အခန်း ( ၆၀၀ )

နတ်ဝိညာဥ်

အပြင်ဘက်မှ ပိုင်မျိုးနွယ်စု ဘိုးဘွားပိုင်နယ်မြေကို ဖွင့်ရန် အရေးပါသော ပြင်ဆင်မှုများကို အချိန်ပေါင်းများစွာကြာ ပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် စွမ်းအားအရင်းအမြစ် အကုန်အကျလည်း အလွန်များသည်။

ထို့အပြင် ဝင်ပေါက်သည် အချိန်တိုကလေးသာ ပွင့်မည်ဖြစ်ပြီးနောက် ပြန်ပိတ်မည်ဖြစ်သည်။ အတွင်းထဲတွင် လူတစ်ယောက်က နတ်ဝိညာဥ်ကို ရပြီးသောအခါမှသာ ဘိုးဘွားပိုင်နယ်မြေက အလိုအလျောက် ပြန်ပွင့်လာမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် နတ်ဝိညာဥ်ကို မည်သည့်နည်းနှင့်မျှ ဆန့်ကျင်ဘက်သဘော သက်ရောက်စေမည်မဟုတ်ပေ။ ဤနည်းဖြင့် ထိုနေရာကို ပိတ်လှောင်နိုင်ခြင်းကြောင့် ဘိုးဘွားပိုင်နယ်မြေကို ရုပ်ဝိညာဥ်များ ထိန်းသိမ်းရန် လျှို့ဝှက်ဆန်းကြယ် ဒေသအဖြစ်လည်း အသုံးချနိုင်လေသည်။

မျိုးနွယ်စုခေါင်းဆောင်သည် ဘိုးဘွားပိုင်နယ်မြေဖွင့်ပြီဟု တရားဝင်ထုတ်ပြန်လိုက်သည်နှင့် ပိုင်ချီက တိုက်ရိုက်သွေးမျိုးဆက်မှ သူ၏အမျိုးဒါဇင်ကျော်ကို ခြံရံ၍ ကျောက်ဂိတ်တံခါးကြီးထံ တဟုန်ထိုးပြေးဝင်သွား၏။

ပိုင်ရှောင်ချန်း၏ မျက်လုံးများ တလက်လက်တောက်ပလာပြီး သူ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရန် အသက်ပြင်းပြင်းရှူလိုက်လေသည်။ သူ့အစီအစဥ်ကို အကောင်အထည်ဖော်ရန် အခွင့်အရေးတစ်ကြိမ်သာရမည်ဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။

“ဒါသာ အလုပ်ဖြစ်ရင် ငါ နတ်ဝိညာဥ်ရပြီးတော့ ပိုင်ဟောက်အတွက် လက်စားချေလို့ရမယ် ” အံတင်းတင်းကြိတ်ရင်း သူက ကျောက်ဂိတ်တံခါးရှိ အပေါက်ဝထံ ပျံသန်းလိုက်သည်။

မျိုးနွယ်စုဝင်များစွာ ထိုနည်းတူပြုလုပ်လိုက်ကြသဖြင့် ထစ်ခြုန်းသံများ မြည်ဟည်းသွားတော့သည်။ ထို့နောက် ကျောက်ဂိတ်တံခါးကြီးသည် တဖြည်းဖြည်း ပြန်ပိတ်သွား၏။

ထိုသို့ပိတ်သွားသည်နှင့် ဂိတ်တံခါးကြီးသည် လိမ်ဖယ်ပြီး ရှုံတွသွားကာ အပေါ်တွင် တံလျှပ်ကဲ့သို့ တလက်လက်တောက်ပနေသည့် မျက်နှာပြင်တစ်ခုပေါ်လာပြီး ဘိုးဘွားပိုင်နယ်မြေ၏ မြင်ကွင်းကိုပြသနေလေသည်။

ပြတ်သားထင်ရှားစွာ မြင်ရသည်မှာ မြင့်မားပေါ်ထွက်နေသော တောင်ထိပ်တစ်လုံးဖြစ်ပြီး ထိပ်တွင် မြင့်မြတ်ထူးကဲသော ရောင်ခြည်ကွန်ခြာတစ်ခုက ဝန်းရံထား၏။ ထိုမျှသာမက တောင်ထိပ်ပေါ်တွင် ပလ္လင်တစ်ခုကို မြင်နိုင်ရပြီး ထိုအပေါ်တွင်တော့……. နတ်ဝိညာဥ်။

ရောင်ခြည်ကွန်ခြာသည် အမှန်တကယ်တော့ နတ်ဝိညာဥ်ထံမှ ပေါ်ထွက်နေခြင်းဖြစ်ပေသည်။

တောင်ပေါ်တွင် အရွယ်မျိုးစုံ ရောင်ခြည်ကွန်ခြာလေးများထွက်နေသော အခြားနေရာများလည်းရှိသည်။ နေရာတစ်ခုစီသည် မျိုးနွယ်စုဝင်များအတွက် ကံကောင်းခြင်းရရှိရန် နေရာတစ်ခုစီကို ကိုယ်စားပြုလေသည်။

ထိုနေရာများတွင် မှော်ပစ္စည်းများ၊ ရုပ်ဝိညာဥ်များ၊ အတတ်ပညာရပ်များနှင့် အခြားစွမ်းအားရင်းမြစ်များ ရှိသည်။ ထိုအရာအားလုံးသည် ကျင့်ကြံခြင်းနှင့်အစွမ်းများကို တိုးတက်စေနိုင်ပြီး ကံကောင်းသော မည်သူမဆို ယူဆောင်နိုင်သည်။

အမှန်တွင် တောင်ထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ ပို၍ စူးရှတောက်ပသော ရောင်စုံ ရောင်ခြည်ကွန် ခြာများကို တွေ့လာရပြီး ပို၍ အရည်အသွေးမြင့်သော ကံကောင်းခြင်းများဟု ညွှန်ပြနေသည်။

ကျောက်ဂိတ်တံခါးအပေါ်ရှိ မျက်နှာပြင်သည် အပြင်ဘက်ရှိ မျိုးနွယ်စုဝင်များကြား၌ အတော်လေး အာရုံစိုက်ရာဖြစ်နေပြီး လောလောဆယ်တွင် ဘိုးဘွားပိုင်နယ်မြေထဲ တည်နေရာရွှေ့ပြောင်းခံရသော ပုံရိပ်များအား ဖော်ပြနေသည်။

ပိုင်ရှောင်ချန်း၏ အမြင်အာရုံဝေဝါးသွားပြီး သူ့နားထဲတွင် ပြင်းထန်သော ထစ်ခြုန်းသံများ ပြည့်နှက်သွား၏။ တည်နေရာရွှေ့ပြောင်းခြင်း ပြီးဆုံးသွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသောအခါ သူသည် ထိုးထွက်နေသည့် အချွန်အတက်များပါသော ကျောက်ဆောင်ပေါ်တွင် ရပ်နေကြောင်း သိလိုက်ရသည်။

သူ့အပေါ်ရှိ ကောင်းကင်သည် ခရမ်းရောင်ဖြစ်ပြီး အရပ်မျက်နှာအနှံ့ ဆန့်တန်းနေသော ကုန်းမြေများသည် ကတ္တရာစေးကဲ့သို့ မည်းနက်နေသည်။ အနီရောင်နေတစ်စင်းလည်းရှိပြီး ၄င်း၏ အလင်းကြောင့် တစ်ကမ္ဘာလုံးသည် နေဝင်ရီတရာအချိန်ကဲ့သို့ မှုန်ဝါးဝါးဖြစ်နေတော့သည်။

ငွားငွားစွင့်စွင့်မြင့်တက်နေသော တောင်ကြီးနှင့် ၄င်းအပေါ်ရှိ ရောင်ခြည်များကို သူ မြင်လိုက်ရသည်။ တောင်ကြီး၏ မြင့်မားလှသော အမြင့်သည် အလွန်တရာ အံသြတုန်လှုပ်ဖွယ်ကောင်းလေရာ သူ့နှလုံးသားကို ဖိနှိပ်နေသည့်အလား သူ ခံစားလိုက်ရသည်။

ဘိုးဘွားပိုင်နယ်မြေအကြောင်းကို သူ အတန်ငယ် စစ်ဆေးလေ့လာခဲ့ပြီး မဝင်ရောက်ခင် လှည့်ပတ်မေးထားခဲ့ရာ ဤဧရာမဘိုးဘေးတောင်ကြီးရှိကြောင်း သိထားသည်။ သို့သော် မျက်စိနှင့်တပ်အပ်မြင်ရသည့်အခါတွင် သိထားသည်နှင့် ကွဲပြားခြားနားနေသည်။

“ဒီတောင်ကြီးက တခြားနေရာက လာသလိုမျိုး၊ အပြင်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးနဲ့ မအပ်စပ်နေသလိုပဲ။ ”
အမှန်တွင် ဤတောင်ကြီးသည် မြေခဓားကမ္ဘာချောက်နှင့် အလွန်တရာဆင်လှကြောင်း သတိထားမိလိုက်သဖြင့် ပိုင်ရှောင်ချန်းအံ့သြနေခြင်းဖြစ်သည်။ ပြောရလျှင် ထိုဓားကြီး ကောင်းကင်ယံမှ ကျဆင်းလာနေသည့်အလား။

သူက တောင်ကို အလျင်အမြန်လေ့လာလိုက်စဥ် နောက်ဆုံး၌ သူ၏ မျက်လုံးများသည် တောင်ထိပ်ရှိ ရောင်ခြည်ကွန်ခြာနှင့် ၄င်းထဲရှိ ပလ္လင်ကို ရောက်သွားတော့သည်။ သူ၏ ကောင်းကင်တံတားမျက်လုံးကို ဖွင့်၍ အနီးကပ်ကြည့််လိုက်သောအခါ ပလ္လင်ပေါ် လွင့်မျောနေသော ထိုနေရာတွင်……နတ်ဝိညာဥ်ကို မြင်လိုက်ရ၏။

၄င်းသည် သဲဆန်သော မြေသဏ္ဍာန်တူနေရာ မြေအမျိုးအစား နတ်ဝိညာဥ်ဖြစ်ကြောင်း ညွှန်ပြနေ၏။

” အခုချက်ချင်းသွားလိုက်ရင် ဘာဖြစ်မလဲ ”
စိတ်အားထက်သက်မှုများဖြင့် ရင်တဒိန်းဒိန်းခုန်ရင်း သူက အခြေအနေကို အတန်ကြာ အကဲခတ်လိုက်ပြီးနောက် အကြံကို ဆင်ခြင်သုံးသပ်လိုက်သည်။ မည်သူမှ ပြောနိုင်မည်မဟုတ်သော်လည်း သူ၏ကောင်းကင်တံတားမျက်လုံးဖြင့် ကြည့်ရသည်အရ ပလ္လင်ကို စွမ်းအားကြီးသော အကာအကွယ်မန္တန်တစ်ခုဖြင့် ကာကွယ်ထားကြောင်း ပြောနိုင်လေသည်။

မန္တန်အစီအရင်အတွင်း သွေးချီတစ်ခုပင်ရှိလေရာ ပိုင်မျိုးနွယ်စု၏ အသွေးအသားများသာ ဖြတ်သွားနိုင်မည်ဖြစ်ကြောင်း သေချာနေတော့သည်။ ထို့အပြင် ထိုလူသည် အထူးတလည် သန့်စင်ပြီး အားကောင်းသော မျိုးနွယ်စုသွေးရှိရန် လိုအပ်သည်မှာလည်း သေချာ၏။

” ငါလှုပ်ရှားလိုက်ရင် အချိန်က အကန့်အသတ်နဲ့ဖြစ်သွားမှာ။ အင်း အချုပ်အနှောင်မန္တန်ကို တစ်ယောက်ယောက်က ထိုးဖောက်ပြီး နတ်ဝိညာဥ်ရသွားတာကို စောင့်ရတာအကောင်းဆုံးပဲ ။ ပြီးမှ သူတို့ဆီက အသာလေးယူလိုက်မယ်”

ပိုင်ရှောင်ချန်းကရပ်၍ ဘိုးဘွားပိုင်နယ်မြေကို အကဲခတ်နေစဥ် အမျိုးမျိုးသော ပိုင်မျိုးနွယ်စုကျင့်ကြံသူများက ဘိုးဘွားပိုင်နယ်မြေထဲ ဝင်ရောက်လာကြသဖြင့် အခြားနေရာများတွင် တည်နေရာရွှေ့ပြောင်းခြင်း၏ ထစ်ခြုန်းသံများ မြည်ဟည်းလာတော့သည်။ ထိုလူများမှာ ရာချီရှိပြီး ထိုအခိုက်အတန့်တွင် လူအများစုသည် မျှော်လင့်ချက်များ တောက်ပနေသော မျက်နှာများဖြင့် မရေမတွက်နိုင်သော ရောင်ခြည်များကို မော့ကြည့်နေကြသည်။

ပိုင်ရှောင်ချန်းက အတွေးများစွာဖြင့် ဘေးဘီဝဲယာ လှည့်ပတ်ကြည့်နေစဥ် တည်နေရာရွှေ့ပြောင်းခြင်း ဆက်လက်ဖြစ်ပေါ်နေပြီး နောက်ဆုံးတွင် ဝင်ပေါက်ပိတ်သွားလေပြီ။ ထိုအချိန်တွင် အပြင်ထွက်ရန် နတ်ဝိညာဥ်၏ စွမ်းအားလိုအပ်ပေမည်။ အပြင်ဘက်မှ တံခါးကို ဖွင့်ရန်အတွက်မူ အချိန်များစွာကုန်ပြီး အားထုတ်ရမည်ဖြစ်သည်။

“အင်း အဲဒါ ကောင်းတယ်” သူကတွေးလိုက်သည်။
” ငါမှန်းထားတဲ့အတိုင်း ဖြစ်နေတာပဲ။ ဝင်ပေါက်ပိတ်သွားတာက… ငါ့အတွက် အကူအညီကြီးပဲ ”

” အရင်က ဘိုးဘွားပိုင်နယ်မြေအကြောင်း လေ့လာခဲ့တာတွေအရဆိုရင် ကျန်ခဲ့တဲ့ မျိုးနွယ်စုဝင်တိုင်း အထဲမှာ ဖြစ်နေတာတွေကို စောင့်ကြည့်နေကြတယ်ထား၊ ဟိုကျောက်တံခါးကြီးကို ဖြတ်ပြီး အကုန်လုံးမြင်ရတယ်တဲ့။ အင်း အဲဒါလဲ ကောင်းတာပဲ။ အားပေးတဲ့ပရိသတ်ရှိတော့ ငါလဲ ကောင်းကောင်း ဟန်ထုတ်လို့ ရတာပေါ့ ”
မည်သို့ ဆက်လုပ်ရန် စိတ်ပိုင်းဖြတ်ပြီးချိန်တွင် တစ်ခုခုကို အာရုံရလိုက်သဖြင့် လှည့်လိုက်သည်တွင် သူ့ကို မျက်လုံးထဲတွင် သတ်ဖြန်လိုစိတ်များဖြင့် စိုက်ကြည့်နေသော ပိုင်ချီနှင့် တိုက်ရိုက်သွေးမျိုးဆက် ကျင့်ကြံသူအုပ်စုကို မြင်လိုက်ရသည်။

သူ့ကို အတန်ငယ် စိတ်လှုပ်ရှားသွားစေသော်လည်း သူသည်လည်း ကြိုးစားသည်းခံနေရန် ဂရုမစိုက်တော့သည့် နေရာရောက်နေလေပြီ။ ပိုင်ချီက သူ့အား စိန်းစိန်းဝါးဝါးကြည့်နေသည်ကို မြင်သောအခါ သူက မျက်မှောင်ကြုတ်ပြီး ပြန်စိုက်ကြည့်လိုက်သည်။

ပိုင်ချီ၏ မျက်လုံးများထဲရှိ ရက်စက်ကြမ်းကြုတ်သော မလိုမုန်းထားမှုများ အထင်းသား ထွက်ပေါ်လာပြီး ပျံလာကာ ပိုင်ရှောင်ချန်းကို တိုက်ခိုက်တော့လုနီးပါး ဖြစ်သွား၏။ သို့သော် သူ၏ အမျိုးတစ်ယောက်က ဘေးနားကပ်ပြီး သူ့ကို တစ်စုံတစ်ခု တီးတိုးပြောလိုက်လေရာ သူက အေးစက်စွာ ရယ်လိုက်လေသည်။

“ဟုတ်တယ်။ အရေးအကြီးဆုံးက နတ်ဝိညာဥ်ရဖို့ပဲ။ ဒါနဲ့ဆိုရင် ဒီနေရာနေ ထွက်ပေါက်ကို ထိန်းချုပ်ပြီးတော့ ပိုင်ဟောက်ထွက်မသွားအောင် တားလို့ရတယ်။ သူသေချာပေါက် အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်ဘူး ”
ဤဖြစ်ရပ်တစ်ခုလုံးသည် သူ့အတွက်ကျင်းပပေးကြောင်း ပိုင်ချီသိလေရာ နတ်ဝိညာဥ်မရခင် အရေးမပါသောကိစ္စများဖြင့် သူ့ကိုယ်သူ စိတ်ရှုပ်မခံချင်ပေ။ အသက်ပြင်းပြင်းရှူရင်း သူက နောက်လိုက်အမျိုးများဖြင့် လှည့်၍ တောင်ထံသို့ ဦးတည်လိုက်လိုက်သည်။

ကျန်ရှိသော မျိုးနွယ်စုဝင်များလည်း တစ်ဦးတည်းသော်လည်းကောင်း၊ နှစ်ယောက်မှ ငါးယောက်အတွင်း အုပ်စုဖွဲ့၍သော်လည်းကောင်း အလားတူ တောင်ဆီသို့ သွားကြလေသည်။

ပိုင်ချီက အကြည့်လွှဲသွားသောအခါ ပိုင်ရှောင်ချန်းက သူ့ဘဝတစ်လျှောက်လုံးတွင် အကြည့်ပြိုင်ပွဲ၌ မည်မျှပါရမီရှိခဲ့ကြောင်း ပြန်လည်စဥ်းစားရင်း အေးတိအေးစက် နှာခေါင်းရှုံ့လိုက်၏။
” ငါ့ဘဝမှာ လူပေါင်းများစွာ ငါ့ကို စိုက်ကြည့်ခဲ့တယ် ပိုင်ချီရေ။ မင်းက အဖွဲ့နဲ့ဆိုရင်တောင် ငါဂရုစိုက်မယ်ထင်နေလား ”

သူက သူ၏ လက်များကို ဂုဏ်ယူစွာ နောက်ပစ်ရင်း တောင်ကို ဦးတည်ရန်ပြင်လိုက်စဥ် ရုတ်တရက် သူ့နောက်မှ မိန်းမပျိုလေးတစ်ယောက်၏ အသံကို ကြားလိုက်ရလေသည်။

” ပိုင်ဟောက်၊ ဒီတောင်က အရမ်းအန္တရာယ်များတယ်။ တချို့နေရာတွေမှာ အန္တရာယ်ကြုံရနိုင်တယ်။ မျိုးနွယ်စုဝင်အများစုအတွက် သိပ်အန္တရာယ်မများဘူးဆိုပေမယ့် အစောပိုင်းအခြေခိုင်မာခြင်းအဆင့်က လူတွေအတွက်တော့ သေစေနိုင်လိမ့်မယ်။ ငါတစ်ယောက်တည်းသွားရင်လဲ အခက်အခဲနည်းနည်းပါးပါးကြုံရနိုင်တယ်။ ငါတို့ အဖွဲ့လိုက် သွားကြရင် မကောင်းဘူးလား ”

စကားပြောသောလူမှာ မမလေးငါးဖြစ်ပြီး ပိုင်ရှောင်ချန်းကိုကြည့်နေသော သူမ၏ အကြည့်သည် နူးညံ့ပြီးနွေးထွေးလေသည်။

ပိုင်ရှောင်ချန်းက ခြေစုံရပ်လိုက်ပြီး သူမကို ပြန်လှည့်ကြည့်လိုက်သည်။ သူမသည် သူ မျိုးနွယ်စုသို့ ပထမဆုံးရောက်လာခဲ့စဥ်က ခက်ခဲသော အခြေအနေတွင် ကူညီပေးခဲ့သည်သာမက မနေ့က အခမ်းအနားပွဲအတွင်း သူမ သူ့ကို မည်မျှကြင်နာစွာ ကြည့်ခဲ့သည်ကို သူသတိရလိုက်သည်။ သိသာစွာပင် သူမသည် သူ့ကို အရေးတယူ ကူညီပေးလေ့ရှိပြီး မျက်နှာရရန်အတွက် မသဲမကွဲပြောခဲ့သည့်တိုင်အောင် သူ့ကို သွေးမျိုးဆက်တူသော မျိုးနွယ်စုဝင်အလား သတ်မှတ်ထားဟန် တူသည်။

ပိုင်ရှောင်ချန်းက တခဏမျှ တုံ့ဆိုင်းသွားလေသည်။ သူမ၏ စိတ်ကောင်းစေတနာများအတွက် ဝမ်းမြောက်မိသော်လည်း တချိန်တည်းမှာပင် နောက်ထပ်လူတစ်ယောက်ပါနေလျှင် သူ၏ အစီအစဥ်များက လွယ်ကူတော့မည်မဟုတ်ပေ။ မည်သို့ဖြေရန် စဥ်းစားနေစဥ် ပိုင်လဲ့ထံမှ တဟားဟားရယ်သံတစ်ခုကို ရုတ်တရက်ကြားလိုက်ရတော့သည်။

သူက ရှေ့ပြေးလာရင်း ပိုင်ရှောင်ချန်းကို ရိုးသားသောမျက်လုံးများဖြင့် အထက်အောက်ကြည့်လိုက်လေသည်။
” ညီလေးဟောက်၊ ညီမလေးငါး တွေ့ရတာ ဘယ်လောက်ကောင်းလိုက်လဲ။ ငါလဲ မင်းတို့နဲ့ ပေါင်းသင့်တယ်ထင်တယ်။ ငါတို့ သုံးယောက်အဖွဲ့ဆို ဘယ်လိုလဲ ပိုင်ဟောက် ”

မမလေးငါးက ဆွဲဆောင်မှုရှိစွာ ပြုံးပြီး ပြန်ဖြေလိုက်သည်။
” အစ်ကိုရောပါရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် အစ်ကို့ရဲ့ ရည်မှန်းချက်က နတ်ဝိညာဥ်မဟုတ်ဘူးလား ”

ပိုင်လဲ့က သက်ပြင်းချလိုက်သည်။
” နတ်ဝိညာဥ်ကိုထားလိုက်တော့။ အဲဒီကိစ္စက နောက်ကွယ်မှာ အစီအစဥ်ချပြီးသား။ ငါတို့တွေက ဟန်ပြဖို့အတွက်ပဲ ”

ယခင်ညက သူသည် ဘိုးဘွားပိုင်နယ်မြေကိုသွားရန် အလွန်စိတ်လှုပ်ရှားနေခဲ့၏။ သို့သော် မနက်တွင် သူ၏ သွေးမျိုးဆက်အကြီးအကဲထံမှ နတ်ဝိညာဥ်သည် ပိုင်ချီ ယင်ယန်ဝိညာဥ်အဆင့်ရောက်ရန်အတွက်ဖြစ်ကြောင်းပြောသော စာတစ်စောင်ရရှိခဲ့လေသည်။ တစ်ဆက်တည်းမှာပင် ပိုင်ချီသည် ငရဲဧကရာဇ်၏ ဆက်ခံသူဖြစ်လာရန်တွက် သူ၏ ယင်ယန်ဝိညာဥ်ပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြုလုပ်မည်ဖြစ်သည်။ အဆုံးသတ်၌ ထိုအချက်ကို သူ လက်မခံလိုသော်လည်း ထိုသို့လုပ်ရန်ကလွဲ၍ ရွေးချယ်စရာမရှိလေရာ အတန်ငယ် စိတ်ဓာတ်ကျသွားလေသည်။

တခြားတစ်ဖက်တွင် ထိုသည်မှာ သူ့အတွက် ခပ်ကောင်းကောင်းပင်။ လူတစ်ယောက်၏ ကိုယ်ပိုင် ယင်ယန်ဝိညာဥ်ပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသည် အလွန်အန္တရာယ်များလေသည်။ ပိုင်ချီက ထိုအန္တရာယ်ကို လက်ခံနိုင်သော်လည်း ပိုင်လဲ့ကတော့ မလုပ်နိုင်လေရာ နောက်ဆုံးတွင် သူလက်သာလျှော့လိုက်တော့သည်။

ကံကောင်းထောက်မစွာ မျိုးနွယ်စုသည် တရားမျှတရန်အတွက် သူ့ကို အထူးနစ်နာကြေးများလည်း ပေးခဲ့လေသည်။

ပိုင်လဲ့နှင့် မမလေးငါး နှစ်ယောက်လုံးက သူ့ကို ဖျောင်းဖျစည်းရုံးနေလေရာ ပိုင်ရှောင်ချန်း မငြင်းနိုင်တော့ပေ။ မမလေးငါးက သိသာစွာပင် သူ့ကို သဘောကျပြီး ကူညီပေးချင်နေသော်လည်း ပိုင်လဲ့၏ အကြောင်းရင်းကိုတော့ သေချာမသိပေ။ အမှန်တွင် သူက ပိုင်ချီနှင့် ယှဥ်ပြိုင်ရာတွင် အသုံးဝင်မည်ဖြစ်သောကြောင့် သူနှင့် မိတ်ဆွေဖွဲ့ချင်နေသည့်အလားပင်။

“အာ ဘာပဲဖြစ်ဖြစ်ကွာ။ ”
သူကတွေးလိုက်သည်။
“ ပိုင်ချီ နတ်ဝိညာဥ် ရဖို့ အချိန်ပေးရမှာပဲ။ မမလေးငါးရဲ့ ကြင်နာသနားမှူကို ငါကောင်းကောင်း ပြန်ပေးဆပ်သင့်တယ်”
သူက ပြန်လည်ပြုံးပြလိုက်ရင်း ခေါင်းညိတ်သဘောတူလိုက်လေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset