Switch Mode

Chapter 7

မှားသွားတယ်

ရဲ့လင်းချန်သည် တိုက်ရိုက်ထုတ်လွှင့်ခြင်း ချန်နယ်ထဲသို့ ပြန်ဝင်လိုက်သည့်နှင့် ချက်ချင်း နားဝေတိမ်တောင် ဖြစ်သွားရသည်။ အစောပိုင်းက ကစားပွဲက အဆုံးသတ်ရန် လိုနေသေးသည်။ ပို၍ အရေးကြီးနေသည်မှာ ပြိုင်ဘက် အသင်းက သူ့အသင်း၏ ပိုင်နက်နယ်မြေအတွင်း ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်သည်။ လုံလုံက အံကိုကြိတ်၍ ထိုသူများကို ခုခံနေရသည်။

လူနာ သတိလစ်သွားချိန်၌ သူ ကစားပွဲအတွင်း ရှုံးနိမ့်သွားခဲ့သည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်နေသော ချန်နယ်သို့ ကြည့်လိုက်သောအခါ ဒေါသတကြီး ဝိုင်းပြောနေသော စကားများနှင့် ပြည့်နှက်နေ၏။

(ယီးပဲ၊ ဝိုင်နတ်ဘုရား၊ မင်း အယုတ်တမာကောင်၊ ထွက်လာခဲ့စမ်း ခွေးသား)

(ထွက်သွားစမ်း ခွေးသားလေး)

(ငါ လန့်သွားတယ်၊ ထုတ်လွှင့်သူ တစ်ချို့က ကစားနေတုန်းကြီး ထွက်သွားတာတောင် ထောင်ချီတဲ့ ပရိသတ်တွေ ရနေတုန်းပဲ၊ ချီးကျူးစရာပဲ)

(မင်း ငါ့နတ်သမီးလေးကို ငိုအောင်လုပ်တယ်၊ မင်း လူယုတ်မာ)

ရဲ့လင်းချန် ဆွံ့အသွားပြီး မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်သည်။

“အဟမ်း အဟမ်း … ဟဲလို၊ ကိုယ့်လူတို့ ကျုပ် ခုနက ကိစ္စတစ်ခု ပေါ်လာလို့ တောင်းပန်ပါတယ်”

(ယီးပဲ၊ မင်း ပြန်လာရဲသေးတာလား၊ မြေယိုးလေး၊ ညီအစ်ကိုတို့ သူ့ကို ဆော်ရအောင်)

(ဟဲဟဲ … ဒီလိုလူစားမျိုးကို ငါ နာမည်စာရင်း သွင်းထားတာကနေ ပြန်ဖယ်လိုက်ပြီကွ)

(သူ့ကို ကြက်ဥတွေနဲ့ ဝိုင်းပေါက်ပြီး မြန်မြန်ဝိုင်းဆော်ရအောင်)

ရဲ့လင်းချန် ပေါ်လာသည်နှင့် ချန်နယ်အတွင်း ပိုမို၍ ဆူညံပွက်လောရိုက်လာ၏။ ဒေါသတကြီး ပြောသော စကားများကလည်း ပိုကြမ်းတမ်းလာသည်။

အသံ စကားပြောခန်းတွင်း၌ လုံလုံက လိုင်းမပိတ်ရသေးပေ။ သူမဘက်က တိတ်ဆိတ်နေရသည့် အကြောင်းရင်းမှာ ရဲ့လင်းချန် သူမအား ဖြေရှင်းချက် ပေးလာသည်ကို စောင့်နေခြင်း ဖြစ်လေသည်။

“လုံလုံ၊ မင်း ရှိသေးလား”

ရဲ့လင်းချန် ညင်သာစွာ မေးလိုက်သည်။

“ဟွန့်”

အချိန်အတော်ကြာပြီးမှ တစ်ဖက်မှ နှာမှုတ်သံနှင့်အတူ စကားပြောသံ ထွက်လာသည်။

“ဝိုင်နတ်ဘုရား၊ နင် ဘယ်တွေသွားနေတာလဲ”

သူမအသံက ငိုထားသဖြင့် အက်သံပေါ်နေသည်။

*သူ တကယ် ငိုထားတာလား*

ရဲ့လင်းချန်၏ ယောကျ်ားဗီဇက ချက်ချင်း ပေါ်လာပြီး ထွေထွေထူးထူး စဉ်းစားမနေဘဲ မေးချလိုက်သည်။

“မင်း ခုနက ငါ့အတွက် ငိုနေတာလား”

“ဖွီ”

လုံလုံက တုံ့ဆိုင်းမနေဘဲ စက်ဆုပ်ဟန်ဖြင့် အာမေဋိတ် ပြုလိုက်သည်။

“ငါ နင့်အတွက် ငိုမယ့်အစား ဝက်တစ်ကောင်အတွက်ပဲ ငိုလိုက်မယ်”

သူမ အမှန်တကယ် ငိုခဲ့ပါသည်။ ကစားပွဲ အခြေအနေက ရဲ့လင်းချန် ထွက်သွားသည်နှင့် ချက်ချင်း ထိုးကျသွားသည်။ ထို့အတူ သူမက အကောင့်အသစ်ကို သုံးနေသောကြောင့် အဖွင့် လေးပွဲလုံး ရှုံးလိမ့်မည်ဟု ထင်မထားမိပါ။ ဤပွဲများက သူမ၏ ဂိမ်းကစားသည့် သမိုင်းတစ်လျောက် အဆိုးရွားဆုံး အဖွင့်ကစားပွဲများပင်။ သူမ စိတ်ထိခိုက်၍ စော်ကားခံရသည်ဟု မခံစားဘဲ မနေနိုင်လောက်အောင် ဖြစ်သွားရသည်။

ထို့အပြင် ရဲ့လင်းချန် ထွက်သွားကတည်းက သူမ သူ့ထံမှ ဘာအသံမှ မကြားခဲ့ရပေ။ အစောပိုင်းက စကားပွဲကြောင့် ရဲ့လင်းချန် ဒေါသထွက်ကာ ဤသို့ လုပ်လေသလားဟု သူမ သိချင်လာမိသည်။ သူမ၏ အတွေးများကြားထဲ၌ သူမ ပိုပို၍ စိတ်ထိခိုက်ကာ စော်ကားခံရသလို ခံစားလာရသည်။ မျက်ရည်များက ထိန်းချုပ်မရနိုင်အောင် စီးကျလာ၏။

(ဒါ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်တာကို အများမြင်အောင် ပြတာလား၊ ငါ့ရင်တွေ အခါတစ်သောင်းလောက် နာနေပြီကွာ၊ ငါ မခံစားနိုင်တော့ဘူး)

(ဒါ ထင်မထားမိတဲ့ လူကြားထဲ ချစ်ခင်ပြတာပဲဟ၊ ငါ့အတွက် တော်သင့်ပြီလို့ ထင်တယ်)

(ရေခဲနတ်သမီးလေး၊ တောင့်ထား တောင့်ထား၊ ဒီလောကမှာ မင်း မှီခိုနိုင်တဲ့ ယောက်ျားက ငါကလွဲပြီး တစ်ခြားသူ မရှိဘူး)

“ပြီးခဲ့တဲ့ပွဲပြီးတော့ နင် ထွက်သွားပြီးကတည်းက ပြိုင်ဘက်အသင်းက လူပြန်ဖွဲ့ပြီး ဆက်တိုက် ဖိအားပေးနေတာ၊ ဒါမှ တစ္ဆေ အဆင့်တက်နိုင်မှာလေ၊ ကစားပွဲ နောက်ဆုံး အခြေအနေထိ မရောက်မချင်း အချိန် ဆွဲထားကြတာ၊ နောက်ဆုံးပွဲမှာ ငါတို့ တစ္ဆေကို မယှဉ်နိုင်လို့ ရှုံးသွားရတာပဲ”

အစောပိုင်းက သူမလေသံက စိတ်ကစားသံ ပေါက်သွားသည်ကို လုံလုံသည်လည်း သတိထားမိသည်။ ထို့ကြောင့် သူမ မတတ်သာဘဲ တိုက်ပွဲအခြေအနေကို ကပျာကယာ ရှင်းပြလိုက်ရသည်။

ရဲ့လင်းချန် သဘောပေါက်သွားသည်။ သူ့အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက် လျော့သွားသဖြင့် သူတို့၏ စုစုပေါင်း လုပ်နိုင်စွမ်း ကျဆင်းသွားခြင်းပင်။ တစ်ဖက်တွင်မူ ပြိုင်ဘက်အသင်းကလည်း ဤသည်ကို သတိထားမိသဖြင့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားခဲ့သည်။ သူတို့က လူပြန်စု၍ အားနည်းနေသောဘက်ကို ဖိအားပေးလာ၏။ ထို့အပြင် သူတို့က ဝိညာဉ်ခွင်းကိုပါ သုံးခဲ့သည်။ သူတို့က ရဲ့လင်းချန်၏ အသင်းကို အဆုံးထိ ဆွဲချသွားခဲ့သည်။

“ခုနကတုန်းက ထင်မှတ်မထားတဲ့ တိုက်ဆိုင်မှုဖြစ်သွားတာ တကယ်ပါ၊ အားလုံးပဲ ငါ တောင်းပန်ပါတယ်”

ရဲ့လင်းချန်က အပြစ်ကို ပေါ်ပေါ်ထင်ထင် ခံယူလိုက်သည်။

“ငါတို့ရှုံးသွားတာ ငါ့အမှားပါ”

“နင် ဆော့ဦးမှာလား”

လုံလုံ ပြန်မေးလိုက်သည်။

“ဟင့်အင်း၊ ငါ ဒီနေ့ ထပ်မဆော့တော့ဘူး၊ အခု ငါ လိုင်းပေါ်က ဆင်းရတော့မယ်”

ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။

“ဪ”

လုံလုံက စိတ်ဓာတ်ကျသွားပုံရသည်။

“ကဲ ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့အနေနဲ့ ငါ အားလုံးကို ဟာသတစ်ခု ပြောပြမယ်”

ရုတ်တရက် ရဲ့လင်းချန်က ထိုသို့ စကားစလိုက်သည်။

(ထုတ်လွှင့်သူက ဟာသလည်း ပြောတတ်တာလား၊ ငါ နားထောင်နေတယ်)

(ဆိုးရွားတဲ့ ဟာသဖြစ်မှာတော့ သေချာတယ်၊ ငါတော့ ငါ့စိတ်ကို အသင့်ပြင်ထားတယ်)

(ဟာသက ဆိုးရွားနေမယ်ဆို ဆန့်ကျင်ဘက် သက်ရောက်မှုမျိုး ဖြစ်လာပြီး ပရိသတ်တွေ ဆုံးရှုံးရလိမ့်မယ်)

ရဲ့လင်းချန်ကမူ ထိုသို့ပြောပြီးသည်နှင့် ဆက်ပြောလေသည်။

“ညတစ်ညမှာ လင်မယားနှစ်ယောက် ခုတင်ပေါ်မှာ လှဲနေတုန်း မိန်းမဖြစ်သူက ဒီလို ပြောလာတယ်”

“ယောက်ျားရေ ကျွန်မတို့ မွေးလာမယ့်ကလေးက ရှင်နဲ့တူရင် ဒုက္ခပဲနော်”

“အဲ့အခါကျရင် ယောက်ျားဖြစ်သူက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောတာပေါ့”

“ငါတို့ကလေးက ငါနဲ့ မတူမှသာ မင်း ပြဿနာ အကြီးအကျယ် တက်မှာ”

(ဟားဟားဟား … ကလေးက ယောက်ျားနဲ့ ရုပ်မတူရင် သူတို့ ဘယ်လို ဖြစ်မလဲ မသိဘူးနော်၊ ဘေးအိမ်က တွမ်များလား)

(အချက်အလက်တွေက များလွန်းလို့ ခေါင်းတောင် ပေါက်ထွက်တော့မယ်)

(ဇာတ်လမ်းက ငါတို့ကို စကားကို လက်လွတ်စပယ် မပြောဖို့ သင်ပြနေတာပဲ၊ ဘဝဆိုတာ ကံခေတာတွေနဲ့ ပြည့်နေတတ်တယ်)

(ထုတ်လွှင့်သူက ဂိမ်းကစားတာလည်း တော်တယ်၊ ဆွဲဆောင်မှုလည်း ရှိတယ်၊ အရည်အချင်းရှိတဲ့လူပါလား)

ရိုးစင်းသော ဟာသလေး ဖြစ်သော်ငြားလည်း ချန်နယ်တစ်ခုလုံး၌ ရယ်မောသံများနှင့် ပြည့်နှက်နေ၏။

လုံလုံသည်လည်း ငေါ့၍ ခပ်တိုးတိုး ရယ်လိုက်မိသည်။ ရဲ့လင်းချန်နှင့်အတူ တိုက်ရိုက်ထုတ်လွှင့်နေချိန်တွင် သူမ စိတ်အေးသလို ခံစားရကြောင်း သတိပြုလိုက်မိသည်။ သူမ ဖိအားများနေသည်ဟု မခံစားရဘဲ စိတ်သက်သာ ရာရ၍ ပျော်ရွှင်မိသည်။

“ကဲ အခု ငါ လိုင်းပေါ်က ဆင်းတော့မယ်၊ နောက်မှ ထပ်တွေ့ကြတာပေါ့”

ရဲ့လင်းချန်က ကြည့်ရှုသူများကို နှုတ်ဆက်လိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သော ချန်နယ်ထဲမှ ပြန်ထွက် လိုက်သည်။

သို့သော် သူ ကွန်ပျူတာကို စက်ပိတ်တော့မည့်အချိန်၌ လုံလုံထံမှ စာတိုတစ်ခု ရောက်လာသည်။

(ငါ့ကို ဝီလ်ချက်မှာ အပ်ဦး၊ နင် ငါ့ကို ဆိုးဆိုးရွားရွား ထောင်ချောက်ဆင့်ခဲ့တာ၊ ဒီပြဿနာကနေ နင့်ကို ငါ လွယ်လွယ် အလွတ်မပေးနိုင်ဘူး)

ရဲ့လင်းချန်က အိုကေဟူသော လက်ပုံစံအီမိုဂျီ ပြန်ပို့လိုက်သည်။ ထို့နောက် သူမ၏ ဝီလ်ချက်နံပါတ်ကို လိုက်ရှာ၍ အပ်လိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းသွားလေသည်။

လက်ရှိတွင် ရဲ့ကျင်းက အဘိုးအိုနှင့် မိန်းမပျိုလေးတို့အား စကားစစ်ထိုးနေရသည်။

“ငယ်ပုံပေါက်တဲ့ ဆရာဝန်လား”

ရဲ့ကျင်း အသာ မျက်မှောင်ကြုတ်လိုက်မိသည်။

“ခင်ဗျားတို့ ပြောတဲ့ပုံနဲ့ ကိုက်ညီတဲ့ ဆရာဝန်မျိုး ကျွန်တော်တို့ဆေးရုံမှာ ရှိမယ် မထင်ဘူးဗျ”

“မဖြစ်နိုင်ဘူး”

လင်းရှို့ရွှယ်က ချက်ချင်း ပြန်ပြောလေသည်။

“သူက ရှင်တို့ဆေးရုံဝတ်စုံကို ဝတ်ထားတာ၊ ဘယ်လိုလုပ် ရှင်တို့ဆေးရုံက ဆရာဝန်မဟုတ်ပါဘူးလို့ ပြောနိုင် ရတာလဲ၊ ကျွန်မတို့ကို လာတွေ့ဖို့ သူ့ကို ချက်ချင်း‌ ခေါ်လိုက်”

“အဲ့လို ဆရာဝန်မျိုး မရှိဘူးဆိုတာကို သက်သေပြဖို့အတွက် ကျွန်တော်တို့ ဆေးရုံရဲ့ ဆရာဝန်စာရင်းကို ခင်ဗျားတို့ကို ပြလို့ရပါတယ်”

ရဲ့ကျင်းက မချိပြုံးပြုံး၍ ခေါင်းခါလိုက်သည်။

“ပြီးတော့ ခင်ဗျားတို့ ပြောပုံအရဆို သူက တရုတ် တိုင်းရင်းဆေး ဆေးပညာကုသနည်းကို သုံးသွားတာလေ၊ ကျွန်တော်တို့ ဆေးရုံမှာ အရင်ကတည်းက ဒီလို ထူးချွန်းတဲ့ ဆေးပညာရှိတဲ့လူ မပြောနဲ့ တရုတ် တိုင်းရင်းဆေး ဆေးပညာကုတဲ့ ဆရာဝန်မျိုး တစ်ခါမှ မခန့်ထားဘူး”

“ငါ မင်းအဘိုးကို ခုနက စမ်းသပ်လိုက်ပြီးပြီ၊ ငါ အဲ့အခြေအနေကို ကုသဖို့ မပြောနဲ့၊ ရောဂါ ဖြစ်ရတဲ့ အခြေအနေကို မဆုံးဖြတ်နိုင်ဘူး၊ ခုနက မမြင်ဖူးတဲ့ ဆရာဝန် ကုသပေးတာကြောင့်သာ မဟုတ်ရင်၊ သူ့နေရာမှာ ငါ ဖြစ်နေခဲ့ရင်း မင်းအဘိုးကို ကုပေးနိုင်မှာ မဟုတ်ဘူး”

လင်းရှို့ရွှယ် စိတ်ရှုပ်သွားသော အမူအရာ ဖြစ်လာသည်။ ရဲ့လင်းချန်က သာမန်လူ မဟုတ်မှန်း သူမလည်း သတိပြုမိပါ၏။

“ဒီတော့ ရှင်တို့ဆေးရုံမှာ စောင့်ကြည့်ရေး စနစ် သုံးတယ်မလား၊ ကျွန်မအတွက် သူ့ကို ရှာပေးပါ”

“ငါတို့လို ဆေးရုံလေးက စောင့်ကြည့်ခြင်း စနစ်ကို မတပ်နိုင်သေးပါဘူး”

ရဲ့ကျင်း ခေါင်းခါပြလိုက်သည်။

“ဆေးရုံတစ်ခုက ဘယ်လိုလုပ် စောင့်ကြည့်ရေး စနစ် မတပ်ဘဲ နေနိုင်ရတာလဲ”

လင်းရှို့ရွှယ် ဒေါသူပုန် ထသွားသည်။ အချိန်အတော်ကြာပြီးမှ သူမ ကောက်ရိုးမျှင်တစ်စကို ဆုပ်ကိုင်နိုင်ခဲ့ သော်လည်း တစ်ခဏအတွင်း ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်မထားမိပါ။

“ရပါတယ် ရှို့ရွှယ်”

သူမနောက်၌ ရပ်နေသော အဘိုးအိုက ဝင်ပြောလာ၏။

“ဒီတစ်ခေါက် အသက်ရှင်တာကတင် အဘိုး ကံကောင်းနေပါပြီ၊ အဘိုးတို့ လောဘ မကြီးသင့်ဘူး၊ ဒီလူဆို ဆရာသခင်မျိုးက လိုက်ရှာလို့ မဟုတ်ဘဲ ကံစပ်လို့ ရောက်လာတာ၊ အခု ပြန်ကြတာပေါ့”

“ဒါပေမဲ့ …”

လင်းရှို့ရွှယ် အနည်းငယ် ပေတေချင်နေသေးသည်. အဘိုးအိုက လက်ကာပြလိုက်ပြီး စားပွဲပေါ် ချက်လက်မှတ် တစ်စောင် တင်လိုက်သည်။

“ဒီတစ်ခေါက် မင်းတို့ရဲ့ ထူးချွန်တဲ့ ဆေးရုံအတွက် ကျေးဇူးဆပ်တာပါ၊ ဒါ ယွမ် တစ်သိန်းတန် ချက်လက်မှတ်၊ ကျုပ် ဆေးကုသစရိတ်လို့ သဘောထားပြီး ယူလိုက်ပါ”

“လူကြီးမင်း ဒါ ကျွန်တော်တို့ ဆေးရုံရဲ့ ကုသမှုလို့ ပြောလို့မရပါဘူး၊ အဲ့ဒါအပြင်ကိုမှ ဒီလောက် များများ ပေးစရာ မလိုပါဘူး”

ရဲ့ကျင်း မသိမသာ အမူအရာ ပြောင်းလဲသွားသော်လည်း အလောတကြီး ငြင်းဆန်လိုက်သည်။

“ငါ မင်းတို့ဆေးရုံမှာ ဆေးကုခဲ့တာလေ၊ ပြီးတော့ မင်းတို့ဆေးရုံက ဆရာဝန်လေးကို ပိုအာရုံစိုက်ပြီး ရှာပေးမယ်လို့ မျှော်လင့်ပါတယ်၊ ငါ့ကိုယ်စား သူ့ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ”

အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။ ရဲ့ကျင်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ ပြန်ပြောလေသည်။

“ရပါတယ်၊ ကျွန်တော်တို့ ဆေးရုံက ဒီပိုက်ဆံကို ယာယီ ထိန်းသိမ်းထားပါ့မယ်၊ ဆန်းကြယ်တဲ့ ဆရာဝန်နဲ့ ကျွန်တော်တို့ ပြန်တွေ့ရင် လူကြီးမင်းကိုယ်စား ဒီပိုက်ဆံကို ပေးလိုက်ပါမယ်”

အဘိုးအိုနှင့် မိန်းမပျိုလေးက ဆေးရုံထဲမှ ထွက်သွားပြီး မာစီဒီး Benz MPV ကားပေါ် တက်သွားသည်။ သူတို့ လှည့်မကြည့်တော့ဘဲ ထွက်သွားကြလေသည်။

“ဘိုးဘိုး၊ အဲ့ဆရာဝန် ဆေးရုံထဲမှာ ရှိနေသေးလိမ့်မယ်လို့ သမီး ပြောရဲတယ်၊ ဘာလို့ သမီးတို့ သူ့ကို လိုက်မရှာရတာလဲ”

လင်းရှို့ရွှယ် နှုတ်ခမ်းစူလာသည်။

“နောက်ပိုင်း ဘိုးဘိုးရဲ့ အခြေအနေကို ကုပေးနိုင်တဲ့ မျှော်လင့်ချက်ရှိတယ်လို့ သူ ပြောခဲ့တာကို”

“သူ တကယ် အဲ့လို ပြောခဲ့တာလား”

အဘိုးအိုက လင်းရှို့ရွှယ်ကို အံ့ဩတကြီး ကြည့်လာ၏။

“သမီး နားနဲ့ ဆတ်ဆတ် ကြားခဲ့တာ၊ ပြီးတော့ သူက အဘိုးရဲ့ ခန္ဓာကိုယ်ကို မိနစ်နှစ်ဆယ်လောက် ရိုးရိုးလေး နှိပ်ပေးခဲ့တာ၊ ပြီးတာနဲ့ အဘိုး နေပြန်ကောင်းလာတာလေ”

လင်းရှို့ရွှယ်က ဆက်ပြောပြလိုက်သည်။

“ကမ္ဘာကြီးက ကျယ်ပြောလွန်းတာမို့ ထူးဆန်းလွန်းတယ်ဆိုတာ မရှိဘူး၊ ဒီတော့ ထိပ်တန်းပုဂ္ဂိုလ်မျိုးတွေက လောကမှာ ရှိတာ ဓမ္မတာပါပဲ”

အဘိုးအို ခံစားချက် နက်ရှိုင်းစွာဖြင့် ရှင်းပြလိုက်သည်။ ဤထူးဆန်းသော ဆရာဝန်နှင့် ယှဉ်လျင် ကျန်ပါရဂူများနှင့် ထူးချွန်သော ဆရာဝန်များက အမှိုက်သာ ဖြစ်လေသည်။

“ဘိုးဘိုး သမီးတို့ အခု နောက်လှည့်ပြီး သူ့ကို ရှာကြမလား၊ သမီး သူ့ကို ဆေးကုပေးဖို့ တောင်းပန်ရမယ်ဆိုရင်လည်း တောင်းပန်မယ်”

လင်းရှို့ရွှယ် အကြံပေးလာသည်။

“ထိပ်တန်းပုဂ္ဂိုလ်က သူ့ကိုယ်သူ လူလုံးထွက်မပြဘူးဆိုတော့ သူ့အကြောင်း လူမသိစေချင်တဲ့ သဘောပဲ၊ သူ့ကို လိုက်ရှာရတာ လွယ်မှာ မဟုတ်ဘူး”

အဘိုးအိုက သက်ပြင်းအသာ ချလိုက်မိသည်။

“သူ ခဏလေးပဲ နှိပ်နယ်ပေးတာတောင် ခန္ဓာကိုယ်တစ်ခုလုံး မပြောပြတတ်လောက်အောင် သက်သာပြီး သက်တောင့်သက်သာ ဖြစ်သလို ခံစားရတယ်၊ နာမည်ကြီး ဆေးတွေကို စားရတာထက် အဆတစ်ရာ ပိုကောင်းသေးတယ်”

“အားလုံးက သမီး အမှားတွေပါ၊ အရာအားလုံးကို အာရုံစိုက်သင့်တာကို သမီး လုပ်ခဲ့တာဆိုလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲကျင်းပခဲ့တာပဲ”

လင်းရှို့ရွှယ် ဒုက္ခရောက်နေသည်။ သူမ ပြန်မှတ်မိအောင် ကြိုးစားနေပါသော်လည်း သူမ မှတ်မိနိုင်သော အရာဟူ၍ ထိုဆရာဝန် သူမကို စူးခနဲ ကြည့်လိုက်သော အကြည့်သာ ရှိသည်။

ဆေးရုံထဲတွင် ရဲ့လင်းချန်က ရဲ့ကျင်းအနားသို့တိတ်တိတ်ကလေး လျှောက်လာသည်။

“ဆန်းကြယ်တဲ့ ဆရာဝန်၊ ဆန်းကြယ်တဲ့ ဆရာဝန်တဲ့လား”

ရဲ့ကျင်း ငြိမ်၍ ရေရွတ်နေမိသည်။

“လင်းချန်၊ အဖေတို့ ဆေးရုံကို ဒီနေ့ ကြီးမြတ်တဲ့ လူတစ်ယောက် ရောက်လာခဲ့တယ်၊ သူ့ကြောင့်သာ မဟုတ်ရင် အဖေတို့ ဆေးရုံ ဒုက္ခရောက်တော့မှာ”

*အဲ့လိုလား၊ အဖေ ပြောနေတဲ့ ကြီးမြတ်တဲ့လူဆိုတာက အဖေ့နောက်မှာ ရပ်နေတဲ့လူပဲလေ*

ရဲ့လင်းချန်သည် စိတ်ထဲ၌ တွေးဆနေပြီးနောက် ပြန်ပြောလိုက်သည်။

“ဘာဖြစ်တာလဲ အဖေ”

“စောနတုန်းက အရေးပါတဲ့ နောက်ခံရှိပုံပေါ်တဲ့ အဘိုးတစ်ယောက် ရောက်လာတယ်၊ သူက အတော်လေး ရှားပါးတဲ့ ရောဂါကို ခံစားနေရတာ၊ ဆန်းကြယ်တဲ့ ဆရာဝန် ကုသမပေးခဲ့ရင် သူ သေသွားလောက်တယ်၊ အဲ့လိုသာဆို အဖေတို့‌ ဆေးရုံက ဒုက္ခ အကြီးအကျယ် ရောက်တော့မှာ”

ရဲ့ကျင်းသည် ရင်ထဲ၌ ဖြစ်ပေါ်လာသော ကြောက်စိတ်ကို ခံစားမိနေသည်။

“အဲ့ဆန်းကြယ်တဲ့ ဆရာဝန်ကို အဖေ ရှာတွေ့ပြီလား”

ရဲ့လင်းချန်က အရိပ်အမြွက်ပြသော အမူအရာဖြင့် မေးလိုက်သည်။ ရဲ့ကျင်းက နောင်တရစွာဖြင့် ခေါင်းခါပြ လေသည်။

“အဲ့ဆန်းကြယ်တဲ့ ဆရာဝန်က တရုတ် တိုင်းရင်းဆေး ဆေးပညာကို ကျွမ်းကျင်တာ၊ သူ့ဆေးပညာက ထူးချွန်လွန်းလို့ သူ့စံနှုန်းကို ဆရာဝန်တစ်ချို့လောက်ပဲ လိုက်မီနိုင်တယ်၊ တရုတ် တိုင်းရင်းဆေး ဆေးပညာက အသုံးမဝင်ဘူးလို့ အဖေ အမြဲထင်ခဲ့လို့ အနောက်တိုင်း‌ ဆေးပညာကို ဒုက္ခသုက္ခခံပြီး လေ့လာသင်ယူခဲ့တာ၊ ဒါပေမဲ့ တိုင်းရင်း ဆေးပညာက ဒီလောက် ဆန်းကြယ်မယ်လို့ ထင်မထားမိဘူး၊ ဘိုးဘေးဘီဘင်တွေရဲ့ ဆေးပညာကို အဖေ အထင်သေးခဲ့မိတာ၊ အဖေ တစ်ချိန်လုံး အယူအဆ မှားခဲ့တာပဲ”

*အဖေ ရှာမတွေ့လို့ တော်သေးတယ်*

ရဲ့လင်းချန် သက်ပြင်းချလိုက်မိသည်။

“ဟုတ်သားပဲ၊ ဒီယွမ်တစ်သိန်းတန် ချက်လက်မှတ်ကို အဘိုးက ဆေးကုသစရိတ်ဆိုပြီး ထားခဲ့တာ၊ ဆန်းကြယ်တဲ့ ဆရာဝန်ကို ပြန်တွေ့တာနဲ့ အဖေ သူ့ကို ပေးကိုပေးရမယ်၊ ပြီးတော့ သူ့ကို အဖေ ကျေးဇူးတင်စကား ပြောရမယ်”

ရဲ့ကျင်းက ချက်လက်မှတ်ကိုကိုင်၍ ပြောနေသည်။

*တစ် … တစ်သိန်းလား*

ရဲ့လင်းချန် ထိတ်လန့်ကာ မျက်လုံးပြူးသွားပြီး ချက်လက်မှတ်ကို စိုက်ကြည့်ကာ အသက်ရှူသံ မြန်လာ လေသည်။

*အဲ့ဒါ ကျွန်တော်ပါ၊ ကျွန်တော်ပါဆို*

သူ ကျိတ်၍ အော်နေမိသည်။

*ငါ ဘာလို့ ထွက်မသွားခင် ဆေးကုခ အရင် မတောင်းမိတာပါလိမ့်၊ ငါ မှားသွားတယ်*


Comment

  1. Waiyan says:

    😍😍😍😍😍

  2. bookorder44444 says:

    😘

Leave a Reply

Options

not work with dark mode
Reset