အပိုင်း(၁၆၇၈)

ပူးပေါင်းခြင်း

အခန်းအနားအပြီးတွင် ရှောင်ကလန်သည် တခြားသော အင်အားစုများကိုလည်း ထပ်မံဧည့်ခံသေးသည်။

နတ်သမီးဘွဲ့အပ်နှင်းခြင်းအခန်းအနားတွင် များစွာသော သူရဲကောင်းများ လာရောက်စုဝေးကြ၏။ မြောက်ပိုင်းဒေသမှ အင်အားစုများအပြင် တခြားသော နယ်မြေဒေသများမှလည်း အင်အားစုအများအပြား ရောက်လာကြသည်။ အိမ်ရှင်ဖြစ်သော ရှောင်ကလန်က သင့်တော်သော အစီအစဉ်များအား ပြုလုပ်ပေးရပေသည်။ အခန်းအနားပြီးသည်နှင့် ထိုလူများကို သည်အတိုင်း လွှတ်လိုက်၍ မရပေ။

အခန်းအနားမှာ နှစ်နေရာ ကွဲသွား၏။ ဗဟိုအင်ပါယာဘုံမှ အင်အားကြီးအဖွဲ့အစည်းများက တစ်နေရာဖြစ်ကာ မြောက်ပိုင်းဒေသမှ အင်အားစုများမှ တစ်နေရာဖြစ်သည်။

ရှောင်ကလန်သည် သင့်တင့်သော အစီအစဉ်များအား ပြုလုပ်ထား၏။ အားလုံးမှာ ကောင်းမွန်သော အစားသောက်များနှင့် ဝိုင်များကို ပြည့်စုံစွာ စားသောက်နိုင်ကြပေသည်။

ရီဖူရှင်းသည်လည်း ဗဟိုအင်ပါယာဘုံမှ အင်အားစုများနှင့်အတူ ရှိနေသည်။ သူသည် အထူးဧည့်သည်တော်နေရာ၌ ထိုင်ခွင့်ရ၏။

ရှောင်ကလန်ခေါင်းဆောင်သည် အခန်းအနားကို ပါဝင်ဆင်နွဲခြင်းမပြုရာ ကလန်အကြီးအကဲမှူးသည် အမြင့်ဆုံးသော အဆင့်အတန်းနေရာ၌ ထိုင်ရ၏။ သူ့ဘေးမှ နေရာနှစ်ခုမှာ ရီဖူရှင်းနှင့် ရှောင်မုယွီတို့ ထိုင်နေသည်။

တခြားသော လူများမှာ ရှောင်ကလန်၏အကြီးအကဲများဖြစ်ကြသည်။

ဗဟိုအင်ပါယာဘုံမှ နာမည်ကျော်ပုဂ္ဂိုလ်များအားလုံး အခန်းအနားကို တက်ရောက်ကြသည်။ သူတို့အားလုံးကို တစ်နေရာတည်းတွင် နေရာချထားခြင်း မရှိပေ။ ရှောင်ကလန်မှ တည်ခင်းဧည့်ခံသော နေရာကား ကျယ်ပြောသည်။ ထို့ကြောင့် သူတို့သည် အင်အားစုများအားလုံးကို တစ်နေရာတည်းတွင် ရောနှောထားစရာမလိုပေ။ အင်အားစုတစ်ခုစီတိုင်းအား တစ်နေရာစီတွင် သီးသန့်နေရာချထားပေသည်။

“ဒီနေ့ဟာ ရှောင်ကလန်ရဲ့နတ်သမီးဘွဲ့အပ်နှင်းခြင်း အခန်းအနားပဲ။ အခန်းအနားကို တက်ရောက်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ်က ခင်ဗျားတို့အားလုံးနဲ့အတူ တစ်ခွက်သောက်ပါ့မယ်” ရှောင်ကလန်အကြီးအကဲမှူးက ခွက်ကို မြှောက်ကာ ပြောသည်။ တခြားသောလူများအားလုံးကလည်း သူတို့၏ခွက်ကို မြှောက်ပြကာ သောက်လိုက်ကြသည်။ မည်သို့ဆိုစေ ရှောင်ထန်ကား အဆင့်အတန်းမြင့်မားသူဖြစ်သည်။

ရှောင်ကလန်မှ ရှောင်တိန့်ထျန်းသည် မိသားစုရေးရာကိစ္စများတွင် ဝင်စွက်ဖက်လေ့မရှိပေ။ ထို့ကြောင့် ရှောင်ကလန်၏ကိစ္စဝိစ္စအရပ်ရပ်ကို ရှောင်ထန်က စီမံအုပ်ချုပ်ရသည်။ ယနေ့ ရောက်လာသူများအားလုံးမှာ သူ့ကို စီနီယာဟု ခေါ်ရပေမည်။

အခန်းအနားမှာ စည်ကားသိုက်မြိုက်နေသည်။ စကားဝိုင်းများမှာ သက်တောင့်သက်သာရှိ၏။

“အကြီးအကဲရှောင်… ရှန်ကလန်က ကိစ္စနည်းနည်းကို သိချင်တာမို့လို့ ရှင်းလင်းပြောပြပေးစေလိုပါတယ်” ထိုအခိုက်တွင် ရှန်ကလန်မှ တစ်ယောက်က လှမ်းပြောသည်။ သူသည် ရှန်ကလန်၌ အဆင့်အတန်းမြင့်မားသူတစ်ဦးဖြစ်၏။

“ပြောပါ…” ရှောင်ထန်က ခေါင်းညိတ်သည်။

“ကျုပ်သိရတဲ့အတိုင်းဆိုရင် နတ်သမီးဟာ ထျန်ရှင်းကျောင်းတော်မှာ အဆင့်တက်ခဲ့တယ်။ အဲဒီတုန်းက နတ်သမီးဟာ ရီဖူရှင်းကို ဆရာတင်မြှောက်ခဲ့တယ်။ ဟုတ်တယ်မလား…” ရှန်ကလန်စွမ်းအားမြင့်တန်ခိုးရှင်က မေးသည်။ ချက်ချင်းပင် အင်အားစုအများအပြားက စိတ်ဝင်တစား နားစွင့်ကြ၏။

“ဒါမှန်တယ်…” ရှောင်ထန်က ခေါင်းညိတ်သည်။

“အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းတာက ဘယ်လောက်ခက်ခဲတယ်ဆိုတာ ပြောနေစရာမလိုဘူး။ နတ်သမီးရှောင်မုယွီသာ ရှောင်ကလန်မှာ လမ်းစဉ်သက်သေပြခဲ့ရင် ကျုပ်တို့ မသေမချာဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူမက ရီဖူရှင်းအကူအညီနဲ့ လမ်းစဉ်သက်သေပြခဲ့တယ်။ သူက ဘယ်လိုရတနာမျိုးအသုံးပြုခဲ့လဲ ကျုပ်သိလို့ရမလား” ရှန်ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်က မေးသည်။ သူက ပြောနေရင်း ရီဖူရှင်းကို လှမ်းကြည့်သည်။ အမှန်တကယ်အားဖြင့် သူ၏မေးခွန်းက ရီဖူရှင်းကို ဦးတည်နေသည်။

ဤကား ရှန်ကလန်တစ်ခုတည်း၏သံသယမဟုတ်ပေ။ တခြားသော အင်အားစုများကလည်း ထိုမေးခွန်းကို သိလိုသည်။ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းခြင်းက မည်မျှခက်ခဲကြောင်း လူတိုင်း သိနားလည်ပေသည်။

“ကျုပ်မသိဘူး။ ပြီးတော့ ကျုပ် ခင်ဗျားတို့ကို မလိမ်ဘူး။ မိတ်ဆွေရီဟာ မုယွီရဲ့ဆရာဖြစ်ပြီးတော့ မုယွီကို သင်ကြားပေးတာတွေ ရှိတယ်။ ဒါပေမဲ့ ကျုပ်တို့ရှောင်ကလန်ဟာ မဆိုင်တဲ့ကိစ္စတွေကို ဝင်ပြီး မစွက်ဖက်ဘူး” ရှောင်ထန်က ပြုံးလျှက်ပြောသည်။ ရှန်ကလန်သည်လည်း စိတ်မဝင်စားသင့်ကြောင်း သူက ပြောနေခြင်းဖြစ်သည်။

ရီဖူရှင်းက ရှောင်မုယွီကို မည်သို့ ကူညီခဲ့သည်ဆိုခြင်းမှာ သူ၏ကိစ္စဖြစ်သည်။

ရှန်ကလန်က မည်သို့တွေးနေသည်ကို လူတိုင်းက နားလည်ပေသည်။

ရီဖူရှင်းသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ တန်ဖိုးကြီးရတနာတစ်ခုခုရရှိခဲ့ရမည်ဟု သူတို့ သံသယရှိနေသည်။

“ပြီးတော့ ပျက်စီးခြင်းမြို့တော်က ကိစ္စတွေဟာ ဖြေရှင်းပြီးသားပဲ။ ကျုပ်တို့က ထပ်ပြောနေစရာမရှိဘူး” ရှောင်ထန်က ပြောသည်။ ပျက်စီးခြင်းမြို့တော်မှ ကိစ္စတွင် ဘုံကိုးဘုံ၏အင်အားစုတစ်ဝက်ခန့် ပါဝင်ပတ်သက်ခဲ့၏။

ရီဖူရှင်းသည် ထိုအကြပ်အတည်းမှ လွတ်မြောက်ခဲ့၏။ ယခု ရီဖူရှင်းသည် တန်ဖိုးကြီးရတနာတစ်ခုခုရရှိခဲ့ရမည်ဟု သူတို့ သံသယရှိရာ ထိုကိစ္စကို ပြန်၍ အစဖော်လိုသည်။

“ကျုပ်က စိတ်ဝင်စားမိရုံပါပဲ” ရှန်ကလန်မှလူက ပြုံးလိုက်သည်။ တစ်ဘက်လူ၏သဘောထားကို သူဂရုမစိုက်ပေ။ ရှန်ကလန်သည် ရှောင်ကလန်ထက်ပို၍ အင်အားကြီးရာ ပို၍ မောက်မာပေသည်။

“ရီဖူရှင်း… မင်းရဲ့ဆရာနေကောင်းလား…” ရှန်ကလန်စွမ်းအားမြင့်တန်ခိုးရှင်က ရီဖူရှင်းကို ရုတ်တရက်မေးသည်။

“ကောင်းတာပေါ့…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

“ထျန်ရှင်းကျောင်းတော်မှာတုန်းက မင်းနဲ့ရှန်ဟောက် စကားနည်းနည်းပြောခဲ့တယ်ကြားတယ်။ ရှန်ကလန်က အရင်က ဖြစ်ခဲ့တာတွေကို မေ့လိုက်ပြီးပြီ။ ငါတို့က မင်းရဲ့ဆရာကို ဘာမှ မလုပ်ချင်ဘူး။ တကယ်လို့ မင်းဆရာသာ ရှန်ကလန်ကို လူကိုယ်တိုင်လာပြီး ပြေပြေလေလေပြောခဲ့ရင် ငါတို့အတိတ်က မကောင်းတဲ့ကိစ္စတွေကို ခြေဖျက်နိုင်မယ်ထင်တယ်” ထိုသူက ဆက်ပြောသည်။

ရီဖူရှင်းက သူ့အား ကြည့်လိုက်သည်။ သူက ပြုံးကာ ဘာမှ မပြောပေ။

ထျန်းဟယ်အကြီးအကဲအား ရှန်ကလန်သို့ သွားရောက်ကာ သူ၏အပြစ်များကို ဝန်ခံစေလိုသည်လား။

ထို့အပြင် ရှန်ကလန်သည် မည်သည့်အချိန်က ထိုကိစ္စကို မေ့ပျောက်လိုက်သနည်း။ သို့ဆိုလျှင် သူ၏ဆရာကို အဘယ်ကြောင့် ဖမ်းခေါ်သွားရသနည်း။ ရှန်ကလန်သည် ထျန်းဟယ်အကြီးအကဲနှင့် ပြဿနာမလုပ်သော်လည်း သူတို့သည် ဖေးရွှီကို ပစ်မှတ်ထားနေ၏။

သူ၏ဆရာဘိုးဘိုးမှာ ဇနီးကို ခေါ်ဆောင်သွားခြင်းခံရသလို သမီးမှာလည်း အသတ်ခံရပြီး တပည့်များ မျိုးတုန်းသတ်ဖြတ်ခံရ၏။ သို့တိုင်အောင် ရှန်ကလန်က သူ့အား အပြစ်လာရောက်ဝန်ခံစေလိုသည်လား။

ရီဖူရှင်းက ပြုံးကာ ဘာမှ မပြောပေ။

ရီဖူရှင်း၏ထီမထင်သောပုံစံကို ရှန်ကလန်မှလူများ သတိပြုမိကြပေသည်။ ရီဖူရှင်းသည် သူ၏မျိုးဆက်တွင် ပြိုင်စံရှားသူတစ်ဦးဖြစ်လာခဲ့သည်။ သူသည် နတ်သမီးရှောင်မုယွီ၏ဆရာဖြစ်ကာ ရှောင်ကလန်နှင့်နီးကပ်သော ဆက်ဆံရေးရှိသည်။ သူ့တွင် ကိုယ်ပိုင်အစီအစဉ်များ ရှိရပေမည်။

သို့တိုင်အောင် ရီဖူရှင်း၏ဖြစ်တည်မှုကို ရှန်ကလန်သည် သိပ်အလေးအနက်မထားပေ။

သူ့တွင် ကောင်းမွန်သော အလားအလာရှိသော်လည်း အားနည်းလွန်းသေး၏။

ရီဖူရှင်းသည်လည်း ရှန်ကလန်မှလူများ၏အမူအရာကို သတိပြုမိသည်။ ရှန်ကလန်က သူ့အား သိပ်အလေးအနက်မထားသည်ကို သူသိ၏။ သူသည် ထျန်းဟယ်အကြီးအကဲ၏တပည့်အနေဖြင့် ပေါ်လာသော်လည်း ရှန်ကလန်သည် ဗဟိုအင်ပါယာဘုံတွင် အမြင့်ဆုံးသော စွမ်းအားကို ပိုင်ဆိုင်ထားသူများဖြစ်ရာ သူ့ကို ဂရုမစိုက်ပေ။

သို့သော်လည်း ရှန်ကလန်သည် မကြာသော အနာဂတ်တွင် သူ့အား အလေးထားလာနိုင်ပေသည်။ ထို့ကြောင့် ရီဖူရှင်းအနေဖြင့် ဖြစ်လာနိုင်ဖွယ် ရန်မီးအတွက် ပြင်ဆင်ထားရပေမည်။

ရီဖူရှင်းက သေရည်ခွက်ကို ရှောင်ထန်ထံသို့ မြှောက်လိုက်သည်။ သူက စိတ်ဖြင့် လှမ်းပြောလိုက်သည် “အကြီးအကဲရှောင်”

ရှောင်ထန်က ရီဖူရှင်းကို လှမ်းကြည့်သည်။ ရီဖူရှင်းက အရေးကြီးသော ကိစ္စတစ်ခုအား ပြောလိုဟန်ရသည်။ မဟုတ်လျှင် စိတ်ဖြင့် လှမ်းပြောစရာ မလိုပေ။

“စိတ်ထဲရှိတဲ့အတိုင်းပြောပါ မိတ်ဆွေရီ…” ရှောင်ထန်က ပြောသည်။

“ကျုပ်က ကောင်းကင်အာဏာစက်ဘုံမှာ ကျင့်ကြံခြင်းကျောင်းတော်တစ်ခု တည်ထောင်ဖို့ရှိပါတယ်။ အဲဒီအချိန်ကျရင် ကောင်းကင်အာဏာစက်ဘုံက ထိပ်သီးအင်အားစုတွေ ပါဝင်ကြလိမ့်မယ်။ ကျုပ်ဆရာ ထျန်းဟယ်အကြီးအကဲနဲ့ အရှင်ထိုက်ရွှမ်တို့က ကျောင်းအုပ်နေရာကို တာဝန်ယူကြလိမ့်မယ်” ရီဖူရှင်းက စိတ်ဖြင့် ပြောည် “ရှောင်ကလန်က ဒီကိစ္စကို စိတ်ဝင်စားမလား သိချင်ပါတယ်”

ရှောင်ထန်ကား အနည်းငယ် အံ့အားသင့်သွားသည်။ ရီဖူရှင်းသည် အသက်ငယ်ငယ်ဖြင့် ကျောင်းတော်တစ်ခု တည်ထောင်လိုသည်။ ထို့အပြင် ကျောင်းတော်သည် သာမန်ထက်ပိုရပေမည်။ ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးအင်အားစုများ ပါဝင်ကြမည်။ အရှင်ထိုက်ရွှမ်နှင့် ထျန်းဟယ်အကြီးအကဲတို့ ပါဝင်ခြင်းက မည်သို့ သာမန်ကျောင်းတော် ဖြစ်မည်နည်း။

“မိတ်ဆွေရီဟာ မုယွီရဲ့ဆရာဖြစ်တယ်။ ဖွင့်ပွဲအခန်းအနားကျရင် ရှောင်ကလန်က သေချာပေါက် ရောက်လာမှာပါ” ရှောင်ထန်က ပြောသည်။

ရီဖူရှင်း၏ရည်ရွယ်ချက်က မရှင်းလင်းပေ။ ကျောင်းတော်တည်ထောင်ပြီးနောက် ရီဖူရှင်းက ရှန်ကလန်နှင့် တိုက်ခိုက်မည်ဆိုလျှင် ရှောင်ကလန်က ပါဝင်ပတ်သက်မိပေလိမ့်မည်။

“အကြီးအကဲ စိတ်ချစေချင်ပါတယ်။ ကျောင်းတော်တည်ထောင်တာက ကျင့်ကြံခြင်းပညာရပ်တွေကို ပြန့်ပွားစေလိုတဲ့ဆန္ဒတစ်ခုတည်းပါ။ ကျောင်းတော်ဟာ ကျုပ်နဲ့ကျုပ်ဆရာရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ ပတ်သက်စရာမရှိပါဘူး။ ကျောင်းတော်ဟာ ကောင်းကင်အာဏာစက်ဘုံမှာ ဘေးကင်းကင်းနဲ့ရပ်တည်နိုင်ဖို့အတွက်ပဲ ရှောင်ကလန်ရဲ့ အကူအညီအနည်းငယ် လိုချင်တာပါ” ရီဖူရှင်းက တည့်တိုးပြောသည်။

ရှောင်ကလန်ကို ဆွဲခေါ်ခြင်းမှာ သူ၏ဘေးကင်းမှုအတွက် သီးသန့်ဖြစ်သည်။ သူက ရှောင်ကလန်အကူအညီဖြင့် ရှန်ကလန်ကို တိုက်ခိုက်ရန် မရည်ရွယ္။

ရှောင်ထန်ကား အနည်းငယ် တွန့်ဆုတ်နေသည်။ ရီဖူရှင်းက ဆက်ပြောသည် “ကျွန်တော် တွေးနေတာက ကျောင်းတော်ဟာ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် အတော်များများကို မွေးထုတ်နိုင်လိမ့်မယ်”

ရှောင်ထန် စိတ်လှုပ်ရှားသွားသည်။

“မိတ်ဆွေလေးက တော်တော် ယုံကြည်မှုရှိတဲ့ပုံပဲ” ရှောင်ထန်က စိတ်ဝင်စားစွာ ပြောသည်။

“ဒါက ပါရမီနဲ့ကံကြမ္မာကောင်း လိုအပ်တယ်။ အဲဒီလူက မုယွီလို ပါရမီမျိုးပါမယ်ဆိုရင် ဒါက ဖြစ်နိုင်တယ်။ အကြီးအကဲမသိတာက ကျုပ်မိတ်ဆွေတွေအကုန်လုံးဟာ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်တွေပဲ” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ… ရှောင်ကလန်ပါမယ်” ရှောင်ထန်က ပြောသည်။ သူ့အနေဖြင့် ဆုံးဖြတ်ချက် ပြတ်သားရန် လိုသည်။

ရီဖူရှင်း၏စကားများအရ သူ၏ယုံကြည်မှုကို မြင်နေရသည်။ သူ့အနေဖြင့် အခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။

ရှောင်မုယွီက ရှောင်ထန်နှင့် ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်သည်။ သူတို့နှစ်ဦး တစ်စုံတစ်ခုကို ဆွေးနွေးနေဟန်ရသည်။

“မိတ်ဆွေရီ…” ထိုအခိုက်တွင် ယွင်ယန်ကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်က ပြောသည် “ယွင်ဟောင်က မိတ်ဆွေလေးကို အတော်ချီးကျူးပြောဆိုခဲ့တယ်။ တကယ်လို့ အခိုက်ကြုံခဲ့ရင် ယွင်ယန်ကလန်ကို လာဖို့ ဖိတ်ခေါ်ချင်ပါတယ်”

တစ်ဘက်လူ၏စကားကိုကြားလျှင် ရီဖူရှင်းက အံ့အားသင့်သွားသည်။ သူက ရှောင်ကလန်ကို ဖိတ်ခေါ်ပြီးမှတော့ ယွင်ယန်ကလန်ကိုလည်း သွေးတိုးစမ်းကြည့်လျှင် ကောင်းမည်လော။

***


Comment

Leave a Reply


Options

not work with dark mode
Reset