Switch Mode

အပိုင်း(၁၆၈၀)

ကောင်းကင်အာဏာစက်ဘုံသို့ ပြန်ခြင်း

လတ်တလောတွင် ကောင်းကင်အာဏာစက်ဘုံသည် အေးချမ်းခြင်းမရှိပေ။ ယခင်နှစ်တွင် ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်လာခဲ့သည်။

ထိုပြဿနာအရင်းအမြစ်များမှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ပဋိပက္ခများကြောင့်ဖြစ်ပေသည်။ ခရမ်းရွှေကြွက်ကလန်မှ ရှုဟွမ်စွန်းသည် ကောင်းကင်အာဏာစက်ဘုံမှ လူတစ်ယောက်ကို ရုတ်တရက်သတ်ဖြတ်ကာ ရီဖူရှင်းတို့အဖွဲ့နှင့်ပူးပေါင်းခဲ့သည်။

ထိုသို့သော သစ္စာဖောက်မှုကို ကောင်းကင်အာဏာစက်ဘုံက မည်သို့ သည်းခံနိုင်မည်နည်း။

ထိပ်သီးအင်အားစုများ ကောင်းကင်အာဏာစက်ဘုံသို့ ပြန်ရောက်ပြီးနောက်တွင် စစ်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ခရမ်းရွှေကြွက်ကလန်သည် ထိပ်သီးအဆင့်ဝိညာဉ်လက်နက်သုံးခုကို ပိုင်ဆိုင်ထားသည်။ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်မြင့်မားသွား၏။ သူတို့အနေဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်ကို မရင်ဆိုင်နိုင်သော်လည်း ခရမ်းရွှေကြွက်အင်ပါယာသည် အလွန်ကောက်ကျစ်စဉ်းလဲ၏။ သူသည် ခရမ်းရွှေကြွက်ကလန်တွင် မနေဘဲ ခရမ်းရွှေကြွက်ကလန်၏လက်ရွေးစင်တန်ခိုးရှင်များနှင့်အတူ သူတို့နယ်မြေအပြင်၌ လှည့်လည်သွားလာနေသည်။ ထိုအဖြစ်က ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ကို အလွန်စိုးရိမ်ပူပန်စေ၏။ သူ့အနေဖြင့် ခရမ်းရွှေကြွက်ကလန်ကို တိုက်ရိုက်သွားရောက် မတိုက်ခိုက်ရဲပေ။

မည်သို့ဆိုစေ ကောင်းကင်နတ်တံခါးမှ အရှင်နှစ်ပါးမှာ အသက်ရှင်နေဆဲဖြစ်၏။ အကယ်၍သာ ကောင်းကင်အာဏာစက်ပြည်ထောင်က ခရမ်းရွှေကြွက်ကလန်အား သွားရောက်ဖျက်ဆီးလိုက်ပါက ကောင်းကင်အာဏာစက်ပြည်ထောင်အတွက် နောက်ထပ် အန္တရာယ်တစ်ခု ဖြစ်လာပေဦးမည်။

ထို့ကြောင့် ကောင်းကင်အာဏာစက်ပြည်ထောင်သည် ခရမ်းရွှေကြွက်ကလန်ကို ထွက်ပေါက်တစ်ခုတော့ ပေးထားသေးပေသည်။ အကယ်၍ သူတို့သာ ကောင်းကင်အာဏာစက်ပြည်ထောင်ထံသို့ ဝိညာဉ်လက်နက်သုံးခုကိုသာ အပ်နှင်းပါက သူတို့ကို ခွင့်လွှတ်ပေမည်။

ခရမ်းရွှေကြွက်ကလန်သည် ဝိညာဉ်လက်နက်သုံးခုကိုသာ ပိုင်ဆိုင်ခဲ့သော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်ကို ခြိမ်းခြောက်နိုင်၏။ တစ်ဘက်လူ၏စကားမျှဖြင့် သူတို့အနေဖြင့် ထိုဝိညာဉ်လက်နက်များကို မည်သို့ လက်လွှတ်ရမည်နည်း။

ထို့ကြောင့် အင်အားစုနှစ်ခုသည် ထိပ်တိုက်တွေ့နေဆဲဖြစ်သည်။ ခရမ်းရွှေကြွက်ကလန်က ရန်ငြိုးများကို ဖြေရှင်းရန် ဝိညာဉ်လက်နက်တစ်ခုတည်းကိုသာ ပေးအပ်ရန် သဘောတူခဲ့သည်။

ခရမ်းရွှေကြွက်အင်ပါယာကား အရူးမဟုတ်ပေ။ အကယ်၍ သူသည်သာ ဝိညာဉ်လက်နက်သုံးခုလုံးကို ပေးအပ်လိုက်ပါက တစ်ဘက်အင်အားစုက သူတို့အား အမှန်တကယ် လွှတ်ပေးမည်လား။

သူသာ ထိုသို့ သဘောတူလိုက်ပါက ကောင်းကင်အာဏာစက်ပြည်ထောင်က သူတို့အား ဖျက်ဆီးလိုက်ပေလိမ့်မည်။

ခရမ်းရွှေကြွက်အင်ပါယာ၏အန္တရာယ်သည် မူလက သိပ်မကြီးပေ။ သူကိုယ်တိုင်က များစွာသော ကောက်ကျစ်ယုတ်မာမှုများ၊ လှည့်စားမှုမျး ပြုလုပ်ခဲ့ဖူး၏။ သူကိုယ်တိုင်သည်ပင် သူ့ဆရာကို သစ္စာဖောက်ကာ သတ်ဖြတ်ခဲ့ဖူးသည်။ တစ်ဘက်လူက မည်သို့ အလွယ်တကူ သဘောတူမည်နည်း။

ထို့နောက်တွင် ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က ခြေတစ်လှမ်းနောက်ဆုတ်ကာ ဝိညာဉ်လက်နက်နှစ်ခုကိုသာ လျှော်ကြေးအဖြစ် တောင်းဆိုခဲ့သည်။

ခရမ်းရွှေကြွက်ကလန်က သဘောမတူသေးပေ။ ကောင်းကင်အာဏာစက်ပြည်ထောင်သည် ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် အလွန်ရင်းနှီးလွန်းသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်က ဝိညာဉ်လက်နက်များကို ခရမ်းရင့်ကောင်းကင်နန်းတော်သို့ ပေးလိုက်နိုင်၏။ ထိုအင်အားစုနှစ်ခုသာ ပူးပေါင်းလိုက်ပါက ခရမ်းရွှေကြွက်ကလန်အား သူတို့အနေဖြင့် ဖယ်ရှားပြစ်နိုင်သေးပေသည်။

သို့သော်လည်း ခရမ်းရွှေကြွက်ကလန်ကား ကောင်းကင်အာဏာစက်ဘုံနှင့် ရေရှည်ဆွေးနွေးညှိနှိုင်းခြင်းကဲ့သို့သော မိုက်မဲမှုကို မပြုလိုပေ။

သည်ကြားထဲ ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်အများအပြား တိုက်ပွဲထဲ ကျဆုံးခဲ့ရ၏။

သူတို့က ကောင်းကင်အာဏာစက်ဘုံမှ သားရဲမိစ္ဆာကလန်များကို အကူအညီတောင်းခဲ့သော်လည်း မည်သို့မှ အကြောင်းပြန်ကြားမှု မရခဲ့ပေ။ သားရဲကလန်များသည် မူလကတည်းက ခရမ်းရွှေကြွက်များကို အထင်သေးကြ၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ သူတို့သည် ခရမ်းရွှေကြွက်ကလန်နှင့်ပူးပေါင်းခဲ့ကြသော်လည်း အမှန်တကယ်ကား အတုအယောင်သာဖြစ်သည်။

အထူးသဖြင့် သားရဲကလန်မှ တန်ခိုးရှင်အချို့ ရီဖူရှင်း၏အကူအညီဖြင့် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းပြီးနောက်တွင် ခရမ်းရွှေကြွက်ကလန်သည် ရီဖူရှင်း၏အနာဂတ်အစီအစဉ်၌ မပါဝင်ကြောင်း ပိုမိုသိသာစေခဲ့၏။ ရီဖူရှင်းက သူတို့ကို ဝိဉာဉ်လက်နက်သုံးခု ပေးခဲ့ခြင်းမှာ တမင်ပြဿနာတက်စေလိုသောကြောင့်သာဖြစ်သည်။

ဝိညာဉ်လက်နက်သုံးခုမှာလည်း တခြားမည်သည့်နေရာကိုမှ ရောက်မည်မဟုတ်ပေ။ ရီဖူရှင်း၏အစီအစဉ်အတိုင်းသာသွားမည်ဆိုပါက ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရွှေကြွက်ကလန်တို့မှာ ပြေးပေါက်မရှိပေ။ အချိန်ကျလာသောအခါ ထိုဝိညာဉ်လက်နက်များမှာ ရီဖူရှင်း၏လက်ထဲကို ပြန်ရောက်လာပေလိမ့်မည်။

မိစ္ဆာကလန်မှ လူများ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းပြီးနောက်တွင် သူတို့သည် တံခါးပိတ်လေ့ကျင့်နေကြ၏။ သူတို့ ရန်ဟောင်ဖြစ်သွားသည့်သတင်းများကို အထူးလျှို့ဝှက်ထားကြသည်။ သူတို့အဆင့်တက်သွားသည်ကို မည်သူမှ မသိကြပေ။ သူတို့၏ကိုယ်ပိုင်အင်အားစုများသာ သိရှိကြ၏။

သူတို့အနေဖြင့် ရောက်လာမည့်သတင်းများကိုသာ စောင့်ရန်လိုပေသည်။ ရီဖူရှင်းကား ထိုနေရာသို့အထိ ရောက်အောင် သတ်ဖြတ်ပေတော့မည်။

ထိုနေ့ထိုရက်မှာ သိပ်မကြာတော့ပေ။

နဂါးတို့နယ်မြေသည် မိစ္ဆာဘုံတွင်ရှိပေသည်။

နဂါးသားရဲတို့အတွက် အရာတိုင်းက ပုံမှန်ဖြစ်ပေသည်။

ယခုတွင်ကား နဂါးမျိုးနွယ်တို့အကြား ကောလဟာလများ ကြားနေရ၏။ ကောလာဟလများအရ လုံချင်သည် မကြာခင် သားရဲအင်ပါယာအဆင့်သို့ တက်ရောက်တော့မည်(သို့မဟုတ်)ထျန်ရှင်းကျောင်းတော်၌ အဆင့်တက်ရောက်ပြီးသွားပြီဟု ဆိုကြသည်။ သို့သော်လည်း ထိုသတင်းကား အတည်မပြုရသေးပေ။

လုံချင်သည် သူ့မျိုးနွယ်စုသို့ ပြန်ရောက်ပြီးနောက်တွင် နတ်နဂါးတောင်၌ တံခါးပိတ်လေ့ကျင့်နေခဲ့၏။ နဂါးကလန်မှ အကြီးအကဲများကလည်း ထိုကိစ္စကို မည်သို့မှ မှတ်ချက်မပေးကြချေ။ ထို့ကြောင့် မည်သူမှ အမှန်တရားကို သိရှိခြင်းမရှိကြ။

ထိုအခိုက်တွင် နဂါးကလန်မှ များစွာသော နဂါးအင်ပါယာတို့သည် အဝေးမှ ကောင်းကင်ကို လှမ်းကြည့်လိုက်ကြ၏။ သူတို့၏သားရိုင်းအငွေ့အသက်များ လှုပ်ခတ်သွားသည်။

သူတို့ရှိရာအရပ်သို့ စွမ်းအားမြင့်အငွေ့အသက်များ ရိုက်ခတ်လာခဲ့သည်။

မကြာမှီ အလင်းတန်းများနှင့်အတူ လူတစ်စုသည် နဂါးကလန်၏အထက်ကောင်းကင်၌ ပေါ်လာ၏။ များစွာသော နဂါးများ ကောင်းကင်သို့ ပျံတက်သွားကာ မာန်ဖီလျှက် ထူးခြားသော နိမိတ်များကို ပြသကြ၏။

သည်အုပ်စုက အမှန်တကယ် နဂါးတို့နယ်မြေသို့ ကျူးကျော်ရဲသလား။

တောင်တန်းများ၏အလယ်တွင်ရှိသော ရွှေခရမ်းနဂါးတောအုပ်မှ အရိပ်သဏ္ဌာန်အချို့ ထွက်ပေါ်လာသည်။သူတို့က ကောင်းကင်ကို မော့ကြည့်လိုက်သည်တွင် လူအုပ်၏အရှေ့မှ ဆံဖြူလူငယ်ကို မြင်ကြ၏။ သူ၏အဝတ်စများ လေထဲတစ်ဖျတ်ဖျတ်လွင့်နေကာ ဆံပင်များ လေထဲကခုန်နေကြသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါကား ပြိုင်စံရှားအောင် ထူးခြားတောက်ပသည်။

“မင်းတို့အားလုံး နောက်ဆုတ်ကြ…” အသံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်ထက်မှ နဂါးများအားလုံး နောက်ဆုတ်သွားကြ၏။ ရီဖူရှင်းကို ယခင်မြင်ဖူးသူများအားလုံးက သူသည် ထိုလူစု၏ခေါင်းဆောင်ဖြစ်ကြောင်း သိကြ၏။

ရီဖူရှင်းတို့သည် ရပ်တန့်ခြင်းမရှိဘဲ အဝေးမှ ရွှေခရမ်းနဂါးတောအုပ်ထံသို့ ဦးတည်ပျံသန်းသွားကြသည်။

သရဖူဆောင်းနဂါးမင်းသည် ခရမ်းရောင်ဝတ်စုံရှည်ကြီးကို ဝတ်ထား၏။ သူ၏ကိုယ်ရောင်ကိုယ်ဝါသည် ထည်ဝါခန့်ငြားလှ၏။

သူကား နဂါးများ၏ဘုရင် ရွှေခရမ်းနဂါးမင်းဖြစ်ပေသည်။

ရီဖူရှင်းတို့အုပ်စု နဂါးမင်း၏တောအုပ်သို့ ရောက်လာကြသည်။ သူတို့က ကောင်းကင်ထက်မှ ရွှေခရမ်းနဂါးမင်းကို လှမ်းကြည့်ကြသည်။

“ရီဖူရှင်းက အရှင်နဂါးမင်းကို နှုတ်ဆက်ပါတယ်” ရီဖူရှင်းက အနည်းငယ်ဦးညွှတ်ကာ ပြောသည် “တခြားလူတွေ သတိထားမိမှာစိုးလို့ နဂါးတို့နယ်မြေကို ကြိုတင်အကြောင်းမကြားဘဲ တိုက်ရိုက်ရောက်လာရပါတယ်။ အရှင်မင်းကြီးက ခွင့်လွှတ်ပေးစေချင်ပါတယ်”

“ပြဿနာမရှိဘူး” နဂါးမင်းက ထူးမခြားနားစွာ ပြောသည်။ သူက တခြားသော နဂါးတို့အား လှမ်းပြောသည် “မင်းတို့အားလုံး သွားနိုင်ပြီ”

“နားလည်ပါပြီ” များစွာသော နဂါးများသည် နားမလည်စွာဖြင့် ထိုနေရာမှ ထွက်ခွာသွားကြ၏။

နဂါးမင်းသည် အမှန်တကယ်ပင် ရီဖူရှင်းကို ကိုယ်တိုင်ထွက်ကြိုခဲ့၏။ ရီဖူရှင်း၏နောက်မှ အုပ်စုသည်လည်း အမှန်တကယ် စွမ်းအားကြီးလှသည်။ သူတို့မှာ ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များဖြစ်ရပေမည်။

သူတို့က နဂါးတို့နယ်မြေသို့ အဘယ်ကြောင့် ရောက်လာရသနည်း။

ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ပြည်ထောင်တို့သည် မဟာရန်သူများဖြစ်ကြ၏။ တစ်ဘက်လူ မသေမချင်း ထိုရန်ငြိုးမှာ ပြေလေသွားမည် မဟုတ်ပေ။ ရီဖူရှင်းသည်သာ ကောင်းကင်အာဏာစက်ပြည်ထောင်၏နယ်မြေထဲသို့ ရောက်လာပါက ကောင်းကင်အာဏာစက်ပြည်ထောင်သည် အဆုံးစွန်သော အင်အားကို အသုံးပြုလျှက် ရီဖူရှင်းအား သတ်ရန် ကြိုးစားပေမည်။

ထို့ကြောင့် သူတို့၏ပထမဆုံး ခြေချရာနေရာသည် နဂါးတို့နယ်မြေဖြစ်လာ၏။

“တက်လာခဲ့…” နဂါးမင်းက ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ တောင်ပေါ်သို့ တက်လာကြသည်။ သို့သော်လည်း သူ့နောက်မှ လူအများအပြားသည် တောင်အောက်၌ ကျန်ရစ်ကြ၏။

“သူတို့အနားယူဖို့ နေရာစီစဉ်ပေးလိုက်ကြ။ ဒီကိစ္စကို ဘယ်သူမှ မသိစေနဲ့…” နဂါးမင်းက အမိန့်ပေးသည်။

“နားလည်ပါပြီ…”

သူ့ဘေးမှ နဂါးအချို့သည် တောင်အောက်ကို ဆင်းသွားကာ ဧည့်သည်များအတွက် နေရာစီစဉ်ပေးရန် ထွက်သွားကြသည်။

ရီဖူရှင်းသည် စိတ်တွင်းမှ ကြိတ်၍ ထောက်ခံမိ၏။ နဂါးမင်းသည် ရီဖူရှင်း၏သဘောကို နားလည်ပေသည်။ သည်တစ်ကြိမ် ရီဖူရှင်း ရောက်လာခြင်းမှာ အစီအစဉ်တစ်ခုခုကြောင့်ဖြစ်ရပေမည်။ ထို့ကြောင့် ရီဖူရှင်း ရောက်လာသည့်အကြောင်းကို သူက လျှို့ဝှက်စေခြင်းဖြစ်၏။

အကယ်၍ ရီဖူရှင်းရောက်လာသည့်သတင်းသာ ပေါက်ကြားသွားပါက ကောင်းကင်အာဏာစက်ပြည်ထောင်ကို အမြစ်ဖြတ်သုတ်သင်ရန်မှာ သိပ်လွယ်ကူတော့မည် မဟုတ်ပေ။

“အထဲမှာ ပြောကြမယ်” နဂါးမင်းက ရီဖူရှင်းအား နတ်နဂါးတောအုပ်ထဲကို ခေါ်သွားသည်။ တချိန်တည်းမှာပင် သူက အမိန့်ပေးလိုက်သည် “လုံချင်ကို ဆင့်ခေါ်လိုက်”

နဂါးတောအုပ်အတွင်း၌ကား အရာရာသည် ရွှေသားရွှေရောင်များဖြင့် ထွန်းပြောင်နေ၏။ ကျောက်တိုင်ကြီးများတွင် ဧရာမနဂါးရုပ်ကြွများ ထွင်းထားသည်။ အဆောက်အဦများက ဧရာမကြီးမား၏။ ရဲတိုက်ကြီးများမှာ နဂါးတစ်ကောင် အိပ်မောကျနေသည့်အလား ခန့်ငြားသည့်သွင်ပြင်ကို ယူကာ ဆောက်လုပ်ထားသည်။

ရီဖူရှင်းသည် ကျန့်ချန်ကျီ၊ ဟွားကျန့်ချင်၊ယူချင်းနှင့် တခြားလူအနည်းငယ်တို့ကိုသာ သူနှင့်ခေါ်လာသည်။

“ထိုင်ကြ…” နဂါးမင်းက ပြောသည်။ သူကိုယ်တိုင်က နဂါးပလ္လင်၌ ထိုင်သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည် “လုံချင်ကို ကူညီတဲ့အတွက် ကျေးဇူးပဲ”

“ရပါတယ် စီနီယာ။ ကျွန်တောက အခြေအနေကြုံလို့ကူညီခဲ့တာဖြစ်လို့ ကျေးဇူးတင်ဖို့မလိုပါဘူး” ရီဖူရှင်းက ပြောသည်။

“အနာဂတ်မှာ လုံချင်ဟာ ငါ့နေရာကို ယူလိမ့်မယ်။ အခြေအနေက ငါထင်ထားတာထက် ပိုကောင်းနေတယ်။ မင်းရဲ့တောင်းဆိုမှုကိုတော့ ငါလည်း ကြားတယ်။ ကောင်းကင်အာဏာစက်ဘုံမှာ ကျောင်းတော် တည်ထောင်တာ ပြဿနာမဟုတ်ဘူး။ နဂါးကလန်က ဒီကိစ္စမှာ ပူးပေါင်းမယ်” နဂါးမင်းက ပြတ်သားစွာ ပြောသည်။

မှော်ဆရာက မိစ္ဆာဘုံသည် သေချာပေါက် အပြောင်းအလဲကြီးကြီးမားမားဖြစ်မည်ဆိုသည်။

နဂါးမင်းက ရီဖူရှင်း၏ဘေးမှ ဂူတုံးလျှိုကို ကြည့်သည်။ ဂူတုံးလျှိုသည် မိစ္ဆာအင်ပါယာ၏အမွေအနှစ်ကို ဆက်ခံရရှိခဲ့၏။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် “ကျွန်တော်က ကျောင်းတော်ကို အသုံးချပြီး အာဏာဖြန့်ကျက်ဖို့ ဆန္ဒမရှိပါဘူး။ ကျွန်တော်က ကောင်းကင်အာဏာစက်ဘုံမှာ လူတိုင်းသာတူညီမျှတဲ့ သင်ကြားရေးနေရာတစ်ခု ရှိစေချင်ရုံပါ။ လူသားဖြစ်စေ၊ မိစ္ဆာဖြစ်စေ သူတို့ဟာ ကောင်းကင်အာဏာစက်ဘုံအတွက် အကျိုးပြုစေရမယ်။ အနာဂတ်မှာ လုံချင်လိုတစ်ယောက်ယောက် နဂါးကလန်မှာ ပေါ်လာခဲ့ရင် သူ့ကိုလည်း လုံချင်လို ကူညီပေးဖို့ ကျွန်တော် အာမခံပါတယ်”

“ပြီးတော့ စီနီယာဂူထျန်းရှင်းပြောခဲ့တာက အစ်ကိုသုံးကို ဘုရင်အသစ်အနေနဲ့ တင်မြှောက်ချင်တယ်။ ဒါပေမဲ့ အစ်ကိုသုံးက ကျွန်တော်နဲ့ အတွေးတူတယ်။ သူက ကျောင်းတော်မှာပဲ အေးအေးဆေးဆေး သင်ကြားရေးကို လုပ်ချင်တယ်။ အနာဂတ်မှာ မဟာအင်ပါယာအဆင့်တကယ်ပေါ်လာခဲ့ရင်လည်း ကျုပ်တို့ ကောင်းကင်အာဏာစက်ဘုံဟာ…” ရီဖူရှင်းက ပြောသည်။

နဂါးမင်းသည် ရီဖူရှင်းဆိုလိုသည်ကို နားလည်၏။ ရီဖူရှင်းက အာဏာဖြန့်ကျက်ရန် ဆန္ဒမရှိကြောင်း သူ့ကို အသိပေးခြင်းဖြစ်သည်။

သို့သော်လည်း အကယ်၍ မဟာအင်ပါယာသည်သာ ဤကမ္ဘာတွင် အမှန်တကယ်ပေါ်ပေါက်လာခဲ့ပါက ထိုလူမှာ သံသယဖြစ်စရာမလိုအောင် ကောင်းကင်အာဏာစက်ဘုံ၏အုပ်စိုးသူဖြစ်ပေလိမ့်မည်။

နဂါးများနှင့် ရီဖူရှင်း၏ပူးပေါင်းမှုသည် နဂါးတို့အား ထိုအစီအစဉ်တွင် တစ်စိတ်တစ်ပိုင်းဖြစ်စေခြင်းပင်။ မဟုတ်လျှင် ရီဖူရှင်းသည် တခြားအင်အားစုတစ်ခုခုနှင့်သွားပေါင်းပေလိမ့်မည်။

ရီဖူရှင်းသည် ယခင် ဂူထျန်းရှင်းမလုပ်ဆောင်နိုင်ခဲ့သောအရာကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသို့သောသူကား နှစ်ရာပေါင်းများစွာ၌ပင် တစ်ယောက်တွေ့ရန် မလွယ်ပေ။

ရန်ဟောင်အဆင့်သို့ ရောက်ခါစ တခြားတစ်ယောက်သာ နဂါးမင်းကို ဤသို့လာပြောမည်ဆိုပါက ထိုသူသည် တစ်ချက်တည်းဖြင့် အသတ်ခံရနိုင်ပေသည်။

“ကောင်းကင်အာဏာစက်ပြည်ထောင်နဲ့ ခရမ်းရင့်နန်းတော်ကို ဘယ်လိုလုပ်မလဲ။ သူတို့အတွက် မင်းစီစဉ်ထားတာ တစ်ခုခုရှိလား” နဂါးမင်းက ပြောသည်။ ထိုကိစ္စကား ကျောင်းတော် မတည်ထောင်ခင် သေချာပေါက် ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။

ရီဖူရှင်းက ကျောင်းတော်၏တည်နေရာသည် ကောင်းကင်အာဏာစက်ပြည်ထောင်နယ်မြေတွင်ဟုဆိုသည်။

ဤသို့ဆိုလျှင် ကောင်းကင်အာဏာစက်ပြည်ထောင်သည် သေချာပေါက် ပျောက်ကွယ်သွားရန် လိုပေသည်။

“အရှင်မင်းကြီး… ဒီကိစ္စကို ဆွေးနွေးဖို့ တခြားအင်အားစုတွေကို အကြောင်းကြားပေးလို့ရမလား” ရီဖူရှင်းက ပြောသည်။ သူက လှုပ်ရှားရန် ဆုံးဖြတ်ပြီးမှတော့ တစ်ကြိမ်တည်းဖြင့် အမြတ်ဖြတ်ရပေမည်။

ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သည် အသေးအမွှားမဟုတ်ပေ။ သူ သေရမည်။ သူ့အား အသက်ရှင်ရက် လွတ်မြောက်ခွင့် မပေးနိုင်ပေ။ မဟုတ်လျှင် အနာဂတ်တွင် ပြဿနာကြီး ဖြစ်ပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset