Switch Mode

အခန်း ( ၅၈၆ )

သူသေတာ မြင်ချင်တယ်

” ပိုင်ဟောက်က သူ့ရဲ့ မီးဖန်တီးတဲ့နေရာမှာ ကြောက်ဖို့ကောင်းအောက်လောက်အောင် ထူးချွန်တဲ့ အရည်အချင်းတွေကို မတော်တဆ ထုတ်ပြမိခဲ့လို့ တစ်ယောက်ယောက်က မနာလိုဖြစ်သွားတာဖြစ်ရမယ်။ အဲဒါကြောင့် အသတ်ခံလိုက်ရတာ ”

” သူသေရတာ သခင်မချိုင်ရဲ့ စနက်မကင်းဘူးဆိုတာ ငါလောင်းရဲတယ်။ ဒါပေမဲ့ ငါသိချင်နေတာတစ်ခုတော့ရှိသေးတယ်။ ပိုင်ဟောက်ရဲ့အဖေကရော သူ့သားဒီလောက်တော်နေတာကိုသိရင် အရင်လိုထပ်ပြီး ဆက်ဆံဦးမလား ဆိုတာပဲ။ သူ့လိုမျိုးသားကို အောက်လမ်းဆရာမျိုးနွယ်စုတစ်ခုက သားရတနာတစ်ယောက်လို့ သတ်မှတ်ရမှာမလား ”

” ပိုင်ဟောက်ရေ၊ မင်းရဲ့အဖေကို မင်းဘယ်လောက်ပါရမီပါကြောင်း ပြောခဲ့မိလေသလား။ မပြောခဲ့ဘူးဆိုရင်တော့ အဖြေကို ငါအတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ မင်းရေးခဲ့တဲ့ မှတ်စုတွေအရဆိုရင် မင်းရဲ့အဖေကို မင်းကအမှန်အတိုင်း ပြောချင်နေတဲ့ပုံပဲ။ သူ့ကို ဆယ့်ငါးရောင်ခြယ်မီးတောက် ဖော်စပ်နည်းကိုပါပေးဖို့ မင်းကရည်ရွယ်ထားတာမလား ”

” မင်းရဲ့အဖေကို ပြောခဲ့တာတောင်မှ အသတ်ခံခဲ့ရတာဆိုရင်တော့ ကိစ္စက တော်တော်ရှုပ်သွားပြီ ”
ပိုင်ရှောင်ချန်းက ထိုအကြောင်းကို မတွေးလိုပါသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်၍မရပေ။ ဆက်၍တွေးတောကာအဖြေရှာရင်း သူ၏စိတ်နှလုံးထဲတွင် ဝမ်းနည်းမှုများဖြင့် ဆို့တက်လာတော့သည်။ မိမိဖခင်၏ အသိမှတ်ပြုခြင်းကိုသာ ခံလိုသည့် သားတစ်ယောက်ဖြစ်သော ပိုင်ဟောက်အတွက် သူက စိတ်မကောင်းဖြစ်နေတော့သည်။ သူက သက်ပြင်းသာချနိုင်တော့သည်။

” ပိုင်ဟောက်ရေ။ အခွင့်သာကြုံလို့ကတော့ မင်းအတွက် လက်စားချေပေးဖို့ ငါကတိပေးတယ်ကွာ။ အခုလောလောဆယ်တော့ မင်းရဲ့ မီးဖော်စပ်နည်းတွေကို ငါလိုနေတာ။ ပြီးတော့ ငါက သူများတွေကို အမြတ်ထုတ် အခွင့်ကောင်းယူတတ်တဲ့လူတစ်ယောက် မဟုတ်ဘူးကွ။ မင်းအသက်မရှိတော့ပဲ မြေအောက်ကမ္ဘာထဲရောက်နေလောက်ပြီဖြစ်ပေမဲ့ မင်းကို ငါ့တပည့်အဖြစ် ခန့်အပ်လိုက်မယ်ကွာ ”

” ငါ့မှာ တပည့်တစ်ယောက်မှ မရှိဖူးဘူးဆိုတော့ မင်းကပထမဆုံးပဲ။ ကံတရားပဲ ထင်ပါရဲ့ကွာ။ ငါတို့နှစ်ယောက်ကို ရှင်သန်ခြင်းနဲ့ သေခြင်းဆိုတဲ့ စည်းမျဥ်းကြီးခြားထားပေမဲ့ ငါမင်းရဲ့ ဆရာဖြစ်လို့ရပါသေးတယ်။ ”
ပိုင်ရှောင်ချန်းသည် တစ်ဖက်တွင်မူ ပိုင်ဟောက်ကြုံတွေ့ခဲ့ရသည့် အရာများအတွက် စိတ်မကောင်းဖြစ်နေပြီး အခြားတစ်ဖက်တွင်မူ ပိုင်ဟောက်၏ ပုံရိပ်ကိုသုံးကာ သူစမ်းသပ်ခဲ့သည့် အလုပ်များကို ခြေရာခံလိုက်ရန် ပြင်နေတော့သည်။

” အခုကစပြီး မင်းကငါ့ရဲ့ တပည့်ဖြစ်သွားပြီ။ ငါမင်းကိုသတ်တဲ့လူကို သေချာပေါက်ရှာပေးမယ်။ ” ပိုင်ရှောင်ချန်းမှာ ဤပြဿနာများကို တွေးတောသုံးသပ်ရင်း သူ၏မျက်ဝန်းထဲရှိ ဒေါသမီးများမှာ ပို၍တောက်လောင်လာပြီး ပိုင်မျိုးနွယ်စုအပေါ်ထားရှိသည့် သူ၏သဘောထားမှာလည်း ယခင်ကထက်ပင် ပို၍ဆိုးဝါးသွားတော့သည်။

သူကမေးကိုငေါ့ကာ အေးစက်စက်ရေရွတ်လိုက်တော့သည်။
” ငါပိုပြီး မြောက်ကြွကြွနေလေလေ သူတို့ငါ့ကိုမြန်မြန်သတ်ဖို့ ပိုကြိုးစားလေလေပဲ ”

သူ့ကိုယ်သူ အန္တရာယ်တွင်းထဲသို့ ပို့နေသည်ဖြစ်ကြောင်း သူကသိသော်လည်း ယခုတွင် သူသည်ပိုင်ဟောက်၏ ဆရာဖြစ်သွားပြီ ဖြစ်၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ ထို့အပြင် သူ့တွင်အားထားစရာ ဝိညာဥ်သိုလှောင်စေတီ ရှိနေသေးသည် မဟုတ်ပါလော။

” ခေါင်းခဲစရာပဲ။ ငါက ကြွားကြွားဝါဝါနေတတ်တဲ့ လူမျိုးမဟုတ်ပါဘူးဆိုနေမှ အခုလည်း ထပ်ပြီး နေရလိမ့်ဦးမယ်။ ”
သူက ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်ပြီး မေးခွန်းအချို့ကို လိုက်လံမေးမြန်းလိုက်တော့သည်။

ခဏအကြာတွင် ပိုင်မျိုးနွယ်စုဝင်များ ယှဥ်ပြိုင်လေ့ရှိသည့် နတ်မီးလျှံစမ်းသပ်ပွဲအချို့၏ နေရာများကို သူက သိသွားတော့သည်။ မျိုးနွယ်စုတိုင်းတွင် ထိုသို့သောနေရာများ ရှိသည်။ ပိုင်မျိုးနွယ်စုတွင်မူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၊ မီးတောက်ဖန်တီးခြင်းနှင့် ဝိညာဥ်ဆေးဖော်စပ်ခြင်းတို့ကို ယှဥ်ပြိုင်နိုင်သည့် အထူးစမ်းသပ်ပွဲများ ရှိသည်။

မိမိရရှိသည့် အဆင့်အလိုက် ရယူနိုင်သည့် ဆုလာဒ်များရှိသော်လည်း ပိုင်ရှောင်ချန်းက ထိုအရာများကို ခေါင်းထဲမထည့်ပေ။ သူ၏ဘဝတစ်လျှောက်တွင် ကြုံတွေ့ကာ ပတ်သတ်ခဲ့ဖူးသည့် ဂိုဏ်းများစွာရှိသဖြင့် ဤသို့သော အစီအစဥ်များကို သူကရင်းနှီးပြီးသားဖြစ်သည်။

” ကောင်းပြီ ”
သူက ခေါင်းကိုခါယမ်းက တွေးလိုက်သည်။
” ကြည့်ရတာ အဆင့်တွေကို အရင်ကြည့်ရမဲ့ပုံပဲ ” ရွှေအမြုတေအဆင့်မဟာစက်ဝန်းတွင် ရောက်နေသည်ဖြစ်ပါသော်လည်း အခြေခိုင်မာခြင်းအဆင့်မှ ကလေးတစ်သိုက်ကို သင်ခန်းစာပြရမည်မှာ သူ့အတွက် တစ်နည်းတစ်ဖုံနှင့်တော့ ပျော်စရာကောင်းနေသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း စမ်းသပ်ပွဲဆီသို့ ဦးတည်သွားလိုက်တော့သည်။

ခဏအကြာတွင် သူသည် ပိုင်မျိုးနွယ်စု၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အဆင့်များကို ဖော်ပြထားသည့် ကျောက်တိုင်ကြီးရှေ့သို့ ရောက်သွားတော့သည်။ ထိုကျောက်တိုင်ကြီး ပတ်ပတ်လည်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပြုလုပ်နိုင်သည့် အလုပ်ရုံများရှိသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့်များစာရင်းနှင့် ယှဥ်လိုက်ပါက ဤအဆင့်သတ်မှတ်သည့်စာရင်းမှာ သေးငယ်နေသည်။ သို့သော် ပိုင်ရှောင်ချန်းက ထိုအချက်ကို ဂရုမစိုက်ပေ။ စမ်းသပ်ပွဲတွင် ပါဝင်ရန်နှင့် လာရောက်ကြည့်ရှုကြရန် ရောက်နေကြသည့် လူအနည်းငယ်ပင်ရှိနေသည်။

” ငါ ဘယ့်သူ့ကိုမှ အနိုင်ကျင့်ချင်တာမဟုတ်ပါဘူးကွာ ” သူက စိတ်ထဲတွင် တွေးလိုက်သည်။
” လူသတ်သမားကို မျှားခေါ်ချင်လို့ပါ ”
ထို့နောက် သူကချောင်းဟန့်လိုက်ပြီး ဘေးဘီဝဲယာကို တစ်ခဏမျှကြည့်လိုက်ကာ စိတ်စွမ်းအင်အဆင့်မြှင့်တင်သည့် အလုပ်ရုံတစ်ရုံကို ရွေးချယ်လိုက်သည်။

ပိုင်ရှောင်ချန်းသည် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဥ်ပြိုင်နေရသည်ဖြစ်ရာ မည်သို့ဆက်ဖြစ်မည်ကို မေးခွန်းထုတ်ရန်ပင် မလိုပေ။ ကျောက်တိုင်ကြီးမှာ ချက်ချင်းပင် တောက်ပလာပြီး ပိုင်ဟောက်၏ နာမည်မှာ စာရင်းတွင်ပေါ်လာတော့သည်။ အစပိုင်းတွင် ထိပ်ဆုံးအယောက်တစ်ရာထဲမှာ မရှိသော်လည်း အလျင်အမြန်ပင် ထိုးတက်သွားသည်။ ခဏအကြာတွင် ထိပ်ဆုံးအယောက်သုံးဆယ်ထဲသို့ရောက်သွားပြီးနောက် အဆင့်တစ် နေရာအထိ ခုန်တက်သွားတော့သည်။

ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသဖြင့် သတိထားမိလိုက်သူ အများကြီး မရှိပေ။ ထို့နောက် ကျောက်တိုင်ကြီးဆီမှ အလင်းတန်းတစ်ခု တောက်ပစွာပေါ်ထွက်လာသဖြင့် လူများမှာ ပင့်သက်ရှိုက်သံများနှင့်အတူ လှမ်းကြည့်လိုက်ကြတော့သည်။

” ပိုင်ဟောက်က နံပါတ်တစ်နေရာ ရောက်သွားတာ ဟုတ်လား။ အဲဒါဆို အဆင့်ခုနစ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင် လိုက်တာပေါ့ ”

” ဘုရားရေ၊ အမြန်နှုန်းက မ…မယုံနိုင်စရာပဲ ”

” ဒီ ပိုင်ဟောက်ဆိုတာ မျိုးမစစ်သားမလား။ ဘယ်လိုနည်းနဲ့များ ဒီလောက်မြန်မြန်ကြီး စွမ်းအားကြီးလာရတာလဲ ”

” ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပိုင်ချီ အခြေခိုင်မာခြင်းအဆင့်မှာ ရှိခဲ့တုံးကတောင် အများဆုံး အဆင့်ခြောက်အထိပဲ လုပ်နိုင်ခဲ့တာလေ။ ပိုင်ဟောက်က အဆင့်ခုနစ်အထိ လုပ်နိုင်တာ ငါ့ဖြင့်မယုံနိုင်ဘူး ”

လူအုပ်ကြီးမှာ ဆူဆူညံညံ ဖြစ်နေကြစဥ် ပိုင်ရှောင်ချန်းမှာ ချောင်းဟန့်ကာ စိတ်စွမ်းအင်အဆင့်မြှင့်တင်သည့် အလုပ်ရုံထဲမှ ထွက်လာတော့သည်။ သူ့ကို တအံ့တသြကြည့်နေကြသည့် အကြည့်များကြောင့် သူက ကျေနပ်နေတော့သည်။

” ဟွန်း။ ဒါ ငါ့အတွက်လုပ်နေတာမဟုတ်ဘူး။ ငါ့တပည့်ကို လေးစားကြည်ညိုခြင်းဆိုတဲ့ အရာ ပြချင်လို့ကွ “
ပိုင်ရှောင်ချန်းမှာ ရွှေအမြုတေအဆင့်မဟာစက်ဝန်းတွင် ရှိနေသော်လည်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဥ်ပြိုင်ရသည်ကို ရှက်ရွံ့နေရလောက်အောင်ထိ လွန်လွန်ကျူးကျူး မလုပ်ခဲ့ပေ။

သို့သော်လည်း သူသည် မေးကိုငေါ့ကာ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး နောက်ထပ်စမ်းသပ်ပွဲတစ်ခုဆီသို့ လျှောက်သွားလိုက်တော့သည်။

ဝိညာဥ်ဆေးဝါးစမ်းသပ်ပွဲတွင်မူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း စမ်းသပ်ပွဲတုံးကထက် လူပိုများသည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရသည်မှာ အလွန်ခက်ခဲသည့် အရာတစ်ခုမဟုတ်ပါလော။ သူတို့နှစ်ခုကို နှိုင်းယှဥ်ကြည့်လိုက်မည်ဆိုပါက ဝိညာဥ်ဆေးဝါးများဖော်စပ်ရသည်မှာ ပို၍လွယ်ကူသည်။ ထို့အပြင် ပိုင်မျိုးနွယ်စုမှာ အောက်လမ်းဆရာမျိုးနွယ်စုတစ်စု ဖြစ်သဖြင့် ထိုနေရာတွင် အထူးကျွမ်းကျင်ပေသည်။

ဤအဆင့်စာရင်းထဲရှိ ထိပ်ဆုံးကလူမှာ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း အဆင့်နိမ့် ဝိညာဥ်ဆေး နှစ်ဆယ့်ခုနစ်ပုလင်းကို ဖော်စပ်နိုင်ခဲ့သည်။ ထိုအချက်ကို မြင်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်များတက်ကြွသွားပြီး ဝိညာဥ်ဆေးဖော်စပ်သည့်အလုပ်ရုံတစ်ရုံကို ရွေးချယ်လိုက်တော့သည်။

မကြာမီ ယခင်ကအတိုင်း တစ်ပုံစံထဲ ဖြစ်သွားပြန်သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်ဆုံးသွားပြီးနောက် ဝိညာဥ်ဆေးဖော်စပ်သည့် အဆင့်စာရင်း၏ နံပါတ်တစ် နေရာတွင် ပိုင်ဟောက်၏နာမည် ပေါ်လာတော့သည်။

ထို့အပြင် သူသည် အဆင့်နိမ့်ဝိညာဥ်ဆေးဝါး ပုလင်းငါးဆယ်တိတိ ဖော်စပ်နိုင်ခဲ့သည်။

ထိုအချက်မှာ အလွန်အံ့သြဖွယ်ရာပင်ဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့်တွင် ရှိသော လူတစ်ယောက်က ထိုသို့စွမ်းဆောင်နိုင်သည်မှာ အလွန်အာရုံဖမ်းစားနိုင်သည့်အရာတစ်ခုဖြစ်သည်။ မျိုးနွယ်စုမှ အခြားအဖွဲ့ဝင်များက ထိုအရာကို မြင်လိုက်ရသောအခါ မယုံမကြည်နိုင်သည့် အော်ဟစ်သံများ ပေါ်ထွက်လာကြတော့သည်။

” ပထမနေရာက ပုလင်းငါးဆယ်ဆိုပါလား ”

” မဖြစ်နိုင်တာ။ ပိုင်ဟောက်ဆိုတဲ့ကောင်ကို ငါသိတယ်။ သူက ကလေကချေပါကွာ။ ဘယ်လိုများ သူနံပါတ်တစ်နေရာအထိ ရောက်သွားပါလိမ့် ”

” အစွယ်ပြမှ ကျားမှန်းသိ ဆိုတဲ့ ဆိုရိုးစကားတောင် ရှိသေးတယ်မလား ”

ပိုင်ရှောင်ချန်းမှာ အပြင်သို့ထွက်လာသောအခါ ထိုစကားများကို ကြားလိုက်သဖြင့် ချက်ချင်းပင် ကျေနပ်သွားတော့သည်။

” ဟောက်အာရေ ” သူက ရေရွတ်လိုက်သည်။
” မင်းရဲ့ ဝိညာဥ်သာ ဒီမြင်ကွင်းကို မြင်နေနိုင်မယ်ဆိုရင်တောင် ဆရာ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ မပူပါနဲ့။ အရာအားလုံးကို ဆရာဖြေရှင်းပေးမယ် ”
ပိုင်ရှောင်ချန်းက ထိုသို့ရေရွတ်ကာ မီးတောက်ဖန်တီးသည့် စမ်းသပ်ပွဲဆီသို့ သွားလိုက်ပြန်သည်။

ပိုင်ဟောက်၏ နာမည်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အဆင့်စာရင်း၏ ထိပ်ဆုံးသို့ ရောက်သွားသည့် သတင်းများမှာ မျိုးနွယ်စုတစ်ခုလုံးသို့ လျင်မြန်စွာပင် ပျံ့နှံ့သွားတော့သည်။ မကြာမီတွင် မျိုးနွယ်စုတစ်ခုလုံးက ထိုအကြောင်းကိုပြောနေကြပြီဖြစ်သဖြင့် သခင်မချိုင်လည်း ထိုကိစ္စကိုသိသွားတော့သည်။ အရှေ့ပိုင်း ရပ်ကွက်ရှိ စေတီတော်ကြီး၏ အောက်ခြေ တစ်ဝိုက်တွင် ခမ်းနားကြီးကျယ်လှသည့် စံအိမ်ကြီးများနှင့် ပြည့်နှက်နေသည်။ ထိုစံအိမ်ထဲတွင် သခင်မချိုင်မှာ သတ်ဖြတ်လိုစိတ်များတောက်ပနေသည့် မျက်ဝန်းများဖြင့် ပန်းအိုးတစ်လုံးကို မြေကြီးပေါ်သို့ ရိုက်ခွဲလိုက်တော့သည်။
” သူ့ကိုသတ်။ ငါတို့ သူ့ကိုသတ်ရမယ်။ သူနာမည် ရလာလို့မဖြစ်ဘူး ”

သူမ၏ရှေ့တွင် လူငယ်တစ်ယောက်မှာ တင်းမာသောမျက်နှာထားဖြင့် ရပ်နေသည်။ သူသည် သူမအတိုင်း တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသည်ဖြစ်ပြီး အလွန် ယောက်ျားပီသသည်။ ထိုသူမှာ ပိုင်ဟောက်၏ အစ်ကို ပိုင်ချီသာဖြစ်သည်။ ပန်းအိုးကွဲစများက ငုံ့ကြည့်ပြီး သတ်ဖြတ်လိုစိတ်များဖြင့် မွှန်ထူနေသည့် သူ၏အမေကိုပြန်မော့ကြည့်လိုက်ကာ ဆိုလိုက်သည်။ ” အမေရယ်။ စိတ်ထိန်းပါ။ သူက မျိုးမစစ်သားပဲကို။ ဘာမှ စိတ်ပူနေစရာမလိုပါဘူး ”

သခင်မချိုင်ကမူ သူ၏သားကိုမော့ကြည့်ကာ ဒေါသတကြီး ဆိုလိုက်သည်။
” တခြားလူတွေက အမှန်အတိုင်းသိချင်မှ သိမယ်။ ဒါပေမဲ့ မင်းကတော့ သေချာသိမှာပါ။ မီးတောက်ဖန်တီးတဲ့နေရာမှာ သူပါရမီအများကြီးပါတာကို မင်း မသိဘူးလား။ မင်းရဲ့အဖေသာ သူ့ပါရမီတွေကို သိသွားရင် မင်းအတွက် အန္တရာယ်ရှိလာနိုင်တယ်။ အဲဒီကောင်လေး သေကိုသေမှရမှာ။ ”

သခင်မချိုင်က စိတ်ပျက်လက်ပျက် အံကိုကြိတ်နေစဥ် ပိုင်ချီက ရယ်မောလိုက်သည်။
” အမေက အတွေးလွန်နေတာပါဗျာ။ သူ့ကိုသတ်ဖို့ အမေ လူတွေလွှတ်ခဲ့တဲ့ နောက်ဆုံးအခေါက်တုံးက အဲဒီအကြံက မပိရိလိုက်ဘူးဗျ။ အဖေက မျိုးနွယ်စုအကြီးအကဲဆိုတော့ အဲဒါကို သေချာပေါက်သိမှာပဲ။ အဲဒါတောင် သူဘာပြောလို့လဲ။ အမေ့ကို အပြစ်ပေးခဲ့လို့လား ”

ထိုစကားများကို ကြားလိုက်ရသောအခါ သခင်မချိုင်၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

” အမေရာ။ ဒီလိုအသေးအမွှားလေးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ခံစရာ မလိုဘူး။ ပိုင်ဟောက်သာ နာမည်ကျော်ကြားအောင် လုပ်ဖို့ကြံနေတယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် သူ့ကိုသင်ခန်းစာတစ်ခု၊ နှစ်ခုလောက်သွားပေးလိုက်မယ်။ ”
ထို့နောက် ပိုင်ချီက ခေါင်းယမ်းကာ ထွက်ခွာသွားတော့သည်။

သူထွက်ခွာသွားပြီးနောက် သခင်မချိုင်က ထိုအကြောင်းကိုဆက်လက်တွေးတောကာ စိတ်ထဲတွင် မကျေမချမ်းဖြစ်နေဆဲပင်။ ထို့ကြောင့် အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကိုထုတ်ကာ သတင်းတစ်ခုပို့လိုက်တော့သည်။

” သူဒီနေ့ညသေတာကို ငါမြင်ချင်တယ် ”

ထိုနေအိမ်၏ အပြင်ဘက်တွင် ပိုင်ချီ၏ နှုတ်ခမ်းများမှာ အေးစက်သော အပြုံးတစ်ပွင့်အသွင်ပြောင်းလဲသွားပြီး ပိုင်ဟောက်၏ လက်ရှိအဆင့်အနေအထားကို ဖော်ပြနေသည့် အရိုးပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် မီးတောက်ဖန်တီးသည့် စမ်းသပ်ပွဲသို့ သွားနေကြောင်းကိုသိလိုက်ရသောအခါ ပိုင်ချီက အထင်သေးသည့် မျက်နှာထားဖြင့် ထိုဘက်သို့ဦးတည်သွားတော့သည်။

” ခဏနေရင် မင်းဘယ်လောက်ကြိုးစားကြိုးစား၊ ဘာလုပ်လုပ် ငါလက်ဝါးတစ်ချက်ရိုက်လိုက်ရင် အကုန်လုံးပြာကျသွားတာကို မင်းမြင်ရစေမယ်။ “

Comment

Leave a Reply

Options

not work with dark mode
Reset