Switch Mode

အပိုင်း(၁၆၈၃)

ကျူးကျော်ဝင်ရောက်ခြင်း

ကောင်းကင်အာဏာစက်ပြည်ထောင်သည် ယခင်က ကောင်းကင်အာဏာစက်ဘုံ၏အစိုးရသော အုပ်ချုပ်သူဖြစ်ခဲ့သည်။

ပြည်ထောင်သည် ကောင်းကင်အာဏာစက်ဘုံ၏အလယ်ပိုင်းဒေသတွင်ရှိပြီး အဆုံးအစမဲ့သော နယ်မြေများကို အပိုင်စိုးရသည်။ များစွာသော တိုင်းနှင့်နိုင်ငံများမှာ ကောင်းကင်အာဏာစက်ပြည်ထောင်ကို ဝန်းရံလျှက် နယ်မြေငယ်များကို အုပ်ချုပ်ရ၏။

ထိုအင်အားစုငယ်များကြောင့်ပင် ကောင်းကင်အာဏာစက်ပြည်ထောင်ကို ပို၍ အရှိန်အဝါကြီးစေသည်။

နှစ်များစွာအကြာက တိုက်ပွဲကြောင့်သာမဟုတ်လျှင် ကောင်းကင်အာဏာစက်ပြည်ထောင်သည် ယခင်ခဲ့သော ဘုံတစ်ခုလုံးကို အုပ်စိုးနိုင်သော အရှိန်အဝါရှိပေဦးမည်။

မည်သည့်နေရာကပေါ်လာမှန်းမသိသော ဂူထျန်းရှင်းက သူတို့၏အာဏာစက်ကို ဖျက်ဆီးသွားခဲ့သည်။

ထိုအခိုက်တွင် ရိပြည်ထောင်အုပ်စိုးသော မြို့တံတိုင်းနောက်၌ များစွာသော မြို့နေပြည်သူများသည် ကြီးမားသော ဖိအားကို ခံစားလိုက်ကြရသည်။ သူတို့အားလုံးက အဝေးမှ မိုးကုတ်စက်ဝန်းကို လှမ်းကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် သူတို့၏အမူအရာများ တုန်လှုပ်သွားကြ၏။

“ဒါ… ဒါ… မိစ္ဆာတွေ…” လူအချို့က တုန်ယင်စွာ ပြောကြသည်။ သူတို့ ဘာကိုမြင်သနည်း။

နတ်နဂါးများသည် မိုးကုတ်စက်ဝန်းကိုဖြတ်ကာ ပျံသန်းလာနေကြ၏။ ခွန်ပင်တို့၏အတောင်ပံများသည် နေမင်းကိုပင် ဖုံးအုပ်ထားဟန်ရသည်။ ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများသည် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ရိုက်ခတ်လာ၏။ ထိုအဖြစ်က လူများစွာတို့၏ခြေထောက်ကို တုန်ယင်စေသည်။

ထို့နောက်တွင် ကောင်းကင်သည် နက်မှောင်သွား၏။ သူတို့က အပေါ်ကိုမော့ကြည့်လျှင် သားရဲမိစ္ဆာများသည် ကောင်းကင်ကိုဖုံးအုပ်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။

“သူတို့…သူတို့ဘာလုပ်ချင်တာလဲ…” တချို့က ကြောက်လန့်တကြား အော်ဟစ်ကြသည်။ မကြာခင် စွမ်းအားမြင့်မိစ္ဆာသားရဲများ သူတို့၏ခေါင်းပေါ်မှ ဖြတ်ကာ ပျံသန်းသွားကြ၏။ သူတို့ကား အလွန်မြန်သည်။ သူတို့မှာ လူတို့၏ကောင်းကင်အပေါ် အလွန်မြင့်မားသောနေရာ၌သာမဟုတ်လျှင် သူတို့၏မြင်ကွင်းမှ တခဏချင်း ပျောက်ကွယ်သွားပေလိမ့်မည်။

သူတို့က မိစ္ဆာများကို လှမ်းကြည့်ကြသည်။ သူတို့က အဝေးကို လှမ်းကြည့်ကြ၏။ သူတို့ဦးတည်နေရာအရပ်ကား ကောင်းကင်အာဏာစက်ပြည်ထောင်…။

အတွေးများက သူတို့ကို တောင့်တင်းစေသည်။

ကောင်းကင်ကား အရောင်ပြောင်းပေတော့မည်။

“မိစ္ဆာဘုံက စစ်ခင်းတော့မယ်….” အသံတစ်သံက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်။ မိစ္ဆာဘုံကား ကောင်းကင်အာဏာစက်ပြည်ထောင်ထံသို့ တိုက်ရိုက်ကျူးကျော်လာနေသည်။ ထို့အပြင် သူတို့သည် မည်သည့်ကြိုတင်သတိပေးခြင်းမျိုးမှ မပြုလုပ်ခဲ့ပေ။ ထို့အပြင် သူတို့အနေဖြင့် ဧည့်သည်အဖြစ်လာရောက်သည့်ပုံမျိုးလည်း မဟုတ်ချေ။

ဤကား စစ်ခင်းခြင်းမဟုတ်လျှင် အဘယ်နည်း။

အင်ပါယာရိသည် ရိပြည်ထောင်၏နန်းတော်ခန်းမ၌ ရပ်နေသည်။ သူက အဝေးကို လှမ်းကြည့်နေသည်။ သူ၏စိတ်နှလုံးသည်လည်း ပြင်းထန်စွာ တုန်ယင်နေ၏။ သူသည် သူ့ပြည်ထောင်မှလူများထက် များစွာ စွမ်းအားမြင့်သော်လည်း သူကား အလယ်အလတ်ရန်ဟောင်အဆင့်သာဖြစ်သည်။ သူသည် အဝေးမှရိုက်ခတ်လာသော မိစ္ဆာများ၏အရှိန်အဝါကို အာရုံခံမိပြီးဖြစ်သည်။

တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပေါ်တော့မည်။

ဟူး…

အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ထိုလူရိပ်ကား အလွန်မြန်ဆန်စွာဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်ထံသို့ ဦးတည်နေသည်။

သူကား ရိပြည်ထောင်အုပ်ချုပ်သူဖြစ်သည်။ သူသည် ကောင်းကင်အာဏာစက်ပြည်ထောင်၏လက်အောက်ခံလည်းဖြစ်၏။ ထို့အပြင် သူသည် ကောင်းကင်အာဏာစက်ပြည်ထောင်တော်ဝင်မိသားစု၏အဆက်အနွယ်တစ်ဦးလည်းဖြစ်၏။

ထိုအခိုက်တွင် ရွှေရောင်အရိပ်တစ်ခုသည် ကောင်းကင်ကို ခွင်းသွားဟန်ရ၏။ ထိုလူရိပ်သည် တည်နေရာခုန်ကျော်သွားသည့်အလား လေထုကို ခွင်းသွားသည်။ သူ၏ကြီးမားသောအရှိန်အဝါက အင်ပါယာရိအပေါ်သို့ တိုက်ရိုက်ကျဆင်းလာခဲ့၏။

အင်ပါယာရိ၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ သူက အမြန်နှုန်းကို အဆုံးစွန်အထိ မြှင့်လိုက်၏။ မိုးကုတ်စက်ဝန်းထံသို့ အရိပ်သဏ္ဌာန်တစ်ခုကိုသာ မြင်ရတော့၏။

“အင်ပါယာ…” နန်းတော်မှ မရေမတွက်နိုင်သောလူတို့သည် အဝေးကို ပျံသန်းသွားသော ပုံရိပ်အား ကြည့်နေကြသည်။ သူတို့က တစ်ဘက်မှ စွမ်းအားမြင့်သားရဲကိုလည်း မြင်ကြ၏။ ထိုသူကား ရွှေအတောင်ပံဧရာမခွန်ပန်ငှက်ကြီးဖြစ်သည်။

မိုးကုတ်စက်ဝန်းထံသို့ ဦးတည်သွားနေသော မိစ္ဆာသားရဲတို့မှာ အနည်းငယ်မျှပင် နှေးကွေးသွားခြင်းမရှိပေ။ သူတို့က ရှေ့ကို ဆက်သွားနေကြသည်။

ထိုအခိုက်တွင် မြေပြင်ပေါ်မှလူများသည် မျက်လုံးအတွင်း နာကျင်မှုကို ခံစားလိုက်ကြရ၏။ သူတို့က အဆုံးမဲ့သော ရွှေရောင်အလင်းကို မြင်ကြသည်။ ဧရာမခွန်ပင်ရွှေငှက်ကြီးသည် မူလနေရာမှ ပျောက်ကွယ်သွား၏။ နောက်တစ်ကြိမ် သူ့ကိုမြင်တွေ့ရသည်ကား အလွန်ဝေးကွာသော နေရာတစ်ခု၌ဖြစ်၏။

ညင်သာသော အသံတစ်ခုထွက်လာသည်။ ထိုအခိုက်တွင် ကောင်းကင်မှ ပုံရိပ်တစ်ခု အောက်ကိုကျဆင်းသွားသည်ကို လူအများအပြားက မြင်ကြရသည်။

“အင်ပါယာ…” သူတို့က ထိုနေရာကိုလှမ်းကြည့်လိုက်လျှင် မြေပြင်ပေါ်၌ အသက်မဲ့နေသော အင်ပါယာရိကို မြင်ကြရသည်။

သူတို့၏စိတ်နှလုံးများ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ ပြည်ထောင်တစ်ခု၏အုပ်ချုပ်သူကား ထိုနေရာတွင်ပင် ကြက်ကလေးငှက်ကလေးလို အသတ်ခံလိုက်ရသည်။

ထို့နောက် ရွှေရောင်ခွန်ပန်ငှက်ကြီးသည် တခြားသော သားရဲများနှင့်အတူ ဘာမှ မဖြစ်ခဲ့သည့်အလား ပျံသန်းထွက်ခွာသွားတော့သည်။

“အဆင့်မြင့်ရန်ဟောင်တစ်ပါး….” များစွာသောစိတ်နှလုံးတို့ တုန်လှုပ်ကြရသည်။

အင်ပါယာရိကဲ့သို့သော အလယ်အလတ်အဆင့်အင်ပါယာကို သတ်ဖြတ်နိုင်သူမှာ အဆင့်မြင့်ရန်ဟောင်တစ်ပါးသာဖြစ်ရပေမည်။

ထို့အပြင် ထိုသူသည် ကောင်းကင်မိစ္ဆာအဖွဲ့မှ ခွန်ပင်သားရဲဖြစ်၏။

မိစ္ဆာဘုံ၏ထိပ်သီးတန်ခိုးရှင်တစ်ပါး…။

ပြည်ထောင်တစ်ခု၏အုပ်ချုပ်သူကား ပြန်လည်ခုခံရန်ပင် အခွင့်မရဘဲ သေဆုံးသွားရသည်။

လေထဲတွင် နတ်နဂါးတစ်ကောင်၏အပေါ်၌ ရီဖူရှင်းသည် ငြိမ်သက်စွာ ရပ်နေ၏။ သူက ရှေ့မှ ဖြစ်သွားသောမြင်ကွင်းကို ခံစားချက်ကင်းမဲ့စွာ ကြည့်သည်။

ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် သူ့အနီးနယ်မြေမှ ပြည်ထောင်တို့၏ပတ်သက်မှုကို သူသိ၏။ ယနေ့ ဝင်ရောက်စွက်ဖက်သူမှန်သမျှ အသတ်ခံရပေမည်။

မိစ္ဆာဘုံမှ စစ်တပ်သည် အဘယ်ကြောင့် ရောက်လာရသနည်းဟု အင်ပါယာရိတစ်ယောက် သံသယဝင်ခဲ့ရပေမည်။ သို့သော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်ကို သွားရောက်အသိပေးမည့် သူ့အပြုအမူကပင် သူ့အား သေစေမည်ကိုတော့ ကြိုတင်သိခဲ့ဟန်မတူ။

မရေမတွက်နိုင်သောလူများသည် ကောင်းကင်ကို ကြည့်ကာ ဆွံ့အနေကြ၏။

သူတို့က ပြည်ထောင်ဘုရင်တစ်ပါးကို တိုက်ရိုက်သတ်ဖြတ်ခဲ့သည်။

ထပ်၍ သံသယဝင်စရာမလိုတော့…။

သူတို့က ကောင်းကင်အာဏာစက်ပြည်ထောင်ကို အဆုံးသတ်ရန် ရောက်လာခြင်းဖြစ်သည်။

မကြာခင် မိစ္ဆာသားရဲအုပ်စုကြီးသည် မိုးကုတ်စက်ဝန်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

မရေမတွက်နိုင်သောလူများသည် အင်ပါယာရိ ကျဆုံးသွားသောနေရာကို ကြည့်နေကြ၏။

“ကောင်းကင်အာဏာစက်ပြည်ထောင် ပြိုလဲတော့မှာလား…”

အဝေးကိုငေးကြည့်ကာ လူအချို့က ရေရွက်ကြသည်။ ထိုအခိုက်တွင် သူတို့အားလုံးသည် ကြီးမားသော ဘေးအန္တရာယ်အား ခံစားမိကြ၏။ ဤတစ်ခေါက်တွင် ကောင်းကင်အာဏာစက်ပြည်ထောင် ပြိုလဲသွားနိုင်၏။

ဂူထျန်းရှင်းပြီးနောက်တွင် ကောင်းကင်အာဏာစက်ပြည်ထောင်အား နောက်တစ်ယောက် လာရောက်တိုက်ခိုက်ပြန်သည်။ သည်တစ်ကြိမ်ကား ယခင်တစ်ကြိမ်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်း၏။

“ဘာတွေဖြစ်နေလဲ တစ်ယောက်ယောက် သိလား” လူတစ်ယောက်က မေးသည်။

မိစ္ဆာသားရဲများက ကောင်းကင်အာဏာစက်ပြည်ထောင်ကို အဘယ့်ကြောင့် တိုက်ခိုက်ရသနည်း။

“ငါ လူတစ်ယောက်ကိုမြင်လိုက်တယ်…” တစ်ယောက်က ရုတ်တရက်ပြောသည်။

“ဘယ်သူလဲ…”

“ရီဖူရှင်း…”

မိစ္ဆာဘုံမှ အင်အားစုများ ရှေ့ကို ဆက်သွားနေကြသည်။ နောက်ဆုံးတွင် အလယ်ပိုင်းဒေသရှိ ကောင်းကင်အာဏာစက်ပြည်ထောင်၏အိမ်နီးချင်းပြည်ထောင်ငယ်များအားလုံးမှာ သိမ့်သိမ့်တုန်ခါမှုကို ခံစားကြရတော့သည်။

ကောင်းကင်အာဏာစက်ပြည်ထောင်နန်းတော်ထဲမှ လူအများအပြား ထွက်လာကြသည်။ သူတို့အားလုံးမှာ စွမ်းအားမြင့်ရန်ဟောင်များဖြစ်ကြသည် .သူတို့အားလုံးက တော်ဝင်နန်းတော်ထံသို့ တိုက်ရိုက်ဦးတည်လိုက်ကြ၏။

ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သည်လည်း လှုပ်ခတ်မှုများကို ခံစားမိသည်။ သူက နန်းတော်ရင်ပြင်သို့ ရောက်နေပြီးဖြစ်သည်။

“အရှင်… ကျုပ်တို့ကို မိစ္ဆာတွေ လာပြီး တိုက်ခိုက်နေပြီ” အသံတစ်သံကို ကြားရသည်။ ထိုအသံကား နေသာသောနေ့တွင် မိုးခြိမ်းသံအလား ထင်မှတ်ရသည်။ ထိုစကားက နန်းတော်မှ တန်ခိုးရှင်တို့၏နားထဲကို ကြည်လင်ပြတ်သားစွာ ဝင်ရောက်လာ၏။

သားရဲများ လာရောက်တိုက်ခိုက်ကြနေပြီ။

“မိစ္ဆာဘုံက ဘယ်သားရဲကလန်တွေလဲ…” ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က မေးသည်။

“နဂါးကလန်၊ကောင်းကင်မိစ္ဆာအဖွဲ့နဲ့ နတ်ဆင်ကလန်”

ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ့ထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။

သူက မဖြစ်နိုင်ဟု တွေးခဲ့သည်က အမှန်တကယ် ဖြစ်လာချေပြီ။

နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ဖွဲ့စည်းခဲ့သော လူငယ်များ၏မဟာမိတ်သည် ယခု ဧရာမမဟာမိတ်တပ်ပေါင်းစုကြီးဖြစ်လာသည်။

သူ နားမလည်နိုင်…။

သူက မျက်လုံးကို မှိတ်လိုက်သည်။ မရေမတွက်နိုင်သော တန်ခိုးရှင်များ သူ့အနီးကို ရောက်လာ၏။ သူတို့အားလုံးက ပြည်ထောင်အရှင်ကို ကြည့်နေကြသည်။ ထိုအခိုက်တွင် ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ကား ပုံမှန်ကဲ့သို့ တည်ငြိမ်နေ၏။

သူက မျက်လုံးကိုမှိတ်ကာ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်၏။ ချက်ချင်းပင် သူ၏စိတ်သည် တစ်ပြည်ထောင်လုံးကို ဖုံးအုပ်သွားသည်။

မရေမတွက်နိုင်သောပုံရိပ်များ သူ့ခေါင်းထဲကို ရောက်လာသည်။ များစွာသော လူများက သူ၏စိတ်အသိကို ခံစားမိကာ နန်းတော်ကို ဦးတည်လာနေကြ၏။

ထိုအခိုက်တွင် နန်းမြို့တော်ထဲ၌ လူတစ်ဦး လမ်းလျှောက်နေသည်။ သူ့ထံမှ မည်သည့်အရောင်အဝါမှ ထွက်ပေါ်ခြင်းမရှိပေ။ သူကား သာမန်လူအလား…။

ရုတ်တရက် သူက စိတ်ဝိညာဉ်စွမ်းအားတစ်ခုကို ခံစားမိသည်။

သူက နန်းတော်ထံသို့ လှမ်းကြည့်လိုက်၏။

ထို့နောက်တွင် သူ့ထံမှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

ဝုန်း…

ပြင်းထန်သော အရှိန်အဝါသည် မရေမတွက်နိုင်သောလူများကို ရိုက်ခတ်သွားလျှင် အားလုံးက ထိတ်လန့်သွားကြသည်။

သူ မည်သူဖြစ်သနည်း။

ဝုန်း…

မြေပြင်သည် ခြေလှမ်းတစ်ချက်တွင် ပြင်းစွာ တုန်ခါ၏။ ထိုသူက လေထုကိုနင်းကာ ကောင်းကင်ကိုတက်သွားသည်။ ချက်ချင်းပင် မြေပြင်မှ များစွာသောလူများသည် သွေးပွက်ပွက်အန်ကျ၏။

“ဘာလို့လဲ…” သူ့ထံသို့ ရည်ရွယ်ကာ အသံတစ်သံရောက်လာသည်။ ထိုသူကား ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ဖြစ်၏။ တချိန်တည်းတွင် သူ၏စိတ်အသိက ဆက်လက်ဖြန့်ကျက်သွားသည်။ တခြားအရပ်နှစ်ခုမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှစ်ခုသည် တစ်မြို့လုံးကို စတင်ဖိနှိပ်လာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset