အပိုင်း (၁၆၉၅)

ကျောင်းတော်တည်ထောင်ခြင်း

ဟွာဂျီယူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို ကျင့်ကြံခြင်း ရီဖူရှင်းသိသည်။ သူမသည် ရှားရှင်းယွန်နှင့် တခြားဘုံများသို့ သွားရောက်လေ့ကျင့်စဉ်က ထိုပညာရပ်ကို ရလာခြင်းဖြစ်သည်။ ထိုပညာရပ်ကို လေ့ကျင့်ခြင်းကြောင့်ပင် သူမသည် တော်ဝင်ကျဲနန်းတော်တိုက်ပွဲ၌ ဗြမ္မာ့သန့်စင်သခင်မ၏အာရုံစိုက်မှုကို ရရှိခဲ့ခြင်းဖြစ်ရပေမည်။

ထိုအကြောင်းပြချက်ကြောင့်သာ သူမသည် ဤလောက၌ ဆက်လက်တည်ရှိနေခြင်းဖြစ်ရပေမည်။ မဟုတ်လျှင် သူမ၏နောက်ဆုံးသော အသက်ဝိညာဉ်သည် လောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားပေလိမ့်မည်။

ထိုသို့တွေးမိလျှင် အကြီးအကဲများပြောသည်မှာ ဖြစ်နိုင်ကြောင်း သူကောက်ချက်ချသည်။ ထိုပညာရပ်ကြောင့်သာ ဟွာဂျီယူသည် အသက်ရှင်နိုင်ခဲ့၏။ သူမ၏အသက်ကို သူမ, မပိုင်တော့။

ထိုအချက်ကို နောက်ထပ်သီအိုရီတစ်ခုဖြင့် သက်သေပြနိုင်သေးသည်။ ဗြမ္မာသန့်စင်ကောင်းကင်၌ ရွယ်ထျန်းနတ်သမီးနှင့် ချင်းဟယ်သမီးတော်တို့ရှိကြ၏။ သို့သော်လည်း အဘယ်ကြောင့် ဟွာဂျီယူသည်သာ သခင်မ၏တိုက်ရိုက်တပည့်ဖြစ်နေရသနည်း။ အဘယ်ကြောင့် သခင်မက သူမကို များစွာ အလေးထားရသနည်း။

သို့ဆိုလျှင် သခင်မသည် အဘယ်ကြောင့် ဟွာဂျီယူကို သူ့ဘေးသို့ စေလွှတ်လိုက်သနည်း။ သူက သခင်မ၏လျှို့ဝှက်ချက်များကို ဖော်ထုတ်သိရှိသွားမည်ကို မစိုးရိမ်ပေဘူးလား။ သို့သော် တစ်ဘက်လူက ထိုအချက်ကို ဂရုမစိုက်ကြောင်း သိသာနေ၏။

ရီဖူရှင်းက ဟွာဂျီယူရှိနေရာသို့ ကြည့်လိုက်သည်။ ဗြမ္မာ့သန့်စင်သခင်မ အနိုင်ရရှိသွားပြီဖြစ်ကြောင်း ရီဖူရှင်း သိသည်။ သူ့အနေဖြင့် အမှန်တရားကိုသိလျှင်ကော မည်သို့တတ်နိုင်မည်နည်း။ ဟွာဂျီယူကို တိုက်ခိုက်ရမည်လော။

တစ်ဖန် သူက ဗြမ္မာ့သန့်စင်ကောင်းကင်သို့ သွားရောက်တိုက်ခိုက်နိုင်သေးသည်။ သို့သော်လည်း ထိုသို့လုပ်လိုက်ပါက ဂျီယူ ပျောက်ကွယ်သွားမည်ကိုလည်း စိုးရိမ်၏။

ထိုအခိုက်တွင် ရီဖူရှင်း၏စိတ်နှလုံးကား ရှုပ်ထွေးနေသည်။

ရုတ်တရက် ရီဖူရှင်း၏ခေါင်းထဲ၌ အတွေးတစ်ချက်ဝင်လာသည်။ အတိတ်တွင် သူသည် ဟွာဂျီယူ၏တည်ရှိမှုကို နှစ်ကြိမ်တိတိ ခံစားမိခဲ့၏။ ဆိုလိုသည်က ဟွာဂျီယူသည် ထိန်းချုပ်ခံထားရသော်လည်း သူမ၏အသိစိတ်လုံးဝ ပျောက်ကွယ်သွားခြင်းမဟုတ်ပေ။ သူမ၏အသိစိတ်ထဲ နက်ရှိုင်းစွာ ပုန်းနေသော မှတ်ဉာဏ်များရှိနေသေးသည်။

ထို့ကြောင့်ပင် သူသည် ဟွာဂျီယူ၏တည်ရှိမှုကို ခံစားမိခဲ့၏။

ထိုသို့တွေးမိလျှင် သူ၏နှလုံးသားထဲ မျှော်လင့်ချက်ရောင်ခြည်များသန်းလာခဲ့၏။

မည်သူမှ ရီဖူရှင်းကို အနှောင့်အယှက်မပေးကြပေ။ မထင်မှတ်ထားသည့် အဖြစ်အပျက်က စွမ်းအားမြင့်တန်ခိုးရှင်များအားလုံးကို ထိတ်လန့်စေခဲ့သည်။ ရီဖူရှင်း၏ဇနီးမှာ ဗြမ္မာ့သန့်စင်သခင်မ၏ထိန်းချုပ်မှုကို ခံထားရ၏။

“နတ်မိမယ်ချင်း… ခင်ဗျားလည်း ကျောင်းတော်မှာ လေ့ကျင့်နိုင်ပါတယ်” ရီဖူရှင်းက ဗြမ္မာ့သန့်စင်ကောင်းကင်မှ လူစုအား ကြည့်ကာ ပြောသည်။ ချင်းဟယ်က ရီဖူရှင်းကို လှပသော မျက်လုံးများဖြင့် ကြည့်သည်။ သူမက အနည်းငယ် တွေဝေနေ၏။ ယခင်က သူမသည် ရီဖူရှင်းနှင့်အတူ လေ့ကျင့်လိုခဲ့သော်လည်း သခင်မက သူမအား ခွင့်မပြုခဲ့ပေ။

“နင်လည်း နေခဲ့နိုင်တယ်” ချင်းဟယ်ဘေးမှ နတ်သမီးက ပြောသည်။

“ကောင်းပြီ…” ချင်းဟယ်က ပြုံးလျှက်ခေါင်းညိတ်သည်။ သူမသည်လည်း အလွန်စိတ်လှုပ်ရှားနေ၏။ သခင်မလက်ခံခဲ့သော တပည့်မမှာ ရီဖူရှင်း၏ဇနီးဖြစ်နေသည်။

အတိတ်တွင် ရီဖူရှင်းက သူမနှင့်ပတ်သက်၍ နှစ်ကြိမ်တိတိ မေးခဲ့ခြင်းမှာ မထူးဆန်းတော့။

ချင်းဟယ်က ခေါင်းညိတ်သည်ကိုမြင်လျှင် ရီဖူရှင်းက သူ၏အကြည့်ကို လွှဲလိုက်သည်။ ယနေ့တွင် များစွာသော ထိပ်သီးတန်ခိုးရှင်များ လာရောက်ကာ ဂုဏ်ပြုတက်ရောက်ကြ၏။ အခန်းအနားကျင်းပသော အိမ်ရှင်ဖြစ်သည့်အလျှောက် သူ့အနေဖြင့် ပုဂ္ဂိုလ်ရေးကိစ္စများကို ဘေးဖယ်ထားရပေမည်။ အရှင်ထိုက်ရွှမ်နှင့် သောကလန်တို့သည် သူ့အား လေးစားသောကြောင့် ရောက်လာကြခြင်းဖြစ်သည်။

ဂျီယူနှင့်ပတ်သက်၍ သူသည် အခြေအနေကို ကောင်းကောင်းနားလည်အောင် ဦးစွာ ကြိုးစားရပေမည်။ ဗြမ္မာ့သန့်စင်သခင်မက သူမအား သည်နေရာသို့ စေလွှတ်မှတော့ သူ့တွင် အခြေအနေကို စုံစမ်းစစ်ဆေးရန် အချိန်ရှိပေသည်။

“စီနီယာ…” ရီဖူရှင်းက ပြောသည်။ သူက စွမ်းအားမြင့်တန်ခိုးရှင်များကို အခန်းအနားကျင်းပရာနေရာသို့ ခေါ်သွား၏။

ယနေ့တွင် သောကလန်နှင့် ထိုက်ရွှမ်တောင်တို့သည်သာ ကောင်းကင်အာဏာစက်မြို့သို့ ရောက်လာသည်မဟုတ်ပေ။ များစွာသော ထိပ်သီးအင်အားစုများသည်လည်း ရောက်လာကာ လူအုပ်ထဲ ရောနှောနေကြ၏။

ရီဖူရှင်း ထျန်ရှင်းကျောင်းတော်မှ ထွက်သွားပြီးကောင်းကင်အာဏာစက်ဘုံ၌ ကြီးစွာ လှိုင်းထန်ခဲ့သော သတင်းသည် တခြားသောဘုံများသို့အထိ ရောက်သွားပြီးဖြစ်သည်။ လက်ရှိတွင် ကောင်းကင်အာဏာစက်ဘုံသည် ရီဖူရှင်း၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဟုပင် ဆိုနိုင်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏အဓိကရည်ရွယ်ချက်မှာ သင်ကြားခြင်းဖြစ်သော်လည်း လက်ရှိတွင် ကောင်းကင်အာဏာစက်ဘုံရှိ မည်သည့်အင်အားစုမှ ကောင်းကင်အာဏာစက်ကျောင်းတော်ကို မယှဉ်နိုင်တော့ပေ။

ရီဖူရှင်း၏ကျင့်ကြံဆင့်နိမ့်နေသေးသည်မှလွဲ၍ သူတို့သည် တခြားသော ထိပ်သီးအင်အားစုများကို ယှဉ်နိုင်သော အနေအထားသို့ ရောက်နေပြီဖြစ်သည်။

မကြာခင်ဖွင့်လှစ်တော့မည့် ကောင်းကင်အာဏာစက်ကျောင်းတော်သည် လောက၏အမြင့်ဆုံးသောနေရာ၌ ရပ်နေနိုင်သော ထိပ်သီးတန်ခိုးရှင်များသာ လိုအပ်တော့သည်။ ထို့ကြောင့် ရီဖူရှင်းသည် အရှင်ထိုက်ရွှမ်အား ဖိတ်ကြားခဲ့၏။

နောက်ဆုံးတွင် ကောင်းကင်အာဏာစက်ကျောင်းတော်တည်ထောင်မည့်နေ့ ရောက်လာခဲ့၏။

ကောင်းကင်အာဏာစက်မြို့ကား ဘုံပေါင်းများစွာမှ တန်ခိုးရှင်များဖြင့် ပြည့်နှက်နေ၏။

ကောင်းကင်အာဏာစက်ဘုံတွင် ဤသို့သော ကြီးမားသော အခိုက်အတန့်မှာ ရှားပါးလွန်းလှသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်၏နန်းမြို့တော်ဟောင်းနေရာကို နေရောင်များ ဖြန်းပက်ထားသည်။ ထိုအဖြစ်က ကြီးကျယ်ခန်းနားသော အမြင်ကို ဖြစ်စေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ရှေးဟောင်းအငွေ့အသက်များနှင့် သမိုင်း၏မှတ်တိုင်များကို ထင်ဟပ်စေသည်။ မှန်သည်၊ ကောင်းကင်အာဏာစက်မြို့ကား ကောင်းကင်အာဏာစက်ပြည်ထောင်၏မြို့တော် မဟုတ်တော့။ ယခု သည်မြို့၏ကံကြမ္မာသည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ပေါင်းစပ်သွားချေပြီ။

ကျောင်းတော်၏အမြင့်ဆုံးသော အဆောက်အဦသည် အထူးခြားဆုံးဖြစ်၏။ အဆောက်အဦ၏ပုံစံမှာ ရှေးဟောင်းပေလွှာများ အဆင့်ဆင့်ထပ်ထားသော ပုံစံဖြစ်သည်။ ၄◌င်းကား စာကြည့်တိုက်ဖြစ်၏။ စာကြည့်တိုက်၏အမြင့်ဆုံးသော အလွှာမှာ အလွန်မြင့်မားသော ရှေးဟောင်းပေလွှာတစ်ချပ်ဖြစ်၏။

ထိုအခိုက်တွင် များစွာသော လူတို့သည် ရှေးဟောင်းစာအုပ်၏ရှေ့တွင် ရပ်နေကြ၏။ သူတို့မှာ ရီဖူရှင်း၊ နဂါးဘုရင်၊ ရွှေမီးငှက်နတ်ငှက်မိစ္ဆာ၊ နတ်တောင်ကုန်းတစ်ထောင်အရှင်၊ အရှင်ထိုက်ရွှမ်၊ ထျန်းဟယ်အကြီးအကဲနှင့် ဂူတုံးလျှိုတို့ဖြစ်ကြ၏။

တစ်ယောက်စီတိုင်းသည် အမြင့်ဆုံးသော အဆင့်အတန်းကို ပိုင်ဆိုင်၏။ သူတို့အောက်မှ စာကြည့်တိုက်၏အထပ်တွင်ကား ပိုမိုစွမ်းအားကြီးသောအုပ်စုတစ်စုလည်းရှိသည်။ သူတို့သည် ထိပ်သီးအင်အားစုများမှာ ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြသည်။ ကျန့်ချန်ကျီနှင့် ဟွားကျန့်ချန်တို့သည်လည်း ထိုနေရာတွင်ရှိနေသည်။ သူတို့သည် ကောင်းကင်နတ်တံခါး၏ခေါင်းဆောင်များဖြစ်ကြ၏။

ထိုမြင်ကွင်းကိုမြင်လျှင် လူအများအပြားက သဘောပေါက် နားလည်ကြ၏။

ရီဖူရှင်းမှလွဲလျှင် တခြားလူများအားလုံးသည် အဖွဲ့အစည်းတိုင်း၏ခေါင်းဆောင်များဖြစ်ကြ၏။ ဂူတုံးလျှိုသည်ပင် ကောင်းကင်နတ်တံခါး၏ခေါင်းဆောင်ဖြစ်သည်။

“စီနီယာ… စာလုံးရေးထွင်းဖို့အချိန်ကျပါပြီ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ နဂါးဘုရင်၊ နတ်ဆင်အင်ပါယာ၊ ရွှေမီးငှက်နတ်ငှက်မိစ္ဆာနှင့် နတ်တောင်ကုန်းတစ်ထောင်အရှင်တို့ ရှေးဟောင်းစာအုပ်ထံသို့ လျှောက်သွားကြသည်။

နဂါးဘုရင်က ‘ကောင်းကင်’ စာလုံးကို ရေးထွင်း၏။ ရွှေမီးငှက်နတ်ငှက်မိစ္ဆာက ‘အာဏာစက်’ စာလုံးကို ရေးထွင်း၏။ ရွှေရောင်မီးတောက်များက ရှေးဟောင်းစာအုပ်ကို ထွန်းလင်းတောက်ပစေ၏။

နတ်ဆင်အင်ပါယာက ‘ကျောင်းတော်’ စာလုံးကို ရေးထွင်း၏။ နတ်တောင်ကုန်းတစ်ထောင်အရှင်က စာလုံးများကို အချောသပ်ပေးသည်။

စာလုံးများသည် ဂုဏ်ရှိန်ဂုဏ်ဝါမြင့်မားသော အရှိန်အဝါအားပေး၏။ ထိုအဖြစ်က မရေမတွက်နိုင်သော စိတ်နှလုံးတို့အား ကြီးမားသော ခွန်အားပေးသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်….။

“အရှင်… စာလုံးကို ရေးထွင်းပေးပါ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ အားလုံး၏အကြည့်က အရှင်ထိုက်ရွှမ်ထံသို့ ရောက်သွား၏။

အရှင်ထိုက်ရွှမ် ခေါင်းညိတ်သည်။ သူက စာအုပ်တွင် စာတစ်လုံးကို ရေးထွင်းလိုက်၏။ သူရေးထွင်းလိုက်သောစာလုံးသည် စာအုပ်၏အပြင်ဘက်၌ လွင့်မြောနေ၏။

“လမ်းစဉ်…”

စာလုံးသည် စာအုပ်ပေါ်ကို ကျဆင်းသွားလျှင် မဟာလမ်းစဉ်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားဟန်ရ၏။ ကျောင်းတော်တစ်ခုလုံးသည် လမ်းစဉ်၏အငွေ့အသက်များဖြင့် လွှမ်းခြုံသွား၏။ ထိုအခိုက်တွင် မရေမတွက်နိုင်သောလူတို့သည် ‘လမ်းစဉ်’စာလုံးကို ကြည့်လိုက်ကြ၏။ အချို့ကား ထိုနေရာတွင်ပင် ထိုင်ကာ ကျင့်ကြံလိုသော ဆန္ဒများဖြစ်နေကြသည်။

ရန်ဟောင်အဆင့်တန်ခိုးရှင်များအတွက်ပင် ထိုဆန္ဒက ချုပ်တီးရန် ခက်၏။

ရီဖူရှင်းက ပြုံးလိုက်သည်။ ထိုက်ရွှမ်တောင်၌ အရှင်ထိုက်ရွှမ်သည် သူ၏အဆင့်ကို တက်လှမ်းခဲ့၏။ ယခု သူသည် အရှင်ထိုက်ရွှမ်ကား သည်နေရာသို့ ဖိတ်ခေါ်နိုင်မှတော့ အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ ထို့ကြောင့် သူက ပထမဆုံး ဧည့်အကြီးအကဲကို ‘လမ်းစဉ်’စာလုံးအား ရေးထွင်းစေ၏။

သည်နည်းဖြင့် အရာအားလုံးသည် ပြီးပြည့်စုံသွားပေမည်။

စာအုပ်ပေါ်မှ စာလုံးက ကျောင်းတော်သည် လမ်းစဉ်ကို ဖြန့်ကျက်သင်ကြားပေးရာနေရာဟု ဖော်ပြနေသည်။

သူတို့အုပ်စုက နောက်လှည့်ကာ အဝေးကို လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာသည် ကောင်းကင်အာဏာစက်မြို့ ဖြစ်ပြီး မရေမတွက်နိုင်သော လူများစုဝေးနေကြ၏။ သူတို့အားလုံးသည် ကောင်းကင်အာဏာစက်ဘုံ၏အရေးကြီးသော အခိုက်အတန့်ကို စောင့်ကြည့်နေကြသည်။

“ဖူရှင်း… မင်း ကြေညာသင့်တယ်”

မရေမတွက်နိုင်သောလူများက ရီဖူရှင်းကို ကြည့်ကြသည်။ သူသည် ကျောင်းတော်၏ပထမဆုံးသော ကျောင်းအုပ်နေရာအား ကျင့်ကြံခြင်းအဆင့်နိမ့်သောကြောင့် မယူဖြစ်သော်လည်း သူ၏ကြိုးပမ်းအားထုတ်မှုကြောင့်သာ ကျောင်းတော်ဖြစ်လာရသည်ကို အားလုံးက နားလည်ကြသည်။ လက်ရှိတွင် သူက ကျောင်းတော်ဖွင့်လှစ်ခြင်းအား ကြေညာခြင်းသည် သင့်တင့်လျှောက်ပတ်၏။

“ကောင်းပြီ…” ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်သည်။ သူက တွန့်ဆုတ်မနေတော့။ သူက ရှေ့ကိုတက်သွားကာ ကောင်းကင်ထက်၌ တစ်ဦးတည်းရပ်သည်။ သူက မရေမတွက်နိုင်သောလူတို့အား လှမ်းကြည့်လိုက်၏။

ထိုအခိုက်တွင် သူ၏စကားတစ်ခွန်းသည် သမိုင်းတစ်ခေတ်ကို ကိုယ်စားပြုတော့မည်ဖြစ်သည်။

လီဟန်ဓားသမား၊ ရာရာ၊ ယူချင်း၊ ရီဝူချင်း၊ ဟောင်ကျူဂီ၊ ဝမ်ချွမ်းနှင့် တခြားလူများအားလုံးသည် ကောင်းကင်ထက်မှ ရီဖူရှင်းကို ကြည့်နေကြ၏။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။

ဗြမ္မာ့သန့်စင်ကောင်းကင်အုပ်စုမှ ဟွာဂျီယူ၏အကြည့်သည်လည်း ရီဖူရှင်းထံတွင် ရှိနေခဲ့သည်။ သူမ၏မျက်လုံးများက အနည်းငယ်လှုပ်ရှားသွားသော်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

“ဒီနေ့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို တရားဝင်ဖွင့်လှစ်ပြီဖြစ်တယ်။ ကျုပ်တို့က ကောင်းကင်အာဏာစက်ဘုံမှာ လမ်းစဉ်ကို လူအများသို့ သင်ကြားပို့ချပေးမယ်” ရီဖူရှင်းက အဆင်တန်ဆာများကင်းမဲ့စွာဖြင့် ရိုးရှင်းစွာ ကြေညာသည် “အရှင်ထိုက်ရွှမ်ဟာ ကျောင်းတော်ရဲ့ပထမ ဧည့်အကြီးအကဲဖြစ်မယ်။ နဂါးဘုရင်၊ ရွှေမီးငှက်နတ်ငှက်မိစ္ဆာအရှင်၊ နတ်ဆင်အင်ပါယာအရှင်၊ နတ်တောင်ကုန်းတစ်ထောင်အရှင်၊ ကောင်းကင်နတ်တံခါးခေါင်းဆောင်တို့ဟာလည်း ကျောင်းတော်ရဲ့ ဧည့်အကြီးအကဲများဖြစ်တယ်။ ထျန်းဟယ်အကြီးအကဲဟာ ကျောင်းတော်ရဲ့ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်မယ်”

လူတိုင်း၏စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။ ထိုအစုအဖွဲ့ကား ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံး ပါဝင်ခြင်းနှင့် မခြားနားပေ။ ထိပ်သီးအင်အားစုများ၏ခေါင်းဆောင်များသည် ကျောင်းတော်၏ဧည့်အကြီးအကဲများဖြစ်ကြသည်။

ထိုအခိုက်တွင် နတ်အလင်းတန်းတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာ၏။ လူတစ်ယောက်သည် ကောင်းကင်ထက်တွင် ရပ်နေသည်။ မရေမတွက်နိုင်သောလူများက လှမ်းကြည့်လျှင် ဖိအားရေးရေးကို ခံစားကြရ၏။ ဖိအားသည် တမင်ထုတ်လွှတ်ခြင်းမဟုတ်ဘဲ သဘာဝအားဖြင့် တည်ရှိခြင်းဖြစ်သည်။

“စီဝေ့ဘုံရဲ့သောကလန်က ဂုဏ်ပြုပါတယ်” ထိုလူက ကြည်လင်ပြတ်သားသောအသံဖြင့် ပြောသည် “သောကလန်က ရှေးဟောင်းပညာရပ်တစ်ထောင်၊ ရန်ဟောင်အဆင့်ဝိညာဉ်လက်နက်တစ်ရာ၊ ရှန့်ထိုအဆင့်လက်နက်တစ်ထောင်၊ ရှေးဟောင်းရတနာသုံးခု၊ အကြီးအကဲနှစ်ဦး၊ ဧည့်အကြီးအကဲတစ်ဦးနဲ့ တပည့်ငယ်သားတစ်ရာတို့ကို လက်ဆောင်အဖြစ် ပေးအပ်ချင်ပါတယ်။ ပြီးတော့ အကြီးအကဲ၊ ဧည့်အကြီးအကဲနဲ့ တပည့်တစ်ရာဟာ ကျောင်းတော်ရဲ့စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်ဦးမှာ ဖြစ်ပါတယ်။ ကျောင်းတော်တည်ထောင်ခြင်းကို ဂုဏ်ပြုပါတယ်”

များစွာသောလူတို့၏စိတ်နှလုံးများ တုန်ခါသွားကြသည်။ မည်မျှရက်ရောလိုက်သနည်း။ စီဝေ့ဘုံ၏သောကလန်သည် စီဝေ့ဘုံ၌ အထင်ရှားဆုံးဖြစ်သည်။ သူတို့သည် ရီဖူရှင်းကို လာရောက်ဂုဏ်ပြုလက်ဆောင်ပေးကြ၏။

“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်” ရီဖူရှင်းက ပြုံးလျှက်ခေါင်းညိတ်သည်။

ကောင်းကင်မှ နောက်ထပ်အလင်းတန်းတစ်ခု ဆင်းသက်လာ၏။ နောက်ထပ်လူတစ်စုရောက်လာခြင်းဖြစ်သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူကား အလွန်တရာလှပချောမောသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ထားကာ ဘုရင်မတစ်ပါးအလား တင့်တယ်၏။

“ဗဟိုအင်ပါယာဘုံ၊ရှောင်ကလန်ရဲ့နတ်မိမယ်က ရှောင်ကလန်တပည့်များနဲ့အတူ လာရောက်ဂုဏ်ပြုပါတယ်” အသံတစ်သံကို ကြားရသည်။ အားလုံးက ထိတ်လန့်သွား၏။ ထိုအမျိုးသမီးသည် ဗဟိုအင်ပါယာဘုံ၊ရှောင်ကလန်ရဲ့နတ်သမီးလား…။

“တပည့် ရှောင်မုယွီက ဆရာကို အရိုအသေပြုပါတယ်” ရှောင်မုယွီက ရီဖူရှင်းကို ဦးညွတ်သည်။

ရှောင်ကလန်၏နတ်သမီးက သူ၏တပည့်လား…။

လူအများအပြားသည် ရီဖူရှင်းကိုကြည့်ကာ သက်ပြင်းရှိုက်လိုက်ကြသည်။ ရီဖူရှင်းသည် တခြားသောဘုံများတွင်ပင် ထိုမျှ နာမည်ကျော်ကြားနေပြီလား…။

***


Comment

Leave a Reply


Options

not work with dark mode
Reset