အပိုင်း (၁၆၉၇)

သတ္တိ

ရင့်သီးလွန်းလေခြင်း…။

ယနေ့ရောက်လာသောရှန်ကလန်မှ လူများသည် ရင့်သီးကာ ရန်လိုလွန်းလှ၏။ သူတို့က တခြားလူများ၏စကားကို နားထောင်ခြင်းမရှိဘဲ ထျန်းဟယ်အကြီးအကဲကို ထျန်းဟယ်ဘုံသို့ ပြန်သွားလိုကြ၏။

ရှန်ကလန်အနေဖြင့် ထျန်းဟယ်အကြီးအကဲကို ထျန်းဟယ်ဘုံမှ ထွက်သွားခြင်းကို မလိုလားသလို ကိုယ်ပိုင်အင်အားစုတစ်ခုတည်ထောင်မည်ကိုလည်း မလိုလားပေ။

မမြင်ရသောဖိအားတစ်ခု ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖုံးလွှမ်းလာသည်။ ကျောင်းတော်ကား ယခုမှ စတင်တည်ထောင်ထားသော်လည်း ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်တို့၏ဖိအားကို ခံစားနေရ၏။ ထျန်းဟယ်အကြီးအကဲကသာ ကျောင်းအုပ်နေရာမှ နှုတ်ထွက်လိုက်ပါက ယနေ့လုပ်ခဲ့သော အခန်းအနားနှင့် အဖြစ်အပျက်များအားလုံးမှာ ဟာသတစ်ခုဖြစ်သွားပေလိမ့်မည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ကောင်းကင်အာဏာစက်ဘုံ၏နာမည်ကို ယူထားခြင်းဖြစ်သည်။ ကျောင်းတော်သည် အနာဂတ်တွင် ကောင်းကင်အာဏာစက်ဘုံ၏အမှတ်သင်္ကေတဖြစ်လာပေမည်။ ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများသည် ရီဖူရှင်းကို လာရောက်ဂုဏ်ပြုကြ၏။ တခြားသော ဘုံများမှ အင်အားစုများပင် လာရောက်ကြသည်။ ကျောင်းအုပ်သည် တခဏအတွင်း နှုတ်ထွက်ရန် ဖိအားပေးခြင်းခံရသည်မှာ မည်သို့သော အဓိပ္ပာယ်နည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်၏ဂုဏ်သတင်းမှာ မြောင်းထဲကို ရောက်သွားပေလိမ့်မည်။

ရှန်ကလန်က သည်ကိစ္စသည် ထျန်းဟယ်အကြီးအကဲနှင့် သူတို့ကြားက ကိစ္စဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း သူတို့၏ပစ်မှတ်က ကောင်းကင်အာဏာစက်ကျောင်းတော်ဖြစ်၏။

ရှန်ကလန်သည် ကောင်းကင်အာဏာစက်ကျောင်းတော် အင်အားကြီးလာမည်ကို မလိုလားပေ။

ထျန်းဟယ်အကြီးအကဲက ရှန်ကလန်မှ လူများကို ကြည့်သည်။ အမှန်တကယ်ပင် ရှန်ကလန်ကား ယခင်ကကဲ့သို့ ရင့်သီးမောက်မာသည်။

သူသည် တစ်ချိန်က ဗဟိုအင်ပါယာဘုံတွင် နာမည်ကျော်ကြားသူဖြစ်၏။ ထျန်းဟယ်ဘုံပဋိပက္ခအပြီးတွင်ပင် ရှန်ကလန်သည် သူ၏လွတ်လပ်မှုကို ထိန်းချုပ်လို၏။

သူသည် ရန်ဟောင်အဆင့်အမြင့်ဆုံးသော ဖြစ်တည်မှုဖြစ်သော်လည်း မည်သည့်ဂုဏ်သိက္ခာမှ မရှိတော့။

သို့သော်လည်း ထျန်းဟယ်အကြီးအကဲသည် အလွန်တည်ငြိမ်သည်။ သူကား ဤသို့သော အနေအထားမျိုးကို အသားကျနေပြီးဖြစ်သည်။ သူသည် စစ်ပွဲကြီးကို တွေ့ကြုံဖြတ်သန်းလာခဲ့သူဖြစ်သည်။ သူ့အနေဖြင့် သည်းမခံနိုင်သောအရာ မရှိတော့။

ထျန်းဟယ်အကြီးအကဲနှင့် နှိုင်းယှဉ်ပါက တခြားသောလူတို့၏အမူအရာများမှာ သိပ်မကောင်းပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ စွမ်းအားမြင့်တန်ခိုးရှင်များ၊ ရှောင်ကလန်၊သောကလန်နှင့် ယွမ်ယင်ကလန်တို့သည် စိတ်အားထက်သန်နေခဲ့ကြ၏။ သို့သော်လည်း ရင့်သီးမောက်မာသော ရှန်ကလန်သည် အရာအားလုံးကို ဖျက်ဆီးလိုက်သည်။

ရှန်ကလန်သည် သူတို့၏အမြင်ကို ထည့်တွက်ဟန်မရပေ။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ရိုက်ဖိနှိပ်လာခဲ့၏။

“ရှန်ကလန်… မင်းတို့က အရမ်းလွန်နေပြီ” ထိုအခိုက်တွင် အသံတစ်သံကို ကြားကြရသည်။ အရှင်ထိုက်ရွှမ်သည် စာကြည့်တိုက်၏အပေါ်လေထဲတွင် ရပ်နေသည်။ သူက ရှန်ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်များကို လှမ်းကြည့်ကာ ပြောသည် “ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဒီနေ့ တည်ထောင်တယ်။ မင်းတို့က ဖွင့်ပွဲကို လာတက်တာဆိုရင် ဘာမှ မပြောဘူး။ မဟုတ်ရင် ထွက်သွားကြတော့…”

သူ၏အသံက ဒေါသသံစွက်နေသည်။ သူက ရှန်ကလန်ကို ရင့်သီးသော စကားဖြင့် ပြန်တုန့်ပြန်သည်။

အတိတ်တွင် အရှင်ထိုက်ရွှမ်သည် ထျန်းဟယ်အကြီးအကဲနှင့်အတူ ဘုံများစွာကို ဖြတ်သန်းကာ အခက်အခဲများကို အတူရင်ဆိုင်ခဲ့ကြ၏။ ထျန်းဟယ်ဘုံတွင်ဖြစ်ပျက်ခဲ့သော ကိစ္စတွင် သူသည် အမြဲတမ်းအားဖြင့် သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။ ယခု သူသည် နောက်တစ်ဆင့်ကို တက်သွားခဲ့ရာ ရှန်ကလန်၏အနိုင်ကျင့်မှုကို မည်သို့ဆက်လက်၍ သည်းခံနိုင်မည်နည်း။

သူ၏စွမ်းအားကို ယခုအဆင့်အထိ ကျင့်ကြံလာပြီးမှ ထပ်မံ၍ သံသယဖြစ်စရာမလိုတော့။ သူ၏ကျင့်ကြံခြင်းကား အဆင့်ကုန်နေလေပြီ။ ထို့ကြောင့် သူကိုယ်တိုင်က သူ့စိတ်နှလုံး၏သဘောဆန္ဒနောက်ကိုသာလိုက်၍ ပြုမူဆောင်ရွက်တော့မည်။ ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့အား ရင်ဆိုင်ရမည်ကို သူဂရုမစိုက်တော့။

သူက ထိုသို့ပြောလျှင် မမြင်ရသော စွမ်းအားတစ်ခုသည် အဆုံးအစမဲ့သော လေဟာပြင်၌ ဖြစ်ပေါ်လာ၏။ ကောင်းကင်မှ တိမ်များသည် ရွှေရောင်အလင်းများ ထင်ဟပ်လာ၏။ တစ်လောကလုံးသည် ကြီးမားသော ဖိအားအောက်သို့ သက်ဆင်းသွား၏။ ရန်ဟောင်အဆင့်အောက်မှ လူများသည် အသက်ရှုရန်ပင် ခက်ခဲသော အနေအထားဖြစ်လာသည်။

စစ်ပွဲက မဖြစ်သေးသော်လည်း ဖိအားသည် လူတိုင်းကို မသက်မသာခံစားရစေ၏။

အရှင်ထိုက်ရွှမ်သည် သူ၏သဘောထားကို ထင်ရှားစွာ ဖော်ပြနေသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် အနည်းငယ် အပြစ်ရှိသလို ခံစားရ၏။ သူသည် အရှင်ထိုက်ရွှမ်အား အရှုပ်ထုပ်ထဲသို့ ဆွဲသွင်းခဲ့မိ၏။ သို့သော်လည်း ကျောင်းတော်တည်ငြိမ်ရန်အတွက် သူသည် ရွေးချယ်စရာမရှိခဲ့။

ထျန်းဟယ်အကြီးအကဲသည် ကျောင်းတော်သို့ မလာခင် ထိုက်ရွှမ်တောင်သို့ ဦးစွာ သွားရောက်ခဲ့၏။ အကြီးအကဲနှစ်ဦးသည် သူ၏အစီအစဉ်ကို နားလည်ကြောင်း သိပေသည်။ ရီဖူရှင်း၏ဆန္ဒကို သူတို့နားလည်ကာ ကူညီလိုကြသည်။

ရှန်ကလန်မှ တန်ခိုးရှင်များသည် အရှင်ထိုက်ရွှမ်၏ပြင်းထန်စွာ တုန့်ပြင်မှုကို အံ့အားသင့်သွားကြ၏။

ရွှေရောင်နတ်ပြည်ထောင်အရှင်သည် သူ၏ရွှေပလ္လင်တွင် ထိုင်နေဆဲဖြစ်သည်။ သူကား အရှိန်အဝါကြီးကာ ရင့်သီးသည်။ သူ့အနေဖြင့် ဖြစ်ပျက်နေသည်များနှင့် မသက်ဆိုင်ဘဲ ပွဲကြည့်ပရိသတ်အလား ငြိမ်သက်စွာ ကြည့်နေ၏။

“အရှင်ထိုက်ရွှမ်… ခင်ဗျားက ရှန်ကလန်နဲ့ ထျန်းဟယ်အကြီးအကဲတို့ကြားကိစ္စမှာ ပါဝင်ပါတ်သက်မလို့လား” ရှန်ကလန်မှ တန်ခိုးရှင်က အေးစက်စွာ ပြောသည်။

“ရှန်ကလန်ကပဲ ကောင်းကင်အာဏာစက်ကျောင်းတော်တည်ထောင်တာကို လာနှောင့်ယှက်နေတာမဟုတ်ဘူးလား။ ပြီးတော့ ထျန်းဟယ်အကြီးအကဲက ကျောင်းတော်ကျောင်းအုပ်နေရာကို ယူတာမှာ ရှန်ကလန်က ဘာကိစ္စလာတားနေရတာလဲ” အရှင်ထိုက်ရွှမ်က ဆက်ပြောသည် “ကျုပ်ထပ်ပြောမယ်။ မင်းတို့ ဘာကိစ္စမှ မရှိတော့ရင် ထွက်သွားကြတော့…”

ရှန်ကလန်ကား အလွန်အင်အားကြီးမားသည်။ သူတို့သည် ဘုံကိုးခုတွင် အင်အားအကြီးဆုံးကလန်တစ်ခုဖြစ်၏။ သို့သော်လည်း စွမ်းအားအကြီးဆုံးသောသူတစ်ဦးတစ်ယောက် မလာရောက်ဘဲ မည်သူက အရှင်ထိုက်ရွှမ်ကို ယှဉ်နိုင်မည်နည်း။

ရှန်ကလန်က တိုက်ခိုက်မည်လော သူသိလိုသည်။

အရှင်ထိုက်ရွှမ်၏စကားကိုကြားလျှင် ရှန်ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်များက ရယ်မောလိုက်ကြသည်။ ကျင့်ကြံခြင်းအဆင့်၏အကန့်အသတ်ကို ဖြတ်ကျော်ခဲ့သည်ဆိုသော အရှင်ထိုက်ရွှမ်၏ဂုဏ်သတင်းသည် သူ၏အပြုအမူနှင့် လိုက်ဖက်လှ၏။

သူက ရှန်ကလန်နှင့် တိုက်ခိုက်လိုသည်လား။

ရှန်ကလန်မှ တန်ခိုးရှင်က မြေပြင်မှ လူအုပ်ကြီးကို လှမ်းကြည့်သည်။ ထို့နောက် အေးစက်စွာ ပြောသည် “ထျန်းဟယ်ဘုံက တိုက်ပွဲမှာ ထျန်းဟယ်အကြီးအကဲရဲ့ တပည့် သုံးထောင်ဟာ ဘယ်လိုဆိုးဆိုးဝါးဝါး သေခဲ့တယ်ဆိုတာ ကြားဖူးကြတယ်မလား။ ဘာလို့ ကောင်းကင်အာဏာစက်ကျောင်းတော်က တခြားလူတွေကို ပါဝင်ပတ်သက်စေချင်သေးတာလဲ”

သူက ဆက်လက်၍ ခြမ်းခြောက်ပြောဆိုသည် “ထျန်းဟယ်အကြီးအကဲသာ ကျောင်းအုပ်ဖြစ်လာရင် ကောင်းကင်အာဏာစက်ကျောင်းတော်ဟာ ထျန်းဟယ်အကြီးအကဲရဲ့အဖွဲ့အစည်းအဖြစ်သတ်မှတ်ရမှာပဲ။ မင်းတို့အားလုံး သတိထားစေချင်တယ်”

“သတိထား” ဟူသော ခြိမ်းခြောက်မှုက ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားကာ ပိတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

ရှန်ကလန်သည် ထျန်းဟယ်အကြီးအကဲ၏တပည့် သုံးထောင်ခန့်ကို သတ်ဖြတ်ခဲ့သည်။

သူတို့ကား မည်သည့်အရာကိုမှ ဖုံးကွယ်မထားကြပေ။

အကယ်၍ ထျန်းဟယ်အကြီးအကဲသည်သာ ကောင်းကင်အာဏာစက်ကျောင်းတော်၏ကျောင်းအုပ်ဖြစ်လာပါက ရှန်ကလန်သည် ထိုကျောင်းတော်၌ မည်သူမှ လာရောက် မလေ့ကျင့်ရဲအောင် လုပ်ပေမည်။

ပလ္လင်ပေါ်တွင်ထိုင်နေသော ရွှေရောင်နတ်ပြည်ထောင်အရှင်သည်လည်း ကြီးမားသော အန္တရာယ်အငွေ့အသက်ကို ပေးနေ၏။ ထိုအဖြစ်က အားလုံးကို ကျောချမ်းစေသည်။ ကျောင်းတော်၌ လာရောက်လေ့ကျင့်ရန် ကြံစည်နေကြသော မရေမတွက်နိုင်သောလူတို့မှာ တွေဝေနေကြသည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်က တပည့် ဘယ်နှစ်ယောက် လက်ခံနိုင်မလဲ ငါသိချင်တယ်” ရွှေရောင်နတ်ပြည်ထောင်အရှင်က ပြောသည်။

ရှန်ကလန်သည် ပထမဆုံး ထျန်းဟယ်အကြီးအကဲကို ဖိနှိပ်သည်။ ယခု တပည့်များကို ဖိနှိပ်၏။ သူတို့၏နည်းလမ်းကား ရက်စက်ကြမ်းကြုတ်လွမ်းပေသည်။

မဟာလမ်းစဉ်ကို ဖြန့်ဝေသင်ကြားရာနေရာတစ်ခုအနေဖြင့် မည်သူမှ ကျောင်းတော်ကို မဝင်ရောက်ရဲဆိုပါက မည်မျှ အရှက်ရစရာကောင်းမည်နည်း။

“ထျန်းဟယ်အကြီးအကဲက ခင်ဗျားတို့ရဲ့ ကျောင်းအုပ်ဖြစ်လာတော့မှာဆိုတော့လည်း… ဆက်လုပ်ကြပါ” ရှန်ကလန်တန်ခိုးရှင်က အေးစက်စွာ ပြောသည်။ သူက ကျောင်းတော်၏အထက်ကောင်းကင်တွင် ရပ်ကာ အေးစက်စွာ ကြည့်နေသည်။

ရီဖူရှင်းက ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်တို့ကို ကြည့်လိုက်သည်။ ထို့နောက်သူက လူအုပ်ကြီးကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည် “ကောင်းကင်အာဏာစက်ကျောင်းတော်က တစ်လောကလုံးကလူတွေအကုန်လုံးကို လက်ခံတယ်။ သူတို့က စမ်းသပ်စစ်ဆေးမှုကိုတော့ ကျော်ဖြတ်ရမယ်။ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်တဲ့သူက ကျောင်းတော်ကို ဝင်ရောက်လေ့ကျင့်နိုင်တယ်။ ကျောင်းတော်ရဲ့ ပင်မတပည့်တွေကို ရိုးရိုးတပည့်တွေထဲက ရွေးချယ်သွားမယ်”

“တပည့်ရွေးချယ်တဲ့ကာလကိုတော့ အကြမ်းဖျင်း သုံးလ သတ်မှတ်ထားတယ်။ ကျောင်းတော်ကို ဝင်ရောက်ချင်တဲ့သူတွေကတော့ အခုကစပြီး စစ်ဆေးမှုကို ခံယူနိုင်ပြီ”

ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်ကာ ပြောသည်။

ကောင်းကင်အာဏာစက်မြို့တွင် မရေမတွက်နိုင်သောလူများ ရှိနေသည်။ သို့သော်လည်း မည်သူမှ ထွက်လာခြင်းမရှိပေ။ များစွာသောလူတို့သည် အချင်းချင်းတီးတိုးပြောနေကြ၏။ အခြေအနေကား ငြိမ်သက်နေသည်။

ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့သည်သာ ရောက်မလာလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် မည်မျှ စည်ကားလိုက်မည်နည်း။

အရည်အသွေးမြင့် ပါရမီရှင်များသည် ကျောင်းတော်ကို တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ကြမည်ဖြစ်သည်။

သို့သော်လည်း ထိပ်သီးအင်အားစုနှစ်ခု၏ခြိမ်းခြောက်မှုအောက်တွင် မည်သူမှ အရမ်းကာ‌ရော မဆုံးဖြတ်ရဲကြပေ။

ရွှေရောင်နတ်ပြည်ထောင်အရှင်ကလည်း လူအုပ်ကြီးကို စူးရှစွာ ကြည့်နေသည်။ သူ၏မျက်နှာတွင် သရော်သော အပြုံးယဲ့ယဲ့တစ်ခုရှိနေ၏။

လူအုပ်ထဲတွင် ကလန်တစ်ခုမှလာဟန်ရသောလူတစ်စု ရှိနေသည်။ သူတို့ထဲမှ အမျိုးသမီးတစ်ဦး ရှေ့ကို တက်လာ၏။

“ချင်းယွီ…” တစ်ယောက်က လှမ်းခေါ်လိုက်သည်။ ယွင်ချင်းယွီက သူမ၏မိသားစုဝင်များကို ပြန်လှည့်ကြည့်သည်။

“ကျွန်မ သွားချင်တယ်…” သူမက ပြန်ပြောသည်။ ရီဖူရှင်းက သူမကို ကယ်တင်ရန်အတွက်သာ တပည့်အဖြစ် လက်ခံခဲ့သည်ကို သူမ နားလည်၏။ သို့သော်လည်း သူမ၏စိတ်နှလုံးထဲတွင်ကား ရီဖူရှင်းကို အမြဲတမ်းအားဖြင့် ဆရာအဖြစ်သတ်မှတ်ထားသည်။

ယွင်ကလန်မှ လူများ တွန့်ဆုတ်နေကြ၏။ ထိုအင်အားစုနှစ်ခုမှာ အလွန်ကြောက်စရာကောင်းသည်။ ရွှေရောင်နတ်ပြည်ထောင်အရှင်သည် ပလ္လင်ထက်မှ အေးစက်စွာ ကြည့်နေ၏။ ရှန်ကလန်ကမှ တန်ခိုးရှင်များကလည်း ရပ်ကြည့်နေရာ မည်သူမှ ရှေ့ကို မတက်ရဲကြပေ။

ပထမဆုံးရှေ့ကို ထွက်လာသောသူသည် သေချာပေါက် ထိုအင်အားစုနှစ်ခုကို အပြစ်ပြုမိတော့မည်ဖြစ်သည်။

ထို့ကြောင့် မည်သူမှ ရှေ့ကို မထွက်ရဲကြ။

“ချင်းယွီ…” ယွင်ကလန်၏လက်ရှိခေါင်းဆောင်က ယွင်ချင်းယွီကို ကြည့်ကာ ပြောသည် “သွား…”

ရီဖူရှင်းကြောင့်သာမဟုတ်ခဲ့လျှင် သူ၏မျိုးဆက်မှာ ပြတ်သွားသည်မှာ သေချာ၏။

သူ့အနေဖြင့် ပြန်လည်၍ ကျေးဇူးဆပ်ရန်လိုသည်။

“အင်း…” ယွင်ချင်းယွီက ပြုံးလျှက်ခေါင်းညိတ်သည်။ ထို့နောက် သူမက ရှေ့ကို တက်သွား၏။

သူမက လူအများအပြားကို ကျော်ဖြတ်သွားသည်။ အားလုံးက သူမအား ထူးဆန်းစွာ ကြည့်နေကြ၏။ သူမက ဘာလုပ်လိုသနည်း။

ယွင်ချင်းယွီ၏ကျင့်ကြံခြင်းအဆင့်ကား သိပ်မမြင့်ပေ။ ထို့အပြင် သူမသည် အမျိုးသမီးဖြစ်၏။ သူမက ပထမဆုံး ရှေ့ထွက်သူဖြစ်ချင်နေသည်လား။

ယွင်ချင်းယွီက ရှေ့ကို တက်သွားကာ ကောင်းကင်အာဏာစက်ကျောင်းတော်၏မုဒ်တံခါးဝရှေ့ကို ရောက်လာ၏။ မရေမတွက်နိုင်သောလူများက သူမကို ကြည့်နေကြသည်။ ရွှေရောင်နတ်ပြည်ထောင်အရှင်နှင့် ရှန်ကလန်မှ တန်ခိုးရှင်တို့ကပင် သူမကို ကြည့်နေသည်။

သူမကား အနည်းငယ် တုန်ယင်နေ၏။ ထိုအကြည့်များမှာ သူမကို ကြီးမားသော ဖိအားများဖြစ်စေသည်။ သူမ၏လက်ရှိခံစားချက်ကို မည်သူမှ နားလည်မည်မဟုတ်ပေ။

သို့သော်လည်း သူမသည် ခေါင်းမော့ကာ ရှေ့ကို ဆက်လျှောက်သွားနေ၏။ သူမက အနည်းငယ်တုန်ယင်နေသော်လည်း နောက်မဆုတ်ပေ။ သူမက ကောင်းကင်အာဏာစက်ကျောင်းတော်ရှေ့ကို လျှောက်သွားကာ ပြောသည် “ကျွန်မက စစ်ဆေးမှုကို ခံယူပြီး ကျောင်းတော်မှာ လေ့ကျင့်ချင်ပါတယ်”

“ချင်းယွီ…” ရီဖူရှင်းက သူမကို မြင်လျှင် အလွန်အံ့အားသင့်သွား၏။ သူမကား သူ ကောင်းကင်အာဏာစက်ဘုံကို ရောက်လာစဉ်က ပထမဆုံးတွေ့ခဲ့သော အမျိုးသမီးဖြစ်သည်။ သူက သူမအား မေ့လျော့၍ပင် နေလေပြီ။

ယခုကဲ့သို့သောအချိန်တွင် သူမက ရှေ့ကို ထွက်လာမည်ဟု သူ မထင်ထားပေ။

ယွင်ချင်းယွီက ရီဖူရှင်း၏အကြည့်နှင့်ဆုံမိလျှင် တောက်ပစွာ ပြုံးသည်။ သူမ၏ဆရာက သူမကို မေ့လျော့သွားလျှင်ပင် သူမက မေ့မည်မဟုတ်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset