“သိပ်အထင်ကြီးစရာကောင်းတာပဲ၊ သူ့လက်ကို ဆီအိုးထဲ ထည့်လိုက် တာတောင် ဘာမှမဖြစ်ဘူး”
ကျန်းယွင်ရှီ အံ့ဩနေ၏။ သူမ၏ နှစ်လိုဖွယ်ကောင်းသော မျက်ဝန်း၌ အံ့ဩရိပ်များ သန်းနေလေသည်။
“ဒါက လူတွေကို လှည့်စားတဲ့ လှည့်ကွက်တစ်ချို့ပါပဲ၊ ဘာမှမဟုတ်ပါဘူး”
ရဲ့လင်းချန်က နှုတ်ခမ်းစူ၍ တည်ငြိမ်စွာ ပြောလိုက်သည်။ ကျန်းယွင်ရှီက သူ့ပါးစပ်ကို လက်ဖြင့် အလျင်အမြန် လာအုပ်သည်။ သူမက အမှားလုပ် ထားသော ကလေးတစ်ယောက်သဖွယ် ဘေးဘီကို သတိကြီးကြီးဖြင့် ကြည့်လေသည်။
“ကျစ် ကျစ် ကျစ်၊ နင် ဘာလို့ ဒီလိုအရာမျိုးတွေကို အေးအေးဆေးဆေး ပြောနေတာလဲ၊ သတိထား၊ နင် ဘုရားလောင်းရဲ့ အမျက်ရှအောင် လုပ်မိဦးမယ်၊ နင်ပြောတာကို ပြန်ရုတ်သိမ်းလိုက်”
သူမ၏ လက်လေးသည် အရိုးမရှိသော လက်သဖွယ် နူးညံ့အိစက်လှပြီး ခပ်ဖျော့ဖျော့ ရနံ့လေးတစ်ခု ထွက်နေသည်။ ရဲ့လင်းချန်၏ နှလုံးသားသည် ကဆုန်စိုင်းနေသော မြင်းတစ်ကောင်ကဲ့သို့ ထိန်းချုပ်မရစွာ ခုန်လာလေသည်။
*ဒီကောင်မလေးကတော့ ဘာမှ မပြောင်းလဲသေးပါလား*
“အေးပါ ငါ ပြောခဲ့တာကို ပြန်ရုတ်သိမ်းပါတယ်”
ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။ ထိုအခါတွင်မှ ကျန်းယွင်ရှီ ရပ်သွားလေသည်။ သို့သော် သူမက စိုးရိမ်တကြီးနှင့် ထပ်၍ သတိပေးနေ၏။
“တောင်းပန်တာထက် အန္တရာယ်ကင်းတာက ပိုကောင်းတယ်၊ လွှတ်ခနဲ ပြောလိုက်မိလို့ ဘုရားလောင်း အမျက်ရှအောင် မလုပ်နဲ့၊ ငါတို့ဘဝအတွက် ငါတို့ကံကလည်း သိပ်အရေးပါတာ”
“အင်းအင်း …”
ရဲ့လင်းချန်က သဘောကျဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
*ငါ စနစ်တစ်ခု လက်ဆောင်ရထားတာကို နင် သိမယ် မထင်ပါဘူး၊ ငါက ပါရမီရှင်တစ်ယောက် ဖြစ်နေပြီကို*
လက်ရှိတွင် တာအိုဘုန်းကြီးက တတိယမြောက် ပစ္စည်းကို စ၍ လေလံတင်နေလေသည်။ ယင်းပစ္စည်းသည် ဖြူပြာ ကြွေထည် အသေးစားလေး ဖြစ်သည်။ ယင်း၏ ကိုယ်ထည်၌ တစ်မူထူးခြားသော ပုံစံများနှင့် သင်္ကေတများ ထွင်းထုထားသည်။ ထိုသင်္ကေတများကို လူအများ နားမလည်နိုင်သော်လည်း ဂန္တဝင်မြောက်၍ ကြော့ရှင်းပုံ ပေါ်လေသည်။
ပလုံ!
ကြွေအိုးအား ဆီအိုးထဲသို့ ပစ်ထည့်လိုက်ပြီး တာအိုဘုန်းကြီးက ယခင်အတိုင်း ပြန်ဆယ်ယူလိုက်သည်။
“အရင်အချိန်တုန်းက နွီဝါမယ်တော်က ကောင်းကင် ထောက်တိုင်ကို ပြုပြင်ပြီးတော့ တစ်မူထူးခြားတဲ့ ရွှံ့စေး တစ်ချို့ကို ချန်ထားရစ်ခဲ့တယ်၊ ဒီပုလင်းက အဲ့ရွှံ့စေးနဲ့ လုပ်ထားတာ၊ ဒါကို ထိုက်ရှန် လောင်ကျွင်း ချန်ထားခဲ့တဲ့ တာအို အနှစ်သာရနဲ့လည်း ရောယှက်ထားသေးတယ်၊ ဒီပုလင်းက အိမ်တစ်အိမ်ရဲ့ ဖုန်းရွှေကို တိုးတက်စေနိုင်သလို အိမ်သားအားလုံးအတွက် ဘေးကင်းအောင် ဆောင်မပေးနိုင်ပြီးတော့ လုပ်ငန်းမှာ အလျင်အမြန် တိုးတက် နိုင်စေတယ်”
“ဒါ နတ်ဘုရား ပစ္စည်းပဲ၊ ဒါ နတ်ဘုရား ပစ္စည်းဆိုတာ သေချာတယ်”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။
“ငါ တစ်သောင်း ပေးမယ်ကွ၊ ဘယ်သူမှ ငါ့ထက် အရဆွဲသွားခွင့် မပြုနိုင်ဘူး”
“ငါ တစ်သောင်းခွဲ ပေးမယ်”
…
နောက်ဆုံးတွင် ပုလင်းသေးလေးအား အမြင့်ဆုံးဈေး ခြောက်သောင်းခြောက်ထောင်ဖြင့် လေလံအောင်သွားသည်။ တာအိုဘုန်းကြီးသည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီးနောက် မှင်စုတ်တံကို ကောက်ကိုင်လိုက်ပြီး ပါးနပ်စွာ ပြောလိုက်သည်။
“ဒီမှင်စုတ်တံကို ကြယ်သခင် ဝမ်ချွီ သေမျိုးလောကမှာ လူဝင်စားတုန်းက သုံးခဲ့တဲ့ ပစ္စည်းပဲ၊ ဒီစုတ်တံကို ပိုင်ဆိုင်တဲ့လူက ပါရမီရှင် ဖြစ်လာပြီး မိုးမြေရဲ့ အဆိုအမိန့်အားလုံးကို နောကျေလာလိမ့်မယ်၊ ဒီတက္ကသိုလ် ဝင်ခွင့် စာမေးပွဲဆိုတာက စာမဖွဲ့လောက်တဲ့ ကိစ္စလေး ဖြစ်လာလိမ့်မယ်”
*သူက ပါရမီရှင်တစ်ယောက်လိုပါ ဟန်ထုတ်ရဲတယ်လား*
ရဲ့လင်းချန် ပြောစကားမရှိလောက်အောင် ဆွံ့အသွားသလို ခံစားလိုက်မိသည်။ ထို့နောက် သူ ဘေးနားမှ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သောအခါ ထိုသူများက စိတ်လှုပ်ရှားနေကြသည်ကို တွေ့လိုက်ရသည်။ မိမိတို့၏ ကလေးများအား တောက်ပသော အနာဂတ်တစ်ခု ပိုင်ဆိုင်လိုသည်က မိဘတိုင်း၏ ဆန္ဒပင် မဟုတ်ပါလော။
ယခုတစ်ခေါက်တွင် တာအိုဘုန်းကြီးက ပစ္စည်းကို အလျင်စလို လေလံမတင်ဘဲ လူအုပ်တိုင်းမှ လူတိုင်းကို အသာဝေ့ကြည့်လိုက်ပြီးနောက် တစ်နေရာ၌ ရုတ်ချည်းဆိုသလို ရပ်တန့်သွားသည်။
*လှပြီး ဖြူစင်တဲ့ မိန်းမပျိုလေးပါလား*
သူမက မိတ်ကပ် လိမ်းကျံထားခြင်း မရှိဘဲ သာမန်ကာလျှံကာ ဝတ်ထားသော်လည်း သူမသည် ဖူးပွင့်နေသော ဒက်ဖဒိလ်ပန်းလေးနှင့် ဆင်တူပေသည်။ သူမ လူအုပ်ကြားထဲ ရပ်နေပုံက ကြက်အုပ်ထဲ အနီရောင် သရဖူ ဆောင်းထားသော ကြိုးကြားလေး ရပ်နေပုံနှင့် တူလှသည်။
တာအိုဘုန်းကြီး၏ မျက်လုံး၌ လောဘရိပ်တစ်စ ဖြတ်ပြေးသွားသည်။ သူသည် အကြံတစ်ခု ရလာဟန်ဖြင့် မျက်လုံး ကစားလိုက်သည်။ ထို့နောက် သူ အသံကျယ်ကျယ်ဖြင့် ဆက်ပြောလေသည်။
“ဒီမှင်စုတ်တံက အခြားအရာတွေနဲ့ မတူဘူး၊ ဒါက လူတစ်ယောက်နဲ့ ရေစက်ရှိနေဖို့ လိုတယ်”
မကြာခင်မှာပင် သူက လက်မြှောက်၍ ကျန်းယွင်ရှိကု လက်ညှိုးထိုးလိုက်သည်။
“မိန်းကလေး မင်းက အတိအကျကို ရေစက်ပါတဲ့လူပဲ၊ ဒီလာပါဦး”
“ဟင် ကျွန်မ … ကျွန်မလား”
ကျန်းယွင်ရှီ အံ့ဩကာ နားဝေတိမ်တောင် ဖြစ်သွားရသည်။ သို့သော်ငြားလည်း လူအုပ်ကြီးမှာမူ သူမ ဖြတ်သွားရန်အတွက် လမ်းငယ်လေးတစ်ခု ဖြစ်အောင် ဖယ်ပေးကြသည်။ သူတို့က သူမကို အားကျစိတ်ဖြင့် ကြည့်နေ၏။
“ဟုတ်တယ်၊ ရေစက်ပါတဲ့ လူက မင်းဆိုတာ သေချာတယ်”
တာအိုဘုန်းကြီးက တည်ငြိမ်လေးနက်စွာ ခေါင်းညိတ်ပြသည်။ ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်မိသွားပြီး ကျန်းယွင်ရှီနှင့်အတူ ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းသွားလိုက်သည်။
“အခုကစပြီး ဒီမှင်စုတ်တံက မင်းအပိုင်ပဲ”
တာအိုဘုန်းကြီးက ကျန်းယွင်ရှီအား မှင်စုတ်တံ တည်ငြိမ်စွာ လှမ်းပေးလေသည်။ ကျန်းယွင်ရှီသည် လက်မဆန့်ရဲဘဲ ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ … ကျွန်မမှာ ဘာပိုက်ဆံမှ မရှိဘူး”
“မင်းက ရေစက်ပါတဲ့လူလေ၊ ဒါ ဘုရားလောင်းရဲ့ ဆန္ဒပဲ၊ ဘယ်သူမှ ဒါကို ချိုးဖောက်ခွင့် မရှိဘူး”
တာအိုဘုန်းကြီးက ထူးခြားဆန်းကြယ်စွာ ပြောလာသည်။
“မင်းမှာ ပိုက်ဆံ မရှိလည်း ကိစ္စမရှိဘူး၊ မင်း ငါ့ကို မင်းရဲ့ အရိုးတည်ဆောက်ပုံကို လေ့လာခွင့်ပေးပြီး ဘုရားလောင်းရဲ့ ခွင့်ပြုမှုကို ရရှိဖို့ပဲ လိုအပ်တာ”
“ကျွန်မရဲ့ အရိုးတည်ဆောက်ပုံကို လေ့လာမယ်”
ကျန်းယွင်ရှီ အနည်းငယ် နောက်ဆုတ်လိုက်မိသည်။
“မကြောက်ပါနဲ့ မိန်းကလေး၊ ဒီဘုန်းကြီးက လောကုတ္တရာမှာ စိတ်နှစ်ထားတဲ့လူပါ၊ ငါရဲ့ အာရုံခြောက်ပါးက လူ့ဆန္ဒတွေနဲ့ တပ်မက်စိတ်တွေကနဲ့ လွန်မြောက်ပြီးသားပါ၊ ဒါက ဖြူစင်တဲ့ အရိုးတည်ဆောက်ပုံ လေ့လာခြင်းပါပဲ၊ ဒါက မင်းကို ဘုရားလောင်းနဲ့ ဆက်သွယ်နိုင်အောင် ကူညီပေးမှာ”
တာအိုဘုန်းကြီးက ရှေ့တိုးလာသည်။
“ဟုတ်တယ် မိန်းကလေး၊ မင်းက ဒီလောက် ကံကောင်းတာဆိုတော့ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး …”
“မိန်းကလေးက တကယ် ကောင်းချီးပေးခံရတာပဲ …”
“ထိပ်တန်းဆရာသခင် ကျွန်တော်ဆိုရင်ရော ဘယ်လိုလဲ၊ ကျွန်တော့် အရိုးတည်ဆောက်ပုံကိုလည်း လေ့လာပေးပါဦး …”
လူအုပ်ကြီးသည် စိတ်ပါဝင်စားစွာ ပြောဆိုလာကြသည်။ လူတိုင်းသည် ကျန်းယွင်ရှီကို အလွန် အားကျနေသဖြင့် သူမကိုယ်တိုင် ချောင်ပိတ်မိနေသော အခြေအနေသို့ ရောက်လာ၏။
တာအိုဘုန်းကြီး၏ စမ်းတဝါးဝါး လုပ်နေသော လက်များက ရှေသို့ ပိုပိုတိုးလာသလို သူ၏အပြုံးကလည်း ပိုပို ကြီးမားလာ၏။ သူသည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်က ဖွံ့ထွားသော သိုးပေါက်ထံ ချဉ်းကပ် လာသကဲ့သို့ လှမ်းလာနေသည်။
သူ၏ စမ်းတဝါးဝါး လုပ်နေသော လက်က ပိုပိုနီးကပ်လာသည်။ တစ်ခဏအတွင်း ကျန်းယွင်ရှီ၏ နူးညံ့သော ခါးလေးကို ကိုင်မိတော့မယောင် ခံစားမိလာ၏။
ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်၌ ရဲ့လင်းချန်က ရှေ့ထွက်လာသည်။ သူသည် ကြံရာမရ ဖြစ်နေသော ကျန်းယွင်ရှီရှေ့၌ သူ့ကိုယ်နှင့် ပိတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
“တော်သင့်ပြီ၊ ကောင်မလေးကို လွှတ်လိုက်တော့”
တာအိုဘုန်းကြီး၏ လက်များက လှုပ်ရှားနေရာမှ တစ်ခဏမျှ ရပ်သွားသည်။ သူသည် ရဲ့လင်းချန်အား ဒေါသတကြီး ပြန်ကြည့်လေသည်။
“မင်းက ဘယ်သူလဲ၊ မင်းကများ ဘုရားလောင်းကို နှောင့်ယှက်ရဲတယ်လား၊ မင်း အပြစ်ပေးခံရလိမ့်မယ်”
“ဘုရားလောင်းနဲ့ နှိုင်းယှဉ်ရအောင် ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ၊ ခင်ဗျား လူတွေကို ကြိုက်သလောက် လှည့်စားလို့ ရတယ်၊ ကျုပ် ဝင်မနှောင့်ဘူး၊ ခင်ဗျားက ကျုပ် သဘောကောင်းလွန်းနေလို့ ကျုပ်ဘက်ကိုပါ လာလှည့်စား ရဲတယ်ပေါ့လေ”
ရဲ့လင်းချန်က အေးစက်စွာ ပျက်ရယ်ပြုလိုက်သည်။ သူသည် ပျာယာခတ်နေသော လူအုပ်ကြီးအား လာကြည့်ရုံမျှသာ ရှိသော်လည်း တာအိုဘုန်းကြီးက သူ့ရွာမှ အလှဆုံးမိန်းကလေးအား ထိကပါး ရိကပါး လုပ်သည် ကိုတော့ သူ သည်းမခံနိုင်ပါ။
လူအုပ်ကြီးက စိတ်လှုပ်ရှားသွားပြီး တစ်ယောက်ပြီးတစ်ယောက် သူနှင့် ဝေးရာသို့ ရှောင်ဖယ်ကြသည်။
“ဟာ ဒီလူငယ်လေးက ဘာတွေသောက်ထားလို့ ထိပ်တန်းဆရာသခင်ကို အော်ငေါက်ရဲရတာလဲ”
“ဒီကောင်လေးကတော့ ထိပ်တန်းဆရာသခင်ကို မလေးမစားလုပ်ရဲလောက်အောင်ကို ရဲတင်းလွန်းတယ်၊ သူ ဘာကြောင့် သေရသလဲ မသိမှာကိုတောင် ငါ စိုးရတယ်”
“အခုချိန်ကစပြီး ငါတို့ သူနဲ့ ဝေးရာမှာနေမှ ဖြစ်မယ်၊ သူနဲ့ အနေနီးလွန်းရင် ကံဆိုးမယ်ဆိုတာလည်း သတိထားကြဦး”
“ဝင့်ကြွားလွန်းတဲ့ ကလေးပဲ၊ ဟူး … ဒီနေ့ခေတ် ကလေးတွေကတော့လေ …”
တာအိုဘုန်းကြီးသည် လူအုပ်၏ အပြုအမူကို မြင်ပြီးနောက် သူ့ကိုယ်သူ ကျေနပ်သွားပုံ ပေါ်သည်။ သူက ခေါင်းကိုမော့၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထို့နောက် သူက ရဲ့လင်းချန်ကို လက်ညှိုးထိုးလေသည်။
“မင်းက ကျောင်းသားပဲ ရှိသေးမယ်လို့ ငါ ထင်တယ်၊ မင်းကို ဘုရားလောင်းက စွန့်ပစ်လိုက်ပြီမို့ မင်းရဲ့ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲကလည်း ကံဆိုးတော့မှာပဲ”
ထိုစကားများ ပြောလာသည်နှင့် လူအုပ်ကြီးက ပိုမို၍ ချောက်ချားသွားသည်။ ကျန်းယွင်ရှိသည်လည်း ရဲ့လင်းချန်အား ပြောမပြတတ်လောက်အောင် စိုးရိမ်သော အမူအရာဖြင့် ကြည့်နေသည်။
“မိန်းကလေး အခုကစပြီး မင်းကိုယ်မင်း ကံဆိုးမှုတွေကို သယ်ဆောင်မလာချင်ဘူးဆိုရင် သူနဲ့ ဝေးဝေးနေတာ ပိုကောင်းတယ်၊ ပြီးတော့ ငါ့ကို မင်းရဲ့ အရိုးတည်ဆောက်ပုံကို လေ့လာခွင့်ပေးပါ”
တာအိုဘုန်းကြီးက ဆက်ပြောလာသည်။
“မင်းအဘွား ခြေထောက်ကိုပဲ လေ့လာလိုက်”
ရဲ့လင်းချန်က ခြေထောက်မြှောက်၍ တာအိုဘုန်းကြီးအား ကန်ထုတ်လိုက်သည်။
“ရိုင်းလိုက်တဲ့ ကလေး၊ မင်းကများ ငါ့ကို ကန်ကျောက်ရဲတယ်လား”
တာအိုဘုန်းကြီးသည် မြေကြီးပေါ်မှ ဒယိမ်းဒယိုင် ပြန်ထ၍ ရဲ့လင်းချန်အား ဒေါသတကြီး လက်ညှိုးထိုးလေသည်။
“ဟေ့ကောင် မင်းတော့ သေပြီ၊ မင်း သုံးရက်အတွင်း မိုးကြိုးပစ်ခံရပြီး ကိုယ်နှစ်ခြမ်းကွဲမှာ သေချာတယ်”
“မိုးကြိုးပစ်ခံရပြီး ကိုယ်နှစ်ခြမ်းကွဲမယ် ဟုတ်လား”
ရဲ့လင်းချန်က သရော်လိုက်သည်။
“ဟုတ်တယ်”
တာအိုဘုန်းကြီးက အလွန် ယုံကြည်မှုရှိစွာဖြင့် ရဲ့လင်းချန်ကို လှောင်ပြောင်လေသည်။
“အခု ကြောက်သွားပြီလား၊ ဒါပေမဲ့ ကောင်းကင်က မွန်မြတ်ပြီး လူ့အသက်ကို ချမ်းသာပေးတယ်၊ မင်း ငါ့ကို ဒူးထောက်ပြီး သုံးကြိမ် ဂါဝရပြုသရွေ့ ငါ မင်းကိုယ်စား ဘုရားလောင်းဆီမှာ အသက်ချမ်းသာပေးဖို့ ပြောပေးမယ်”
ထိုစဉ် လူအုပ်ထဲမှ မိခင်တစ်ယောက် ဖြစ်ဟန်တူသော အမျိုးသမီးတစ်ဦး ထွက်လာပြီး သူ့အား ဖျောင်းဖျလေသည်။
“ကလေး မစဉ်းစားဘဲ မဆင်မခြင် မလုပ်နဲ့၊ ဆရာဘုန်းဘုန်းကို မြန်မြန် တောင်းပန်လိုက်လေ၊ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိသေးတယ်”
“ဟုတ်တယ်၊ ဆရာဘုန်းဘုန်းက သဘောထားကြီးပါတဲ့၊ ဒီအခွင့်အရေးကို တန်ဖိုးထားပါ”
‘မင်းအပြုအမူက မင်းကိုယ်တိုင်ကို ထိခိုက်စေရုံတင်မကဘဲ မင်းမိသားစုဝင်တွေကိုပါ ကံဆိုးသွားစေလိမ့်မယ်နော်”
“လူငယ်လေး သေချာစဉ်းစားပါ၊ မင်း တစ်ဘဝလုံး နောင်တရမယ့် အရာမျိုး မလုပ်ပါနဲ့”
…
“လင်းချန် ဘုရားလောင်းက နင့်ကို တကယ် အပြစ်မတင်လောက်ပါဘူး၊ ဟုတ်တယ်မလား ဒါတွေအားလုံးက ငါ့အမှားပါ …”
ကျန်းယွင်ရှီက ရဲ့လင်းချန်ကို မတတ်သာဟန်ဖြင့် ကြည့်နေသည်။ သူမကိုယ်သူမ ဆက်တိုက် အပြစ်တင်နေမိပြီး မျက်ရည်များ ဆက်တိုက် စီးကျနေ၏။
“ကိစ္စ မရှိပါဘူး”
ရဲ့လင်းချန်က အသာပြုံးလိုက်သည်။ သူ၏မျက်နှာက ယုံကြည်မှုကြောင့် ဝင်းပနေပြီး ကျန်းယွင်ရှီအား စိတ်အေးအောင် နှစ်သိမ့်လိုက်လေသည်။ ထို့နောက် ရဲ့လင်းချန်က ရှေ့တိုးလိုက်သည်။
“ကျုပ်လည်း ခင်ဗျားကို အခွင့်အရေး ပေးမယ်၊ ခင်ဗျား အလိမ်တွေ မပေါ်စေချင်ဘူးဆိုရင် ကျုပ်ဘေးနားက မိန်းကလေးကို တောင်းပန်လိုက်၊ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို ဖြစ်လာမယ့် အကျိုးဆက်တွေကို ရင်ဆိုင်ခိုင်းလိုက်မယ်”
“ငါက သေမျိုးတွေကို ရိုးရိုးသားသား ကောင်းချီးပေးဖို့ ကူညီနေပင်မယ့် မင်းက ငါ့ကို သံသယ ဝင်နေတာပဲ မင်းမှာ မရိုးသားနဲ့ ရည်ရွယ်ချက်တွေ ရှိတယ်”
တာအိုဘုန်းကြီးက သူ၏တည်ငြိမ်ယောင် ဆောင်လိုက်သည်။
“ငါ ဘယ်တုန်းကမှ မုသားပြောဖူးတာ မဟုတ်ဘူး၊ မင်းက ငါ့ကို ဘယ်လို ဖော်ထုတ်မှာလဲ”
“ဟဲဟဲ … ဒါ ခင်ဗျား တောင်းဆိုတာနော်”
အားလုံး၏ သတိထား စောင့်ကြည့်နေသော အကြည့်အောက်၌ ရဲ့လင်းချန်က ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီး ဆီအိုးထံ လှမ်းသွားလေသည်။ ထို့နောက် သူက လက်မြှောက်၍ ဆီအိုးထဲ လက်နှစ်လိုက်သည်။
“ဟယ် မလုပ်နဲ့လေ”
ကျန်းယွင်ရှီ အလန့်တကြား အော်ဟစ်လိုက်မိသည်။ သူမ၏ မျက်လုံးများက နီရဲလာသလို မျက်ရည်များ စီးကျလာ၏။ ရဲ့လင်းချန်က သူမအတွက်နှင့် သူ့ကိုယ်သူ ဤသို့ စတေးနေသည် မဟုတ်ပါတကား။
သို့သော် ရဲ့လင်းချန်သည် ဆီအိုးထဲ လက်နှစ်လိုက်သော်လည်း ဘာမှမဖြစ်သကဲ့သို့ ပြုမူနေပြီး စကားစလာသည်။
“ဒီဆီအိုးရဲ့ အပူချိန်က လက်ဆေးဖို့ တော်တော် အဆင်ပြေတာပဲ”
“အာ … အာ …”
လူအုပ်ကြီးက ရဲ့လင်းချန်ကို ကြည့်နေကြသည်။ သူတို့သည် အံ့ဩကာ နားဝေတိမ်တောင် ဖြစ်နေပြီး စကားမပြောနိုင် ဖြစ်နေ၏။
ကျန်းယွင်ရှီက ရဲ့လင်းချန်အနားသို့ ခပ်သွက်သွက် လျှောက်လာသည်။ သူမက သူ့လက်ကို ဆီအိုးထဲမှ ဆွဲထုတ်၍ ကြည့်လိုက်သောအခါ သူ့လက်က သန့်ရှင်း၍ ထိခိုက်ဒဏ်ရာ မရှိသည်ကို တအံ့တဩ တွေ့လိုက်ရသည်။
“နင် … နင့်လက်ကို ဆီအိုးထဲ နှစ်ဆေးတာတောင် ဘာမှမဖြစ်ဘူးလား၊ နင်လည်း နတ်ဘုရားတွေနဲ့ ပတ်သက်တဲ့ လူမျိုး ဖြစ်နေတာလား”
ကျန်းယွင်ရှီက မျက်လုံးပြူးသွားပြီး ရဲ့လင်းချန်အား အံ့ဩတကြီး ကြည့်လေသည်။
“အရူးမလေး၊ ဘာနတ်ဘုရားမှ မဟုတ်ဘူး၊ ဒါက အရေးမပါတဲ့ လှည့်ကွက်လေးတစ်ချို့ပါပဲ”
ရဲ့လင်းချန်က ဟားတိုက် ရယ်မောလေသည်။
“ဆီအိုးထဲကို အဖြူရောင် ရှာလကာရည်ထည့်၊ ရှာလကာရည်က ဒယ်စောက်ရဲ့ အောက်ခြေမှာ ပုံသွားလိမ့်မယ်၊ မီးပူ ပေးလိုက်တာနဲ့ ရှာလကာရည်က မီးအပူချိန် နည်းနည်းမှာ အရင်ပွက်လာလိမ့်မယ်၊ အဲ့ဒါက ဆီပွက်နေတာနဲ့ တူတယ်လေ၊ တကယ်တမ်းက အပူချိန်က လေးဆယ် ဒီဂရီ ဆဲလ်စီယပ်ထက် နိမ့်တယ်”
“အဲ့လိုလား”
လူအုပ်ထဲမှ တုတ်ခိုင်သန်မာသော ယောက်ျားတစ်ယောက် ထွက်လာသည်။ သူသည် စိုးရိမ်တကြီးနှင့် လက်ဆန့်ထုတ်၍ ဆီအိုးထဲ နှစ်လိုက်သည်။ ထို့နောက် ထိုသူက ထိတ်လန့်တကြား ပြောလေသည်။
“ဟမ် ပူကိုမပူပါလား”
လူအုပ်ကြီးသည် တစ်ခုခု မှားနေပြီဖြစ်ကြောင်း သတိပြုစ ဖြစ်လာသည်။ တာအိုဘုန်းကြီး၏ မျက်နှာက ချက်ချင်း ဖြူရော်လာ၏။ သူက ဗလွတ်ဗလွတ်နှင့် ခေါင်းမာစွာ ပြောလိုက်သည်။
“လူတွေကို လှည့်စားဖို့အတွက် မင်းရဲ့ မိစ္ဆာအယူဝါဒတွေ သုံးတာကို ရပ်လိုက်တော့၊ ဒါ ဘုရားလောင်းရဲ့ တည်ရှိမှု ရလဒ်ကြောင့်ကွ”
ရဲ့လင်းချန်က ပြုံးလေသည်.
“ပြီးတော့ ရေထဲမှာ တူထောင်နေတဲ့ ပြကွက်၊ ဒါက ရေမညီခြင်းရဲ့ အခြေခံမူများကို အသုံးချထားလို့ ဖြစ်တာပဲ”
သူသည် စားပွဲရှေ့သို့ လျှောက်သွားပြီး ဖန်ခွက်ကို လက်ညှိုးထိုးလိုက်သည်။
“ထောင်မတ်စမ်း”
“ထောင်တယ်၊ ဒါလည်း ထောင်တယ်ဟ”
“လူငယ်လေးက တကယ် အထင်ကြီးစရာ ကောင်းတာပဲ၊ သူ ဒီလိုအရာတွေ အများကြီးကို သိနေတယ်”
“အသိပညာက ခွန်အားပဲ၊ ငါ့သားသာ သူ့တစ်ဝက်လောက် ဉာဏ်ကောင်းရင် ကောင်းမှာပဲ”
“ချီးပဲ ခုနက ငါတို့ ဒီလူလိမ်ရဲ့ လှည့်စားတာ ခံလိုက်ရတာပေါ့”
…
“အားလုံး ငြိမ်ငြိမ်နေကြပါ၊ သူက မှော်နက်ကို သုံးနေတာ၊ ဒီလူငယ်လေးရဲ့ မှော်နက်နဲ့ လှည့်စားတာကို မခံကြပါနဲ့”
တာအိုဘုန်းကြီးက နောက်ဆုံးသော ရှင်းပြချက်ပေးရန် ရုန်းကန်နေ၏။
“မင်းက မျှော်လင့်ချက်အားလုံး ကုန်နေတာတောင် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားချင်တဲ့ပုံပဲ”
ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။ ထို့နောက် သူသည် အစောပိုင်းက ကြွေထည်အိုး ဝယ်လိုက်သောလူ အရှေ့သို့ လျှောက်သွားလိုက်သည်။
“ခင်ဗျား ခုနက အိုးဝယ်လိုက်တယ်မလား၊ တာအိုဘုန်းကြီးက ဒီအိုးက အိမ်သားတိုင်းရဲ့ ဘေးကင်းမှုကို ဆောင်ကြဉ်းပေးမယ်လို့ ပြောတယ်မလား၊ ဒါပေမဲ့ အပြင်ထည်က သင်္ကေတတွေက တည်ငြိမ်မှုနဲ့ ငြိမ်သက် အေးချမ်းခြင်းကို ကိုယ်စားပြုတာ၊ ဒါ ဗုဒ္ဓဘာသာမှာ အမြင်အများဆံး သင်္ကေတပဲ၊ ခင်ဗျား ဒါကို လိုင်းပေါ်က ပိုင်တူပေါ်မှ လေ့လာကြည့်လို့ ရတယ်”
ထိုလူသည် အိုးကို ဓာတ်ပုံရိုက်၍ ပိုင်တူပေါ် တင်လိုက်သည်။ ထိုအခါ သူ ချက်ချင်း အံ့ဩသွားရသည်။ အင်တာနက်သည် သူ့အား ရှင်းပြချက်တစ်ခု ပေးရုံသာမက ဤအိုးနှင့် ဆင်တူသော အရောင်းချထားသည့် အခြားအိုးများကိုပါ တွေ့လိုက်ရသည်။ ၎င်းအား ၈.၈ ယွမ်ဖြင့်သာ ရောင်းနေခြင်း ဖြစ်သည်။
“ဟာ … ဟာ …”
သူသည် အစက ဤကြွေထည်အိုးအား တန်ဖိုးထားခဲ့သော်လည်း သူ ယွမ်ခြောက်သောင်း ခြောက်ထောင်ဖြင့် ဝယ်ထားမိသည့် ဤအိုးက အမှိုက်တစ်စ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။
အမှန်ကိုသိပြီးနောက် ကျန်လူများ ဒေါသူပုန် ထလာသည်။ သူတို့ အစောပိုင်းက ဝယ်ခဲ့သော အဖိုးတန် ပစ္စည်းများကို ဓာတ်ပုံရိုက်၍ လိုင်းပေါ်တင်လိုက်သည်။ သူတို့ ချက်ချင်း အချက်အလက်များကို တွေ့လိုက်ရသည်။ အထူးသဖြင့် ရှုံ့ကြိုးအိတ်ဆိုလျင် ထုတ်လုပ်သည့်ရက်နှင့် ထုတ်လုပ်သည့် နေရာပါ ပါနေသေး၏။
“ယီးပဲ၊ သူက လူလိမ်၊ သူ ရောင်းသမျှ ပစ္စည်းအားလုံးက အတုတွေ၊ အားလုံးက တန်ဖိုးမရှိတဲ့ အမှိုက်တွေ”
“ငါတို့အားလုံး သူ လိမ်တာ ခံလိုက်ရတာ”
သူတို့ ရှေ့သို့ကြည့်လိုက်သောအခါ တာအိုဘုန်းကြီးက သူ့စင်ကို သိမ်းနေရုံသာမက ထွက်ပြေးရန်ပင် ပြင်နေသည်ကို တွေ့လိုက်ရသည်။
လူအုပ်ကြီး ဒေါသူပုန် ထနေလေပြီ။ လက်ရှိတွင် သူတို့သည် မြေကွက်လပ်၌ အချင်းချင်း ပူးကပ်လိုက်ကြသည်။ သူတို့သည် တာအိုဘုန်းကြီးနှင့် သူ့လူများအား သတ်ဖြတ်ချင်ဟန်ဖြင့် စူးစိုက်ကြည့်နေကြသည်။
သူတို့၏ ငွေများသည် အလကား ရလာခြင်း မဟုတ်ဘဲ သူတို့ ခက်ခက်ခဲခဲ ရလာသည့် ငွေကြေးများ ဖြစ်ပေသည်။ ဤလူလိမ်၏ အလိမ်အညာများ မပေါ်ခဲ့ပါက သူတို့၏ ငွေများ အချည်းနှီး ဖြစ်ခဲ့ရပေမည်။ သူတို့သည် တာအိုဘုန်းကြီးက နတ်ဘုန်းကြီးဟု ထင်ခဲ့ကြသည်။ ဤသည်က သူတို့အတွက် ကြီးမားသော အရှက်ရစရာပင်။
“ဒီကောင်လေး မဟုတ်တာ ပြောတာကို နားထောင်မနေနဲ့၊ ငါက တကယ်ကို နတ်တွေနဲ့ ဆက်သွယ်နိုင်စွမ်း ရှိတာ၊ ငါက လူတိုင်းရဲ့ ဘေးကင်းရေးကို ကောင်းချီးပေးဖို့ ရှာဖွေ …”
“ယီးပဲ၊ မင်းကများ ထပ်လိမ်ချင်သေးတာလား၊ မင်းက ငါတို့ ဉာဏ်ရည်ကို ထပ်ပြီး ညာချင်တယ်ပေါ့လေ”
“လူလိမ်၊ ငါ့ပိုက်ဆံ ပြန်ပေးစမ်း”
“မင်းကများ ငါ့လာလိမ်ရဲတယ်ပေါ့၊ ရော့ ငါ့လက်သီးကို မြည်းကြည့်လိုက်”
…
ခွပ် ခွပ် ခွပ်
ချက်ချင်းဆိုသလိုပင် လူအုပ်ထဲမှ လူသားသဲအိတ်ကို ထိုးကြိတ်သံများ ထွက်ပေါ်လာ၏။ များမကြာမီမှာပင် မချိမဆံ့ ခံစားနေရသည့် အော်သံ များကိုပါ ကြားလိုက်ရလေသည်။
LIKE