အခန်း ( ၅၈၂ )

မြို့၏အရှေ့ပိုင်းရှိ ပိုင်မျိုးနွယ်စု

လီဖုန်းမှာ အလွန်တရာ စိတ်လှုပ်ရှားနေသည်။ ဤမဟာအကြီးအကဲပိုင်မှာ မြေအောက်လမ်းဆရာတစ်ယောက်ဖြစ်ပြီးသူမြင်ဖူးသမျှ အောက်လမ်းဆရာများထဲတွင် စွမ်းအားအကြီးဆုံး အောက်လမ်းဆရာတစ်ယောက်ဖြစ်သည် မဟုတ်ပါလော။

ထိုသို့သော လူမျိုး၏ နောက်လိုက်ဖြစ်ရသည့် အကျိုးကျေးဇူးများမှာ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားလှပြီး လီဖုန်းသည် ဤအခွင့်အရေးကိုသာ အပိုင်အသုံးမချနိုင်ပါက တစ်ဘဝလုံးစာ နောင်တရနေရမည်ဖြစ်ကြောင်းကို သိသည်။ သူ၏အရေးပါမှုကို မြှင့်တင်ရန် လိုအပ်သည်ကို သတိထားမိသဖြင့် သူက အလျင်အမြန်ပင် အော်ပြောလိုက်သည်။
” ကျွန်တော့်ကိုစောင့်ပါဦး မဟာအကြီးအကဲ ပိုင်ရေ။ ကျွန်တော်က အသုံးဝင်နိုင်ပါတယ်ဗျ။ ဥပမာဗျာ အကြီးအကဲပိုင်က ဝိညာဥ်တွေလိုရင် ကျွန်တော်သွားရှာပေးလို့ရတယ်။ ပြီးတော့လည်း ”

ထိုအခါ ပိုင်ရှောင်ချန်းမှာ သူ၏ခြေလှမ်းများကို ရပ်လိုက်သည်။ လီဖုန်းပြောနေသည့် အရာများမှာ အဓိပ္ပါယ်ရှိနေသည် မဟုတ်ပါလော။

ကျိုးရီရှင်းမှာ၏ရင်ထဲတွင် အမျက်ဒေါသများနှင့် တဒုန်းဒုန်းခုန်နေတော့သည်။ ပိုင်ရှောင်ချန်း မြေအောက်လမ်းဆရာတစ်ယောက် မဖြစ်ခဲ့စဥ်က သူ၏နောက်လိုက်တစ်ယောက်ဖြစ်ရသည်မှာ အရှက်ရစရာ တစ်ခုအဖြစ် သူကမှတ်ယူထားသည်။ သို့သော် ယခုတွင်မူ အရာအားလုံးမှာ ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ စိတ်ကူးထဲတွင် ပိုင်ရှောင်ချန်းမှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်အလားပင် ဖြစ်နေတော့သည်။

ကျိုးရီရှင်းမှာ လီဖုန်းမောင်းအထုတ်ခံရစေရန် အလွန်ဖားယားကာ အောက်ကျနောက်ကျခံခဲ့ရပါသော်လည်း သူလုပ်နိုင်သည့် အရာများကို အရှက်မရှိစွာဝန်ခံရသည် အဆင့်ထိ ရောက်သွားတော့သည်။

” ကျွန်တော်လည်း အဲဒီလိုမျိုး လုပ်နိုင်တယ်။ ”
ပိုင်ရှောင်ချန်းက လီဖုန်း၏ကမ်းလှမ်းမှုကို လက်ခံလိုက်မည်စိုးသဖြင့် သူက အလျင်အမြန် အော်ပြောလိုက်သည်။

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်နေသော်လည်း စိတ်ကိုတည်ငြိမ်အောင် ထားလိုက်လေသည်။ ထိုနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ပြိုင်ဘက်များအဖြစ် သတ်မှတ်ထားသည်ကို သူကသတိထားမိလိုက်သဖြင့် ကျေနပ်နေတော့သည်။ ထို့ကြောင့် ဘာမှဆက်မပြောပဲ လမ်းသာဆက်လျှောက်နေတော့သည်။

ထိုအခါ ကျိုးရီရှင်းက အနည်းငယ် ဝမ်းမြောက်သွားပြီး အကယ်၍သူ၏ ကျင့်ကြံခြင်းအခြေခံသာ အချုပ်အနှောင်မခံထားရပါက လီဖုန်းကိုအသက်ထွက်သည်အထိ နင်းခြေလိုက်မည်ဟူသောအကြည့်ဖြင့် စိုက်ကြည့်လိုက်တော့သည်။

ကျိုးရီရှင်းက ထိုသို့ပြုမူနေသည်ကို လီဖုန်းကလည်း လက်ပိုက်၍ကြည့်မနေနိုင်ချေ။ ထို့ကြောင့် သူက စိုးရိမ်နေသည့်အမူအရာဖြင့် ပိုင်ရှောင်ချန်းဘက်သို့လှည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
” မဟာအကြီးအကဲပိုင်၊ ဝိညာဥ်တွေအများကြီး ရနိုင်မဲ့နေရာတစ်ခုကို ကျွန်၊ ကျွန်တော် သိတယ်ဗျ ”

” ကျွန်တော်လည်း သိတယ်ဗျို့ ”
ကျိုးရီရှင်းကလည်း ချက်ချင်းပင် အော်ပြောလိုက်သည်။
” အဲဒီလိုနေရာမျိုးတွေ အများကြီးကို ကျွန်တော်သိတယ် ”

” ကျွန်တော် အကြီးအကဲပိုင်အတွက် ဆေးဝါးတွေ ဖော်စပ်ပေးနိုင်တယ်ဗျ ”
လီဖုန်းက ထပ်၍ဆိုလိုက်သည်။
” ကျွန်တော်က အောက်လမ်းဆရာသခင်ရဲ့ထိပ်ဆုံးအဆင့်မှာဆိုတော့ သခင်ဘေးကင်စေဖို့အတွက် ဝိညာဥ်ဆေးတွေအများကြီးကို ဖော်စပ်ပေးနိုင်တယ် ”

” ကျွန်တော်လည်း ဝိညာဥ်ဆေးတွေ ဖော်စပ်ပေးနိုင်ပါတယ်ဗျ ”
ကျိုးရီရှင်းကလည်း အံကြိတ်ကာ ထပ်ပြောလိုက်သည်။

” မင်းတော်တော် တရားလွန်နေပြီ ကျိုးရီရှင်း။ ကောင်းကင်တံတားမြစ်ရေတွေကို ရနိုင်တဲ့နေရာ ငါသိတယ်ကွာ။ အဲဒီရေက အင်မတန် တန်ဖိုးကြီးတာ။ တစ်စက်လောက်နဲ့တင် ဝိညာဥ်အများကြီးနဲ့ လဲလို့ရတယ်။ မင်း သိလားအဲဒီလိုနေရာကို။ ဟမ်….ကျိုးရီရှင်း ”
လီဖုန်းက သည်းမခံနိုင်တော့သည့်အဆုံး အော်ဟစ်လိုက်တော့သည်။

” ငါ ”

အကယ်၍ ကျိုးရီရှင်းသာ သူ၏မွေးရပ်မြေတွင် ရှိနေပါက ထိုရေကို ရယူနိုင်မည်ဖြစ်သော်လည်း ဤနေရာတွင်မူ မည်သည့်နည်းနှင့်မျှ ထိုသို့မစွမ်းဆောင်နိုင်ချေ။

လီဖုန်း၏ စကားကြောင့် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောင်လက်သွားရတော့သည်။ ကောင်းကင်တံတားမြစ်ရေသည် မြေရိုင်းဒေသထဲတွင် အလွန်ရှားပါးသည်ကို သူကသိသော်လည်း မည်မျှအထိ တန်ကြေးကြီးမားမည်ကို သူကတစ်ခါမှ မစဥ်းစားဖူးချေ။

ကျိုးရီရှင်း၏ မည်သို့ဆက်ပြောမည်မှန်း မသိတော့အောင်ဖြစ်နေသည့်ပုံကို မြင်လိုက်ရသဖြင့် လီဖုန်းက စိတ်လှုပ်ရှားသွားပြီး ပိုင်ရှောင်ချန်း၏ အာရုံစိုက်မှုကိုရရန် သူသိထားသည့် စိတ်ဝင်စားဖွယ် အရာအားလုံးကို ထုတ်ပြောနေတော့သည်။

” နတ်ဝိညာဥ်တစ်ခု ရနိုင်တဲ့နေရာကို ကျွန်တော်သိတယ် ”

” အဲဒီနေရာက သတင်းတွေအကုန်လုံးကို ကျွန်တော် စုံစမ်းပေးနိုင်တယ် ”

” ပြီးတော့ ”

ထိုစကားများကြောင့် ကျိုးရီရှင်းမှာ နီမြန်းနေသည့် မျက်ဝန်းများဖြင့် ပြန်လည်တုံ့ပြန်ရန် ပြင်လိုက်သော်လည်း ပိုင်ရှောင်ချန်းမှာမူ ရုတ်တရက်ရပ်တန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်တော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းမှာ လီဖုန်းအား စိုက်ကြည့်နေသည်ကို ကျိုးရီရှင်းကမြင်လိုက်ရသဖြင့် ရင်ခုန်နှုန်းများမြန်လာရတော့သည်။

” နတ်ဝိညာဥ်ရှိတဲ့ နေရာတစ်ခုကို သိတယ်လို့ မင်းပြောလိုက်တာလား ”

ပိုင်ရှောင်ချန်း၏ထိုမေးခွန်းကြောင့် လီဖုန်းမှာ စိတ်လှုပ်ရှားသွားရပြီး ချက်ချင်းပင်လက်ယှက်ကာ တရိုတသေဦးညွှတ်၍ ပြန်ဖြေလိုက်တော့သည်။

” မဟာအကြီးအကဲ ပိုင်။ နတ်ဝိညာဥ်တစ်ခုနဲ့ ပတ်သတ်တဲ့ သတင်းအချို့ ကျွန်တော့်ဆီမှာ တကယ်ရှိတာပါ။ ကျွန်တော်ကြားခဲ့ရတဲ့ ကောလာဟလတွေအရဆိုရင် သရဲကြီးဘုရင်ဆီမှာ တစ်ခုရှိတယ်။ ပြီးတော့ သူ့အပြင် သရဲကြီးမြို့တော်ရဲ့ပိုင်နက်ထဲမှာရှိတဲ့ အောက်လမ်းဆရာမျိုးနွယ်စုကြီး သုံးခုဆီမှာလည်း တစ်ခုစီ ရှိတယ်။ ”

ထိုအခါ ပိုင်ရှောင်ချန်းမှာ မျက်မှောင်ကြုတ်သွားတော့သည်။ သူ၏အမြင်တွင်မူ ဤသတင်းအချက်အလက်မှာ လုပ်ကြံဇာတ်လမ်းကြီးတစ်ခု ဖြစ်နိုင်သည်ဟု တွေးနေသည်။

ပိုင်ရှောင်ချန်း မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသောအခါ ကျိုးရီရှင်းက ကျေနပ်အားရသွားပြီး တန်ပြန်တိုက်စစ်ဆင်ရန် ပြင်လိုက်တော့သည်။
” ဟွန်း။ သရဲကြီးဘုရင်က နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်လေ။ သူ့ဆီက နတ်ဝိညာဥ်တစ်ခုကို လုယူလို့ရမယ် ထင်နေတာလား။ အောက်လမ်းဆရာမျိုးနွယ်စုတွေဆီမှာ ရှိနေတယ်ဆိုတာက မင်းစိတ်မှန်းနဲ့ပြောနေတာ အသိသာကြီး။ ”

ထိုအခါ လီဖုန်းက သူ့ကို တစ်ခဏမျှ အေးစက်စက်စိုက်ကြည့်လိုက်ပြီး ရယ်မောလိုက်လေသည်။ ထို့နောက် အလွန်ရို့ကျိုးသည့် မျက်နှာထားဖြင့် ပိုင်ရှောင်ချန်းကို ကြည့်ကာ ဆိုလိုက်သည်။
” သခင်ပိုင်ကို ကျွန်တော် လိမ်ရဲပါ့မလားဗျ။ သရဲကြီးဘုရင်ဆီမှာ ရှိတဲ့ နတ်ဝိညာဥ်ကိုတော့ သွားယူလို့ဘယ်ဖြစ်ပါ့မလဲ။ အောက်လမ်းဆရာမျိုးနွယ်စုတွေဆိုရင်တော့ မျိုးနွယ်စုနှစ်ခုမှာ ရှိ၊မရှိကို အသေအချာမပြောနိုင်ဘူး။ ဒါပေမဲ့ ကျန်တဲ့မျိုးနွယ်စုတစ်ခုဆီမှာ ရှိတာတော့ အသေအချာပဲ။ ကျွန်တော့်အသက်နဲ့ကို လောင်းကြေးထပ်ရဲတယ်။ ”

” ကျွန်တော် အရင်တုံးက အဲဒီမျိုးနွယ်စုထဲမှာ အစေခံတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ။ သူတို့ ပွဲတော်တစ်ခု ကျင်းပခဲ့တုံးက အဲဒီ နတ်ဝိညာဥ်ကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခွင့်ကို ရခဲ့တာဗျ။ အဲဒီဝိညာဥ်က သဲမြေပုံစံရှိပြီး သူ့ဘေးက နေရာတစ်ခုလုံးကို ကြီးမားတဲ့ ဖိအားတွေ ချက်ချင်း သက်ရောက်လာစေတာ။ ”
လီဖုန်း၏ အချက်အလက်ကျကျ ရှင်းပြသည့်စကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ အရောင်တောက်လာတော့သည်။

နတ်ဝိညာဥ်များကို ကောင်းကင်တံတားဒေထဲမှာကဲ့သို့ ဤမြေရိုင်းဒေသထဲတွင်လည်း တန်ဖိုးကြီးရတနာများအဖြစ် သတ်မှတ်ထားကြသည်။ ထိုဝိညာဥ်များကို မြင်တွေ့ဖူးသူပင် မရှိသလောက်နည်းသည်ဖြစ်သဖြင့် ၎င်းတို့၏ပုံစံကို သိသူမှာလည်း အများကြီး မရှိပေ။ သို့သော် လီဖုန်း၏ ဖော်ပြချက်မှာ ကွက်တိဖြစ်နေသည်။

” သူ့စကားသာ အမှန်ဆိုရင် သူမြင်ခဲ့တာ မြေအမျိုးအစား နတ်ဝိညာဥ်တစ်ခုပဲ။ ငါ့မှာက မီး၊သစ်သားနဲ့ ရေအမျိုးအစားတွေ ရှိပြီးသားဆိုတော့ သတ္တုနဲ့ မြေအမျိုးအစားပဲ လိုတော့တာ။ ” ပိုင်ရှောင်ချန်း၏ စိတ်နှလုံးမှာ စိတ်အားထက်သန်မှုများဖြင့် တုန်လှုပ်နေပြီဖြစ်သည်။

” မင်းပြောတဲ့ မျိုးနွယ်စုက ဘယ်မျိုးနွယ်စုလဲ ” ပိုင်ရှောင်ချန်းက အရောင်တောက်နေသည့် မျက်ဝန်းများဖြင့် မေးလိုက်သည်။

ထိုအခါ လီဖုန်းမှာ ခေတ္တမျှတုံ့ဆိုင်းသွားသည်။ သို့သော် ပိုင်ရှောင်ချန်း၏ နောက်လိုက်တစ်ယောက်ဖြစ်နိုင်မည့် အခွင့်အရေးကြောင့် သူက ပြန်ဖြေလိုက်တော့သည်။
” မြို့ရဲ့ အရှေ့ဘက်အစွန်အဖျားမှာရှိတဲ့ ပိုင်မျိုးနွယ်စုပါ။ ”

သူ၏အဖြေကြောင့် ပိုင်ရှောင်ချန်းမှာ အံ့သြသွားရသဖြင့် မျက်လုံးများပြူးသွားတော့သည်။ လီဖုန်းပြောလိုက်သည့် မျိုးနွယ်စုကို သူကြားဖူးထားသည်ဖြစ်ကြောင်းကို အမှတ်ရလိုက်သောအခါ ပါးစပ်အဟောင်းသားပင် ဖြစ်သွားတော့သည်။

” မြို့ရဲ့ အရှေ့ဘက်အစွန်အဖျား ”
သူက တွေးလိုက်သည်။
” အောက်လမ်းဆရာမျိုးနွယ်စုကြီးသုံးခုထဲက… ပိုင်မျိုးနွယ်စုဆိုပါလား။ အဲဒါ ပိုင်ဟောက်ရဲ့ မျိုးနွယ်စုမလား ”
ထိုသို့ အတွေးများက သူ၏ခေါင်းထဲဝင်လာသဖြင့် နှလုံးခုန်နှုန်းများပင် မြန်လာတော့သည်။
“ ဒါပေမဲ့ အဲဒီလိုမျိုး သရဲကြီးမြို့နဲ့ ချိတ်ဆက်နေတဲ့ မျိုးနွယ်စုကြီးမှာ နတ်အဆင့် ခေါင်းဆောင်ကြီးတစ်ယောက်တော့ ရှိမှာပဲ။ ”

ပိုင်ရှောင်ချန်းမှာ စုတ်သပ်နေပါသော်လည်း ချီတုံချတုံ ဖြစ်နေဆဲပင်။ သို့သော် သူသည် နတ်ဝိညာဥ်များကို ထပ်စုဆောင်းရန် လိုနေသည်ဖြစ်ပြီး ယခုတွင် ပိုင်ဟောက်အဖြစ် ဟန်ဆောင်ထားသည်ဖြစ်ရာ ပို၍လွယ်ကူနိုင်မည်ဟု တွက်ဆလိုက်သည်။

သူက ထိုသို့တွေဝေနေသဖြင့် စိုးရိမ်နေသည့် လီဖုန်းက ပိုင်မျိုးနွယ်စုနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို ဆက်၍ပြောပြနေတော့သည်။ သူ၏ အတွေးထဲတွင် ပိုင်ရှောင်ချန်း၏ နောက်လိုက်တစ်ယောက် ဖြစ်လာစေဖို့ရာ ပိုင်မျိုးနွယ်စုကို စော်ကားရန်ပင် အဆင်သင့်ဖြစ်နေသည်။

သူသည် ပိုင်မျိုးနွယ်စုလက်အောက်တွင် လက်ပါးစေတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ထိုစဥ်က ပိုင်ဟောက်ကို လုံးဝ သတိမထားမိခဲ့ချေ။ ပိုင်ဟောက်သည် အစောပိုင်း အခြေခိုင်မာခြင်းအဆင့်တွင်သာ ရှိသေးသည်ဖြစ်ပြီး မျိုးနွယ်စုထဲတွင် ထူးချွန်သော လူငယ်တစ်ယောက်အဖြစ် အသတ်မှတ်မခံခဲ့ရသည် မဟုတ်ပါလော။ အောက်လမ်းဆရာသခင်တစ်ယောက်ဖြစ်သော လီဖုန်းက သူ့ကို သတိမထားမိသည့်ကိစ္စမှာ သဘာဝကျပေသည်။

ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းကိုတွေးရင်း ဂယောင်ခြောက်ခြား ဖြစ်လာတော့သည်။ အဆုံးတွင် သူကအံကြိတ်ကာ တွေးလိုက်တော့သည်။
” ငါအောင်မြင်ချင်မှ အောင်မြင်နိုင်မယ်။ ဒါပေမဲ့ ကြိုးစားကြည့်ရမှာပဲ။ ငါ့မှာ နတ်ဘုရားတစ်ပိုင်းအဆင့် စေတီတော်ရှိသေးတာပဲ။ ငါ့ရဲ့ ပုံရိပ်အစစ်အမှန် ပေါ်သွားခဲ့ရင်တောင် ဒုက္ခအကြီးကြီး မရောက်လောက်ပါဘူး။ ”

တချိန်ထဲတွင် သခင်မလေးဟုန်ချိန်အပေါ်ထားရှိသည့် သူ၏အမုန်းတရားမီးတောက် များမှာလည်း တငွေ့ငွေ့နှင့် လောင်ကျွမ်းနေတော့သည်။ သူမကြောင့်သာမဟုတ်ပါက သူ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရန် နတ်ဝိညာဥ်များကို လိုက်ရှာနေစရာ မလိုအပ်သည် မဟုတ်ပါလော။

” အဲဒီဘွားတော် ဟုန်ချိန်ကြောင့်ပေါ့ကွာ။ ငါသာ စွမ်းအားကြီးလာတာနဲ့ သူ့ကို သင်ခန်းစာကောင်းကောင်းပြန်ပေးရမယ်။ ချိန်ဟဲ့ထျန်လည်း အတူတူပဲ ”
အဆုံးတွင် သူက ဆုံးဖြတ်ချက်ချလိုက်ပြီး လီဖုန်းကို သူ၏နောက်လိုက်ဖြစ်ခွင့် ပြုလိုက်သည်။ ထို့နောက် သူတို့သုံးယောက်မှာ ပိုင်မျိုးနွယ်စုရှိသည့် အရပ်မျက်နှာဘက်သို့ ဦးတည်သွားကြတော့သည်။ လမ်းတစ်လျှောက်လုံးတွင် သူသည် ပိုင်ဟောက်၏ ထည့်စရာအိတ်ထဲမှ တွေ့ရှိခဲ့သော အရိုးပေလွှာများကို ပြန်လည်ဆန်းစစ်ကာ ပိုင်ဟောက်သေဆုံးရသည့် အကြောင်းအရင်း အခြေအနေများကို ပြန်လည်တွေးတောသုံးသပ်နေတော့သည်။ ထိုမျိုးနွယ်စုသို့ ပိုင်ဟောက်အဖြစ် ပြန်ရောက်သွားလျှင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြမည်မှာ အမှန်ပင်။

” ကောင်းပြီ ပိုင်ဟောင်ရေ။ ငါသာ အခွင့်အရေးရရင် မင်းသေဆုံးမှုအတွက် တာဝန်ရှိတဲ့သူတွေကို ရအောင်ရှာပြီး လက်တုံ့ပြန်ပေးမယ်။ ”

ရက်အနည်းငယ်ကြာသောအခါ သူတို့က ပိုင်မျိုးနွယ်စုအနီးသို့ ရောက်လာတော့သည်။ လီဖုန်းနှင့် ကျိုးရီရှင်းတို့ကို သူနှင့်အတူခေါ်သွားရန်မှာ မဖြစ်နိုင်သဖြင့် လမ်းခုလတ်တစ်နေရာတွင် ရပ်ကာ သူတို့နှစ်ယောက်ကို ထိုနေရာတစ်ဝိုက်တွင် နေခဲ့ခိုင်းပြီး ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ရန် မှာကြားလိုက်သည်။ သူခေါ်လိုက်သည့်အချိန်တိုင်း အကူအညီ ချက်ချင်းပေးနိုင်စေရန်လည်း အဆင်သင့်လုပ်ခိုင်းထားလိုက်သည်။

ထို့နောက် သူက သူ၏ကျင့်ကြံခြင်းအခြေခံကို အမြုတေအဆင့်မဟာစက်ဝန်းမှ ပိုင်ဟောက်၏အဆင့်ဖြစ်သော အစောပိုင်း အခြေခိုင်မာခြင်းအဆင့်သို့ လျှော့ချလိုက်ပြီး ပိုင်ဟောက်နှင့် ပို၍တူစေရန်အတွက် ခပ်နှေးနှေး ပျံသန်းလိုက်တော့သည်။ သူက စကားနည်းသည့် မျက်နှာထားပင် ဖမ်းလိုက်သေးသည်။

” ပိုင်ဟောက်က မျိုးမစစ်သားတစ်ယောက်ဆိုတာ မျိုးနွယ်စုက သူ့ကိုအရမ်းကြီး အလေးထားမှာမဟုတ်ဘူး ”
အသက်ပျောက်လုနီးပါးဖြစ်ပြီးနောက် မျိုးနွယ်စုသို့ပြန်လာရသည်မှာ ပိုင်ဟောင်အတွက် ပျော်ရွှင်စရာတစ်ခု ဖြစ်နေမည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်းက ယူဆလိုက်သည်။

သရဲကြီးမြို့တော်၏ အစွန်အဖျားအဖြစ် သတ်မှတ်ထားသော ထိုနေရာအားလုံးကို ပိုင်မျိုးနွယ်စုက ချုပ်ကိုင်ထားသည်။ ထိုနေရာမှာ ကြီးမားလွန်းလှပြီး မြို့ကြီးတစ်မြို့နီးပါးပင် လူဦးရေထူထပ်နေသည်။

ထိုမြို့ကြီးမှာ ခရမ်းရောင်ရှိပြီး အထက်မှနေ၍ မြေကြီးထဲသို့ ရိုက်နှက်ထားသည့် ပုံစံပင် ပေါက်နေသည်။ မြို့၏နံရံများကို မြွေနဂါးရုပ်ထုများဖြင့် တည်ဆောက်ထားပြီး ထိုရုပ်ထုများမှာ မြို့ထဲသို့ဝင်နိုင်သည့် အပေါက်ဝကြီးလေးပေါက်အသွင် ပြောင်းလဲသွားသည်။

အလုပ်လုပ်နေသည့် မန္တန်အစီအရင်တစ်ခုလည်းရှိပြီး ထိုအစီအရင်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် ဖိအားများမှာ ပိုင်မျိုးနွယ်စုထဲတွင် ပြည့်နှက်နေရုံသာမက ၎င်း၏ပတ်ပတ်လည်ရှိ နယ်မြေများနှင့်ယှဥ်လိုက်လျှင် ပိုင်မျိုးနွယ်စုကို ပို၍သိသားထင်ရှားအောင် ပြုလုပ်ပေးနေသည်။

ပိုင်ရှောင်ချန်းမှာ မြို့အနားသို့ရောက်သည်နှင့် သူ့ကို အရပ်မျက်နှာပေါင်းစုံမှ မျက်လုံးများက ဝိုင်းကြည့်နေသည်ဟုခံစားလိုက်ရသည်။ သို့သော် မည်သူကမှ သူ့ကို ကြာကြာ မကြည့်ပေ။

မန္တန်အစီအရင် စွမ်းအင်ကြောင့် သူ၏စိတ်နှလုံးမှာ တုန်ရီနေရတော့သည်။
” ဒီ ပိုင်မျိုးနွယ်စုမှာ နတ်အဆင့် ခေါင်းဆောင်ကြီးတစ်ယောက် သေချာပေါက် ရှိတယ် ”


Comment

Leave a Reply


Options

not work with dark mode
Reset