ကျိုးရီရှင်းအတွက် လူသတ်ဝိညာဥ်ဆူးချွန်များအားလုံးဝယ်ရန် အချိန်ကြာမည်ဖြစ်သည်။ များသောအားဖြင့် ၎င်းတို့က တစ်ပုံတည်းဝယ်၍မရသော မှော်ပစ္စည်းများဖြစ်သည် မဟုတ်ပါလော။သူအတွက် သရဲကြီးမြို့တော်အနှံ့ လိုက်ရှာရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။
ထိုနေရာနှင့် မရင်းနှီးကြောင်း စဥ်းစားလိုက်ရင်း နောက်ဆုံးတွင် ကျိုးရီရှင်းသည် လီဖုန်းထံသွားပြီး ထိုကိစ္စအကြောင်း ပြောပြလိုက်လေသည်။ လီဖုန်းသည် ဤသည်မှာ မဟာအကြီးအကဲပိုင်အတွက် တာဝန်တစ်ရပ်ဖြစ်ကြောင်း သိသဖြင့် ပြဿနာတစ်စုံတရာ မဖြစ်ပွားလိုပေ။ ထို့ကြောင့် သူက ကျိုးရီရှင်းနှင့် ပူးပေါင်းလိုက်ကာ သူ့အဆက်အသွယ်များကိုပင် လူသတ်ဝိညာဥ်ဆူးချွန်များ လိုက်ရှာဝယ်ပေးရန် လှမ်းခေါ်လိုက်လေသည်။
သူတို့၏ ဤတာဝန်ကို ပူပေါင်းဆောင်ရွက်ခြင်းကြောင်း တစ်ယောက်ပေါ်တစ်ယောက်ထားသော မလိုမုန်းထားမှုများ ပျောက်ကွယ်လာတော့သည်။
ပိုင်ရှောင်ချန်းသည် သူ၏ အစောင့်နှစ်ယောက်က သူတို့၏ တာဝန်ပြီးမြောက်မည်ကို စောင့်နေချိန်တွင် ပိုင်မျိုးနွယ်စု၌ သိုသိုသိပ်သိပ်နေလေသည်။ သူက သူ၏အချိန်အများစုကို ထာဝရအသက်ရှည်နည်းကျင့်စဥ်ကို ကျင့်ကြံခြင်းဖြင့်သာ အချိန်ပေးထားရင်း တဲအိမ်ထဲမှပင် ထွက်ခဲလှလေသည်။
ကံဆိုးစွာပင် သူသည် မြေရိုင်းဒေသကို ရောက်နေသောကြောင့် ဆေးလုံးများကို ဖြည့်တင်းရန် မဖြစ်နိုင်ပေ။ ကောင်းကျိုးမှာ သူ စစ်ဦးစီးမှူးဖြစ်စဥ်က လာဘ်စားထားခဲ့သော ပစ္စည်းများစွာရှိလေသည်။ ဆိုးကျိုးမှာ ထိုပစ္စည်းများသည် သူ့ကို အလုပ်မတွင်စေပေ။ သူက ထာဝရအရွတ်အကြောများ လေ့ကျင့်ရာတွင် ပြီးမြောက်လုနီးပါး ဖြစ်နေပြီး သူ၏ တွက်ချက်မှုများအရဆိုလျှင် လက်ရှိအထောက်အပံ့များသည် ထိုအလုပ်ပြီးမြောက်ရန် လုံလောက်ကောင်း လုံလောက်နိုင်သော်လည်း ထို့ထက်မပိုချေ။
” အဲဒီ ဘိုးဘွားမြေထဲမသွားခင် ထာဝရအရွတ်အကြောတွေကို ကျွမ်းကျင်မှဖြစ်မယ်။ သုံးခုမြောက် အတားအဆီးကိုသာ ရောက်သွားရင်တော့ ငါရဲ့ သနားစရာအသက်လေး ပိုပြီး အန္တရာယ်ကင်းမှာ ”
သူနောက်ထပ်ပြုလုပ်လိုက်သော ဆုံးဖြတ်ချက်မှာ သူ၏ ထာဝရထီးတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်တစ်ဆပြုလုပ်ရန်ဖြစ်သည်။
ထို့နောက် ထီးနက်က ပြောင်းလဲသွား၏။ အခြေခံအသွင်သဏ္ဍာန်က အတူတူပင်ဖြစ်သော်လည်း ယခုတွင် သတ္တုမှ ပြုလုပ်ထားသည့်ပုံပေါ်နေ၏။ ၄င်းသည် မည်းနက်နေပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများအား ထုတ်လွှတ်နေသည်။ ထို့အပြင် ၄င်း၏မျက်နှာပြင်တွင် ပေါ်လာတတ်သော သရဲမျက်နှာကြီးသည် ပို၍ပင် သွေးအေး ရက်စက်သည့် ပုံပေါ်လာတော့သည်။
” ဝိညာဥ်တွေ နည်းလာတာ တော်တော်ဆိုးတာပဲ ”
သူက သက်ပြင်းချလိုက်၏။ ဝိညာဥ်သာ လုံလုံလောက်လောက်ရှိပါက သူ၏ အဝတ်အစားပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်တစ်ဆပြုလုပ်နိုင်မည်ဖြစ်သည်။ ကံဆိုးစွာပင် ထိုသို့ပြုလုပ်၍မရပေ။
ထို့ပြင် ဆယ့်နှစ်ရောင်ခြယ်မီးတောက်ဖန်တီးရန် ဝိညာဥ်လုံလုံလောက်လောက် စုထားရန်လိုသေးသည် မဟုတ်ပါလော။ သူ့ကိုယ်ပွားများက တိတ်တဆိတ် ဝိညာဥ်လိုက်ဖမ်းနေသည့်အပြင် ကျိုးရီရှင်းနှင့် လီဖုန်းတို့၏ အကူအညီပေါင်းသည့်တိုင် ၄င်းမှာ ခက်ခဲနေသေးသည်။
သူလိုအပ်သော ဝိညာဥ်များအားလုံးဝယ်ရန် သူ့တွင် ကောင်းကင်တံတားမြစ်ရေ လုံလုံလောက်လောက်ပင် မရှိသေးပေ။
ကံကောင်းထောက်မစွာ ပိုင်ဟောက်၏ ဆယ့်နှစ်ရောင်ခြယ်မီးတောက်ဖန်တီးသည့်အကြောင်း မှတ်စုသည် အလွန်အကျိုးထူးလေသည်။ အမှန်တွင် မကြာသေးမီက ကျင့်ကြံခြင်းအပေါ်တွင် သူ့အချိန်များကုန်ဆုံးနေခဲ့သည့်အပြင် ဆယ့်နှစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်းရှာဖွေရန် လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။
သူ့လက်ထဲတွင် ဝိညာဥ်များ မရှိသည့်အတွက်ကြောင့် မည်သည့်စမ်းသပ်ချက်ကိုမဆို ပုံမှန်အတိုင်း မလုပ်ရဲပေ။ သူက ထိုနည်းလမ်းကို စိတ်ဖြင့်သာ ခွဲခြမ်းစိတ်ဖြာနေပြီး အမှန်တကယ် မီးတောက်ဖန်တီးသည့်အချိန်အတွက် အသင့်ပြင်ထားလေသည်။
အချိန်များကုန်လွန်သွား၏။ များမကြာမီ လဝက်ကုန်ဆုံးသွားချေပြီ။ ပိုင်ရှောင်ချန်း၏ ထာဝရအသက်ရှည်နည်း ကျင့်စဥ်သည် တိုးတက်လာသော်လည်း သူ၏ ဆယ့်နှစ်ရောင်ခြယ်မီးတောက်နှင့် ပတ်သက်သော
အမျှော်အမြင်များသည် အတန်ငယ်တစ်ဆို့နေတော့သည်။
” စမ်းသပ်ချက်တစ်ခုလောက် လုပ်ကြည့်သင့်တယ်ထင်တယ် ”
သူက အသက်ပြင်းပြင်းရှုရင်း ဝိညာဥ်သိုလှောင်စေတီကို ထုတ်ကာ အမုန်းဝိညာဥ်မည်မျှရှိသေးလဲ ကြည့်လိုက်သည်။ ထို့နောက် သူ့မှာ သုံးကြိမ်ကြိုးစားရန် လုံလောက်စွာရှိသေးကြောင်း သိလိုက်ရလေသည်။
အတန်ငယ်တွေးပြီးသော် သူက စိတ်ပိုင်းဖြတ်လိုက်သည်။ သူ၏ မျက်နှာဖုံးကို သုံး၍ ရောင်စုံမီးတောက်၏ အရှိန်အဝါများကို ဖုန်းကွယ်ပြီးနောက် စတင်ဖန်တီးတော့သည်။ အမုန်းဝိညာဥ်များ တစ်ကောင်ပြီးတစ်ကောင် ပျံထွက်လာပြီး သူ့လက်ဖဝါးပေါ်တွင် မီးတောက်များ ပေါ်လာလေသည်။ နောက်ဆုံးတွင် အရောင်ဆယ့်တစ်ရောင်ပေါ်လာပြီး ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားလာတော့သည်။
အကယ်၍ သူသာ ကျရှုံးခဲ့လျှင် များစွာ ဖြုန်းတီးရာရောက်မည်မဟုတ်ပါလော။ သူ၏ ချီများနှင့် စိတ်ကို ငြိမ်သက်အောင်လုပ်ရင်း သူက ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို သတိထားလျက် ကြိုးစားဖန်တီးလိုက်လေသည်။
အမုန်းဝိညာဥ်များစွာ ဆယ့်တစ်ရောင်ခြယ်မီးတောက်ထဲ ထည့်လိုက်စဥ်တွင် ပိုင်ရှောင်ချန်း၏ အမူအရာသည် အလွန်လေးနက်နေ၏။ သူက ဖြေးညင်းစွာ အလုပ်လုပ်လေသည်။ တစ်နေရာတွင် သူသည် ထိန်းချုပ်မှုကင်းမဲ့သွားပြီး မီးတောက်မှာ မှိတ်တုတ် မှိတ်တုတ်ဖြစ်လာတော့သည်။ တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေပဲ သူက ကိုယ်ပွားတစ်ယောက်ကို ဆင့်ခေါ်လိုက်ရာ သူပြန်မစခင် မီးတောက်ကို တည်ငြိမ်အောင် သူနှင့်အတူ ထိန်းညှိလိုက်လေသည်။
ကိုယ်ပွားများ၏ အကူအညီကို အသုံးချခြင်းက သူ၏ အစီအစဥ်အတွင်း တွေးမိလိုက်သော အကြံများအနက်တစ်ခုဖြစ်လေသည်။ ကိုယ်ပွားနှစ်ယောက်သုံးခြင်းက တစ်ယောက်တည်းကို သံုးခြင်းထက် များစွာထူးခြားမလာချေ။ ကိုယ်ပွားတစ်ယောက်တည်းသုံးသည့်တိုင် အလုပ်များစွာကို သူ ပြုလုပ်နိုင်ဆဲဖြစ်ရာ ကိုယ်ပွားတစ်ယောက်တည်းသုံးခြင်းသာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သူ၏ ကိုယ်ပွားတစ်ယောက်တည်း အကူအညီဖြင့် ဆယ့်တစ်ရောင်ခြယ်မီးတောက်သည် တည်ငြိမ်ပြီး အချိန်များစွာ ကုန်ဆုံးသွား၏။ နှစ်နာရီကြာသော် လုပ်ငန်း၏ ပထမခြေလှမ်းကို ပြီးဆုံးသွားပြီး သူ့ဘေးပတ်လည်ရှိ မီးပင်လယ်တွင် ဆယ့်နှစ်ခုမြောက်အရောင်ပေါ်လာလေသည်။
” ပိုင်ဟောက် တကယ်မှန်တာပဲ။ မီးက ဒြပ်ရှိတဲ့ပစ္စည်းမဟုတ်ဘဲ တခြားတစ်ခုကို ကိုယ်စားပြုတာပါလား ”
သူက အလွန်ကျေနပ်သွားရင်း အသက်ပြင်းပြင်းရှူကာ လက်ရှိအလုပ်ကို အပြီးသတ်ရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူက အလွယ်တကူပင် မီးပင်လယ်ကို နှစ်ပိုင်းခွဲကာ အလယ်လတ်အဆင့်ဝိညာဥ်ဆေးနှစ်ပုလင်းပြုလုပ်နိုင်သည်။ ထိုသို့မလုပ်ချင်လျှင် မီးပင်လယ်ကို ရောင်စုံမီးတောက်တစ်ခုအဖြစ် စုစည်းနိုင်၏။
ပထမဆုံးအကြိမ် ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးခြင်းက အောင်မြင်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။
“ဟားဟားဟား၊ ပိုင်ရှောင်ချန်းက တကယ့် ဉာဏ်ကြီးရှင်ပဲလေ”
ထို့နောက် သူက လက်ကို အုပ်လိုက်ကာ မီးပင်လယ်ကို ဆယ့်နှစ်ခြောက်မီးတောက်တစ်ခုအသွင် ဆွဲယူလိုက်လေသည်။
သို့သော် ထိုအချိန်တွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပေါ်လာလေသည်။
မီးပင်လယ်က ကျုံ့လာချိန်တွင် ထိန်းချုပ်မရတော့ပေ။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု နေရာအနှံ့မှ ထွက်ပေါ် လာသဖြင့် ပိုင်ရှောင်ချန်းမျက်နှာပျက်သွားလေတော့သည်။
ဆယ့်နှစ်ရောင်ခြယ်မီးတောက်၏ ပေါက်ကွဲခြင်းကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်ကြောက်လန့်သွားသဖြင့် အသားကုန် အော်ဟစ်လိုက်တော့သည်။ ထိုအခြေအနေမျိုးတွင် မြေအောက်လမ်းဆရာတစ်ယောက်ပင်လျှင် အချိန်မီတုံ့ပြန်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများနှင့် ကြုံတွေ့ခဲ့ရသည်များကြောင့် ပိုင်ရှောင်ချန်းက ယခုကဲ့သို့ အခြေအနေမျိုူအတွက် အဆင်သင့်ဖြစ်နေသည်။
ထို့နောက် သူက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် တုံ့ပြန်လိုက်သည်။ သူက လျင်မြန်စွာပင် လက်ကို လျှော့လိုက်ပြီး မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ကာ အေးစိမ့်ချီများ ပစ်လွှတ်လိုက်၏။ ချက်ချင်းပင် လက်နှစ်ဖက်လုံးက မတည်မငြိမ်ဖြစ်နေသော ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ဝှေ့ယမ်းလိုက်လေသည်။
မီးတောက်သည် ဖိနှိပ်ခံလိုက်ရကာ မီးငြိမ်းသွားပြီး တလက်လက်တောက်ပနေသော အလယ်အလတ်အဆင့်ဝိညာဥ်ဆေးနှစ်လုံးပေါ်လာလေသည်။
အလယ်အဆင့်ဝိညာဥ်ဆေးနှစ်လုံးကို မြင်သောအခါ အခြားလူများဆိုလျှင် ဝမ်းမြောက်သွားမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ မျက်ရည်ကျလုမတတ်ဖြစ်နေချေသည်။
” ငါဆေးမလိုချင်ဘူးလေ” သူက စိတ်ပျက်စွာခေါင်းကုတ်ရင်း ပြောလိုက်သည်။
” ငါ မီးတောက် လိုချင်တာ။ ဘာဖြစ်သွားတာတုံး ”
ထိုဖြစ်စဥ်အတောအတွင်း သူလုပ်ခဲ့သမျှကို ပြန်စဥ်းစားလိုက်ပြီးနောက် သူမည်သည့် နေရာမှားခဲ့သည်ကို စဥ်းစား၍မရပေ။
ရောင်စုံမီးတောက်အစား မည်သည့်အတွက်ကြောင့် ဆေးလုံး ဖြစ်သွားသနည်း။ ဆယ့်နှစ်ရောင်ခြယ်မီးတောက်၏ ကြောက်မက်ဖွယ် စွမ်းအားကို တွေးလိုက်ရုံနှင့် ပိုင်ရှောင်ချန်းကို အကြောက်တရားများဖြင့် တဆတ်ဆတ် တုန်ခါသွားစေလေသည်။
” ဆေးဖော်တုန်းကလိုမျိုး အတော်တဆတွေ ဖြစ်တော့မှာလို့တော့ မပြောနဲ့နော်”
သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ယင်ယင်ဖြစ်သွားတော့သည်။
အချိန်အတန်ကြာသော် သူက ဝိညာဥ်သိုလှောင်စေတီကို ကြည့်လိုက်ပြီး နောက်ထပ်စမ်းသပ်မှု လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရခက်နေတော့သည်။ ထိုမှသာလျှင် သူမှားခဲ့သော နေရာကို အမှန်တကယ် သိနိုင်မည် မဟုတ်ပါလော။
သူက အံတင်းတင်းကြိတ်ရင်း အမုန်းဝိညာဥ်များ ထပ်ထုတ်လိုက်ပြီး နောက်ထပ် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးလိုက်လေသည်။ ထိုအချိန်တွင် သူက ချီတုံချတုံဖြစ်နေ၏။
“ငါ ဒီမှာ လုပ်လို့မရဘူး ”
ထိုအတွေးကြောင့် သူ့မျက်လုံးများလက်သွားပြီး သူ၏ ကိုယ်ပွားနှင့် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို သိမ်းလိုက်ပြီးနောက် ဝိညာဥ်သိုလှောင်စေတီဖြင့် ထွက်သွားတော့သည်။ ညအမှောင်ထုကို အခွင့်ကောင်းယူရင်း မြောက်ပိုင်းဒေသမှ ထွက်ခွာလာကာ အရှေ့ပိုင်းဒေသသို့ ဦးတည်လိုက်သည်။
“ဒါမှ မတော်တဆဖြစ်ရင်တောင် အေးအေးဆေးဆေးနေနိုင်မှာ ”
သူက လည်ချောင်းရှင်းရင်း အရှေ့ပိုင်းဒေသတွင် သူအလုပ်ဝင်လုပ်နိုင်သော အလှဆင်ထားသော ကျောက်တုံးဝင်္ကပါတစ်ခုအတွင်းရှိ တွင်းတစ်ခုကို တွေ့လိုက်လေသည်။
ည ဖြစ်နေသောကြောင့် သူက မျက်နှာဖုံး၏ စွမ်းအားကို သုံးကာ မီးတောက်၏ ဖိအားတို့ကို ဖိနှိပ်လိုက်လေသည်။ ကျောက်တုံးဝင်္ကပါအနားတွင် ရပ်နေသည့် လူများပင် ဖြစ်ပျက်နေသည်တို့အား သတိပြုမိမည်မဟုတ်သလို အတွင်းတွင် ဖြစ်တည်နေသော မယုံကြည်နိုင်ဖွယ် စွမ်းအားကိုလည်း သိရှိနိုင်မည်မဟုတ်ပေ။
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေပြီး သူ့ကိုယ်ပွားသည် သိသာစွာပင် ချွေးထွက်နေ၏။ သူတို့နှစ်ယောက် အတူတကွ အလုပ်လုပ်နေသောကြောင့် နှစ်နာရီအတွင်း ချောချောမွေ့မွေ့ဖြစ်နေလေသည်။ ထို့နောက် မီးပင်လယ်ထဲတွင် ဆယ့်နှစ်ခုမြောက် အရောင်ပေါ်လာတော့သည်။ သူလုပ်ရမည်မှာ မီးပင်လယ်ကို မီးတောက်တစ်ခုအသွင်ကျုံ့လိုက်သည်နှင့် ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော် ထိုနေရာတွင် သူ ရပ်လိုက်၏။
” ဒီတစ်ကြိမ်တော် အလုပ်ဖြစ်သင့်တယ် မလား ”
သူက ဆယ့်နှစ်ရောင်ခြယ်မီးတောက် တဖြည်းဖြည်း ကျုံ့လာသဖြင့် မျက်တောင် တဖျပ်ဖျပ်ခတ်ကာ ပြောလိုက်လေသည်။
ထိုစဥ် မီးပင်လယ်အတွင်း မတည်ငြိမ်သော အခိုးအငွေ့များ ရုတ်တရက် ဖြစ်ပေါ်လာ၏။ ပေါက်ကွဲစွမ်းအားတစ်ခု သဲကြီးမဲကြီး ထွက်ပေါ်လာရာ ပိုင်ရှောင်ချန်းက သေစေနိုင်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ချက်ချင်း အာရုံရလိုက်တော့သည်။
သူက သတိမထားမိဘဲ စူးစူးဝါးဝါးအော်ဟစ်ရင်း ပေါက်ကွဲခြင်းကို ထိန်းချုပ်ဖို့ မီးတောက်ကို ထိန်းညှိရန် ကြိုးစားလိုက်သော်လည်း စွမ်းအားသည် စောစောကထက်ပင် ပိုပြင်းထန်လေသည်။ သူမည်သည့် ထိန်းညှိုမှုများလုပ်စေကာမူ ကောင်းသောအရာတစ်ခုမှ ဖြစ်လာတော့ပေ။ အမှန်တကယ်ဆိုရလျှင် ထစ်ခြုန်းမြည်သံများပင် ထွက်ပေါ်လာကာ ပြင်းထန်သော ဖျက်စီးခြင်းမီးတောက်များသည် အရပ်မျက်နှာတစ်ခွင်ပျံ့နှံ့သွားလေတော့သည်။
ပိုင်ရှောင်ချန်းက စူးစူးဝါးဝါး အော်ဟစ်ပြီး သူ၏ ကိုယ်ပွားကို သူ့ကိုယ်ထဲပြန်ထည့်ကာ နောက်ဆုတ်လိုက်ပြီးနောက် ထာဝရပြုစားခြင်းသိုင်းကို သုံး၍ ပျောက်ကွယ်သွားတော့သည်။ မီးပင်လယ်မှာမူ ကျောက်တုံးဝင်္ကပါကို ဖျက်စီးကာ ရှိသမျှအရာအားလုံးအား ဝါးမျိုရင်း အရပ်မျက်နှာအနှံ့ တလိပ်လိပ်ပျံ့နှံ့သွားလေသည်။
ထူးဆန်းစွာပင် နေရာတစ်ခုလုံးအား မီးပင်လယ်ကြီးက ဝါးမျိုလာကာ ပျောက်ကွယ်သွားပြီး ညအချိန်ကောင်းကင်ကြီးမှာ ရဲရဲနီလာတော့သည်။ ဧရာမ အနီရောင်တိမ်တိုက်ကြီးများကို မြင်လိုက်ရရာ ပိုင်မျိုးနွယ်စုတစ်စုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။ မည်သူမှ မတုံ့ပြန်နိုင်လိုက်ခင် မိုးကြိုးများ ထစ်ခြုန်းလာကာ လူတိုင်း အံ့သြမှင်သက်သွားစေသည့် တစ်စုံတခုဖြစ်ပွားလာတော့သည်။
ကောင်းကင်ယံမှ အဆုံးအစမဲ့ မီးမိုးများ ရွာချလာခြင်းပင်။