Switch Mode

အခန်း ( ၃၃၃ )

ကယ်ကြပါဦး

” သား သား ”
မြည်းနက်လေးမှာ ၎င်းနှင့် မျိုးစိတ်တူသော အခြားသတ္တဝါတစ်ကောင်အား ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည့်အတွက် ပျော်ရွှင်မြူးထူးသွားသည့်ပုံပင်။ ၎င်း ရှေ့သို့ပြေးထွက်လာစဉ် ခုန်းတောက်၏ မြည်းဖြူလေးမှာ မောက်မာဝင့်ကြွားစွာ ခေါင်းမော့လိုက်ပြီး ရုတ်ခြည်းဆိုသလို ခြေထောက်ဖြင့် ကန်ကျောက်လိုက်၏။

ထိုကန်ချက်မှာ အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် မြည်းနက်လေးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ အကန်ခံလိုက်ရ၏။ ထို့ကြောင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ၎င်းမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။

ထို့နောက် မြည်းနက်လေးမှာ မြေကြီးပေါ်သို့ ပြုတ်ကျလာသဖြင့် အသံအကျယ်ကြီး မြည်သွား၏။ ၎င်းမှာ ဒဏ်ရာ မရလိုက်ပါသော်လည်း မှင်တက်နေသည့်ပုံ ပေါက်နေ၏။ ၎င်းမှာ မြည်းဖြူလေးက သူ့အား ကန်ကျောက်လိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

” ဖီးနစ်ဖြူ ”
ခုန်းတောက်မှာ သူ၏ မြည်းလေးကို အော်ငေါက်လိုက်၏။ ထိုအခါ မြည်းဖြူလေးမှာ ချက်ချင်းပင် ရပ်တန့်သွားပြီး မှင်တက်နေသည့် မြည်းနက်လေးအား အထင်သေးသည့် အမူအရာဖြင့်ကြည့်ကာ ခုန်းတောက်၏ ဘေးနားသို့ ပြန်သွားလိုက်ပြီး သူ၏ ခြေထောက်အား ခေါင်းဖြင့် ရိုသေကျိုးနွံစွာ ပွတ်သပ်နေလိုက်တော့သည်။ ခုန်းတောက်မှာမူ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ချန်းဖုံးအား အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် မောက်မာဝင့်ကြွားစွာ ခေါင်းမော့နေသည့် မြည်းဖြူလေးနှင့်အတူ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အမျက်ချောင်းချောင်း ထွက်သွားပြီး သူ၏မြည်းလေးအား စိုက်ကြည့်နေမိတော့သည်။ ၎င်းမှာ မှင်တက်နေဆဲဖြစ်ပြီး ၎င်း၏ မျက်နှာအမူအရာမှာလည်း အပြစ်ကင်းစင်နေသည့်ပုံ ပေါက်နေဆဲပင်။ သို့သော် သူသည် စကားတစ်ခွန်းမှ ပြော၍မဖြစ်ပေ။ သူသည် စစ်စခန်းတစ်ထဲသို့ ရောက်နေသည်မဟုတ်ပါလော။ ထို့အပြင် သူ၏မြည်းလေးမှာ ရိုက်နှက်ကန်ကျောက်ခံလိုသည့် ပုံစံဖြင့် အခြားတစ်ယောက်ဆီသို့ ပြေးသွားခဲ့သည်လည်း ဖြစ်သည်။

ထို့ကြောင့် သူသည် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ပြီး ချန်းဖုံးအား ပေါင်လဲ့အမြောက်နှင့် ပတ်သက်သည့် အကြောင်းများကို ဆက်၍ပြောပြနေလိုက်တော့သည်။ သိပ်မကြာခင် သူတို့မှာ အမြောက်များ တပ်ဆင်ရမည့် စခန်းနေရာသို့ ရောက်ရှိလာတော့သည်။ သူသည် ထိုနေရာသို့ ရောက်ရှိသွားသောအခါ သန့်စင်ခန်းသို့ သွားခွင့်တောင်းလိုက်ပြီး မြည်းလေးအားဆွဲ၍ အထဲသို့ ခေါ်သွားလိုက်တော့သည်….

ဝမ်ပေါင်လဲ့မှာ အထဲသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဒေါသထွက်နေသည့် အကြည့်များဖြင့် မြည်းလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ၎င်း၏ နားရွက်နှစ်ဖက်စလုံးမှာ အောက်သို့ငိုက်စိုက်ကျနေ၏။ ထိုမြည်းလေးမှာ လုံးဝ သုံးစား၍ မရနိုင်လောက်အောင် ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်တိုနေရ၏။

” မင်းရဲ့ အံ့ဖွယ်စွမ်းရည်တွေက တကယ်လိုတဲ့အချိန်ကျတော့ ဘယ်ကိုရောက်သွားတာလဲကွ။ မင်းကိုယ်မင်း မရှက်ဘူးလား။ မင်းက မြည်းမတစ်ကောင်ရဲ့ အကန်ခံလိုက်ရတာလေ။ အိမ်မှာတုန်းကကျ မင်းက ထိန်းမနိုင်သိမ်းမရ သောင်းကျန်းခဲ့ပြီးတော့ ငါ့ကိုပါ ကိုက်ရဲလောက်တဲ့အထိ သတ္တိတွေကောင်းခဲ့တာလေ။ အခုကျတော့ရော။ အဲဒီသတ္တိတွေ ဘယ်ရောက်သွားလဲ ”

မြည်းလေးမှာ ဝမ်ပေါင်လဲ့၏ စကားများကို နားလည်သွားသည့်ပုံပင်။ ၎င်းမှာ အသားများ တဆတ်ဆတ်တုန်ရီလာပြီး မျက်လုံးများ နီမြန်းလာ၏။

” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ဆွဲဆောင်မှုရှိပြီး ပါရမီပါတဲ့အပြင် ရက်စက်ကြမ်းကြုတ်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်ကွ။ ငါနဲ့ သက်တူရွယ်တူတွေထဲမှာ ငါ့ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှမရှိဘူး။ ငါ့ကို ဘယ်သူကမှလည်း အနိုင်မကျင့်နိုင်ဘူး။ ငါကပဲ သူများတွေကို အနိုင်ကျင့်ခဲ့တာ။ မင်းကျမှပဲ မြည်းမလေးတစ်ကောင်ကိုတောင် မယှဉ်နိုင်တဲ့အပြင် ကန်ပါ ကန်ခံလိုက်ရသေးတယ်။ မင်းက အထီးရော ဟုတ်ရဲ့လားကွ။ သိက္ခာကျလိုက်တာကွာ ”
ဝမ်ပေါင်လဲ့မှာ ညည်းညူကာ သက်ပြင်းများချနေမိတော့သည်။ ခုန်းတောက်၏ မြည်းဖြူလေး အစွမ်းထက်နေသည့်အချက်ကို သူက လက်ခံနိုင်ပါသော်လည်း သူ၏ မြည်းလေးမှာ အကန်ခံလိုသည့် ပုံစံဖြင့် ၎င်း၏ အနားသို့ ရောက်သွားခဲ့သည်မဟုတ်ပါလော။ အကယ်၍ သူသည် စစ်တပ်စခန်းထဲတွင် ရှိနေခြင်းသာ မဟုတ်ပါက ပြန်လည်တုံ့ပြန်မိမည်သာ ဖြစ်သည်။

