ညသန်းခေါင်ယံအချိန်ကြီးတွင် ရုတ်တရက်ဆိုသလို အကြောင်းကြားစာတစ်ခုကို ရရှိလိုက်သောကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရ၏။ သူသည် တစ်စက္ကန့်မျှ အသက်ရှူရပ်သွားပြီးနောက် ထိုအသံလွှင့်လက်စွပ်ကို လှမ်းယူလိုက်ပြီး စိုးရိမ်စိတ်များနှင့် ပူပန်ကြောင့်ကြမှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အလောတကော လှမ်းမေးလိုက်တော့သည်။
” တျန်ဟောက်။ မင်း ဘယ်မှာလဲ ”
သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် အကြောင်းကြားစာများ မည်မျှပင် ပို့နေစေကာမူ လင်းတျန်ဟောက်မှာ ပြန်လည်ပျောက်ကွယ်သွားသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ မည်သည့် အကြောင်းပြန်စာမှ ပြန်မရလိုက်ပေ။ ကျောက်တုံးတစ်တုံးအား သမုဒ္ဒရာကြီးထဲသို့ ပစ်ချလိုက်သကဲ့သို့ပင်။ သူသည် အကြိမ်အနည်းငယ်ခန့် ထပ်၍ ကြိုးစားကြည့်လိုက်ပါသော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် မတ်တတ်ထလာတော့သည်။
လင်းတျန်ဟောက်မှာ သူ၏အစား ထိုအဖွဲ့ထဲသို့ ရောက်သွားခြင်းဖြစ်သည်။ လင်းတျန်ဟောက်၏ ပျောက်ဆုံးသွားသည့်ကိစ္စမှာ သူနှင့်လုံးဝမဆိုင်ကြောင်း ဝမ်ပေါင်လဲ့က သိထားပါသော်လည်း သူသည် အပြစ်ရှိသလို ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံအား ဆက်သွယ်နိုင်မည့်နံပါတ်အား ရှာဖွေလိုက်ပြီး သူမအား လှမ်း၍ ဆက်သွယ်လိုက်တော့သည်။
သူသည် မြူခိုးတာအိုကျောင်းအုပ်ဖြစ်လာခဲ့ပြီးနောက် ဒုပဏာမအဆင့်လေးအထိ ရောက်လာခဲ့သည်ဖြစ်ပြီး အင်္ဂါဂြိုဟ်စီမံအုပ်ချုပ်ရေးဌာနထဲရှိ အလယ်အလတ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်ဖြစ်ရာ အထက်ပိုင်းအဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ အားလုံးနီးပါးအား ဆက်သွယ်နိုင်မည့် နံပါတ်များကို သိရှိထားပြီးသားဖြစ်သည်။ ၎င်းတို့ထဲတွင် ဘုရင်ခံနှင့် လက်ထောက်ဘုရင်ခံတို့လည်း ပါသည်။
အကယ်၍ အခြားကိစ္စတစ်ခုခုကြောင့်သာ ဆိုပါက ဝမ်ပေါင်လဲ့မှာ သူ၏ အသံလွှင့်အကြောင်းကြားစာကို ဘုရင်ခံဆီသို့ တိုက်ရိုက်ပေးပို့လိုက်မည် မဟုတ်ပေ။ ယခုမှာ ညသန်းခေါင်ယံအချိန်သို့ ရောက်နေသည် မဟုတ်ပါလော။ ယခုလောက် ညဉ့်နက်နေသည့်အချိန်တွင် ဘုရင်ခံအား နှောင့်ယှက်ခြင်းမှာ မသင့်တော်ပေ။
သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထိုကိစ္စများကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ ဆက်သွယ်မှု ချိတ်ဆက်မိသွားသောအခါ ဝမ်ပေါင်လဲ့မှာ အခြားတစ်ဘက်မှ ပြောစကားကို စောင့်ဆိုင်းမနေပဲ သူ့ဘက်ကစ၍ အလောတကြီးနှင့် ပြောလိုက်တော့သည်။
” ဘုရင်ခံ။ ကျနော် ဝမ်ပေါင်လဲ့ပါ။ ကျနော့်ရဲ့ လက်ထောက်ကျောင်းအုပ် လင်းတျန်ဟောက်ဆီကနေ အခုပဲ အကြောင်းကြားစာတစ်ခု ရလိုက်လို့ ”
သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အသံလွှင့်လက်စွပ်ထဲမှ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံ၏ တည်ကြည်မှု အပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာသည်။
” အဖွဲ့ခြောက်က လင်းတျန်ဟောက်ကို ပြောတာလား ”
” ဟုတ်တယ်။ သူက အခုလေးတင်ပဲ အကူအညီလှမ်းတောင်းတဲ့ အကြောင်းကြားစာတစ်ခုကို ပို့ခဲ့တာ။ ဒါပေမဲ့ နောက်ထပ် အကြောင်းကြားစာတွေ ထပ်မရောက်…. ”
” နင့် အသံလွှင့်လက်စွပ်ကို ယူလာပြီးတော့ စစ်စခန်းဆီကို လာခဲ့ ”
အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံမှာ ပြတ်သားမှုအပြည့်ရှိသော လေသံဖြင့် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမသည် အကြောင်းကြားစာကို အဆုံးသတ်လိုက်၏။
ဘုရင်ခံမှာ ဤကိစ္စကြီးကို အလေးအနက်ထား၍ ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်ရ၏။ ထို့ကြောင့် သူသည် တစ်စက္ကန့်လေးပင် လေးဖင့်မနေဘဲ အိမ်အပြင်ဘက်သို့ ပြေးထွက်သွားလိုက်ပြီး သူ၏ သင်္ဘောပျံကြီးကို ထုတ်ယူလိုက်၏။ စူးရှသောအာရုံများကို ပိုင်ဆိုင်ထားသည့် မြည်းလေးမှာလည်း ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများကို သတိထားမိလိုက်သဖြင့် ဝမ်ပေါင်လဲ့နှင့်အတူ သင်္ဘောပျံကြီးပေါ်သို့ ခုန်တက်လာ၏။
ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး၏အကြောင်းကို တွေးနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် သင်္ဘောပျံကြီးအား စက်နှိုးလိုက်ပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။ ထို့နောက် ၎င်းမှာ အသံအကျယ်ကြီးမြည်ဟည်းကာ သက်တံ့တစ်စင်းကဲ့သို့ ညသန်းခေါင်းယံကောင်းကင်ထဲ၌ ထိုးခွင်းသွားပြီး နယ်မြေသုံးဆယ့်ခြောက်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
နေ့အချိန်တွင်သာဆိုပါက နယ်မြေဆယ့်နှစ်မှ နယ်မြေသုံးဆယ့်ခြောက်ဆီသို့ သွားရန် အချိန်အများကြီး ကုန်မည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးကို အမြန်ဆုံးသော အမြန်နှုန်းဖြင့် မောင်းနှင်နေသည်ဖြစ်ရာ ၎င်းမှာ ကြယ်ပျံလေးတစ်လုံးကဲ့သို့ ညသန်းခေါင်ယံ ကောင်းကင်ကြီးထဲ၌ ထိုးခွင်းသွား၏။ ဆယ့်ငါးမိနစ် ကုန်ဆုံးသွားပြီးနောက် သူသည် နယ်မြေ သုံးဆယ့်ခြောက်ထဲရှိ စစ်စခန်းသို့ ရောက်ရှိလာတော့သည်။
သူ ထိုသို့ရောက်ရှိသွားသောအခါ သူ့အား ကြိုတင်စောင့်ဆိုင်းနေသည့် လူတစ်ယောက်က စစ်ဌာနချုပ်ဆီသို့ တန်း၍ ခေါ်သွားလိုက်သည်။ ဝမ်ပေါင်လဲ့မှာ စစ်ဌာနချုပ်ထဲသို့ ဝင်သွားလိုက်သောအခါ ဧရာမ ဝိညာဉ်ဖန်သားပြင်ကြီးတစ်ခု၏ ရှေ့တွင် အနည်းဆုံး လူအယောက်တစ်ရာခန့် သဲကြီးမဲကြီး အလုပ်လုပ်နေကြသည်ကို မြင်ရသည်။
ထို ဝိညာဉ်ဖန်သားပြင်ကြီးပေါ်တွင် အင်္ဂါဂြိုဟ်၏ ပုံရိပ်တစ်ခုကို ပြသနေ၏။ ထိုအင်္ဂါဂြိုဟ်ပုံရိပ်ပေါ်တွင် အဆက်မပြတ် တဖိတ်ဖိတ် တောက်ပနေသည် နေရာပေါင်း ရာနှင့်ချီ၍ ရှိနေသည်။ ချန်းဖုံးအပါအဝင် အင်္ဂါဂြိုဟ်စစ်တပ်၏ ဩဇာအာဏာအရှိဆုံး လူငါးယောက်အပြင်၊ လက်ထောက်ဘုရင်ခံ၊ ဘုရင်ခံနှင့် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးဌာနမှ လီဝမ်အာတို့မှာလည်း ထိုအခန်းထဲ၌ရှိနေကြသည်။ ဝမ်ပေါင်လဲ့ ရောက်လာသောအခါ သူတို့အားလုံးမှာ နောက်သို့လှည့်လာကြပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ကြသည်။
အကယ်၍ အခြားတချိန်ချိန်တွင်သာဆိုလျှင် ဝမ်ပေါင်လဲ့မှာ သူ့အား လူအများက ဂရုစိုက်နေသည့်အချက်ကို အခွင့်ကောင်းယူကာ အနည်းငယ်ခန့် ကြွားဝါလိုက်မည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထိုသို့ ပြုမူကြွားဝါရန် စိတ်ထဲမရှိတော့ပေ။ ထို့ကြောင့် သူသည် ထိုအဖွဲ့ဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားလိုက်ပြီး ဘုရင်ခံ၏ ရှေ့တွင် ရပ်ကာ သူ၏ အသံလွှင့်လက်စွပ်ကို ချက်ခြင်းပင် ထုတ်ပေးလိုက်၏။
သူသည် စစ်ဦးစီးဌာနသို့ လာခဲ့သည့် လမ်းတစ်လျှောက်တွင် ဘုရင်ခံကြီးမှာ သူ၏ အသံလွှင့် လက်စွပ်ဆီသို့ ပေးပို့ခဲ့သည် အရေးပေါ် ခေါ်ဆိုမှုကို အသုံးပြု၍ လင်းတျန်ဟောက်အား ရှာဖွေနိုင်မည့် တမူထူးခြားသော နည်းလမ်းတစ်ခုခုကို ပိုင်ဆိုင်ထားရပေမည်ဟု ဝမ်ပေါင်လဲ့က ခန့်မှန်းခဲ့၏။
သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံမှာ စကားတစ်ခွန်းမှမ ပြောဘဲ သူ့ဆီမှ အသံလွှင့်လက်စွပ်ကို လှမ်းယူလိုက်သည်။ ထို့နောက် သူမ၏ မျက်ဝန်းများထဲတွင် အလင်းရောင်များ ဖျတ်ခနဲခလက်သွားပြီး အမြုတေထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းစွမ်းအားများ သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။ ဂြိုဟ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသော မန္တန်အစီအရင်ကြီးမှာလည်း စတင်၍ ဗြောင်းဆန်လာတော့သည်။ ထို့နောက် မျက်စိကြိမ်းစရာကောင်းလောက်အောင် တောက်ပနေသော အလင်းရောင် အစက်အပြောက်လေးများ ပေါ်ပေါက်လာကြပြီး ဘုရင်ခံ၏ ညာလက်လက်ဝါးပေါ်ရှိ အသံလွှင့်လက်စွပ်ပေါ်တွင် စုဝေးလာကြတော့သည်။
ထိုအခါ ထို အသံလွှင့်လက်စွပ်မှာ လေထဲသို့ မျောလွင့်သွား၏။ ထို့နောက် အလင်းရောင် အမျှင်အတန်းများမှာ ထို လက်စွပ်လေးအား ထိုးဖောက်သွားပြီးနောက် ၎င်းထဲမှ အချက်အလက်များကို ခွဲခြမ်းစိပ်ဖြာနေလိုက်တော့သည်။
ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ဆယ့်ငါးမိနစ်မျှသာ ကြာမြင့်သွား၏။ အဖွဲ့တစ်ဖွဲ့လုံး ရင်တထိတ်ထိတ် ဖြစ်နေရပြီး ဝမ်ပေါင်လဲ့မှာ စိုးရိမ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေစဉ်တွင် ဘုရင်ခံ၏ မျက်ဝန်းများထဲမှ အလင်းရောင်များမှာ ပို၍ပင်တောက်ပလာတော့သည်။ ထို့နောက် လေထဲ၌ မျောလွင့်နေသော အသံလွှင့်လက်စွပ်ထဲမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ဝိညာဉ်ဖန်သားပြင်ကြီးပေါ်သို့ ကျရောက်သွားတော့သည်။ ထိုအခါ အင်္ဂါဂြိုဟ်ပုံရိပ်ကြီးပေါ်ရှိ အလင်းရောင် အစက်အပြောက် တစ်ရာကျော်မှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။
၎င်းတို့အားလုံး ပျောက်ကွယ်သွားပြီးနောက် အင်္ဂါဂြိုဟ်မြို့တော်နှင့် ခပ်လှမ်းလှမ်း အကွာတွင်ရှိသော နေရာတစ်နေရာရှိ လူမနေသော နယ်မြေတစ်ခုတွင် အနီရောင် အလင်းရောင်အစက်အပြောက်လေးတစ်ခု ပေါ်လာသည်။ ၎င်းမှာ အင်္ဂါဂြိုဟ်မြေပုံပေါ်တွင် ကျန်ရှိနေသေးသည့် တစ်ခုတည်းသော အလင်းရောင် အစက်အပြောက်လေးပင် ဖြစ်သည်။
” အသံလွှင့်အကြောင်းကြားစာက ဒီနေရာကနေ လာတာ။ မြေပြင်ပေါ်ကနေမဟုတ်ဘဲ မြေကြီးအောက်ကနေ လာတာပဲ ”
ဘုရင်ခံက တည်ကြည်ပြတ်သားစွာ ဆိုလိုက်သည်။ ထိုအခါ ဝမ်ပေါင်လဲ့ အပါအဝင် လူတိုင်းမှာ ထိုအနီရောင်အလင်းရောင် အစက်အပြောက်လေးအား ဝိုင်းကြည့်လိုက်ကြ၏။ သူတို့ထဲမှအချို့မှာ ထိုနေရာကို မြင်လိုက်ရသောအခါ အထိတ်တလန့် ဖြစ်သွားရ၏။
” အဲဒီနယ်မြေက…. နတ်ဘုရားလက်နက်ကြီး ရှိနေတဲ့နေရာနဲ့ သိပ်မဝေးတဲ့ပုံပဲ ”
ထိုကဲ့သို့ အထိတ်တလန့်ဖြစ်နေကြသည့် လူအချို့မှာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိလိုက်ကြ၏။ ထိုတိုက်ဆိုင်မှုကြီးကြောင့် သူတို့မှာ စိုးရိမ်သွားရသည်။
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မှင်တက်သွား၏။ ထို့နောက် သူသည် ပြည်ထောင်စု ပျိုးပင်တစ်ရာရွေးချယ်ပွဲအား ရုတ်တရက်ဆိုသလို ပြင်၍မှတ်မိသွားသည်။ ထိုစဉ်တုန်းက ခုန်းတောက်မှာ အင်္ဂါဂြိုဟ်ပေါ်တွင် နတ်ဘုရားလက်နက်ကြီးတစ်ခု ရှိနေနိုင်သည့်နေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြင့် ပြည်ထောင်စုကြီးအား ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း လူအများက ပြောဆိုနေခဲ့ကြသည် မဟုတ်ပါလော။
” နတ်ဘုရားလက်နက်ဆိုပါလား… ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ခေါင်းမော့လာပြီး ဝိညာဉ်ဖန်သားပြင်ကြီးအား ငေးကြည့်နေလိုက်တော့သည်။
” ငါတို့တွေ မြန်မြန်လှုပ်ရှားမှဖြစ်မယ် ”
ဘုရင်ခံမှာ အနီရောင် အလင်းရောင်အစက်အပြောက်လေး ရှိနေသည့်နေရာကို စိုက်ကြည့်နေလိုက်ပြီးနောက် တည်ကြည်စွာ ဆိုလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် ချင့်ချိန်တွေးတောနေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ လက်ထောက်ဘုရင်ခံဖြစ်သော ဧရာမသစ်ပင်ကြီးမှာလည်း ထိုကဲ့သို့ပင် မျက်နှာအမူအရာ တည်ကြည်နေ၏။ သူသည် ဘုရင်ခံရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
” ဘုရင်ခံ။ ကျုပ် အင်္ဂါဂြိုဟ်ပေါ်ကို ရောက်လာကတည်းက ကျုပ် သက်သေပြခွင့် မရသေးဘူးနော်။ ကျုပ်ကို ဒီတာဝန်မှာ ဝင်ပါခွင့်ပေးပါ။ အခုလတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေရဲ့ အဓိကအကြောင်းအရင်းက ဘာလဲဆိုတာ သိချင်လို့ပါ ”
ဧရာမသစ်ပင်ကြီးက ထိုသို့ဆိုလိုက်သောအခါ လူတိုင်း ဘုရင်ခံအား ကြည့်လိုက်ကြ၏။ ဘုရင်ခံမှာလည်း သူမ ထမ်းဆောင်ရန်လိုအပ်သည့် တာဝန်များ ရှိနေဆဲပင်။ သူမ၏ တာဝန်မှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ကို ကာကွယ်ရန်ဖြစ်ရာ မတတ်နိုင်သည့် အဆုံးမှသာ မြို့ထဲမှ ထွက်ခွာသင့်ပေသည်။ ထို့ကြောင့် အသင့်တော်ဆုံးမှာ လက်ထောက်ဘုရင်ခံအား ဤကယ်ဆယ်ရေးတာဝန်ကို ဦးဆောင်ခိုင်းခြင်းပင်ဖြစ်သည်။ သူသည်လည်း သူမနည်းတူ အမြုတေထိပ်ဆုံးအဆင့်၌ ရှိနေသည်မဟုတ်ပါလော။
သူမသည် အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် သဘောတူသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်၏။ ဧရာမသစ်ပင်ကြီးမှာ ထိုအဖွဲ့ကို ဦးဆောင်ရမည်ဖြစ်သည်။ စစ်တပ်မှာလည်း ချန်းဖုံး အပါအဝင် အမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်ကို ထိုအဖွဲ့ထဲ၌ ထည့်သွင်းခဲ့၏။
ထိုအဖွဲ့ထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူ အမြောက်အမြားရှိနေ၏။ ထိုအဖွဲ့၏ စုစုပေါင်း အဖွဲ့ဝင်အရေအတွက်မှာ အယောက်ငါးဆယ်ကျော် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ဧရာမသစ်ပင်ကြီး သူ့အပေါ်၌ ထားရှိသော မလိုမုန်းတီးမှုများကို စိုးရိမ်နေဆဲပင်။ သို့သော် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ထိုအဖွဲ့ထဲသို့ ဝင်ခွင့်တောင်းလိုက်ဆဲပင်။ ဘုရင်ခံကမူ သူ၏ တောင်းဆိုမှုကို အနည်းငယ် တွေးတောလိုက်ပြီးနောက် လက်ခံလိုက်သည်။ ထို့နောက် သူမသည် ထို့အဖွဲ့ကြီး မထွက်ခွာခင်တွင် လက်ထောက်ဘုရင်ခံအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။
” တာအိုရောင်းရင်း။ ဒီတာဝန်ထမ်းဆောင်နေစဉ်အတွင်း ဘာ မတော်တဆမှုမှ မဖြစ်ဖို့ မျှော်လင့်ပါတယ်။ အဲလိုမှမဟုတ်ရင်တော့ ပြည်ထောင်စုကြီးက ဒီကိစ္စနဲ့ပတ်သတ်ပြီး လာရောက်စုံစမ်းတာကို ငါတို့တွေ တားနိုင်မှာမဟုတ်ဘူးနော် ။ ဒီတာဝန်ကို ထမ်းဆောင်ရမယ့် နေရာက…. နတ်ဘုရားလက်နက်ကြီး ရှိနေတယ်လို့ ထင်ကြေးပေးထားတဲ့ နေရာနဲ့ သိပ်မဝေးဘူးလေ ”
ထိုအခါ ဧရာမသစ်ပင်ကြီးမှာ သဘောတူသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူသည် စိတ်ထဲတွင်မူ ထိတ်လန့်သွားရ၏။ အခြားသူများမှာ ထိုစကားများ၏ လျှို့ဝှက်အဓိပ္ပါယ်ကို နားမလည်နိုင်ပါသော်လည်း သူသည် လက်ထောက်ဘုရင်ခံ ဖြစ်နေသည့်အပြင် ပြည်ထောင်စုဥက္ကဋ္ဌကြီးကိုပါ တိုက်ခိုက်ခဲ့ဖူးသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ဉာဏ်နီဉာဏ်နက်များသော လူတစ်ယောက်ဖြစ်ရာ ဘုရင်ခံ၏ စကားလုံးများထဲမှ သတိပေးချက်များကို နားလည်ထား၏။
” ငါက တခြားလူတွေနဲ့ ဘာ ရန်ငြိုးရန်စမှ မရှိပါဘူးဟ။ ဝမ်ပေါင်လဲ့ တစ်ယောက်နဲ့ပဲ အငြိုးအတေးတွေ ရှိနိုင်တာကို။ သူက ငါ့ကို မဟုတ်တာ ဘာမှမလုပ်ဖို့ ပြောနေတာလား ”
” သူက ငါ့ကို တကယ့်ကို လျှော့တွက်ထားတာပဲ ”
ဧရာမသစ်ပင်ကြီးမှာ ပြုံးသွားပြီး မျက်လုံးများ အရောင်လက်သွား၏။ ယခုလက်ရှိတွင် သူတို့ထမ်းဆောင်ရမည့် တာဝန်ကြီးကြောင့် လူများစွာမှာ သူတို့အပေါ် အာရုံစိုက်နေကြမည်ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့အား အန္တရာယ်ပြုဦးမည် မဟုတ်ပေ။ ထိုသို့သာ အန္တရာယ်ပြုလိုက်မည်ဆိုပါက သူ့အတွက် မိုက်မဲလွန်းရာ ကျနေမည်ဖြစ်သည်။
ထို့အပြင် သူသည် ထိုတာဝန်ကြီးကို အမှားအယွင်း မရှိထမ်းဆောင်နိုင်ရန် ရည်ရွယ်ထား၏။ သူသည် အင်္ဂါဂြိုဟ်ပေါ်တွင် နာမည်ကောင်းတစ်ခုကို တည်ဆောက်နိုင်ရန် မျှော်လင့်ထားသည်။ ထို့အပြင် သူသည် ဤအခွင့်အရေးကို အသုံးပြုကာ ပြည်ထောင်စုကြီး၏ ယုံကြည်မှုကို ရယူရန် စိတ်ကူးထားသည်။
အမှန်တွင် သူသည် ပြည်ထောင်စုကြီးနှင့် ပူးပေါင်းပြီးခဲ့သည့် အချိန်ကတည်းက ပြည်ထောင်စုကြီး၏ နိုင်ငံရေးအခြေအနေများမှာ ထင်ထားသလောက် မရိုးရှင်းကြောင်း နားလည်သွားရ၏။ ၎င်းတို့မှာ အလွန်အင်မတန်မှ ရှုပ်ထွေးနေသည်။
သူသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝိညာဉ်ဆန့်ကျင်ဗုံးဟူသော ပစ္စည်းတစ်ခု၏ အကြောင်းအား ကြားသိခဲ့ရသည်ကို ပြန်၍သတိရသွားသည်။ ထိုပစ္စည်းကြောင့် သူသည် အံ့ဩတုန်လှုပ်သွားခဲ့ရ၏။ တချိန်တည်းမှာပင် သူသည် ပြည်ထောင်စုကြီး၏ လျှို့ဝှက်ချက်များကိုလည်း ပို၍စိတ်ဝင်စားလာတော့သည်။
” စစ်တပ်က နှစ်စဉ်နှစ်တိုင်း အရည်အချင်းရှိတဲ့လူတွေကို စုစည်းပြီးတော့ တခြားဘယ်သူမှမသိတဲ့ လျှို့ဝှက်ဆန်းကြယ်နေရာတစ်ခုဆီကို ပို့နေတာ ”
” ရှေးဟောင်း ကြေးညိုရောင်ဓားကြီးကို သိမ်းပိုက်မယ့် အစီအစဉ်တွေလည်း ရှိသေးတယ် ”
” ပြီးတော့ ပြည်ထောင်စုကြီးထဲမှာ ယွမ်ယင်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ တစ်ယောက်မှမရှိတာ တကယ်ပဲလား။ အရင်တုန်းကတော့ ငါလည်း အဲဒီလိုထင်ခဲ့တာပဲ… အခုတော့ သိပ်မသေချာတော့ဘူး ”
ဧရာမသစ်ပင်ကြီး၏ မျက်လုံးများမှာ တောက်ပနေ၏။ ထို့နောက် သူသည် သူ၏အတွေးများကို မေ့ထားလိုက်တော့သည်။ လက်ရှိတွင် အရေးအကြီးဆုံးမှာ သူ့ကိုယ်သူ သက်သေပြရန်သာဖြစ်ကြောင်း သူက သိထား၏။
အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံနှင့် အခြားသူများမှာ သူတို့ သင်္ဘောပျံကြီးတစ်စင်းပေါ်သို့ တက်သွားပြီး အင်္ဂါဂြိုဟ်ကောင်းကင်ယံထဲသို့ ပျံတက်သွားသည့်အချိန်အထိ လိုက်လံနှုတ်ဆက်လိုက်ကြ၏။ ထိုသင်္ဘောပျံကြီးထဲတွင် ဝမ်ပေါင်လဲ့အပြင် ဧရာမသစ်ပင်ကြီး၊ အမြုတေအဆင့်နှင့် အခြေတည်အဆင့် ကျင့်ကြံသူများ ရှိနေကြသည်။
မြည်းလေးမှာလည်း ဝမ်ပေါင်လဲ့၏ ဘေးတွင် ရှိနေ၏။ ၎င်းမှာ အခြေအနေ တင်းမာမှုများနှင့် ဧရာမသစ်ပင်ကြီးနှင့် အခြားအမြုတေအဆင့်ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ် အငွေ့အသက်များကို အာရုံခံမိနေသည့်ပုံ ပေါ်နေ၏။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဘေး၌ ခြေကားရား လက်ကားရားဖြင့် ရိုကျိုးစွာ လဲလျောင်းနေပြီး မည်သူ့ကိုမှ ဒုက္ခပေးနေခြင်းမရှိပေ။
ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်လာလျှင် ပေါ့ဆခြင်းမရှိပေ။ သူသည် စစ်တပ်ထဲမှ မထွက်ခွာခင်ကတည်းက သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူခဲ့ပြီး သူသွားမည့် နေရာ၏အကြောင်းကို ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးဆီသို့ လှမ်း၍ အကြောင်းကြားခဲ့၏။ သူသည် ဧရာမသစ်ပင်ကြီး၏ မျက်စိရှေ့တွင် ထိုသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
သူသည် ထိုသို့အကြောင်းကြားပြီးသွားသော အခါမှသာ စိတ်အေးသွားရ၏။ ထို့နောက် သူသည် အင်္ဂါဂြိုဟ်ကြီးပေါ်ရှိ နှင်းများဖုံးလွှမ်းနေသော မြေပြင်ကြီးအား လှမ်း၍ကြည့်ရင်း စိတ်ထဲ၌ ရေရွတ်လိုက်တော့သည်။
” လင်းတျန်ဟောက်ရေ။ တောင့်ထားဦး “
😂😂😂