Switch Mode

အခန်း ( ၃၃၂ )

မြည်းနက် vs မြည်းဖြူ

ဝမ်ပေါင်လဲ့ စစ်သင်္ဘောပျံတစ်စင်းပေါ်သို့ တက်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ အခြားသူများသာဆိုလျှင် ခြားနားချက်များကို အာရုံခံနိုင်မည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ဓမ္မလက်နက်ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဤစစ်သင်္ဘောပျံကြီးမှာ အခြားသာမန်သင်္ဘောပျံများနှင့် မတူကြောင်း သိလိုက်၏။

” ငါ ဒီလို ပစ္စည်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး…. တော်တော်လေးကို အပူခံနိုင်လောက်တယ်။ ဒီ သင်္ဘောပျံကြီးပေါ်က ကမ္ဗည်းစာလုံးတွေကလည်း သာမန် ကမ္ဗည်းစာလုံးတွေနဲ့ မတူဘူးပဲ ”
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးအား စစ်ဆေးကြည့်ရှုနေစဉ် အင်္ဂါဂြိုဟ်စစ်တပ်မှ ကျင့်ကြံသူများမှာလည်း ဝမ်ပေါင်လဲ့အား အကဲခတ်နေကြသည်။

ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းမှာ ပြည်ထောင်စုထဲတွင်သာမက အင်္ဂါဂြိုဟ်ပေါ်တွင်ပါ တရိပ်ရိပ်နှင့် ပိုမိုကျော်ကြားလာနေသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ပေါင်လဲ့အမြောက်၏ ဖန်တီးရှင်ဖြစ်နေသောကြောင့် စစ်တပ်ထဲရှိ သူ၏ ဂုဏ်သတင်းမှာလည်း ထိုနည်းတူပင်ဖြစ်သည်။

စစ်တပ်မှ ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့အား အကဲခတ်နေရင်း သူ၏ဘေးတွင်ရှိနေသော မြည်းလေးကိုပါ သတိထားမိသွား၏။ ထိုအခါ သူတို့အားလုံး အံအားသင့်သွားရတော့သည်။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေလိုက်ကြ၏။ သူတို့မှာ စကားအချို့ပြောချင်နေသည့်ပုံ ပေါက်နေကြပါသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမှ ထုတ်မပြောခဲ့ပေ။

ဝမ်ပေါင်လဲ့မှာ စစ်တပ်မှ ကျင့်ကြံသူများ၏ အထူးတဆန်းဖြစ်နေသော အကြည့်များကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် သူတို့မှာ ဤမြည်းလေး အလွန်အင်မတန်မှ လောဘကြီးသည့်အကြောင်းကို ကြားသိထားကြသောကြောင့် သူတို့၏ သင်္ဘောပျံကြီးအား စားပစ်မည်ကို စိုးရိမ်နေခြင်းများ ဖြစ်နေမည်လော တွေးမိလိုက်သည်။

” ဒါပေမဲ့ ဘာလို့ သူတို့တွေက ဒီမြည်းလေးကို တခြားတစ်ခုခုနဲ့ နှိုင်းယှဉ်နေသလိုမျိုး ငါက ခံစားနေရတာလဲ ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ်ခပ်မိသွားသည်။ သူသည် မေးမြန်း၍ သူတို့ဆီမှ အဖြေရှာရန် ပြင်လိုက်ပါသော်လည်း ထိုအချိန်တွင် မြည်းလေးမှာ သင်္ဘောပျံကြီး၏ သတ္တုနံရံများအား လျှာဖြင့်လျှက်နေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ခွေးတစ်ကောင်ကဲ့သို့ ထိုနံရံများကို နမ်းရှုံ့ရင်း မည်မျှအထိ အရသာရှိနေမည်နည်းဟု မှန်းဆ‌တွေးတောနေသည့်ပုံ ပေါက်နေသည်။

” သုံးစားမရတဲ့ကောင် ”
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့လှမ်းလာပြီး ၎င်းအား သတိပေးနေခြင်းမရှိဘဲ ကန်ကျောက်လိုက်တော့သည်။

ထိုအခါ မြည်းလေးမှာ ချက်ချင်းဆိုသလိုပင် ရို့ကျိုးသွားပြီး ကြမ်းပြင်ပေါ်၌ ခြေကားရား လက်ကားရားနှင့် လဲလျောင်းသွား၏။ ၎င်း၏ အမူအရာမှာ နုံးချည့်နေသည့်ပုံ ပေါက်နေသည်။ သို့သော် ဝမ်ပေါင်လဲ့ အခြားတစ်ဖက်သို့ လှည့်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ ထိုနံရံအား ခိုး၍ လျှက်လိုက်ပြန်သည်။ ထို့နောက်၎င်းမှာ နားရွက်များ ထောင်လာပြီး အနည်းငယ် အကြာတွင် နောက်ထပ်တစ်ကြိမ်ထပ်၍ အလျင်အမြန် လျှက်လိုက်ပြန်သည်။

ထိုအခါ စစ်တပ်မှ ကျင့်ကြံသူများနှင့် အာလာပသလ္လာပ စကားပြောများ ဆိုနေသည့် ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ခေါင်းများ ခဲသွားရပြန်သည်။ သူ ချောင်းဟန့်လိုက်သောအခါ မြည်းလေးမှာ ချက်ချင်းဆိုသလိုပင် ခေါင်းလှည့်လာပြီး ဝမ်ပေါင်လဲ့အား ဖြူစင်ရိုးသားသည့် မျက်လုံးများဖြင့် ငေးကြည့်နေလိုက်တော့သည်။ ၎င်းမှာ ဘာမှ မစားရသေးသောကြောင့် လျှာဖြင့်သာ လျှက်နေခြင်းဖြစ်ကြောင်း ရှင်းပြနေသည့်အလားပင်။

ဝမ်ပေါင်လဲ့မှာမူ ခေါင်းခဲနေရပြီဖြစ်သည်။ သူသည် မြည်းလေး၏ မျက်နှာအမူအရာမှာ အဓိပ္ပါယ်ရှိကြောင်း တွေးမိလိုက်သည်။ ထို့ကြောင့် သူသည် ၎င်းအား တစ်ခဏမျှ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် အခြား မည်သည့်အရာကိုမှ ဆက်မလုပ်ခဲ့ပေ။ နောက်ဆုံးတွင် သင်္ဘောပျံကြီးမှာ အင်္ဂါဂြိုဟ်စခန်းထဲသို့ ဆင်းသက်သွားချိန်၌ မြည်းလေး လျှာဖြင့်လျှက်ခဲ့သည့် သတ္တုနံရံကြီးပေါ်တွင် တံတွေးကွက်ကြီးတစ်ကွက် ကျန်နေခဲ့သည်ကို မြင်လိုက်ရသည်။ ထို့နောက် ဝမ်ပေါင်လဲ့နှင့် သူ၏ မြည်းလေးမှာ ဘေးပတ်ပတ်လည်ရှိ အထူးတဆန်းဖြစ်နေကြသော အရာရှိကြီးများ၏ ရှေ့မှနေ၍ သင်္ဘောပျံကြီး အပြင်ဘက်သို့ ထွက်လာကြတော့သည်။

အင်္ဂါဂြိုဟ်စစ်စခန်းမှ နယ်မြေသုံးဆယ့်ခြောက်ထဲတွင် တည်ရှိပြီး ထိုနယ်မြေ၏ နေရာအများစုမှာ စစ်တပ်အပိုင်ဖြစ်သောကြောင့် အများပြည်သူ ဝင်ရောက်ခွင့်မရှိပေ။ ထိုနေရာတစ်ဝိုက်တွင် ပတ္တရောင်လှည့်နေကြသည့် စစ်သားများစွာ ရှိနေကြပြီး စစ်တပ်ကျင့်ကြံသူ အများစုမှာလည်း ထိုစစ်စခန်းထဲ၌ တာဝန်ကျနေကြသည်။

စစ်တပ်မှာ ဝမ်ပေါင်လဲ့အတွက် ကြိုဆိုပွဲအခမ်းအနားလေးတစ်ခုကို စီစဉ်ပေးထားသည်။ အကြီးအကဲကြီးတစ်ယောက် ခေါင်းဆောင်သည့် စစ်အရာရှိ တစ်ဒါဇင်ကျော်ကိုယ်တိုင် သူ့အား လေဆိပ်၌ ကြိုဆိုနေကြ၏။

ထိုအကြီးအကဲကြီးမှာ စစ်ဘက်ဆိုင်ရာ ဝတ်စုံကို ဆင်မြန်းထားပြီး သူ၏မျက်လုံးများထဲတွင် လျှပ်စီးဓာတ်များ ကိန်းအောင်နေသကဲ့သို့ပင်။ ထို့အပြင် သူသည် ဩဇာအာဏာအပြည့်ရှိသည့်ပုံ ပေါ်နေပြီး အမြုတေအဆင့်ကျင့်ကြံခြင်း စွမ်းအားများကိုလည်း ထုတ်လွှတ်နေသေးသည်။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ ခန့်ညားထည်ဝါနေ၏။

သူ၏ ရာထူးအဆင့်အတန်းမှာလည်း မြင့်မားပေသည်။ သူသည် အင်္ဂါဂြိုဟ်စစ်တပ်ထဲရှိ ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်ငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏အမည်မှာ ချန်းဖုံးဖြစ်ပြီး သူသည် စစ်တပ်သုံး ပစ္စည်းများအား လေ့လာသည့် အပိုင်းကိုသာမက ဝိညာဉ်ချီများနှင့် ဖောက်ခွဲရေးပစ္စည်းများ ပေါင်းစည်းရသည့် အပိုင်းတွင်လည်း တာဝန်ယူထားရသည်။

ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့အား ကြိုဆိုရန် ရောက်လာကြသည့်လူများကို မြင်လိုက်ရ၏။ သူ့အား သင်္ဘောပျံကြီးအောက်သို့ လိုက်ပို့ပေးနေသည့် စစ်တပ်ကျင့်ကြံသူတစ်ယောက်မှာ သူ့အား လာရောက်ကြိုဆိုကြသော လူများ၏ အမည်များနှင့် ကိုယ်ရေးအကျဉ်းများကို တိုးတိုးလေး ပြောပြနေ၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလိုပင် တည်ကြည်သွားတော့သည်။ ထို့နောက် သူသည် ရှေ့လမ်းများမြန်ဆန်လာပြီး အကြီးအကဲကြီး၏ ရှေ့တွင် တရိုတသေ ဦးညွှတ်လိုက်တော့သည်။

” မင်္ဂလာပါ ဗိုလ်ချုပ်ကြီးချန်း။ ကျနော်က ဝမ်ပေါင်လဲ့ပါ ”

ထိုအခါ ချန်းဖုံးမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သဘောကျနှစ်သက်ကာ အားတက်စေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ သူသည် သူတို့ဆီသို့ ပို့ဆောင်ထားသော ပေါင်လဲ့အမြောက်၏ အစိတ်အပိုင်းအမျိုးမျိုးကို လေ့လာထားပြီးသား ဖြစ်နေသောကြောင့် ထိုအမြောက်မှာ သာမန်အဆောင်တစ်ခုသာ မဟုတ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည် သူ လုံးဝမမြင်ဖူးသော ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ စိတ်ဝင်စားခဲ့ရ၏။ အမှန်တွင် သူသည် ယခုလို သူကိုယ်တိုင် လာကြိုရန် မလိုအပ်ပါသော်လည်း ပေါင်လဲ့အမြောက်၏ မူရင်းဖန်တီးရှင်နှင့် တွေ့ဆုံချင်သောကြောင့် လိုက်လာခဲ့ခြင်းဖြစ်သည်။

” တော်လိုက်တဲ့ကောင်လေး ”
ချန်းဖုံးမှာ ဝမ်ပေါင်လဲ့၏ ပခုံးအား ပုတ်ကာ ချီးကျူးလိုက်၏။ သူ၏ ရယ်မောသံများမှာလည်း ရှင်းလင်းပြတ်သားကာ လေထဲ၌ မြည်ဟည်းနေတော့သည်။ ထိုအခါ အခြား စစ်တပ်အရာရှိများမှာလည်း နွေးထွေးကာ ဖော်ရွေမှုအပြည့်ရှိသော အပြုံးများဖြင့် ချီးကျူးစကားများဆို လိုက်ကြတော့သည်။

သူတို့မှာ သာကြောင်းမာကြောင်းစကားများ အပြန်အလှန် ပြောဆိုလိုက်ကြပြီးနောက် လေဆိပ်ထဲမှ အလျင်အမြန် ထွက်ခွာကာ ပေါင်လဲ့အမြောက်များကို တပ်ဆင်မည့် နေရာသို့ ဦးတည်သွားကြ၏။ ဝမ်ပေါင်လဲ့မှာ ချန်းဖုံး၏ ဘေးမှလိုက်၍ လမ်းလျှောက်ရင်း အမြောက်နှင့်ပတ်သတ်၍ ချန်းဖုံး မေးမြန်းခဲ့သည့် မေးခွန်းများအားလုံးကို အလွယ်တကူပင် ဖြေဆိုလိုက်၏။ ထို့အပြင် သူသည် သူ၏ ပြောဆိုပြုမူပုံများကိုလည်း ဂရုစိုက်နေပြီး အမြဲတမ်း ချန်းဖုံး၏နောက် ခြေလှမ်းတစ်ဝက်အကွာ၌သာ ရှိနေအောင် လမ်းလျှောက်နေ၏။ သူ၏ အမူအရာမှာလည်း မောက်မာထောင်လွှားမှု အလျင်းမရှိသည့်ပုံ ပေါက်နေသည်။

” ဗိုလ်ချုပ်ကြီးချန်း။ စုပေါင်းပေါင်လဲ့အမြောက်ရဲ့ အဓိကသော့ချက်က အမြောက်ရဲ့ အတွင်းပိုင်းထဲက ကမ္ဗည်းစာလုံးတွေရဲ့ အပြန်အလှန်ချိတ်ဆက်နေမှုပဲ…. အထူးသဖြင့် အုပ်စုနံပါတ်ခုနစ်နဲ့ အုပ်စုနံပါတ်ရှစ်တို့ထဲက ကမ္ဗည်းစာလုံးတွေပေါ့။ အဲဒီ ကမ္ဗည်းစာလုံးတွေက ဝိညာဉ်ချီ စုပ်ယူမှုကို ထိန်းချုပ်ပေးတာ ”
ဝမ်ပေါင်လဲ့မှာ ပြုံးကာဆိုလိုက်၏။ သူသည် ရှေ့သို့ဆက်လက် လျှောက်လှမ်းနေရင် ချန်းဖုံး၏ မေးခွန်းများကို ဖြေကြားကာ ပေါင်လဲ့အမြောက်၏ အလုပ်လုပ်ပုံများနှင့် အတွင်းပိုင်း တည်ဆောက်ပုံများကိုပါ ရှင်းပြလိုက်သည်။

သူတို့နှစ်ယောက်၏ နောက်မှ စစ်တပ်အရာရှိများမှာ ဝမ်ပေါင်လဲ့၏ မြည်းလေးအား ခိုးကြည့်နေရာမှ အကြည့်လွှဲလိုက်ကြပြီး သူတို့နှစ်ယောက်အား ပြန်ကြည့်လိုက်ကြ၏။ သူတို့မှာ သက်ပြင်းများချကာ ဝမ်ပေါင်လဲ့၏ လူမှုဆက်ဆံရေး စွမ်းရည်များကို အထင်ကြီးအားကျနေကျတော့သည်။ သူသည် ကြွားဝါနေခြင်း မရှိသလို သူ့ကိုယ်သူ အလွန်အကျွံ နှိမ့်ချနေခြင်းလည်းမရှိပေ။ သူသည် လိုအပ်‌သည့်နေရာ၌ သူ့ကိုယ်သူ နှိမ့်ချတတ်သလို မာနရှိရမည့်နေရာတွင်လည်း မာနထားတတ်နေသည်ဖြစ်ပြီး စစ်တပ်ကိုလည်း ရိုသေလေးစားစွာ ဆက်ဆံနေသည်ဖြစ်သည်။

” ဒီကလေးက စိတ်ဝင်စားဖို့ ကောင်းသားပဲ ”
ချန်းဖုံးမှာ ဝမ်ပေါင်လဲ့အားကြည့်ကာ ပြုံးရင်း ကျေနပ်မိနေတော့သည်။ သူတို့အဖွဲ့မှာ အဆောက်အဦများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားလိုက်ပြီး ခဏအကြာတွင် ပေါင်လဲ့အမြောက်များအား တပ်ဆင်ရမည့် စခန်း၏ အနားသို့ ရောက်ရှိလာကြတော့သည်။

သူတို့ လျှောက်လှမ်းလာခဲ့သည့် လမ်းတစ်လျှောက်ရှိ စစ်သည်တော်များစွာမှာ သူတို့၏ဘေးမှ ဖြတ်သွားသည့်အခါတိုင်း ရပ်တန့်သွားကြပြီး သူတို့အဖွဲ့အား အလေးပြုခဲ့ကြ၏။ ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့၏ မြည်းလေးကိုလည်း ခိုး၍ အကဲခတ်နေကြသေးသည်။

ဝမ်ပေါင်လဲ့မှာ သူတို့၏အကြည့်များကို သတိထားမိလိုက်သဖြင့် ထူးဆန်းနေသည်ဟု ခံစားနေရသလို အနည်းငယ်လည်း ကျေနပ်မိနေ၏။ မြည်းလေးမှာလည်း ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာဖြင့် ခေါင်းမော့ကာ သူတို့၏နောက်မှ ပျော်ရွှင်မြူးထူးစွာ လိုက်လာ၏။

ခဏာအကြာတွင် သူတို့၏ ပန်းတိုင်မှာ သူတို့ရှေ့၌ ပေါ်လာ၏။ ထိုအချိန်တွင် သူတို့၏အဖွဲ့နှင့် မလှမ်းမကမ်းတွင်ရှိသော အဆောင်တစ်ဆောင်ထဲမှ အသက်ငယ်ငယ်နှင့် စစ်တပ်အရာရှိ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ထွက်လာကြသည်။ သူတို့အားလုံးမှာ အချင်းချင်း စကားပြောနေကြ၏။ ထိုအဖွဲ့၏ အလယ်တွင် အနက်ရောင်ဆံပင်နှင့် လူငယ်လေးတစ်ယောက်ရှိနေသည်။ သူသည် အရပ်ထောင်ထောင်မောင်းမောင်းရှိပြီး ရုပ်ရည်ချောမောနေ၏။ ကြယ်ရောင်များကဲ့သို့ လင်းလက်တောက်ပနေသော သူ၏မျက်ဝန်းများထဲမှာလည်း ပြတ်သားမှုအပြည့် ရှိနေ၏။

သူသည် သူ၏ ဆွဲဆောင်မှုရှိသော မျက်နှာပေါက်ကို ပို၍ ပေါ်လွင်စေသည့် ခရမ်းရောင် စစ်တပ်တူညီဝတ်စုံတစ်ခုကို ဆင်မြန်းထားသည်။ အထူးသဖြင့် သူ၏ မျက်လုံးများထဲတွင် စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် အဓိပ္ပါယ်နက်နဲသည့် အရိပ်အယောင်တစ်ခု ရှိနေပြီး သူသည် သူ၏ အသက်နှင့်မလိုက်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသေးသည်။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက သူ ဖုံးကွယ်ထားသည့် ရက်စက်ကြမ်းကြုတ်မှု အ‌ငွေ့အသက်များကိုပင် အာရုံခံနိုင်ပေသည်။ ထိုလူငယ်လေးမှာ ရပ်နေရုံမျှဖြင့် လူတိုင်း၏အာရုံကို ဖမ်းစားထား၏။

ထို လူငယ်လေးမှာ သားရဲပင်လယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး လက်ရှိပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်၏ ခေါင်းကိုင်သားအဖြစ် မွေးစားခြင်းခံထားရသော ခုန်းတောက် ဖြစ်သည်။

သူ၏ ပတ်ပတ်လည်တွင် စုဝေးနေကြသည့် စစ်တပ်အရာရှိများအပြင် သူ၏ဘေး၌ မြည်းလေးတစ်ကောင်လည်း ရှိနေသေးသည်။

ထိုမြည်းလေးမှာ အဖြူရောင်ဖြစ်ပြီး ခမ်းနားကြီးကျယ်ကာ အစွမ်းထက်သည့်ပုံ ပေါက်နေ၏။ ၎င်းမှာ သန့်ရှင်းစင်ကြယ်သည့် အငွေ့အသက်တစ်ခုအပြင် အာနာပါနစတုတ္ထအဆင့်တွင်ရှိသော ကျင့်ကြံခြင်းစွမ်းအင်များကိုပါ ထုတ်လွှတ်နေသည်။ ၎င်း၏ ပုံပန်းသွင်ပြင်နှင့် အငွေ့အသက်နှစ်မျိုးစလုံးမှာ တမူထူးခြားနေ၏။

ခုန်းတောက်နှင့် အပေါင်းအပါများမှာ ချန်းဖုံး၊ ဝမ်ပေါင်လဲ့နှင့် အခြားသူများကို ချက်ချင်းပင်သတိထားမိလိုက်ကြသည်။ ထိုအခါ အသက်ငယ်ငယ်နှင့် အရာရှိများမှာ ချက်ချင်းဆိုသလိုပင် အမူအရာများ တည်ကြည်သွားကြပြီး အသက်အကြီးပိုင်းမှ အရာရှိများကို တရိုတသေ နှုတ်ဆက်လိုက်ကြသည်။ ခုန်းတောက်မှာမူ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွား၏။ သို့သော် သူသည် စကားတစ်ခွန်းမှ မပြောဘဲ ချန်းဖုံးကိုသာ ဂါရဝပြုလိုက်၏။

” ခုန်းတောက်ပါလား။ ပေါင်လဲ့။ မင်းနဲ့ ခုန်းတောက်တို့ နှစ်ယောက်စလုံးက ပြည်ထောင်စုကြီးရဲ့ ပျိုးပင်တစ်ရာထဲက အဖွဲ့ဝင်တွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိကြမှာပါ ”
ချန်းဖုံးမှာ လမ်းတစ်လျှောက်လုံး၌ လူအများ၏ ဂါရဝပြုခြင်းကို ခံခဲ့ရပါသော်လည်း သိပ်၍ ဂရုမစိုက်ခဲ့ပေ။ သို့သော် သူသည် ခုန်းတောက်အား မြင်လိုက်ရသောအခါ ပြုံးသွားပြီး ခုန်းတောက်အား ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူ၏ အကြည့်များမှာ ခုန်းတောက်၏ မြည်းဖြူလေးပေါ်မှ ဝမ်ပေါင်လဲ့၏ မြည်းနက်လေးပေါ်သို့ ရောက်သွားတော့သည်။

သူတစ်ယောက်တည်းသာမဟုတ်ပေ။ ချန်းဖုံးနှင့် ခုန်းတောက်တို့၏ နောက်မှ အရာရှိများမှာလည်း မနေနိုင်တော့ဘဲ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့၏ မြည်းလေးနှစ်ကောင်စလုံးကို ဖျတ်ခနဲ ကြည့်မိသွားကြ၏။

ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အား သူ၏ ဘေးရှိ မြည်းဖြူလေးနှင့် အတူတူတွဲ၍ မြင်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူသည် ကြက်သေသေသွားရပြီး မျက်လုံးများပြူးသွား၏။

” သူ့ရဲ့သားရဲဥကလည်း ပေါက်သွားပြီလားဟ ”
ဝမ်ပေါင်လဲ့မှာ သေသေချာချာ ကြည့်ရှုလိုက်သောအခါ ထိုနှစ်ကောင်စလုံးမှာ မျိုးစိတ်အတူတူပင်ဖြစ်ကြောင်း သိလိုက်ရ၏။ ထိုအခါ သူသည် ရုတ်တရက်ဆိုသလို မခံမရပ်နိုင်ဖြစ်ကာ စိတ်တိုသွားရတော့သည်။

မည်သူမဆို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူ၏ မြည်းနက်လေးနှင့် ခုန်းတောက်၏ မြည်းဖြူလေးတို့၏ စွမ်းရည်ခြားနားချက်ကို မြင်နိုင်ပေသည်။ သူ၏ မြည်းလေးမှာ အရုပ်ဆိုးကာ သနားစရာကောင်းနေသည့်ပုံ ပေါက်နေရုံသာမက ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ခုန်းတောက်၏ မြည်းလေးနှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်သွားရပြီး သက်ပြင်းချမိလိုက်၏။ ယခုလို ဖြစ်နေရခြင်းမှာ သူ၏ ကံဆိုးမှုကြောင့်လား သို့မဟုတ် စစ်တပ်မှ နည်းပြကြီးက ဥများ ခွဲဝေပေးခဲ့ရာ၌ ဘက်လိုက်ခဲ့သောကြောင့်လား တွေးတောနေမိတော့သည်။

” ဒီလူတွေ ငါ့မြည်းလေးကို တစ်လမ်းလုံး မျက်စိဒေါက်ထောက်ကြည့်နေတာ ဘာကြောင့်များပါလိမ့်လို့ ငါက တွေးနေတာ။ လက်စသတ်တော့ သူတို့က ဒီမြည်းနှစ်ကောင်ကို ယှဉ်နေကြတာကိုး ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မပျော်မရွှင် ဖြစ်သွားရသည်။ မြည်းနက်လေးမှာမူ ဆွံ့အမှင်တက်သွားပြီး မြည်းဖြူလေးအား တအံ့တသြနှင့် စိုက်ကြည့်နေသည်။ ထို့နောက် ၎င်းမှာ မျက်လုံးများပြူးသွားပြီး မျက်ဝန်းများမှာ စူးရှတောက်ပသွားတော့သည်။ ထို့နောက် ၎င်းမှာ အပျော်လွန်သွားကာ အော်ဟစ်မြည်တမ်း၍ ဝမ်ပေါင်လဲ့၏ နောက်မှ ပြေးထွက်လာပြီး ထိုမြည်းဖြူလေးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset