အခန်း ( ၅၇၇ )

အနိုင်ကျင့်ခြင်းဆိုသည်မှာ

လီဖုန်းက သူ့ကိုယ်သူ ယုံကြည်ချက် ပြင်းထန်နေသည်။ ပိုင်ရှောင်ချန်းတွင် တမူထူးခြားသော ကျင့်ကြံခြင်းအခြေခံ ရှိသည်ကို သူကသိပါသော်လည်း ဂရုမစိုက်ပေ။ သူ့ဘက်တွင် ဆယ်ရောင်ခြယ်မီးတောက်၏ အစွမ်းရှိနေသည်ဆိုသော အချက်ကြောင့် သူနှင့်ကျင့်ကြံခြင်းအခြေခံအဆင့်တူတူ ရှိသည့် မည်သူ့ကိုမဆို အနိုင်ယူနိုင်မည်ဟု သူကအပြည့်အဝယုံကြည်ထားသည်။

သူသည် တိုက်ပွဲများတွင် ဝိညာဥ်မီးတောက်များကို အဓိကအားထား၍တိုက်ခိုက်တတ်သည့် အောက်လမ်းဆရာတစ်ယောက်ဖြစ်သည်။ သူ၏ပြိုင်ဘက်မှာ သူ့ထက်အဆင့်မြင့်သည့် အောက်လမ်းဆရာတစ်ယောက်မဟုတ်ပဲ သူနှင့် ကျင့်ကြံခြင်းအခြေခံအဆင့်တူတူ ရှိနေသည်ဆိုပါက လုံးဝအနိုင်ဟု သူကသေချာပေါက်တွက်ထားသည်။

လီဖုန်းက ပိုင်ရှောင်ချန်းကို ငုံ့ကြည့်လိုက်ပြီး စိတ်ထဲတွင် အေးစက်စက် ရယ်မောလိုက်ကာ သူ၏ပြိုင်ဘက်မှာ အရူးတစ်ယောက်လိုသာ မတိုက်ခိုက်ပါက သူ့ကို ဒုက္ခပေးနိုင်မည်မဟုတ်ကြောင်းကို အပြည့်အဝယုံကြည်နေတော့သည်။

ပိုင်ရှောင်ချန်းကမူ ရန်လိုနေသော လီဖုန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ တချိန်ထဲမှာပင် ဘေးနားကလူများပြောနေသည့်စကားများမှာ သူ၏နားထဲသို့ဝင်လာတော့သည်။ ပိုင်ရှောင်ချန်း၏အမြင်တွင် လီဖုန်းမှာ သူ့ကို နှိပ်ကွပ်ရန်လာသည့်လူဟုသာ ယူဆနေသည်။ သူက ပိုင်ရှောင်ချန်း၏ နာမည်ကျော်စောမှုကို ခိုးယူရန် ဆယ်ရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်မှာ အသိအသာပင်။

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ခေါင်းယမ်းလိုက်ပြီး လီဖုန်းမှာ သူ၏ပြိုင်ဘက်အဆင့်သို့ မရောက်သေးကြောင်း တွေးနေတော့သည်။
” ဒီ လီဖုန်းဆိုတဲ့ကောင်က အမြုတေအဆင့် ကျင့်ကြံခြင်းအခြေခံရှိပေမဲ့ သူ့စရိုက်ကတော့ ဆိုးလွန်းတယ်။ ငါတို့လိုကျင့်ကြံသူတွေဆိုတာ ရိုးရိုးကျင့်မြင့်မြင့်ကြံပြီး ပုံကြီးချဲ့ကြွားဝါတာတွေကို ရှောင်ကျဥ်ရမှာလေကွာ။ တအားကြွားဝါချင်နေရင်တောင် ဒီလောက်ကြီးကတော့ မသင့်တော်ဘူး ”

တချိန်ထဲမှာပင် သူက လီဖုန်းကို တစ်ချက်ထဲနှင့် အလဲထိုးလျှင်ကောင်းမလား သို့မဟုတ် ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်ပြရမလား ဟူသည့် အတွေးနှစ်ခုအကြားတွင် ဗျာများနေတော့သည်။

သူက မည်သို့ပြုမူရန် တွေးတောနေစဥ်မှာပင် တောင်နက်မျိုးနွယ်စုမှ ဝိညာဥ်ကျင့်သူနှစ်ယောက်မှာ မသိမသာဖြင့် ပိုင်ရှောင်ချန်းအား ထို ဝိညာဥ်သိုလှောင် စေတီတော်လေးကို ပြန်ပေးရန် တောင်းဆိုနေကြတော့သည်။ သူသည် ခုနစ်ရောင်ခြယ်မီးတောက်သာ ဖန်တီးနိုင်သည်ဖြစ်ပြီး လီဖုန်းမှာ ဆယ်ရောင်ခြယ်အထိ ဖန်တီးနေနိုင်သည်ဖြစ်ရာ မည်သူက အဆင့်ပိုမြင့်နေသည်ဆိုသည့်အချက်မှာ အသိအသာကြီးပင်။

သို့သော် သူတို့မှာ အတတ်နိုင်ဆုံး မသိမသာလေး တောင်းဆိုကာ ပိုင်ရှောင်ချန်း အမျက်တော်မရှမိစေရန် ကြိုးပမ်းနေကြသည်။

ပိုင်ရှောင်ချန်းကမူ သူတို့နှစ်ယောက်ကို လျစ်လျှူရှုလိုက်သဖြင့် ကျိုးရီရှင်းမှာ ချောင်းဟန့်ကာ တီးတိုးလေးပြောလိုက်ရပြန်သည်။
” အိုမြင့်မြတ်သော သခင်။ ဒီလိုလူမျိုးတွေနဲ့ သခင်က ပြဿနာတက်ချင်မှာမဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ နောက်ဆုတ်လိုက်တာအကောင်းဆုံးပါပဲ… ”
ထိုစဥ် ပိုင်ရှောင်ချန်း၏ အကြည့်များမှာ ပို၍စူးရှသွားတော့သည်။ ယခင်ကထက်ပို၍ မကျေမနပ် ဖြစ်သွားသဖြင့် သူက လီဖုန်းကိုသာမက ဘေးနားကလူများကိုပါ လူအများရှေ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ရသည့်နည်းလမ်းကို ပြသရန် ပြင်လိုက်တော့သည်။

” ငါ့ရှေ့မှာ ကြွားဝါနေတဲ့လူတွေကိုမြင်ရင် တအားမုန်းတာကွ ”
သူက တွေးလိုက်တော့သည်။ ထို့နောက်မေးကိုငေါ့ကာ ဘေးဘီဝဲယာကို အထင်မြင်သေးသည့် အမူအရာဖြင့် ကြည့်လိုက်ပြီး လက်ချောင်းကိုဝှေ့ယမ်းကာ ခုနစ်ရောင်ခြယ် မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုခုနစ်ရောင်ခြယ် မီးတောက်ပေါ်ထွက်လာသည့်အချိန်တွင် လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်သူနှစ်ယောက်တို့၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်ထွက်လာတော့သည်။ လီဖုန်းကမူ အသာအယာရယ်မောလိုက်ပြီး ထေ့ငေါ့ကာ ပြောလိုက်သည်။
” ကြည့်ရတာ မင်းတော့ ဖင်မနိုင်ပဲ ပဲကြီးဟင်း စားချင်နေပြီနဲ့တူတယ် ”

ပိုင်ရှောင်ချန်းကမူ နှာမှုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
” လီဖုန်း။ မြေရိုင်းဒေသထဲမှာ အောက်လမ်းဆရာတွေနဲ့တွေ့ရင် အဲဒီလိုစကားမျိုးတွေကို မပြောမိအောင် အတတ်နိုင်ဆုံး ထိန်းကွာ။ ငါ့စကားကို မြေဝယ်မကျနားထောင်ပြီး နှလုံးသားထဲမှာ သေတဲ့အထိ မှတ်ထား ”

ထိုစကားများမှာ အလွန်လေးနက်ကာ အဓိပ္ပါယ်ရှိလွန်းနေသည်ဖြစ်ပြီး သူ၏ဆံပင်ရှည်များက သူ့ဘေးနားတွင်လွင့်ပျံကာ သူ၏အဝတ်အစားများကလည်း လေထဲတွင် တလူလူဖြစ်နေသည့် မြင်ကွင်းနှင့်ပေါင်းစပ်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ အလွန်ကျက်သရေရှိနေပြီး သာမန်လူတစ်ယောက်နှင့် လုံးဝမတူတော့ပေ။

သူ၏စကားသံမှာ အလွန်ရှေးဆန်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင် ပဲ့တင်ထပ်နေသည်။ သူသည် အတိတ်က အမှတ်တရများကို ပြန်တွေးကာ ယူကြုံးမရဖြစ်နေသည့် လေသံပင်ပေါက်နေသည်။ သူ၏ ပုံစံကြီးမှာ ရှိရှိသမျှလူတိုင်း၏ အတွေးထဲတွင် ချက်ချင်းပင် စွဲသွားတော့သည်။

” ငါ သေချာရှင်းပြမယ် ” သူက ဆက်ပြောလိုက်သည်။
” ဒီမယ်ကွာ ဒီလိုအခြေအနေမျိုးမှာဆိုရင် မင်းရဲ့ပြိုင်ဘက်က ဘယ်သူလဲ၊ သူက ဘယ်လောက်ထိများ စွမ်းအားကြီးနေသလဲဆိုတာကို မင်းကလုံးဝ သိတာမဟုတ်ဘူး။ ”
ထို့နောက် သူက ခေါင်းကိုခါယမ်းကာ ဘယ်ဘက်လက်ကိုဝှေ့ယမ်းလိုက်သောအခါ အမုန်းဝိညာဥ်အမြောက်အမြားမှာ ဝိညာဥ်သိုေလှာင်စေတီထဲမှ ပျံထွက်လာကြတော့သည်။

ထိုဝိညာဥ်များ ပေါ်ပေါက်လာသည်နှင့် ပိုင်ရှောင်ချန်းက ခုနစ်ရောင်ခြယ်မီးတောက်ကို သူ၏ရှေ့သို့ထုတ်လိုက်သောအခါ မီးပင်လယ်တစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။ ထို့နောက်သူက အမုန်းဝိညာဥ်များကို ထိုမီးပင်လယ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

ထိုအဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်း ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး မီးပင်လယ်ကြီးမှာ ပိုင်ရှောင်ချန်း၏ လက်ဖဝါးထဲသို့ ပြန်လည်ပြေးဝင်သွားကာ မီးတောက်တစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ ၎င်းမှာ…. နောက်ထပ်တစ်ရောင် ထပ်ပါလာသည့် မီးတောက်တစ်ခုဖြစ်သည်။

ရှစ်ရောင်ခြယ်မီးတောက်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

လူ့ဘီလူးများအားလုံးမှာ မျက်လုံးပြူးကြီးများဖြင့်သာ ကြည့်နေနိုင်တော့သည်။

” ရှစ်ရောင်ခြယ်မီးတောက်ပါလား။ သူ…သူအခုလေးတင် မီးတောက်တစ်ခုကို ဖန်တီးလိုက်တာပဲ ”

” လက်ကလေးတစ်ချက် ယမ်းလိုက်ရုံနဲ့ ခုနစ်ရောင်ခြယ်မီးတောက်က ရှစ်ရောင်ခြယ်မီးတောက်အဖြစ် ပြောင်းလဲသွားပါလား။ ဒါ…ဒါ….”

ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်မှာလည်း အလွန်အမင်းတုန်လှုပ်နေကြတော့သည်။ ယခင်က အောက်လမ်းဆရာများ မီးတောက်ဖန်တီးသည်ကို သူတို့ မြင်ဖူးကြပါသော်လည်း ပိုင်ရှောင်ချန်းလိုမျိုး အလွယ်တကူဖန်တီးသည်ကိုမူ တစ်ခါမှ မမြင်ဖူးပေ။ သူသည် အင်အားအနည်းငယ်မျှပင် မစိုက်ထုတ်လိုက်ရပဲ ခုနစ်ရောင်ခြယ်မီးတောက်ကို ရှစ်ရောင်ခြယ်မီးတောက်အဖြစ်သို့ အလွယ်တကူ ပြောင်းလဲလိုက်သည်။

သူတို့သာလျှင် မှင်တက်နေရသည်မဟုတ်။ လေပေါ်ရှိ လီဖုန်းမှာလည်း သူတို့နည်းတူပင်။ ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရသည်မှာ အလွန်ခက်ခဲသော လုပ်ငန်းစဥ်တစ်ခု မဟုတ်ပါလော။ ချက်ချင်းပင် သူသည် စိတ်ပျက်သွားပြီး မျက်နှာအမူအရာများပင် ပြောင်းလဲလုမတတ်ဖြစ်သွားရသည်။ ထို့နောက် သူကအေးစက်စက် ရယ်မောလိုက်ပြီး ဆိုလိုက်သည်။
” ကြည့်ရတာ မင်းက ရှစ်ရောင်ခြယ်မီးတောက်ကို တော်တော်ကျွမ်းကျင်နေပုံပဲ။ အဲဒီအဆင့်မှာ မင်းအကြာကြီးတစ်နေတာဆိုရင်ရော ဘယ်လိုလုပ်မလဲ။ မင်းအခုထိ ငါ့ကိုမယှဥ်နိုင်သေးပါဘူး ”

ပိုင်ရှောင်ချန်းက လီဖုန်းကိုမော့ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်သော အမူအရာဖြင့် မေးလိုက်သည်။
” ရှစ်ရောင်ခြယ်မီးတောက်နဲ့ မရဘူးဆိုရင် ကိုးရောင်ခြယ်မီးတောက်ဆိုရင်ရောကွာ ”

ထိုသို့ဆိုကာ သူက လက်ကိုအသာအယာဝှေ့ယမ်းလိုက်ပြီး ရှစ်ရောင်ခြယ်မီးတောက်ကို မီးပင်လယ်ကြီးတစ်ခုအသွင်ပြောင်းလဲလိုက်သည်။ ထို့နောက် ဝိညာဥ်သိုလှောင်စေတီတော်ထဲမှ အမုန်းဝိညာဥ်များကို ထပ်ထုတ်လိုက်တော့သည်။ တစ်ခဏအတွင်း မီးပင်လယ်ကြီးမှာ ထိုဝိညာဥ်များအားလုံးကို ဝါးမျိုသွားတော့သည်။

ထိုသို့ဝါးမျိုနေသည်မှာ မြန်ဆန်လွန်းလှသော်လည်း မီးပင်လယ်ထဲသို့ ဝိညာဥ်များဝင်သွားသည့် ပုံစံမှာမူ တစ်ပုံစံထဲဖြစ်သည်။ ထို့နောက် ပိုင်ရှောင်ချန်းက ဖြည်းညင်းစွာ လက်သီးဆုပ်လိုက်သောအခါ မီးပင်လယ်ကြီးမှာ သူ၏လက်ထဲသို့ပြန်ဝင်သွားတော့သည်။ သူ၏လက်ချောင်းများအကြားတွင် မီးများအကုန်ရောက်သွားသောအချိန်တွင် သူက လက်ကိုဖြန့်လိုက်သောအခါ ကိုးရောင်ခြယ်မီးတောက်တစ်ခု ပေါ်ထွက်လာတော့သည်။

” ကိုးရောင်ခြယ်မီးတောက်ပါလား ”
လူ့ဘီလူးမှာ မှင်တက်မနေတော့ပဲ တအံ့တသြဖြင့် ပင့်သက်များရှိုက်နေကြတော့သည်။ ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်၏မျက်လုံးများမှာလည်း ဦးခေါင်းခွံထဲမှ ကျွတ်ကျလုမတတ် ပြူးထွက်နေကြပြီး အသက်ရှူသံများပင်မြန်ကာ ဂယောင်ခြောက်ခြားဖြစ်နေကြတော့သည်။

လီဖုန်းမှာလည်း ပိုင်ရှောင်ချန်း၏လက်ထဲမှ မီးတောက်ကိုကြည့်ကာ တုန်ရီစပြုလာတော့သည်။ ကိုးရောင်ခြယ်မီးတောက်ကို သူအလွယ်တကူ ဖန်တီးလိုက်သည့် ပုံစံမျိုးကို ယခင်က တစ်ခါမှမမြင်ဖူးသဖြင့် သူသည် ဖိအားများစွာအောက်သို့ ရောက်သွားသည့်အလား ခံစားလိုက်ရတော့သည်။ ကိုးရောင်ခြယ်မီးတောက်ကို ဤသို့အလွယ်တကူ ဖန်တီးနိုင်သည်ဆိုခြင်းက လုံးဝမဖြစ်နိုင်လောက်သည့် ကိစ္စကြီးတစ်ရပ် ဖြစ်သည်မဟုတ်ပါလော။

သူသာ ကိုးရောင်ခြယ်မီးတောက်ကို ဖန်တီးလိုပါက တံခါးပိတ်တရားကျင့်ကြံကာ မီးတောက်မဖန်တီးမီ သူ၏အတွေးများကို ရှင်းလင်းစေရန် အချိန်အတော်အတန်ပေးရမည် ဖြစ်သည်။ ထိုသို့ြပုလုပ်သည့်တိုင် သူက အကြိမ်တိုင်းအောင်မြင်နိုင်မည်မဟုတ်။

” မဖြစ်နိုင်ဘူး ”
သူ၏ အသက်ရှူသံများပင်မြန်လာပြီး ရေရွတ်လိုက်တော့သည်။

” မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ”
ပိုင်ရှောင်ချန်းက ခေါင်းကိုအသာအယာ ယမ်းကာဆိုလိုက်သည်။
” မင်းအတွက် ခက်ခဲနေတိုင်း အခြားလူတွေအတွက်ပါ ခက်ခဲနေမယ်လို့ မတွက်နဲ့လေ။ ငါပြောချင်တာက ဒါလေးက ကိုးရောင်ခြယ်မီးတောက်ပဲ ရှိသေးတာကွ ”
ထို့နောက် သူက တည်ငြိမ်စွာဖြင့် ဝိညာဥ်သိုလှောင်စေတီထဲမှ အမုန်းဝိညာဥ်များကို ထပ်မံထုတ်လိုက်သောအခါ ၎င်းတို့မှာ မီတာသုံးရာပတ်ပတ်လည်အထိ ပြည့်နှက်သွားတော့သည်။ ထို့အပြင် သူ၏ကိုးရောင်ခြယ်မီးတောက်မှာ မီးပင်လယ်တစ်စင်းအသွင်ပြောင်းလဲသွားသဖြင့် ရှိသမျှလူအားလုံးမှာ နောက်သို့ဆုတ်လိုက်ရတော့သည်။

ထိုမြင်ကွင်းကြီးမှာ အံ့သြဖွယ်အတိပင်။ အမုန်းဝိညာဥ်များမှာ ပင်လယ်ကြီးထဲသို့စီးဝင်ပေါင်းစပ်သွားပြီး အသက်ရှူကြိမ်အနည်းငယ်အကြာတွင် ပိုင်ရှောင်ချန်းမှာ လက်သီးဆုပ်လိုက်ပြန်သည်။

တစ်ခဏအတွင်း ထိုတဟုန်းဟုန်းတောက်နေသည့် မီးပင်လယ်ကြီးမှာ ကျုံ့သွားပြီး သူ၏လက်ထဲသို့ ဝင်ရောက်သွားပြန်သည်။

ပိုင်ရှောင်ချန်း၏ မီးအရှင်သခင်တစ်ယောက်ပမာ အပြုအမူများကြောင့် လူတိုင်းမှာ အရူးတပိုင်းဖြစ်နေရပြီဖြစ်သည်။ မီးအမျိုးအစားအားလုံးမှာ သူ့ထံတွင် သစ္စာခံကာ အရှုံးပေးနေမည့် ပုံစံကြီးပင်။

” ဆယ်ရောင်ခြယ်မီးတောက်ကလဲ ခက်လှတယ် မဟုတ်ပါဘူး။ ”
ပိုင်ရှောင်ချန်းက အသာအယာပြုံးရင်းဆိုလိုက်သည်။ ထို့နောက် သူ၏လက်ကိုဖြန့်လိုက်သောအခါတွင် မျက်စိကျိန်းမတတ် လင်းလက်နေသည့် ဆယ်ရောင်ခြယ်မီးတောက်တစ်ခုပေါ်ထွက်လာသဖြင့် လူတိုင်းမှာ မျက်နှာပျက်သွားရတော့သည်။

ထို့အပြင် ဤ ဆယ်ရောင်ခြယ်မီးတောက်မှာ အလွန်အမင်း သက်ဝင်လှုပ်ရှားကာ မြူးကြွနေပြီး ၎င်း၏အပူချိန်မှာလည်း ပြင်းထန်လွန်းလှသဖြင့် လေထုကြီးပင်လျှင် တွန့်လိမ်ကာ မီးစွဲနေမည့်အလားပင်။

ထိုနေရာတစ်ဝိုက်ရှိ လူအားလုံးမှာ နောက်သို့ထပ်ဆုတ်လိုက်ကြရပြီး အလွန်အမင်းအံ့သြနေသည့်အမူအရာများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်နေကြတော့သည်။

လီဖုန်း၏ ဆယ်ရောင်ခြယ်မီးတောက် အရောင်မှာ ပိုင်ရှောင်ချန်း၏ မီးတောက်ထက် မှေးမှိန်နေသည်။ အဆင့်ခြင်းတူသော်လည်း များစွာပို၍အားပျော့နေသည်မှာ အထင်အရှားပင်။

ထိုဆယ်ရောင်ခြယ်မီးတောက်၏ ပေါ်ထွက်လာမှုနှင့်အတူ လူ့ဘီလူးများထံမှ တအံ့တသြအော်ဟစ်သံများနှင့် အံ့အားသင့်နေသည့် အမူအရာများပေါ်ထွက်လာကြတော့သည်။

” အောက်လမ်းဆရာသခင် ထိပ်ဆုံးအဆင့်ပဲ ”

” ဘုရားရေ။ မဟာအကြီးအကဲပိုင်က တကယ့်ကို အောက်လမ်းဆရာသခင် ထိပ်ဆုံးအဆင့်ကို ရောက်နေတာပဲ ”

ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ သရဲသဘက်တစ်ကောင်ကို မြင်လိုက်ရသည့်အလား အလွန်အမင်း မှင်တက်နေကြပြီဖြစ်သည်။ လီဖုန်း၏ မီးတောက်ထက် အရည်အသွေးသာလွန်ကောင်းမွန်သည့် ဆယ်ရောင်ခြယ်မီးတောက်ကို ပိုင်ရှောင်ချန်းက ဖန်တီးနိုင်လိမ့်မည်ဟု သူတို့က လုံးဝ မတွေးထားမိပေ။

လီဖုန်းမှာ တစ်ကိုယ်လုံးတုန်ရီနေပြီး ဆံပင်များမှာ ရှုတ်ပွနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏လက်ထဲရှိ မီးတောက်ကိုကြည့်ရင်း အသိစိတ်များပင် ပျောက်နေတော့သည်။

” မဖြစ်နိုင်ဘူး။ ဒါ… လုံးဝမဖြစ်နိုင်ဘူး ” မကြာသေးမီက သူသည် ပို၍စွမ်းအားကြီးသော သူအဖြစ် သတ်မှတ်ခံရသည့်ခံစားချက်ထဲတွင် သာယာနေခဲ့ပါသော်လည်း ယခုတွင်မူ သူ့ထက်ပို၍ စွမ်းအားကြီးသည့် လူတစ်ယောက်ပေါ်ထွက်လာသည်ကို မြင်လိုက်ရတော့သည်။

ကျိုးရီရှင်းမှာလည်း အများနည်းတူ အံ့အားသင့်နေရသည်။ ပိုင်ရှောင်ချန်းက ဆယ်ရောင်ခြယ်မီးတောက်အား ဖန်တီးနိုင်သည်ကို ယခင်ထဲက သူ သိထားသည်ဖြစ်သော်လည်း သူ၏လက်ထဲတွင် ကခုန်နေသည့်မီးတောက်ကို မြင်လိုက်ရသောအခါ ကျိုးရီရှင်းမှာ နှလုံးခုန်နှုန်းများ မြန်လာရတော့သည်။

” ဒါ တကယ်ပဲ ဆယ်ရောင်ခြယ်မီးတောက်လား။ ဒီလောက်အရောင်တောက်တဲ့ ဆယ်ရောင်ခြယ်မီးတောက်မျိုးကို ငါတစ်ခါမှ မမြင်ဖူးဘူး။ ”
ကျိုးရီရှင်းက အကြောက်တရားများဖုံးလွှမ်းနေသည့် မျက်နှာထားဖြင့် ပိုင်ရှောင်ချန်း၏မျက်နှာကို စိုက်ကြည့်နေတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset