အပိုင်း (၁၆၉၉)

ဇစ်မြစ်

ယူချင်းသည် ရှန်လင်၏ရှေ့တွင် ရပ်လိုက်၏။ သူတို့သည် အချင်းချင်း အနည်းငယ်အလှမ်းကွာသောနေရာ၌ ရပ်နေကြသည်။ ရန်ဟောင်အရှိန်အဝါသည် ထိုနေရာကို လွှမ်းခြုံထား၏။

ရှန်လင်၏မျက်လုံးများသည် ချက်ချင်းဆိုသလိုပင် နတ်မျက်လုံးများအသွင်သို့ ပြောင်းလဲသွား၏။ ထိုမျက်လုံးများသည် ယူချင်း၏မျက်လုံးများသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာသည်။ သို့သော်လည်း သူမြင်ရသည်ကား ကြောက်မက်ဖွယ် မိစ္ဆာမျက်လုံးအစုံသည် သူ့အား ပြန်ကြည့်နေခြင်းပင်။ ယူချင်း၏မျက်လုံးများမှ မိစ္ဆာများ သက်ဝင်လှုပ်ရှားလာသည်နှင့် တူ၏။

ဘန်း…

ယူချင်း ရှေ့ကို တက်လာသည်။ ကျယ်လောင်သော ခြေသံအား လူတိုင်းကြားရ၏။ ချက်ချင်းပင် ယူချင်းရပ်နေသောနေရာမှ မြေပြင်သည် အောက်ကို နစ်ဝင်သွား၏။ သူ့ဘေးတွင် အလွန်တရာကြီးမားသော ပုံသဏ္ဌာန်တစ်ခုပေါ်လာသည်။ ၄◌င်းကား ပေပေါင်းများစွာ မြင့်မားသော မိစ္ဆာတစ်ကောင်ဖြစ်သည်။

ထိုမိစ္ဆာကြီးပေါ်လာသည်နှင့် ပတ်ဝန်းကျင်တွင် ထောင်ပေါင်းများစွာသော မိစ္ဆာပုံရိပ်များပေါ်လာသည်။ ရှန်လင်က ခေါင်းမော့ကာ အနီးတဝိုက်ကို ကြည့်လိုက်၏။ မိစ္ဆာပုံရိပ်များသည် ကောင်းကင်၏တစ်စိတ်တစ်ပိုင်းကိုပင် ပိတ်ဆို့သွားပြီဖြစ်သည်။

မိစ္ဆာသားရဲများ၏အရှိန်အဝါများသည် နေရာတိုင်းတွင်ရှိကာ ကောင်းကင်ထက်မှ ကျဆင်းလာခဲ့၏။

“အက်ကြောင်းမဲ့အဆင့်…” ဘုံကိုးခုမှ လူများက ယူချင်းကို ကြည့်နေကြသည်။ ရီဖူရှင်းပြီးနောက် လီဟန်ဓားသမား၊ ဂူတုံးလျှို၊ ယခု နောက်ထပ် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်တစ်ဦး ပေါ်လာပြန်၏။ သူသည် မိစ္ဆာသားရဲအင်ပါယာဖြစ်သည်။

ကောလာဟလများအရ ယူချင်းသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲမှ နတ်ဘုရားဝိညာဉ်လက်နက်ကို ရရှိခဲ့သူတစ်ဦးဖြစ်သည်။ သို့ဆိုလျှင် သူက အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခြင်းမှာ ထူးဆန်းဖွယ်ရာမရှိတော့။

ရှန်ကလန်မှ လူများ၏မျက်နှာက မသာမယာဖြစ်နေကြ၏။

ဤလူသည် ရီဖူရှင်း၏အုပ်စုမှ လေးယောက်မြောက် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်သည်။

သူ၏လေသံက မောက်မာဝင့်ကြွားနေသည်မှာ မထူးဆန်းတော့။

ထိုအခိုက်တွင် ရှန်ကလန်၏ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းများ ပေါက်ကွဲထွက်လာသည်။ သူ့တစ်ကိုယ်လုံးက မီးတောက်နေသည်နှင့်တူ၏။ စူးရှသော ရန်ဟောင်အလင်းသည် မိစ္ဆာအငွေ့အသက်များကို ထွင်းဖောက်သွား၏။ ယူချင်းသည် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်သော်လည်း သူ၏တန်ခိုးအဆင့်က နိမ့်နေသေးသည်။ ရှန်ကလန်က သူတို့၏လူကို စေလွှတ်ရာတွင် တစ်ဘက်မှ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပေသည်။

နတ်ဘုရားအလင်းသည် ဓားသွားများအလား လေထုကို ဖြတ်တောက်တိုးဝင်လာကြ၏။

ဝုန်း…

ထိုအခိုက်တွင် ယူချင်းက နောက်တစ်လှမ်းလှမ်းကာ ကောင်းကင်ထက်ကို တက်လိုက်၏။ ထိုအခိုက်တွင် ပြိုင်စံရှားနတ်သားရဲမိစ္ဆာသည် လောက၌ ပေါ်ပေါက်လာ၏။ သူက ခြေတစ်လှမ်းတည်းဖြင့် နင်းခြေလိုက်သည်။ ထိုကြီးမားသောဖိအားတွင် ရှန်လင်၏ခန္ဓာကိုယ်သည် အမှန်တကယ် အောက်ကို နစ်ဝင်သွား၏။

ဤကား မဟာလမ်းစဉ်၏ဖိနှိပ်ခြင်းဖြစ်သည်။

ဘန်း…

ယူချင်းက နောက်တစ်လှမ်းလှမ်းလာသောအခါ ရှန်လင်၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ နတ်ဝင်ရိုးသည်ပင် တုန်ခါနေ၏။ သူ့ခန္ဓာကိုယ်သည် တဖန် အောက်ကို နစ်ဝင်သွား၏။ ထိုအခိုက်တွင် တစ်လောကလုံးကို နတ်ဆိုးသားရဲများ ထိန်းချုပ်ထားဟန်ရနေသည်။

ရှန်ကလန်မှ တန်ခိုးရှင်များ၏အမူအရာများ ပျက်ယွင်းသွားကြသည်။ ရှန်လင်တစ်ယောက် ဖိနှိပ်ခံနေရပြီဖြစ်ကြောင်း သူတို့ ပြောနိုင်သည်။ သူက ပြန်လည်မတိုက်ခိုက်နိုင်သည်မဟုတ်ဘဲ၊ ပြန်လည်မတိုက်ခိုက်ရဲခြင်း သို့မဟုတ် ထိုသို့လုပ်ရန် စွမ်းရည်မရှိခြင်းဖြစ်ပေသည်။

ကြောက်စရာကောင်းလွန်းလှသည့် မိစ္ဆာကျင့်ကြံသူပါပေ။ ကောင်းကင်အာဏာစက်မြို့မှ မရေမတွက်နိုင်သော တန်ခိုးရှင်များသည် ယူချင်းကို ကြည့်နေကြ၏။ သူ့ခန္ဓာကိုယ်ကတော့ ကြီးထွားသွားခြင်းမရှိသော်လည်း မရေမတွက်နိုင်သောလူများ၏မျက်လုံးများထဲတွင် သူသည် မိစ္ဆာပုံရိပ်များစွာတို့ဖြင့် ပေါင်းစပ်သွားပြီဖြစ်သည်။ သူကိုယ်တိုင်သည် မိစ္ဆာနတ်ဘုရား၏ကိုယ်ပွားတော်ဖြစ်လာ၏။

ယူချင်းက နောက်တစ်လှမ်းလှမ်းလိုက်သည်။ သည်တစ်ကြိမ်ကား သူသည် လေထုကို ခြေတစ်လှမ်းတည်းဖြင့် ဖြတ်သန်းကာ ရှန်လင်၏ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်နင်းချလိုက်၏။ သူ့အနီးမှ မိစ္ဆာပုံရိပ်များသည်လည်း တစ်ချိန်တည်းတွင် ရွေ့လျားကြ၏။ ကောင်းကင်သည် မိစ္ဆာများဖြင့် ဖုံးလွှမ်းသွား၏။ ထိုနင်းခြေမှုတစ်ခုသည် မဟာလမ်းစဉ်၏ဖိနှိပ်ခြင်းကို ကိုယ်စားပြုကာ အရာအားလုံးကို ဖျက်ဆီးတော့မည့်ဟန်ရှိ၏။

ဝုန်း…

ခြေလှမ်းသည် ကောင်းကင်မှ ဆင်းသက်လာခဲ့ကာ ရှန်လင်ပေါ်သို့ ကျဆင်းလာ၏။ ဝုန်းခနဲမြည်သံနှင့်အတူ ရှန်လန်သည် မြေကြီးထဲသို့ အနင်းခံလိုက်ရသည်။ အက်ကြောင်းများ မြေပြင်တွင်ပေါ်လာကာ ခြေရာကြီးတစ်ခုကို ထင်းထင်းကြီးမြင်ကြရသည်။

ဤသည်က မည်သို့သော ခွန်အားမျိုးနည်း…။ လူအများအပြားက ရင်သပ်ရှုမောဖြစ်ရ၏။

လူတိုင်း၏စိတ်နှလုံးသည် ကြီးစွာ လှုပ်ရှားနေကြသည်။ မြေပြင်မှ အက်ကြောင်းများသည် သူတို့၏ခြေထောက်အနီးသို့အထိ ရောက်လာခဲ့၏။ လူအများအပြားက ခေါင်းငုံ့ကာ အက်ကြောင်းများကို ကြည့်လိုက်ပြီး ခေါင်းမော့ကာ လေထဲမှ မိစ္ဆာအငွေ့အသက်များကို ကြည့်လိုက်သည်။ သူကား ထိုနေရာတွင် မိစ္ဆာနတ်ဘုရားတစ်ပါးအလား ရင့်သီးစွာ ရပ်နေသည်။

စူးရှသော အလင်းတစ်ခု လင်းလက်သွားသည်။ ရှန်လင်သည် မြေကြီးအောက်မှ ပြန်လည်ပေါ်ထွက်လာ၏။ သူ၏အခြေအနေကား မြင်ရသည်မှာ မသက်သာလှ။ ယူချင်း၏တိုက်ခိုက်မှုအများစုကို သူက ကာကွယ်နိုင်ခဲ့သော်လည်း မိစ္ဆာစွမ်းအားသည် သူ့ကို မြေကြီးထဲသို့ နစ်ဝင်သွားစေကာ ပြင်းထန်သော ရိုက်ချက်ကို ခံစားခဲ့ရသည်။ သူသည် အရှက်တကွဲရှုံးနိမ့်ခဲ့၏။

ဤကား သူ့ဘဝတွင် ပထမဆုံး အရှက်တကွဲ ရှုံးနိမ့်ဖူးခြင်းဖြစ်သည်။

ရှန်ကလန်မှ တန်ခိုးရှင်များက ယူချင်းကို လှမ်းကြည့်ကြသည်။ သည်လူ၏စွမ်းရည်ကို အက်ကြောင်းမဲ့ဝင်ရိုးတစ်ခုတည်းဖြင့် ဆုံးဖြတ်၍ မရပေ။ နတ်ဝင်ရိုးစွမ်းရည်အပြင် သူ၏မိစ္ဆာစွမ်းရည်သည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။

အဆင့်နိမ့်ရန်ဟောင်များက သူ့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ရှန်ကလန်၏အက်ကြောင်းမဲ့ဝင်ရိုးနှင့် ကျင့်ကြံသူများ၏အဆင့်အတန်းကို သုံ့သခြင်းသည် တခြားသော တန်ခိုးရှင်များထက် အဆမတန် သာလွန်ပေသည်။ ရီဖူရှင်း၏အုပ်စုက သူတို့အား အလွန်မသက်မသာ ခံစားရစေသည်။

“ရှန်ကလန်က ချမ်းသာပြီးတော့ နက်ရှိုင်းတဲ့အရင်းအမြစ်တွေရှိတယ်။ ဘာလို့ ဒီလိုအားနည်းတဲ့တန်ခိုးရှင်ကို စေလွှတ်ပြီး ယှဉ်ပြိုင်စေတာလဲ။ ကျုပ်တို့က ရှန်ကလန်ကို တကယ့်စွမ်းအားမြင့်တန်ခိုးရှင်ကို စေလွှတ်ဖို့ ဖိတ်ကြားချင်ပါတယ်” ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်မှ ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

ဤက ရှန်ကလန်ရဲ့ နက်ရှိုင်းတဲ့အရင်းအမြစ်လား…။

ထိုသူသည် ယူချင်း၏ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်မည် မဟုတ်ပေ။

သူကား ယူချင်း၏နင်းချေခြင်းကို ခံလိုက်ရသည်။

ရှန်ဟောက်က ရှေ့ကို တက်လာသည်။ သူက တိုက်ခိုက်လိုသော်လည်း ရှန်ကလန်မှ တန်ခိုးရှင်များက သူ့အား တားမြစ်လိုက်ကြ၏။

ရှန်ဟောက်သည် ရှန်ကလန်၏လက်ရှိမျိုးဆက်မှ အမှတ်သင်္ကေတဖြစ်သည်။ သူက တစ်ဘက်လူကို အနိုင်ယူခဲ့လျှင်ပင် အဓိပ္ပာယ်မရှိပေ။

အကယ်၍ ကောင်းကင်အာဏာစက်ကျောင်းတော်က သူတို့၏တပည့်ကို စေလွှတ်သောကြောင့် ရှန်ကလန်က ရှန်ဟောက်ကို စေလွှတ်ရပါက ၄◌င်းသည် စိန်ခေါ်မှုတစ်ခုမျှသာ မဟုတ်‌တော့။

“ဒီနေ့ဆုံးဖြတ်ချက်ကို မင်းတို့ နောင်တမရဖို့ မျှော်လင့်တယ်” ရှန်ကလန်မှ တန်ခိုးရှင်က ရီဖူရှင်းကို ပြောသည်။ သူတို့က နောက်လှည့်ကာ လှမ်းသွားကြ၏။ သူတို့က ထိုနေရာမှ အပြီးပိုင်ထွက်သွားခြင်းမဟုတ်ဘဲ ကောင်းကင်အာဏာစက်မြို့သို့ ဦးတည်နေကြ၏။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် တပည့်များကို လက်ခံဦးမည်ဖြစ်သည်။ သူတို့က သည်နေရာတွင် ဆက်လက်စောင့်ကြည့်ပေမည်။ တချိန်တည်းတွင် သူတို့က ရှန်ကလန်သို့ လူလွှတ်ကာ လက်ရှိအခြေအနေကို သတင်းပို့ရပေမည်။

ကောင်းကင်အာဏာစက်ကျောင်းတော်တွင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်လေးဦး ရှိနေသည်။ ရှန်ကလန်နှင့် ထျန်းဟယ်အကြီးအကဲတို့၏ပတ်သက်မှုဖြင့်ဆိုပါက သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖိနှိပ်ရန် လို၏။ ရှန်ကလန်သည် ကောင်းကင်အာဏာစက်ကျောင်းတော် ပိုမိုသန်မာလာရန် မလိုလားပေ။

ရွှေရောင်နတ်ပြည်ထောင်၏အရှင်ကိုက်ထန်သည် ရီဖူရှင်းကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ပလ္လင်ပေါ်မှ ထရပ်ကာ လေဟာနယ်ကို ဆုပ်ဖြဲလျှက် တစ်ခါတည်း ထွက်ခွာသွားသည်။

ယခု ရီဖူရှင်းတိုအုပ်စုက ရှန်ကလန်ကို ထပ်မံ၍ ရန်သူလုပ်ခဲ့ကြပြန်သည်။ တခြားတစ်ဘက်တွင် ရွှေရောင်နတ်ပြည်ထောင်သည် လတ်တလောတွင် မည်သည့်အရာကိုမှ စိုးရိမ်စရာမလိုတော့။

“သူတို့ ထွက်သွားပြီ…” ထိပ်သီးအင်အားစုနှစ်ခု ထွက်ခွာသွားသည်ကိုမြင်လျှင် လူအများအပြားမှာ မသက်မသာခံစားကြရသည်။ သူတို့အားလုံးသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ကြီးကျယ်ခန်းနားသော အခိုက်အတန့်ဖြစ်သော ကျောင်းတော်ဖွင့်လှစ်ခြင်းအား မြင်တွေ့ခဲ့ကြရသည်။ တချိန်တည်းတွင် ထိပ်သီးအင်အားစုနှစ်ခုက ဖွင့်ပွဲကို လာရောက်နှောင့်ယှက်၏။ သည်မုန်တိုင်းသည် အချိန်တစ်ခုကြာမြင့်အောင် တည်ရှိနေပေလိမ့်မည်။

ကောင်းကင်အာဏာစက်ကျောင်းတော်အနေဖြင့် ကောင်းကင်အာဏာစက်ဘုံတွင် ခိုင်မာစွာ ရပ်တည်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သူတို့က ရှန်ကလန်ကို ဦးဆုံး ကျော်ဖြတ်ရန် လို၏။

လူတိုင်းက တွေးတောနေကြသည်။ ရှန်ကလန်ကသာ သူတို့၏တန်ခိုးရှင်များကို ကောင်းကင်အာဏာစက်ကျောင်းတော်သို့ စေလွှတ်တိုက်ခိုက်ပါက မည်သို့ဖြစ်လာမည်နည်း။

ရှန်ကလန် မည်မျှအင်အားကြီးသည်ကို ကောင်းကင်အာဏာစက်ဘုံမှ လူများက သိပ်မသိသော်လည်း သူတို့သည် ဗဟိုအင်ပါယာဘုံတွင် ထိပ်သီးအင်အားစုသုံးခုထဲမှ တစ်ခုဖြစ်သည်ကိုတော့ ကြားဖူးကြ၏။

ရှန်ကလန်သည် ယခုတစ်ကြိမ်တွင် အရေးနိမ့်ခဲ့သော်လည်း သူတို့က လူအနည်းငယ်ကိုသာ စေလွှတ်၍ သတိလာပေးသောကြောင့်ဖြစ်သည်။

နောက်သုံးလတွင် လူမည်မျှက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ကြမည်နည်း။

ယူချင်းက နောက်လှည့်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်သို့ ပြန်လာခဲ့၏။ ရီဖူရှင်းက လူအုပ်ကိုကြည့်ကာ ပြောသည် “ကျုပ်တို့ ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြမယ်”

ထို့သို့ပြောကာ သူသည် သူ့ရှေ့မှ တန်ခိုးရှင်များကိုကြည့်လျှက်ပြောသည် “ကျောင်းတော်ကို အသစ်ဝင်လာတဲ့တပည့်တွေအတွက် လိုအပ်တာတွေ စီစဉ်ပေးလိုက်ကြပါ”

“နားလည်ပါပြီ…” တစ်စုံတစ်ယောက်က ရှေ့ကိုတက်လာကာ ပြောသည်။

“အောက်ကိုဆင်းလာကြ…” အရှင်ထိုက်ရွှမ်က ပြောသည်။ ချက်ချင်းပင် လူတစ်စုသည် ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။

“အခုအချိန်ကစပြီး ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်မှာပဲ နေတော့မယ်” အရှင်ထိုက်ရွှမ်က ကြေညာသည်။ သူ၏ရပ်တည်မှုကို ရှင်းလင်းစွာ ပြောပြီးဖြစ်သည်။ ရှန်ကလန်ကို ရင်ဆိုင်ခြင်းကား ခက်ခဲသောကိစ္စဖြစ်၏။ လက်ရှိတွင် သူထွက်သွား၍ မဖြစ်ပေ။

“အရှင်ထိုက်ရွှမ်ကို ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“အခြေအနေဟာ နတ်ဘုရားအကြွင်းအကျန်နယ်မြေတုန်းကလိုမျိုးဆိုရင် ရှန်ကလန်က သေချာပေါက် လှုပ်ရှားမှာပဲ။ ဒါပေမဲ့ အခု ရှန်ကလန်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပြောင်ပြောင်တင်းတင်းတိုက်ခိုက်ရဲမှာတော့ မဟုတ်ဘူး” အရှင်ထိုက်ရွှမ်က ဆက်လက်၍ ပြောသည် “တကယ်လို့ ရှန်ကလန်သာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို စစ်ကြေညာမယ်ဆိုရင် ကျောင်းတော်ကို ထောက်ပံ့ထားတဲ့အင်အားစုတွေကြောင့် သူတို့ဟာ ဒီအကျိုးဆက်ကို ခံစားရမှာပဲ။ ဒီတစ်ကြိမ်က ထျန်းဟယ်ဘုံတုန်းကနဲ့ ကွာခြားတယ်။ ရှန်ကလန်က အဲလိုမျိုး အမှားလုပ်မှာ မဟုတ်ဘူး”

“မင်း ဘာလို့ ကျောင်းအုပ်နေရာကို မယူတာလဲ…” ထျန်းဟယ်အကြီးအကဲက အကြံပေးသည်။ အမှန်တကယ်အားဖြင့် အရှင်ထိုက်ရွှမ်သည် ကျောင်းအုပ်နေရာနှင့် ပိုမိုထိုက်တန်ပေသည်။

“အဲလိုလုပ်ဖို့ မလိုဘူး။ တကယ်လို့ ရှန်ကလန်က လက်မလျှော့ဘူးဆိုရင် ငါက ကျောင်းတော်မှာ အမြဲတမ်း နေထိုင်သွားမယ်” အရှင်ထိုက်ရွှမ်ကား အမှန်တကယ် ဒေါသထွက်သွားဟန်ရသည်။ သူ့မျက်နှာက တင်းမာနေ၏။

“ဒီနေ့ ရှန်ကလန်က တကယ်ပဲ ရင့်သီးလွန်းတယ်။ ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးက ပူးပေါင်းတည်ထောင်တဲ့ ကျောင်းတော်က ဒီလောက် မညံ့သေးဘူး” နဂါးဘုရင်က အေးစက်စွာ ပြောသည်။ ယနေ့တွင် ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်သည် ကောင်းကင်အာဏာစက်ဘုံအား အထင်သေးလွန်း၏။

“ဆရာ… ကျွန်မလည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှာ လေ့ကျင့်ပါမယ်” ရှောင်မုယွီက ပြောသည်။ ရီဖူရှင်းက သူမအား ကြည့်လိုက်သည်။ ရှောင်မုယွီက ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် ထိုသို့လုပ်ခြင်းဖြစ်ကြောင်း သူသိသည်။ ဤနည်းဖြင့် ရှောင်ကလန်မှ တန်ခိုးရှင်များသည်လည်း ကျောင်းတော်တွင် နေဖြစ်သွားမည်ဖြစ်ကာ ရှန်ကလန်အနေဖြင့် အရင်းကာရော လှုပ်ရှားရဲမည် မဟုတ်တော့ပေ။

“ငါတို့က ကလန်ကို ပြန်သတင်းပို့ဦးမယ်။ ရှန်ကလန်က တစ်ခုခုကြံစည်ချင်တယ်ဆိုရင်တောင် သူတို့က သေချာစဉ်းစားဖို့လိုတယ်” ရှောင်ကလန်တန်ခိုးရှင်က ပြောသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် လေးဦး ပိုင်ဆိုင်ထား၏။ သူတို့၏အလားအလာကား ကြောက်မက်ဖွယ်ကောင်းသည်။ ရှန်ကလန်က သည်အတိုင်း ထိုင်မကြည့်နိုင်သည်မှာ မထူးဆန်းတော့။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

လက်ရှိတွင် ကောင်းကင်အာဏာစက်မြို့သည် အကြီးအကျယ် ပွတ်လောရိုက်နေ၏။ အားလုံးက ယမန်နေ့က အဖြစ်အပျက်ကို ဆွေးနွေးပြောဆိုနေကြသည်။ ရှန်ကလန်နှင့် ထျန်းဟယ်အကြီးအကဲတို့၏ရန်ငြိုးသမိုင်းကြောင်းမှာ လူတိုင်း စိတ်ဝင်စားရသော ကိစ္စဖြစ်သည်။

အရာအားလုံးကို နားလည်သွားပြီးနောက်တွင် လူတိုင်းက ရှန်ကလန်၏ရည်ရွယ်ချက်ကို သဘောပေါက်ကြသည်။

သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်အား ကြောက်ရွံ့၏။

လက်ရှိတွင် ကောင်းကင်အာဏာစက်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် လူအများအပြားသည် ထိုကိစ္စကို ဆွေးနွေးနေကြ၏။ ထောင့်တစ်ခုတွင် လူတစ်ယောက်သည် လူအများ ဆွေးနွေးနေသည်ကို တိတ်ဆိတ်စွာ နားထောင်နေ၏။

ထိုအခိုက်တွင် လူတစ်စုသည် တည်းခိုခန်း၏ဒုတိယထပ်ကို တက်လာကြ၏။ ချက်ချင်းပင် အားလုံး၏အကြည့်က သူတို့ထံသို့ ရောက်သွားသည်။ တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

ရောက်လာသောလူစုမှာ ရှန်ကလန်မှ လူများဖြစ်ကြသည်။

သူတို့က ထောင့်တစ်နေရာကိုရွေးကာ ထိုင်လိုက်ကြ၏။ တစ်ယောက်က ပြောသည် “အဲဒီမိစ္ဆာကျင့်ကြံသူရဲ့မျိုးနွယ်ကို မင်းတို့ခန့်မှန်းမိလား”

လူတစ်ယောက်က ခေါင်းယမ်းကာ ပြောသည် “လောကမှာ မိစ္ဆာတန်ခိုးရှင်တွေ အများကြီးပဲ။ သူအရင်က နဂါးကလန်မှာ လေ့ကျင့်တယ်လို့တော့ ကြားဖူးတယ်”

“လူတချို့ကို သူတို့နောက်ကြောင်းကို စုံစမ်းဖို့ လွှတ်လိုက်…ကောင်းကင်အာဏာစက်ဘုံမှာ သူတို့နဲ့ပတ်သက်တဲ့သတင်းတစ်ခုခုတော့ရှိရမယ်” ရှန်ကလန်တန်ခိုးရှင်က ပြောသည်။ ယူချင်း၏စွမ်းရည်က ရှန်ကလန်အား အလွန်သတိထားမိစေသည်။ သူတို့သည် ရီဖူရှင်း၏နောက်ကြောင်းနှင့်ပတ်သက်၍ စတင်စုံစမ်းကြ၏။

“အင်း…” တခြားလူများက ခေါင်းညိတ်ကြသည်။

ထို့နောက် သူတို့အုပ်စု တိတ်ဆိတ်သွားသည်။ သူတို့တိတ်ဆိတ်နေခြင်းက တည်းခိုခန်းတစ်ခုလုံးကို မသက်မသာဖြစ်စေသည်။

သို့သော်လည်း ထိုအခိုက်တွင် လူတစ်ယောက်သည် ရှန်ကလန်၏ဘေး၌ လာရပ်၏။

ရှန်ကလန်မှ လူများက သူ့အား သတိထားမိလိုက်ကြသည်။ သူတို့က လူငယ်အား လှမ်းကြည့်ကာ မေးသည် “မင်းမှာ ငါတို့ကို ပြောစရာရှိလား…”

“ကျုပ်က ရီဖူရှင်းနဲ့ပတ်သက်ပြီး တချို့တလေ သိထားတယ်…”

***


Comment

Leave a Reply


Options

not work with dark mode
Reset