အပိုင်း (၁၆၉၈)

ရှန်ကလန်၏အင်အား

ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ယွင်ချင်းယွီသည် ရီဖူရှင်းကို ကြည့်ကာ ကြည်လင်စွာ ပြုံးနေ၏။ သူ့အား မည်သို့ခေါ်ရမည်ကို သူမ, မသိပေ။ ရီဖူရှင်းအား ဆရာဟုခေါ်လျှင် သူ့အား အရှက်ရစေမည်လား။

“ချင်းယွီ…” ရီဖူရှင်းက ပြုံးလျှက်ခေါ်သည် “ငါ့အနားကိုလာခဲ့”

“အင်း…” ယွင်ချင်းယွီက ခေါင်းညိတ်သည်။ သူမက ရီဖူရှင်း၏နောက်နားကို ရောက်လာခဲ့သည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့စစ်ဆေးမှုကို ဘယ်သူတွေ ဆက်ပြီးခံယူမှာလဲ” ရီဖူရှင်းက လူအုပ်ကိုကြည့်ကာ မေးသည်။

လူနှစ်ဦး ရှေ့ထွက်လာသည်ကို သူမြင်၏။

ထိုနှစ်ဦးကိုမြင်လျှင် ရီဖူရှင်း အံ့အားသင့်သွားသည်။ သူတို့ကို ရီဖူရှင်းသိ၏။

သွေးနဂါးဘုံမှ မင်းသားရှီရှန်းနှင့် သူ့ဇနီး ယွီရှီဖေး။

သူတို့နှစ်ဦး ရှေ့ကို တက်လာခဲ့သည်။ လူအုပ်ထဲတွင်လည်း သူတို့နှစ်ယောက်ကို မှတ်မိသူများရှိပေသည်။ ၄◌င်းအထဲတွင် မျက်လုံး၌ မီးတောက်နေသော လူငယ်တစ်ဦးလည်းရှိသည်။ သူသည်လည်း သွေးနဂါးဘုံမှ လော့ရန်ဖြစ်၏။ သူက သွေးနဂါးဘုံကို ရီဖူရှင်းတို့နှင့်အတူ ရောက်လာခြင်းဖြစ်သည်။

ရှီရှန်းနှင့် ယွီရှီဖေးတို့နှစ်ဦး ဤသို့သောအချိန်အခါတွင် ရှေ့ထွက်လာမည်ဟု သူမထင်ထားပေ။

သူတို့နှစ်ဦးက ရှေ့ကို တက်လာကာ ရီဖူရှင်းကို ပြုံးလျှက်ပြောသည် “ကျုပ်တို့ကလည်း ကျောင်းတော်ရဲ့စစ်ဆေးမှုကို ခံယူပါ့မယ်”

ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်သည် “ကောင်းပြီ”

ရွှေရောင်နတ်ပြည်ထောင်အရှင် ကိုက်ထန်နှင့် ရှန်ကလန်မှလူများက လူအုပ်ကို ကြည့်လိုက်သည်။ ယခုကဲ့သို့သောဖိအားမျိုးဖြင့်ပင် အရဲစွန့်ရဲသောသူများ အမှန်ရှိနေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်ကို နောက်ထပ် မည်သည့်နှစ်ယောက် ဝင်ရောက်ရဲမည်ကို သူသိလိုသည်။

“ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်” နောက်တစ်ယောက် ထွက်လာသည်။ သူ၏အရှိန်အဝါက ထူးခြားတည်ငြိမ်ပြီး ရှန့်ထိုအဆင့်အမြင့်ဆုံး၌ ရှိနေ၏။ သူ့ပုံစံက စိတ်အားထက်သန်ကာ လွတ်လပ်ပေါ့ပါးသောသွင်ပြင်ရှိသည်။

“ချူးယွီ…” ကောင်းကင်အာဏာစက်မြို့မှ လူများက အံ့အားသင့်စွာ ရေရွက်ကြသည်။ ချူးယွီကား ကောင်းကင်အာဏာစက်မြို့တွင် နာမည်ကျော်ကြားကာ ကျင့်ကြံခြင်း၌ အလွန်မြင့်မားသော ပါရမီကို ပိုင်ဆိုင်၏။ ကောင်းကင်အာဏာစက်ပြည်ထောင်သည်ပင် သူ့အား ခေါ်ယူလိုခဲ့သည်။

ယခင် ကောင်းကင်အာဏာစက်ပြည်ထောင်တည်ရှိစဉ်က မင်းသားရိထျန်းယွီသည် ချူးယွီနှင့် ကိုယ်တိုင် လက်ရည်စမ်းခဲ့၏။ ထို့နောက် သူ့အား အလွန်ချီးကျူးပြောဆိုကာ သူနှင့်အတူ လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့သည်။

သို့သော်လည်း ချူးယွီသည် ထိုဖိတ်ကြားမှုကို လက်မခံခဲ့ပေ။ သူက လတ်တလောတွင် ကောင်းကင်အာဏာစက်ပြည်ထောင်ကို မဝင်ရောက်လိုသေးဟု ပြောခဲ့၏။ သူက ကျင့်ကြံခြင်းတွင်အာရုံစိုက်ကာ ရန်ဟောင်အဆင့်သို့တက်ရန် ကြိုးစားလိုခဲ့၏။ ရိထျန်းယွီက သူ့အား အတင်းဖိအားမပေးခဲ့ပေ။ သူက ချူးယွီ ရန်ဟောင်အဆင့်သို့ရောက်သောအခါ ကောင်းကင်အာဏာစက်ပြည်ထောင်သို့ ပူးပေါင်းနိုင်သည်ဟု ပြောခဲ့၏။

ချူးယွီသည် ရန်ဟောင်အဆင့်သို့ရောက်သောအခါ ကောင်းကင်အာဏာစက်ပြည်ထောင်သို့ ဝင်ရောက်မည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။

သို့သော်လည်း ချူးယွီ ရန်ဟောင်အဆင့်သို့မရောက်ခင် ကောင်းကင်အာဏာစက်ပြည်ထောင် ပျက်စီးခဲ့ရ၏။

“ကျုပ်က ကောင်းကင်အာဏာစက်မြို့က ချူးယွီပဲ။ ကောင်းကင်အာဏာစက်ကျောင်းတော်က ပြဿနာမရှိဘူးဆိုရင် ကျုပ်က စမ်းသပ်စစ်ဆေးခံဖို့အသင့်ပါပဲ” ချူးယွီက ရီဖူရှင်းကိုကြည့်ကာ ပြောသည်။ အကယ်၍ ရီဖူရှင်းသာ သူ့နောက်ကြောင်းကို လေ့လာစုံစမ်းပါက သူသည် ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် အဆက်အသွယ်ရှိဖူးကြောင်း သိပေမည်။

တစ်ဘက်လူက ကောင်းကင်အာဏာစက်မြို့တော်က ဖြစ်ကြောင်းပြောသည်နှင့် သူ့နောက်ကြောင်းက ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်မည်ကို ရီဖူရှင်း ရိပ်မိလိုက်သည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်က ခင်ဗျားရဲ့နောက်ကြောင်းကို စိတ်မဝင်စားဘူး” ရီဖူရှင်းက ပြောသည် “ကြိုဆိုပါတယ်”

ချူးယွီက ခေါင်းညိတ်ကာ ကျောင်းတော်ထံသို့ လျှောက်လာခဲ့၏။

ယခင်က သူသည် ကောင်းကင်အာဏာစက်ပြည်ထောင်ကို မဝင်ရောက်ဘဲ ကျင့်ကြံခြင်း၌သာ အရုံစိုက်ပြီး ရန်ဟောင်အဆင့်သို့တက်လှမ်းရန် ကြိုးစားခဲ့၏။ အကြောင်းကား သူ့ကို ရိထျန်းယွီက အထင်ကြီးလေးစားသည့်တိုင် သူသည် နောက်တွင် ရိထျန်းယွီ၏အမိန့်ကို နာခံရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေက သူ့စိတ်သဘောသဘာဖြင့် မကိုက်ညီပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်ကား သူ့အတွက် သင့်တော်ပေသည်။

ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်တို့ကိုကား သူသိပ် ဂရုမစိုက်ပေ။ သူ၏ပါရမီဖြင့် အနာဂတ်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ထိပ်သီးတန်ခိုးရှင်များထံမှ လေ့လာဆည်းပူးခွင့်ရနိုင်၏။

အခွင့်အလမ်းများမှာ အမြဲတမ်း အခက်အခဲ အန္တရာယ်များနှင့် ဒွန်တွဲနေတတ်သည်။

ချူးယွီထွက်လာပြီးနောက်တွင် ကောင်းကင်အာဏာစက်မြို့မှ လူအများအပြား ထွက်လာကြသည်။ တစ်စုံတစ်ယောက်က ဦးဆောင်ထွက်လိုက်ခြင်းက တခြားလူများကိုပါ အနည်းနှင့်အများ စိတ်တက်ကြွစေ၏။

သို့တိုင်အောင် အများစုသောလူများမှာ ကျောင်းတော်ကို ဝင်ရောက်ရန် မရဲကြတော့ပေ။

တန်ခိုးရှင်အများစုသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အနာဂတ်ကို ထည့်စဉ်းစားရန်လိုလာသည်။ ကျောင်းတော်၏အခြေအနေကား သိပ်မကောင်းပေ။ စစ်ပွဲသာဖြစ်ပွားလျှင် ပိုဆိုးသွားနိုင်သည်။

ကျောင်းတော်ကို ယခုမှ စတင်တည်ထောင်ခြင်းဖြစ်ရာ မြန်ဆန်စွာ မပြိုလဲသွားရန်လည်း မျှော်လင့်ကြ၏။ လက်ရှိတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သာ ပြိုလဲသွားပါက ကောင်းကင်အာဏာစက်ဘုံသည် တခြားဘုံများနှင့်ယှဉ်ပါက အလွန်အားနည်းသွားပေလိမ့်မည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကား အလွန်အမင်း တိတ်ဆိတ်နေ၏။ ရီဖူရှင်း၊ အရှင်ထိုက်ရွှမ်နှင့် တခြားလူများအားလုံးသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်တို့လည်း ထိုနည်းတူပင်။

နောက်ဆုံးတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်သောလူများမှာ တဖြေးဖြေးနည်းပါးလာခဲ့သည်။ ရီဖူရှင်းက ထိုလူများကို ရေတွက်လိုက်၏။ လူသုံးရာထက် အနည်းငယ်သာပိုသောလူများက ကျောင်းတော်ကို ဝင်ရောက်ရန် အစစ်ဆေးခံလိုကြ၏။

သူတို့အများစုမှာလည်း ရှန့်ထိုအဆင့်အမြင့်ဆုံး၌ရှိကြသူများဖြစ်သည်ကို ရီဖူရှင်း သတိထားမိ၏။ ယခုကဲ့သို့သော အချိန်အခါတွင် ရှေ့သို့ထွက်လာရဲသူများမှာ အတော်များများကို သက်သေပြပြီးသူများဖြစ်ကြသည်။

အများစုမှာ ကျင့်ကြံခြင်း၌ မြင့်မားသော ပါရမီနှင့် ရင့်သန်သော စိတ်ဓာတ်များကို ပိုင်ဆိုင်ကြသည်။

“ဒီနေ့ ဒီမှာ ရပ်လိုက်ကြတာပေါ့” ရီဖူရှင်းက ကြေညာသည် “ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ပထမအသုတ် ပင်မတပည့်တွေကို လူတစ်ထောင်အဖြစ် သတ်မှတ်ထားတယ်။ ဒီနေ့ ကျောင်းတော်ကို ဝင်ရောက်တဲ့သူတွေကိုတော့ စမ်းသတ်မှုကနေ အလိုအလျောက် အောင်မြင်တယ်လို့ သတ်မှတ်တယ်။ အရှင်နဲ့ ဆရာတို့က ဘယ်လို သဘောထားပါသလဲ”

“ကောင်းတယ်…” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည်။ ဤသို့စီစဉ်မှုကို သူက မငြင်းပေ။

လူအများအပြားက အံ့အားသင့်သွားကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် အင်အားစုအများအပြား၏ပူးပေါင်းမှုဖြင့် ဖြစ်တည်လာခြင်းဖြစ်သည်။ သံသယဖြစ်စရာမလိုအောင်ပင် ယနေ့ လာရောက်ဂုဏ်ပြုသော အဖွဲ့အစည်းများသည် သူတို့၏တပည့်များကို ကျောင်းတော်သို့ စေလွှတ်ကာ ပင်မတပည့်နေရာများကို ရယူပြီးဖြစ်သည်။ ထို့ကြောင့် ယခု လူသုံးရာကျော်ဖြင့်ဆိုပါက နောက်ထပ် ပင်မတပည့်နေရာက များများစားစားကျန်တော့မည်မဟုတ်တော့သည်မှာ သေချာ၏။

ဆိုလိုသည်က ယခု ကျောင်းတော်သို့ နောက်ထပ်ဝင်ရောက်မည့်သူများသည် အလွန်နည်းပါးသော နေရာအချို့အတွက် ခက်ခဲစွာ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ ကျန်သောလူများမှာမူ ပြင်ပတပည့်များသာ ဖြစ်ခွင့်ရပေတော့မည်။

အမှန်ပင် ကျောင်းတော်သို့ ပထမဆုံးဝင်ရောက်သောအသုတ်မှာ အထူးတလေ အရေးပေးခြင်းကို ခံရပေမည်။ သူတို့ကို ကောင်းကောင်းအလေးထားကာ ပျိုးထောင်ပေးရပေမည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည်သာ မုန်တိုင်းအချို့ကို ဖြတ်သန်းကာ ဆက်လက်ရပ်တည်နိုင်ပါက နောက်တွင် ဘုံသုံးထောင်၌ အကောင်းဆုံးသော ကျောင်းတော်တစ်ခုဖြစ်လာမည်မှာ သေချာသည်။ ထို့ကြောင့် ပင်မတပည့်နေရာများကို ရီဖူရှင်းက များစွာ စိတ်မပူပေ။

ကျောင်းတော်မှ အထူးတလေ အလေးထားပျိုးထောင်ပေးခြင်းခံရသူများအတွက်မူ ပါရမီသည် အရေးပါသော်လည်း အရာအားလုံးတော့ မဟုတ်ပေ။ သူတို့အားလုံးတွင် ရင့်သန်သော စိတ်ဓာတ်များရှိကြသည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်ကို တရားဝင်ဖွင့်လှစ်လိုက်ပြီ။ ကျုပ်တို့က နောက်သုံးလအတွင်းမှာ တပည့်သစ်တွေကို လက်ခံသွားမယ်။ ဒီနေ့ကတော့ ဒီလောက်ပါပဲ” ရီဖူရှင်းက ပြောသည်။

“ဆိုလိုတာက ကောင်းကင်အာဏာစက်ကျောင်းတော်က ခေါင်းမာမာနဲ့ ဆက်သွားချင်တယ်ပေါ့” ရှန်ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်က မေးသည်။ သူက ထျန်းဟယ်အကြီးအကဲအား ကျောင်းအုပ်ခန့်အပ်ခြင်းကို ရည်ညွန်းသည်။

“မင်းတို့ကိစ္စမဟုတ်ဘူး” အရှင်ထိုက်ရွှမ်က တိုက်ရိုက်တုန့်ပြန်သည်။ သူသည် ထိုအဆင့်သို့အထိ ကျင့်ကြံခဲ့ပြီးဖြစ်ရာ သူ့စိတ်အခြေအနေကား အလွန်တည်ငြိမ်သည်။ သို့တိုင်အောင် ထိုအခိုက်အတန့်တွင် သူသည် ဒေါသထွက်၏။

ရှန်ကလန်ကား ကိစ္စအတော်များများတွင် ဝင်စွက်ဖက်နေသည်။

“အရှင်ထိုက်ရွှမ်… ခင်ဗျားက ကောင်းကင်အာဏာစက်ဘုံက တန်ခိုးရှင်တွေနဲ့ ဆော့ကစားဖို့ အချိန်တွေ အများကြီးရှိတဲ့ပုံပဲ။ ဒါက ခင်ဗျားရဲ့ကိုယ်ပိုင်စွမ်းအားမဟုတ်ဘဲ ကောင်းကင်အာဏာစက်ဘုံရဲ့မဟာမိတ်ကို မှီခိုနေတာပဲ။ ခင်ဗျားက မဟာလမ်းစဉ်ကို ဖြန့်ဝေဖို့ ဒီလိုနည်းနဲ့ ခင်ဗျားရဲ့ကိုယ်ပိုင်မြေတစ်ခု ဖန်တီးချင်တာလား” ရှန်ကလန်တန်ခိုးရှင်က အေးစက်စွာ ရယ်မောကာ ပြောသည် “ဘုံကိုးခုမှာ ထျန်ရှင်းကျောင်းတော်နဲ့ ရှန့်ရှောင်နတ်နန်းတော်တို့ကပဲ မျိုးဆက်ပေါင်းများစွာကို ကြံ့ကြံ့ခံပြီး ရပ်တည်နိုင်ခဲ့တယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ဘယ်လောက်တာရှည်ခံနိုင်မှာလဲ”

လူအများအပြားက ထူးဆန်းသော အမူအရာဖြင့် ကြည့်ကြသည်။ ဤကား ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ရိုက်အားဖြင့် ခြိမ်းခြောက်ခြင်းဖြစ်သည်။

ရှန်ကလန်သည် ကောင်းကင်အာဏာစက်ကျောင်းတော် အောင်မြင်မည်ကို လုံးဝ မလိုလားပေ။

ထျန်းဟယ်အကြီးအကဲနှင့် ရီဖူရှင်းတို့၏တည်ရှိမှုက ရှန်ကလန်အတွက် အန္တရာယ်ဖြစ်သည်။

“ဘာအင်အားလဲ…” ရီဖူရှင်းက မေးသည် “လောကမှာ အရာအားလုံးက သုညက စရတာပဲ။ ဒါက ဘယ်အင်အားစုအတွက်မဆိုပဲ။ အင်အားစုတစ်ခုက ဘယ်လောက် အားကောင်းပါစေ၊ တစ်နေ့မှာ ပြိုလဲမှာပဲ။ ဥမာအနေနဲ့ လတ်တလော ပျက်စီးသွားတဲ့ ကောင်းကင်အာဏာစက်ပြည်ထောင်ကို ကြည့်နိုင်တယ်”

“ဟွင်း…မိုက်မဲလိုက်တာ…” ရှန်ကလန်မှ တန်ခိုးရှင်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက ရှန်ကလန်ကို ခြိမ်းခြောက်နေသည်လား။

“မင်းပြောတာမှန်တယ်… ဒါပေမဲ့ မရေမတွက်နိုင်တဲ့နှစ်တွေမှာ ကောင်းကင်အာဏာစက်ပြည်ထောင်တည်ရှိခဲ့ပေမဲ့ အင်အားစုဘယ်လောက် အောင်မြင်ပြီး ပျက်စီးသွားခဲ့သလဲ။ အခုမှ တည်ဆောက်စကျောင်းတော်က ဘုံကိုးခုက ထိပ်သီးအင်အားစုနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ” ရှန်ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်က ပြောသည်။

“အနည်းဆုံးတော့ ကျုပ်မျိုးဆက်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်ဟာ သေချာပေါက် ရှန်ကလန်ထက် အင်အားကြီးလာလိမ့်မယ်” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

“မင်းရဲ့ပါးစပ်က နည်းနည်းတောင် စည်းကမ်းမရှိပါလား” ရှန်ကလန်တန်ခိုးရှင်ထံမှ ကြီးမားသော ဖိအားတစ်ခုထွက်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့လာ၏။

သူက သူ့မျိုးဆက်တွင် ရှန်ကလန်ထက် ပိုမိုအင်အားကောင်းလာမည်တဲ့လား။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် လက်ရှိတွင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူက ရှန်ကလန်ကို အထင်သေးရဲသည်လား။

လက်ရှိရှန်ကလန်၏မျိုးဆက်တွင် ရှန်ဟောက်သည်သာ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်နိုင်ခဲ့သည်မှာ မှန်ကန်သော်လည်း ယေဘုယျအားဖြင့် ရှန်ကလန်တွင် များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များရှိသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ရှန်ကလန်ကို မည်သို့ ယှဉ်နိုင်မည်နည်း။

ရီဖူရှင်းက တစ်ဘက်လူကို ကြည့်လိုက်သည်။ ရှန်ကလန်မှ လူများက ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးနေကြ၏။

“တစ်ပွဲတစ်လမ်းလောက် စမ်းကြည့်မလား…”

သူက ထိုသို့ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ရီဖူရှင်းက ရှန်ကလန်ကို တိုက်ရိုက်စိန်ခေါ်နေသည်။

ရှန်ဟောက်သည် ရှန်ကလန်၏အုပ်စုထဲတွင်ရှိသည်။ ရီဖူရှင်း၏စကားကိုကြားလျှင် သူက ရှေ့ကို လှမ်းတက်လိုက်၏။ သို့သော်လည်း ရှန်ကလန်၏စွမ်းအားမြင့်တန်ခိုးရှင်က သူ့အား တားလိုက်ကာ နောက်တစ်ယောက်ကို ပြောသည် “ရှန်လင်… မင်းသွားလိုက်…”

“ကောင်းပြီ…”

အသံတစ်သံကို ကြားရသည်။ ထိုအခိုက်တွင် ကိုယ်ရောင်ကိုယ်ဝါ အားကောင်းသော လူငယ်တစ်ဦး ရှေ့ကို တက်လာသည်။ သူကား အဆင့်နိမ့်ရန်ဟောင်ဖြစ်ကာ တတိယတန်းစားနတ်ဝင်ရိုးကို ပိုင်ဆိုင်၏။ သူ့တွင် ထူးခြားကောင်းမွန်သော စွမ်းရည်များရှိသည်။

တစ်ဘက်လူသည် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်မှန်းသူသိသည်။ ထို့ကြောင့် ပထမအတန်းအစား သို့မဟုတ် ဒုတိယအတန်းအစား နတ်ဝင်ရိုးပိုင်ရှင်များကို စေလွှတ်ရအောင် သူက မိုက်မဲ၍ မဖြစ်ပေ။ ထို့ကြောင့် သူက ရှန်လင်အား စေလွှတ်ခဲ့သည်။

ရှန်လင်၏တိုက်ပွဲစွမ်းရည်သည် အလွန်အားကောင်း၏။ သူသည် အတိတ်က အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းလုနီးပါးဖြစ်ခဲ့သည်။

ရှန်လင်က ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများမှ စွမ်းအားများ ယိုစိမ့်ထွက်နေ၏။

“မင်းရဲ့ပြိုင်ဘက်က ငါမဟုတ်ဘူး” ရှန်လင်က သူ့အား စိုက်ကြည့်နေသည်ကိုမြင်လျှင် ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ယူချင်း…”

တစ်ဘက်လူသည် အတော်စွမ်းအားကြီးဟန်ရှိသည်။ သူ၏အစ်ကိုသုံးသည် ကောင်းကင်နတ်တံခါး၏ခေါင်းဆောင်ဖြစ်ရာ ရှေ့ထွက်တိုက်ခိုက်ရန် မသင့်တော်ပေ။ သူကိုယ်တိုင်ကလည်း တိုက်ခိုက်ရန် မသင့်တော်ပေ။ လီဟန်ဓားသမားမူကား တစ်ဘက်လူကို အနိုင်ရရန် ခက်ခဲ၏။

ထို့ကြောင့် ယူချင်းသည်သာ ရွေးချယ်ရာဖြစ်လာခဲ့သည်။

ဘုန်း…

ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်မှ လူတစ်ဦးထွက်လာသည်။ သူ့ခြေလှမ်းတွင် ကမ္ဘာမြေကြီးက တုန်ခါသွား၏။ ပတ်ဝန်းကျင်တစ်ခုလုံးကို သူ့ခြေလှမ်းသံက ဖုံးလွှမ်းသွား၏။

ယူချင်း၏သန်မာသော ခန္ဓာကိုယ်ကြီးသည် ရှန်လန်၏ရှေ့ကို ရောက်လာ၏။ ကျောင်းတော်ဘက်မှ ရီဖူရှင်းက ပြောသည် “ရှန်ကလန်က တတိယအဆင့်နတ်ဝင်ရိုးကို စေလွှတ်လိုက်တယ်ဆိုပေမယ့် ကျုပ်တို့ကတော့ ပထမအဆင့်နတ်ဝင်ရိုးပိုင်ရှင်က လုံလောက်တယ်။ ဒီနေ့ ကျုပ်တို့က ရှန်ကလန်ရဲ့စွမ်းရည်ကို ကြည့်ရတာပေါ့”

***


Comment

Leave a Reply


Options

not work with dark mode
Reset