ပိုင်ရှောင်ချန်း၏ ရေကိုယ်ပွားသည် သခင်မချိုင်နှင့် သူ့သား ပိုင်ချီတို့စကားပြောနေသည်ကို နားထောင်နေရင်း သူ့မျက်လုံးများ တောက်ပလင်းလက်လာတော့သည်။
သူသည် အခြေအနေအရပ်ရပ်ကို အတော်အတန် နားလည်သွားလေပြီ။ သိသာထင်ရှားစွာပင် ပိုင်ချီသည် သာမန်ထက်ထူးကဲသော အောက်လမ်းပညာဆိုင်ရာ ပါရမီများဖြင့် ပိုင်မျိုးနွယ်စု၏ လက်ရွေးစင်ဖြစ်လေသည်။ ယခုထက်ထိ သူက မြေအဆင့်သို့ မရောက်သေးသော်လည်း ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ကျွမ်းကျင်သည့်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသည်။
ပိုင်ချီသည် မျိုးနွယ်စုခေါင်းဆောင်ကြီး၏ သဘောကျမှုရရန် ကြိုးစားနေကြောင်းနှင့် စောစောက ပိုင်ရှောင်ချန်းသိခဲ့သည်ကို အခြေခံလိုက်လျှင် မျိုးနွယ်စုက သူ့ကို ငရဲဧကရာဇ်၏ ဆက်ခံသူ ပြိုင်ပွဲဝင်ရန် ေလ့ကျင့်ပေးနေကြောင်း သိသာသည်။
သူ၏ အောက်လမ်းပညာဆိုင်ရာ ပါရမီအရည်အချင်းများနှင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံခြင်းအခြေခံနှင့်ဆိုလျှင် အောင်မြင်နိုင်ချေများမည်ဖြစ်သည်။
အမှန်တွင် ထိုအရာအားလုံးသည် သူ ယင်ယန်ဝိညာဥ်အဆင့်ရောက်နိုင်သည်ဟု တွက်ထားသောကြောင့်ပင်။ ပိုင်မျိုးနွယ်စုက တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ယှဥ်ပြိုင်နေကြသော တိုက်ရိုက်သွေးမျိုးဆက်များနှင့် ကြီးမားသော မျိုးနွယ်စုတစ်စုဖြစ်သည်။ ထို့ကြောင့် ပိုင်ချီကို နတ်သားရဲဝိညာဥ် မီး၊ ရေ၊ လေ၊ မြေ၊ သစ်သားဆိုသော အမျိုးအစားငါးအမျိုး အလွယ်တကူပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သခင်မချိုင်နှင့် ပိုင်ချီတို့သည် သူတို့၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ဘိုးဘွားပိုင်မြေ နတ်မီးလျှံစမ်းသပ်ပွဲမှာ အစီအစဥ်ချရန် ကြိုးစားနေခြင်းဖြစ်သည်။
နတ်ဝိညာဥ်ကို ထိုနတ်မီးလျှံစမ်းသပ်ပွဲတွင် ရယူနိုင်မည်ဖြစ်ပြီး ရရှိသည့် မည်သူမဆို နတ်သားရဲဝိညာဥ်အမျိုးအစားငါးမျိုးတစ်စုံအပြည့်ဖြင့် လဲလှယ်နိုင်ပေမည်။ ပိုင်ချီသာ နတ်ဝိညာဥ်ရရန် လျှို့ဝှက်စွာ စီစဥ်နိုင်ပါက မျိုးနွယ်စုရှိ တိုက်ရိုက်သွေးမျိုးဆက်များက ထိုအကြောင်းနှင့် ပတ်သက်၍ မည်သို့မျှ လုပ်နိုင်တော့မည်မဟုတ်ပေ။
သို့သော်လည်း ထိုအရာအားလုံးသည် မျိုးနွယ်စု၏ နတ်အဆင့်ခေါင်းဆောင်ကြီး ထိုအကြံကို လက်ခံသည်၊ လက်မခံသည် အပေါ်မူတည်နေလေသည်။
သခင်မချိုင်၏ လေသံကို ပိုင်ရှောင်ချန်း၏ကိုယ်ပွား သတိထားမိသည်အရ သူမက နတ်အဆင့်ခေါင်းဆောင်ကြီးသဘောတူရန် သိမ်းသွင်းနိုင်မည်ဟု လုံးဝယုံကြည်နေဟန်တူသည်။
“ဒီတော့ ပိုင်ချီအတွက်ပဲ ဘိုးဘွားပိုင်မြေကို ဖွင့်ဖို့ကြံနေတာပေါ့ ”
ထိုအခွင့်အရေး၏အရေးပါမှုကြောင့် ရင်တဒိန်းဒိန်းခုန်ရင်း သူ တွေးလိုက်သည်။
” လူအများစုအတွက် နတ်ဝိညာဥ်တစ်ခုရတာက နတ်သားရဲဝိညာဥ်အမျိုးအစားငါးမျိုးနဲ့ လဲဖို့အတွက်ပဲ။ ဒါပေမဲ့ ငါက မတူဘူး၊ ငါက တိုက်ရိုက်စုပ်ယူလို့ရတယ်”
သူ့မျက်လုံးများ တလက်လက်တောက်ပနေပြီး သူက သွားပေါ်အောင် ပြုံးလိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် ပြဿာဒ်ထဲတွင် သခင်မချိုင်၏ မျက်နှာပျက်သွား၏။ သူမအိတ်ထဲမှ ကျောက်စိမ်းပေလွှာကို လှမ်းထုတ်လိုက်ရာ ယခုအခါ သက်စောင့်ပေလွှာက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေလာ၏။
” ရွှီဟိုင် သေပြီ ”
ပိုင်ချီမှာ ကြေမွပျက်စီးနေသော ကျောက်စိမ်းပေလွှာကို မျက်လုံးပြူးကြီးဖြင့် လှမ်းကြည့်လိုက်သည်။ ရွှီဟိုင်အား ပိုင်ဟောက်ကို သတ်ရန်လွှတ်လိုက်ခြင်းဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ပိုင်ချီကဲ့သို့ မမြင့်မားသော်လည်း အမြုတေအဆင့်မှာ ရှိသည်။ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူနှင့် တိုက်ပွဲတွင် သေသွားခြင်းမှာ လုံးဝ သဘာဝမကျပေ။
” ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သခင်မ ချိုင်က အလန့်တကြားအော်လိုက်သည်။
” အဲဒီ ခွေးမသားက အခြေခိုင်မာခြင်းအဆင့်မှာပဲရှိသေးတာလေ။ မပြောစမ်းနဲ့၊ မင်းအဖေ ”
” စိတ်အေးအေးထားပါ အမေရာ။ ရွှီဟိုင်ကို ပိုင်ဟောက်သတ်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဖေအဲဒီရောက်နေတာလဲ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ကျွန်တော် မမှားဘူးဆိုရင် ခွေးမသားက ကံကောင်းပြီး သူ့ကို ကူညီတဲ့လူပေါ်လာတာပဲနေမှာ။ ပိုင်ဟောက်ကို ကူညီတဲ့သူဘယ်သူဖြစ်ဖြစ် အဲဒီလူပဲ ရွှီဟိုင်ကို သတ်တာဖြစ်မယ် ”
ပိုင်ချီ၏ မျက်လုံးများတွင် အေးစက်သောအလင်းများ တောက်ပလာတော့သည်။
” ပိုင်မျိုးနွယ်စုရဲ အရေးကိစ္စကို စွက်ဖက်ရဲတဲ့သူ ဘယ်သူဖြစ်ဖြစ် ဒါကတော့ ဘောင်ကျော်သွားပြီး။ ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး ”
ပိုင်ရှောင်ချန်း၏ ရေကိုယ်ပွားသည် နှာခေါင်းပွတ်ရင်း ပြဿာဒ်အပြင်တွင်ရပ်နေလေသည်။ သူက နာကျင်မှုဒဏ်ကို မခံစားနိုင်တော့သော ရွှီဟိုင်နှင့် မီးကိုယ်ပွားတို့၏ ဖြစ်ပျက်နေသည်များကို အာရုံရလိုက်လေသည်။ ထိုအခိုက်အတန့်တွင် ဝိညာဥ်ရှာဖွေခြင်း ပြီးဆုံးသွားပြီး သူပျောက်ကွယ်သွားတော့သည်။
ပိုင်ချီ၏ စကားများကြောင့် သခင်မချိုင်သည် သူမကိုယ်သူမ ပြန်ထိန်းချုပ်နိုင်သွား၏။ မျိုးနွယ်စုအပြင်မှ ပိုင်ဟောက် အကူအညီရသည်ကို သူမ စိတ်မပူပေ။ သူမသည် သူမ၏ခင်ပွန်းဝင်ရောက်စွက်ဖက်မည်ကိုသာ ကြောက်ရွံခြင်းဖြစ်သည်။ သို့သော် အသေအချာစဥ်းစားပြီးနောက် စောစောက ဖြစ်ပျက်သွားသော ကိစ္စကို သူမခင်ပွန်းလုပ်ခဲ့ခြင်း မဟုတ်နိုင်ဟု ဆုံးဖြတ်လိုက်တော့သည်။
” အင်း ဘာဖြစ်သွားလဲ အရေးမကြီးဘူး ” သူမက ပြော၏။
” ပိုင်ဟောက်၊ အသက်ရှင်နေလို့ မဖြစ်ဘူး။ ကြန့်ကြာနေရင် ပိုဒုက္ခများမယ် ”
ပိုင်ချီက အေးတိအေးစက်ရယ်လိုက်သည်။ “စိတ်မပူပါနဲ့ အမေ။ ကျွန်တော်တို့ ခေါင်းဆောင်ကြီးက ဘိုးဘွားပိုင်မြေကို ဖွင့်ပေးတဲ့အထိ စောင့်လိုက်ရုံပဲ။ သူ့ကို ကူညီတဲ့လူတွေရှိရင်တောင်မှ ဘိုးဘွားပိုင်မြေထဲထိ လိုက်လာနိုင်မယ်လို့ ကျွန်တော် မယုံဘူး”
ပိုင်ချီမည်မျှ ယုံကြည်ချက်ရှိကြောင်း မြင်သောအခါ သခင်မချိုင်သည် နောက်ဆုံး၌ သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်။
” ကောင်းပြီ။ မင်းအဖေနဲ့ ငါစကားသွားပြောပြီး ခေါင်းဆောင်ကြီးကို နောက်လအနည်းငယ်အတွင်း ဘိုးဘွားပိုင်မြေဖွင့်ပေးဖို့ နားချပေးမယ်”
ပြဿာဒ်အပြင်ဘက်ရှိ ပိုင်ရှောင်ချန်း၏ ကိုယ်ပွားက အေးတိအေးစက်ရယ်လိုက်သည်။ တစ်ဆက်တည်းမှာပင် သည်အမေနှင့်သားအပေါ် သူ၏ သဘောထားများ ပိုမိုပြောင်းလဲလာတော့သည်။
” ဘိုးဘွားပိုင်မြေဖွင့်မယ်တဲ့လား..ဟမ်။ ကဲပါ ကောင်းတာပေါ့။ တစ်ခါတည်းနဲ့ အကုန်လုံး ကိုင်တွယ်ပစ်လိုက်မယ်”
သူက ဆုံးဖြတ်ချက်ချရင်း လှည့်ထွက်သွားပြီး ညအမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
မြောက်ပိုင်းဒေသရှိ သူ၏ တဲထဲတွင် ပိုင်ရှောင်ချန်းသည် သူ၏ကိုယ်ပွားများ ပြန်လာသည်ကို စောင့်ပြီးနောက် မျက်လုံးများဖွင့်လိုက်လေသည်။
” မျိုးနွယ်စုထဲ နည်းနည်းပါပါးလောက် လှုပ်ရှားလိုက်တာနဲ့ သတင်းအများကြီးရလာပါ့လား။ သတင်းကောင်းတွေပဲ ။ ဘိုးဘွားပိုင်မြေတဲ့လား..ဟမ်”
လေးခုမြောက် နတ်ဝိညာဥ်ရတော့မည့် အတွေးက ပိုင်ရှောင်ချန်းကို စိတ်လှုပ်ရှားမှုများဖြင့် ရင်ခုန်သံမြန်သွားစေသည်။
” ပိုင်ဟောက်ရဲ့ မှတ်စုကိုလည်း ရနိုင်တယ်။ ဘိုးဘွားပိုင်မြေထဲမှာလည်း နတ်ဝိညာဥ်ကို ရနိုင်သေးတယ်”
ရုတ်တရက် သူက မျက်မှောင်ကြုတ်သွား၏။
“ဒါပေမဲ့ ထောင့်စေ့အောင် ပြင်ဆင်သွားဖို့လိုတယ်။ ဘိုးဘွားပိုင်မြေထဲမှာ ငါလှုပ်ရှားလိုက်ရင် မျိုးနွယ်စုတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားမှာ။ အန္တရာယ်ကင်းကင်းနေနိုင်ဖို့လဲ လုပ်ရမယ် ”
ထို့နောက် သူက တဲအိမ်ထဲမှ လမ်းလျှောက်ထွက်ကာ ကောင်းကင်သို့မော့၍ ပိုင်မျိုးနွယ်စု၏ အကာအကွယ်မန္တန်အစီအရင်ကို ကြည့်ရှုလေ့လာလိုက်လေသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးသော် ပိုင်ရှောင်ချန်းက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ သူပြန်ပေါ်လာသောအခါ မျိုးနွယ်စု၏ အပြင်ဘက်သို့ လုံးလုံးလျားလျားရောက်သွားလေပြီ။
ဤနည်းဖြင့် သူ၏ ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုရန် နာကျင်နေဆဲဖြစ်သော်လည်း ယခင်ကဲ့သို့ မဆိုးရွားပေ။ သူက လှည့်၍ နောက်တစ်လှမ်းတိုးပြီး ပျောက်ကွယ်သွားကာ မြောက်ပိုင်းဒေသတွင် ပြန်ပေါ်လာပြန်သည်။
“ဒီတော့ ငါရဲ့ ထာဝရပြုစားခြင်းသိုင်းက ဒီမန္တန်အစီအရင်ကို ထိုးဖောက်သွားနိုင်တာပဲ”
“ဒါပေမဲ့ ဒီအပေါ်မှာပဲ မှီခိုနေလို့မရဘူး။ လုံးဝအန္တရာယ်ကင်းအောင် မတူညီတဲ့ ရှုထောင့်နှစ်ခုကနေ တိုက်ခိုက်ဖို့လိုတယ် ”
ကျန်ရှိသော ရက်များစွာအတွင်း သူသည် ပိုင်မျိုးနွယ်စု၏ မန္တန်အစီအရင်ကို ရင်ဆိုင်ရန် နောက်တစ်နည်းရှာဖွေရင်း အမျိုးမျိုးသော စမ်းသပ်ချက်များပြုလုပ်ကာ တိတ်တဆိတ်လေ့လာနေလေသည်။
ကံဆိုးစွာပင် သူသည် မန္တန်အစီအရင်များနှင့် အလုပ်လုပ်ရာ၌ သိပ်မကျွမ်းကျင်ပေ။ ထို့အပြင် ဤနေရာမှာ မြေရိုင်းဒေသဖြစ်ပြီး မန္တန်အစီအရင်များကို ချိုးဖောက်ရန်အတွက် သူသိသောနည်းလမ်းအများစုသည် ကောင်းကင်တံတားမြစ်ရေရှိ စိတ်စွမ်းအင်များဖြင့် စွမ်းအားဖြည့်ပေးသော နည်းလမ်းများ၊ ပစ္စည်းများလိုအပ်လေသည်။ သိသာထင်ရှားစွာပင် ထိုနည်းလမ်းများသည် မြေရိုင်းဒေသများတွင် အလုပ်ဖြစ်မည်မဟုတ်ပေ။
” အင်း မြေရိုင်းဒေသနည်းလမ်းတွေ သုံးဖို့ လိုမယ်ထင်တယ်။ ဒီအကြောင်း ကျိုးရီရှင်းကို မေးရမယ်”
သူက ချက်ချင်းပင် ကျိုးရီရှင်းထံ စာပို့လိုက်ပြီး မန္တန်အစီအရင်ကို မွှေနှောက်ရန် နည်းလမ်းအချို့စဥ်းစားခိုင်းလိုက်လေသည်။
ကျိုးရီရှင်းနှင့် လီဖုန်းသည် သရဲကြီးမြို့တော်တွင် နေအိမ်ရှိလေသည်။ သူတို့ နှစ်ယောက်မှာ မတည့်သောကြောင့် သီးခြားနေကြလေသည်။ ကျိုးရီရှင်းသည် ပိုင်ရှောင်ချန်းထံမှ စာရသည်နှင့် အလွန်စိတ်လှုပ်ရှားသွားလေသည်။ အနည်းဆုံး စာထဲပါဝင်သည့်အကြောင်းအရာများကို စစ်ဆေးပြီးချိန်တွင် သူ ကြောင်တောင်တောင်ဖြစ်သွားတော့သည်။
တခဏကြာ တုံ့ဆိုင်းနေပြီးနောက် သူက ပြန်စာပို့လိုက်သည်။
“ ကျုပ် အဲဒါ မလုပ်နိုင်ဘူး။ ပိုင်မျိုးနွယ်စုလို မျိုးနွယ်စုကြီး တစ်ခုမှာ မယုံနိုင်စရာကောင်းတဲ့ အကာအကွယ်မန္တန်တွေ သေချာပေါက် ရှိမှာ။ အဲဒီလိုအစီအရင်တွေကို ကျုပ်ဘယ်လိုလုပ် လုပ်နိုင်မှာလဲဗျာ။ “
မကြာသေးမီက သူသည် လီဖုန်းနှင့် ရံဖန်ရံခါထိပ်တိုက်တိုးခဲ့ပြီး သူ့မျက်နှာ ပေါ်ရှိ ကျေနပ်နေသော အမူအရာကို သတိပြုမိခဲ့လေသည်။ ထိုအခြင်းအရာက လီဖုန်းသည် ပိုင်ရှောင်ချန်းအတွက် အလုပ်အချို့ပြီးမြောက်ခဲ့ကြောင်း ကျိုးရီရှင်းကို သုံးသပ်စေလိုက်သည်။ ထိုအကြောင်းတွေးမိလိုက်သဖြင့် ကျိုးရီရှင်း၏ စိုးရိမ်မှုများ မြင့်တက်လာပြီး သူက အံတင်းတင်းကြိတ်လိုက်လေသည်။
ကျိုးရီရှင်း၏ပြန်စာကို ပိုင်ရှောင်ချန်း မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး လီဖုန်းကို စာပို့ရန် ပြင်လိုက်ဆဲမှာပင် ရုတ်တရက် ကျိုးရီရှင်းထံမှ နောက်ထပ်စာတစ်စောင်ရောက်လာ၏။
“ မဟာအကြီးအကဲပိုင်၊ ကျုပ်နည်းလမ်းတစ်ခု စဥ်းစားမိတယ်။ အဲဒါက အင်မတန်စျေးကြီးပေမယ့် သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်။ ခင်ဗျားလုပ်ရမှာက လူသတ်ဝိညာဥ်ဆူးချွန်တွေ သုံးရုံပဲ။ ခင်ဗျား အများကြီးလိုမှာ။အနည်းဆုံး တစ်ရာတောင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ကို မျိုးနွယ်စုထဲက မန္တန်အစီအရင်ထဲ ထည့်လိုက်ရင် သေချာပေါက်ပွင့်သွားလိမ့်မယ်။ ဒါပေမဲ့ ပျက်စီးသွားတဲ့အပေါက်က အလိုအလျောက် ပြန်မပြင်ဆင်ရသေးခင် ခင်ဗျားအတွက် အချိန်နည်းနည်းပဲ ရမယ် “
“ ပြီးတော့ လူသတ်ဝိညာဥ်ဆူးချွန်တွေက အရမ်းစျေးကြီးတယ်။ ကျုပ်၊ ကျုပ်တကယ် အဲဒါတွေကို ကျုပ်ဘာသာ မဝယ်နိုင်ဘူး “
သူသိသမျှအားလုံးအား ရှင်းပြပြီးနောက် ကျိိုးရီရှင်းသည် သူစဥ်းစားမိသည့် နည်းလမ်းမှာ အလွန်စျေးကြီးကြောင်း တွေးနေမိတော့သည်။
ပိုင်မျိုးနွယ်စုထဲတွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် စိန်ပွင့်များပမာ တလက်လက်တောက်ပနေလေသည်။ သူစဥ်းစာရသရွေ့ ငွေသည် ပြဿနာမဟုတ်ပေ။ လွတ်မြောက်ရန် အခွင့်အရေးကြီးကြီးမားမား ပေးနိုင်သရွေ့ တန်လေသည်။ သူက ကျိုးရီရှင်းထံ မဆိုင်းမတွ စာပြန်ပို့လိုက်ပြီး ကျိုးရီရှင်းကို တွေ့ရန် သူ၏ကိုယ်ပွားတစ်ယောက်ကို သူ့အစားလွှတ်လိုက်သည်။ မကြာမီ ထိုကိုယ်ပွားသည် လက်ထဲတွင် အိတ်ကိုကိုင်ရင်း မျိုးနွယ်စုမှ ထွက်ခွာသွားလေသည်။
မကြာမီ ကျိုးရီရှင်းနှင့် ပိုင်ရှောင်ချန်း၏ကိုယ်ပွား တွေ့ကြလေသည်။ ကျိုးရီရှင်းက မည်သို့မျှမပြောရသေးမီ ကိုယ်ပွားက အိတ်ကို ပုတ်ကာ ဆေးပေါင်းဖိုတစ်လုံးထုတ်လိုက်သည်။
၄င်းမှာ ကြီးမားသော ဆေးပေါင်းဖိုမဟုတ်သော်လည်း အလွန်တရာ သေးငယ်လှသည်တော့ မဟုတ်ချေ။ ကျိုးရီရှင်းရှေ့ရှိ မြေကြီးပေါ်သို့ ကျသွားသောအခါ ကျိုးရီရှင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
အင်္ကျီလက်စကို တခမ်းတနား ခါရမ်းလိုက်ရင်း ပိုင်ရှောင်ချန်းကိုယ်ပွားက ပြောသည်။
” ဒါကို ယူပြီး လူသတ်ဝိညာဥ်ဆူးချွန်သွားဝယ်လိုက် ”
ကျိုးရီရှင်းသည် တခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် ရှေ့တလှမ်းတိုးကာ ဆေးပေါင်းဖိုအဖုံးကို ဖွင့်လိုက်လေသည်။ ကောင်းကင်တံတားမြစ်ရေများ ပြည့်နေသည်ကို မြက်လိုက်ရသည်ဝယ် သူ့မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ကျွတ်ကျလုမတတ်ဖြစ်နေတော့သည်။
“ဒါ ဒါက ”
ကောင်းကင်တံတားပင်လယ်ရှိ သူခံစားလိုက်ရသော စိတ်စွမ်းအင်များသည် သူ့ကို တုန်လှုပ်သွားစေပြီး ခေါင်းများ ချာချာလည်သွားစေတော့သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှများပြားသော ကောင်းကင်တံတားမြစ်ရေများ မမြင်ဖူးခဲ့ဘဲ အကယ်၍သူသာ ရောင်းလိုက်ပါက ရရှိမည့်အမြတ်သည် စကားလုံးများဖြင့်ဖော်ပြရန် ခက်ခဲမည်ဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်လိုက်လေသည်။
“လောက်လား၊ မလောက်ဘူးလား” ပိုင်ရှောင်ချန်း၏ကိုယ်ပွားက ဝင့်ကြွားစွာ ပြောသည်။ ထိုသည်မှာ သူ့အိတ်ထဲရှိ ရေပုံးကြီးထဲမှ ရေတစ်ဝက်ပင် မရှိသေးသည် မဟုတ်ပါလော။
ကျိုးရီရှင်းက တုန်ရီနေရင်း ပြန်ဖြေလိုက်သည်။
” လောက်တယ်။ လောက်တာထက်ကို ပိုတယ်”
” လူသတ်ဝိညာဥ်ဆူးချွန်တွေအတွက် နှမြောမနေနဲ့။ ပြီးတော့ ငါ့ကို တည်နေရာရွှေ့ပြောင်းခြင်းအဆောင်စက္ကူရယ်၊ အမုန်းဝိညာဥ်တွေရယ် ဝယ်ထားပေး”
ထို့နောက် ကိုယ်ပွားသည် အဝေးသို့ထွက်သွားတော့သည်။ သူထွက်သွားသည်ကို ကျိုးရီရှင်း ကြည့်ရင်း ဤမဟာအကြီးအကဲပိုင်သည် သူသိထားသည်ထက်ပို၍ လျှို့ဝှက်ဆန်းကြယ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်လေသည်။ ကောင်းကင်တံတားမြစ်ရေ မြောက်မြားစွာကို ပုံမှန်အတိုင်း ထုတ်ပေးနိုင်ရန်မှာ သာမန်လူများ လုပ်နိုင်သောအရာမဟုတ်ပေ။
ကျိုးရီရှင်း၏ မဟာအကြီးအကဲပိုင် နောက်လိုက်ဖြစ်ရန် ဆုံးဖြတ်ချက်များသည် ယခင်ကထက် ပို၍ ခိုင်မာလာတော့သည်။