အပိုင်း(၁၆၈၄)

ဝန်းရံတိုက်ခိုက်ခြင်း

ကောင်းကင်အာဏာစက်ပြည်ထောင်၌ စွမ်းအားမြင့်တန်ခိုးရှင်လေးဦးသည် အရပ်မျက်နှာတစ်ခုစီ၌ ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါသည် သူတို့ထံမှ ဖြန့်ကျက်လာခဲ့ကာ နန်းမြို့တော်ထံသို့ ဖိအားပေးလာ၏။

သူတို့လေးဦးသည် နဝမအတန်းအစားနတ်ဝင်ရိုးပိုင်ရှင်များဖြစ်ကြကာ ကွဲပြားခြားနားသော အဖွဲ့များမှ ဖြစ်ကြ၏။

မှန်သည်၊ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်အပါအဝင် နန်းတော်အပေါ် လေထဲ ရပ်နေသူ ငါးယောက်လုံးမှာ ပြိုင်စံရှားတန်ခိုးရှင်များဖြစ်ကြသည်။

စွမ်းအားမြင့်တန်ခိုးရှင်လေးဦးမှာ နဂါးကလန်မှ နဂါးမင်း၊ ကောင်းကင်မိစ္ဆာအဖွဲ့မှ ရွှေအတောင်ပံမိစ္ဆာငှက်၊ နတ်ဆင်အင်ပါယာနှင့် ကောင်းကင်နတ်တံခါးမှ ကျန်းချန်ကျီတို့ဖြစ်ကြသည်။

တစ်ဦးတစ်ယောက်စီတိုင်းသည် ကောင်းကင်အာဏာစက်ဘုံ၌ အထွတ်အထိပ်တွင် ရပ်နေသူများဖြစ်ကြ၏။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံကို တုန်လှုပ်စေနိုင်သူများဖြစ်ကြ၏။ သူတို့သည် စစ်အင်အားများမရောက်မှီကပင် ကောင်းကင်အာဏာစက်ပြည်ထောင်မြို့တော်အတွင်း၌ ရောက်နေပြီးဖြစ်သည်။

သူတို့အနေဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်မှ စွမ်းအားမြင့်တန်ခိုးရှင်များကို စောင့်ကြည့်ထားရန်လိုသည် မဟုတ်ပါလား။

သူတို့အကြား အကွာအဝေးမှာ အလွန်အလှမ်းဝေးသော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်၏စိတ်ဝိညာဉ်နယ်ပယ်အတွင်း သူတို့သည် အနီးကပ် ကြည့်နေသည်နှင့်တူ၏။

ကျန့်ချန်ကျီက ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်သည်မှာ မထူးဆန်းသော်လည်း မိစ္ဆာအင်ပါယာများက အဘယ်ကြောင့် ကောင်းကင်နတ်တံခါးကို ကူညီပေးကြသနည်း။

သူ နားမလည်ပေ။

ထို့ကြောင့် သူ၏မေးခွန်းက နဂါးမင်းနှင့် တခြားစွမ်းအားမြင့်တန်ခိုးရှင်များကို ရည်ရွယ်သည်။

အမေးရှိသော်လည်း အဖြေကားမရှိ။ တစ်ဘက်လူများကား ကောင်းကင်အာဏာစက်ပြည်ထောင်ကို အမြစ်ဖြုတ်ရန် ရည်ရွယ်ချက်တစ်ခုသာရှိသည်။ သူတို့က သတ်ဖြတ်တော့မည်ဆိုကတည်းက အပိုဆိုစရာစကားမရှိတော့။

ဝုန်း…

အဝေးဆီမှ ကျယ်လောင်သောအသံတစ်သံကို ကြားရသည်။ အသံသည် နန်းမြို့တော်တစ်ခုလုံးကို တုန်ခါသွားစေ၏။ မရေမတွက်နိုင်သော ရွှေရောင်ပုံရိပ်များ ကောင်းကင်မှ ဆင်းသက်လာကြသည်။ ပြိုင်ဘက်ကင်းမဟာလမ်းစဉ်၏ဖိအားသည် အောက်မှလူများကို ဖိအားပေး၏။ လေထဲတွင် များစွာသော ရွှေရောင်ပုံရိပ်များပေါ်လာသည်။

လူတိုင်းသည် တုန့်ပြန်နိုင်စွမ်းမဲ့စေသော ဖိအားကို ခံစားကြရ၏။ အထူးသဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်နန်းတော်မှလူများအတွက် ဖြစ်သည်။ အဆင့်နိမ့်ကျင့်ကြံသူများမှာ မတ်တပ်ရပ်ရန်ပင် ခက်ခဲကြရ၏။ သူတို့က အဝေးကို ကြောက်လန့်ခြင်းကြီးစွာဖြင့် လှမ်းကြည့်ကြသည်။

ဝုန်း…

နောက်ထပ် ကျယ်လောင်သံတစ်ခုကို ကြားကြရ၏။ နန်းတော်ကြီးသည် ပြင်းထန်စွာ ယိမ်းခါသွား၏။

ကောင်းကင်ချနင်းနတ်ဆင်ခြေလှမ်းသည် နတ်ဆင်များ၏အစွမ်းအထက်ဆုံးပညာရပ်ဖြစ်၏။ ဤတစ်ကြိမ်ကား နတ်ဆင်အင်ပါယာကိုယ်တိုင် ထိုစွမ်းရည်ကို အသုံးပြု၏။

နန်းတော်ထဲမှ စွမ်းအားမြင့်တန်ခိုးရှင်များအားလုံး လေထဲတက်လာကြသည်။ ရိထျန်းယွီလည်း ပေါ်လာ၏။ သူက ခန်းမအရှေ့တွင် ရပ်ကာ အဝေးကို လှမ်းကြည့်သည်။ သူ၏နတ်မျက်လုံးဖြင့် အဝေးတွင် ရပ်နေသော နတ်ဆင်အင်ပါယာအား မြင်သည်။ နတ်ဆင်အင်ပါယာသည် နတ်ဆင်အသွင်ပြောင်းထားကာ ပြင်းထန်သော ဖိအားများအား ထုတ်လွှတ်ထား၏။ တန်ခိုးရှင်များအားလုံးသည် ကောင်းကင်တစ်ခုလုံး ပြိုကျလာသကဲ့သို့ ခံစားနေကြရသည်။

သူ၏အဖေက အကြောင်းပြချက်ကို မေးသည်။ တစ်ဘက်လူက ပြန်မဖြေသော်လည်း ရိထျန်းယွီတစ်ယောက် အနည်းအကျဉ်းတော့ ခန့်မှန်းမိ၏။

သူ့ကြောင့်လား…။

သူက အဘယ်ကြောင့် ထိုမျှအထိ လုပ်နိုင်ရသနည်း။ သူက မိစ္ဆာဘုံ၏ထိပ်သီးတန်ခိုရှင်များကို သူ့အတွက် တိုက်ခိုက်စေသည်။ သူသည် အဆင့်နိမ့်ရန်ဟောင်တစ်ပါးသာဖြစ်၏။ သူက ထိုသို့ထိပ်သီးများကို ခေါ်ဆောင်နိုင်စွမ်းမရှိသင့်ပေ။

ဝုန်း… ဝေါ…

ထိုအခိုက်တွင် နန်းတော်တစ်ခုလုံး တုန်ခါလာ၏။ ရုတ်တရက် နန်တော်အောက်ခြေမြေပြင်မှ ရွှေရောင်အလင်းတန်းများ ထွန်းလင်းလာသည်။ ကောင်းကင်မှပင် ထည်ဝါသော အလင်းတန်းအား ရေးရေးတွေ့နိုင်သည်။

အဆုံးအစမဲ့သော စွမ်းအားများ ကောင်းကင်အာဏာစက်အရှင်၏ခန္ဓာကိုယ်ထံသို့ တိုးဝင်လာကြ၏။ ထိုအခိုက်တွင် ကောင်းကင်အာဏာစက်အရှင်သည် ကောင်းကင်အရှင်သခင်တစ်ပါးအလား ထင်မှတ်ရပေသည်။

သူ့ခန္ဓာကိုယ်သည် နတ်ချတ်ဝတ်စုံ ဝတ်ဆင်ထားကာ ခေါင်းတွင် သရဖူဆောင်း၏။ သူသည် မူလနေရာတွင် ရပ်နေဆဲဖြစ်သော်လည်း အရာအားလုံးပြောင်းလဲသွားသည့်အလား လူတိုင်း ခံစားရသည်။ ထိုအခိုက်တွင် သူသည် ကောင်းကင်အာဏာစက်ပြည်ထောင်၏နတ်မင်းတစ်ပါးအလား…။

ကောင်းကင်အာဏာစက်ပြည်ထောင်၏အစွမ်းဆုံးသော ပညာရပ်မှာ ကောင်းကင်အာဏာစက်ပညာရပ်ဖြစ်သည်။ ထိုပညာက လူတစ်ယောက်အား နတ်မင်းတစ်ပါးအသွင်ဖြစ်စေကာ မဟာလမ်းစဉ်၏အကန့်အသတ်မဲ့သော စွမ်းအားများကို သုံးစွဲခွင့်ရစေ၏။

ထိုအခိုက်တွင် ကောင်းကင်အာဏာစက်ပြည်ထောငအရှင်ကား နတ်မင်းတစ်ပါးအလား ထင်မှတ်ရသည်။ သူက လက်ကိုမြှောက်ကာ လေထဲကို ညွန်ပြလိုက်၏။ ရွှေရောင်အလင်းတန်းတစ်ချက် ကောင်းကင်တွင် ဖျတ်ခနဲလက်သွားသည်။ သန်းနှင့်ချီသော နတ်အလင်းများ ရှေ့ကို တိုးဝင်သွားကြ၏။ ထိုကား ဘုံများစွာကိုပင် အဆုံးသတ်နိုင်စွမ်းသော နတ်မင်းလက်ညိုးဖြစ်သည်။ ထိုတိုက်ကွက်သည် ပြည်ထောင်တစ်ခုလုံးကို ဖိနှိပ်ထားသော နတ်ဆင်အင်ပါယာထံသို့ တိုက်ရိုက်တိုးဝင်သွား၏။

နတ်ဆင်အင်ပါယာ၏ရည်ရွယ်ချက်ကို သူနားလည်ပေသည်။ သူက နန်းတော်တစ်ခုလုံးကိုဖိနှိပ်ကာ ကောင်းကင်အာဏာစက်ပြည်ထောင်မှလူတိုင်းအား ဖမ်းဆီးလိုသည်။

သန်းပေါင်းများစွာသော အလင်းတန်းများသည် လေထဲကို ဖြတ်သန်းသွား၏။ သို့သော်လည်း ထိုအလင်းတန်းများသည် နတ်ဆင်အင်ပါယာထံသို့ မရောက်ချေ။ သူ့ရှေ့ကို တစ်စုံတစ်ယောက် လာပိတ်ရပ်၏။ သူကား နဂါးဘုရင်ဖြစ်သည်။

အစီအစဉ်အရ နတ်ဆင်အင်ပါယာသည် ကောင်းကင်အာဏာစက်ပြည်ထောင်ကို ဖိနှိပ်ကာ နဂါးမင်း၊ ကောင်းကင်မိစ္ဆာအဖွဲ့ခေါင်းဆောင်နှင့် ကျန်းချန်ကျီတို့က ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်ရမည်ဖြစ်သည်။

ကောင်းကင်မိစ္ဆာအဖွဲ့ခေါင်းဆောင်သည် အဝေးမှတိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်ရုံသာမက သူသည် အလွန်လည်း မြန်၏။ နဂါးမင်း၏ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်မှုများနှင့်ဆိုပါက သူတို့သည် ပြည်ထောင်အရှင်ကို မသတ်ဖြတ်နိုင်လျှင်ပင် ပိတ်ဆို့ထားနိုင်၏။

နတ်ဆင်အင်ပါယာနှင့် ကျန်သော စွမ်းအားမြင့်တန်ခိုးရှင်များမှာ ကောင်းကင်အာဏာစက်ပြည်ထောင်မှ တခြားသူများကို သုတ်သင်ရှင်းလင်းရပေမည်။

နတ်အလင်း သန်းပေါင်းများစွာတို့၏တိုက်ခိုက်မှုကိုမြင်လျှင် နဂါးဘုရင်က ရှေ့ကို တွန်းလိုက်သည်။ ချက်ချင်းပင် မိုးကုတ်စက်ဝန်းသည် ပြိုကျပျက်စီးသွားဟန်ရသည်။ ထိုအရာကား ပုံရိပ်ယောင်သဏ္ဌာန်တစ်ခုသာမဟုတ် စစ်မှန်သော တည်ရှိမှုဖြစ်သည်။

ကောင်းကင်သည် မာန်ဖီကာ တုန်လှုပ်၏။ နဂါးမင်း၏စွမ်းအား ပေါက်ကွဲထွက်လာလျှင် မရေမတွက်နိုင်သော ခရမ်းနဂါးများ မိုးကုတ်စက်ဝန်း၌ ပေါ်ပေါက်လာ၏။ စွမ်းအားက မဟာလမ်းစဉ်ကို တန်ပြန်ဆုတ်ခွာစေကာ ကောင်းကင်ကို အက်ကွဲစေ၏။ အဆုံးအစမဲ့သော နတ်အလင်းများသည်လည်း ပျက်စီးသွားရသည်။

ထိုတိုက်ခိုက်မှုများသည် ကောင်းကင်၌ဖြစ်ပျက်နေခြင်းဖြစ်သော်လည်း မြေပြင်မှလူများ၏စိတ်နှလုံးကို ကြီးစွာ လှုပ်ယမ်းစေသည်။ မည်သူမှ သက်တောင့်သက်သာ မဖြစ်ချေ။ ရန်ဟောင်အဆင့်ထက်နိမ့်သူများမှာ တုတ်တုတ်မျှ လှုပ်နိုင်စွမ်းမရှိချေ။ တိုက်ခိုက်မှုများမှာ အလွန်ဝေးကွာသောအရပ်၌ ဖြစ်သော်လည်း သူတို့အားလုံး ပြင်းထန်သော ရိုက်ခတ်မှုများကို ခံစားနေကြရ၏။

တိုက်ခိုက်မှုနှစ်ခုမှ စွမ်းအားအပိုင်းအစနများသည် ပတ်ဝန်းကျင်အနှံ့သို့ ပျံ့လွင့်နေ၏။ မြို့တော်ထောင့်လေးထောင့်တွင်ပေါ်လာသော စွမ်းအားမြင့်တန်ခိုးရှင်လေးဦးမှာ ယခုတွင် နန်းတော်အနီးသို့ ရောက်လာကြပြီဖြစ်သည်။

နတ်ဆင်အင်ပါယာသည် သီးသန့်ထောင့်တစ်နေရာတွင်ရှိ၏။ ထိုအဖြစ်က နတ်ဆင်အင်ပါယာသည် တိုက်ပွဲတွင် ဝင်မပါကြောင်း လူအများကို သဘောပေါက် နားလည်စေသည်။ ထိုအစား နတ်ဆင်အင်ပါယာသည် ပြည်ထောင်တစ်ခုလုံးကို ဦးတည်နေသည်။

စွမ်းအားမြင့်တန်ခိုးရှင်သုံးဦးသည်သာ သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်သည်။

တချိန်တည်းတွင်ပင် ဧရာမစစ်တပ်ကြီးသည်လည်း နန်းတော်သို့ ရောက်လာပြီဖြစ်သည်။ သူတို့သည် အင်အားစုသုံးခုခွဲလာ၏။ ထို့နောက် သူတို့က နန်းတော်ကို တိုက်ရိုက်ချီတက်လာကြသည်။

“သူတို့ ရောက်လာကြပြီ”

လူအများမှာ ထုံထိုင်းနေကြပြီဖြစ်သည်။ ရှေ့ပြေးစွမ်းအားမြင့်တန်ခိုးရှင်များအပြင် ယခု နောက်မှ စစ်တပ်ကြီးသည်လည်း ရောက်လာသည်။

မိစ္ဆာဘုံမှ စစ်တပ်ကြီးသုံးခု…။ သူတို့အားလုံး အနိမ့်ဆုံးအားဖြင့် ရန်ဟောင်အဆင့်တွင်ရှိကြသည်။

ဤသို့သော အဆင့်တိုက်ပွဲများတွင် ရန်ဟောင်အဆင့်အောက်မှလူများ ပါဝင်တိုက်ခိုက်ခြင်းက အသုံးမဝင်ပေ။ သူတို့မှာ ဝန်ထုပ်ဝန်ပိုးများဖြစ်ကြသည်။

တိုက်ပွဲကို သက်ရောက်နိုင်စွမ်းရှိသူများမှာ ထိပ်တန်းတန်ခိုးရှင်များဖြစ်ကြ၏။

“ရီဖူရှင်း… ဂူတုံးလျှို”

အချို့က ဘေးချင်းကပ်ရပ်နေသော လူနှစ်ယောက်ကိုမြင်ကြသည်။ တစ်ယောက်ကား အဖြူရောင်ဝတ်စုံဖြင့် ဆံပင်ဖြူလူငယ်ဖြစ်သည်။ လူအများအပြားက သူ့ကို မတွေ့ဖူး မမြင်ဖူးကြသော်လည်း သူ၏ကျော်ကြားသော ဝိသေသများကို ကြားဖူးကြ၏။ ထိုသူသည် ရီဖူရှင်း ဖြစ်ရပေမည်။ သူ့ဘေးမှလူငယ်သည် ဂူတုံးလျိုဖြစ်ရပေမည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာသော သူတို့ကို ဂူထျန်းရှင်း လာရောက်တိုက်ခိုက်ခဲ့၏။ ယခု သူ၏မြေးဂူတုံးလျိုသည် ကောင်းကင်အာဏာစက်ပြည်ထောင်၏နန်မြို့တော်ထဲကို ရောက်လာခဲ့ချေပြီ။

ထို့အပြင် သူတို့သည် အေးအေးလူလူ ဝင်လာကြခြင်းဖြစ်သည်။ သူတို့က လုံးဝဥသုံယုံကြည်မှုဖြင့်သာ ဤသို့ ဝင်လာရဲခြင်းဖြစ်ပေမည်။ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က သူတို့အား သတ်ဖြတ်မည်ကို စိုးစဉ်းမျှ ကြောက်ရွံ့ပုံမပေါ်။

အကြောင်းအရင်းကား နှစ်ဘက်အင်အားမှာ အလွန်ကွာခြားသောကြောင့်ဖြစ်ပေသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်သည် မည်မျှစွမ်းအားကြီးမားသော်လည်း မိစ္ဆာဘုံမှ ထိပ်သီးအင်အားစုသုံးခုနှင့် ကောင်းကင်နတ်တံခါးတို့ကို တပြိုင်နက်တည်း မတိုက်ခိုက်နိုင်ပေ။

ဤကား ထိပ်သီးအင်အားစုလေးခုဖြစ်ပေသည်။

ထို့အပြင် ထိပ်သီးအင်အားစုတစ်ခုစီသည် အဆင့်မြင့်ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်၏။

ရီဖူရှင်း၏ဘေးမှ စွမ်းအားမြင့်တန်ခိုးရှင်များမှာ ခွန်ပန်မိစ္ဆာအကြီးအကဲ၊ ရွှေအတောင်ပံခွန်ပန်အင်ပါယာ၊ ဟွားကျန့်ချန်နှင့် တခြားသော နတ်နဂါးများ၊ နတ်ဆင်များဖြစ်ကြသည်။ သူတို့အားလုံးမှာ အဆင့်ရှစ်နတ်ဝင်ရိုးများဖြစ်ကြသည်။ သူတို့၏လက်ထဲမှာလည်း ဝိညာဉ်လက်နက်များရှိသေးသည်။

ထို့အပြင် ကောင်းကင်အာဏာစက်ပြည်ထောင်ကို ထိပ်သီးအင်အားစုလေးခု ဝိုင်းတိုက်ခိုက်ခြင်းဖြစ်ရာ တစ်ဘက်အင်အားစုအနေဖြင့် ခုခံခြင်းမှလွဲ၍ တခြားနည်းမရှိချေ။

ထို့ကြောင့် သူတို့သည် ကောင်းကင်အာဏာစက်ပြည်ထောင်မြို့တော်ထဲသို့ ပြောင်ပြောင်တင်းတင်း ဝင်ရဲ၏။

နောက်ဆုံးတွင် သူတို့ရပ်လိုက်ကြသည်။ ရီဖူရှင်းက ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ကို လှမ်းကြည့်လိုက်သည်။ တစ်ဘက်လူကလည်း သူ့ကို လှမ်းကြည့်၏။ တစ်ဦးကား ဘုံတစ်ဘုံ၏အမြင့်မားဆုံးသော တည်ရှိမှု၊ တခြားတစ်ဦးကား ယခုမှ ရန်ဟောင်အဆင့်ကိုတက်လှမ်းလာသော ဂျူနီယာတစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦး၏အဆင့်အတန်းကား လုံးဝ ခြားနားသည်။

သို့သော်လည်း ယခုတွင် ဆံပင်ဖြူလူငယ်သည် ကောင်းကင်အာဏာစက်ပြည်ထောင်ကို ကူရာမဲ့စေသည်။

မဟာလမ်းစဉ်၏ကြောက်မက်ဖွယ်အာဏာစက်သည် ရီဖူရှင်းထံသို့ ဆင်းသက်လာ၏။ သို့သော်လည်း ရီဖူရှင်း၏အနီးမှ စွမ်းအားမြင့်တန်ခိုးရှင်များသည် သူတို့ပတ်ပတ်လည်ကို ချိတ်ပိတ်လိုက်ကြသည်။ ကောင်းကင်အာဏာစက်အရှင်အနေဖြင့် မည်သည့်အခွင့်အရေးမှ မရပေ။

“မင်း သူတို့ကို ဘယ်လို နားချခဲ့လဲ” ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က ရီဖူရှင်းကို မေးသည်။

ရီဖူရှင်းက သူ့ကို ကြည့်ကာ တစ်ဘက်လူ၏မေးခွန်းကို မဖြေပေ။ သို့သော်လည်း သူက ပြောသည် “အကြောင်းပြချက်က အရေးမကြီးဘူး။ ဒီနေ့မှာ ကောင်းကင်အာဏာစက်ပြည်ထောင် ပျက်စီးရမယ်”

“ကောင်းကင်အာဏာစက်ပြည်ထောင်ပျက်စီးရမှာလား” ပြည်ထောင်အရှင်က ရီဖူရှင်းအား ဒေါသတကြီးကြည့်သည်။ အမှန်တကယ်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်သည် ဤသို့သော အင်အားကြီးရန်သူများနှင့်ရင်ဆိုင်ရပါက သေချာပေါက် ရှုံးနိမ့်ရပေမည်။ သူတို့တွင် အခွင့်အရေးမရှိချေ။

သို့သော်လည်း သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ရှိနေသည်။ သူ၏အကြည့်က ရီဖူရှင်းအတွက် သေချာပေါက် သေလမ်းသာ ရှိနေသည့်အလား…။

ရီဖူရှင်းက ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ထံမှ အကြည့်ကို လွှဲကာ နောက်တစ်ယောက်ကို လှမ်းကြည့်သည်။ သူကား ကောင်းကင်အာဏာစက်ပြည်ထောင်၏အိမ်ရှေ့စံမင်းသား ရိထျန်းယွီ…။ သူသည် အစ်ကို၃၏ ကံကြမ္မာ…။

ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ပြည်ထောင်တို့၏ရန်ငြိုးမှာ သူ၏အစ်ကို၃နှင့်ယှဉ်ပါက ပါးလျလွန်းပေသည်။

ယနေ့တွင် အရာအားလုံးကို အဆုံးသတ်ရပေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset