Switch Mode

အခန်း ( ၅၉၆ )

ပိုင်ရှောင်ချန်း၏ အဖြေ

ပိုင်ချီက သူ၏ထူးကဲလှသောကျင့်ကြံခြင်းအခြေခံ စွမ်းအားများကိုပါသုံး၍ ကျယ်လောင်ရှင်းလင်းစွာ ပြောဆိုနေသည်။ ရလဒ်အနေဖြင့် ထိုနေရာရှိအရာအားလုံးတုန်ခါသွားပြီး ဆည်းဆာချိန် ကောင်းကင်ယံရှိ တိမ်တိုက်များမှာ တုန်လှုပ်ချောက်ချားဖွယ် လှုပ်ခတ်သွားလေသည်။

ကောင်းကင်နှင့်မြေပြင်က သူ၏အဖြေမှန်ကန်ကြောင်း အတည်ပြုနေသလိုပင်။ ထိုနေရာရှိ မျိုးနွယ်စု၀င်များအားလုံး၏ မျက်နှာများမှာ တောက်ပသွားပြီး အများစုမှာ ထိုးထွင်းသိမြင်နိုင်စွမ်းအသစ်များ ရုတ်တရက်ရရှိလာကြပုံရသည်။ မရေမတွက်နိုင်သောအကြည့်များက ပိုင်ချီဆီသို့ စုပုံကျလာလေသည်။

” ကမ္ဘာပေါ်မှာရှိတဲ့ငှက်တွေ အားလုံးထဲ အကျော်ကြားဆုံးဖြစ်တဲ့ ဖီးနစ်ငှက်က ကောင်းကင်ယံမှာ ပျံဝဲနိုင်တယ်။ ဒီအဖြေက ”

” ငါဘယ်လိုလုပ် ဒီလိုအဖြေမျိုးကို မစဉ်းစားမိခဲ့တာပါလိမ့်”

” ဒီလိုအတွေးမျိုး ငါဘယ်တုန်းကမှ မတွေးရဲခဲ့ဘူး။ ဒီအမွှေးလေးတစ်ခုက တကယ့်သက်ရှိအကောင်လေး ဘယ်လိုမျိုးဖြစ်လာနိုင်မှာလဲ”

အမှတ်ငါး မိန်းမပျိုမှာ အတွေးထဲနစ်မျောသွားဟန်တူကာ တုန်တုန်ယင်ယင်ဖြစ်သွားလေသည်။ ပိုင်လဲ့မှာမူ သူ၏လက်များကို ပြောင်ပြောင်တင်းတင်းပင် လက်သီးဆုပ်အသွင် ဆုပ်ထားပြီး စိတ်ထဲတွင်မူ သက်ပြင်းချနေသည်။ သူ၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်သည့်ကျွမ်းကျင်မှုက ပိုင်ချီနှင့်မယှဥ်နိုင်ကြောင်း သူကသိပြီး ပိုင်ချီ၏အဖြေက မျိုးနွယ်စုတွင် ဒဏ္ဍာရီတစ်ခုဖြစ်လာမည်မှာ အသေအချာပင်။

ပိုင်ရှောင်ချန်းက ပိုင်ချီအား စူးရှစွာကြည့်လိုက်သည်။ ထိုအဖြေမှာ မှန်ကန်သည်မဟုတ်သော်ငြားလည်း ပိုင်ချီက သူ၏စိတ်စွမ်းအင်အဆင့်မြှင့်တင်သည့်လမ်းကြောင်းကို ခိုင်မာအောင်ကြိုးပမ်းနေကြောင်း ပြသနေသည်။

” စိတ်မကောင်းစရာပဲ၊ အဖြေကမှားနေသေးတယ် ”
သူကတွေးတောလိုက်သည်။ ပိုင်ရှောင်ချန်းအတွက် ပိုင်ချီက သူ၏ကိုယ်ပိုင်လမ်းကြောင်းကိုစတင်ခိုင်မာအောင်ကြိုးပမ်းနေခြင်းမှာ အရေးမပါပေ။ အဆုံးတွင် ထိုလမ်းကြောင်းမှာ အမှန်တကယ်ဖြစ်လာလိမ့်မည်မဟုတ်ပေ။

ပိုင်ချီအားကြည့်နေစဥ် သခင်မချိုင်၏မျက်နှာမှာ ဂုဏ်ယူစိတ်လှုပ်ရှားလျက် သွေးရောင်လွှမ်းနေလေသည်။ မျိုးနွယ်စု၏ လင်းလက်တောက်ပနေသော နေမင်းနေရာတွင် သူမ၏သွေးသားဖြစ်နေခြင်းက သူမအား လွန်စွာကျေနပ်အားရစေသည်။

ထို့အပြင် ပိုင်ချီ၏ဖခင်ဖြစ်သော မျိုးနွယ်စုခေါင်းဆောင်လည်းရှိနေသည်။ သူက အလွန်ကျေနပ်အားရနေပုံပေါ်သည်။ ပိုင်ချီက မျိုးနွယ်စု၏ ချီလင် ဖြစ်သည်မှာ ထင်ရှားလှသည်။

အခြားသောအကြီးအကဲများမှာလည်း သိသိသာသာပင်လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီး ပိုင်ချီ၏အဖြေကြောင့် အံ့သြနေကြလေသည်။ တရားစီရင်ရေးရာခန်းမ၏ မဟာအကြီးအကဲပင်လျှင် မတ်တတ်ရပ်လိုက်လေသည်။သူက ပြုံးနေရင်း ပြောလိုက်သည်။
” ကောင်းတယ်၊ မင်းက ပိုင်မျိုးနွယ်စုရဲ့ ပါရမီရှင် အစစ်အမှန်ပဲ။ အမှန်အတိုင်းပြောရရင် မင်းရဲ့အဖြေက မှန်လား၊ မှားလား ငါမပြောပြနိုင်ဘူး။ ဒါပေမဲ့ ငါပြောနိုင်တာက မင်းရဲ့ရဲရင့်မှုက တောင်တန်းတွေ၊ မြစ်ချောင်းတွေကိုတောင် လွှမ်းမိုးနိုင်တယ်ဆိုတာပဲ ”
မဟာအကြီးအကဲက ခေါင်းကိုနောက်ပစ်ကာ အားရပါးရရယ်မောလိုက်လေသည်။ သူ၏မျက်ဝန်းထဲတွင် ဂုဏ်ယူနေသည့်အရိပ်အယောင်များကို ပြတ်ပြတ်သားသားမြင်တွေ့နိုင်ပြီး ပိုင်ချီ၏အဖြေက မဟာအကြီးအကဲ၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို နားလည်မှုနှင့် တစ်ထပ်တည်းကျနေကြောင်း သိသာထင်ရှားသည်။

သူ၏တိုးတက်လာသောကျွမ်းကျင်မှုကို အခြေခံ၍ အချိန်ကြာမြင့်စွာကတည်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ နယ်ပယ်အမျိုးမျိုးအဖြစ် ကွဲပြားသွားကြောင်း သူကနားလည်ခဲ့လေသည်။ သက်တန့်များ သို့မဟုတ် အမွှေးအတောင်များအဖြစ် ဖန်တီးနိုင်စွမ်းမှာ နယ်ပယ်တစ်ခုဖြစ်နိုင်ပြီး ပိုင်ချီ ပြောခဲ့သလိုပင် ပိုမိုအဆင့်မြင့်သည့်နယ်ပယ်လည်း ရှိနိုင်သည်။

မဟာအကြီးအကဲက မျိုးနွယ်စုခေါင်းဆောင်အား ပြုံး၍ ကြည့်လိုက်ကာ ပြောလိုက်သည်။
” ခေါင်းဆောင်ကြီးက ပိုင်ချီကို ဒီလောက်သဘောကျတာ အံ့သြစရာမရှိတော့ပါဘူးလေ။ ဒါကြောင့်ပဲ သူ့အတွက် ဘိုးဘွားပိုင်နယ်မြေကို ဖွင့်ပေးဖို့ သဘောတူပေးလိုက်တာပဲ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဉာဏ်အလင်းရမှုတွေ၊ ပါရမီတွေအရ သူကတကယ့်ကို တမူထူးခြားတယ်”

” သူက ဒီလိုမျိုးချီးကျူးမှုကို မခံယူသင့်သေးပါဘူး မဟာအကြီးအကဲရယ်”
မျိုးနွယ်စုခေါင်းဆောင်က ဆိုလေသည်။
” ဒီကလေးက လေ့ကျင့်ဖို့ အများကြီးလိုအပ်သေးပါတယ်”
သို့သော်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့်အရိပ်အယောင်များကိုမူ သူ့မျက်နှာထက်မှ ဖုံးကွယ်၍မထားနိုင်ခဲ့ပေ။

မဟာအကြီးအကဲက ပိုင်ချီ၏အဖြေအားအတည်ပြုပေးလိုက်ရာ အခြားမျိုးနွယ်စုဝင်များမှာ အသံကျယ်ကျယ်ဖြင့် ချီးကျူးစကားဆိုလေတော့သည်။ ထိုနေရာတွင်ပြည့်နှက်လာသော အုံးအုံးကျွတ်ကျွတ်ချီးကျူးသံများ က ပိုင်ချီကို အံ့အားသင့်သွားစေပြီး မျက်ဝန်းထဲတွင်မကြုံစဖူးသော ဂုဏ်ယူနေသည့်အရိပ်အယောင်များ တောက်ပနေသည့် သခင်မချိုင်အား လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။

” အဲဒီမျိုးမစစ်သားပိုင်ဟောက်က စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့နေရာမှာသာ တော်ရင်တော်လိမ့်မယ် ”
သူမကတွေးနေလေသည်။
” ဒါပေမဲ့ ငါ့ရဲ့ချီအာလေးလောက် မတော်တာတော့ သေချာတယ်။ သူတို့နှစ်ယောက်မှာ မတူတာက ချီအာလေးက သူ့အရည်အချင်းေတွကို အတင်းကာရော ထုတ်ဖော်မပြချင်တာပဲရှိတယ် ”

ပိုင်ရှောင်ချန်းသည် လူအများစုက ပိုင်ချီကို ဖားယားနေခြင်းအပေါ် လုံးဝအထင်မကြီးပေ။ ထို့အပြင် သူက သမ်းဝေနေသေး၏။
” ဒီသခင်လေးက မင်းရဲ့အဆင့်လောက်နဲ့ နစ်မြောနေဖို့ ဆန္ဒမရှိဘူးကွ ” သူက တွေးနေသည်။
” မင်းလိုသာဖြစ်ချင်ရင် ငါ အဖြေကို အကျယ်ကြီးအော်ပြောလိုက်တာနဲ့ မင်းတို့အားလုံး ပါးစပ်ဟောင်းလောင်းဖြစ်သွားရလိမ့်မယ် ”

ယခုအချိန်တွင် ထိုကဲ့သို့အကဲဖြတ်နေမှုကြီးက အလွန်ပျင်းရိဖွယ်ကောင်းနေလေရာ ၎င်းက မည်သည့်အချိန်တွင်မှ ပြီးဆုံးသွားမည်ကို သူသိချင်နေမိသည်။ သို့သော်လည်း ထိုအချိန်တွင် ဟိတ်ဟန်များပြီး ကျေနပ်မဆုံးဖြစ်နေသောပိုင်ချီက လူအုပ်ထဲကြည့်လိုက်ပြီး သမ်းဝေနေသော ပိုင်ဟောက်အား တွေ့သွားလေသည်။ သူ၏မျက်လုံးများတွင် မလိုမုန်းထားဖြစ်နေသည့် အရိပ်အယောင်များ တောက်ပသွားပြီး ကျယ်လောင်စွာရယ်မောလိုက်လေသည်။

” ပိုင်ဟောက်ရေ ” သူကခေါ်လိုက်လေသည်။
” မင်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့နေရာမှာ ကျွမ်းကျင်ပြီးပါရမီရှိတယ်လို့ ပြောခဲ့ဖူးတယ်မလား။ ဒီအကဲဖြတ်မှုအတွက် လူတိုင်းက အဖြေတစ်ခုစီပေးကြတော့ မင်းကလည်း တစ်ခုလောက်ဖြေချင်မလားလို့။ လာလေကွာ၊ နားထောင်ကြည့်ရအောင်။ ရှက်နေစရာမလိုပါဘူးကွ ”
ပိုင်ချီ၏မျက်နှာထက်တွင် နားလည်ရခက်ခဲသော အပြုံးတစ်ခုကို မြင်ရနိုင်သည်။ သူ၏အသံက ညီငယ်လေးအား အားပေးစကားဆိုနေသည့်အစ်ကိုကြီးတစ်ယောက်အလား တူနေလေသည်။ သို့သော်လည်း သူ၏ယုတ်မာရက်စက်လှသည့်ရည်ရွယ်ချက်ကား ပိုင်ဟောက်အား အရှက်တကွဲအကျိုးနည်း ဖြစ်သွားစေရန်ပင်။

သူပေးထားသောအဖြေထက် သာလွန်ထိုက်တန်သည့်အဖြေအား အခြားသူများမဖြေနိုင်တော့ကြောင်း သူကလုံးဝယုံကြည်နေသည်မှာ သိသာလှသည်။ ဖြေဆိုလာရမည့် မည်သည့်အဖြေမဆို ဝိုးတဝါး အဖြေတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ပိုင်ချီပြောနိုင်သည်က ပိုင်ဟောက်ဖြေလာမည့် မည်သည့်အဖြေကိုမဆို သူ၏အဖြေအားကူးယူဖြေဆိုပါသည်ဟု သူ စွပ်စွဲနိုင်လေသည်။ ထို့နောက် သူကအစ်ကိုကြီးတစ်ဦးကဲ့သို့ ပြုမူကာ ပိုင်ဟောက်အား လူအများရှေ့တွင် သင်ခန်းစာကောင်းကောင်း ပေးနိုင်မည်ဖြစ်သည်။

၎င်းက ပိုင်ဟောက်အား မျိုးနွယ်စုဝင်များရှေ့မှောက်တွင် ထပ်မံ၍ ကြီးကြီးမားမား မျက်နှာပျက်စေနိုင်မည်ဖြစ်သည်။ ထို့အပြင် သူက လိမ်လည်လှည့်ဖျားမှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိထားပြီးဖြစ်သောကြောင့် ဘိုးဘွားပိုင်နယ်မြေဖွင့်သည့်အချိန်တွင် ပိုင်ချီကသူ့အား သတ်ရန်အကြောင်းပြချက်ရှာလျှင်ပင် မည်သူတစ်ဦးတစ်ယောက်ကမျှ မကျေမနပ်ပြောဆိုရန် စဉ်းစားလိမ့်မည်မဟုတ်ပေ။

ထိုသို့ ပိုင်ချီပြောပြီးသွားသည့်အချိန်တွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း၏အကြည့်များက ပိုင်ရှောင်ချန်းထံ စုပြုံရောက်ရှိလာလေသည်။

” ပိုင်ဟောက်က အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ထက်မပိုပါဘူးကွာ။ သူပေးလာမဲ့အဖြေတွေက နားထောင်ဖို့ထိုက်တန်မှာတဲ့လား။ သူက ကြောက်ချေးပန်းပြီး ဘာမှပြောမှာမဟုတ်ဘူးဆိုတာ ရှစ်ဆယ်ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်နှုန်းအထိ သေချာပြောရဲတယ်”

” ကြည့်နေ၊ အဲဒီဟာက ကောင်းကင်ယံမှာ ပျံသန်းသွားနေတဲ့ ကမ္ဘာဦး ဖီးနစ်ငှက်တစ်ကောင်ဖြစ်လာမှာဆိုပြီး ပြောမှာေသချာတယ်။ အဲဒီအဖြေက သူ့ကို အရှက်ကွဲသွားစေမှာ ”

” မင်းသိမှာမဟုတ်သေးဘူး။ သူက နတ်မီးလျှံစမ်းသပ်ပွဲသုံးခုလုံးရဲ့ ပထမဆုံးနေရာကို လိမ်ပြီးယူခဲ့တာတဲ့။ ဒါတွေက ပိုင်ဟောက်ဘယ်လောက်အရှက်မရှိလဲ ပြနေတာပဲလေ။ ပိုင်ချီက မိသားစုဝင်ဖြစ်နေပေမဲ့ ဖြောင့်မတ်မှန်ကန်ပြီး သူ့ရဲ့နာမည်ကို ကျောက်တိုင်တွေကနေ ဖယ်လိုက်တာက တကယ်ကို ကောင်းတဲ့ကိစ္စပဲ”

အကြည့်အများစုက မထီမဲ့မြင်ဖြစ်ပြီး အထင်အမြင်သေးနေကြသော်လည်း ပိုင်ချီထံတွင် ပေါ်လွင်နေသည့် မုန်းတီးသည့်စိတ်ကို သိမြင်လိုက်သည့် လူအနည်းစုမှာ သနားကြည့်များဖြင့် ကြည့်လာကြသည်။

အမှတ်ငါးမိန်းမပျိုငယ်နှင့် ပိုင်လဲ့မှာ ပိုင်ဟောက်အား သနားကြည့် ကြည့်နေကြသည့်အထဲတွင် ပါဝင်လေသည်။ သူတို့က သူနှင့် မရင်းနှီးသော်လည်း ပိုင်ချီက သူ့အပေါ် အလွန်မုန်းတီးနေခြင်းက ပိုင်ဟောက်အား သူတို့၏ စာနာမှုကိုရရှိသွားစေသည်။

ကံမကောင်းစွာပင် ပိုင်ချီထင်ပေါ်ကျော်ကြားနေချိန်၌ သူတို့က လက်ရှိအခြေအနေအား တားဆီးနိုင်ခြင်းမရှိကြပေ။ သခင်မချိုင်မှာ သူမ၏သားမည်သို့ကြံစည်နေကြောင်း သိရှိရန် အချိန်သိပ်မယူရလိုက်ပေ။ သူမက ထွက်လာမည့်ရလဒ်အပေါ် အနည်းငယ်စိုးရိမ်သော်လည်း ပိုင်ချီ၏ဆုံးဖြတ်ချက်ကို ယုံကြည်သောကြောင့် ပိုင်ရှောင်ချန်းအား ရက်စက်ကောက်ကျစ်လှသည့်အကြည့်စူးစူးဖြင့် စိုက်ကြည့်လိုက်လေသည်။

ပိုင်ချီ၏အကြံအစည်အား စိတ်ထဲမထားသည့်အလား မျိုးနွယ်စုခေါင်းဆောင်၏ မျက်ဝန်းထဲတွင် တည်ငြိမ်သည့်အရိပ်အယောင်များ ဖုံးလွှမ်းနေလေသည်။ သူကပိုင်ရှောင်ချန်းအား ကြည့်နေစဥ် အခြားမျိုးနွယ်စုဝင် အကြီးအကဲများကလည်း အပျော်အပျက်ကိုတွေ့ရသည့်အလား တိတ်တဆိတ် အကြည့်ချင်းဖလှယ်ကာ အလားတူ ပြုမူနေကြသည်။ တရားစီရင်ရေးရာခန်းမ၏ မဟာအကြီးအကဲက တရားဝင်မျိုးနွယ်စုမှ မဟုတ်ပေ။ သူက မျိုးနွယ်စုရေးရာကိစ္စများတွင် လုံးဝဘက်လိုက်မှုမရှိဟု မဆိုနိုင်သော်လည်း သူက တိကျစွာဆောင်ရွက်တတ်သူဖြစ်သည်။ သူကပြုံးနေရင်း ယခင်ကတည်းက တစ်ခါမှ အာရုံမစိုက်မိခဲ့ဖူးသော ပိုင်ဟောက်အားကြည့်လိုက်သည်။

ပိုင်ချီ၏ရက်စက်လှသောအပြုံးကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ချီမည်မျှ ယုတ်မာရက်စက်ကြောင်း တဖြည်းဖြည်းသိလာသည်နှင့်အမျှ ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာ အေးစက်တင်းမာလာသည်။ အစောပိုင်းက သူသည် သိုသိုသိပ်သိပ်နေရန်သာ ကြံစည်ခဲ့သော်လည်း ယခုမူ ပိုင်ချီက သူ့အားအတင်းဖိအားပေးနေရာ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ ပိုင်ချီက ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းပြန်စွတ်ချင်နေလေရာ ပိုင်ရှောင်ချန်းက သူ၏ဆန္ဒအား အသိအမှတ်ပြုရပေမည်။ အေးစက်စက်နှာမှုတ်လိုက်ပြီး သူက မတ်တတ်ရပ်လိုက်လေသည်။

သူမတ်တတ်ရပ်လိုက်ပြီးသည်နှင့် လူအုပ်ကြီးထဲမှ မထီမဲ့မြင်ပြုသံများမှာ ပိုမိုပြင်းထန်လာသည်။

” သူတကယ်ကြီး မတ်တတ်ရပ်တယ်ပေါ့လေ။ ကောင်းတယ်၊ ဒါအပျင်းပြေတာပေါ့။ သူက ပိုင်ချီရဲ့ ‘ငှက်’ ဖြစ်လာတဲ့အဖြေကို ဘယ်လိုကူးချပြောမလဲဆိုတာကိုကြည့်ရအောင် ”

” ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးတာပဲ။ မျိုးမစစ်သားပိုင်ဟောက်ကတော့ မျိုးနွယ်စုရဲ့အတော်ဆုံးသူကို ယှဥ်ပြီးစိန်ခေါ်နေတယ် ”

” သူ့လိုလူတွေက လိမ်တာကလွဲပြီး ဘာမှမလုပ်နိုင်ဘူးကွ။ သူက ပိုင်မျိုးနွယ်စုတစ်ခုလုံးအတွက် အရှက်ရစရာပဲ”

ပိုင်ရှောင်ချန်းက လူအများပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။ သူက သခင်မချိုင်၏မျက်ဝန်းအတွင်းမှ အငြိုးအာဃာတများကို မြင်လိုက်ရပြီး မျိုးနွယ်စုခေါင်းဆောင်၏ အဖက်မလုပ်ခြင်းကိုပါ တွေ့လိုက်ရသည်။ သူက မျိုးနွယ်စုအကြီးအကဲများ၏ မျက်နှာထက်တွင်ဖြစ်ပေါ်လာသော အမူအယာများကိုပါတွေ့လိုက်ရသည်။ အထူးတလည်သတိပြုလိုက်မိသည်မှာ မည်သူကမှ လှောင်ပြောင်သရော်သည့်စကားများကို တားဆီးခြင်း မလုပ်သည်ကိုသာဖြစ်လေသည်။ စင်စစ်အားဖြင့် မျိုးနွယ်စုအတွင်းမှ လူတိုင်းလိုလိုပင် သူ့အားပစ်ပစ်နှစ်နှစ်ကဲ့ရဲ့စကားဆိုနေကြလေသည်။

အခြားမျိုးနွယ်စုနှစ်စု၏ ကိုယ်စားလှယ်များ နှင့် သရဲကြီးမြို့တော်မှ တမန်တော်များမှာလည်း ရုတ်ရုတ်သဲသဲသဲသဲဖြစ်နေခြင်းကြောင့် အံ့အားသင့်သွားရပြီး ပိုင်ရှောင်ချန်းအား ကြည့်နေကြသည်။ ထိုကဲ့သို့ ဖြစ်ပျက်နေသော်ငြားလည်း ပိုင်ရှောင်ချန်းက ဒေါသထွက်ခြင်းအလျဥ်းမရှိပေ။

သူက မေးကိုငေါ့လျက် လူအုပ်ကြီးအား မျက်စိတမှိတ်အတွင်း ဖိသတ်နိုင်သော စာကလေးအုပ်အလား ကြည့်လိုက်လေသည်။ သူ၏အင်္ကျီလက်အား မော်ကြွားပြီး အဖက်မလုပ်လိုဟန်ဖြင့် ဝေ့ယမ်းလိုက်ပြီး ပိုင်ချီအားလက်ညိုးထိုးကာ မာန်မဲလိုက်လေသည်။
” ငါဘာတစ်ခုမှ ပြောချင်တာမဟုတ်ဘူး။ ဒါပေမဲ့ မင်းက ယုတ်မာပြီး ငါ့ကိုအရှက်ခွဲဖို့လုပ်မှတော့ ငါပြောရတော့မှာပေါ့ ”

ပိုင်ချီ၏ မျက်လုံးများတွင် လူသတ်ရိပ်များဖြင့် တဖျတ်ဖျတ်လက်သွားပြီး အေးစက်စက်ရယ်မောလိုက်လေသည်။
” မင်းရဲ့အဖြေက မင်းအတွက်တော့ အံ့သြစရာကြီးပေါ့ကွာ။ ဒါပေမဲ့ ငါ့အတွက်တော့ ခွေးချေးပုံနဲ့ ပစ်ပေါက်လိုက်သလိုပဲ ”

ပိုင်ရှောင်ချန်းက သူ၏အင်္ကျီလက်အား ထပ်မံ၍ ဝေ့ယမ်းလိုက်ပြန်သည်။ သူက အခြေခိုင်မာခြင်းအဆင့်အငွေ့အသက်ကိုသာ ထုတ်လွှတ်ထားသော်လည်း ၎င်းက သူ့အားကြီးကျယ်ခမ်းနားနေဆဲဖြစ်လေသည်။

” ကောင်းပြီလေ။ အကြိမ်သုံးဆယ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်ရင် ဖြစ်လာမဲ့အဖြေမှန်ကို ငါပြောပြမယ်။”

“အဲဒီ အမွှေးအတောင်က ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုဖြစ်လာလိမ့်မယ်။ တကယ်တမ်းမှာ အကြိမ်သုံးဆယ်မြောက် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခံလိုက်ရတဲ့ ဘယ်အရာမဆို ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေဖြစ်တည်လာမှာပဲ ”
ပိုင်ရှောင်ချန်း၏အသံမှာ မိုးခြိမ်းသံအလား မြည်ဟည်းသွားပြီး နေရာအနှံ့ပျံ့နှံ့သွားကာ မျိုးနွယ်စုဝင်များ၏ နှလုံးသားထဲအထိ ထိုးဖောက်သွားလေသည်။

သူ၏အဖြေက ကောင်းကင်နှင့်မြေပြင်ရှိထူးကဲသော နိယာမများ၏ တုံ့ပြန်ချက်များကိုနှိုးဆွနေပုံရသည်။ သူ၏အသံကကောင်းကင်ဘုံမှ မိုးခြိမ်းသံအလား ဖြစ်နေကာ ထိုနေရာရှိအရာအားလုံးကို လှုပ်ခါသွားစေပြီး အထက်ရှိတိမ်လွှာများကိုပါ လုံးလုံးလျားလျား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေသည်။

ဆည်းဆာချိန် ပုစွန်ဆီရောင်ကောင်းကင်ကြီးမှ အလင်းရောင် ဖြာကျလာပြီး ပိုင်ရှောင်ချန်းအပေါ် တောက်ပလာကာ အလွန်အံ့ဩတုန်လှုပ်ဖွယ်ကောင်းေသာ ပတ်ဝန်းကျင်တစ်ခုကို ရုတ်တရက် ဖန်တီးပေးလိုက်တော့သည်။

သူ၏စကားလုံးများကြောင့် မျိုးနွယ်စုဝင်များ၏မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။ သူတို့၏စိတ်အတွင်း၌ လျှပ်စီးများ ပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ကြရပြီး ပိုင်ချီပင်လျှင် သိသိသာသာတုန်ရီနေကာ သူ၏မျက်နှာထက်တွင် အရုပ်ဆိုးအကျည်းတန်လှသောအမူအယာက လွှမ်းမိုးထားလေသည်။

ပိုင်ဟောက်က ထိုကဲ့သို့သောအဖြေမျိုးပေးလာလိမ့်မည်ဟု ပိုင်ချီက ဘယ်သောအခါမျှ မတွေးခဲ့ဖူးပေ။ ထိုအဖြေက သူ၏အဖြေနှင့် နှိုင်းယှဥ်ရန်ပင် မလိုအပ်ချေ။ ထိုအဖြေက မှန်ကန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းကထိုနေရာရှိလူတိုင်း၏ အဖြေထက်များစွာသာလွန်ပြီး သူ၏ကိုယ်ပိုင်အဖြေကိုပင် မှုန့်မှုန့်ညက်ညက်ကြေသွားစေသည်ကို မည်သူမဆိုတွေ့မြင်နိုင်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset