Switch Mode

အခန်း ( ၅၇၅ )

စိတ်စွမ်းအဆင့်မြှင့်တင်ထားသော ယင်ယန်ဝိညာဥ်

ဆက်ခံသူဖြစ်ရန်အတွက် ယင်ယန်ဝိညာဥ်ကျင့်ကြံခြင်းအခြေခံရှိရန် နှင့် ပြိုင်ပွဲဝင်အရည်အချင်းများပြည့်မှီရန်ဆိုသော အချက်နှစ်ချက်အနက် ဒုတိယအချက်သည် အရေးကြီး၏။

မြေရိုင်းဒေသများမှာပင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ မရှားလှသည် မဟုတ်ပါလော။ အစွမ်းထက်သော အောက်လမ်းဆရာများသည် ဝိညာဥ်ဆေးများကို ပြုလုပ်နိုင်၍ ဝိညာဥ်ကျင့်ကြံသူများထက် တစ်ပန်းသာသည်မှာ အထူး အရေးကြီးသောအချက်ဖြစ်သည်။ သူတို့အတွက် အမြုတေအဆင့်မှ ယင်ယန်ဝိညာဥ်အဆင့်တက်သည်ထက် ပို၍လွယ်ကူသေးသည်။

ထို့ကြောင့် မရှိမဖြစ်သော လိုအပ်ချက်များ၏ အခက်ခဲဆုံးမှာ အရည်အချင်းများပြည့်မီရန်ပင် ဖြစ်သည်။

” ပြိုင်ပွဲဝင်မယ့်သူက ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံနေရမှာလဲ ”
ကျိုးရီရှင်းက ရင်တဒိန်းဒိန်းခုန်နေရင်း အလွန်လေးနက်စွာ မေးလိုက်သည်။ ငရဲဧကရာဇ်၏ ဆက်ခံသူတစ်ယောက်ရွေးချယ်ခြင်းသည် မြေရိုင်းဒေသတစ်ခုလုံးအတွက် ခမ််းနားကြီးကျယ်သောအရာတစ်ခုဖြစ်လေရာ ကျိုးရီရှင်းမှာ ယခုတွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံမရှိသည့်တိုင်အောင် ပြိုင်ပွဲဝင်ရန် စဥ်းစားနေ၏။

ပိုင်ရှောင်ချန်းကမူ ဝိညာဥ်အဆင့်ကျင့်ကြံသူနှစ်ယောက် သိသမျှရှင်းပြနေသည်ကို လေးလေးနက်နက်နားထောင်ရင်းထိုင်နေသည်။ ထိုကိစ္စသည် လျှို့ဝှက်ချက်မဟုတ်သည် မဟုတ်ပါလော။

” အရည်အချင်းတွေလား ” ဝိညာဥ်ကျင့်ကြံသူတစ်ယောက်က ပြော၏။
” ခင်ဗျားတို့ အောက်လမ်းဆရာတစ်ယောက်ဖြစ်ရမယ်။ အရေးအကြီးဆုံးက ခင်ဗျားတို့ရဲ့ ယင်ယန်ဝိညာဥ်ပေါ်မှာ စိတ်စွမ်းအင်အဆင့်ငါးဆင့်ထိ မြှင့်တင်ပြရမယ်။ ဒါမှပဲ အရည်အချင်းပြည့်မှီမှာ ”

ကျိုးရီရှင်းသည် ဤရှင်းပြချက်ကို ကြားသည်နှင့် မျက်နှာပျက်သွားတော့သည်။
” ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယင်ယန်ဝိညာဥ်အဆင့်စိတ်စွမ်းအင်မြှင့်တင်ခြင်းဆိုတာ အောက်လမ်းဆရာတွေကြားထဲမှာ ကျော်ကြားတဲ့ အဆင့်မြင့်ကျွမ်းကျင်မှုပဲလေ။ အဲဒီလိုအရာမျိုးလုပ်ရင် ကျင့်ကြံခြင်းဖြစ်စဥ် အင်မတန် မြန်ပြီး မယုံနိုင်စရာကောင်းတဲ့ စွမ်းအားတွေရတာ မှန်ပေမဲ့ အဲဒီလိုလုပ်ဖို့ ကြိုးစားတဲ့သူ မရှိသလောက်ပဲ။ ပြီးတော့ ငါးဆမြှင့်တင်ခြင်း၊ အဲဒါ သေမင်းကို လက်ယပ် ခေါ်နေ သလို ​ဖြစ်မနေဘူးလား။ ”

ပိုင်ရှောင်ချန်း၏မျက်လုံးများ တောက်ပလင်းလက်နေသည်။ ယခင်က ထိုသို့သော အရာမျိုးကို သူ တစ်ခါမှ မကြားခဲ့ဖူးပေ။ လူတစ်ယောက်၏ ယင်ယန်ဝိညာဥ်ပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအကြံသည် မယုံကြည်ဖွယ်ကောင်းလောက်အောင် ခက်ခဲ့မည့်ပုံပေါ်သည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် မအောင်မြင်နိုင်သောအလားအလာများရှိပြီး ထိုဖြစ်နိုင်ချေသည် တစ်ဆမှ ငါးဆအထိ မြှင့်တင်မှုတစ်ခုစီတိုင်းတွင် ပိုမိုတိုးလာမည် မဟုတ်ပါလော။ မှော်ပစ္စည်းတစ်ခုအပေါ် အဆင့်မြှင့်တင်ခြင်း ကျရှုံးလျှင် ထိုပစ္စည်းပျက်စီးသွားမည်ဖြစ်သော်လည်း လူတစ်ယောက်၏ ယင်ယန်ဝိညာဥ်အပေါ်တွင် မြှင့်တင်ခြင်းပြုလုပ်လျှင်တော့ ရလဒ်က အတူတူပင် ဖြစ်တန်ရာသည်။

လူတစ်ယောက်၏ ယင်ယန်ဝိညာဥ်ပျက်စီးခြင်းကို ဦးတည်သွားသော ကျရှုံးမှုတစ်ခုသည် ထိုလူ၏တည်ရှိမှုကို ပျောက်ကွယ်သွားစေလိမ့်မည်။ ထိုသို့သော အရာမျိုးကို ကြိုးစားဝံ့သူ အများကြီးမရှိပေ။ ပိုင်ရှောင်ချန်းမှာ အံ့သြတုန်လှုပ်သွားပြီး တချိန်တည်းမှာပင် မည်သည့်အတွက်ကြောင့် ကျိုးရီရှင်း၏မျက်နှာ သွေးဆုတ်ဖြူရော်သွားရလဲဆိုသည်ကို နားလည်သွားတော့သည်။ သိသာစွာပင် ထိုသို့လုပ်ရန်ကြိုးပမ်းသူများမှာ မိမိကိုယ်ကိုယ် အလွန်ယုံကြည်ချက်ရှိခြင်းကြောင့် သို့မဟုတ် အလွန်တရာရူးနှမ်းသောကြောင့်သာဖြစ်ပေမည်။

” ဒါက အဓိက လိုအပ်ချက်ပဲ ” ဝိညာဥ်ကျင့်ကြံသူကပြောသည်။
“ ဒါပေမဲ့ ငရဲဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်ဖို့ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်တွေအများကြီး ဝင်ပြိုင်ဖို့ ပြင်နေကြတယ်။ အဲဒါကို မမေ့နဲ့ဦး၊ ဗဟိုဧကရာဇ်မြို့တော်မှာ မြေအောက်ကမ္ဘာကလာတဲ့ ထူးဆန်းတဲ့ ကျောက်တိုင်ရှိတယ်။ ထင်တာကတော့ အဲဒီကျောက်တိုင်ကြီးက မြေရိုင်းဒေသမှာရှိတဲလူမှန်သမျှ သူတို့ရဲ့ ယင်ယန်ဝိညာဥ်အပေါ်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဘယ်လောက် လုပ်နိုင်ခဲ့လဲဆိုတာကို အာရုံခံပြီး သူတို့ရဲ့နာမည်ကို လူသိထင်ရှား စာရင်းထုတ်ပေးမယ်ထင်တယ်။ ”

” အဲဒီကျောက်တိုင်ပေါ်က နာမည်စာရင်းက လူတိုင်းမြင်အောင် ပြသထားမှာ။ ကျုပ်ကြားတာကတော့ လက်ရွေးစင်ယင်ယန်ဝိညာဥ်အဆင့်ပညာရှင် ခုနစ်ယောက် ရှစ်ယောက် ရှိနေပြီဆိုပဲ။ နှစ်ခြောက်ဆယ်စက်ဝန်းကျော်ရင် အဲဒီကျောက်တိုင်ပေါ်မှာ ပထမနေရာရတဲ့လူက ငရဲဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်လာလိမ့်မယ် ”
နောက်ထပ်သတင်းများကို ကြားပြီးသော် ကျိုးရီရှင်း၏ရည်မှန်းချက်များ တစစီကွဲကြေသွားလေပြီ။ ကိစ္စရပ်တစ်ခုလုံးမှာ အလွန်ရူးနှမ်းလှသည်။ သူ၏ ယင်ယန်ဝိညာဥ်ပေါ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းငါးဆပြုလုပ်ရမည့်အကြံမှာ ကြက်ကလေးကို သေမင်းနှင့် အကြိမ်ငါးခါဆက်တိုက်ကစားရန် ကြိုးစား​မည့်အလားပင်။

အခြားတစ်ဖက်တွင် ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ပြော၏။
” ယင်ယန်ဝိညာဥ်အဆင့်ပေါ်မှာ ငါးဆမြှင့်တင်တာလား။ သိပ်မခက်တဲ့ပုံပဲ ”

“သိပ်မခက်ဘူး”
ကျိုးရီရှင်းမှာ သူ့နေရာကို တခဏမေ့သွားရင်း ပိုင်ရှောင်ချန်းကို မျက်လုံးပြုးကြီးများဖြင့် စိုက်ကြည့်ကာ ပါးစပ်မှ လွှတ်ခနဲထွက်သွား၏။ ယခုတွင် ကျိုးရီရှင်းသည် ထိုသို့သော ပြိုင်ပွဲမျိုးကို မည်သည့်နည်းနှင့်မှ ပြိုင်နိုင်မည်မဟုတ်ဟု လက်ခံလိုက်ရာ စောစောက စိတ်လှုပ်ရှားမှုများ နည်းပါးသွားလေသည်။

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ငါးကြိမ်လုပ်တာက မခက်ဘူးလို့ မင်းထင်ရင်တောင်မှ ”
သူက မဲ့ရွဲ့ပြောကာ
” အဲဒီမှာ မင်းပထမရအောင်လုပ်နိုင်မယ်လို့ တကယ်ထင်လား။ ယင်ယန်ဝိညာဥ်အဆင့်လက်ရွေးစင်တွေက နောက်ဆုံးလူအထိ သေချာပေါက် တိုက်ခိုက်မှာ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ငါးကြိမ်က အစပဲရှိသေးတယ်။ မင်း ပထမနေရာပဲ ထိန်းထားချင်တယ်ဆိုရင် အဲဒီထက်ပိုတဲ့ စိတ်စွမ်းအဆင့်မြှင့်တင်ခြင်းတွေ လုပ်ရင် လုပ်ရမှာကွ ”

” အချိန်ရောက်လာရင် စဥ်းစားကြည့်စမ်းပါ။ ပြိုင်ပွဲဝင် လက်ရွေးစင်တွေအားလုံးက အင်အားကြီးတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေကနေ လာမှာ။ ငါးကြိမ်ဆိုတာ သေချာပေါက် နောက်ဆုံးဖြစ်မှာမဟုတ်ဘူး။ ငါတို့ ခုနစ်ကြိမ် ဒါမှမဟုတ် ရှစ်ကြိမ်အထိ အဆင့်မြှင့်တင်တာ​ေတွတောင် တွေ့မယ်ဆိုတာ လောင်းရဲတယ် ”

” မင်းသိလား။ရှေးစကားတောင်ရှိသေးတယ်။ “ သင့် ယင်ယန်ဝိညာဥ်ပေါ်မှာ စိတ်စွမ်းအင်အဆင့် မြှင့်တင်ခြင်း ငါးကြိမ်ပြုလုပ်နိုင်ရင် အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့် တက်နိုင်မယ်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်ရှစ်ကြိမ်က နှောင်းပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်စေမယ်။ အကြိမ်နှစ်ဆယ် အဆင့်မြှင့်တင်ခြင်းက မဟာစက်ဝန်း။ ဒဏ္ဍာရီလာ နှစ်ဆယ့်တစ်ကြိမ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ ယင်ယန်ဝိညာဥ်က နတ်အဆင့်ကို ပို့ပေးနိုင်တယ် “ တဲ့။ ဒါပေမဲ့ ဒီလိုမျိုး ဘယ်သူကများ ကြိုးစားရဲမှာလဲ”

ထိုအချိန်တွင် ကျိုးရီရှင်းမှာ အတန်ငယ်စိတ်မြန်လက်မြန် ပြောခဲ့မိကြောင်း သတိထားမိလိုက်သဖြင့် ရင်ခုန်သံမြန်သွားတော့သည်။ စည်းကျော်မိမည်ကို သူက စိုးရိမ်ရင်း ပြော၏။
” အဲဒါ သေချာပေါက် လမ်းဆုံးပဲ။ ဒါ့အပြင် မင်းက ကောင်းကင်ရယ်၊ မြေကြီးရယ်နဲ့ပေါင်းစပ်ပြီး ဆယ့်ငါးကြိမ်စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ မှော်ပစ္စည်းတွေကို သုံးရင် နတ်အဆင့်ကို ရောက်တယ်။ အခုပြောတဲ့နည်းက မအောင်မြင်နိုင်ချေရှိပေမဲ့ ပိုပြီးသေချာတဲ့လမ်းကြောင်းပဲ ”

မြေရိုင်းဒေသ အောက်လမ်းဆရာများ မည်သို့ နတ်အဆင့်ကျင့်ကြံသူများဖြစ်လာသည်ကို ရုတ်တရက် ပို၍လေးနက်စွာနားလည်သွားသောကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ မသိမသာ အရောင်လက်သွားတော့သည်။

ထိုနည်းလမ်းက အောက်လမ်းဆရာအဆင့်များနှင့် ဆက်စပ်နေသည်။ ထိုနည်းလမ်းဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရန် လိုအပ်ချက်မှာ မှော်ပစ္စည်းတစ်ခုကို ဆယ့်ငါးကြိမ်စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုပြုလုပ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးဖြင့် ပေါင်းစပ်နိုင်မှသာ ဖြစ်မည်။

ကောင်းကင်အောက်လမ်းဆရာများသာ ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်လေသည်။

” အင်း၊ မြေရိုင်းဒေသက အရာအားလုံးက အောက်လမ်းဆရာတွေနဲ့ ပတ်သက်နေတာပဲ “

အောက်လမ်းဆရာများသည် သူတို့၏ ယင်ယန်ဝိညာဥ်ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဖြင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံကို တိုးတက်အောင်လုပ်နိုင်လေသည်။ သို့သော် ၄င်းသည် ခြေလှမ်းတစ်လှမ်းမှစတင်၍ ကောင်းကင်ဘုံကို ဦးတည်နိုင်သော လမ်းကြောင်းဖြစ်သော်လည်း ခြေတစ်လှမ်းမှားလိုက်သည်နှင့် မြေအောက်ကမ္ဘာရှိ ငရဲဘုံသို့ ရောက်သွားနိုင်သည်။ သေခြင်း၊ ရှင်ခြင်းက တခဏအတွင်း အဆုံးအဖြတ်ပေးခံရမည်ဖြစ်သည်။

အနိမ့်ဆုံး ထိုကျရှုံးသူများမှာ အများစုဖြစ်နေဟန်တူသည်။ ပိုင်ရှောင်ချန်းမှာ သူ၏လိပ်ဒယ်အိုးနှင့် ၄င်း၏စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်စွမ်းကိုစဥ်းစားရင်း ရင်တဒိန်းဒိန်းခုန်လာတော့သည်။

” တစ်နေ့နေ့ ငါ ယင်ယန်ဝိညာဥ်အဆင့်ရောက်လို့ကတော့ ငါရဲ့လိပ်ဒယ်အိုးလေးကို သုံးပြီး ငါ့ရဲကျင့်ကြံခြင်းအခြေခံ ခုန်တက်သွားအောင် အဆင့်မြှင့်တင်လို့ရရင်ရမှာ။ ဒီလိုသာဆိုလို့ကတော့ နတ်အဆင့်ကျင့်ကြံသူ မဖြစ်နိုင်တာမဟုတ်တော့ဘူး ”

အမှန်တွင် ထိုအရာများသည် အလွန်အလှမ်းဝေးသော အနာဂတ်အကြောင်းအရာများသာ ဖြစ်မှန်း သူ သိသည်။ ယခုတွင် အရေအကြီးဆုံးအရာမှာ မဟာတံတိုင်းကို ပြန်သွား၍ နတ်ဝိညာဥ်များစွာ ရရန်ဖြစ်သည်။

သူက ကိုယ်ပွားသုံးကိုယ်ဖန်တီးထားပြီးဖြစ်လေရာ နတ်သားရဲဝိညာဥ်များနှင့် ဘယ်တော့မှ ကျင့်ကြံခြင်းအခြေခံ အဆင့်တက်နိုင်တော့မည်မဟုတ်ပေ။ ယခု သူ ရွေးချယ်ရမည်မှာ သတ္တုနှင့် မြေ အမျိုးအစား နတ်ဝိညာဥ်များကို ရှာရန်သာ ဖြစ်တော့သည်။

သူသည် နတ်ဝိညာဥ်များအကြောင်းတွေးမိသည်နှင့်အမျှ ပို၍စိတ်လှုပ်ရှားလာတော့သည်။

ဤအချိန်တွင် ဝိညာဥ်ကျင့်ကြံသူနှစ်ဦးသည် အကုန်ရှင်းပြပြီးသွားလေပြီ။သူတို့က ပိုင်ရှောင်ချန်းကို အသနားခံနေသည့် မျက်လုံးများဖြင့်ကြည့်ရင်း လက်ယှက်ကာ ဦးညွှတ်အရိုအသေပေးလိုက်လေသည်။

” မြင့်မြတ်သောအရှင်ကြီးခင်ဗျာ၊ မကြာသေးမီက ဒီကိစ္စကြောင့် မြေရိုင်းဒေသတစ်ခုလုံး တုန်လှုပ်သွားပါတယ်။ နန်းမြို့တော်က မင်းညီမင်းသားတွေပဲ ဖြစ်ဖြစ်၊ ဘုရင့်နိုင်ငံတော်တွေက လက်ရွေးစင်တွေပဲ ဖြစ်ဖြစ်၊ အောက်လမ်းဆရာမျိုးနွယ်စုတွေပဲဖြစ်ဖြစ် ၊ အကုန်လုံး အရူးအမူးဖြစ်ကုန်တာပါ။ ငရဲဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်အောင် တိုက်ခိုက်ဖို့အတွက် သူတို့ စဥ်းစားလို့ရသမျှ နည်းပေါင်းစုံ သုံးနေကြပါတယ်”

” သရဲကြီးမြို့ မှာလဲ အတူတူပဲ။ မြို့တော်က ဝိညာဥ်ဆေးတွေအများကြီး ဝယ်ရုံတင်မကဘူး။ မဟာအောက်လမ်းဆရာမျိုးနွယ်စုသုံးစုကလဲ သူတို့ မျိုးနွယ်စုဝင်တွေ ရဲ့ ကျင့်ကြံခြင်းအခြေခံတိုးတက်ဖို့ လုပ်နေကြတယ်။ အဲဒါကြောင့် တလောက အခွန်အခတွေကို အင်မတန် မြှင့်တင်ထားရတာ ”

” အမှန်က ဟိုတလောကစပြီး မှာတာတွေ များလာတော့ ကျုပ်တို့ ဝိညာဥ်ဆေးမျိုးနွယ်စုလိုအပ်ချက်တွေက ပိုပြီး နှစ်ဆဖြစ်လာတာ၊ ကျုပ်တို့ရဲ့ တောင်နက် မျိုးနွယ်စုက လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ရင် ပေးဖို့ နောက်တစ်နည်း စဥ်းစားဖို့ လွဲပြီး ရွေးစရာမရှိတော့ဘူး”
သူတို့ စကားပြောလာသည်နှင့်အမျှ တောင်နက်မျိူးနွယ်စု ဝိညာဥ်ကျင့်ကြံသူများမှာ ပို၍ စိတ်ဓာတ်ကျလာပုံရလေသည်။

” မဟာအကြီးအကဲပိုင်၊ ကျုပ်တို့ကို ကူညီဖို့ တောင်းဆိုပါတယ်ဗျာ။ ခင်ဗျားသာ ကျုပ်တို့အတွက် အဆင့်နိမ့်ဝိညာဥ်ဆေးလုံး ငါးရာ ဖော်ပေးရင် ဝိညာဥ်သိုလှောင်စေတီကို အပေးအယူအနေနဲ့ ပေးဖို့အသင့်ပါပဲ”
ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ လက်ယှက်၍ လေးလေးစားစားဦးညွှတ်လိုက်ပြီးနောက် သူတို့ထဲကတစ်ယောက်က ဝတ်ရုံထဲမှ မီးခိုးရောင်စေတီငယ်လေးကို ထုတ်လိုက်ကာ ပိုင်ရှောင်ချန်းထံ ရိုရိုသေသေ မြှောက်ပြလိုက်သည်။

မီးခိုးရောင်မြူများ စေတီငယ်လေးထဲမှ ထွက်ပေါ်ကာ ၄င်းကို အပြည့်အဝ ဝန်းရံထားလေရာ ပြတ်ပြတ်သားသားမြင်ရန် ခဲယဥ်းနေလေသည်။ တချိန်တည်းမှာပင် ၄င်းက ကမ္ဘာဦးကတည်းက တည်ရှိခဲ့သည့်အလား ရှေးဆန်မှုများကို ထုတ်လွှတ်နေလေသည်။

စေတီ၏ အဆင့်ငါးဆင့်ကို ချောမွေ့စွာ ပေါင်းစပ်ထားရာ ရိုးရာစေတီတစ်ဆူထက် ကတော့ပုံမျှော်စင်သဖွယ် ဖြစ်နေလေသည်။ ပိုင်ရှောင်ချန်းကို ပို၍ အံအားသင့်စေသည်မှာ ၄င်းအတွင်းမှာ ထည့်စရာအိတ်များနှင့်အလားတူသော အကွာအဝေးမှော်စွမ်းအားကို အာရုံလိုက်သောကြောင့် ဖြစ်သည်။

“ဝိညာဥ်သိုလှောင်စေတီ ”
ပိုင်ရှောင်ချန်းက တီးတိုး ရေရွတ်လိုက်သည်။ ယခင်က ဝိညာဥ်သိုလှောင်စေတီကို သူ တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း ၄င်းသည် မြေရိုင်းဒေသတွင် အမုန်း ဝိညာဥ်များကို စုဆောင်းထိန်းသိမ်းထားရန် သုံးသည့် ပစ္စည်းဖြစ်ကြောင်း ပြောနိုင်လေသည်။

အကယ်၍ သင်သည် ထည့်စရာအိတ်ထဲ အမုန်းဝိညာဥ်များကို ထည့်ပါက ဖွင့်ထားသောအစားအစာများ ပုပ်သိုးသွားသည့်အတိုင်း တဖြည်းဖြည်း ပျက်စီးလာမည်ဖြစ်သည်။ ဒဏ္ဍာရီလာ ဝိညာဥ်သိုလှောင်စေတီများသာ အမုန်းဝိညာဥ်များကို လတ်ဆတ်စွာ အဆုံးမရှိ ထိန်းသိမ်းပေးနိင်သည်။

ပိုင်ရှောင်ချန်းက ဝိညာဥ်သိုလှောင်စေတီကို ကြည့်နေစဥ် ကျိုးရီရှင်းက မနာလိုအားကျစွာ ကြည့်နေ၏။ ဝိညာဥ်သိုလှောင်စေတီများသည် အလွန်ရှားပါးလှသည် မဟုတ်သော်လည်း တန်ဖိုးကြီးဆဲဖြစ်ပြီး အောက်လမ်းဆရာများအလွန်တန်ဖိုးထားကြလေသည်။ ဤအမျိုးအစားစေတီမှာမူ သိသာစွာပင် သေသပ်ကောင်းမွန်စွာ ထုလုပ်ထားပြီး အလွန်ရှေးကျလေသည်။

ငါးထပ် ဝိညာဥ်သိုလှောင်စေတီများသည် အလွန်တရာ အစွမ်းထက်သော အောက်လမ်းဆရာများအတွက် သိပ်အံ့သြစရာမဟုတ်သော်လည်း သာမန်အောက်လမ်းဆရာများအတွက်မူ တန်ဖိုးကြီးသော ကျောက်မျက်ရတနာများအလားပင်။ သို့သော် ပိုင်ရှောင်ချန်းအတွက်မူ ထည့်စရာအိတ်ထက် အနည်းငယ်သာ ပိုသည့်ပုံပေါ်နေလေသည်။

“ဘာများ အဲဒီလောက် အံ့သြစရာ ရှိလို့လဲ”
ကျိုးရီရှင်းက ကြိတ်၍ညည်းတွားလိုက်လေသည်။
” အရင်က ငါ့မှာလဲ တစ်ခုရှိဖူးပါတယ်. ”
သို့ထိတိုင် သူ မနာလိုမဖြစ်ဘဲ မနေနိုင်ချေ။ သူ၏ မျိုးနွယ်စုခေါင်းဆောင်လက်ဆောင်ပေးခဲ့သော ယခင် ဝိညာဥ်သိုလှောင်စေတီမှာ သုံးထပ်သာရှိသည်။ ကံဆိုးစွာပင် ဝင်္ကပါထဲတွင် ပိုင်ရှောင်ချန်းကြောင့် ဒဏ်ရာရပြီးနောက် စွမ်းအားကြီးရန်သူတစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရလေသည်။တိုက်ပွဲ၏အကျိုးဆက်အနေနှင့် စေတီမှာ ပျက်စီးသွားခဲ့ရသည်။

ကျိုးရီရှင်းမှာ တနုံ့နုံ့နှင့် မနာလိုဖြစ်နေစဥ် ပိုင်ရှောင်ချန်းက ဝိညာဥ်သိုလှောင်စေတီကို လေးလေးနက်နက်စိုက်ကြည့်နေ၏။ ထို့နောက် သူ့မျက်လုံးများက လျှပ်စီးလက်သည့်အလား တဖျပ်ဖျပ်လက်လာတော့သည်။

” ဆယ့်တစ်ရောင်ခြယ်မီးတောက် ဖန်တီးဖို့ ငါဘာကြောင့် ကျရှုံးနေရတာလဲ အခု နားလည်ပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset