ကောင်းကင်နတ်တံခါး၌ သည်ရက်ပိုင်းတွင် များစွာသော စွမ်းအားမြင့်ရန်ဟောင်များသည် တခြားနေရာဒေသအသီးသီးသို့ သွားလာလှုပ်ရှားနေကြသည်။
ကောင်းကင်အာဏာစက်ပြည်ထောင်၌ ဆောက်လုပ်နေသော ကျောင်းတော်မှာလည်း မကြာခင် အချိန်အတွင်းမှာ ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည်။ အဆောက်အဦးများမှာ ကြီးကျယ်ခန်းနား၏။ သို့သော်လည်း သမိုင်းအရှိန်အဝါနှင့် အတိတ်၏ခမ်းနားခြင်းများ ကင်းမဲ့သည်။ မည်သို့ဆိုစေ ကျောင်းတော်ကား ယခုမှ တည်ထောင်ခြင်း မဟုတ်ပါလား။
ကျောင်းတော်သည် သူ၏သမိုင်းကို ရေးထွင်းမည့်တစ်စုံတစ်ဦးအား စောင့်ဆိုင်းနေ၏။
များစွာသော တန်ခိုးရှင်များသည် ကောင်းကင်အာဏာစက်ဘုံ၏ပင်မဒေသတွင် စုစည်းနေကြ၏။ အားလုံးသည် ကြီးမားသော အခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ကြုံလိုကြ၏။
ကောင်းကင်အာဏာစက်ဘုံမျှသာမဟုတ်၊ အဆင့်မြင့်ဘုံကိုးခုသည်လည်း သတင်းများကို ရရှိကာ သူတို့၏ကိုယ်စားလှယ်များကို စေလွှတ်ကြ၏။
နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ထွက်လာပြီးနောက်ပိုင်းတွင် ရီဖူရှင်းသည် ဘုံကိုးခု၌ နာမည်ကျော်ကြားလာခဲ့သည်။ သူ၏နာမည်ကို လူတိုင်းသိကြ၏။ ယခု သူသည် ကောင်းကင်အာဏာစက်ဘုံ၌ ကြီးစွာသော မုန်တိုင်းထန်စေခဲ့ပြန်ပြီး ဘုံကိုးခုမှ သတိမထားမိရန် မဖြစ်နိုင်တော့ပေ။
ယခင်မှ အဖြစ်အပျက်များမှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ရီဖူရှင်းကို အာရုံစိုက်နေသူများ အများအပြားရှိနေပေသေးသည်။ သူသည် ကောင်းကင်အာဏာစက်ဘုံ၌ ကြီးမားသော လွှမ်းမိုးမှုရှိသော်လည်း စကားအားဖြင့် ပြောမရသော စည်းမျဉ်းများရှိနေဆဲဖြစ်သည်။
နတ္တိအင်ပါယာနန်းတော်သည် ယခင်က ရီဖူရှင်းကို အကာအကွယ်ပေးဖူးရာ ရီဖူရှင်းကို ပထမဆုံး ရှေ့ထွက်ရန်ပြုလိုသူ မရှိပေ။ ထို့ကြောင့် သူတို့သည် ကောင်းကင်အာဏာစက်ဘုံသို့ လူများစေလွှတ်ကာ အခွင့်အလမ်းကိုသာ စောင့်ဆိုင်းနေကြရတော့သည်။ ရီဖူရှင်းကသာ နတ္တိအင်ပါယာနန်းတော်၏အမိန့်တော်ကို ဖီဆန်ကာ တခြားအင်အားစုများကို ဦးဆုံးရန်ပြုခြင်းဖြစ်ပါက အကျိုးဆက်မှာ တခြားတစ်နည်းဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း ကောင်းကင်အာဏာစက်ဘုံသည် တည်ငြိမ်သော အနေအထားတစ်ခု၌ရှိနေပြီး ကောင်းကင်နတ်တံခါးမှာလည်း တိတ်ဆိတ်နေခဲ့သည်။
မျက်စိတမှိတ်အတွင်း ရသတ္တပတ်များစွာ ကြာမြင့်သွားခဲ့သည်။
သို့သော်လည်း ကောင်းကင်အာဏာစက်ဘုံ၏ဗဟိုဒေသ၌ကား အလွန်စည်ကားနေ၏။အနယ်နယ်အရပ်ရပ်မှ ပိုမိုများပြားသော တန်ခိုးရှင်များ ရောက်လာသည်နှင့်အမျှ ဆွေးနွေးငြင်းခုံမှုများ ရှိလာမည်မှာ မလွဲမသွေပင်။
ရီဖူရှင်းက မည်သည့်အရာကို စောင့်နေသည်ကို မည်သူမှ မသိနားမလည်ပေ။
သို့သော်လည်း ရီဖူရှင်းကား တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေခဲ့သည်။ အဖွဲ့ကား လူမစုံပေ။
အနည်းဆုံးတော့ ကောင်းကင်အာဏာစက်ကျောင်းတော်၏အဖွင့်ပွဲကို ကောင်းကင်နတ်တံခါးမှ တပည့်များ တက်ရောက်ရန်လိုပေသည်။
သူ့အနေဖြင့် ပြန်တွေ့လိုသူ၊ ပြန်ဆုံလိုလူများလည်း ရှိနေသေးသည်။
သည်နေ့ရက်များတွင် ကောင်းကင်အာဏာစက်ဘုံမှ တပည့်များကို တစ်ယောက်ပြီးတစ်ယောက် ရှာဖွေတွေ့ရှိခဲ့ပြီး ရီဖူရှင်းသည်လည်း သွေးနဂါးဘုံမှ အထူးဧည့်သည်တော်တစ်စုကိုလည်း ကြိုဆိုခဲ့၏။
သူ၏အစ်ကိုကြီး ဓားသခင်သည် တည်နေရာခုန်ကျော်ပြီးနောက်တွင် ကောင်းကင်အာဏာစက်ဘုံသို့ မပြန်ဘဲ သွေးနဂါးဘုံသို့ ရောက်သွားခဲ့သည်။
ထို့ကြောင့် သွေးနဂါးဘုံမှ လူများကို ကြိုဆိုရန် အစီအစဉ်မရှိထားသော ရီဖူရှင်းသည် သူတွေ့မြင်ချင်သောသူများကို မြန်ဆန်စွာ တွေ့ဆုံခဲ့ရသည်။ ရီဖူရှင်း၏တွက်ဆမှုအရ အချိန်မကျသေးပေ။ သူ၏ခွန်အားမှာ ကောင်းကင်အာဏာစက်ဘုံအတွက် လုံလောက်နေပြီဖြစ်သော်လည်း အန္တရာယ်ကတော့ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် သူသည် အနည်းငယ်ထပ်စောင့်ရန် တွေးထားခဲ့သည်။ သို့သော်လည်း ကောင်းကင်နတ်တံခါးမှ ရန်ဟောင်တစ်ပါးသည် သူ၏အစ်ကိုကြီးဓားသခင်ကို အမှတ်မထင် တွေ့သောအခါ အစီအစဉ်များအားလုံး စောလျင်စွာ ရောက်လာခဲ့၏။
ဤနည်းဖြင့် ကောင်းကင်နတ်တံခါးသည်လည်း ပိုမို၍ စည်ကားလာခဲ့သည်။
ပိုမိုများပြားသောလူများ ရောက်လာခဲ့၏။
အားလုံးသောလူများက သူတို့၏မျက်လုံးဖြင့် တပ်အပ်မြင်လိုကြသည်။
“မောင်ငယ်လေး… ဘာတွေ တွေးနေတာလဲ” ကြည်လင်သောအသံတစ်သံကို ကြားလိုက်ရသည်။ ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် လူနှစ်ယောက်လျှောက်လာသည်ကိုမြင်၏။ အမျိုးသားသည် အလွန်ချောမောခန့်ညားပြီး အမျိုးသမီးမှာလည်း ပြိုင်စံရှားအောင်လှပချောမောသူဖြစ်၏။
ပြောလိုက်သူကား ကျူးကော့မင်းယွီဖြစ်သည်။
“ကိုကိုဖူရှင်း… လင်းအာကို သတိမရဘူးလား” ခေါင်းတစ်လုံး ကျူးကော့မင်းယွီနောက်မှ ထွက်လာ၏။ လောင်လင်းအာက ရီဖူရှင်းဘေးကို ရောက်လာကာ ဘေးတွင် ထိုင်သည်။
“မဆိုးနဲ့…” ရီဖူရှင်းက ပြုံးလိုက်သည်။ သည်ကလေးမကား မည်သည့်အခါမှ အရွယ်ရောက်မည့်ဟန်မတူ။
“အစ်မ၂” ရီဖူရှင်းက ထရပ်ကာ ခေါ်သည်။ ကျူးကော့မင်းယွီက လျှောက်လာကာ သူမ၏လက်ကို ဆန့်တန်း၏။ ထို့နောက် သူမက ခြေဖျားထောက်ကာ ရီဖူရှင်း၏ခေါင်းကို ပုတ်လိုက်၏။
ရီဖူရှင်း၏မျက်နှာ နက်မှောင်သွားသည်။ ဤသို့သော အခြေအနေကို သူမမျှော်လင့်ထားပေ။
“နင်က ရန်ဟောင်ဖြစ်သွားလည်း သိပ်ထူးခြားတဲ့ပုံမပေါ်ပါဘူး” ကျူးကော့မင်းယွီက အသာအယာပြုံးကာ ပြောသည် “ဒါပေမဲ့ နင်က ပိုပြီး ချောမောလာသလိုပဲ”
ရီဖူရှင်းက သူ၏ကံကြမ္မာကို ကျိန်ဆဲလိုက်သည်။ ကြည့်ရသည်မှာ သူ၏အစ်မ၂က ရန်ဟောင်၏ခေါင်းကို ကိုင်ကြည့်လိုဟန်ရသည်။
သူ မည်သို့တတ်နိုင်မည်နည်း။
“ကျုပ်အတွက် သိက္ခာလေး နည်းနည်းချန်ထားပေးပါဦး” ရီဖူရှင်းက အဝေးမှ လူအများအပြားလှမ်းကြည့်နေသည်ကို မြင်သည်။ သူ၏ပုံရိပ်ကား လုံးဝ ပျက်စီးသွားချေပြီ။
“အင်း… ဘယ်လိုပြောပြော နင်က အခု သူတို့ပြောပြောနေတဲ့ နာမည်ကျော်ရန်ဟောင်ပဲကို…” ကျူးကော့မင်းယွီက သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
အရှေ့မြေရိုင်းဒေသတွင် ရှန့်ထိုအဆင့်သည် ကြားသာကြားဖူးကာ မမြင်ဖူးသော ဒဏ္ဌာရီဖြစ်သည်။
သူတို့သည် ရန်ဟောင်ကိုပင် မကြားဖူးပေ။
ယခုကား သူတို့၏မောင်ငယ်လေးသည် ရန်ဟောင်တစ်ပါး ဖြစ်နေလေပြီ။
“ဒါပေမဲ့ အစ်ကို၃ဟာလည်း ရန်ဟောင်ပဲလေ…” ရီဖူရှင်းကား ဖျော့တော့စွာ ပြုံးသည်။ အစ်မ၂ကား လူမှားကာ အနိုင်စားနေလေပြီ။
“အမှန်ပဲ။ သူလည်း ကွဲပြားခြားနားတယ်လို့ မခံစားရဘူး” ကျူးကော့မင်းယွီက ဂူတုံးလျှိုကို ပြုံးလျှက်ကြည့်ကာ ပြောသည်။ ဂူတုံးလျှိုကား သူ၏မျက်နှာပေါ်တွင် အမြဲတမ်း ညင်သာသော အပြုံးတစ်ခုရှိနေ၏။
“ဂျီယူသာရှိရင် ငါတို့အားလုံး လူစုံပြီပဲ” ကျူးကော့မင်းယွီက ထပ်ပြောသည်။
ရီဖူရှင်း၏မျက်လုံးများ မှေးမှိန်သွားသည်။ သူ့တွင် ပြောစရာစကားမရှိပေ။
“သိပ်လည်း အများကြီးမတွေးနဲ့။ ဂျီယူအသက်ရှင်နေသေးတာပဲ လုံလောက်နေပြီ။ ဂျီယူ ဘာတွေပဲ ဖြစ်ခဲ့ပါစေ၊ သူ အသက်ရှင်နေသေးသရွေ့ နင် အစကနေ ပြန်ကြိုးစားနိုင်သေးတာပဲ” ကျူးကော့မင်းယွီသည် ဂျီယူ၏အခြေအနေကို ရီဖူရှင်းထံမှ ကြားထားပြီးဖြစ်သည်။
ထိုတိုက်ပွဲတွင် တော်ဝင်ကျဲနန်းတော်မှ မရေမတွက်နိုင်သောလူများသည် နန်းတော်သခင်၏ဇနီးဖြစ်သူ ဟွာဂျီယူ တိုက်ပွဲ၌ ကျဆုံးသွားသည်ကို မြင်ခဲ့ကြရ၏။ သူတို့အနေဖြင့် တိုက်ပွဲကို အနိုင်ရခဲ့သော်လည်း ပေးဆပ်ခဲ့ရသော တန်ဖိုးကား ကြီးမားလွန်းခဲ့ပေသည်။ ထို့နောက် ရီဖူရှင်းသည် ချင်းကျူမြို့သို့ ပြန်သွားခဲ့ကာ သူ၏ဆံပင်များလည်း ဖြူသွားခဲ့သည်။
ရီဖူရှင်းသည် ဟွာဂျီယူကို တွေ့ခဲ့ကြောင်း ကျူးကော့မင်းယွီ ကြားသောအခါ သူမ အလွန်ပျော်ရွှင်ခဲ့၏။
“အင်း…” ရီဖူရှင်း ခေါင်းညိတ်သည်။ အစ်မ၂ ပြောသည်မှာ မှန်၏။ အဆိုးဆုံးအခြေအနေတွင် သူ့အနေဖြင့် အစမှ ပြန်စနိုင်သေးသည်။
သူ့အနေဖြင့် ဗြမ္မာ့သန့်စင်သခင်မကို မယုံကြည်သော်လည်း အနည်းဆုံး ဂျီယူ အသက်ရှိနေသေးသည်။
“ဖူရှင်း…” ထိုအချိန်တွင် လူတစ်ယာက် သူတို့ထံသို့ လျှောက်လာ၏။ သူကား လီဟန်ဓားသမားဖြစ်ပြီး သူနှင့်အတူ ဝမ်ချွမ်းလည်း ပါလာသည်။
သည်မတိုင်ခင်က ဝမ်ချွမ်းသည် သွေးနဂါးဘုံတွင် ကျင့်ကြံနေခဲ့ကာ ကောင်းကင်နတ်တံခါးမှ ရန်ဟောင်နှင့် တွေ့ဆုံခဲ့ပြီး သူနှင့်အတူ လိုက်ပါလာခဲ့သည်။
သူ့ဆရာ လီဟန်ဓားသမားသည် လီဟန်ဓားအင်ပါယာဖြစ်နေလေပြီ။
“ဓားဆရာ…” ရီဖူရှင်းက လှမ်းခေါ်သည်။
“ကောင်းကင်နတ်တံခါးက ဘုံတွေအကုန်လုံးကို လူတွေလွှတ်ပြီး သူ့လူတွေကို စုစည်းထားတယ်။ မင်းဘယ်တော့စထွက်မလဲ သူတို့သိချင်တယ်” လီဟန်ဓားသမားက မေးသည်။
“ဒါဆိုလည်း အခုသွားကြစို့…” ရီဖူရှင်းက ပြောသည်။ ကောင်းကင်နတ်တံခါးက သူတို့၏လူများအားလုံးကို စုစည်းထားပြီးဖြစ်သည်။ သူတို့အနေဖြင့် အချိန်မဆွဲသင့်တော့ပေ။
“ကောင်းပြီ။ ဒါဆိုလည်း သူတို့ကို ပြောလိုက်မယ်” လီဟန်ဓားသမားက ပြောသည်။
များမကြာမှီက ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည် ထိုနေရာတွင် စုစည်းပြီးဖြစ်သည်။ ကောင်းကင်နတ်တံခါးမှ တပည့်များအားလုံးသည် ရီဖူရှင်းကို ထောက်ခံရန်အတွက် ကျောင်းတော်ဖွင့်ပွဲအခန်းအနားကို တက်ရောက်ကြမည်ဖြစ်သည်။
“သွားကြမယ်…”
ချက်ချင်းပင် ကြီးမားသော အင်အားစုကြီးသည် ကောင်းကင်သို့ ပျံတက်သွားတော့သည်။
…
ရီဖူရှင်းနှင့် တခြားလူများသည် ကောင်းကင်အာဏာစက်ဘုံ၏ဗဟိုဒေသသို့ ဆင်းသက်လာခဲ့ကြ၏။ ထိုနေရာတွင် ကျောင်းတော်အသစ်ကို တည်ဆောက်ထားပေသည်။ သူတို့ရောက်သည်နှင့် မိစ္ဆာကလန်များမှ တန်ခိုးရှင်များနှင့် နတ်တောင်ကုန်းတစ်ထောင်မှ လူများသည်လည်း ရောက်လာကြ၏။
ဘုံကိုးခုမှ တန်ခိုးရှင်များသည် မကြာခင် ထိုသတင်းကို ကြားသိကြရပြီးနောက်တွင် သူတို့သည်လည်း စတင်၍ ထွက်ခွာကြသည်။
တချိန်တည်းမှာပင် ထိုက်ရွှမ်တောင်နှင့် ထျန်းဟယ်ဘုံတို့သည်လည်း ကောင်းကင်အာဏာစက်ဘုံသို့ စတင်ထွက်ခွာလာကြ၏။
“နဂါးဘုရင်၊ ရွှေမီးငှက်အရှင်၊ နတ်ဆင်အင်ပါယာနဲ့ နတ်တောင်ကုန်းတစ်ထောင်အရှင်တို့လည်း ရောက်လာကြပြီ” ကျောင်းတော်အသစ်၏အပြင်ဘက်တွင် လူအများအပြားသည် လေ့လာစောင့်ကြည့်နေကြ၏။ ရီဖူရှင်းရောက်လာသည်နှင့် ထိပ်သီးအင်အားစုများလည်း ရောက်လာသည်ကို သူတို့ တွေ့မြင်ကြ၏။
အမှန်ပင် ရီဖူရှင်းသည် လူအားလုံး၏အာရုံစိုက်ရာဖြစ်သည်။
ယခုတွင် အားလုံးသော ထိပ်သီးပုဂ္ဂိုလ်များသည် ကျောင်းတော်အတွင်းရောက်နေပြီဖြစ်၏။
“ကျောင်းတော်နာမည်ကို စဉ်းစားပြီးကြပြီလား” နတ်ဆင်အင်ပါယာက မေးသည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်လို့ပဲ နာမည်ပေးကြတာပေါ့” ရီဖူရှင်းက ပြောသည် “ဒါပေမဲ့လည်း ကျောင်းတော်မှာ သာမာန်တပည့်နဲ့ ပင်မတပည့်ဆိုပြီး နှစ်မျိုးခွဲမယ်။ သာမာန်တပည့်တွေအတွက် လိုအပ်ချက်က သိပ်မများဘူးဆိုပေမဲ့ ကျုပ်တို့က ပင်မတပည့်တွေကို သေသေချာချာ ရွေးချယ်ဖို့လိုတယ်။ သူတို့ဟာ ကျောင်းတော်ရဲ့ အဓိက တပည့်တွေပဲ”
အားလုံးက သဘောတူသည်။ ဤနည်းကား အားလုံးသော ကျောင်းတော်များ ကျင့်သုံးသော နည်းနာဖြစ်သည်။
“ပြီးတော့ ပင်မတပည့်တွေထဲမှာမှ အတော်ဆုံးသော ပါရမီရှင်တွေကို ရွေးချယ်ပြီးတော့ ကျောင်းတော်ရဲ့ တကယ့် ကျောထောက်နောက်ခံဖြစ်စေမယ်။ သူတို့တွေဟာ ကျောင်းတော်ရဲ့ အသက်ဝိညာဉ်ပဲ”
အားလုံး၏အမူအရာက လေးနက်သွားကာ တစ်ယောက်က မေးသည် “ဒါဆိုလည်း သူတို့တွေရဲ့စံနှုန်းက အရမ်းမြင့်သွားလိမ့်မယ်”
“မှန်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည် “အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်တွေပဲ အဲဒီတံခါးက ဝင်နိုင်မယ်”
သူတို့အားလုံးက ခန့်မှန်းမိပြီးဖြစ်သော်လည်း ရီဖူရှင်း၏စကားကို ကြားသောအခါ အားလုံးက အံ့အားသင့်ကြရ၏။
အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များသာ ဝင်ရောက်နိုင်သည်။ မည်သို့သော တပည့်မျိုး သူတို့ ဖန်တီးလိုသနည်း။
“ကျောင်းတော်ရဲ့ ပင်မစွမ်းအားအစစ်အမှန်နာမည်ကို ကျွန်တော် တွေးထားပြီးပြီ။ ဒါကို ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ကော့တေးလို့ ခေါ်တွင်ရမယ်” ရီဖူရှင်းက ပြောသည် “ဒါကိုတော့ အပြင်သို့ ပေါက်ကြားစရာမလိုဘူး။ ကော့တေးရဲ့တပည့်တွေပဲ သိခွင့်ရှိမယ်”
သည်မတိုင်ခင်က သူသည် အစ်ကို၃နှင့် ကောင်းကင်အာဏာစက်ကော့တေး နာမည်ကို သုံးရန် ဆွေးနွေးခဲ့၏။ သို့သော်လည်း အစ်မ၂က ငြင်းပယ်ခဲ့သည်။
ထိုကိစ္စက မသင့်တော်ဟု သူမက တွေးသည်။ ကော့တေးကား နာမည်တစ်ခုသာမဟုတ်၊ ထူးခြားလေးနက်သော အဓိပ္ပာယ်ရှိသည်။ လူတိုင်းသည် ကော့တေး၏တပည့်ဖြစ်ရန် မထိုက်တန်ပေ။
ထို့ကြောင့် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကော့တေးနာမည်ကို လက်လျှော့လိုက်၏။ ထိုအစား သူသည် ကျောင်းတော်၏တစ်စိတ်တစ်ပိုင်းသော တပည့်များကိုသာ ထိုနာမည်နှင့်သက်ဆိုင်စေရန် ရွေးချယ်ခဲ့၏။
ယခုတွင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များသည်သာ ကော့တေးသို့ ဝင်ခွင့်ရပေမည်။ သေချာသည်က ထိုကိစ္စကို ရီဖူရှင်း ကိုယ်တိုင် ကိုင်တွယ်ပေမည်။
သို့ဆိုလျှင် ကော့တေးတပည့်များသည် မည်မျှ ထူးချွန်လိုက်မည်နည်း။
“ကောင်းပြီ..” အားလုံးက ခေါင်းညိတ်ကြသည်။ ထို့နောက်တွင် ယေဘုယျသတင်းများကို အပြင်သို့ ထုတ်လွှတ်ပြန်ကြားစေသည်။ ကျောင်းတော်၏နာမည်သည် ကောင်းကင်အာဏာစက်ကျောင်းတော်ဖြစ်စေမည်။ နောက် ၇ရက်တွင် ကျောင်းတော်သည် လူတိုင်းကို ဖိတ်ကြားမည်ဖြစ်သည်။ အားလုံးက ကျောင်းတော်၏ဖွင့်ပွဲအခန်းအနားကို တက်ရောက်နိုင်ပေသည်။
***