အခန်း ( ၅၈၀ )

နတ်ဘုရားတစ်ပိုင်းအဆင့်

နောက်ထပ်အတန်ကြာ ကြည့်ရှုစစ်ဆေးပြီးနောက်တွင် ပိုင်ရှောင်ချန်းမှာ ဝိညာဥ်ဆေးနှင့် ပုံမန်ဆေးလုံးပေါင်းစပ်သည့် အကြံကို လက်လျှော့ရန်မှတစ်ပါး အခြားမရှိတော့ပေ။ သူက အတန်ငယ် စိတ်ပျက်နေသော်လည်း ထိုလုံးဝကွဲပြားခြားနားသော ဆေးအမျိုးအစားနှစ်မျိုးမှာ အတူတကွအလုပ်လုပ်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။

” အာ ကဲပါ။ အနည်းဆုံးတော့ အဆိပ်ဓာတ်တွေ ဘယ်လိုပေါင်းရမလဲ သိသွားတာပေါ့။ နောက်ကျရင် အသုံးဝင်ကောင်း ဝင်မှာပေါ့”
ထို့နောက် သူက ဝိညာဥ်ဆေးဖော်စပ်ခြင်းအလုပ်ကို ဆက်လုပ်လိုက်သည်။

သူက တောင်နက်မျိုးနွယ်စုကို ဝိညာဥ် ဆေးငါးရာ ဖော်ပေးမည်ဟု ကတိပေးခဲ့ပြီး သူက ကတိအတိုင်းလုပ်သည့်လူဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် ကျန်ရှိသောရက်များတွင် ထိုအလုပ်တာဝန်ပေါ်၌သာ အာရုံစိုက်ထားလေသည်။

အလုပ်အားလုံးသည် သူတို့ပေးထားသော ဝိညာဥ်များဖြင့်သာ ပြီးသွား၏။ သူတို့မှာ အကျပ်အတည်းဖြစ်နေ၍ ပိုင်ရှောင်ချန်းက မည်မျှ စိတ်နှလုံးနူးညံ့သည်လဲဆိုလျှင် သူတို့အပေါ်တွင် နောက်ထပ် အခွင့်အရေးမယူတော့ပေ။

ရက်အနည်းငယ်ကြာသော် ပိုင်ရှောင်ချန်းသည် အဆင့်နိမ့်ဝိညာဥ်ဆေးငါးရာတိတိကို ကြည့်ပြီး သူမည်မျှအထင်ကြီးဖွယ်ကောင်းကြောင်းတွေးကာ အလွန်တရာ ကျေနပ်ပီတိဖြစ်နေတော့သည်။

” မဟာတံတိုင်းကနေ့ လတ်တလောဝေးနေတာ သိပ်မဆိုးဘူးပဲ။ အင်း၊ ငါက ဆေးဖော်စပ်တာ ကျွမ်းတော့လဲ အိမ်လဲပြန်ရင်း မြေရိုင်းဒေသမှာလဲ ထင်ရှားကျော်ကြားလာအောင် လုပ်လို့ရတယ်။ ”
သူက တိုင်းတာ၍မရလောက်အောင် မိမိကိုယ်ကိုယ်ကျေနပ်အားရနေပြီး သူမည်မျှ တော်ကြောင်းအကြိမ်ကြိမ်အဖန်ဖန်တွေးတောကာ သက်ပြင်းမချမိပဲ မနေတော့ပေ။ သူမည်သည့်နေရာသွားပါစေ အမြဲတမ်း ထိပ်ဆုံးကို ရောက်နေတော့သည်။

” ငါကိုက ဒီလိုမျိုးတော်ဖို့ မွေးဖွားလာတာဖြစ်မှာ ”
သူက ထိုခံစားချက်တွင် သာယာကြည်နူးနေရန် မျက်စိပိတ်လိုက်သော်လည်း ဝင်္ကပါတွင် လူတိုင်းတည်နေရာရွှေ့ပြောင်းစဥ်က အချိန်ကို ပြန်စဥ်းစားမိသွားသည်။ ထို့ကြောင့် နတ်ဆရာ၊ စုန့်ချွဲနှင့် ကျောက်လုံတို့ မည်သည့်နေရာရောက်သွားသည်ကို သိချင်နေတော့သည်။

“သူတို့ အခုဘယ်ရောက်သွားကြလဲ သိချင်လိုက်တာ ”
ရုတ်တရက် မြေရိုင်းဒေသတစ်နေရာတွင် သူတို့နှင့် ပြန်လည်ဆုံစည်းလိုစိတ်များ တဖွားဖွားပေါ်လာတောသည်။ အကြောင်းခြင်းရာ တချို့ကြောင့် ထိုသည်က သူ၏ အထီးကျန်နေမှုကို လျော့ပါးသွားစေနိုင်သည်။

အတန်ငယ်ဆက်လက်တွေးတောပြီးနောက် သူက လည်ချောင်းရှင်းကာ ရုပ်ဖျက်ထားသောမျက်နှာကို ထိကြည့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ပုလဲမျက်နှာဖုံးသည် သူ၏ပင်ကိုယ်အရှိန်အဝါများကို သာမက မီးတောက်ဖန်တီးခြင်းကြောင့် ဖြစ်လာသော အငွေ့အသက်များကိုလည်း ဖုံးကွယ်ပေးသည်။ ယခုတွင် သူလိုအပ်သည့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို မီးတောက်ဖန်တီးနိုင်ပြီး မည်သူမှ သိနိုင်မည်မဟုတ်ပေ။

” ဘယ်လောက် ချစ်စရာကောင်းတဲ့ရတနာလေးလဲ”
နောက်ဆုံးတွင် အချိန်ကြာလာသည်နှင့်အမျှ မျက်နှာဖုံး၏ ကိစ္စရေးရာများကို ဘေးဖယ်လိုက်ပြီး ဝိညာဥ်သိုလှောင်စေတီကို ထုတ်ကာ လေ့လာလိုက်သည်။

” တောင်နက် မျိုးနွယ်စုကို အဆင့်နိမ့်ဝိညာဥ်ဆေးငါးရာပေးပြီးရင် ဒီကငါ့တာဝန်ပြီးပြီ။ ဒီနေရာက သိပ်မဆိုးပေမဲ့ ဆက်နေဖို့ အကြောင်းမရှိဘူး ”
ထို့နောက် သူက စိတ်အေးလက်အေးစဥ်းစားနေလေသည်။ တစ်ဖက်တွင် မဟာတံတိုင်းထံ မည့်သို့ပြန်ရမည်ကို ရှာဖွေရန် လိုအပ်သော်လည်း ဆယ့်ငါးရောင်ခြယ်မီးတောက်ဖန်တီးနည်းကိုလည်း ရချင်သေးသည်။

အရေးအကြီးဆုံးမှာ နောက်ထပ်နတ်ဝိညာဥ်များကို ရှာဖွေရန်လိုအပ်ခြင်းပင်။ ထိုသို့မဟုတ်လျှင် ရွှေအမြုတေအဆင့်မှ ယင်ယန်ဝိညာဥ်အဆင့်သို့ တက်လှမ်းနိုင်မည်မဟုတ်ပေ။

” ဒါတွေအားလုံးက ဟိုအဖွားကြီးဟုန်ချိန်ကြောင့် ”
သူ့အား ပြဿနာတောထဲ တွန်းပို့လိုက်သည့်လူကို စဥ်းစားလိုက်မိလိုက်သည်နှင့် သူ အံတင်းတင်းကြိတ်လိုက်မိလေသည်။ ထိုမျှသာမက ယခုအခါ သူ လုံးဝစိတ်ပိုင်းဖြတ်ထား၏။ တစ်နေ့တွင် သခင်မဟုန်ချိန်နှင့် ချိန်ဟဲ့ထျန်ကို သူမည်မျှ အံ့သြဖွယ်ကောင်းကြောင်း ပြသမည်ဟူ၍။

ယခင်က ပိုင်ရှောင်ချန်းသည် ဝိညာဥ်သိုလှောင်စေတီကို နတ်ဘုရားအာရုံနှင့် အတန်ငယ်စစ်ဆေးခဲ့သော်လည်း အသေးစိတ်လေ့လာရန် အချိန်မရှိခဲ့ပေ။ ယခုတွင် သူ၏ဝိညာဥ်ဆေးဖော်ခြင်းတာဝန်ပြီးဆုံးသွားလေရာ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ဝိညာဥ်သိုလှောင်စေတီ မည်သို့အလုပ်လုပ်ကြောင်း ရှာဖွေရန်ဖြစ်သော သူ၏ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုက်လေသည်။

သို့သော်လည်း အသေးစိတ်လေ့လာပြီးနောက် မည်သည့်သဲလွန်စမှမရလိုက်ပေ။ ဝိညာဥ်သိုလှောင်စေတီသည် နတ်ဘုရားအာရုံဖြင့် ထိုးဖောက်ရန်ခက်သော မြူတစ်ခုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူသည် စေတီအတွင်းရှိ နက်နဲဆန်းကြယ်သော သက်တမ်းကိုတော့ အာရုံရလိုက်လေသည်။

” ဟာကွာ မြူတွေက သိပ်များလိုက်တာ၊ အဲဒါ တွေကြောင့်ပဲ အထဲကြည့်ဖို့ ခက်နေတာ။ ကောင်းပြီလေ၊ ဝိညာဥ်သိုလှောင်စေတီ ငါမင်းကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာ စောင့်သာကြည့်လိုက်။ ဟွန်းး ။မင်းက အခု ငါ့အပိုင်ဆိုတော့ နည်းနည်းပါးပါးသန့်ရှင်းသွားအောင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအတတ် သုံးပေးမယ်။ အထဲမှာဘယ်လို တံဆိပ်အမှတ်အသားပါနေလဲ ဂရုမစိုက်ဘူးကွာ။ ကောင်းဖို့အတွက် အဲဒါကို ဖျက်ပစ်ရမှာပဲ”
မျက်နှာဖုံးနှင့်ပတ်သက်၍ ဖြစ်ပျက်သွားခဲ့သောအရာက ပိုင်ရှောင်ချန်းကို မှော်ပစ္စည်းများနှင့်ပတ်သက်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် စွဲလမ်းသွားစေခဲ့သည်။ ထို့ကြောင့် လျှို့ဝှက်ချက်ဖြစ်သည့်အတွက် သူ၏ ကိုယ်ပွားသုံးယောက်ကို အမုန်းဝိညာဥ်ဖမ်းရန် စေလွှတ်လိုက်လေသည်။

ထို့ပြင် ကျိုးရီရှင်း၊ လီဖုန်းနှင့် ကျန်ရှိသော တောင်နက်မျိုးနွယ်စုဝင်များကိုလည်း ထိုနည်းတူ ခိုင်းလိုက်သည်။

ရက်အနည်းငယ်ကြာသော် သူ၏ နည်းလမ်းသုံးသွယ်ကြောင့် တစ်ရောင်ခြယ်မှ ဆယ့်တစ်ရောင်ခြယ်မီးတောက်အထိ ဖန်တီးရန် လုံလောက်သော ဝိညာဥ်များရသွားတော့သည်။ ထိုညနေတွင် သူလိုအပ်သော ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးလိုက်လေသည်။

သူက တွေဝေတွန့်ဆုတ်မနေဘဲ လိပ်ဒယ်အိုးကို ထုတ်ကာ ဝိညာဥ်သိုလှောင်စေတီကို အထဲသို့ ပစ်ထည့်လိုက်ကာ ဆယ့်တစ်ဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်သည်။

ရွှေရောင်အလင်းများ ပြိုးပြိုးပြက်ပြက်လက်သွားပြီး ဝိညာဥ်သိုလှောင်စေတီက ပုံပန်းသွင်ပြင်ပြောင်းသွားတော့သည်။ ခဲရောင်အစား ၄င်းက ယခုတွင် သလင်းကျောက်နှင့်ပြလုပ်ထားပြီး လက်ရောက်မြောက်သွားလေသည်။ ထိုမျှသာမက ၄င်း၏မျက်နှာပြင်တွင် ရွှေရောင်အမှတ်အသားတစ်ခုကို မြင်ရသည်။ ယခုအခါ စေတီငယ်လေးသည် လုံးဝပြောင်းလဲသွားပြီး အစွမ်းအထက်ဆုံးအောက်လမ်းဆရာပင်လျှင် အလွန်အမင်း အရူးအမူးဖြစ်သွားလိမ့်မည်။

ပိုင်ရှောင်ချန်းက သလင်းကျောက် ဝိညာဥ်သိုလှောင်စေတီကို ဆွဲယူပြီးနောက် ဝမ်းသာအားရ သူ၏ အမှတ်အသားကို တံဆိပ်နှိပ်လိုက်လေသည်။ ရလဒ်အနေနှင့် မမြင်နိုင်သောဆက်သွယ်မှုဖြစ်တည်လာသည်ကို ခံစားလိုက်ရသောအခါတွင်မှ စိတ်သက်သာရသွားတော့သည်။

” ကဲ အခုတော့ ဒီဝိညာဥ်သိုလှောင်စေတီက ငါ့အပိုင်ဖြစ်ပြီ။ ငါတစ်ယောက်တည်း ပိုင် ”
သူက အားရပါးရရယ်မောကာ နောက်ထပ်စူးစမ်းရန် နတ်ဘုရားအာရုံများပို့လွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏မြင်နိုင်စွမ်းကို တားဆီးပိတ်ဆို့နေသော အနှောင့်အယှက်မြူများ မရှိတော့ရာ ထင်ရှား ပြတ်သားစွာ မြင်နိုင်သွားလေသည်။

သို့သော် သူ့အမူအရာသည် အလွန်လေးနက်သော အသွင်သို့ ပြောင်းသွားတော့သည်။
“အီး”

သူက ပို၍များပြားသော နတ်ဘုရားအာရုံများ ပို့လွှတ်လိုက်ရာ ဝိညာဥ်သိုလှောင်စေတီတစ်ခုလုံးပြည့်သွားလေတော့သည်။

ထိုစေတီအတွင်း အလွန်ထူထပ်သော မြူများဖုံးထားခဲ့ဖူးသည့် နေရာတွင် ပိုင်ရှောင်ချန်း ယခုမြင်လိုက်ရသည်က….အချုပ်အနှောင်မန္တန်တစ်ခု၏ အထောက်အထားပင်။

အချုပ်အနှောင်အမှတ်အသားမှာ အလွန်ဖျော့တော့နေပြီး အနီးကပ်မကြည့်ပါက သိမည်မဟုတ်ပေ။

“အချုပ်အနှောင် အမှတ်အသားတစ်ခု ”
ပထမတွင် တောင်နက်မျိုးနွယ်စုအဖွဲ့ဝင်များသည် သူ့ကို ထိခိုက်စေရန် သေမင်းကိုဖိတ်ခေါ်ထားသည်ဟု တွေးမိလိုက်သည်။ သို့သော် မကြာမီ ထိုသို့မဟုတ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ သူသတိထားမိသရွေ့ အချုပ်အနှောင် အမှတ်အသားက ဝိညာဥ်သိုလှောင်စေတီနည်းတူ သက်တမ်းရှိပုံရလေသည်။

အနည်းငယ်တွေးပြီးသော် သူ၏မျက်လုံးများ တလက်လက်တောက်ပလာပြီး အချုပ်အနှောင် အမှတ်အသားကို ဖွင့်ကာ အထဲတွင် မည်သည့်အရာရှိသည်ကို ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် အကြိမ်အနည်းငယ် ကြိုးစားပြီးသော် အမှတ်အသားက သေမင်းအငွေ့အသက်မှ ပြုလုပ်ထားပုံရကြောင်း တွေ့လိုက်ရ၏။ နတ်ဘုရားအာရုံများစွာမရှိဘဲ ၄င်းကို ဖွင့်ရန်မဖြစ်နိုင်ပေ။ အမှန်တကယ်တော့ လက်ရှိအချိန်တွင် ၄င်းကို ဖြတ်သွားဖို့ရန် မဖြစ်နိုင်ကြောင်း ပိုင်ရှောင်ချန်း ပြောနိုင်သည်။

” စိတ်ဝင်စားစရာပဲ။ အပေါ်ယံသာမန်ဝိညာဥ်သိုလှောင်စေတီအထဲမှာ ရှေးဟောင်းအချုပ်အနှောင် အမှတ်အသားရှိလာပါလား ”
သူ၏ နတ်ဘုရားအာရုံများကို ပြန်လည်နုတ်ယူလိုက်ပြီးနေယက် သူ့မျက်လုံးများဝင်းလက်နေပြီး ထိုင်ကာစဥ်းစားနေလေသည်။

“ငါဖွင့်ချင်ရင်တော့ မယုံနိုင်စရာစွမ်းအားနဲ့ ဖောက်ခွဲပစ်မှရမယ်။ ငါရဲ့ ကျင့်ကြံခြင်းအခြေခံက အခုလောလောဆယ် သိပ်အားမကောင်းသေးဘူး။ ဒါပေမဲ့ ဒါကိုလုပ်ဖို့ ငါ့မှာ ရွေးချယ်စရာမရှိတာလဲ မဟုတ်ဘူး”

” ကဲ ဝိညာဥ်သိုလှောင်စေတီရေ၊ ကိုယ်တော်ပိုင် ယ်လိုလုပ်မလဲ စောင့်သာ ကြည့်ကွာ”
ထို့နောက်သူက အိတ်ကို ပုတ်ကာ ရေပုံးကြီးတစ်ပုံးကို ထုတ်လိုက်သည်။

၄င်းမှာ လူတစ်ရပ်နီးပါးမြင့်ပြီး နှစ်မီတာနီးပါးကျယ်သည်။၄င်း ထွက်လာသည်နှင့်တစ်ပြိုင်နက် စွမ်းအားကြီးသော စိတ်စွမ်းအင်များ ထုတ်လွှတ်နေသည်။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ ထိုရေပုံးကြီးထဲတွင် ကောင်းကင်တံတားမြစ်ရေများနှင့် ပြည်လျှံ့နေသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းမှ ထွက်ခွာလာခဲ့စဥ် ပိုင်ရှောင်ချန်းမှာ ကြောက်လန့်နေသောကြောင့် မျက်နှာဖုံးကို ဤရေပုံးထဲတွင်သာ နစ်ထားခဲ့ရသည်။ ထိုအကြောင်းကို အချိန်အတော်ကြာပင် မေလျှော့နေခဲ့မိလေသည်။ ဝိညာဥ်သိုလှောင်စေတီနှင့် ရင်ဆိုင်ရန် စိတ်စွမ်းအင်များစွာလိုအပ်ကြောင်း စဥ်းစားကြည့်လျှင် ဤအရာသည် သူ့အိတ်ထဲမှ ပြန်ထုတ်ရန် ပြီးပြည့်စုံသော ပစ္စည်းတစ်ခုပင်ဖြစ်သည်။

” ကောင်းကင်တံတားမြစ်ရေက မြေရိုင်းဒေသမှာ အဓိကရှားပါးပစ္စည်းပဲ။ ဒီရေပုံးကြောင့် ငါ့ကို ဒီနေရာမှာ အချမ်းသာဆုံး သူဌေးကြီးတော့ မဖြစ်နိုင်ပေမဲ့ သေချာပေါက် ငွေထုပ်ကြီးပဲ” ပိုင်ရှောင်ချန်းမှာ နှုတ်ခမ်းသပ်ရင်း ရေပုံးကိုကြည့်ပြီးနောက် သလင်းကျောက်ဝိညာဥ်သိုလှောင်စေတီကို ပြန်ကြည့်လိုက်သည်။

” ဒီရေပုံးထဲက စိတ်စွမ်းအင်နဲ့ဆိုရင် အချုပ်အနှောင် အမှတ်အသားကို ဖွင့်နိုင်လိမ့်မယ် ”
သူက တောက်ပဝင်းလက်နေသောမျက်ဝန်းများဖြင့် ညာလက်နှင့် မန္တန်လက်ကွက်ဖော်လိုက်ပြီးနောက် ဝိညာဥ်သိုလှောင်စေတီကို လက်ညှိုးဖြင့် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဆွဲငင်အားတစ်ခုဖြစ်ပေါ်လာရာ ပုံးအတွင်းရှိ ရေတစ်ဝက်ကျော်သည် စေတီ၏ အတွင်းအနက်ထဲရှိ အချုပ်အနှောင် အမှတ်အသားထံ တဟုန်ထိုးစီးသွားစေလိုက်သည်။

ဝိညာဥ်သိုလှောင်စေတီ တုန်ခါလာသောကြောင့် ကောင်းကင်တံတားမြစ်ရေ၏ အဟုန်အောက်တွင် အချုပ်အနှောင် အမှတ်အသားပျက်စီးသွားသည်ကို စောင့်ကြည့်ရန် ပိုင်ရှောင်ချန်းက သူ၏နတ်ဘုရားအာရုံများကို အတွင်းထဲပို့လွှတ်လိုက်သည်။ သို့သော် ၄င်းကကွဲကြေသွားသည့်တိုင်အောင် ပြန်ဆက်သွားလေသည်။

ပိုင်ရှောင်ချန်းက အလျင်အမြန်ပင် နောက်ထပ် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ကာ ပိုများပြားသော ရေများကို စေတီထဲ ပို့လွှတ်လိုက်သည်။ ပြန်ဆက်နေသော လက္ခဏာများပျောက်ကွယ်သွားပြီး ပိုများပြားသော အက်ကြောင်းများ ပေါ်လာ၏။ အချုပ်အနှောင် အမှတ်အသားက အချိန်မရွေး ပျက်စီးတော့မည့်အလားပင်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ရုတ်တရက် ကြောင်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေရာ ပိုင်ရှောင်ချန်းမှာ ချက်ချင်း မျက်နှာပျက်သွားတော့သည်။

ထိုအရှိန်အဝါနှင့် သူ၏နတ်ဘုရားအာရုံ ထိသွားရုံကပင် သူ့ကို အလွန်တရာ တုန်လှုပ်သွားနေပြီး ပင့်သက်ရှိုက်သွားစေသည်။ ထခုန်ရင်း သူက အလန့်တကြားအော်လိုက်သည်။
“ဒါ ဒါ ဒါက ”

သူက အလျင်အမြန်ပင် မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ စေတီအတွင်းမှ ကောင်းကင်တံတားမြစ်ရေအားလုံးကို ပြန်ထုတ်လိုက်သည်။

ကံကောင်းထောက်မစွာ ထိုသို့ လုပ်ပြီးနောက် အချုပ်အနှောင် အမှတ်အသား ပျက်စီးနေသည်မှာ ပျောက်ကွယ်သွား၏။ သို့သော် ကြည့်ရသရွေ့ ၄င်းကိုယ်၄င်း ပြန်လည်ပြုပြင်နိုင်စွမ်း ဆုံးရှုံးသွားပုံရသည်။ ယခုတွင် စွမ်းအားအနည်းငယ်ကပင် ၄င်းကို ဖျက်စီးနိုင်တော့မည့်အလား ပျက်စီးယိုယွင်းကျန်နေခဲ့လေသည်။

ပိုင်ရှောင်ချန်းမှာ အသက်ပင်မရှုနိုင်ဖြစ်နေပြီးနောက် ကြောက်လန့်နေသော မျက်ဝန်းများဖြင့် စေတီကို ပြန်စိုက်ကြည့်လိုက်သည်။

” အဲဒီအရှိန်အဝါမျိုး ဘယ်သူ့ဆီကမှ ငါမခံစားဖူးဘူး။ နတ်တွေဆီကတောင် မရခဲ့ဘူး ။ ဝင်္ကပါထဲက နတ်မီးလျှံစမ်းသပ်ပွဲမှာ ဟိုသစ်ရွက်ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့အချိန်တုန်းက ငါ အာရုံရခဲ့တဲ့ အရှိန်အဝါနဲ့ တော်တော်ဆင်တယ်….. ။ အဲဒီအရှိန်အဝါက နတ်တွေကိုတောင်ကျော်သေးတယ်။ဒါ ဒါကြီးက နတ်ဘုရားအဆင့်လို့တော့ မပြောနဲ့နော်။ ဒီစေတီထဲမှာ ဘာကိုများ ချုပ်နှောင်ထားပါလိမ့်”


Comment

Leave a Reply


Options

not work with dark mode
Reset