မြည်းလေးမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရပြီး သူ၏ မျက်ဝန်းများထဲရှိ အထင်သေးသောအကြည့်ကို မြင်လိုက်ရသောအခါ အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာရပြီး မျက်လုံးများ နီမြန်းလာရတော့သည်။ ထို့နောက် ၎င်း၏ ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ အပြစ်ကင်းစင်သော မျက်ဝန်းများမှာ ဒေါသမီးများ တောက်လောင်နေသည့် မျက်ဝန်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထို့နောက် ၎င်းမှာ ၎င်း၏ ဦးခေါင်းအား အခြားတစ်ဖက်သို့ ရုတ်ခြည်းဆိုသလို လှည့်လိုက်၏။ ၎င်းမှာ နံရံများကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေပြီး မြည်းဖြူလေး မည်သည့်နေရာတွင် ရှိနေကြောင်း အာရုံခံနိုင်စွမ်း ရှိသွားသည့်ပုံပင်။ ၎င်းမှာ အံတကြိတ်ကြိတ်နှင့် ထိုအရပ်မျက်နှာဘက်သို့ အချိန်အကြာကြီး စိုက်ကြည့်နေ၏။

၎င်း၏ နှလုံးသားထဲ၌ခံစားနေရသော မုန်းတီးမှုများမှာ ပို၍ ပြင်းထန်လာပြီး စွဲလမ်းမှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

” ကျိန်ဆဲနေတော့ရော ဘာထူးမှာလဲ။ မင်း အစွမ်းထက်လာတဲ့ အချိန်ကျ သူ့ကို ပြန်ပြီးတော့ အနိုင်ယူတော့။ သူ့ကို တစ်ကိုယ်လုံး ဆွဲရမ်းပစ်ပြီး အနိုင်ယူပစ်။ မင်းရဲ့အစွမ်းတွေကို ထုတ်ပြလိုက် ”
ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ဆိုလိုက်၏။ သူသည် ကျေနပ်အောင် ဆူပူကြိမ်းမောင်းပြီးသွားပြီဖြစ်သည်။ သို့သော် သူသည် အပြင်သို့ ပြန်ထွက်မလာခင် နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။

” ရှက်စရာကောင်းလိုက်တာကွာ ”
ဝမ်ပေါင်လဲ့မှာ သန့်စင်ခန်းထဲမှ ထွက်သွားချိန်တွင် မြည်းလေး၏ မျက်လုံးများ ရဲရဲနီအောင် တောက်လောင်နေသည်ကို သတိမထားမိလိုက်ပေ။ ၎င်းမှာ မြည်းဖြူလေး ရှိနေသည့် အရပ်မျက်နှာဘက်သို့ စိုက်ကြည့်နေ၏။ ၎င်း၏ မျက်ဝန်းများထဲရှိ အမျက်ဒေါသများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ကိန်းအောင်းနေပြီး ၎င်းမှာ လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံ ပေါက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲမှ မကျေနပ်ချက်များကို မျိုသိပ်ကာ သန့်စင်ခန်းထဲမှ ပြန်ထွက်လာပြီး အမြောက်တပ်ဆင်မှုလုပ်ငန်းအား ကြီးမှူးပေးလိုက်၏။ သူ၏ ညွှန်ကြားမှုအောက်တွင် ပေါင်လဲ့အမြောက်တစ်လက်ကို အလျင်အမြန်ပင် တပ်ဆင်လိုက်ပြီးနောက် သူတို့မှာ ထိုအမြောက်ကြီးအား စမ်းသပ်ကာ အချက်အလက်အချို့ကို စုဆောင်းလိုက်ကြ၏။ ဗိုလ်ချုပ်ကြီးချန်းမှာလည်း ချီကျုးစကားများ တဖွဖွပြောဆိုကာ သူ့အား သဘောကျနှစ်သက်နေရတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ခိုကပ်မနေဘဲ အင်္ဂါဂြိုဟ်စစ်တပ်မှ အကြံပေးအရာရှိများကို သူကိုယ်တိုင် လမ်းညွှန်ပေးနေ၏။

ထိုတပ်ဆင်မှု လုပ်ငန်းများထဲတွင် နေ့တစ်ဝက်ကျော် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ထိုတပ်ဆင်မှုအကြောင်းနှင့် လျှို့ဝှက် ကမ္ဗည်းစာလုံးများအကြောင်းနှင့် ပတ်သတ်၍ သူသိထားသမျှ အချက်အလက်အားလုံးကို အကြံပေးပုဂ္ဂိုလ်များအား ပြောပြပြီးသွားပြီဖြစ်သည်။ သူနှင့် ချန်းဖုံးတို့ နှစ်ယောက်စလုံးမှာ ထို လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြီးမှူးပေးခဲ့၏။ ပြဿနာတစ်ခုတလေပင် မရှိတော့ကြောင်း သေချာသွားသည့်အခါမှ ဝမ်ပေါင်လဲ့မှာ ထွက်ခွာရန် ပြင်လိုက်တော့သည်။

” ဗိုလ်ချုပ်ချန်း။ တခြား ဘာမှလုပ်စရာမရှိတော့ရင် ကျနော်…. ”
ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်လာပြီး ချန်းဖုံးအား လှမ်းပြောလိုက်၏။ သို့သော် သူ စကားမဆုံးခင်မှာပင် ချန်းဖုံး၏ အသံလွှင့်လက်စွပ်မှာ ရုတ်တရက်ဆိုသလို တုန်ရီလာတော့သည်။

ချန်းဖုံးမှာ ထိုကြောင်းကြားစာအား ဖတ်ရှုလိုက်ပြီးနောက် မျက်နှာအမူအရာ ချက်ချင်းပင် ပြောင်းလဲသွားသည်။

” ပေါင်လဲ့။ မင်း အရင် သွားရင်သွားလို့ရပြီ။ ငါ့မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့။ အဲဒီတော့ ငါ မင်းကို လိုက်မပို့တော့ဘူးနော် ”
ချန်းဖုံးမှာ ထိုသို့နှုတ်ဆက်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ သူ၏မျက်နှာအမူအရာမှာ တည်ကြည်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရေးကြီးကိစ္စတစ်ခုခု ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။ သူသည် လင်းတျန်ဟောက်၏ အကြောင်းကို မေးချင်ပါသော်လည်း လက်ရှိအခြေအနေမှာ သင့်တော်သည့် အနေအထားတွင် ရှိမနေခဲ့ပေ။ ထို့ကြောင့် သူသည် ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှာလည်း ရုတ်တရက်ဆိုသလို တုန်ရီသွား၏။

” ဝမ်ပေါင်လဲ့။ ငါ အခုလေးတင်ပဲ သတင်းတွေရတယ်။ လင်းတျန်ဟောက်တို့ရဲ့ အဖွဲ့ တစ်ခုခုဖြစ်လို့တဲ့။ ဘာဖြစ်သွားတာလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူး။ ငါ အသေးစိတ်တွေ ထပ်သိရရင် နင့်ကို ပြန်ပြောပေးမယ် ”
ထိုအကြောင်းကြားစာအား ပေးပို့သူမှာ လီဝမ်အာဖြစ်၏။

ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ အကြောင်းကြားစာကို ကြားလိုက်ရသောအခါ မှင်တက်သွားသည်။ ထို့နောက် သူသည် စောစောတုန်းက ချန်းဖုန်း၏ မျက်နှာအမူအရာ တည်ကြည်သွားခဲ့သည်ကို ပြန်၍ အမှတ်ရသွား၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် ခေါင်းမော့လာပြီး အဝေးသို့ အလောတကောနှင့် ထွက်သွားနေသော ချန်းဖုန်းအား ငေးကြည့်နေမိလိုက်တော့သည်။ ထို့နောက် သူသည် အရဲစွန့်ရန် ဆုံးဖြတ်လိုက်ပြီး ရုတ်တရက်ဆိုသလို လှမ်းအော်လိုက်၏။

” ဗိုလ်ချုပ်ကြီးချန်း။ ကျနော့်ကျောင်းက လက်ထောက်အဆောင်မှူး လင်းတျန်ဟောက်က ကျနော့်အစား စစ်တပ်ရဲ့ အဖွဲ့တစ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ဖို့ ပါသွားတာ။ ဗိုလ်ချုပ်ကြီး သူ့အကြောင်း ဘာများသိထားလဲဗျ ”

အဝေးသို့ အလောတကြီး ထွက်ခွာသွားနေသော ချန်းဖုံးမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ကြက်သေသေသွား၏။ ထို့နောက် သူသည် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏အနားသို့ အလျင်အမြန် ရောက်ရှိလာပြီး အလောတကြီး ဆိုလိုက်၏။

” ကျနော် လင်းတျန်ဟောက်ရဲ့ အဖေနဲ့ စကားပြောပြီးသွားပြီ။ သူ့ရဲ့ သားက ကျနော့်အစား တာဝန်ထမ်းဆောင်ခဲ့ရတာကို သူက သိထားပြီးသား။ ဗိုလ်ချုပ်ကြီးချန်း။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော် လွှတ်တော်အမတ် လင်းယုံပေါ်မှာ တာဝန်ရှိတယ် ”

ဝမ်ပေါင်လဲ့၏ စကားများမှာ ချိန်သားကိုက်လွန်းနေ၏။ အကယ်၍ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်သာ ဆိုပါက ချန်းဖုန်းမှာ ဝမ်ပေါင်လဲ့အား မည်သည့်အချက်အလက်ကိုမှ ပြောပြမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုထဲရှိ စစ်တပ်နှင့် ရင်းနှီးခိုင်မာသည့် အလုပ်သဘော ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် အင်္ဂါဂြိုဟ်စစ်တပ်မှာ ၎င်းတို့ဆီမှ ခွဲထွက်ထားပြီး အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သို့သော် ယခုတွင်မူ ဤကိစ္စထဲတွင် လွှတ်တော်အမတ်လင်းယုံလည်း ပါလာပြီဖြစ်သောကြောင့် သူသည်လည်း ချင့်ချိန်သုံးသပ်၍ ဆုံးဖြတ်ချက်ချရတော့မည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် ဆိုလိုက်၏။
” ငါလည်း အသေးစိတ်တွေကို မသိရသေးဘူး။ ငါ့နောက်က လိုက်ခဲ့ ”

ချန်းဖုံး ထိုသို့ဆိုလိုက်သောအခါ သူ၏ ဘေးမှစစ်သားများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ရှာဖွေစစ်ဆေးလိုက်ကြ၏။ ထို့နောက် သူ့အား ချန်းဖုံး၏ သင်္ဘောပျံကြီးပေါ်သို့ ခေါ်သွားလိုက်သည်။ ၎င်းမှာ လေပေါ်သို့ပျံတက်သွားပြီး နယ်မြေသုံးဆယ့်ခြောက်ထဲရှိ စစ်ဌာနချုပ်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

လမ်းတစ်လျှောက်လုံးတွင် ချန်းဖုံးမှာ ဝမ်ပေါင်လဲ့အား စကားတစ်ခွန်းမှမပြောခဲ့ပေ။ သူသည် ခရီးစဉ်တစ်ခုလုံး၌ သူ့ဆီသို့ အဆက်မပြတ် ဝင်ရောက်လာသည့် အကြောင်းကြားစာပေါင်း မြောက်မြားစွာနှင့် အလုပ်ရှုပ်နေခဲ့ရသည်။ ဝမ်ပေါင်လဲ့မှာလည်း မည်သို့မည်ဖုံ စကားစပြောရမှန်း မသိလောက်အောင် ဖြစ်နေပြီး ရင်ထဲ၌ စိုးရိမ်မိနေ၏။ ထိုသို့ဖြင့် ခဏအကြာတွင် သူတို့မှာ စစ်ဌာနချုပ်ဆီသို့ ရောက်ရှိလာ၏။ ထို့နောက် သူတို့နှစ်ယောက်မှာ သင်္ဘောပျံကြီးထဲမှ ထွက်လာကြပြီး ဧရာမဝိညာဉ်ဖန်သားပြင်ကြီးတစ်ခု ရှိနေသော အခန်းကြီးတစ်ခန်းထဲသို့ ဝင်သွားလိုက်ကြ၏။ ထိုအခန်းထဲတွင် အလုပ်ကိုယ်စီဖြင့် ပျားပန်းခတ်နေကြသည့် လူများဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်တွင် လူတစ်ယောက်က ချန်းဖုံး၏ အနားသို့ အလောတကောနှင့် ရောက်ရှိလာပြီး အစီရင်ခံလိုက်၏။

” ဆရာ။ အဖွဲ့ခြောက်ရယ် အဖွဲ့ခုနစ်ရယ်နဲ့ အဆက်အသွယ်အားလုံး ပြတ်တောက်သွားတာ သေချာသွားပြီ။ မန္တန်အစီအရင် ကျင့်ကြံသူတွေ၊ ဓမ္မလက်နက်ကျင့်ကြံသူတွေ၊ ကျနော်တို့ စစ်တပ်က လူတွေနဲ့ ဘုန်းတော်ကြီးတွေ အပါအဝင် အဲဒီ အဖွဲ့တွေထဲက လူတွေအားလုံးလည်း ပျောက်ကွယ်သွားကြပြီ ”

” ကျနော်တို့ရဲ့ မန္တန်အစီအရင်ကြီးကလည်း သွေးရောင်ရွာကြီးကို အာရုံမခံမိတော့ဘူး။ ဘယ်ပျောက်မှန်းမသိ ပျောက်သွားပြီ ”

” သွေးရောင်မြူခိုးတွေလည်း လွင့်ပါးပျောက်ကွယ်သွားပြီ။ အင်္ဂါဂြိုဟ်တစ်ခုလုံးပေါ်က ဘယ်‌နယ်မြေထဲမှာမဆို အဲဒီမြူခိုးတွေကို အစအနတောင် ရှာလို့မတွေ့တော့ဘူး ”
အစီရင်ခံစားများမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာကြ၏။ ချန်းဖုံးမှာ ၎င်းတို့ကို ချက်ချင်းပင် အကြောင်းပြန်လိုက်၏။ ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပိုမိုတည်ကြည်သွားပြီး သူ၏နှလုံးသားထဲ၌ ခံစားနေရသည့် နိမိတ်ဆိုးကြီးများမှာလည်း ပို၍ပင် ကြီးထွားလာတော့သည်။

ထိုအချိန်တွင် လီဝမ်အာ၏ အကြောင်းကြားစာ ရောက်ရှိလာ၏။ ထို သွေးရောင်မြူခိုးဖြစ်ရပ်ကြီးကို တာဝန်ယူဖြေရှင်းရန်အတွက် စစ်တပ်ဘက်မှ အဖွဲ့ခုနစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း သူမက ဝမ်ပေါင်လဲ့အား ပြောပြလိုက်သည်။ ယခုလက်ရှိတွင် ငါးဖွဲ့တိတိ ပြန်ရောက်လာပြီဖြစ်သည်။ အဖွဲ့ခြောက်နှင့် အဖွဲ့ခုနစ်တို့မှာ စခန်းနှင့် ပို၍ဝေးသော နေရာများဆီသို့ သွားရမည်ဖြစ်သောကြောင့် သူတို့ ပြန်ရောက်လာမည့် အချိန်ကို အခြားအဖွဲ့များထက် ပို၍နောက်ကျနေလိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြခြင်း ဖြစ်သည်။

အရာအားလုံးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်ခဲ့၏။ အဖွဲ့ခုနစ်ဖွဲ့စလုံးမှာ ကိုလိုနီနယ်မြေကြီးအတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ကြေးရှိသော သတင်းအချက်အလက်များနှင့် ရင်းမြစ်ပစ္စည်းများကို ထုတ်ယူနိုင်ခဲ့၏။ သို့သော် လွန်ခဲ့သော တစ်နာရီခန့်တွင် သူတို့မှာ အဖွဲ့ခြောက်နှင့် အဖွဲ့ခုနစ်တို့ဖြင့် ရုတ်တရက်ဆိုသလို အဆက်အသွယ်များ ပြတ်တောက်သွားခဲ့၏။ ထို့နောက် စစ်တပ်မှာ မန္တန်အစီအရင်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သောအခါ ထိုအဖွဲ့များမှာ ပျောက်ချင်းမလှ ပျောက်သွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေကြီးမှာ ဤကိစ္စအပေါ် အာရုံအပြည့်စိုက်ထား၏။ သိပ်မကြာခင် ဘုရင်ခံ၊ လက်ထောက်ဘုရင်ခံနှင့် ဌာနအသီးသီးတို့မှ ခေါင်းဆောင်များမှာ စစ်ဌာနချုပ်ဆီသို့ ရောက်ရှိလာကြ၏။ သူတို့ထဲတွင် လီဝမ်အာလည်း အပါအဝင်ဖြစ်သည်။

သူတို့ထဲမှအများစုမှာ ဝမ်ပေါင်လဲ့အား သတိထားမိလိုက်ကြသဖြင့် သူ့အား ခေါင်းညိတ်ပြလိုက်၏။ သို့သော် သူတို့မှာ သာကြောင်းမာကြောင်းပြောနေရန် အချိန်မရှိပေ။ လူတိုင်း ဤဖြစ်ရပ်ကြီး၏ နောက်ဆုံးပြောင်းလဲမှုကြောင့် စိုးရိမ်နေကြ၏။ အင်္ဂါဂြိုဟ်စစ်တပ်မှာ ဤကိစ္စကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံး စေလွှတ်ထားပြီးသားဖြစ်သည်။ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံကြီးမှာလည်း သူမ၏ လုပ်ပိုင်ခွင့်များကို အသုံးပြုကာ မန္တန်အစီအရင်အား ထိန်းချုပ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ပြန်သည်။

ထိုသို့ဖြင့် နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီး မြတ်နေ့ခင်းအချိန်သို့ ရောက်ရှိလာ၏။ သူတို့မှာ မည်မျှပင် ပင်ပန်းခက်ခဲကြီးစွာ ရှာဖွေနေသည့်တိုင်အောင် အချက်အလက်အသစ်များကို ရှာမတွေ့နိုင်ခဲ့ပေ။ ကယ်ဆယ်ရေးသင်္ဘောပျံကြီးမှာ အဖွဲ့များ ပျောက်ကွယ်သွားခဲ့သည့် နေရာကို ရောက်ရှိသွားပါသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ သွေးရောင်မြူခိုးများ၊ ရွာကြီးနှင့် ပျောက်ဆုံးနေသော အဖွဲ့များမှာ အစအန ရှာမတွေ့နိုင်လောက်အောင် ပျောက်ကွယ်သွားကြ၏။ သူတို့မှာ အစကတည်းက ထိုနေရာ၌ လုံးဝ ပေါ်မလာခဲ့သည့် အတိုင်းပင်။

လူတိုင်းမှာ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ နှုတ်ဆိတ်နေကြ၏။ သူတို့အားလုံးမှာ ကောက်ချက်ချပြီးသွားကြပြီ ဖြစ်၏။ ထို ပျောက်ဆုံးနေသည့် လူများအားလုံးမှာ သေဆုံးသွားလောက်ပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ ကျောင်းသို့ မည်သို့မည်ဖုံ ပြန်ရောက်လာခဲ့သည်ကိုပင် မမှတ်မိနိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် မိန်းမောတွေဝေနေဆဲဖြစ်ပြီး သူ၏ ဦးနှောက်မှာလည်း အလုပ်မလုပ်တော့ပေ။ သူသည် သူ၏ အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်စွာ စကားတစ်ခွန်းမှမပြောဘဲ ထိုင်ရင်း နံရံလေးဖက်အား ငေးကြည့်နေမိတော့သည်။

သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရဆဲပင်။ လင်းတျန်ဟောက်မှာ ထိုကဲ့သို့ ပျောက်ကွယ်သွားသည် မဟုတ်ပါလော….

လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏နေရာ၌ အစားထိုးဝင်ရောက်ခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ လီဝမ်အာနှင့် ဂူထဲ၌ ပိတ်မိမနေခဲ့ပါက လူပျောက်စာရင်းထဲတွင် လင်းတျန်ဟောက် ရှိနေမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်သည် သူ၏ ကံကြမ္မာဆိုးကြီးကို သူ့အစား ကြုံလိုက်ရသည်ဖြစ်ကြောင်း မှတ်ယူထား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲမှ ရှုပ်ထွေးနေသောခံစားချက်များကို မဖြေဖျောက်နိုင်ဘဲ ဖြစ်နေရတော့သည်။

သို့သော် သူသည် ဘာမှမတက်နိုင်ပေ။ လင်းယုံမှာ ထိုအကြောင်းကို ကြားသိလိုက်ရသောအခါ ကိစ္စအားလုံးကို ဘေးချိတ်ကာ ကမ္ဘာပေါ်မှနေ၍ အင်္ဂါဂြိုဟ်ဆီသို့ ထွက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ စိတ်ထဲ၌ နာကြည်းနေရပြီး ခံစားချက်မျိုးစုံတို့ဖြင့် ရှုပ်ထွေးနေသောကြောင့် လေ့မကျင့်နိုင်ဘဲဖြစ်နေရသည်။ ထို့ကြောင့် သူသည် တိတ်ဆိတ်ငြိမ်သက်စွာ ဆက်လက်စောင့်ဆိုင်းနေရင်း အချက်အလက်များကို ထပ်၍ ရှာဖွေနေ၏။ ထိုသို့ဖြင့် နှစ်ရက်တိတိကုန်ဆုံးသွားသည်။

ပျောက်ဆုံးသွားသည့်လူများနှင့် ပတ်သက်၍ မည်သည့် သဲလွန်စမှ ထွက်မလာသေးပေ။ ဒုတိယမြောက်နေ့၏ ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ဝမ်ပေါင်လဲ့မှာ အရက်ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ပြီး တဝကြီး မော့သောက်လိုက်၏။ သူ၏ နှလုံးသားထဲ၌ ပူပန်သောကများဖြင့် ပြည့်နှက်နေပြီး သူသည် လိပ်ပြာမလုံသလို ခံစားနေရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပနေ၏။ သူသည် သူကိုယ်တိုင် ရှာဖွေရန် ကြံရွယ်ထား၏။ အကယ်၍ ထိုသို့ မရှာဖွေရပါက သူ၏ လိပ်ပြာမလုံသလိုဖြစ်နေသော ခံစားချက်များနှင့် ပူပန်သောကများကို ဖြေဖျောက်နိုင်မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုအတွေးများပေါ်လာပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည့် ညဉ့်နက်သန်းခေါင်ယံအချိန်ကြီးတွင် သူ၏ အသံလွှင့်လက်စွပ်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် သူနှင့် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ လင်းတျန်ဟောက်၏ အားအင်နုံးချည့်နေသော အသံလေးပင် ဖြစ်၏။

” ကယ်ကြပါဦး…. ”

ဝမ်ပေါင်လဲ့မှာ ထိုအသံကိုကြားလိုက်ရသောအခါ မျက်လုံးများပြူးသွား၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် အသက်ရှူသံများ မြန်ဆန်လာပြီး နောက်သို့လှည့်ကာ ထိုအသံလွှင့်လက်စွပ်အား စိုက်ကြည့်နေလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset