ဗြမ္မာ့သန့်စင်သခင်မက သူမအား ကြည့်သည်။ ထိုနာကျင်မှုကြောင့် သူမက မေ့မရသည်လား။
“အဲဒါ မင်းရဲ့အတိတ်ဘဝပဲ။ အခုဘဝမဟုတ်တော့ဘူး။ ဘာလို့ အတိတ်ဘဝရဲ့နာကျင်မှုကို ဆက်သည်းခံနေဦးမှာလဲ” သခင်မက မေးသည်။
“ငါ မှတ်မိကတည်းက ဒါဟာ ဘဝတစ်ခုတည်းပဲ” ဟွာဂျီယူက သူမကို ပြန်ကြည့်ကာ ပြောသည်။
ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက အေးစက်စွာကြည့်လိုက်လျှင် မမြင်ရသော အားလှိုင်းတစ်ခုသည် သူမနေရာကို လွှမ်းခြုံလာခဲ့၏။ ကြောက်မက်ဖွယ်အလင်းများ ဟွာဂျီယူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့သည်။ ဟွာဂျီယူ ရုတ်တရက် တုန်ယင်သွား၏။ သူမသည် ကြီးစွာသော နာကျင်မှုအား ခံစားနေရန်တူသည်။
သူမ၏မျက်နှာက ပြာနှမ်းသွားကာ ခန္ဓာကိုယ်မှ အရိပ်ကိုယ်ပွားအလွှာများ သူမနှင့် ပူးကပ်လိုက်၊ ခွဲခွာလိုက် ဖြစ်နေသည်ကို မြင်ရ၏။ ထိုအရိပ်များမှာ ဗြမ္မာ့သန့်စင်သခင်မနှင့် ရုပ်ချင်းဆင်နေသည်။
ဟွာဂျီယူ၏ခန္ဓာကိုယ်သည် မှုန်ဝါးလာခဲ့ကာ မည်သည့်အချိန်တွင်မဆို ဝေဝါးပျောက်ကွယ်သွားတော့မည့်အလား ထင်မှတ်ရ၏။
နောက်ဆုံးတွင် အလင်းများနှင့်အတူ များစွာသော ပုံရိပ်များ တရိပ်ရိပ်ပေါ်လာခဲ့၏။ ရီဖူရှင်းသာ သည်နေရာ၌ ရှိနေလျှင် သူသည် ထိုပုံရိပ်များမှာ သူ့စိတ်နယ်ပယ်ထဲတွင်ပေါ်လာသော မှတ်ဉာဏ်များဖြစ်ကြောင်း သိရှိပေမည်။
“မင်းက အတိတ်ဘဝကို လိုချင်တာလား၊ ဒီဘဝကိုလိုချင်တာလား” များစွာသော အရိပ်သဏ္ဌာန်များသည် တပြိုင်နက်တည်းတွင် မေးခွန်းများထုတ်နေကြ၏။
“သူက ကောင်းကင်အာဏာစက်ပြည်ထောင်နဲ့ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဖျက်ဆီးခဲ့ရင်တောင်မှ ငါ့ကို ဘာမှ မလုပ်နိုင်ဘူးဆိုတာ မင်းသိသင့်တယ်”
ဟွာဂျီယူက ရုတ်တရက် ရယ်မောလိုက်ကာ ပြောသည် “ဒါဆို ရှင့်ရဲ့ မျိုးဆက်များစွာသော ကျင့်ကြံခြင်းတွေ ကျွန်မနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်”
ဗြမ္မာ့သန့်စင်သခင်မ တိတ်ဆိတ်သွားသည်။ ထိုအချက်သည် အမှန်တရားဖြစ်ကြောင်း သူတို့နှစ်ဦးလုံး သိကြ၏။ ထိုစဉ်က ဗြမ္မာ့သန့်စင်သခင် သည် ဟွာဂျီယူအား ကယ်တင်ခဲ့သောအခါ သူမ၏ခန္ဓာကိုယ်မှ ဉာဏ်အလင်းရတော့မည့်အခြေအနေကို သိမြင်ခဲ့၏။ ထို့ကြောင့်ပင် အောက်ဘုံမှ သူမ၏ဝိဉာဏ်ကို ကျင့်ကြံခြင်းကိုယ်ပွားအဖြစ် အသုံးချခဲ့၏။
သို့သော်လည်း ပေါင်းစပ်ခြင်းအဆင့်တွင် ပြဿနာပေါ်ခဲ့သည်။
သူမ၏ယခင်ဘဝသည် သူမအား အားကောင်းစွာ တွယ်ငြိလျှက်ရှိပြီး ပယ်ဖျက်ရန် အလွန်ခက်ခဲ၏။
“ဒါက အကျိုးရှိတဲ့အခြေအနေမဟုတ်မှတော့ ငါတို့ အလောင်းအစားတစ်ခုလုပ်ရအောင်” နောက်ဆုံးတွင် ဗြမ္မာ့သန့်စင်သခင်မက ပြောသည် “မီးအိမ်ကို ထုတ်လိုက်ပါ။ ငါ မင်းကို သူနဲ့သွားပြီးတော့ ကျင့်ကြံခွင့်ပေးမယ်။ တကယ်လို့ ငါနိုင်ရင် မင်းဟာ ငါပဲ။ မင်းနိုင်ခဲ့ရင် ငါဟာ မင်းဖြစ်မယ်”
ဟွာဂျီယူက သူမအား မေးသည် “ကျွန်မက ရှင့်ကို ဘယ်လိုယုံရမလဲ”
“မင်း သဘောတူရင် ငါ့ရဲ့ဝိညာဉ်လိပ်ပြာအရင်းအဖြစ်ကို ဖြတ်တောက်ပေးမယ်” ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက ပြောသည်။
“ကောင်းပြီ” ဟွာဂျီယူက ခေါင်းညိတ်၏။
ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မထံမှ ကောင်းကောင်းသော အစွမ်းတစ်ခုသည် ဟွာဂျီယူ၏ခန္ဓာကိုယ်ကို တိုးဝင်သွား၏။ ထို့နောက်တွင် သူမသည် တော်ဝင်ခန်းမဆောင်ထဲကို ဝင်ရောက်သွားကာ အသံတစ်ခုသည် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
“မနက်ဖြန်ကစပြီး ငါဟာ တံခါးပိတ်ကျင့်ကြံတော့မယ်။ အခုကစပြီး ဗြမ္မာ့သန့်စင်ကောင်းကင်ကလူတွေအကုန်လုံး ဟွာဂျီယူကို ကူညီကြရမယ်။ ငါ ကျင့်ကြံနေတုန်းကာလမှ ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ခဲ့လျှင် ရွယ်ထျန်းနတ်မိမယ်က သူမကို အဲဒီကို သွားရောက်ပို့ဆောင်ပြီး ကျင့်ကြံစေရမယ်”
သူမ၏အသံနှင့်အတူ တော်ဝင်ခန်းမဆောင်သည် ရုတ်တရက် အပေါ်ကို မြောက်တက်ပျံသန်းသွား၏။
ဟွာဂျီယူက အပေါ်ကို မော့ကြည့်လိုက်ပြီးမှ နောက်လှည့်ကာ တောင်ခြေသို့ လှမ်းကြည့်သည်။ သူမ၏မျက်လုံးများမှ မျက်ရည်စများ စီးကျလာခဲ့၏။
“တကယ်လို့ ငါနင့်ကို မေ့ပျောက်ခဲ့ရင် နင် ငါ့ကို ခွင့်လွှတ်မယ်မလား” သူမ၏အသံက ဆွေးမြေ့မှုအငွေ့အသက်များပါနေသည်။ ထို့နောက်သူမက ရုတ်တရက်ပြုံးလိုက်သည် “အနည်းဆုံးတော့ ငါ နင့်ဘေးမှာ ပြန်နေနိုင်တာပဲ”
ထွက်ခွာခြင်းသည် ပြန်လာခြင်းအတွက် ခြေတစ်လှမ်းဖြစ်ပေမည်။
…
ရီဖူရှင်း ကောင်းကင်နတ်တံခါးသို့ ပြန်လာခဲ့သည်။ ယခုတွင် ကောင်းကင်နတ်တံခါးသည် ကောင်းကင်နတ်တံခါးမြို့၌ ပြန်လည်တည်ထောင်ထားပြီးဖြစ်ကာ ဂူတုံးလျှိုကို ခေါင်းဆောင်တင်မြောက်ခဲ့ကြ၏။
နောက်တစ်ဆင့်အနေဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ရပေမည်။
ကောင်းကင်နတ်တံခါးသည် သူတို့၏လူများကို ကောင်းကင်အာဏာစက်ပြည်ထောင်သို့ ရှင်းလင်းရန် စေလွှတ်လိုက်ပြီးဖြစ်သည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်တည်ထောင်ခြင်း၌ ပူးပေါင်းပါဝင်ကူညီကြပေမည်။ ယခုတွင် ကောင်းကင်အာဏာစက်ပြည်ထောင်မှ အင်အားစုများအားလုံးမှာ စတင်၍ လှုပ်ရှားသက်ဝင်လာခဲ့သည်။ သူတို့အနေဖြင့် ဦးတည်ချက်တစ်ခုတည်းကို အတူတူအကောင်အထည်ဖော်ခြင်းမှာ သည်တစ်ကြိမ် ပထမဆုံးဖြစ်၏။
ရှားရှင်းယွန်သည်လည်း ကြိုစားကျင့်ကြံနေခဲ့သည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ရတနာကြာပန်းကို ရရှိခဲ့ပြီးကတည်းက သူမ၏သက်စောင့်ဝိညာဉ်မှာ အဆင့်မြင့်သွားခဲ့ပြီး သူမအတွက် ကြီးစွာသော အလားအလာကို ပိုင်ဆိုင်စေသည်။
ယနေ့တွင် သူမသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကာ သူမရှေ့မှ လူတစ်ဦးထံသို့ လျှောက်သွားလိုက်၏။ ထိုလူသည် နန်းတော်၏ထောင့်စွန်းတစ်နေရာတွင်ရပ်ကာ အဝေးကို ကြည့်နေ၏။ သူ၏ပုံဟန်က အထီးကျန်ဆန်လွန်းလှသည်။
သူမက သူ့ဘေးနားသို့ လျှောက်သွားကာ တီးတိုးမေးသည် “ရှင်နေတဲ့အရာကို တွေ့ခဲ့လား”
“အင်း…” ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ငါတွေ့ခဲ့တယ်”
သို့ဆိုလျှင် သူမ ဤလောက၌ ရှိနေသေးသည်ပေါ့…။
သူမ အတွက် လက်ခံရခက်ခဲသော်လည်း တစ်ဘက်တွင် ကောင်းမွန်သော ရလဒ်ဖြစ်ပေသည်။
ထို့ကြောင့် သူမက ဗြမ္မာ့သန့်စင်ကောင်းကင်သို့ နောက်တစ်ကြိမ် သွားမည်ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်ရပေမည်။
ရှားရှင်းယွန်၏လှပသော မျက်လုံးများသည် အနည်းငယ်လှုပ်ရှားသွားခဲ့၏။ ထို့နောက်သူမက တောက်ပစွာ ပြုံးလိုက်ကာ ပြောသည် “နှစ်ပေါင်းများစွာ ကြိုးစားလာပြီးနောက် နင့်ရဲ့ရည်ရွယ်ချက်တွေ ပြည့်သွားပြီပေါ့။ ဒါပေမဲ့ ဘာလို့ သူမကို ပြန်မခေါ်လာတာလဲ”
“သူမက ငါနဲ့မလိုက်ချင်ခဲ့ဘူး”
ရှားရှင်းယွန်က အံ့အားသင့်သွားသည် “ဘာလို့လဲ…”
“အဲဒီတုန်းက သူမဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီးတော့ အားလုံးကို မေ့သွားခဲ့တယ်။ ဒါပေမဲ့လည်း သူမ အသက်ရှိနေတာကပဲ အရမ်းကို ကောင်းတဲ့ကိစ္စပဲ” ရီဖူရှင်းက ပြောသည်။
သူမသည် သူ့ဘဝထဲမှ ထာဝရထွက်ခွာသွားခဲ့ပြီဟု သူက တွေးခဲ့ဖူး၏။ ရှားရှင်းယွန်ကသာ သူ့အား မျှော်လင့်ချက်အနည်းငယ် မပေးခဲ့လျှင် ယနေ့အနေအထားသို့ ရောက်လာမည် မဟုတ်ပေ။
ယခု သူမ အသက်ရှင်နေကြောင်း သူသိခဲ့ရပြီဖြစ်သည်။ သူ့အနေဖြင့် အနည်းငယ် စိတ်ပျက်ရသော်လည်း သူမျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်နေသေးသည်။
ရှားရှင်းယွန်သည် အနည်းငယ်အံ့အားသင့်သွားပြီးမှ ရီဖူရှင်းဆိုလိုသည်ကို နားလည်လိုက်သည်။ သူမက အမှန်တကယ် အရာအားလုံးကို မေ့ပျောက်သွားသည်လား။
“သူမ ပြန်မှတ်မိမှာပါ” ရှားရှင်းယွန်က ပြောသည် “နင်လည်း လက်မလျှော့ဘူးမလား”
“အင်း…” ရီဖူရှင်း ခေါင်းညိတ်သည်။
သူက နောက်လှည့်ကာ ရှားရှင်းယွန်ကို ပြုံးလျှက်ကြည့်သည် “ကျေးဇူးပဲ…”
သည်နှစ်များအတွင်း သူသည် ရှားရှင်းယွန်ကို တစ်ကြိမ်မှ ကောင်းကောင်းမွန်မွန် ကျေးဇူးမတင်ခဲ့ရပေ။
ရှားရှင်းယွန်ကြောင့်သာမဟုတ်လျှက် သူသည် သူမအား လိုက်ရှာဖြစ်မည် မဟုတ်ပေ။ မျှော်လင့်ချက်များလည်း ရှိခဲ့မည် မဟုတ်ပေ။
ရှားရှင်းယွန်က သူမျက်လုံးများကိုကြည့်ကာ တောက်ပစွာ ပြုံးလျှက်ပြောသည် “ဘယ်ဟုတ်ပါ့မလဲ။ နင်လည်း ငါ့ကို အများကြီး ကူညီခဲ့တာပဲ”
သူမက ဆက်ပြောသည် “ငါဆက်ပြီး သွားလေ့ကျင့်လိုက်ဦးမယ်။ ငါ့အဖေလိုပဲ မကြာခင် ငါလည်း ရန်ဟောင်ဖြစ်လာတော့မယ်ထင်တယ်”
ရှားရှင်းယွန်က ထိုသို့ပြောပြီးနောက်တွင် နောက်လှည့်ကာ ထွက်သွားသည်။ သူမ၏ခြေလှမ်းများက ပုံမှန်ထက် မြန်နေခဲ့၏။
ရီဖူရှင်းအား ကျောခိုင်းပြီးနောက်တွင် သူမ၏မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် စီးကျလာခဲ့၏။
“ကျေးဇူးပဲ” တဲ့လား…။
သူမက ထိုစကားကို မလိုချင်ပေ။
သို့သော်လည်း ဤက ကောင်းမွန်သော အဆုံးသတ်ဖြစ်ပေသည်။ မည်သို့ဆိုစေ သူ့အနေဖြင့် သူ၏ချစ်ရသူကို ရှာတွေ့ခဲ့သည်မဟုတ်ပါလား။
ဤက အကောင်းဆုံးသော ရလဒ်လည်း ဖြစ်နိုင်ပေသည်။
သူမအနေဖြင့် ရန်ဟောင်အဆင့်သို့ တက်ပြီးနောက်တွင် အင်ပါယာရှားဘုံသို့ပြန်လျှက် သူမအဖေ၏နေရာကို ဆက်ခံနိုင်ပေသည်။ ဤနည်းဖြင့် သူမအဖေသည်လည်း အနားယူနိုင်ပေတော့မည်။
ဤကပင် ပြီးပြည့်စုံသော အစီအစဉ်ဖြစ်ပေမည်။
…
ကောင်းကင်အာဏာစက်ပြည်ထောင်၏ဗဟိုချက်မဒေသသည် လတ်တလောတွင် အလွန်အမင်း မတည်မငြိမ် ဖြစ်နေခဲ့၏။ ကေင်းကင်အာဏစက်ပြည်ထောင်ပျက်စီးသွားခြင်းက များစွာသော လူတို့အား အထိတ်တလန့်ဖြစ်စေခဲ့၏။
ကောင်းကင်အာဏာစက်ဘုံ၏ဥသျှောင်အင်အားစုတစ်ခုအနေဖြင့် သူတို့၏ပျက်စီးခြင်းက လူတိုင်းကို မယုံကြည်နိုင်ဖြစ်စေခဲ့၏။
သို့သော်လည်း ယခု ကောင်းကင်အာဏာစက်ပြည်ထောင်၏အပျက်အစီးနေရာများမှာ အားလုံးရှင်းလင်းသွားပြီးဖြစ်သည်။ ကျောင်းတော်တည်ထောင်မည့်နေရာကား ယခင်နန်းတော်ဟောင်းနေရာမှာပင်ဖြစ်ကာ ယခင်ထက် ပိုမိုကျယ်ဝန်း၏။
ကြီးကျယ်ခန်းနားသော အဆောက်အဦးများ အစီအရီ အသစ်ပေါ်လာခြင်းက များစွာသော လူတို့ကို စိတ်လှုပ်ရှားစေသည်။
ပြည်ထောင်တစ်ခု ပျက်စီးသွားပြီးနောက်တွင် အင်အားစုအသစ်တစ်ခုက အစားထိုးတော့မည်လော။
ကောင်းကင်အာဏာစက်ဘုံမှ များစွာသော တန်ခိုးရှင်များ ရောက်လာနေကြသည်။ အထူးသဖြင့် လူငယ်များဖြစ်၏။ သူတို့သည် ကျောင်းတော်သို့ ဝင်ရောက်ခွင့်ရရန် မျှော်လင့်နေကြ၏။ ကျောင်းတော်သည် ကောင်းကင်အာဏာစက်ဘုံ၏အနာဂတ် ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေတစ်ခုဖြစ်လာမည်ကို သူတို့အားလုံး နားလည်ထားကြ၏။
လက်ရှိတွင် ကျောင်းတော်မှာ တည်ဆောက်ဆဲကာလဖြစ်ပြီး များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များလည်း ရှိနေသည်။
၄◌င်းတို့အထဲတွင် လူငယ်နှစ်ဦးမှာ သိသာထင်ရှားစွာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများရှိနေသည်။ တစ်ဦးမှာ အမျိုးသားဖြစ်ကာ နောက်တစ်ဦးမှာ အမျိုးသမီးဖြစ်၏။ နှစ်ဦးလုံးမှာ ချောမောလှပကာ ကောင်းကင်မှ တွဲဖက်သော စုံတွဲအလား ထင်မှတ်ရသည်။
“ငါ မထင်ထားခဲ့ဘူး” လူငယ်က ပြုံးလျှက်ပြောသည် “ငါတို့ ကောင်းကင်အာဏာစက်ဘုံကို ရောက်တာ နှစ်နည်းနည်းပဲရှိသေးတယ်။ သူ့နာမည်က အထက်ဘုံကိုးခုလုံးကို ကျော်ကြားနေခဲ့ပြီဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံ၏သမိုင်းကို သူက ပြန်လည်ရေးသားခဲ့သည်။
“ဒါက ကောင်းတဲ့ကိစ္စပဲ” အမျိုးသမီးက ပြုံးလျှက်ပြောသည် “သူတို့တတွေရဲ့ကျင့်ကြံဆင့်တွေ ဘယ်လိုအခြေအနေရှိလဲ သိချင်လိုက်တာ”
“သေချာတာကတော့ သူ့ရဲ့အောင်မြင်ကျော်ကြားမှုကို ဘယ်သူမှ လိုက်မမှီဘူး” လူငယ်က ရယ်မောလျှက်ပြောသည် “ကံကောင်းတာက ငါတို့တွေ သူနဲ့ရန်သူ မဖြစ်ခဲ့တာပဲ။ မဟုတ်ရင် ငါ့အဖေတောင်မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
သူတို့နှစ်ဦးမှာ သွေးနဂါးဘုံမှ သွေးနဂါးအင်ပါယာ၏သားတော် ရှီရှန်းနှင့် သူ့ကြင်ယာတော် ယွီရှီဖေးတို့ဖြစ်ကြသည်။
“ရှီဖေး… ငါတို့ ကျောင်းတော်ကို ဝင်ခွင့်ရပါ့မလား”
“ငါတို့ ဒီလောက် မညံ့ပါဘူး။ ဟုတ်တယ်မလား” ယွီရှီဖေးက အသံတိုးတိုးဖြင့် ပြောသည်။ သူတို့သည် သွေးနဂါးဘုံတွင် အတော်ဆုံးသော ပါရမီရှင်များဖြစ်ကြသည်။ သူတို့က ကျောင်းတော်ကို ဝင်ခွင့်ရလောက်၏။
“မှန်တယ်။ ငါတို့က မိတ်ဆွေဟောင်းတွေဆိုပေမဲ့ ဒါကို အခွင့်ကောင်းယူတာ ရှက်စရာပဲ” ရှီရှန်းက ရယ်မောလျှက်ပြောသည်။
သူတို့အပြင် ရီဖူရှင်းနှင့် သိကျွမ်းသော လူအများအပြားလည်း ရောက်လာကြသည်။ ဥပမာအားဖြင့် ကောင်းကင်အာဏာစက်ဘုံသို့ ရီဖူရှင်းရောက်ကာစက စတင်သိခဲ့သော အင်ပါယာချီ၊ ယွမ်ချန်းယွီနှင့် ယွမ်ကလန်သားများ စသည်တို့ဖြစ်ကြသည်။ ယွမ်ချန်းယွီကား အမြဲတမ်းအားဖြင့် ရီဖူရှင်း၏တပည့်ဖြစ်လိုခဲ့သည်။ နောက်ဆုံး ရီဖူရှင်းက သူမအား ကယ်တင်ရမည့်အချိန်ကို ရောက်တော့မှ မတတ်သာဘဲ လက်ခံခဲ့ရ၏။
ယွမ်ချန်းယွီအတွက်မူကား ရီဖူရှင်းကို အဝေးမှ တွေ့မြင်ခွင့်ရလျှင်ပင် သူမအတွက် စိတ်ကြေနပ်ဖွယ်ရာကောင်း၏။
ကျောင်းတော်ကား အင်အားစုများစွာတို့၏ပူးပေါင်းတည်ဆောက်ခြင်းကြောင့် မြန်ဆန်စွာ ပြီးစီးလာခဲ့သည်။ မကြာခင် အရာအားလုံး ပြီးပြတ်တော့မည်ဖြစ်သည်။
ကျောင်းတော်ဖွင့်ပွဲ၌ ကောင်းကင်အာဏာစက်ပြည်ထောင်မှ ထိပ်သီးတန်ခိုးရှင်များအားလုံး ရောက်လာကြမည်လား…။
***