အခန်း ( ၅၉၂ )

ကျွန်တော် နားမလည်ဘူး

” ငါဒီလောက်တော်တာ ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး ”
ပိုင်ရှောင်ချန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူ၏မျက်ဝန်းများမှာ ယခင်ကထက်ပင် တောက်ပနေတော့သည်။ သူ၏နှလုံးသားတစ်ခုလံုး တဒိန်းဒိန်းခုန်နေခြင်းကြောင့် အနည်းငယ်ပင် မူးဝေလာရတော့သည်။
” ပိုင်ရှောင်ချန်းဆိုတဲ့ငါ နတ်ဘုရားစွမ်းရည် အသစ်တစ်ခုကို တီထွင်နိုင်လိုက်ပြီ။ ဂိုဏ်းတည်ထောင်တဲ့ ခေါင်းဆောင်ကြီးတွေလောက်ပဲ လုပ်နိုင်တဲ့အရာမျိုးကို လုပ်နိုင်လိုက်ပြီကွ။ ငါ၊ ငါက ဒီလောက်ကြီးလေးစားစရာကောင်းမယ်လို့ ကိုယ့်ကိုယ်ကိုယ်တောင် မထင်ထားမိခဲ့ဘူး ”

သူက ခေါင်းကိုနောက်ပစ်ကာ သူ၏ အံ့သြဖွယ်ကောင်းသောအရည်အချင်းများကို တွေးကာ အားပါးတရရယ်မောနေတော့သည်။ သူ၏ အောင်မြင်မှုများထဲတွင် သာယာနေစဥ် ချိန်ဟဲ့ထျန်က သူ့အား စွန့်ပစ်ခဲ့ပုံကို တွေးလိုက်မိပြီး သူ့ကိုဆုံးရှုံးလိုက်ရသည်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းအတွက် ကြီးမားသောနစ်နာမှုကြီးတစ်ခု ဖြစ်ကြောင်း တွေးနေမိတော့သည်။

” ဟွန်းး။ တစ်နေ့ကျရက် အဲဒီချိန်ဟဲထျန်ဆိုတဲ့ကောင်ကို သူချခဲ့တဲ့ဆုံးဖြတ်ချက်အတွက် နောင်တရအောင် ပြန်လုပ်ရမယ်။ ရှင်းကုံကျစ်တာအိုဂိုဏ်း တစ်ဂိုဏ်းလုံး နောင်တရစေရမယ်ဟေ့ ”
ထိုသို့ကြိမ်းဝါးကာ သူက တင်ပျဥ်ခွေထိုင်ချလိုက်ပြီး စွမ်းအင်ပြန်လည် ဖြည့်တင်းကာ ပိုင်မျိုးနွယ်စုဆီသို့ ဟိတ်ဟန်အပြည့်ဖြင့် ပြန်သွားတော့သည်။

လမ်းတစ်လျှောက်တွင် အရာအားလုံး အဆင်ချောနေသည်။ သူသည် ပိုင်မျိုးနွယ်စု၏ မြောက်ပိုင်းရပ်ကွက်တွင် သူ၏ကိုယ်ပွားတစ်ခုကို ထားခဲ့သည်ဖြစ်သဖြင့် မည်သူမှ သူထွက်ခွာသွားသည်ကို သတိမထားမိသည်မဟုတ်ပါလော။

ရက်အနည်းငယ်ကြာပြီးနောက် ကျိုးရီရှင်းနှင့် လီဖုန်းတို့နှစ်ယောက်၏ ကြိုးစားမှုများကြောင့် ပိုင်ရှောင်ချန်းတောင်းဆိုထားသည့် လူသတ်ဝိညာဥ်ဆူးချွန်များနှင့် တည်နေရာရွှေ့ပြောင်းခြင်း လက်ဖွဲ့အဆောင်များကို စုစည်းနိုင်လိုက်တော့သည်။ ထိုဆူးချွန်များကို စေ့စေ့စပ်စပ် လေ့လာလိုက်ပြီးနောက် သူ ရှိမှန်းပင်မသိသော နည်းလမ်းတစ်ခုကို ဝိညာဥ်များအပေါ်တွင်သုံးကာ ဖန်တီးထားသည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိလိုက်ရသည်။ ထို့အပြင် ၎င်းတို့ကိုဖန်တီးရာတွင် သုံးထားသည့်ဝိညာဥ်များမှာ အားပြင်းသော သတ်ဖြတ်လိုသည့်အခိုးအငွေ့များကို ပိုင်ဆိုင်ထားသည်။

ထိုလူသတ်ဆူးချွန်များကို လေ့လာလိုက်ပြီးနောက် ယခုချက်ချင်း မျိုးနွယ်စုထဲတွင် ၎င်းတို့ကို နေရာချပါက အခြားလူများ ရှာတွေ့နိုင်သွားသည်ကို ပိုင်ရှောင်ချန်းက သိသည်။ ထို့ကြောင့် သူက ဘိုးဘွားပိုင်နယ်မြေထဲသို့ မဝင်ခင်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါမှသာ ဘေးအကင်းဆုံးဖြစ်လိမ့်မည်။

ထိုအချိန်ကို စောင့်ဆိုင်းနေရင်း ဆယ့်သုံးရောင်ခြယ်မီးတောက်၏ဖော်စပ်နည်းအကြောင်းကို သူ တွေးတောစဥ်းစားနေပြီး သူ၏ ထာဝရအသက်ရှည်နည်း ကျင့်စဥ်ကိုလည်း ဆက်လက်လေ့ကျင့်နေတော့သည်။

နောက်ထပ် လဝက်တိတိ ကုန်ဆုံးသွားပြန်သည်။ သူတရားမှတ်ကာ သူ၏ထာဝရအရွတ်ကြောများကိုပြီးမြောက်စေရန် လိုအပ်သည့် နောက်ဆုံးချီလမ်းကြောင်းများကိုဖွင့်နေသည့် ညနေခင်းတစ်ခုတွင် သူ၏အမူအရာမှာ ပြောင်းလဲသွားပြီး တံခါးဆီသို့လှမ်းကြည့်လိုက်လေသည်။

သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ သူ့ဆီသို့ အလင်းတန်းသုံးတန်း ဦးတည်လာနေသည်ကို သတိထားမိလိုက်သည်။ ခဏအကြာတွင် နေနှင့်လပုံကို ချည်ထိုးထားသည့် အနက်ရောင်ဝတ်ရုံများကိုဝတ်ဆင်ထားကြသည့် သက်လတ်ပိုင်းအရွယ် လူသုံးယောက်ပေါ်လာသည်။

အမှန်တရားခန်းမ မှ လူများသာ ထိုသို့ တူညီဝတ်စုံများ ဝတ်ကြသည်ဖြစ်ပြီး ထိုသုံးယောက်၏ရောက်ရှိလာမှုကြောင့် မြောက်ပိုင်းရပ်ကွက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရတော့သည်။ ဤရပ်ကွက်ရှိ လူတိုင်းမှာ မျိုုးနွယ်စုထဲတွင် အဆင့်နိမ့်ပါးကြသူများဖြစ်ရာ သူတို့အားလုံးမှာ အသံတစ်သံလေးပင် မထွက်ရဲလောက်အောင် ကြောက်ကြောက်လန့်လန်နှင့် တုန်ရီနေကြတော့သည်။

ထိုသုံးယောက်မှာ တင်းမာနေသည့်မျက်နှာထားများဖြင့် မြောက်ပိုင်းရပ်ကွက်ကို ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည့် နေရာတစ်ခုအလား ကြည့်နေကြသည်။ ဤနေရာမှာ သူတို့၏အမြင်၌ ပိုင်မျိုးနွယ်စုထဲရှိ မကောင်းသောနေရာကြီးတစ်ခုဖြစ်ပြီး အတွင်းသို့ဝင်ချင်စရာပင် မကောင်းလောက်အောင် ရွံရှာဖွယ်ကောင်းသည့်နေရာကြီးတစ်ခုအလား သတ်မှတ်ထားသည်။ ခဏအကြာတွင် သူတို့က ပိုင်ရှောင်ချန်း၏ တဲအပြင်ဘက်သို့ ရောက်လာတော့သည်။

ထို့နောက် သူတို့ထဲမှ တစ်ယောက်မှာ စိတ်မရှည်သည့် အေးစက်စက်လေသံဖြင့် အော်ခေါ်လိုက်သည်။
“ ပိုင်ဟောက်။ အခုချက်ချင်း အပြင်ကိုထွက်ခဲ့။ ”

တဲထဲတွင်မူ ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းများမြန်လာတော့သည်။

” မဟုတ်မှလွဲရော တရားခံကငါမှန်း သူတို့သွားတာလား မဖြစ်နိုင်တာ ”
ထို့နောက် သူ၏ခန္ဓာကိုယ်မှာ မှုန်ဝါးသွားပြီး သူကိုယ်တိုင် အပြင်သို့မထွက်ပဲ သူ၏ကိုယ်ပွားတစ်ခုကိုသာ ထိုလူများနှင့် တွေ့ဆုံစေလိုက်သည်။

သူ့ ပုံစံအစစ်၏ ကျင့်ကြံခြင်းအခြေခံကို မမြင်ရအောင်လုပ်လိုက်သည်။ သို့သော် အပြင်လူများမှာ သူ တဲထဲတွင် ရှိနေသေးသည်ကို သတိမထားမိကြပေ။

ထို ကိုယ်ပွားက တဲထဲမှထွက်လာသောအခါ အမှန်တရားခန်းမဆောင် မှ လူသုံးယောက်က သူ့ကိုအေးစက်စက်ကြည့်လိုက်ကြသည် ထို့နောက် ခေါင်းဆောင်ဖြစ်ဟန်ရသော သူက ဆိုလိုက်သည်။
” သွားမယ်။ မျိုးနွယ်စုခေါင်းဆောင်က မင်းကိုတွေ့ချင်လို့တဲ့ ”

ထိုသို့ဆိုကာ သူတို့သုံးယောက်မှာ ဤနေရာတွင် လိုအပ်သည်ထက် ပို၍မနေချင်သည့်အလား အခြားဘက်သို့လှည့်သွားပြီး ထွက်ခွာသွားရန်ပြင်လိုက်သည်။ ပိုင်ရှောင်ချန်းမှာလည်း ကိုယ်ပွားပုံစံဖြင့် မျက်လုံးများတောက်ပနေရင်း လိုက်သွားတော့သည်။

” မျိုးနွယ်စုခေါင်းဆောင်က ငါ့ကိုတွေ့ချင်လို့ဆိုပါလား။ သူက ပိုင်ဟောက်ရဲ့အဖေပဲ။ ကောင်းပြီ။ ပိုင်ဟောက်ရဲ့အဖေက ပိုင်ဟောက်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာ မြင်ရဖို့ အခွင့်ကောင်းပဲ ”
သူသည် လူအစစ်ဖြင့်မဟုတ်ပဲ ကိုယ်ပွားပုံစံဖြင့်သာ သွားနေသည်ဖြစ်၍ အတော်အတန် ဘေးကင်းသည်ဟု တွေးလိုက်တော့သည်။

အမှန်တရားခန်းမဆောင် မှ လူသုံးယောက်မှာ တစ်လမ်းလုံး သူ့ကိုမည်သည့်စကားမှ မပြောပေ။ သူတို့သည် ပိုင်ဟောက်ကို အရိုးထဲထိအောင် မုန်းတီးက အထင်မြင်သေးနေကြသည်။ ပိုင်ရှောင်ချန်းမှာမူ ဤလူများကို နဂါးတစ်ကောင်ကြားတွင်ရောက်လို့ ရောက်မှန်းမသိဖြစ်နေသော စာကလေးငှက်ကလေးများအလား သတ်မှတ်ကာ စိတ်ထဲတွင် အေးစက်စွာ လှောင်ရယ်ပြီး သူ့ကိုယ်သူဂုဏ်ယူနေတော့သည်။

” ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံအစစ်ကို မြင်လိုက်ရမှ မင်းတို့တွေ လန့်လွန်းလို့ အသက်ပါပျောက်သွားမယ်။ ”
ပိုင်ရှောင်ချန်းမှာ သူ၏အတွေးများထဲတွင် နစ်မျောကာ အရှေ့ပိုင်းရပ်ကွက်နှင့် လုံးဝမတူသည့် နောက်ဘက်ပိုင်းရပ်ကွက်သို့လိုက်သွားတော့သည်။ ဤရပ်ကွက်မှာ ပို၍တိတ်ဆိတ်ငြိမ်သက်ပြီး လူအရောက်အပေါက်နည်းပါးကာ အမျိုးသမီးကျင့်ကြံသူ အများစုရှိသည့်ရပ်ကွက်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ဘေးဘီဝဲယာကို ကြောင်အမ်းအမ်းနှင့် တအံ့တသြ အကဲခတ်နေရင်း ရပ်ကွက်ထောင့်ရှိ စံအိမ်ကြီးတစ်ခုဆီသို့ ရောက်သွားတော့သည်။ ထိုစံအိမ်ကြီးမှာ အလွန်မကြီးမားသည့်အပြင် ပေါင်းပင်များပြည့်နှက်နေသော ခြံဝန်းတစ်ခုနှင့် အဆောက်အဦအနည်းငယ်လည်း ရှိသည်။ ထိုစံအိမ်ကြီးမှာ လူမနေသည့်အလား ယိုယွင်းပျက်စီးနေပြီး အံု့မှိုင်းနေသည်။

လူကြီးသုံးယောက်မှာ ထိုစံအိမ်ရှေ့တွင်ရပ်ကာ ဆိုလိုက်သည်။
” အထဲဝင်။ မျိုးနွယ်စုခေါင်းဆောင်က အထဲမှာစောင့်နေတာ ”

ထိုသို့ဆိုကာ သူတို့ကနောက်လှည့်၍ ထွက်ခွာသွားကြတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောင်လက်သွားတော့သည်။ သူသည် စံအိမ်ထဲတွင် အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်ကို ခပ်ရေးရေးလေး အာရုံခံမိသည်။

” မဟုတ်မှလွဲရော။ ငါ့ကိုသတ်ချင်လို့ ဒီနေရာမှာ ခေါ်တွေ့တာများလား ”
ပိုင်ရှောင်ချန်းမှာ အနည်းငယ်အံ့သြသွားသော်လည်း သူသည် ကိုယ်ပွားပုံစံဖြစ်နေသည်ဖြစ်ရာ တစ်စုံတစ်ခုမှားယွင်းခဲ့သည်ရှိသော် လူအစစ်မှာ ထွက်ပြေးရန် အချိန်အလုံအလောက်ရှိသည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူက စံအိမ်ထဲသို့ ဝင်သွားတော့သည်။

” ပိုင်ဟောက်ရေ ” သူက စိတ်ထဲတွင်တွေးလိုက်သည်။
” မင်းရဲ့ဆရာက မင်းအတွက် ဒီလိုအန္တရာယ်တောထဲ တိုးနေတာ။ မင်းရဲ့အဖေက မင်းကိုဘယ်လိုသဘောထားသလဲဆိုတာကို ငါသိချင်တယ် ”

ပင်မတံခါးပေါက်ထဲသို့ ဝင်လိုက်သောအခါ ခြံဝန်းထဲတွင် သူ့ကိုကျောပေးကာရပ်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ ဘေးတွင် ရေတွင်းလေးတစ်တွင်းလေးရှိပြီး သူကထိုထဲသို့ ငုံ့ကြည့်နေသည်။

ထိုလူကြီး၏ ဆံပင်ရှည်အများစုမှာ နက်မှောင်နေသော်လည်း ဆံပင်ဖြူများမှာ တစ်ပင်၊ နှစ်ပင်စ ပေါက်နေပြီဖြစ်သည်။ ထို့အပြင် သူ၏ အမူအရာမှာ ရွာတော့မည့်မိုးအလား အုံ့မှိုင်းကာ ခက်ထန်နေသည်။

ခြံဝန်းမှာလည်း သူ့နည်းတူ မှိုင်းညှို့နေပြီး မိုးသက်မုန်တိုင်းတစ်ခု အချိန်မရွေးကျရောက်လာနိုင်သည့်အလား ဖိအားကြီးတစ်ခု သက်ရောက်နေသည်။ ပိုင်ရှောင်ချန်းမှာ ထိုလူကြီး၏ ကျောပြင်ကိုကြည့်လိုက်ပြီး ခြံဝန်းတစ်ဝိုက်ကို ဝေ့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများမှာ ပြူးသွားရတော့သည်။

မြေပြင်ပေါ်တွင် ပေါင်းပင်များဖြင့်ပြည့်နှက်နေသော်လည်း မရေမတွက်နိုင်သော သစ်သားဖြင့်ပြုလုပ်ထားသည့် ကစားစရာအရုပ်လေးများကို မဖုံးကွယ်ထားနိုင်ပေ။ မြင်းရုပ်လေးများ၊ စစ်သားရုပ်လေးများ၊ ဗုံပုံစံ ဂျောက်ဂျက်အရုပ်များနှင့် အခြားအသေးအဖွဲပစ္စည်းများစွာ ရှိနေသည်။

ထိုအရုပ်များကိုဖန်တီးထားသည့်ပုံစံကိုကြည့်၍ ၎င်းတို့ကို ယောက်ျားတစ်ယောက် ပြုလုပ်ထားခြင်းမဟုတ်မှန်း သိနိုင်သည်။ မိခင်တစ်ယောက်က သူ၏ကလေးအတွက် ပြုလုပ်ပေးထားသည့် အပေါစားကစားစရာလေးများနှင့် ပိုတူနေသည်။

ကလေးငယ်တစ်ယောက်၏ စုတ်ပြဲနေသော အဝတ်စများမှာလည်း ထောင့်များတွင် ပျံ့ကျဲနေသည်။ ပိုင်ရှောင်ချန်းသည် သူ့ရှေ့ရှိမြင်ကွင်းကြောင့် သူ၏ နှလုံးသားထဲတွင် အင်မတန်ရှုပ်ထွေးကာ ဖော်ပြ၍မရနိုင်သော ခံစားချက်များ ပြည့်နှက်လာတော့သည်။

သူသည် ပိုင်ဟောက်မဟုတ်ပါသော်လည်း ဤကလေးကစားစရာ အရုပ်များကြောင့် ရုတ်တရက် ပိုင်ဟောက်ဖြစ်သွားသည့်အလား သူ ခံစားလိုက်ရသည်။

” ကြည့်ရတာ ဒီနေရာက ပိုင်ဟောက်ကြီးပြင်းလာတဲ့ နေရာထင်တယ် ”
သူက ထိုနေရာတွင်ရပ်ကာ အရုပ်များကိုကြည့်ရင်း ပိုင်ဟောက်သာဤနေရာရောက်နေပါက မည်သို့ခံစားနေရမည်ကို သိချင်နေတော့သည်။ သူ၏ နှလုံးသားမှာ ယခင်ကထက်ပင် ပို၍လေးလံသွားသည့်အလား ခံစားလိုက်ရတော့သည်။

ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် ရှုပ်ထွေးသောခံစားချက်များစွာ ပြည့်နှက်နေစဥ်တွင် မတ်တတ်ရပ်နေသည့် လူကြီးကဆိုလိုက်သည်။
” မျိုးနွယ်စုရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၊ ဝိညာဥ်ဆေးဖော်စပ်ခြင်းနဲ့ မီးတောက်ဖန်တီးခြင်း စမ်းသပ်ပွဲတွေမှာ မင်း မသမာတဲ့ နည်းလမ်းတွေသုံးခဲ့တယ်လို့ ချီအာက ငါ့ကိုပြောတယ် ”

သူ၏ အသံမှာအေးစက်နေပြီး ခံစားချက် တစ်မြူမှုန်လေးမျှပင် မပါပေ။ သူသည် လုံးဝမသိသည့် သူစိမ်းတစ်ယောက်ကို စကားပြောနေသည့်အလားပင်။ အစေခံတစ်ယောက်ကို ဆူပူကြိမ်းမောင်းသည့် လေသံပင်ပေါက်နေသည်။

ပိုင်ရှောင်ချန်းမှာ မည်သို့ပြောရမည်မှန်းမသိသဖြင့် တိတ်ဆိတ်စွာ ရပ်နေတော့သည်။
” ကဲ ပိုင်ဟောက်ရေ ”
သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။
” ဒါမင်းအဖေပေါ့ ဟုတ်လား ”

ပိုင်ဟောက်၏ အဖေမှာ ဖြည်းညင်းစွာဖြင့် သူ့ဘက်သို့လှည့်လာသောအခါ ခံစားချက်မပါသည့် မျက်နှာတစ်ခုနှင့် ရေခဲတမျှအေးစက်နေသည့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။ သူပိုင်ရှောင်ချန်းကိုကြည့်နေပုံမှာ တစ်ကြိမ်မှမဆုံဖူးသည့် လူတစ်ယောက်ကိုကြည့်နေသည့် အတိုင်းပင်။ ထို့နောက် သူက ဆောင်းတွင်းလေပြည်ကဲ့သို့ အေးစက်နေသည့် လေသံဖြင့်ဆိုလိုက်သည်။
” မင်းဒီလိုလုပ်တာ ဒါပထမဆုံးအကြိမ်မဟုတ်တော့ဘူး။ မင်းမှာ ရည်မှန်းချက်မရှိတာတွေ၊ ချီအာရဲ့ ဆယ့်ငါးရောင်ခြယ်မီးတောက်အတွက် စမ်းသပ်မှုတွေနဲ့ ပတ်သတ်တဲ့ မှတ်စုတွေကိုခိုးယူခဲ့တာတွေအထိ ငါသည်းခံနိုင်တယ်။ ဒါပေမဲ့ အခုတော့ မင်းက မသမာတဲ့နည်းတွေပါ သုံးတာတဲ့လား ”

ဤအချိန်တွင်မူ ပိုင်ဟောက်မသေခင်က သူသည် မီးတောက်ဖန်တီးရာတွင် ပါရမီပါကြောင်းကို သူ့အဖေအား ပြောပြခဲ့သည်ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိသွားတော့သည်။ သို့သော်လည်း ပိုင်ဟောက်မှာ ရိုးအလွန်းခဲ့သည်။

ဤလူမှာ ပိုင်ဟောက်ကို ထိုသို့အခွင့်အရေးများ ပေးမည်မဟုတ်ပေ။ သူသည် အမှန်တရားကို သိပါသော်လည်း ဤပုံစံဟန်ေဆောင်နေသည်ပင် ဖြစ်နေနိုင်သည်။

” မင်းက ငါ့ကိုအရှက်ရစေရုံမကပဲ မျိုးနွယ်စုဥပဒေ ကိုပါ ချိုးဖောက်ခဲ့တာပဲ။ စည်းမျဥ်းတွေအရဆိုရင် မင်းရဲ့ကျင့်ကြံခြင်းအခြေခံကို ပိတ်လှောင်ပြီး မင်းကို မိစ္ဆာ အကျဥ်းထောင်ထဲ ဆယ်နှစ်တိတိ ပို့ပစ်ရမှာ။ ဒါပေမဲ့ မင်းရဲ့သွေးကြောထဲမှာ ပိုင်မျိုးနွယ်စုရဲ့ သွေးတွေစီးဆင်းနေတာကို ထောက်ပြီး ငါဒီတစ်ခေါက်ခွင့်လွှတ်လိုက်မယ်။ ဒါပေမဲ့ ဒီလိုမျိုးထပ်ဖြစ်ရင်တော့ မင်းကိုဒီမျိုးနွယ်စုကနေထုတ်ပြီး ငါ့မျိုးနွယ်စုကို သန့်စင်ရလိမ့်မယ် ”

မျိုးနွယ်စုခေါင်းဆောင်၏ မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များမှာ အထင်းသားပေါ်နေပြီး သူ၏စကားသံမှာလည်း ဆောင်းတွင်းလေအေးများကဲ့သို့ အေးစက်နေတော့သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ ဤနေရာတွင် ပိုင်ဟောက်ရှိနေပါက သူခံစားနေရမည့် ကြောက်ရွံ့မှုများကို ခံစားမိနေတော့သည်။

ပိုင်ရှောင်ချန်းမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်နေသည်ကို မျိုးနွယ်စုခေါင်းဆောင်က သဘောမကျပေ။ သူက ရေတွင်းဆီသို့ ကိုယ်ဟန်အမူအရာဖြင့် ညွှန်ပြလိုက်သောအခါ သူ၏မျက်ဝန်းထဲတွင် စက်ဆုပ်ရွံရှာမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

” ဒါ မင်းအမေသေခဲ့တဲ့ နေရာပဲ။ သူက မွေးကထဲက အစေခံဆိုတော့ သေတော့လည်း အစေခံဝိညာဥ်ပဲ ဖြစ်မှာ။ သူ့အလုပ်က နာခံဖို့ပဲ။ မင်းကလည်း မျိုးမစစ်သားဆိုတော့ အဲဒီလိုပဲလုပ်ရမှာကွ။ နာခံရမှာ။ နားလည်လား ”

ပိုင်ရှောင်ချန်းမှာ သူ့စိတ်ထဲတွင် တမြေ့မြေ့တောက်လောင်လာသည့် ဒေါသမီးပွားများကို မချုပ်တည်းထားနိုင်တော့ဘဲ မျိုးနွယ်စု ခေါင်းဆောင်ကိုလှမ်းကြည့်ကာ ပြန်ဖြေလိုက်တော့သည်။

” ဟင့်အင်း။ ကျွန်တော် နားမလည်ဘူး ”


Comment

Leave a Reply


Options

not work with dark mode
Reset