Switch Mode

အပိုင်း ၈

ထိပ်တန်းဆရာသခင်

သူသည် မျက်စိရှေ့၌ ယွမ်တစ်သိန်း ပါသွားသည်ကို မတတ်သာဘဲ ကြည့်နေ လိုက်ရသည်။ ရဲ့လင်းချန်၏ စိတ်ထဲတွင် ပြိုလဲမတတ် ဖြစ်နေ၏။ သို့သော် သူ့စိတ်ကို သူ အလျင်အမြန် ပြန်ထိန်းချုပ်လိုက်သည်။ သူ့ကိုယ်ထဲမှ ပါရမီရှင် စနစ်ကြောင့် သူ့ကိုယ်သူ ကျေနပ်သင့်ပြီး ယွမ်တစ်သိန်းလောက်နှင့် မယိမ်းယိုင်သင့်ဟု သတိပြု မိသွားသည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကာလရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းလျက် ရှိသည်။ ရဲ့လင်းချန်သည် ဖခင်ဖြစ်သူကြောင့် မနက်စောစော နိုးလာသည်။ မိုးဖွဲဖွဲအောက်၌ ဟွေအန်း ဘုရားကျောင်းရှိရာသို့ သူ လျှောက်သွားလေသည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မကြာခင် စတင်တော့မည် ဖြစ်သောကြောင့် ကျောင်းသားများသည် အမှတ်ကောင်းကောင်း ရရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ဘုရားကျောင်း၌ ဘုရားရှိခိုးဝတ်ပြုပွဲ တက်ခြင်းသာ ဖြစ်သည်။ ဟွေအန်း ဘုရားကျောင်းသည် ရူကောင်းမြို့၌ အကျော်ကြားဆုံး ဘုရားကျောင်း ဖြစ်သည်။ ဘုရားကျောင်းတွင် ဘုရားရှိခိုး ဝတ်ပြုလိုသော လူအုပ်များနှင့် နေ့စဉ် ပြည့်နှက်လျက် ရှိသည်။

ဟွေအန်း ဘုရားကျောင်းသည် မနက်စောစောမှာတင် လူများဖြင့် ပြည့်ကျပ်နေသည်။ နေ့တစ်နေ့၏ ပထမဆုံး အမွှေးနံ့သာ ပူဇော်နိုင်သည့် အခွင့်အရေး ရရန်အတွက် လူများစွာတို့က ပိုက်ဆံထောင်ချီ၍ သုံးစွဲလိုကြသည် ဟုလည်း ပြောကြသည်။

ရဲ့လင်းချန်သည် ၂၅ ယွမ် ဝင်ခွင့်လက်မှတ်ကို ဝယ်လိုက်ပြီးနောက် အိမ်မှမထွက်ခင် မိခင်မှာလိုက်သည့်အတိုင်း ၁၅ ယွမ် အမွှေးနံ့သာထုပ်ကို ဝယ်ယူလိုက်သည်။ ထို့နောက် ရဲ့လင်းချန်သည် လူအုပ်နှင့်အတူ ဘုရားကျောင်းထဲသို့ ဝင်သွားလေသည်။

ဘုရားကျောင်းထဲသို့ ဝင်လာသည်နှင့် စတုလောကပါလ နတ်မင်းလေးပါးကို ဖြတ်ကျော်လာပြီးနောက် ပြုံးတော်မူနေသော အရိမေတ္တယျ ဘုရားရှင်နှင့် ကရုဏာစိတ်ရှိသော လောကနတ်တို့အား ဖူးမြော်ရသည်။ ရဲ့လင်းချန်သည် တစ်ပါးချင်းစီအား အောင်အောင်အောင်မြင်မြင်နှင့် ရှိခိုးဖူးမျှော်ခဲ့သည်။

ဘုရားကျောင်း၏ အလယ်ဗဟို၌ လေးနက်မြင့်မြတ်သော မဟာဝီရ ခန်းမရှိသည်။ ခန်းမအလယ်တွင် နတ်ပြည်မှနေ၍ လူ့လောကကို ငုံ့ကြည့်နေသည့် ဂေါတမ မြတ်စွာဘုရား၏ ဆင်းတုတော်ကို ထားရှိထားသည်။

ရဲ့လင်းချန်သည် ဦးသုံးကြိမ် ကန်တော့ပြီးနောက် မဟာဝီရ ခန်းမမှဖြတ်၍ တစ်ဖက်မှ မဉ်ဇူသီရိခန်းမသို့ ဦးတည်လိုက်သည်။ သို့သော် သူ ခြေလှမ်း အနည်းငယ်မျှ လှမ်းပြီးနောက် တန့်ခနဲ ဖြစ်သွားရသည်။ အဘယ်ကြောင့် ဆိုသော် ခန်းမ၏ တစ်ဖက်တစ်ချက်၌ အခန်းပို စာကြည့်တိုက်လေးများ တည်ထောင်ထားသောကြောင့်ပင်။ ထိုနေရာ၌ လာလည်သူများ ဖတ်ရှုနိုင်ရန်အတွက် ဗုဒ္ဓဘာသာဝင်တို့၏ ပိဋကကျမ်းများကို သိမ်းဆည်းထားသည်။

စာကြည့်တိုက်သည် ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ အလှတန်ဆာဆင်မှုနှင့် ခပ်ဆင်ဆင်ပင်။ ဤအရာသည် လာရောက်သူများအတွက် ဖျတ်ခနဲ လှမ်းကြည့်နိုင်ရန် ဖမ်းစားနိုင်သည့် ပြောင်းလဲနေသော မြင်ကွင်းတစ်ခုမျှသာ ဖြစ်သည်။ မည်သူမှ အခန်းထဲဝင်ပြီး ပဋိကကျမ်းများနှင့် စာပေများကို ဖတ်ရှုမည် မဟုတ်ပါ။

သို့သော် ရဲ့လင်းချန်သည် စာဖတ်ချင်စိတ် ဝင်နေ၏။ သူသည် ပရမီရှင် စနစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ အရာရာတိုင်းကို သဘောတရားအရ လေ့လာသင်ယူနိုင်စွမ်း ရှိသည်။ ဘုရားကျောင်းမှ စုဆောင်းထားသော စာအုပ်များက အပြင်လောကီစာအုပ်များနှင့် ခြားနားမှုရှိ၊ မရှိ သူ သိချင်နေ၏။

စာကြည့်တိုက်ထဲ၌ စာအုပ်တော်တော်များများ ရှိသည်။ ထို့အပြင် စာအုပ်အများစုမှ ဟောင်းနွမ်း၍ ပျက်စီးစ ပြုနေသည်။ ဘုရားကျောင်းသည် ရာစုနှစ်တစ်ခုစာ တည်ရှိနေသော ဘုရားကျောင်းဟု လူသိများသည်။ ဤစာအုပ်များကို ရှေးခေတ်အခါက ရေးသားထားခြင်း ဖြစ်ကြောင်း ရဲ့လင်းချန် သိလိုက်သည်။

ရဲ့လင်းချန်သည် လေ့လာရန်အတွက် ဝဇိရသုတ္တန် စာအုပ်ကို ကောက်ယူ၍ လှန်လှောလိုက်သည်။

[ဝဇိရသုတ္တန်အား ကိုယ်တိုင်လေ့လားခြင်း၊ ဗုဒ္ဓဝါဒ စွမ်းရည် တစ်မှတ်]

[ဝဇိရသုတ္တန်အား ကိုယ်တိုင်လေ့လာခြင်း၊ ဗုဒ္ဓဝါဒ စွမ်းရည် တစ်မှတ်]

ရဲ့လင်းချန်သည် တစ်ခဏမျှ လှန်လောကြည့်ပြီးသည်နှင့် စာအုပ်ကို ပြန်ချလိုက်သည်။ ဗုဒ္ဓဝါဒကို လေ့လာခြင်းက သူ့အတွက် အချိန်ဖြုန်းသလို ဖြစ်နေသည်ဟု ခံစားမိသဖြင့် အခြားစာအုပ်များ ရှိ၊ မရှိ လိုက်ကြည့်မိသည်။

တစ်ခဏကြာသော် “ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ တစ်ရာ့တစ်ချပ်” ဟူသော စာအုပ်အပေါ် သူ အာရုံရောက် သွားသည်။ ထိုစာအုပ်သည် ဗုဒ္ဓဘာသာနှင့် တာအိုဘာသတို့၏ အရင်းအမြစ် အထောက်အထားကို ရှင်းပြထားပုံ ရသည်။ ယင်း၌ လူအများစု မသိသော လောက၏ အထွေထွေ ဗဟုသုတများ ပါရှိသည်။

[ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ တစ်ရာ့တစ်ချက်အား ကိုယ်တိုင်လေ့လာခြင်း၊ အထွေထွေ ဗဟုသုတ စွမ်းရည် တစ်မှတ်]

[ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ တစ်ရာ့တစ်ချက်အား ကိုယ်တိုင်လေ့လာခြင်း၊ အထွေထွေ ဗဟုသုတ စွမ်းရည် တစ်မှတ်]

[ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ တစ်ရာ့တစ်ချက်အား ကိုယ်တိုင်လေ့လာခြင်း၊ အထွေထွေ ဗဟုသုတ စွမ်းရည် တစ်မှတ်]

အထွေထွေ ဗဟုသုတအား စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်ထားလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ၏ အထွေထွေ ဗဟုသုတ စွမ်းရည် ဆက်မတော့သည့်အခါတွင်မှ ထိုစာအုပ်ကို သူ ပြန်ချထားလိုက်သည်။ သူ၏ အထွေထွေ ဗဟုသုတ စွမ်းရည်က ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်နေပြီ ဖြစ်သည်။ ပုံမှန်မဟုတ်သော အထွေထွေ ဗဟုသုတ အချို့မှလွဲ၍ သာမန် အထွေထွေ ဗဟုသုတများကို အခု သူ ကောင်းကောင်း သိနားလည်လာကြောင်း ရဲ့လင်းချန် သတိပြုလိုက်မိသည်။

သူ စာအုပ်စင် တစ်ခုပြီး တစ်ခုသို့ လျှောက်သွားလိုက်သည်။ ဗုဒ္ဓဘာသာ ပဋိကကျမ်းများမှလွဲ၍ အခြားစာအုပ်များ မရှိသည်ကို တွေ့လိုက်ရသဖြင့် သူ ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် သူ၏အကြည့်က ထောင့်တစ်နေရာသို့ ဝေ့ခနဲ ရောက်သွားချိန်တွင် တစ်စုံတစ်ရာကို သတိထား မိသွားသည်။ ထောင့်နား၌ သိမ်းထားသော စာအုပ်က ပို၍ ရှေးကျပုံရပြီး စုတ်ပြဲနေ၏။ စာအုပ်ပေါ်၌ လူရုပ်လေးများ ရေးဆွဲထားသည်ကို တွေ့နေရသည်။

*ဟမ် ဒါ ကာတွန်းစာအုပ်လား*

ရဲ့လင်းချန်သည် စာအုပ်ကို ကောက်ယူလိုက်သည်။ ထို့နောက် လေဝအောင်ရှူ၍ စာအုပ်ပေါ်မှ ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်ပြီး လက်ဖြင့် သုတ်လိုက်သည်။

စာအုပ်အမည်မှာ အရဟာ လက်သီး၏ အင်္ဂါရပ်များ ဖြစ်လေသည်။ ထိုစာလုံးများကိုမြင်သည်နှင့် ရဲ့လင်းချန် ရယ်မိမတတ် ဖြစ်သွားရသည်။ စာအုပ်အမည်က အတော်လေး အဓိပ္ပာယ်မရှိပေ။

*ဟွေအန်း ဘုရားကျောင်းမှာ ဘာလို့ ကလေးတွေအတွက် ကာတွန်းစာအုပ် ရှိနေတာလဲ*

*ဘုန်းကြီးတွေက ကလေးတွေကို လှည့်စားတဲ့ စာအုပ်ရောင်းသူအဖြစ် အချိန်ပိုင်းအလုပ် လုပ်နေသေး တာများလား*

ရဲ့လင်းချန် အရောင်းစာရွက်ကိုပါ တွေ့လိုက်သည်။

“ကလေး မင်းက အံ့ဖွယ် အရိုးအဆစ်တွေနဲ့ မွေးဖွားလာတယ်ဆိုတာကို မြင်နေရတယ်၊ မင်းက နောင်တစ်ချိန်မှာ ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှင် ဖြစ်လာမှာ သေချာတယ်၊ ဒီ အရဟာ လက်သီး၏ အင်္ဂါရပ်များကို ရောင်းဖို့ ရှိတယ်၊ ငါးယွမ်ပဲ ကျမယ်၊ ကမ္ဘာကြီးကို ကာကွယ်ရမယ့် အရေးကြီးတာဝန်က မင်းလက်ထဲမှာ”

သူ စာအုပ်ကို စင်ပေါ်သို့ ပြန်ထားရန် ပြင်လိုက်ရချိန်တွင် ရုတ်တရက်

[အရဟာ လက်သီး၏ အင်္ဂါရပ်များကို ကိုယ်တိုင်လေ့လာခြင်း၊ အရဟာ လက်သီးစွမ်းရည် တစ်မှတ်]

*ဘာ*

ချက်ချင်းဆိုသလိုပင် ရဲ့လင်းချန်၏ အမူအရာက ဝမ်းသာပျော်ရွှင်သွားဟန် ပေါ်လာ၏။ စာအုပ်ကို ကိုင်ထားသည့် သူ့လက်က တုန်ယင်နေသလို သူ၏ နှလုံးသားသည်လည်း တဒိတ်ဒိတ်နှင့် အခုန်မြန်နေသည်။

*ဒါ သိုင်းပညာပဲ၊ ဒါ တရုတ်ကွန်ဖူးပဲ*

သိုင်းပညာရှင် ဖြစ်လိုသည့် အိပ်မက်က လူတိုင်း၏ နှလုံးသားထဲ၌ အရိုးစွဲနေသည်ဟု ပြောရပေမည။ ရဲ့လင်းချန်သည် စနစ်ရလာခြင်းကိုပင် ကံကောင်းခြင်းဟု စဉ်းစားထားပြီးသား ဖြစ်သည်။ ယခု သူသည် သိုင်းကျင့်စဉ် တစ်ခုကိုပင် ရရှိလိုက်သေးသည်။ ဤလောကက သူ၏ သာမန်လောကပင် မဖြစ်နိုင်ဟု ရဲ့လင်းချန် သံသယ ဝင်လာမိသည်။

[အရဟာ လက်သီး၏ အင်္ဂါရပ်များကို ကိုယ်တိုင်လေ့လာခြင်း၊ အရဟာ လက်သီးစွမ်းရည် တစ်မှတ်]

[အရဟာ လက်သီး၏ အင်္ဂါရပ်များကို ကိုယ်တိုင်လေ့လာခြင်း၊ အရဟာ လက်သီးစွမ်းရည် တစ်မှတ်]

[အရဟာ လက်သီး၏ အင်္ဂါရပ်များကို ကိုယ်တိုင်လေ့လာခြင်း၊ အရဟာ လက်သီးစွမ်းရည် တစ်မှတ်]

သူ တွေဝေနေစဉ်မှာပင် သူ၏ စွမ်းရည်က အရူးအမူး ဆက်လက် တိုးတက်နေ၏။ ရဲ့လင်းချန် စာအုပ်ကို ကိုင်ထားသရွေ့ စွမ်းရည်အဆင့်က အကန့်အသတ်သို့ မရောက်မချင်း တိုးနေမည် ဖြစ်သည်။

*လခွမ်း … နောက်ဆို ငါ သောက်ရမ်း အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာတော့မှာပဲ*

နာရီဝက် အကြာ၌ ရဲ့လင်းချန်သည် စာကြည့်တိုက်ထဲမှ လန်းဆန်းတက်ကြွသော ဟန်ပန်ဖြင့် ပြန်ထွက်လာ၏။ သူသည် မဉ်ဇူသီရိ ခန်းမထဲသို့ ခပ်တိုးတိုး တေးညည်း၍ လျှောက်လာသည်။

“ကောင်းချီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်ကို အံ့ဩစရာကောင်းတဲ့ ပါရမီရှင် စနစ် လက်ဆောင်ပေးခဲ့တဲ့အတွက် မြတ်စွာဘုရားနဲ့တကွ ပွင့်တော်မမူသေးတဲ့ ဘုရားလောင်းကိုပါ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကောင်းတဲ့နေရာမှာပဲ အသုံးချပါ့မယ်”

ရဲ့လင်းချန်သည် ကြည်ညိုလေးစားစွာ ရှိခိုးဦးချရင်း တီးတိုးရေရွတ်လိုက်သည်။

“ရဲ့လင်းချန်လား၊ နင်လည်း ဒီရောက်နေတယ်ပေါ့”

သူ၏ ဘေးနားမှ လန်းဆန်းတက်ကြွသော အသံတစ်သံ ထွက်ပေါ်လာသ်ည။ သူ ဘေးသို့ လှည့်ကြည့်လိုက် သောအခါ မိန်းကလေးတစ်ယောက်က တက်ကြွစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် အဝါဖျော့ဖျော့ တီရှပ်နှင့် ခပ်ဖျော့ဖျော့ မီးခိုရောင် စကပ်တိုကို ဝတ်ဆင်ထားသည်။ သူမ၏ မည်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းတွင်မှ ရတနာများ ဆင်မြန်းထားခြင်း မရှိသော်လည်း သူမထံမှ သွက်လက်ချက်ချာသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူမ မိတ်ကပ် လုံးဝ မလိမ်းထားသော်လည်း သူမ၏ အလှတရားကို ဖုံးကွက်ရ ခက်လှပေ၏။ လှပသန့်ရှင်း၍ သဘာဝတရားအလား စင်ကြယ်ပေသည်။

“ယွင်ရှီ တိုက်ဆိုင်လိုက်တာ”

ရဲ့လင်းချန် ပြုံး၍ ပြန်ပြောလိုက်သည်။

“နင်လည်း တစ်ယောက်တည်း လာတလား”

သူမသည် ရဲ့လင်းချန်၏ ရွာမှ အလှဆုံး မိန်းမပျိုလေး ကျန်းယွင်ရှီ ဖြစ်သည်။ သူမသည် ရွာမှ အလှပဂေးလေးဟု ကျော်ကြားသော်လည်း သူမသည် မြို့တွင်ပါ အလှဆုံး မိန်းကလေးအဖြစ် ကျော်ကြားရန် ထိုက်တန်သည်ဟု ရဲ့လင်းချန် ခံစားမိသည်။ သူမသည် ရိုးစင်းသော မိသားစု နောက်ခံမှ ဆင်းသက်လာသောသူပင်။ ထို့ကြောင့် သူမသည် လူပုံအလယ်၌ သိုသိုသိပ်သိပ် နေတတ်သည်။ သို့ရာတွင် သူမနှင့် ဆုံဖူးသူတိုင်း တစ်ဖက်သက် ချစ်မိသွားလောက်သည်။

သူမသည် တစ်ရွာလုံးမှ လူငယ်တိုင်း၏ ပိုးပန်းခြင်းကို ခံရရုံသာမက ဤမြို့၌ သူမ တက်နေသော ကျောင်းတွင်ပါ ထိုကဲ့သို့ ပိုးပန်းခံရသည်။

ရဲ့လင်းချန်၏ အမှတ်က နိမ့်လွန်းသဖြင့် ကျန်းယွင်ရှီ တက်သော အထက်တန်းကျောင်းသို့ လိုက်မတတ်နိုင်သည်က နှမြောစရာပင်။ ထို့ကြောင့်ပင် သူတို့ တဖြည်းဖြည်း ဝေးကွာသွားခဲ့၏။ သူမနှင့် ဤနေရာ၌ ဆုံရလိမ့်မည်ဟု သူ ထင်မထားမိပါ။

“အင်း”

သူတို့ တစ်ရွာတည်း၌ နေစဉ်အခါက အိမ်ချင်း သိပ်မလှမ်းခဲ့ပေ။ သူတို့အား ကလေးဘဝကတည်းက ကစားဖော်များဟု သတ်မှတ်၍ ရနိုင်သည်။ ကျန်းယွင်ရှီက အလွန် ဝမ်းသာနေသော သဘောထားဖြင့် ပြောလာသည်။

“ရက်နည်းနည်းနေရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ကျင်းပတော့မှာလေ၊ ငါတို့ကျောင်းက အားလုံးကို ကျောင်းပိတ် ပေးထားတယ်၊ အဲ့ဒါကြောင့် ငါ့အမေက ဒီကို ဝတ်ပြုဆုတောင်းလို့ရအောင် ငါ့ကို လွှတ်လိုက်တာ၊ နင် ခုနက တစ်ယောက်တည်း တစ်ခုခု ပြောနေတာကို ကြားလိုက်သည်၊ နင် မြတ်စွာဘုရားဆီကနေ ဘာတွေ ဆုတောင်း နေတာလဲ”

“မြတ်စွဘုရားကို ငါ့နတ်ဘုရားမလေးနဲ့ အတူတူ တက္ကသိုလ် တက်နိုင်အောင် ကောင်းချီးပေးနိုင်ပါစေလို့ ဆုတောင်းနေတာလေ”

ရဲ့လင်းချန်က ရိုးသား၍ အလေးအနက်ထားဟန်ဖြင့် ပြောလိုက်သည်။

“ဘယ်သူက နင့်နတ်ဘုရားမလေးလဲ”

ကျန်းယွင်ရှီက သိချင်စွာ မေးလာသည်။ ရဲ့လင်းချန်က ကျန်းယွင်ရှီကို ပြုံး၍ ကြည့်လိုက်သည်။

“သူက အမြင်အရ ကြည့်မယ်ဆိုရင် ဝေးကွာလွန်းတဲ့ နေရာမှာ ရှိတယ်လို့ ထင်ရပင်မယ့် တကယ်တမ်းကျတော့ ငါ့မျက်စိရှေ့လေးတင် ရှိနေတာလေ”

“ဟွန့် မြတ်စွာဘုရားရှေ့မှာ ဒါတွေ မပြောနဲ့”

ကျန်းယွင်ရှီ ရှက်သွေးဖြာသွားပြီး သူ့ကို စူးခနဲ ကြည့်လာသည်။

“မြတ်စွာဘုရားက ငါ့ဆုတောင်းတွေ တကယ် ဖြစ်လာလိမ့်မယ်လို့တောင် ငါ့ကို ပြောပြီးနေပြီ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ဆက်၍ ရည်းစားစကား ပြောနေသဖြင့် ကျန်းယွင်ရှီ ပို၍ ရှက်လာလေ၏။ ပါရမီရှင် စနစ်ကြောင့် သူ၏ စိတ်သဘောထားက ပြောင်းလဲသွားသည်ကို ရဲ့လင်းချန် သတိထားမိသည်။ သူသည် ယခင်ကဲ့သို့ အကြောက်ကြီးမနေတော့ပါ။ အတိတ်တုန်းက သူ သတ္တိမရှိခဲ့သော်လည်း ယခု သူ ဟာသများ ပြောနိုင်လာသည်။ မိန်းမလှလေးရှေ့၌ သူ့ကိုယ်သူ ဟိတ်ဟန်ထုတ်လာနိုင်၏။

နှစ်ယောက်လုံးသည် ရှိခိုးဝတ်ပြုပြီးသည်နှင့် အချင်းချင်း လွတ်လွတ်လပ်လပ် စကားစမြည်ပြောရင်း ဟွေအန်း ဘုရားကျောင်းထဲမှ ထွက်လာခဲ့သည်။

ဟွေအန်း ဘုရားကျောင်း၏ အပြင်ဘက်၌ ကျယ်ဝန်းသော မြေကွက်လပ် တစ်ခုရှိသည်။ လက်ရှိတွင် ထိုနေရာ၌ လူအုပ်ကြီးက တိုးလာဆဲ ဖြစ်သဖြင့် သူတို့ အံ့ဩသွားရသည်။ မြေကွက်လပ် တစ်နေရာ၌ လူအုပ်ကြီးတစ်စုက ဝိုင်းနေပြီး အလယ်မှ ဆူညံသံသဲ့သဲ့ ထွက်ပေါ်နေ၏။

“မင်းတို့ကလေးကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ရလဒ်ကောင်းကောင်း ရစေချင်တယ်ဆိုရင်၊ မင်းတို့မိသားစုလေးကို သာယာပျော်ရွှင် စေချင်တယ်ဆိုရင်၊ မင်းတို့ကလေးတွေနဲ့ မြေးတွေကို အသက်ရှည်ရှည် နေစေချင်တယ်ဆိုရင်၊ ဒီကိုလာခဲ့၊ သက်ရှိထင်ရှားရှိနေတဲ့ ဗုဒ္ဓက လူတိုင်းရဲ့ ဆန္ဒတွေ ပြည့်ဝသွားအောင် ကောင်းချီးပေးဖို့ ရှိနေပြီ …”

“ကောင်းချီးပေးတဲ့ အခမ်းအနားထင်တယ်၊ အဲ့နားသွားပြီး တစ်ချက် ကြည့်ရအောင်လေ၊ ငါတို့လည်း ငါတို့ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲအတွက် ကံကောင်းခြင်းတွေ ရချင် ရနိုင်တာပေါ့”

ကျန်းယွင်ရှီက ပြောလာသည်။ နှစ်ယောက်လုံး ထိုနေရာသို့ လျှောက်သွားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး လူအုပ်အလယ်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ပိန်ပါးပါး မျက်နှာ၊ နှုတ်ခမ်းမွေးစစ်နှင့် ဥပဓိရုပ်က သာမန်ပင်။ သူ၏ ဘေးဘက်မှနေ၍ တုတ်ခိုင် သန်မာသော ယောက်ျားသား နှစ်ယောက်က လူစိတ်ဝင်စားမှု ရရှိရန် အော်ပြောနေခြင်း ဖြစ်သည်။

“ကျုပ်က ဆရာ လုံဟူရှန်ရဲ့ တပည့်ပဲ၊ ကျုပ် ဒီနေရာကနေ ဖြတ်သွားရင်း ပါရမီရှင်တွေ အများကြီး မွေးထုတ်ပေးနိုင်တဲ့ ကြွယ်ဝတဲ့ မြေတစ်ခုလို့ အာရုံခံမိသွားတယ်၊ မနေ့ညက ကျုပ် ဒီနေရာနဲ့ ဆက်နွှယ်နေ တယ်ဆိုတဲ့ နတ်ဘုရား အိပ်မက်တစ်ခုတောင် မက်သေးတယ်၊ ဒါကြောင့် ကျုပ် လူတိုင်းကို ကံကောင်းစေပြီး‌ ဘေးဒုက္ခတွေ ရှောင်တိမ်းနိုင်အောင် တာအို ထုံးတမ်းဓလေ့ ကျင်းပမယ်”

တာအိုဘုန်းကြီးက လူအုပ်အား လက်ဝှေ့ယမ်းပြ၍ ဝင့်ကြွားစွာ ပြောဆိုနေ၏။ သူ၏ နောက်ကျော၌ စင်တစ်ခု ပြင်ဆင်ထားသည်။ စင်ပေါ်၌ မက်မွန် သစ်သား တာအိုဓား၊ ဖြူပြာ ကြွေထည်၊ တာအိုရှုံ့ကြိုးအိတ်၊ ကြေးနီဒင်္ဂါး၊ မှင်စုတ်တံ စသည်ဖြင့် ရှိလေသည်။

စင်ပေါ်က အရာတွေက ကျုပ် ပိုင်သမျှ အရာအားလုံးပဲ၊ တစ်ခုချင်းစီကို နတ်စွမ်းအင်နဲ့ ချီးမြှောက်ထားလို့ ဝိညာဉ်တွေ၊ မိစ္ဆာတွေကို သတိပြုမိနိုင်စေတယ်၊ ကျုပ် ပုံမှန်ဆို ဒါတွေ ထုတ်ချင်စိတ် မရှိပင်မယ့် တောင်းဆိုမှုတစ်ခု ပါတဲ့ နတ်ဘုရား အိပ်မက် မက်တယ်၊ အဲ့အိပ်မက်ထဲမှာ ကျုပ်က ဒါတွေကို ပိုင်ဆိုင်ဖို့မဟုတ်ဘဲ ဒါတွေအားလုံးကို ဒီမှာ အသုံးပြုရမယ်လို့ ပါတယ်”

တာအိုဘုန်းကြီးသည် မတတ်သာဟန်ဖြင့် ခေါင်းခါပြသည်။ သူသည် မြတ်နိုးရသော ချစ်ရသူကို ပွတ်သပ်သကဲ့သို့ စင်အား မြတ်မြတ်နိုးနိုး ပွတ်နေ၏။

“ဒါပေမဲ့ စင်ပေါ်က တစ်ချို့အရာတွေ ပြသဖို့ သက်သက်ပဲ၊ အဲ့ဒါတွေကို ကျုပ် ပေးပစ်မှာ မဟုတ်ဘူး”

“ဥပမာ ပြောရရင် ဒီမက်မွန် သစ်သား တာအိုဓားပေါ့၊ ဒါက ကျုပ်နဲ့ ဆယ်နှစ်နီးပါး ရှိနေခဲ့တာ၊ အရင်က ကျုပ် ဒါကို သုံးပြီး မိစ္ဆာဝိညာဉ်တွေကို သုတ်သင်ပြီး လူတစ်ချို့ရဲ့ ဆိုးရွားနေတဲ့ ကံကို ပြုပြင်ပေးဖို့ သုံးခဲ့တယ်၊ ပြီးတော့ ဒီဗုဒ္ဓ ဆင်းတုတော်ကလည်း မြတ်စွာဘုရားကိုယ်တော်တိုင် ရင်ငွေ့လှုံ့ပြီး ကောင်းချီးပေးထားတဲ့ ဆင်းတုတော်ပဲ၊ ဒါက အတိတ်နိမိတ်ကောင်းတဲ့ ကံကောင်းမှုတွေကို ဆောင်ကြဉ်းပေးတယ်”

ရဲ့လင်းချန် အထင်မကြီးသော်လည်း ကျန်းယွင်ရှီကမူ လေးနက်သော အမူအရာမျိုး ဖြစ်လာသည်။

“ဝိုး ဒီတာအိုဘုန်းကြီးက သိပ်အထင်ကြီးစရာကောင်းတဲ့ လူဖြစ်မယ်ထင်တယ်”

လူအုပ်ထဲမှ လူအများစုသည် တာအိုဘုန်းကြီး ပြောသမျှကို နားမလည်သော်လည်း သူ၏ ဩဇာညောင်းသော ဟန်ပန်ကြောင့် လေးစားနေကြသည်။

“ဒါ တကယ်လား၊ သူ လူလိမ်တော့ မဖြစ်နိုင်ပါဘူးနော်၊ ဟုတ်တယ်မလား”

“အတိအကျပဲ၊ နတ်တွေလို အရာမျိုးက ဒီလောကမှာ တကယ် ရှိလို့လား”

“ကျွန်မကလေးကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ထိပ်တန်းအမှတ်တွေ ရအောင် ကောင်းချီးပေးနိုင်သလား”

သူ့ကို သံသယဝင်နေသည့် လူတစ်ချို့လည်း ရှိသည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ တာအိုဘုန်းကြီးသည် လူတိုင်း၏ သိချင်စိတ်ကို လှုံ့ဆောင်နိုင်သွားလေသည်။ သူ့အနား၌ လူများ ပိုပို၍ ဝိုင်းလာ၏။

“မင်းတို့ တော်တော်များများ ကျုပ်ကို မယုံမှန်း ကျုပ် သိတယ်၊ ဒါပေမဲ့ ရပါတယ် ကျုပ် မင်းတို့အားလုံးကို သက်သေပြမယ်”

တာအိုဘုန်းကြီးသည် နေရာ၌ ရပ်မြဲရပ်၍ ပြောနေသည်။ တိုက်ဆိုင်စွာပင် လေတစ်ချက် တိုက်ခတ်လာပြီး သူ၏ တာအိုဝတ်ရုံအား လေနှင့်အတူတူ တဖျပ်ဖျပ် လွင့်သွားစေသည်။ ဤသည်က သူ့အား သူတော်စင် အင်မော်တယ် တစ်ယောက်ဟု ထင်မှတ်မှားရသည်။

“ကျုပ်ဆီ ရေနဲ့ တူတစ်စုံ ယူလာခဲ့”

တာအိုဘုန်းကြီးသည် အင်္ကျီလက်စကို ပင့်၍ ဖန်ခွက်တစ်ခွက်အား ရေဖြည့်လိုက်သည်။ ထို့နောက် ရေခွက်အား လူအုပ်ကြီးကို ပြသပြီးနောက် ရေထဲ တူတစ်စုံကို ထည့်လိုက်သည်။ တူများက ရေခွက်၏ တစ်ဖက်သို့ စောင်းနေသည်ကို လူတိုင်း မြင်နေရသည်။

လူတိုင်း ငြိမ်၍ ကြည့်နေကြသည်။ တာအိုဘုန်းကြီးက ဖန်ခွက်ကို စားပွဲပေါ်တင်၍ ဖန်ခွက်အား ပတ်နေလိုက်သည်။ သူသည် အသံကျယ်ကျယ်ဖြင့် ရေရွတ်နေလိုက်သေးသည်။

“ငါက ဘုရားလောင်း ဖြစ်ဖို့ ကျင့်ကြံနေတဲ့ အရှင် ဟူရှန်ရဲ့ တပည့်ပဲ၊ မင်းတို့ကို ကိုယ်ထင်ပြဖို့ ရောက်လာတာ၊ မာလီမာလီ ဥုံ”

သူသည် ဖန်ခွက်အား လက်ညှိုးဖြင့် ထိုးလိုက်သည်။ ထိုအခါ မူလက ဘေးသို့စောင်းနေသည့် တူသည် အားလုံး၏ အကြည့်အောက်၌ ရုတ်တရက်ကြီး ထောင်မတ်လာသည်။

“ဟယ် … ဒါ ဘယ်လို ဖြစ်ရတာလဲ”

ကျန်းယွင်ရှီ တအံ့တဩနှင့် ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိသည်။ သူ၏မျက်လုံးတွင် အံ့ဩ၍ ကြည်ညို လေးစားဟန်များ ထင်ဟပ်လာ၏။

“လခွမ်း တူက ရေထဲမှာ ထောင်လာတယ်ကွ”

“သောက်ချီးကွာ၊ တကယ်ပဲ ဘုရားလောင်း ကိုယ်ထင်ပြတာလား”

“ထိပ်တန်းပုဂ္ဂိုလ်၊ ဒါ ထိပ်တန်းဆရာသခင်ပဲ၊ ထိပ်တန်းဆရာသခင် ကျွန်တော့်မိသားစုတစ်ခုလုံး ဘေးကင်းအောင် ဆောင်ကြဉ်းပေးပါ”

လူတိုင်း ကျယ်လောင်စွာ ပြောဆိုလာကြသည်။ သူတို့သည် တာအိုဘုန်းကြီးအား မတူညီသော အကြည့်ဖြင့် ကြည့်လာကြသည်။

“ထိပ်တန်းဆရာသခင် ကျွန်မက‌လေး စာမေးပွဲမျာ အမှတ်ကောင်း ရအောင် ဘယ်လိုလုပ်ရမလဲ”

“ထိပ်တန်းဆရာသခင် ကျွန်မ ကံကောင်းအောင် ဘယ်လိုလုပ်ရမလဲ၊ ကျေးဇူးပြုပြီး ပြောပြပေးပါ”

လူတိုင်း ဆက်တိုက် ပြောဆိုလာသည်။ တာအိုဘုန်းကြီးက ပြုံးလိုက်သည်။ သူသည် နေရာ၌ ရပ်မြဲရပ်၍ ဂရုမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒယ်စောက်တစ်ခု ယူလာပြီး မီးမွှေးလိုက်”

အမိန့်ရလာသည်နှင့် တုတ်ခိုင်သန်မာသော ယောက်ျားသား နှစ်ယောက်က အစောကတည်းက ပြင်ဆင်ထားသော ဒယ်ဆောင်ထံသို့ လျှောက်သွားပြီး မီးမွှေးလိုက်သည်။ လူအုပ်ကြီးက လှမ်းကြည့်လိုက်သောအခါ ဒယ်စောက်ထဲ၌ ဆီထည့်ထားသည်ကို တအံ့တဩ တွေ့လိုက်ရသည်။

“အားလုံး စိတ်အေးအေးထားပါ”

တာအို ဘုန်းကြီးက ခပ်ဖြည်းဖြည်း ပြောလာသည်။

“ကျုပ် လူတိုင်းကို ကူညီချင်ပင်မယ့် ကျုပ်ပစ္စည်းက အကန့်အသတ်နဲ့ ဖြစ်နေပြီးတော့ မင်းတို့က လူအရေအတွက် များလွန်းနေတယ် …”

“ကျုပ် ပိုက်ဆံပေးပါ့မယ်၊ အမြင့်ဆုံးဈေးတောင်းပြီး ရောင်းပါ”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က သူ့စကားဆုံးအောင် မစောင့်ဘဲ အော်ပြောလာ၏။

“ဟုတ်တယ် အမြင့်ဆုံးဈေးခေါ်တဲ့လူကို ရောင်းပါ၊ ထိပ်တန်းဆရာသခင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခင်ဗျားရဲ့ အဖိုးတန် ပစ္စည်းတွေ စွန့်ကြဲပေးပါ”

တာအိုဘုန်းကြီးက ဘာမှမပြောဘဲ လူအုပ်အား ကျေနပ်အားရစွာ ကြည့်နေသည်။ ထို့နောက် သူသည် တစ်ဖက်လှည့်၍ ရွှေရောင်ပန်းထိုးထားသည့် အနီရောင် တာအိုရှုံ့ကြိုးအိတ်အား စင်ပေါ်မှ ယူလိုက်သည်။

“ဒါက အဆောင်တစ်ခုပဲ၊ ကိုယ်နဲ့မကွာ ဆောင်ထားရင် တစ်ဘဝလုံး‌ ဘေးကင်းပြီး ငြိမ်းချမ်းလိမ့်မယ်၊ ဒါက ကပ်ဆိုးတစ်ခု ဖြစ်လာမှာကိုလည်း တားတဲ့နေရာမှာ အသုံးဝင်တယ်”

ထိုသို့ပြောပြီး တာအိုဘုန်းကြီးက ရှုံ့ကြိုးအိတ်ကို ဆီထည့်ထားသော ဒယ်စော်ထဲသို့ ပစ်ချလိုက်သဖြင့် ပလုံဟူသော အသံ ထွက်လာ၏။

လူအုပ်ကြီး အမူအရာ ပြောင်းလဲသွားသည်။ လက်ရှိတွင် ဆီအိုးသည် မီးအပူကြောင့် တပွက်ပွက် ဆူနေပြီး ကြက်သီးထစရာ ကောင်းလှသည်။

“ဒီရှုံ့ကြိုးအိတ်က ဘုရားလောင်း ငါ့ကို လက်ဆောင်ပေးထားတဲ့ အရာပဲ၊ အခု ငါက အခြားသူကို ပေးပစ်တော့မှာဆိုတော့၊ ငါ အပြစ်ပေးခံရဖို့ ထိုက်တန်တယ်”

တာအိုဘုန်းကြီးက ရိုးဖြောင့်စိတ် အပြည့်ရှိဟန်ဖြင့် ပြောလေသည်။ ထို့နောက် သူ့လက်အား ဆီအိုးထဲသို့ နှစ်လိုက်သဖြင့် လူတိုင်း အသက်ပင် မရှူနိုင်ဘဲ ကြည့်နေမိသည်။

“မလုပ်ပါနဲ့ ထိပ်တန်း ဆရာသခင်”

“ထိပ်တန်း ဆရာသခင်၊ ရှင် ကျွန်မတို့အတွက် အများကြီး စွန့်လွှတ်ပြီးပါပြီ၊ ကျွန်မတို့ ရှက်ရပါတယ်၊ ကျွန်မတို့ ရှက်မိပါတယ်”

တာအိုဘုန်းကြီးသည် မလုပ်ရန် တားမြစ်နေသော လူအုပ်ကြီး၏ အော်သံကြားထဲမှာပင် ဆီအိုးထဲမှ ရှုံ့ကြိုးအိတ်ကို ဆယ်ယူလိုက်သည်။ သူက ကြည်ကြည်သာသာ ပြန်ပြောလိုက်လေသည်။

“ဘားလုံး စိုးရိမ်စရာ မလိုပါဘူး၊ ဒါက ဒီဘုန်းကြီး ခံယူထိုက်တဲ့ ပြစ်ဒဏ်ပါ၊ ဒီရှုံ့ကြိုး အဆောင်အိတ်ကို ဘယ်သူ လိုချင်လဲ”

“ကျွန်မကို ပေးဖို့ တောင်းဆိုပါတယ် ထိပ်တန်း ဆရာသခင်၊ ကျွန်မ ယွမ်ငါးရာ ပေးပါ့မယ်”

“ယွမ်ငါးရာက ဘယ်အဆင်ပြေမလဲ၊ ငါ တစ်ထောင်ပေးမယ်”

“နှစ်ထောင်”

နောက်ဆုးတွင် ထိုရှုံ့ကြိုးအိတ်အား လူဝကြီးတစ်ယောက်က ယွမ်ငါးထောင်ဖြင့် ဝယ်သွားလေသည်။ ထိုလူဝကြီးသည် စစ်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသော စစ်သူကြီးသဖွယ် ဂုဏ်ယူဝင့်ကြွားနေ၏။


Comment

  1. ဆောင်းရတီ says:

    good

Leave a Reply

Options

not work with dark mode
Reset