Switch Mode

အပိုင်း (၁၆၉၄)

မထင်မှတ်ထားသည့် ဧည့်သည်

ရီဖူရှင်းတို့က ထျန်ရှင်းကျောင်းတော်တွင်ကတည်းက ပထမဆုံးအသုတ် ကော့တေးတပည့်များကို ဆုံးဖြတ်ထားပြီးဖြစ်သည်။

ရီဖူရှင်းသည် ကော့တေးအသစ်၏ခေါင်းဆောင်ဖြစ်မလာခဲ့ပေ။ ၄◌င်းအစား သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အုပ်ချုပ်ရေးမှူးဖြစ်လာ၏။

ကော့တေး၏ပထမအသုတ်တပည့်များမှာ ရီဖူရှင်း၊ ယူချင်း၊ ရာရာ၊ လီဟန်ဓားသမား၊ လုံချင်၊ ကျွမ်၊ ကောင်းဟွမ် နှင့် တခြားတပည့်အချို့ဖြစ်ကြသည်။ ဂူတုံးလျှိုကား ကောင်းကင်နတ်တံခါး၏ခေါင်းဆောင်ဖြစ်သွားပြီးဖြစ်ရာ သူ့အနေဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်၌ လေ့ကျင့်ရန် မဖြစ်နိုင်တော့ပေ။ သို့တိုင်အောင် သူသည် ကော့တေး၏ပထမဆုံးသော တပည့်အဖြစ်ရှိနေဆဲပင်။

နောက် ၇ရက်အကြာ သတင်းများ ထုတ်ပြန်သောအခါ သောကလန်မှ ပထမဆုံးအသုတ် စွမ်းအားမြင့်တန်ခိုးရှင်များ ရောက်လာကြသည်။ သူတို့က သောကျောက်ကိုလည်း ခေါ်ဆောင်လာကြ၏။

သောကျောက်သည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းပြီးကတည်းက ရီဖူရှင်း၏စကားကို နားထောင်ကာ သောကလန်သို့ ပြန်ခဲ့၏။ သူသည် ကြားကာလ၌ သူ၏အဆင့်ကို တည်ငြိမ်အောင် ကျင့်နေခဲ့ကာ နတ်ဘုရားမာန်ဟုန်ပညာရပ်ကိုလည်း အဆင့်(၈)အထိ ကျင့်ကြံနိုင်ခဲ့၏။

“စီနီယာ… ကျုပ်ရောက်ပြီ” သောကျောက်က ရီဖူရှင်းကိုမြင်လျှင် အဆောတလျင် နှုတ်ဆက်သည်။ ရီဖူရှင်းက သူ့အား စီနီယာဟုသာ ခေါ်ရန် ပြောထားသည်။ မဟုတ်လျှင် သူက အစ်ကို(သို့မဟုတ်)ဆရာဟု ခေါ်နိုင်ပေသည်။

“မင်း စောစောရောက်လာတာပဲ” ရီဖူရှင်းက ပြုံးလိုက်သည်။

“သေချာတာပေါ့။ ဘယ်လိုပြောပြော ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပဲလေ။ ကျောင်းတော်ဖွဲ့ပွဲကို ဘယ်လွဲလို့ ဖြစ်ပါ့မလဲ။ ဒါကြောင့် ကျုပ်လည်း စောစောလာခဲ့တာ” သောကျောက်က ပြောသည်။

လူအချို့ သူတို့ထံသို့ လျှောက်လာသည်။ အချို့က သောကျောက်ကို မှတ်မိသော်လည်း အများစုက မသိကြပေ။

“အာ… ဟုတ်သားပဲ။ အခု ကျုပ်က နတ်ဘုရားမာန်ဟုန်စွမ်းအားကို ခုနစ်ဆင့်အထိ အသုံးပြုနိုင်ပြီးတော့ အဆင့်ရှစ်ကို ထိတွေ့နေပြီ။ ကျုပ်မိသားစုမှာဆို ကျုပ်က အထီးကျန်လွန်းလှတယ်။ စီနီယာက ကျုပ်နဲ့ လက်ရည်စမ်းချင်မလား” သောကျောက်က မျှော်လင့်ချက်ကြီးစွာဖြင့်မေးသည်။ သူ့မိသားစုတွင် မျိုးဆက်တူအတွင်း သူ့ကို မည်သူမှ မနိုင်တော့ပေ။ သူသည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့ကာ နတ်ဘုရားမာန်ဟုန်ကိုလည်း ခုနစ်ဆင့်အထိ အဆက်မပြတ် အသက်သွင်းနိုင်၏။ သူသည် အဆင့်နိမ့် မည်သည့်ရန်ဟောင်ကိုမဆို အနိုင်ယူနိုင်သည်။

ပြိုင်ဘက်ကင်းခြင်းကား အထီးကျန်လွန်းလှသည်ဟု သူက မိမိကိုယ်ကို တွေးမိသေး၏။

“ငါမင်းနဲ့လက်ရည်စမ်းဖို့ တစ်ယောက်ရှာပေးမယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ယူချင်း…”

ရီဖူရှင်းနောက်မှ ယူချင်း ရှေ့ကို တက်လာသည်။ သူ၏ထွားကျိုင်းသောခန္ဓာကိုယ်မှ မယုံကြည်နိုင်ဖွယ် ခက်ထန်သော အငွေ့အသက်များရနေသည်။ မိစ္ဆာအင်ပါယာတစ်ပါး၏ဖိအားသည် သောကျောက်ထံသို့ ပျံ့လွင့်လာ၏။

“ထားလိုက်ပါတော့… ငါတို့အားလုံးက ညီအစ်ကိုတွေပဲ။ အေးချမ်းနေတာကို မဖျက်ဆီးတာကောင်းတယ်” သောကျောက်က ပြောသည်။ သူ မတိုက်ခိုက်လိုတော့…။

သည်အကောင် ဘယ်တုန်းက ရန်ဟောင်ဖြစ်သွားတာလဲ….။

သူ၏ကိုယ်ရောင်ကိုယ်ဝါအရဆိုလျှင် သူသည်လည်း အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ရမည်။ ဆိုလိုသည်က သူတို့သည် အဆင့်အတူတူဖြစ်သည်။

မည်သို့သော တိုက်ပွဲဖြစ်မည်နည်း။ သူ့အနေဖြင့် ယူချင်းကို ခွန်အားပိုင်းတွင် အသာစီးရရန် မဖြစ်နိုင်ပေ။

“ဒါလည်း အဆင်ပြေတာပဲ” ရီဖူရှင်းက ခေါင်းညိတ်သည် “ကျောင်းတော်တည်ထောင်ပြီးတဲ့နောက်မှာ ငါတို့အားလုံးက ညီအစ်ကိုတွေပဲ။ မင်းရဲ့အထီးကျန်မှုကို ဖြေသိမ့်ဖို့ မင်းက ယူချင်းနဲ့ မကြာခဏ ကျင့်ကြံမှုနဲ့ပတ်သက်ပြီး ဆွေးနွေးသင့်တယ်။ ငါက မင်းတို့အတွက် သီးသန့်တိုက်ပွဲစင်မြင့်တစ်ခု တည်ဆောက်ပေးမယ်။ မင်း မရှုံးသရွေ့ အဲဒီစင်မြင့်က ထွက်လို့မရအောင် ပိတ်ဆို့ပေးမယ်”

“စီနီယာ… ကျုပ်မိသားစုဝင်တွေလည်း ပါတယ်။ မျက်နှာသာနည်းနည်းပေးပါဦး” သောကျောက်က ရီဖူရှင်းကို စိတ်ဖြင့် လှမ်း၍ တောင်းပန်တိုးလျှိုးသည်။ ထို့နောက် သူက ဆက်လက်၍ ပြောသည် “ကျုပ်တို့က ကျောင်းတော်တည်ထောင်ပြီးနောက် လေ့ကျင့်တာကို ပိုပြီး ဦးစားပေးသင့်တယ်။ ဂျူနီယာတွေကို ပိုပြီး သင်ပြသင့်တယ်။ ယူချင်းက ကျုပ်နဲ့အဆင့်အတူတူဆိုတော့ ကျင့်ကြံတာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့မလိုဘူးထင်တယ်”

“အဟွတ်… အဟွတ်…” သောကျောက်က ခြောင်းဟန့်လိုက်သည်။

သူသည် တိုက်ခိုက်ရေးနတ်ဘုရား၏မျိုးဆက်ဖြစ်ကာ သောကလန်တွင် စစ်နတ်ဘုရားအဖြစ် ရှုမြင်ခံရသူဖြစ်သည်။ ရီဖူရှင်းက သူ့အား အနည်းငယ် မျက်နှာသာပေးသင့်၏။

ရီဖူရှင်းက ပြုံးလိုက်သည်။ သူက သောကျောက်နောက်မှလူများကို လှမ်းကြည့်ကာ ပြောသည် “ခင်ဗျားတို့ လာရတာ ခရီးရှည်တော့ ပင်ပန်းမှာပေါ့”

“အင်ပါယာရီက အရမ်းအားနာလွန်းပါပြီ” သူတို့က ခေါင်းညိတ်သည်။ ပြင်ပလောကမှ လူများက နားလည်မည်မဟုတ်သော်လည်း သောကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်များ သိနားလည်သည်။ သောကျောက်က အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းနိုင်ခြင်းမှာ ရီဖူရှင်းကြောင့်ဖြစ်သည်။ ထို့အပြင် ရီဖူရှင်းနောက်တွင် ရပ်နေသော ယူချင်းသည်လည်း အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းထား၏။

သည်ကျောင်းတော်၏အလားအလာကား ကြောက်မက်ဖွယ်ကောင်းပေသည်။

အချိန်များပိုမိုနီးကပ်လာသည်နှင့်အမျှ နောက်ထပ် အင်အားကြီးသော အရှိန်အဝါတစ်ခု ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဆင်းသက်လာခဲ့သည်။ လူတစ်စု ပျံသန်းဆင်းသက်လာခြင်းဖြစ်သည်။ လူအများအပြားက လှမ်းကြည့်လျှင် ထိုအုပ်စုကို ဦးဆောင်လာသော အကြီးအကဲနှစ်ဦးအား မြင်ရ၏။

“အရှင်… ဆရာ… “ လူတစ်ယောက်က ကောင်းကင်သို့ တက်လှမ်းသွားကာ သူတို့ကို ကြိုဆိုသည်။ ထိုအဖြူရောင်ဆံပင်ဖြင့်လူငယ်ကို သူတို့အားလုံး သိကြသည်။ သူ့နောက်မှ များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များလည်း ပျံသန်းလိုက်ပါသွားကြသည်။ ထိုအကြီးအကဲနှစ်ဦးမှာ သေချာပေါက် ထိပ်သီးပုဂ္ဂိုလ်များဖြစ်ကြ၏။

“အထက်ကောင်းကင်ဘုံ၊ ထိုက်ရွှမ်တောင်ရဲ့ အရှင်ထိုက်ရွှမ်။ နောက်တစ်ယောက်က ထျန်းဟယ်အကြီးအကဲဖြစ်ရမယ်” လူအများအပြားသည် ဘုံကိုးခုတွင် ဖြစ်ပျက်နေသည်များကို သိနားလည်ကြ၏။ သူတို့သည် အရှင်ထိုက်ရွှမ်၏နာမည်ဂုဏ်သတင်းများကို ကြားဖူးကြ၏။ သူသည် ယခင် ဂူထျန်းရှင်း၏အဆင့်သို့ တက်လှမ်းခဲ့ပြီးဟု ကောလာဟလများ ထွက်နေသည်။

“အင်း…” အကြီးအကဲနှစ်ဦးက ခေါင်းညိတ်သည်။ သူတို့အုပ်စုသည် ကျောင်းတော်အတွင်းသို့ လှမ်းဝင်လိုက်ကြ၏။ သိမ်းငှက်နက်သည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ ရီဖူရှင်းဘေးသို့ ရောက်လာ၏။ တချိန်တည်းမှာပင် အနီရင့်ရင့်ဝတ်ဆင်ထားသော မိန်းမလှတစ်ဦး ရီဖူရှင်းဘေးနားသို့ ရောက်လာ၏။ သူမကား ထိုက်ရွှမ်တောင်မှ ဖီးနစ်လေးဖြစ်သည်။

“အရှင်ထိုက်ရွှမ်နဲ့ထျန်းဟယ်အကြီးအကဲတို့ ဘာလို့ ရောက်လာရတာလဲ” မရေမတွက်နိုင်သော လူများက တီးတိုးပြောနေကြသည်။ ထျန်းဟယ်အကြီးအကဲသည် ရီဖူရှင်း၏ဆရာဖြစ်သည်။ သူသည်လည်း ကျောင်းတော်ကို ဝင်ရောက်မည်လော။

စွမ်းအားမြင့်ထိပ်သီးပုဂ္ဂိုလ် မည်သည့်နှစ်ယောက်ခန့် ကျောင်းတော်ကို ဝင်ရောက်ကြမည်နည်း။

ကျောင်းတော်၏ပထမဆုံးသော ကျောင်းအုပ်က မည်သူဖြစ်မည်နည်း။

“ဖူရှင်း… မင်းသဘောကို မင်းဆရာဆီက ငါကြားပြီးပြီ။ မင်းဆရာက ကျောင်းအုပ်နေရာကို လက်ခံဖို့ သဘောတူတယ်။ ဒီလိုဆိုမှတော့ ငါက ကျောင်းရဲ့ ဧည့်အကြီးအကဲချုပ်နေရာကို ယူပေးမယ်” အရှင်ထိုက်ရွှမ်က ပြုံးလျက်ပြောသည်။ ရီဖူရှင်းကား ကျင့်ကြံခြင်းလောကကို ကောင်းမွန်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့အပြင် သူနှင့် ထျန်းဟယ်အကြီးအကဲ၏ရင်းနှီးမှုတို့ဖြင့် သူသည် ရီဖူရှင်းကို ကူညီပေးရန် ဝန်မလေးပေ။

“ကျေးဇူးပါ အရှင်…” ရီဖူရှင်းက ပြုံးသည် “ဒီလိုဆိုရင်လည်း ကျောင်းတော်ရဲ့ပထမဆုံးကျောင်းအုပ်ကို ဒီလိုပဲ ဆုံးဖြတ်တာပေါ့”

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများ၏ပူးပေါင်းမှုဖြင့် ဖြစ်လာခြင်းပင်။ ပုံမှန်အားဖြင့် ဧည့်အကြီးအကဲတစ်ဦးတည်းရှိမည်မဟုတ်ပေ။ များစွာသော အင်အားစုများ၏ခေါင်းဆောင်များသည် ကျောင်းတော်၏အကြီးအကဲတာဝန်များကို ယူကြမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ဧည့်အကြီးအကဲများသာဖြစ်နိုင်ပေ၏။ သို့သော်လည်း သူတို့ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်များသည် အကြီးအကဲတာဝန်များကို ယူကြပေမည်။

ရီဖူရှင်းက သူသည် ကျောင်းတော်ကို တည်ထောင်ခြင်းမှာ ကောင်းကင်အာဏာစက်ဘုံကို အုပ်စိုးရန်မဟုတ်ဟု ပြောခဲ့သည်။ သို့သော်လည်း အနာဂတ်တွင် ရီဖူရှင်းသည် ကျောင်းတော်၏အရေးအကြီးဆုံး အခန်းဂဏ္ဍ၌ ပါဝင်မည်ဖြစ်ကြောင်း သူတို့အားလုံး နားလည်ကြ၏။

“သောကျောက်… မင်းက ကျောင်းတော်ကို ဝင်ပြီး လေ့ကျင့်မယ်ဆိုမှတော့ မင်းမိသားစုထဲက တစ်ယောက်ကို ကျောင်းတော်ရဲ့ဧည့်အကြီးအကဲနေရာယူဖို့ ပြောသင့်တယ်။ တကယ်လို့ သူက အကြီးအကဲတာဝန်ကို ယူမယ်ဆိုလည်း အဆင်ပြေတယ်” ရီဖူရှင်းက သောကျောက်ကို ပြောသည်။

“ငါ့မိသားစုနဲ့ပြောလိုက်မယ်။ ဒါက ပြဿနာမဟုတ်ဘူး” သောကျောက်က ပြောသည်။

“ကျေးဇူးပဲ သောကျောက်…” ရီဖူရှင်းက ပြုံးသည်။

နောက်ထပ်တစ်ယောက် ကောင်းကင်မှ ဆင်းသက်လာသည်။ များစွာသောလူတို့က ကောင်းကင်ကို လှမ်းကြည့်ကြ၏။ သူတို့က ကောင်းကင်မှ လှပသော အသွင်သဏ္ဍာန်အား မြင်ကြ၏။ သူတို့အားလုံး မှင်တက်ငေးမောမိကြသည်။

“ရွယ်ထျန်းဗြမ္မာ့နတ်မိမယ်ရောက်လာပြီ” တစ်ယောက်က ပြောသည်။

“အလယ်က ဘယ်သူလဲ…” လူအများအပြားက အံ့အားသင့်သွားကြသည်။ အားလုံးက အလယ်တွင်ရပ်နေသော အမျိုးသမီးကို မြင်ကြ၏။ ရွယ်ထျန်းနတ်မိမယ်သည်ပင် သူမဘေး၌ ရပ်ရသည်။

ထို့အပြင် ချင်းဟယ်သည် သူမနောက်၌ ရပ်နေခြင်းဖြစ်သည်။ သူမသည် ဗြမ္မာ့သန့်စင်ကောင်းကင်၏ဆက်ခံသူများပေလော။

ရီဖူရှင်း လှမ်းကြည့်သည်။ ထိုအမျိုးသမီးကိုမြင်လျှင် သူ၏ခန္ဓာကိုယ် အေးစက်တောင့်တင်းသွား၏။ သူတစ်ယောက်တည်းမဟုတ်ပေ၊ ဓားသခင်၊ ကျူးကော့မင်းယွီနှင့် ဂူတုံးလျှိုတို့လည်း ကြီးစွာ အံ့အားသင့်သွား၏။

မြေရိုင်းပြည်နယ်မှ တိုက်ပွဲကား သူတို့အားလုံး၏မှတ်ဉာဏ်ထဲ ထင်ရှားဆဲဖြစ်သည်။ သူတို့အားလုံး အသက်ရှင်ခဲ့သော်လည်း နန်းတော်သခင်၏ဇနီးသည် ထိုတိုက်ပွဲ၌ ကျဆုံးခဲ့၏။

ယခု သူမသည် သူတို့အားလုံး၏ရှေ့မှောင်သို့ ပြန်ရောက်လာသည်။

“အစ်မဂျီယူ..” လောင်လင်းအာက ငေးမောနေရင်းဖြင့် ရေရွက်သည်။

“သခင်မရဲ့အမိန့်တော်အရ ဆက်ခံသူဟွာဂျီယူဟာ ကျောင်းတော်ကို ဝင်ရောက်လေ့ကျင့်ပါမယ်” ချင်းဟယ်က သာယာနာပျော်ဖွယ်အသံဖြင့် ကြေညာသည်။

ရီဖူရှင်းသည် တွေဝေမိန်းမောနေရာမှ သတိဝင်လာကာ ပြောသည် “အထဲကို ကြွကြပါ”

ထို့နောက်တွင် ဗြမ္မာ့သန့်စင်ကောင်းကင်မှ လူများ ကျောင်းတော်သို့ ဝင်လာကြသည်။

ရီဖူရှင်းက သူတို့အား ကြည့်နေသည်။ ဗြမ္မာ့သန့်စင်ကောင်းကင်မှ အမျိုးသမီးများက အကြီးအကဲများကို နှုတ်ဆက်ဂါရဝပြုကြသည် “အကြီးအကဲများကို နှုတ်ဆက်ပါတယ်”

တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို လူအများအပြား သတိထားမိကြ၏။ ရီဖူရှင်း စိတ်လှုပ်ရှားနေသည်မှာ အထင်အရှား…။

လူတစ်ယောက် ရှေ့ကို တက်လာသည်။ သူမကား ကျူးကော့မင်းယွီဖြစ်သည်။

သူမသည် ဗြမ္မာ့သန့်စင်ကောင်းကင်မှ လူများ၏ရှေ့ကို ရောက်လာ၏။ သူမ၏အကြည့်က ဟွာဂျီယူထံသို့ ရောက်လာသည်။ သူမက လှပစွာ ပြုံးလိုက်သည်။ သည်အမျိုးသမီးကား သူမ၏ဂျူနီယာချစ်ရသောသူဖြစ်သည်။ သူမအား ပြန်တွေ့ရခြင်းအတွက် ကျူးကော့မင်းယွီ မည်သို့ မပျော်ရွှင်ဘဲ နေမည်နည်း။

“ဂျီယူ… ငါ့ကို မမှတ်မိဘူးလားဟင်…” ကျူးကော့မင်းယွီက ညင်သာစွာ မေးသည်။ ဟွာဂျီယူက သူမအား အေးစက်စွာ ပြန်ကြည့်သည်။ သူမ၏မျက်လုံးများတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။

“အစ်မ၂…” ရီဖူရှင်းက လှမ်းခေါ်သည်။ ကျူးကော့မင်းယွီက ပြန်လည့်ကြည့်သည်။ ထိုအခိုက်တွင် ရီဖူရှင်း မည်သို့ခံစားရမည်ကို သူမ နားလည်လိုက်၏။

“ဂျီယူ… နောက်ပိုင်း ငါနင်နဲ့ စကားပြောလို့ရမလား…” ကျူးကော့မင်းယွီက မေးသည်။

“ရှင် လူမှားနေပြီ” ဟွာဂျီယူက နောက်လှည့်ကာ ဘေးသို့ လျှောက်သွားသည်။

ကျူးကော့မင်းယွီသည် ထိုနေရာတွင် အတန်ကြာ ငြိမ်သက်စွာ ရပ်နေ၏။

“အစ်ကို…” လောင်လင်းအာက ရီဖူရှင်း၏လက်မောင်းကို ဆုပ်ကိုင်သည်။ သူမက ရီဖူရှင်းအား စိုးရိမ်၏။

“ငါ အဆင်ပြေတယ်” ရီဖူရှင်းက ပြောသည်။ ဗြမ္မာ့သန့်စင်သခင်မက ဘာကို ဆိုလိုချင်သနည်း။

ဟွာဂျီယူ သေဆုံးသွားပြီဟု သူမက ပြောသည်။ ယခု အဘယ်ကြောင့် ဟွာဂျီယူ နာမည်ကို ဆက်သုံးနေသနည်း။

“ဖူရှင်း…” အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို မေးသည်။

“ကျွန်တော့ဇနီး…” ရီဖူရှင်းက တည်ငြိမ်အောင်ကြိုးစားကာ အရှင်ထိုက်ရွှမ်ကို ရှင်းပြသည်။

ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးပုဂ္ဂိုလ်များအားလုံး စိတ်လှုပ်ရှားမိကြ၏။

“ဖူရှင်း…” နဂါးဘုရင်က ရီဖူရှင်းကို ပြောသည် “ဗြမ္မာ့သန့်စင်သခင်က ကျင့်တဲ့နည်းစနစ်က အရမ်းထူးဆန်းတယ်။ ဒါက မှတ်ဉာဏ်ပျက်စီးတာတစ်ခုတည်း မဖြစ်နိုင်ဘူး”

“ဖြစ်နိုင်တာက သူမဟာ မင်းဇနီကို ကျင့်ကြံဖို့အတွက် အသုံးချတာ ဖြစ်နိုင်တယ်” နတ်တောင်ကုန်းတစ်ထောင်အရှင်ကလည်း ပြောသည်။

ရီဖူရှင်း၏မျက်လုံးများ အေးစက်သွားသည်။

“ဒါက ဘာကိုဆိုလိုတာပါလဲ အကြီးအကဲ..” ရီဖူရှင်းက မေးသည်။

“ဖြစ်နိုင်ဖွယ်တစ်ခုတည်းပါပဲ။ ပြီးတော့ မင်းဇနီးကလည်း ဒီကိစ္စမှာ သဘောတူပါဝင်ဖို့လိုသေးတယ်” နတ်တောင်ကုန်းတစ်ထောင်က ပြောသည်။

ရီဖူရှင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဂျီယူသည် ကျောင်းတော်၌ လာရောက်လေ့ကျင့်၏။ နတ်တောင်ကုန်းတစ်ထောင်အကြီးအကဲပြောသည်မှာ အလွန်ဖြစ်နိုင်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset