသွားနဲ့ ပြီးတော့ စကားကို မဆင်မခြင် မပြောနဲ့၊ အထူးသဖြင့် အထဲကို ဝင်ပြီးသွားရင် နင်တို့ကို ငါ ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးမယ်၊ ဒီလိုပွဲကို အဖိတ်ခံရတဲ့ ဧည့်သည်တိုင်းက ချမ်းသာပြီး အင်အားကြီးတဲ့ လူတွေ၊ ဒါမှမဟုတ်ရင် အစိုးရဌာနတွေက ရာထူးကြီးတဲ့ လူတွေပဲ၊ ရင်းနှီးမြုပ်နှံသူတွေ၊ ရုပ်ရှင် ထုတ်လုပ်သူတွေနဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ရှိတယ်၊ မရှက်နဲ့၊ အဲ့လိုလူတွေနဲ့ ရင်းနှီးတာက နင့်အတွက် ကောင်းတယ်”

ခုန်ဝေ့က ကျန်းယွင်ရှီကို ပြောနေသည်။

ရွှေသူဌေးကြီး၏ အတွင်းဒီဇိုင်းက ပို၍ တန်ဖိုးကြီးလေသည်။ ကြီးမား၍ ဈေးကြီးသော မီးဆိုင်းများအား မြင့်မားသော မျက်နှာကျက်၌ ချိတ်ဆွဲထားသည်။ ကြီးမားသော တိုင်လုံးများက အခန်းကို ထောက်ပေးထားပြိး တန်ဖိုးကြီး ရှားပါးပန်းချီများအား နံရံ၌ ချိတ်ဆွဲထားလေသည်။ ထို့အပြင် ခန်းမ၏ အကျယ်အဝန်းက အနည်းဆုံး စတုရန်း မီတာ ထောင်ကျော်ပေ၏။

လက်ရှိတွင် ခန်းမတစ်ခုလုံး မီးများဖြင့် ထိတ်ထိတ်လင်းနေ၏။ ရွှေရောင် အနားကွပ်ထားသော နံရ၌များ၌ ရွှေရောင် အလင်းများ ရောင်ပြန်ဟပ်နေ၏။ ဤနေရာအား ချမ်းသာခြင်း၊ လှပကြီး၊ ကြီးကျယ်ခြင်း၊ ခမ်းနားထည်ဝါခြင်း စသော စကားလုံးများဖြင့် သုံးနှုန်း ဖော်ပြနိုင်ပေသည်။ နာမည်ကြီး အရက်များနှင့် အရသာရှိသော အချိုပွဲများကိုလည်း ခန်းမအလယ်၌ တည်ခင်းထားသည်။ အထူးလေ့ကျင့်ထားသော စားပွဲထိုးများနှင့် စားပွဲထိုးမလေးများက ဧည့်သည်များကို ကောင်တာ၌ ကြိုဆိုကာ သောက်စရာများ တည်ခင်းပေးကာ ပြုံး၍ နှုတ်ဆက်နေကြသည်။

ရဲ့လင်းချန် တစ်ချက်ကြည့်လိုက်သောအခါ လူအများက ခန်းမတွင်း၌ သုံးယောက်တစ်စု၊ ငါးယောက်တစ်ခု စုပြီးနေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးက အဖွဲ့ကိုယ်စီဖြင့် ရွှင်ရွှင်မြူးမြူး စကားပြောနေကြသည်။ အမျိုးသားများသည် ဝတ်စုံအကျအန ဝတ်ဆင်ထားပြီး လည်သာဖိနပ်များကို စီးထားသဖြင့် အောင်မြင်သော အလုပ်အကိုင်များ ရှိသည့် လူများဟု ထင်မှတ်ရသည်။ အမျိုးသမီးများသည် မနှိုင်းယှဉ်နိုင်လောက်သော ဆွဲဆောင်မှု ရှိသော ဟန်ပန်များကို ဝတ်ဆင်ထားပြီး သူတို့ ပြသနိုင်သလောက် ပြသထားကြသည်။

“ငါ့ကို ဒီနားမှာ စောင့်နေ၊ လျှောက်မသွားနဲ့၊ ငါ့မိတ်ဆွေတွေကို သွားနှုတ်ဆက်မလို့”

ခုန်ဝေ့က အနားမှ ဝန်ဆောင်မှုပေးနေသော စားပွဲထိုးထံမှ သောက်စရာတစ်ခွက်ကို ယူလိုက်သည်။ သူသည် ခါးကိုနွဲ့၍ လူအုပ်ထဲသို့ လျှောက်သွားလေသည်။

“လင်းချန်၊ ငါ ဒီလိုဝတ်ထားတာ ကြည့်ကောင်းတယ်လို့ နင် ထင်လားဟင်”

ကျန်းယွင်ရှီက သူမကိုယ်သူမ အထက်အောက် ဆက်တိုက် ပြန်စစ်ရင်း စိုးရိမ်တကြီး မေးလာသည်။ သူမသည် ဖြူစွတ်သော ပခုံးသား ပေါ်နေသည့် ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူမ၏ လှပသော ရင်ညွန့်ရိုးအား ထင်ရှားစွာ မြင်နေရ၏။ သူမဝတ်စုံက ဖြူလွန်းသဖြင့် ဖောက်ထွင်းမြင်ရသည်ဟုပင် ထင်မှတ်ရသည်။ သူမ၏ ဝတ်စုံက မီးရောင်အောက်၌ ရောင်ပြန်နေသဖြင့် တမန်တော်၏ တောင်ပံကဲ့သို့ ဖြူစွတ်နေသော်လည်း ဘာကိုမှ ထင်ထင်ရှားရှား မမြင်ရပေ။ သူမဂါဝန်၏ အောက်ပိုင်း၌ ခွဲကြောင်းလေး တစ်ခု ရှိသည်။ ထိုခွဲကြောင်းမှ သူမ၏ ရှည်လျားသွယ်လျ၍ ဝင်းပသော ခြေတံလေးအား မြင်နေရသည်။ ဂါဝန်၏ ထောင့်နား၌ စိန်လေးများ မြှုပ်နှံထားသည်။ ရောင်ပြန်နေသော ထိုစိန်ပွင့်များသည် လှပသော နှင်းစက်များနှင့် တူလှသည်။

ရင်ဘတ်မြင်လုနီးပါး ဝတ်စုံများစွာကို ငြင်းပယ်ပြီးနောက် ဤဝတ်စုံကိုသာ ဝတ်ဆင်မည်ဟု ကျန်းယွင်ရှီ သဘောတူ ခဲ့သည်။ သို့သော်ငြားလည်း သူမ ကသိကအောက် ဖြစ်ကာ နေရခက်သလို ခံစားနေရသေး၏။

“မင်း လှတယ်၊ မင်းက ဒီခန်းမတစ်ခုလုံးမှာ အလှဆုံး မိန်းကလေးပဲ”

ရဲ့လင်းချန်က စိတ်ရင်းအတိုင်း ချီးမွမ်းလိုက်သည်။ သူ့စကားက ချဲ့ကားပြောဆိုသော စကား မဟုတ်ပေ။ ကျန်းယွင်ရှီသည် သစ်ခွကဲ့သို့ ကြော့ရှင်းလှသည်။ သူမသည် ရိုးစင်း၊ ကြော့မော့ကာ ဖြူစင်လေသည်။ သူမ၏ အရည်အချင်းသာမက အသွင်အပြင်အား ဤနေရာမှ နာမည်ကြီး အမျိုးသမီးတိုင်း ယှဉ်နိုင်မည် မဟုတ်ပါ။

ဘေးပတ်လည်မှ အကြည့်များက ကျန်းယွင်ရှီထံ မကြာခဏ ကျရောက်လာ၏။ အမျိုးသမီးများသည် သူမအား ဝါးမျိုချင်စိတ် ပေါက်နေကြသည်။

ကျန်းယွင်ရှီ၏ တည်ရှိမှုကြောင့် ရဲ့လင်းချန်သည်လည်း အများအာရုံစိုက်စရာ ဖြစ်လာ၏။ သူသည် ခန်းမတစ်ခုလုံး၌ ဈေးပေါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် တစ်ဦးတည်းသောသူ ဖြစ်နေသည်။ ထို့အပြင် သူသည် အလှဆုံး မိန်းကလေးအား အဖော်ပြု၍ ရပ်နေသဖြင့် လူတိုင်း၏ အာရုံမှ ရှောင်ဖယ်ရ ခက်နေလေသည်။

ဤလူများ၏ စိုက်ကြည့်ခြင်း ခံနေရသော်လည်း ရဲ့လင်းချန်က ပုံမှန်အတိုင်း နေနေလေသည်။ သူသည် တည်ငြိမ်စွာ အချိုပွဲများကို စားနေလိုက်သည်။

“ယွင်ရှီ ဘေးလူတွေရဲ့ အကြည့်ကို အာရုံထားမနေနဲ့၊ သူတို့ကို စာခြောက်ရုပ်လို့ သဘောထားလိုက်၊ ဒီအချိုပွဲတွေက တော်တော်လေး အရသာ ရှိတယ်၊ မင်း စားကြည့်ဦးမလား”

“ဟီဟိ … ဒါပေါ့”

ကျန်းယွင်ရှင်သည် အနည်းငယ် တည်ငြိမ်လာသဖြင့် ပြုံးလာလေသည်။

ခုန်ဝေ့သည် သူမမိတ်ဆွေဝိုင်းသို့ လျှောက်သွားပြီး ခေတ်မီဝတ်စုံများ ဝတ်ဆင်ထားသည့် မိန်းမပျိုလေးများထံ ဝင်သွားလေသည်.

“ခုန်ဝေ့ အဲ့ဒါ နင့်ညီမလား၊ ထင်ထားတဲ့အတိုင်း သူ လှတာပဲ၊ သူက တော်တော်လေး ကြည့်ကောင်းတယ်၊ သူ့အတွက် ဈေးနိမ့်ပြီး တောင်းလာတာမျိုးကို လက်မခံနဲ့နော်”

“နင်က တော်တော် အားကိုးရတဲ့ အစ်မပဲ၊ နင့်ညီမအတွက် ချမ်းသာတဲ့ သကြားဖေဖေ ရှာဖို့ တော်တော် ကြိုးစားနေတာပဲ”

“နင့်ညီမဘေးနားမှာ ရပ်နေတာ သူ့ကောင်လေးလား၊ သူ့ကြည့်ရတာ ဈေးပေါလိုက်တာ”

ခုန်ဝေ့က အေးတိအေးစက် ပျက်ရယ်ပြု၍ ပြောလိုက်သည်။

“မဟုတ်တမ်းတရားတွေ သူ့ရည်းစား မဟုတ်ဘူး၊ သူတို့က ငယ်ငယ်တုန်းက တစ်ရွာတည်းမှာ ကြီးလာတာလေ၊ သူက ငါ့ညီမနား အမြဲ ကပ်နေတာ၊ ငန်းသားစားချင်နေတဲ့ ဖားလေ၊ သူနဲ့ မထိုက်တန်တာကို တောင့်တ နေတဲ့ကောင်”

“ဟာ မဖြစ်ဘူးလေ၊ ဒါဆို နင် သတိထားမှ ဖြစ်မယ်၊ သူ့လိုလူမျိုးနဲ့ နီးနီးကပ်ကပ် မနေဖို့ နင့်ညီမကို နင် သတိပေးရမယ်၊ မဟုတ်လို့ကတော့ နင့်ညီမရဲ့ ဘဝတစ်သက်တာ ပျော်ရွှင်စရာတွေ ပျက်စီးသွားလိမ့်မယ်”

“ဟုတ်တယ်၊ သူ့လိုမိန်းကလေးမျိုးက အချစ်ဆိုတာမျိုးကို ယုံနေတယ်၊ ဒီလို တွယ်တာမှုအတွက် သူ လှည့်စား ခံရလိမ့်မယ်၊ သူ ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ဘူး”

ခုန်ဝေ့က ခေါင်းညိတပ်ြလိုက်သ်ည။

“ငါ သူ့ကို တစ်ပါတည်း ခေါ်လာမှာ၊ ဒါမှ လောကရဲ့ အတွေ့အကြုံတွေ သူ အများကြီး ရလာမှာလေ၊ ငါ သူ့ကို အထွေထွေ မန်နေဂျာဝမ်နဲ့ မိတ်ဆက်ပေးမလို့”

“အထွေထွေ မန်နေဂျာဝမ်လား”

ထိုအမျိုးသမီးများ အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ချက်ချင်း လေးနက်သော အပြုံးမျိုး ပြုံးလိုက်ကြလေသည်။

ခုန်ဝေ့ကိုယ်တိုင်ကိုက အထွေထွေ မန်နေဂျာဝမ်၏ မယားငယ် ဖြစ်သည်။ သို့သော် အထွေထွေ မန်နေဂျာဝမ်က စွဲမက်ဖွယ် မိန်းမလှတစ်ယောက်၏ ဖြားယောင်းခြင်း ခံနေရသည်ဟု ယခုတလော သတင်းထွက်နေ၏။ ခုန်ဝေ့သည် သဘောကျ မခံရသော အခြေအနေမျိုးသို့ ရောက်နေသဖြင့် သူမညီမအား သူမဘက်ပါအောင် ဆွဲထည့်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset