အခန်း ( ၅၈၃ )

မျိုးမစစ်သား ပိုင်ဟောက်

“ငါက ငါပဲ ”
ပိုင်ရှောင်ချန်း တွေးလိုက်သည်။ အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်များသော လမ်းကြောင်းကို ရွေးလိုက်ပြီဖြစ်ကြောင်း သူပြောနိုင်လေသည်။
” ဒီမှာ နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက် ရှိတယ်။ငါ၊ ငါက ကျားပါးစပ်ကနေ နတ်ဝိညာဥ်ကို တကယ်ကြီး ခိုးဖို့ ကြိုးစားနေတာပါလား ”

သူက မျက်လုံးများကို ပွတ်လိုက်သော်လည်း မျက်ရည်တစ်စက်မှ ကျမလာပေ။ ဤအချိန်တွင် သူသည် ငို၍ရရန် အမှန်တကယ် မျှော်လင့်နေသော်လည်း ကျစရာမျက်ရည်ပင်မရှိပေ။ စိတ်ထဲတွင်သာ သူ သက်ပြင်းချလိုက်မိတော့သည်။

သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေမင်းခံတွင်းဝသို့ ဦးတည်နေသော ဤနေရာသို့ ဝင်ရောက်မည် မဟုတ်သည်ကို မေးခွန်းပင်ထုတ်စရာမလိုပေ။ သို့သော်… ကိုယ်ခြေထောက်နှင့်ကိုယ် ရောက်လာခဲ့လေပြီ။

” ဒါက အဘွားကြီး ဟုန်ချိန်နဲ့ ချိန်ဟဲ့ထျန်ရဲ့ အပြစ်ပဲ။ ငါ့ကို ဒီလိုလုပ်ဖို့ သူ့တို့ပဲ တွန်းအားပေးနေတာ။ ချီးတဲ့မှပဲ ငါဒေါသထွက်ရင် ငါ့ကိုယ်ငါတောင် ကြောက်ပါတယ်ဆို ”
သူမည်မျှသက်ပြင်းချသည်ဖြစ်ပါစေ ရွေးစရာမရှိပေ။ သူက အတွေးများကို တည်ငြိမ်အောင်လုပ်ရင်း ပို၍ပင်စကားနည်းသည့်ပုံဖမ်းကာ မြို့တော်ကို ဦးတည်လိုက်လေသည်။

” ပိုင်မျိုးနွယ်စုက သရဲကြီးမြို့တော်နဲ့ဆက်သွယ်နေတဲ့ မဟာအောက်လမ်းဆရာမျိုးနွယ်စုသုံးစုထဲက တစ်ခုပဲ။ ဟုတ်တာပေါ့၊ သူတို့မှာ အကာအကွယ်မန္တန်တစ်ခုရှိတယ်။ သူ့သွေးကြောတွေထဲမှာ မျိုးနွယ်စုရဲ့ သွေးတွေ စီးဆင်းနေလားကို စစ်ဆေးလား၊ မစစ်ဆေးလားတော့ ပြောဖို့ခက်တယ်။ ပြီးတော့ ငါ့ရဲ့ မျက်နှာဖုံးကလည်း လှည့်စားနိုင်မလားလဲ မပြောနိုင်ဘူး။ လှည့်စားနိုင်မယ်လို့ မျှော်လင့်ရမှာပဲ ”
ပိုင်ရှောင်ချန်းသည် လိုအပ်သည့် အချိန်တွင် ထွက်ပြေးနိုင်ရန် အသင့် ပြင်ပြီး စိတ်လှုပ်ရှားစွာ ရှေ့ဆက်သွားနေလေသည်။

သူ့အပေါ်
ပို၍ များပြားသော အကြည့်စူးစူးများသည် ကျရောက်လာနေဟန်တူပြီး နောက်ဆုံးတွင် မြို့တော်ဝင်ပေါက်ထံမှ မီတာ ၃၀၀ ခန့် ကွာဝေးလာလေသည်။ ထိုအခိုက်အတန့်တွင် အလွန်အသက်ဝင်လှသော မြွေနဂါးရုပ်တုများသည် မျက်လုံးများဖွင့်လိုက်ကြပြီး သူရှိရာကို လှမ်းကြည့်လိုက်ကြသည်။

သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများနှင့်အတူ အန္တရာယ်ပြုမည့်ပုံပေါ်သော အကြည့်များကြောင့် ပိုင်ရှောင်ချန်းသည် သူ့ကို ပိုင်မျိုးနွယ်စုဝင်တစ်ယောက်အဖြစ် မဖိတ်ခေါ်ဘဲ ဝင်ရန်ကြိုးစားနေသည်ဟု ဆုံးဖြတ်လိုက်သဖြင့် ဖျက်စီးခြင်းစွမ်းအား လျှပ်စီးမိုးကြိုးဖြင့် ပစ်ခံရတော့မည်ဟု သေချာသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အတန်ကြာ လေးလေးနက်နက်တွေးကာ ရပ်နေပြီးနောက် ရှေ့သို့ လျှောက်လာကာ မျိုးနွယ်စုမန္တန်အစီအရင်၏ နယ်နမိတ်ထဲသို့ ဝင်ရောက်လိုက်လေသည်။ ချက်ချင်းပင် သူ၏အိတ်ထဲရှိ ပိုင်ဟောက်၏ သက်သေခံကျောက်စိမ်းပြားက ခပ်ဖျော့ဖျော့လင်းလက်လာသည်။ တချိန်တည်းမှာပင် သူ၏ မျက်နှာဖုံးသည် မမြင်နိုင်သော အခိုးအငွေ့များကို ထုတ်လွှတ်ကာ မန္တန်အစီအရင်ကို လှည့်စားလိုက်ရာ ၄င်းသည် ပိုင်ရှောင်ချန်းမဟုတ်ဘဲ ပိုင်ဟောက် ဖြစ်သည်ဟု ယုံကြည်သွားတော့သည်။

မန္တန်အစီအရင်၏ နယ်နိမိတ်ထဲ သူဝင်လိုက်သည်နှင့် သူအပေါ်ကျရောက်နေသော အကြည့်စူးစူးများ ပျောက်ကွယ်သွားပြီး ရုပ်တုများ၏ မျက်လုံးများ မည်းနက်သွားလေသည်။ ထို့နောက် တကျိကျိအသံများမြည်လာကာ ပင်မတံခါးကြီး တဖြည်းဖြည်း ပွင့်လာတော့သည်။

ချီစုစည်းမှုအဆင့် မဟာစက်ဝန်းရှိ သက်လတ်ပိုင်းအရွယ်လူတစ်ယောက် လမ်းလျှောက်ထွက်လာ၏။ သူ၏လက်များကို ဝတ်ရုံ၏ အင်္ကျီလက်စရှည်ထဲသို့ ထိုးထည့်ထားပြီး သူ့အသွင်က အလွန်ပိန်ချုံးနေသည်။ သူ့မျက်လုံးများသည် ကြင်နာမည့်ပုံပေါ်သော်လည်း သူက မျက်မှောင်ကြုတ်၍ ပိုင်ရှောင်ချန်းကို ခေါင်းအစ ခြေတစ်ဆုံးကြည့်လိုက်သည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ ပိုင်မျိုးနွယ်စုထဲ ဝင်ရောက်သည့် ပထမဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် အတန်ငယ် စိတ်သက်သာရာရသွားတော့သည်။ သူက ခေါင်းမော့ရင်ကော့ရင်း ပင်မတံခါးကို ဦးတည်လိုက်သည်။

သို့သော် သက်လတ်ပိုင်းအရွယ်လူက သူ့ရှေ့တွင် ပိတ်ရပ်ကာ အထင်အမြင်သေးသောမျက်နှာဖြင့် သူက ပြော၏။
” အော် ပြန်လာပြီပေါ့ သခင်လေးပိုင်ဟောက်။ သခင်မရဲ့ အမိန့်တွေကို မေ့သွားတာလား။ မျိုးမစစ်သားတွေကို ဘေးတံခါးကပဲ ဖြတ်ဖို့ ခွင့်ပြုထားတယ်လေ။ မျိုးနွယ်စု မန္တန်အစီအရင်ကို လှည့်စားပြီး မြွေနဂါးတံခါးပေါက်ကိုတောင် အတင်းအကြပ်ဖွင့်ခိုင်းတယ်ပေါ့။ ကိုယ့်အဆင့်ကိုယ် မေ့နေပြီပဲ။ ဒီတံခါးက မင်းလိုကောင် ဝင်လို့ရတာမဟုတ်ဘူးကွ”

ပိုင်ရှောင်ချန်းက ထိုလူအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ပိုင်ဟောက်ကို မျိုးနွယ်စုထဲတွင် သိပ်သဘောမကျကြကြောင်း သူ သတိထားခဲ့မိသော်လည်း အဆင့်နိမ့်လှသော ဂိတ်စောင့်က ထိုသို့ အထင်အမြင်သေးစွာ ဆက်ဆံမည်ဟု တွေးပင် မတွေးဖူးချေ။ ထိုသည်မှာ ပိုင်ရှောင်ချန်းနားလည်ထားသည်ထက် ပိုင်ဟောက်၏ အဆင့်မှာ နိမ့်ကြောင်း ညွှန်ပြနေတော့သည်။

” ဒါက ပေါ်တင်အရှက်ခွဲတာပဲ”
သူက တွေးလိုက်သည်။

ပိုင်ရှောင်ချန်း၏ အကြည့်စူးစူးက ဂိတ်စောင့်မျက်လုံးကို ထွင်းဖောက်သွားသောအခါ သူ၏စိတ်နှလုံးတုန်လှုပ်သွားလေသည်။ ပြင်းထန်သော အေးစက်မှုတစ်ခုက သူ့စိတ်ကို ရုတ်တရက် ဖမ်းဆုပ်ပြီး ဆောင်းဦးသေခြင်းတရားဆီသို့ ဆွဲခေါ်သွားသည့်အလား ခံစားလိုက်ရလေသည်။ သူက တုန်လှုပ်သွားသောကြောင့် ပိုင်ရှောင်ချန်းနှင့် အကြည့်ချင်းပင်မဆုံရဲတော့ လမ်းပင် ဖယ်ပေးမိလိုက်လေသည်။

ပိုင်ရှောင်ချန်းက အမူအရာကင်းမဲ့သောမျက်နှာဖြင့် သူ့ကိုကျော်၍ လျှောက်သွားလေသည်။ ဂိတ်ပေါက်ထဲဝင်ရောက်သွားမှသာလျှင် ဂိတ်စောင့်မှာ ပြန်လည်သက်သာလာ၏။

” ပိုင်ဟောက်ရဲ့ အကြည့်က ဘယ်လိုလုပ်ပြင်းထန်နိုင်မှာလဲ” သူက ရေရွတ်လိုက်သည်။
” အရင်က ဒီလိုမဟုတ်ပါဘူး”

မျိုးနွယ်စုထဲဝင်ရောက်လာပြီးနောက် ပိုင်ရှောင်ချန်းက လျှောက်ပတ်ကြည့်လိုက်လေသည်။ နေရာသည် ကျယ်ဝန်းသော်လည်း မျိုးနွယ်စုဖြစ်သည့်အတွက် စျေးဆိုင်နှင့်တူသော အရာဟူ၍မရှိပေ။ အရာအားလုံးကို အလှအပ ကျောက်တုံးကျောက်ခဲများ၊ သစ်ပင်များဖြင့် တခမ်းတနား အလှဆင်ထားသည်။ မျိုးနွယ်စုဝင်များသည် ဟိုဟိုသည်သည် လမ်းလျှောက်နေကြပြီး တချို့က အပေါ်တွင် ပျံသန်းနေကြသည်။ ခြုံငုံပြောရလျှင် အလွန်ယောက်ယက်ခတ်နေသော နေရာတစ်ခုပင်။

သူခပ်ဝေးဝေးမသွားနိုင်ခင် မိတ်ဆွေတစ်ယောက် နှင့် စကားပြောနေသော အစေခံကဲ့သို့ ဝတ်စားထားသည့် မိန်းကလေးတစ်ယောက်က ရှေ့တွင် ပေါ်လာကာ သူ့ထံလျှောက်လာလေသည်။ သူမက ပိုင်ရှောင်ချန်းကို မြင်သောအခါ သူမ၏မျက်လုံးတွင် အထင်သေးမှုများထင်ဟပ်သွားပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

” ဧည့်သည်ရေးရာဌာနက လူတွေ အိပ်များနေလား။ ဘယ်အရူးပဲဖြစ်ဖြစ် ဂိတ်ပေါက်ကနေ ဖြတ်ခွင့်ပေးနေတဲ့ပုံပဲ”
ထို့နောက် သူမက လမ်းဖြတ်လျှောက်သွားတော့သည်။

ပိုင်ရှောင်ချန်းသည် စိတ်ဆိုးမာန်ဆိုး ပြန်စိုက်ကြည့်ရန် ပြင်လိုက်သော်လည်း သူ့ကိုယ်သူ ထိန်းလိုက်လေသည်။

“ရင်ဆိုင်ရုံပဲရှိတယ်” သူကတွေးလိုက်သည်။
” ပြီးတော့ ငါက ပိုင်ဟောက်မှ မဟုတ်ပဲ”
အသက်ပြင်းပြင်းရှုလိုက်ရင်း သူက အစေခံ မိန်းကလေးကို ခေါင်းလှည့်ကြည့်ပြီးနောက် သူ့လမ်းသူ ဆက်သွားလိုက်လေသည်။ သူက မြို့တော်ထဲတွင် ခြေဆန့်နေစဥ် အစေခံအတော်များများနှင့် ပက်ပင်းတိုးခဲ့ပြီး အကုန်လုံးက သူ့ကို မြင်သောအခါ အံ့သြသွားပုံရလေသည်။ သို့သော် တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲတွင် အထင်သေးခြင်း၊ စက်ဆုပ်ရွံရှာခြင်း အရိပ်အယောင်များရှိလေသည်။

သူတို့၏ အကြည့်အများစုသည် ဟန်ဆောင်နေသည့်အလား ထင်ရသည်။ အခြားသူများက တမင်လုပ်သည့်ပုံမပေါ်သော်လည်း သူ့ကို စိတ်ပျက်ဖွယ်ကောင်းကာ ယုတ်မာကောက်ကျစ်သည်ဟု အမှန်တကယ် ထင်နေသည့်အလား အလိုအလျောက်တုံ့ပြန်မိကြလေသည်။

ပိုင်ရှောင်ချန်းမှာ ဒေါသမနည်းထိန်းနေရသော်လည်း ဤနေရာကို လာရောက်ရသော သူ၏ရည်ရွယ်ချက်ကို ဆက်လက်သတိပေးနေလေသည်။

” သည်းခံစမ်း”
သူက အံတင်းတင်းကြိတ်၍ တွေးလိုက်သည်။ အချိန်အတန်ကြာ လျှောက်ပတ်ကြည့်ပြီးသော် ပိုင်ဟောက် မည်သည့်နေရာတွင် နေသည်ကို မသိသည့်အပြင် အခြားသူများအား မေး၍မရကြောင်း သိလာလေသည်။ အချိန်ကုန်လာသည်နှင့်အမျှ ပိုင်ဟောက်၏ ဘဝမှာ မည်သည်နှင့်တူခဲ့မည်ကို သတိပြုမိလာတော့သည်။ သူက ဆိုးရွားစွာ ဆက်ဆံခံရရန် ပြင်ဆင်လာခဲ့သော်လည်း ဤမျှဆိုးဝါးလိမ့်မည်ဟု တွေးပင်မတွေးမိချေ။

” ဒါတွေ အားလုံးရဲ့ အဓိက အကြောင်းပြချက်က ဘာပါလိမ့် ”
သူက တွေးလိုက်သည်။ တစ်နေရာတွင် သူလမ်းလျှောက်နေစဥ် အဖိုးအိုတစ်ယောက်သည် ရှေ့ရှိ ဂူကျောင်းထဲမှ လမ်းလျှောက်ထွက်လာ၏။ သူ၏ အဝတ်အစားများသည် ပိုင်ရှောင်ချန်းမြင်ရခဲ့သော လူမှန်သမျှထက် အရည်အသွေးကောင်းပုံပေါ်ပြီး သူ့တွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိသည်။ သိသာစွာပင် သူက မျိုးနွယ်စုဝင်တစ်ယောက်မဟုတ်ဘဲ အစေအပါးအဖြစ်လုပ်ကျွေးရန် ခန့်အပ်ထားသည် လူတစ်ယောက်ပင်။

သူ လမ်းလျှောက်ထွက်လာစဥ် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ထွက်ခွာရန်ပြင်လိုက်စဥ် ရုတ်တရက် ပိုင်ရှောင်ချန်းကို မြင်လိုက်လေသည်။ ထို့နောက် သူ့မျက်လုံးများက အံ့သြတုန်လှုပ်ခြင်းနှင့်အတူ ပြူးကျယ်သွားပြီးနောက် အလွန်တရာခက်ထန်သောအသွင်ပြောင်းသွားတော့သည်။

” ပိုင်ဟောက် ။ မင်းနေရာမင်း မေ့သွားတာလား။ ဒီနေရာက မင်းလာချင်တဲ့ အချိန်တိုင်း လာလို့ရတဲ့ နေရာမဟုတ်ဘူး။ အတင့်ရဲလိုက်တာ။ မျိုးနွယ်စုစည်းကမ်းတွေကို မင်းမလေးမစားလုပ်ရဲတယ်ပေါ့”
အဖိုးအို၏မျက်လုံးများ ပြောင်းလဲသွားပုံနှင့် သူ၏ ရိုင်းစိုင်းသောလေသံအရ သူက အစေခံတစ်ယောက်ကို ကြိမ်းမောင်းနေသည့်အလားပင်။

ဤအချိန်အထိ ပိုင်ရှောင်ချန်းသည် တစ်နေ့လုံး လူတိုင်း၏ ဆိုးဝါးမနှစ်မြို့သော အကြည့်များအားလုံးကို သည်းခံနေခဲ့သည်။ သို့သော် ဤအဖိုးကြီးသည် သူ့ကို ပြစ်တင်မောင်းမဲနေသည်အထိ အလွန်တရာ တရားလွန်လာသောကြောင့် ပိုင်ရှောင်ချန်း၏ ဒေါသများ ဆူပွက်လာတော့သည်။ သို့သော် သူ မည်သို့မှ မလုပ်လိုက်ခင် မိန်းကလေးတစ်ယောက်၏ အသံထွက်ပေါ်လာ၏။

” အစေခံ ချိန် ။ ဒါက ပိုင်မျိုးနွယ်စုပါ။ ရှင့်ရဲ့ရာထူးက ဘယ်လိုပဲဖြစ်ဖြစ် ရှင်ကမျိုးနွယ်စုဝင် မဟုတ်ဘူး။ ရှင်လို့ အစေခံမျိုးက ရာရာစစ မလေးမစား ပြုမူရဲတယ်လား ”
ဤအချိန်တွင် လေထဲ၌ မိန်းမလှလေးတစ်ဦးပေါ်လာတော့သည်။ သူမမှာ အေးစက်သော အမူအရာနှင့် အခြေခိုင်မာခြင်းအဆင့် မဟာစက်ဝန်းရှိ နက်နဲသော ကျင့်ကြံခြင်းအခြေခံရှိလေသည်။

ပိုင်ရှောင်ချန်းက သူမကို မော့ကြည့်လိုက်သည်တွင် သူ၏ ဆူပွက်နေသော ဒေါသများ လွင့်ပျယ်သွားတော့သည်။

အဖိုးကြီးမှာ မျက်နှာပျက်သွားပြီး သူ့မျက်လုံးများတွင် အကြောက်တရားများပင် ထင်ဟပ်လာတော့သည်။ခေါင်းကျိုးမတတ် ငုံ့ရင်း သူက မိန်းကလေးကို တလေးတစား လက်ယှက်နှုတ်ဆက်လိုက်လေသည်။

” မမလေး ငါး ကို ဂါဝရပြုပါတယ် ။ ဒီအစေခံအိုကြီး မဆင်မခြင်ပြောမိပါတယ်ခင်ဗျာ။ ဒါပေမဲ့ ဒီအရူးက မျိုးနွယ်စုအတွင်းပိုင်းကို မျိုးမစစ်သားတွေ ဝင်ခွင့်မရှိဆိုတဲ့ မျိုးနွယ်စုအကြီးအကဲ ချမှတ်ထားတဲ့ စည်းကမ်းကို တကယ် ချိုးဖောက်ခဲ့လို့ပါ”

မိန်းမပျိုလေးက ပိုင်ရှောင်ချန်းကို စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ အဖိုးအိုကို ပြန်ကြည့်လိုက်လေသည်။
” ဘယ်လိုဖြစ်ဖြစ်အရေးမကြီးဘူး။ မျိုးနွယ်စုဝင် တစ်ယောက်ကို ရှင် မလေးမစားမလုပ်သင့်ဘူး”

ထို့နောက် သူမက ခေါင်းခါကာ အဝေးသို့ ပျံသန်းသွားတော့သည်။

” ဟုတ်တာပေါ့ ဟုတ်တာပေါ့”
အဖိုးအိုက ပြောသည်။ သို့သော် သူမထွက်သွားသည်နှင့် သူက ပိုင်ရှောင်ချန်းကို မနှစ်မြို့စွာကြည့်လိုက်သည်။

” အေး မမလေး ငါးကြောင့် မင်းဒီနေ့ အပြစ်လွတ်သွားတယ်မှတ်။ မြောက်ပိုင်းဒေသကို သွားစမ်း ခွေးကောင်လေး။ ဒီတစ်ဝိုက်မှာ မင်းကို ထပ်တွေ့ရလို့ကတော့ မျိုးနွယ်စုခေါင်းဆောင်ကို သတင်းပို့လိုက်မယ်”
အေးတိအေးစက် နှာမှုတ်ရင်း သူက အင်္ကျီလက်စကို ခါက လမ်းလျှောက်ထွက်သွားလေသည်။

ပိုင်ရှောင်ချန်းမှာ ပေါက်ကွဲတော့မတတ် ခံစားနေရလေသည်။ ပိုင်မျိုးနွယ်စုကို ဝင်ရောက်လာသည့် အချိန်မှစ၍ သူ သည်းခံနေခဲ့ရသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက ပိုင်ဟောက်ကဲ့သို့ ဆက်လက်ဟန်ဆောင်နေနိုင်မည်လား မသေချာတော့ပေ။

” ပိုင်ဟောက်က ဘယ်လိုများ သည်းခံခဲ့ပါလိမ့်။ ဒီလို မျိုးနွယ်စုမှာ ဘာလို့နေသေးတာလဲ။ သဘောကျမခံရရင်တောင်မှ ဒီလောက် မဆိုးသင့်ပါဘူးကွာ။ ဇာတ်လမ်းတစ်ခုခုတော့ ရှိရမယ်”

” ကဲ ဘာဖြစ်ဖြစ် ငါက ပိုင်ဟောက်မဟုတ်ဘူးဆိုတော့ နတ်ဝိညာဥ်မရခင်အထိ သည်းခံနေရမှာပဲ ”
သူက အံတင်းတင်းကြိတ်၍ သူ၏ ဒေါသများကို အတတ်နိုင်ဆုံးချုပ်တည်းလိုက်ရင်း မြောက်ဘက်ကို ဦးတည်လိုက်လေသည်။ ထိုအချိန်တွင် ပြန့်ကြဲသော စံအိမ်များအလယ်တွင် ခုနစ်ထပ်ပြာသာဒ်တစ်ဆောင်ကို သတိပြုမိလိုက်သည်။


Comment

Leave a Reply


Options

not work with dark mode
Reset