အခန်း ( ၅၈၇ )

မင်းက စိတ်ပျက်စရာကောင်းလိုက်တာကွာ

ပိုင်ရှောင်ချန်းသည် ကျေနပ်ပျော်ရွှင်မှု အပြည့်ဖြင့် မီးတောက်ဖန်တီးခြင်းပြိုင်ပွဲဆီသို့ လာခဲ့သည်။ မျိုးနွယ်စုဝင်အချို့သည် မည်သို့ဆက်ဖြစ်မည်ကို အလွန်အမင်း သိချင်စိတ်ဖြင့် သူ့နောက်မှ လိုက်လာကြလေသည်။

“သူက မီးတောက်ဖန်တီးခြင်း ပြိုင်ပွဲကို သွားနေတာပဲ။”

“သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနဲ့ ဝိညာဥ်ဆေးအတွက် အခြေခိုင်မာခြင်းအဆင့် ပြိုင်ပွဲတွေမှာအဆင့် တစ် ရပြီးသားလေ။ မီးတောက်ဖန်တီးတာမှာလည်း အဲဒီလိုပဲ ရမယ်ဆို ဒီပိုင်ဟောက်ကတော့ မယုံနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ ထင်ရှားကျော်ကြားလာမှာပဲ။”

” ဒီကိစ္စတွေအားလုံးမှာ တစ်ခုခုကတော့ ထူးဆန်းနေတယ်။ ပိုင်ဟောက်က အမြဲတမ်း အဆင့်နိမ့်ခဲ့တာ။ သတ္တိကလည်း ကြောင်ပြီး လူကလည်း ခပ်ပျော့ပျော့ပဲ။ ဘာလို့ သူက ရုတ်တရက်ကြီး ဒီလိုတွေ လုပ်ပြနေတာလဲ။ နောက်ပြီးတော့ သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ အဲဒီလောက်ထိ အရည်အချင်း ရှိတယ်လို့ ယုံဖို့ ခက်တယ်။ ”

ဆွေးနွေးနေသည်မှာ အရှိန်တက်လာပြီး ပိုင်ရှောင်ချန်းသည်လည်း မီးတောက်ဖန်တီးရန်အတွက် ပြိုင်ပွဲဆီသို့ သွားနေသည်။ သူရောက်သည်နှင့် အခြားနေရာများမှ ကျောက်တိုင်များထက် သိသိသာသာ ပိုကြီးသော ကျောက်တိုင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

မီးတောက်ဖန်တီးခြင်းအလုပ်ရုံများသည် ကျောက်တိုင်၏ ခြေရင်းတွင် အကွင်းလိုက် ၃ဆင့်ထိ ရှိလေသည်။ ထိုပြင် အစေခံအများအပြား အပါအဝင် လူအုပ်ကြီးလည်း ရှိနေသည်။ လူများသည် ပိုင်ဟောက်၏ အစောပိုင်းက လုပ်ဆောင်ချက်များကို ကြားသိပြီးသားဖြစ်ကာ လာကြည့်ကြခြင်းဖစ်သည်။

သူပေါ်လာသည်တွင် စကားသံများ ပိုဆူလာလေသည်။

” သူရောက်လာပြီဟေ့။ ပိုင်ဟောက် ရောက်လာပြီ။ ”

” တစ်ရက်တည်းနဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြိုင်ပွဲရော၊ ဝိညာဥ်ဆေးပြိုင်ပွဲရောမှာ အဆင့်တစ် ယူခဲ့တာ။ မီးတောက်ဖန်တီးရင်လည်း အဆင့်ကောင်းကောင်းတစ်ခု ရဦးမှာလို့ ငါလောင်းရဲတယ်။”

” တော်တယ်။ ပိုင်ဟောက်၊ အရင်က ဘယ်သူမှ မင်းကို သတိမထားမိခဲ့ကြဘူး။ ဒါပေမဲ့ အဲဒါက မင်းရဲ့ အရည်အချင်းအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့လို့ပါ။ ”

ပိုင်ရှောင်ချန်းက လူအုပ်ကြားထဲမှ ရှေ့သို့ တိုးလာရာ သူ့ကို လမ်းဖယ်ပေးကြလေသည်။ အတွင်းစိတ်ထဲမှ သူသည် သက်ပြင်းကို ထပ်ခါထပ်ခါ ချလျက်ရှိသည်။

” ပိုင်ဟောက်၊ ငါ့တပည့်၊ ခုချီးမြှောက်မှုတွေအားလုံးက မင်းအတွက်ပဲ။ မင်းရဲ့ မီးတောက်ဖန်တီးတဲ့ ပါရမီနဲ့ဆို မင်းက ငါ့ထက်ပိုတော်မှာ အသေအချာပဲ။ ” ပိုင်ဟောက်က ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးသွားရသည်ကို တွေးမိသည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ ပို၍ သနားလာေတာ့သည်။

“ပိုင်မျိုးနွယ်စုက မင်းအပေါ်မှာ အကြွေးတင်နေတယ်။ မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ မင်းရသင့်တာကို ရအောင် လုပ်ပေးရမှာပဲ။”

” မင်းကို သတ်တဲ့သူကို ဖော်ထုတ်ဖို့တင်မကဘူး။ ငါ့မှာ တခြားရည်ရွယ်ချက်တစ်ခု ရှိသေးတယ်။ မင်းဘယ်လောက် အရည်အချင်းရှိတယ်လို့ သက်သေပြတဲ့ အချိန်မှာ မင်းအဖေရော ၊ မျိုးနွယ်စုတစ်ခုလုံးရော ဘယ်လို ဖြစ်သွားကြမလဲဆိုတာ ငါကြည့်ချင်သေးတယ်။”
သူ့မျက်လုံးများ တလက်လက်တောက်ပလျက် မီးတောက်ဖန်တီးခြင်းအလုပ်ရုံ တစ်ခုဆီသို့ ဦးတည်ကာ ရောက်သည်နှင့် တံခါးကို ပိတ်လိုက်သည်။ အပြင်ဘက်တွင် ပရိတ်သတ်သည် မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေကြလေသည်။

အဖြစ်အပျက်သည် မျိုးနွယ်စုအကြီးအကဲများကိုပါ ဆွဲဆောင်လိုက်ရာ အိမ်ထဲမှ ထွက်ကာ မည်သို့ ဖြစ်မည်ကို ကိုယ်တိုင်ကိုယ်ကျကြည့်ရန် ထွက်လာကြလေသည်။

ဤအခိုက်အတန့်တွင် ပိုင်မျိုးနွယ်စုတစ်ခုလုံးသည် ပိုင်ရှောင်ချန်း၏ စွမ်းဆောင်မှုများကြောင့် မယုံကြည်နိုင်လောက်အောင် အံ့ဩနေကြလေသည်။

မီးတောက်ဖန်တီးခြင်းအလုပ်ရုံကို သူဝင်ပြီး မကြာမီမှာပင် ခပ်လှမ်းလှမ်းမှ အလင်းတန်းရှစ်စင်း ပေါ်ထွက်လာသည်။ ခေါင်းဆောင်နေရာတွင် အမြုတေအဆင့်၏ မဟာစက်ဝန်းအဆင့်ရှိ သိသာထင်ရှားသော ပုံစံဖြင့် လူငယ်တစ်ယောက်ရှိသည်။

သူနှင့် အတူပါလာသော အဖွဲ့သည် သူသွားသည့် နေရာတိုင်းသို့ မျက်စိမှိတ်လိုက်တတ်သည့် ပိုင်မျိုးနွယ်စု လက်ရွေးစင်များ ဖြစ်ကြသည်။ ထိုအဖွဲ့ရောက်လာခြင်းသည် လူအုပ်ကို နောက်တစ်ခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြန်သည်။

” ပိုင်ချီ ”

” တိုက်ရိုက် မျိုးဆက်ရဲ့ လက်ရွေးစင်၊ ပိုင်မျိုးနွယ်စုရဲ့ အဖိုးတန်သားရတနာလို့ တရားဝင်သတ်မှတ်ထားတဲ့၊ ပိုင်ချီ ”

” စိတ်ဝင်စားစရာတော့ကောင်းနေပြီ။ သူနဲ့ ပိုင်ဟောက်က တကယ်တော့ အဖေတူအမေကွဲ ညီအစ်ကိုတွေလေ။”
ထိုနေရာရှိ မျိုးနွယ်စုဝင်များနှင့် အစေခံများသည် မျက်လုံးများ တလက်လက်တောက်ပလျက် ကြည့်နေကြပြီးရောက်လာသူများအတွက် လမ်းပင် ဖယ်ပေးလိုက်ကြသည်။ အချို့မျိုးနွယ်စုဝင်များသည် ပိုင်ချီကို စိတ်အားထက်သန်စွာဖြင့် ငေးကြည့်နေကြလေသည်။ သူတို့အတွက် ပိုင်ချီသည် သူ့မျိုးဆက်တွင် နံပါတ်တစ် လက်ရွေးစင်ဖြစ်ပြီး သူ့မျိုးနွယ်စု၏ အိမ်ရှေ့စံဖြစ်သည်။

ထိုစဥ် မျိုးနွယ်စုဝင်များသည် ရှေ့တိုးကာ နှုတ်ဆက်လိုက်ကြသည်။ သို့သော် လူအုပ်ထဲမှ အချို့မှာမူ ရန်လိုစွာဖြင့် နှာခေါင်းကိုသာ မှုတ်လိုက်ကြသည်။

ထိုလူများသည် အခြားသွေးနှောမျိုးဆက်များမှ ဖြစ်သည်။ မျိုးနွယ်စုထဲမှ မတူသော မျိုးဆက်များကြားတွင် တင်းမာမှုများရှိတတ်သည်မှာ သဘာဝပင် ဖြစ်သည်။ အထူးသဖြင့် လက်ရွေးစင်အဖွဲ့ဝင်များ ပြိုင်ပွဲတွင် ဖြစ်သည်။

ပိုင်ချီသည် နှုတ်ဆက်နေကြသော မျိုးနွယ်စုဝင်များကို ခေါင်းညိတ်ပြလိုက်ပြီး လူပေါင်းရာချီကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
” ဒီနားမှာ လူတွေ အတော်များနေပါလား။ တစ်ခုခုဖြစ်နေတယ်လို့ ကြားတာ။ ဘာများပါလိမ့်။ ”

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိသော်လည်း အမှန်တကယ်တွင် သူ အလွန်တရာ ဒေါသထွက်လျက်ရှိသည်။

ပိုင်ချီကို လေးစားမှန်း သိသာသည့် မျိုးနွယ်စုဝင်များထဲမှ လူငယ်တစ်ယောက်သည် ရှေ့ထွက်လာပြီး လေးစားစွာဖြင့် ပြောလိုက်သည်။
” အိမ်ရှေ့မင်းသားခင်ဗျာ၊ ဒီနေရာမှာ လူတွေ ဘာလို့ စုနေရတာလဲဆိုတော့ ပိုင်ဟောက်က အခြားပြိုင်ပွဲနှစ်ခုလုံးမှာ ပထမနေရာ ရသွားလို့ ဖြစ်ပါတယ်။ အခု သူက မီးတောက်ဖန်တီးခြင်းပြိုင်ပွဲကို ရောက်လာလို့ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ဖို့ လာခဲ့ကြတာပါ။”

” အိုး၊ ပိုင်ဟောက်၊ ဟုတ်လား။ ငါ့ရဲ့ အသုံးမကျတဲ့ ညီငယ်လေးက လူတွေရဲ့ အာရုံကို တော်တော်ဆွဲဆောင်လိုက်တာပဲ။ ကောင်းပြီ။ သူ့ရဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါလည်း သူ့ကို ဂုဏ်ပြုပေးဖို့ စောင့်နေရမယ်ထင်တယ်။”
သူ့ နှုတ်မှ ဤစကားများ ထွက်လာသည်တွင် ထိုနေရာရှိ အခြားလူများ၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အားလုံးသည် ပိုင်ချီနှင့် ပိုင်ဟောက်ကြားရှိ ဆက်ဆံရေးကို ကောင်းစွာ သတိထားမိကြသည်မှာ အသိသာကြီးဖြစ်သည်။

ထိုအချိန်မှာပင် ပိုင်ဟောက်၏ အမည်သည် ရုတ်တရက် ကျောက်တိုင်ထက်တွင် ဘေးမှ ခုနစ်ရောင်ခြယ်မီးတောက် ဟူသော စကားလုံးများနှင့်အတူ ပထမနေရာ၌ ပေါ်လာခဲ့သည်။

ပိုင်ရှောင်ချန်းသည် သူ၏ အောင်မြင်မှုကို ခုနစ်ရောင်ခြယ်မီးတောက်တွင် ကန့်သတ်ထားရန် ဂရုစိုက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပိုင်ဟောက်သည် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်ရာ လူအများ အာရုံစိုက်အောင် လုပ်လိုသော်လည်း သဘာဝမကျအောင် မလုပ်လိုပေ။ မဟုတ်လျှင် ဒုက္ခရောက်သွားနိုင်သည်။

အောက်လမ်းဆရာသခင် အဆင့်ဖြစ်သော ခုနစ်ရောင်ခြယ်မီးတောက်အဆင့်တွင် ကန့်သတ်ထားသည်။ အောက်လမ်းဆရာသခင်များသည် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကြားတွင် ရှားပါးပြီး ပေါ်ထွက်လာလျှင်လည်း သရဲကြီးမြို့မှာ ဖြစ်သည့်တိုင်လှုပ်လှုပ်ရှားရှား ဖြစ်သွားစေနိုင်သည်။

” ခုနစ်ရောင်ခြယ်မီးတောက် ”

“ဒီပိုင်ဟောက်၊ သူ…သူက တကယ်တော့ အောက်လမ်းဆရာသခင်တစ်ယောက်ပေါ့။”

“ဘုရားရေ၊ ဒါ ဖြစ်ကော ဖြစ်နိုင်ရဲ့လား။ အမြုတေအဆင့် မျိုးနွယ်စု အကြီးအကဲတွေတောင် အောက်လမ်းဆရာသခင် မဖြစ်သေးဘူးလေ။”

တိုက်ရိုက် မျိုးဆက်သွေးများ၊ သွေးနှောမျိုးဆက်ဝင်များ အပါအဝင် လူအုပ်ထဲမှ လူများသည် ရူးတော့မတတ် ဖြစ်သွားကြသည်။ လာရောက်ကြည့်ရှုကြသော မျိုးနွယ်စု အကြီးအကဲများသည် သိသိသာသာ လှုပ်ရှားသွားကြသည်။

ပိုင်ချီ၏ မျက်နှာသည် အမူအရာ ကင်းမဲ့နေသော်လည်း စိတ်ထဲ၌မူ အလွန် ဒေါသထွက်လျက်ရှိသည်။ သူ့မျက်လုံးထဲမှ တင်းမာသော အရိပ်အယောင်များကိုပင် တွေ့နေရသည်။

လူအုပ်သည် လှုပ်လှုပ်ရှားရှား ဖြစ်နေဆဲတွင် ပိုင်ရှောင်ချန်းသည် မီးတောက်ဖန်တီးခြင်းအလုပ်ရုံထဲမှ ထွက်လာပြီး ကြားနေရသည်များကြောင့် အလွန် ကျေနပ်နေသည်။ ဤအချိန်တွင် သူ၏ လူထုအာရုံကို ဆွဲဆောင်မည့် ရည်ရွယ်ချက်သည် အောင်မြင်သွားပြီဖြစ်ကြောင်း အတော်လေး သေချာသွားသည်။ ယခု သူသည် ပြိုင်ပွဲအားလုံးတွင် ပထမရထားရာ ပိုင်ဟောက်သေဆုံးမှုအတွက် တာဝန်ရှိသူသည် သူတို့၏ အစီအစဥ်များကို ရှေ့ဆက်တိုးမည်မှာ သေချာသလောက် ရှိပေသည်။ ထို့ပြင် မျိုးနွယ်စုခေါင်းဆောင်သည် ဤကိစ္စရပ်တစ်ခုလုံးအတွက် မည်သို့ ခံစားရသည်ကို မကြာမီ တွေ့ရမည်ဖြစ်သည်။

သူ အပြင်ထွက်လာသည့် အချိန်မှာပင် အကြည့်များစွာက သူ့အပေါ်ကျရောက်လာသည်။ မနာလိုမှုများ၊ ဝေခွဲမရမှုများ၊ အံ့ဩမှုများနှင့် အခြားခံစားချက်အမျိုးမျိုး ပါဝင်နေသည့် အကြည့်များ ဖြစ်သည်။ ပိုင်ချီအတွက်မူ သူ၏ မျက်လုံးများသည် အေးစက်ကာ မနှစ်မြို့မှုများဖြင့် ပြည့်နှက်နေသည်။

ပိုင်ရှောင်ချန်းက ပိုင်ချီကို အလျင်အမြန် သတိပြုမိသွားသည်။ ပိုင်ဟောက်၏ အစ်ကိုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် အမူအရာကို အခြေခံ၍ အလွယ်တကူ ခွဲခြားနိုင်သည်။

“အဲဒီတော့ ဒါက ပိုင်ချီပေါ့၊ ဟမ် ”
သူက ရပ်ကာ မျက်လုံးများ ကျဥ်းမြောင်းသည်အထိ စူးစိုက်ကြည့်ရင်း တွေးလိုက်သည်။

လူအားလုံးက ဖြစ်ပျက်နေသည်များကို မြင်တွေ့ရပြီး မကြာမီမှာပင် ငြိမ်ကျသွားသည်။ သွေးနှောမျိုးဆက်မှ လူအများအပြားသည် ညီအစ်ကိုနှစ်ယောက်ကြားတွင် မည်သို့ဆက်ဖြစ်မည်ကို သိချင်စိတ်ဖြင့် ကြည့်နေကြလေသည်။

ပိုင်ချီက လှည့်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ကိုယ့်ဘာသာ ဂုဏ်ယူနေတာလား။”

သူ၏ ကျင့်ကြံခြင်းအခြေခံသည် အမြုတေအဆင့် မဟာစက်ဝန်းတွင် ရှိပြီး သူ့အသံက မိုးကြိုးသွားအလား ဟိန်းထွက်လာရာ လူထုကို ဖိအားများ သိသိသာသာ သက်ရောက်စေသည်။ လူအတော်များများသည် နောက်သို့ပင် အနည်းငယ် ဆုတ်လိုက်ကြသည်။

“ပြိုင်ပွဲ၃ခုလုံးမှာ ပထမရတယ်ဆိုတာ အတော်ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စပဲ ” သူက ဆက်ပြောသည်။
“ငါမင်းကို ပေးပါ့မယ် ”
ပိုင်ချီသည် ဂုဏ်ပြုစကား ပြောကြားနေသည့်ပုံ ပေါ်သော်လည်း သူ့လေသံမှ အေးစက်မှုသည် လုံးဝ ဂုဏ်ပြုသည့်ဟန် မပေါ်ချေ။

ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် ပိုင်ချီကို စိုက်ကြည့်နေရာ တဖျပ်ဖျပ်တောက်နေပြီးသူ့စကားဆုံးသည်ထိ စောင့်နေလိုက်သည်။ သူပြောသမျှသည် သူနှင့် ပိုင်ဟောင်ကြားရှိ အမှန်တကယ် ဆက်ဆံရေးကို ပေါ်လွင်စေမည်ဖြစ်သည်။

“ကံဆိုးတာကကွာ ”
ပိုင်ချီက အေးစက်စက်လေသံဖြင့် ဆက်ပြောသည်။
“မင်း လုပ်တာတွေက နည်းနည်းလွန်သွားပြီ၊ ပိုင်ဟောက်။ ဒီနေရာမှာ ရှိတဲ့ ဘယ်တစ်ယောက်မှ မင်းကို ကောင်းကောင်းသိမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းအစ်ကိုတစ်ယောက်အနေနဲ့ ငါက သိတယ်။ မင်းက ဒီလိုဟာမျိုးကို မင်းဘာသာ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။ မရိုးမသားနည်းလမ်းတွေ သုံးပြီး လိမ်ခဲ့မယ်ဆိုတာ အသိသာကြီး။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။”
ထို့နောက် ပိုင်ချီသည် ညာလက်ကို ဆန့်ထုတ်ကာ အမိန့်ပေးလည်ဆွဲတစ်ခုကို ထုတ်လိုက်ပြီး ကျောက်တိုင်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် အဆင့်ဇယားတွင် ရှိသော ပိုင်ဟောင်၏ အမည်သည် မှိန်ဖျော့ကာ ပျောက်ကွယ်သွားလေသည်။ အံ့ဩဖွယ်ကောင်းစွာ ပိုင်ချီသည် အိမ်ရှေ့မင်းသားဟူသော သူ၏ ဂုဏ်ပုဒ်ကို သုံး၍ ပိုင်ဟောက်၏ အမည်ကို အလွယ်တကူ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

အစပိုင်းတွင် နေရာရှိ လူအားလုံးသည် ထိတ်လန့်သွားပြီး နောက်ပိုင်းတွင် ဆူဆူညံညံဖြစ်သွားလေသည်။

“လိမ်တယ်”

“တွေ့လား။ ငါပြောသားပဲ။ ပိုင်ဟောက်က အမြဲတမ်း အားနည်းပြီး သူရဲဘောကြောင်တဲ့ကောင်ပါကွာ။ ရုတ်တရက် အဲဒီလိုကြီး ထူးချွန်လာစရာ အကြောင်း မရှိဘူး။ တကယ်ကျ သူက လိမ်နေတာလေ ”

“စိတ်ဝင်စားစရာတော့ ကောင်းတယ်။ အင်း၊ သူတကယ်ပဲ လိမ်တာလား၊ မဟုတ်ဘူးလားဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူးလေ။”

ထိုအချိန်တွင် ပိုင်ချီသည် ပိုင်ရှောင်ချန်းကို အေးစက်စွာ ကြည့်နေကာ မျက်လုံးထဲရှိ အထင်သေး၊ နှိမ့်ချမှုများကို အထင်းသား မြင်နိုင်လေသည်။

သူ့အကြည့်များက ပိုင်ရှောင်ချန်း မည်သည့်အရာကို လုပ်သည်ဖြစ်ပါစေ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် လုပ်ထားသမျှ တစ်ခုမှ မကျန်အောင် ဖျက်ပစ်နိုင်ကြောင်း ပြောနေသည့်အလား။


Comment

Leave a Reply


Options

not work with dark mode
Reset